Saturday, February 13, 2010

ကျွန်တော်ဖြတ်သန်းခဲ့တဲ့ Valentine's Day များ

မှတ်မှတ်ရရပါ။ ကျွန်တော် ၁၀ တန်းအောင်ပြီးခါစပေါ့။ သူငယ်ချင်းတစ်ယောက်က ပြောတယ် Valentine's Day မှာ မင်းဘာလုပ်မယ် စိတ်ကူးလဲတဲ့။ ကျွန်တော်ပြန်မေးမိတယ် ဘာလဲဟ Valentine's Day ဆိုတာပေါ့။ သူက ကျွန်တော့်ကို သနားစရာ သတ္တဝါလို သဘောထားပြီး Valentine's Day ဆိုတာ ချစ်သူများနေ့ကို ဆိုလိုတာ ဖြစ်ကြောင်း နောက်တော့ ဘုန်းတော်ကြီး St.Valentine အကြောင်းကို သေသေချာချာရှင်းပြရှာပါတယ်။ အဲဒီ့တော့မှ ကျွန်တော်လဲ အော် အေး ဒါလား အော် အဲဒီ့လို သိပြီ ဘာညာနဲ့ သူရဲ့ လက်ချာရိုက်တဲ့ ဒဏ်ကို ခံလိုက်ရပါတယ်။ ပြီးတော့မှ သူ့ကိုပြန်မေးလိုက်တယ် မင်းကရော ဘာလုပ်မှာတုန်းလို့။ သူက ပြုံးပြုံးကြီးဖြေပါတယ် ငါ့ကောင်မလေးကို ပန်းစည်းရယ် ချောကလက်ရယ် ပေးမယ်တဲ့။

ကျွန်တော်လဲ စဉ်းစားပါတယ်။ ငါလဲ ဒီကောင့်လို လုပ်ရရင် ကောင်းမယ်ပေါ့။ အဲဒါကြောင့် ကျွန်တော်လဲကျွန်တော့် ကောင်မလေးအတွက် ပန်းတစ်စည်းကို ၁၃ ရက်နေ့ ညနေပိုင်းမှာ လှည်းတန်းဈေးကနေဝယ် ပြီးတော့ City Mart သွားပြီး ရှားပါး Chocolate တစ်ဗူးဝယ်ထားလိုက်တယ်။ ပြီးတော့ အိမ်ပြန်လာပြီး ပန်းတွေကို ရေစိမ်၊ ချောကလက်ဗူးကို စားပွဲပေါ်တင်ပြီးထားလိုက်တယ်။ ခေါင်းထဲမှာပေါ့ ငါ့ချစ်ချစ်တော့ သိပ်ပျော်သွားရှာမယ်လေ ဆိုပြီး ပီတိတွေ ဖြစ်လို့။ တွေးနေတုန်းပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာပါတယ်။ ဒီနေ့ သူ့မွေးနေ့တဲ့။ ဟုတ်ပေသားပဲ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါဆိုတာကို ပြန်သတိရသွားသလို ကျွန်တော့်ရဲ့ချစ်လှစွာသော သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာပါ ပြန်သတိရသွားပါတယ်။ ကဲ ဘယ်လိုလဲပေါ့ ဘာလဲ အစီအစဉ်ပေါ့။ ညဘက်လေ ထုံးစံပေါ့တဲ့။ အဲဒီ့လိုနဲ့ ဘီယာသံကြားလို့ နန့်နန့်တက် ကျွန်တော် ထွက်သွားလိုက်ပါတယ်။ အမေ့ကိုတောင် မွေးနေ့သွားမယ်ဗျို့လို့ အော်ပြောခဲ့ရုံ ပြောခဲ့မိတယ်။ တခါထဲ တန်းပြီး သူငယ်ချင်းရဲ့ ခြံကို ဒိုးလိုက်တယ်။

သူငယ်ချင်းရဲ့ မွေးနေ့မှာ သူငယ်ချင်းတွေအကုန်စုံပါတယ်။ အကုန်လုံးက ပြောမနာ ဆိုမနာ ပေါင်းသင်းနေတဲ့ သူတွေပါ။ သောက်တာကလဲ စူဇကာက အဘခေါ်ရလောက်အောင် သောက်စားပါတယ်။ သောက်ချက်သောက်ချက် နောက်ဆုံး မှောက်တဲ့ အထိ ဆိုပါစို့။ ပြီးသွားပါပြီ ဘာမှလဲ မသိတော့ပါဘူး အဲဒီ့အိမ်မှာပဲ အိပ်ပျော်သွားပါတယ်။ အိပ်တာတောင် မိုးလင်းခါနီးလောက် ဖြစ်မှာပါ။ တညလုံးလဲ သောင်းကျန်းထားတာကိုး။ Valentine ဆိုတာကြီးလဲ မမှတ်မိတော့ပါဘူး။ တစ်ခုပဲ Valentine အစား Ballentine ဆိုတဲ့ အရက်ပဲမှတ်မိပါတယ်။ မနေ့ညက ပါတာကိုးလို့။

မနက်လင်းတော့ ဇာတ်လမ်းက စပါပြီ။ အကုန်လုံး တန်းစီပြီး အရက်နာကျနေပါပြီ။ ဘယ်သူမှ မလှုပ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ မလှုပ်ပါဘူး။ မနက်စာ စားမလားလို့လာခေါ်တာတောင် တစ်ယောက်မှ အသံမထွက်ပါဘူး။ ဆက်အိပ်နေကြပါတယ်။ နေ့လည်လောက်မှ သတိရပြီး အစားထစားကြပါပတယ်။ အဲဒီ့အထိလဲကျွန်တော် သတိမရပါဘူး။ ပြီးမှ မနေ့ညက အရက်အကြောင်း Ballentine အကြောင်းပြောရင်းမှ Valentine's Day ကို သတိရမိပါတယ်။ ဟ သောက်ပြဿနာပဲ လုပ်ကြပါဦးဟပေါ့။ အဲဒီ့လိုနဲ့ချက်ခြင်း အိမ်ကို တန်းပြန်ရတာပေါ့။

အိမ်ရောက်တော့ မနေ့က ဝယ်လာတဲ့ နှင်းဆီတွေကို အရင်ရှာကြည့်ပါတယ်။ အမေရေ သား နှင်းဆီပန်းတွေဘယ်ရောက် ကုန်ပြီလဲပေါ့။ အမေက ဘုရားပန်းတင်လိုက်ပြီလို့ပြောတယ်။ ဒေါသလဲထွက်လို့မရဘူး ကုသိုလ်ရတာပေါ့လို့ တခါထဲ စိတ်ကိုဖြေလိုက်ရတယ်။ ရှိစေတော့ နှင်းဆီပန်းတော့။ ဒါနဲ့ချောကလက်ဗူး ပြန်ရှာတော့။ အမေရေ သားချောကလက်ဗူးရော ဆိုတော့ ရှိတယ်တဲ့ ရေခဲသေတ္တာထဲမှာတဲ့။ တော်သေးတာပေါ့ဆိုပြီး ချောကလက်ဗူးကို သွားထုတ်တော့ ဖောက်ပြီးသားကြီး။ တစ်ယောက်ယောက်တော့ သေချာပေါက် နွှာထားပြီ။ ဘယ်သူ့လက်ချက်လဲလို့ မမေးရခင်ပဲ။ ချစ်လှစွာသော ညီမလေးက သမီးစားလိုက်တာတဲ့။ ဒီတခါတော့ ဒေါသကထိန်းလို့ မရတော့ဘူး။ နင့်ကို ဘယ်သူက စားခိုင်းလို့လဲဆိုပြီး ဆူတော့။ မာတာမိခင်က ချောကလက်ဗူးကို ဖောက်စားတာ ဘာလို့ ဒီလောက် ကမ္ဘာပျက်နေသလဲဆိုပြီး ကျွန်တော့်ကို ပြန်ဆူပါတယ်။ တော်ပါပြီဆိုပြီး နေလိုက်ရပါတော့တယ်။ အဲဒီ့တော့ ကျွန်တော့်ကောင်မလေးလဲ Valentine's Day ရဲ့ ချောကလက်ရယ် ပန်းစည်းရယ် ဝေးသွားရှာပါတယ်။ စိတ်မကောင်းပါဘူး ကောင်မလေးရယ်။

အဲဒီ့တစ်ခါ ကြိုးစားပြီးကထဲက နောက်ပိုင်းလဲ ထပ်မကြိုးစားတော့ပါဘူး။ ကြိုးစားပေးလဲအပိုပဲ ၁၄ ရက်နေ့က ချစ်သူများနေ့ ၁၃ ရက်နေ့က ကျွန်တော့် သူငယ်ချင်းမွေးနေ့ သောက်မှာက သေချာနေတယ်။ ဘယ်လိုမှလဲ မရှောင်နိုင်တာ အသေအချာပါပဲ။ သိပ်ပေးချင်ရင် Floral services ကို ကြိုမှာပြီး ခိုင်းထားမှ ရပေတော့တယ်။ ဒါလဲ အသည်းအသန် လုပ်လေ့မရှိတော့ Valentine's Day အားလုံးဟာ အရက်နာကျပြီး ပြီးသွားတာပါပဲ။ သူများတွေ အတွက်တော့ Valentine's Day မှာ ကြည်ကြည်နူးနူးနေနိုင်ပေမယ့် ကျွန်တော့်အတွက်တော့ Valentine's Day ဆိုတာ အရက်နာကျတဲ့ ရက်ကြီးသာဖြစ်ပါကြောင်း . . .

Read More...

Monday, February 8, 2010

ခေတ်ပညာတတ် မဟုတ်ဘူး

ကျွန်တော့်ကို ခေတ်ပညာတတ်တစ်ယောက်လို့ လူကြီးတစ်ယောက်က ပြောသွားတယ်။ ဒါကို ကျွန်တော်လက်မခံနိုင်ဘူး။ ကျွန်တော်ဟာ ခေတ်ပညာတတ် တစ်ယောက် မဟုတ်ဘူး။ ကျွန်တော်ဟာ အဝေးသင်တက္ကသိုလ်ကနေ B.A Eco ဆိုတဲ့ ဘွဲ့တစ်ခု ရထားတဲ့သူပါ။ အဲဒီ့ဘွဲ့ကိုလဲ စိတ်ပါလက်ပါသင်ပြီး ယူထားတာ မဟုတ်ပါဘူး။ စာမေးပွဲနီးမှ အနီးကပ်ဆိုပြီးတက် ပြီးတော့ ဟိုကူး ဒီကူးနဲ့ အောင်လာတာပါ။ အထင်ကြီးစရာ တစ်စက်မှ မရှိပါဘူး။ အထင်မကြီးလို့လဲ ဘွဲ့ပေးတော့ တက်မယူပါဘူး။ အဝေးရောက်တောင် မလျှောက်ထားခဲ့ဘူး။ နောက်မှ ဘွဲ့လက်မှတ်လိုတယ်ဆိုမှ သွားထုတ်ထားတာ။ အဲဒီ့တော့ ခေတ်ပညာတတ် မဟုတ်တာ သိပ်ရှင်းနေပြီပေါ့။

အဲဒီ့ခေတ်ပညာတတ်ဆိုတဲ့ စကားကိုကြားတိုင်း ကျွန်တော်မုန်းတယ်။ ကျွန်တော်တက်စရာ တက္ကသိုလ် ဘယ်မှာလဲ ရှာမတွေ့ခဲ့ဘူး။ ငယ်ငယ်က စိတ်ကူးယဉ်သလို တက္ကသိုလ်ကျောင်းသားဘဝဆိုတာ မကြုံဆုံခဲ့ရပါဘူး။ လူကြီးတွေကပြောတယ် ခေတ်ကို ခေတ်ပညာတတ်လူငယ်တွေကသာ ပြဌာန်းသတဲ့။ ဘုရားတမိပါတယ်။ သူတို့ခေတ်မှာတော့ ဟုတ်မှာပေါ့။ ဒီဘက်ခေတ်မှာ သေချာစဉ်းစားပြီးမှ ပြောပါလို့ပဲ ပြောလိုက်ချင်တယ်။ ကျွန်တော်တို့ ဘယ်လိုခေတ်ပညာတွေသင်ယူနေရသလဲ ဘယ်လိုပညာတွေ တတ်နေပြီလဲ။ အင်္ဂလိပ်စာကို အထက်တန်းကျောင်းသား ဖြစ်တဲ့အထိ စုစုပေါင်း ၁၁ နှစ်သင်ပြီး Yes No တောင် မကွဲတာ ခေတ်ပညာတတ်လား? တက္ကသိုလ်တတ်တာ ကျောင်းမရောက်ပဲ ဖဲဝိုင်းရောက် အရက်ဝိုင်းရောက် ဟိုရောက်ဒီရောက် ဂိမ်းဆိုင်ရောက် ဒါတွေက ခေတ်ပညာတွေလား? ဘဝမှာ ရည်မှန်းချက်ဆိုတာ ဘာလဲ ရည်ရွယ်ချက်ဆိုတာ ဘာလဲ သမိုင်းဆိုတာ အရုပ်ရေးပြတာတောင် မသိတော့တာ ခေတ်ပညာတတ်တွေလား? အတ္တတစ်ခုကို ရှေ့တန်းတင် နောက်တော့ ဒီ certificate လေးရရင် နိုင်ငံခြားမှာ အလုပ်ရမှာပါ ကံတရားက ၇၀%လောက်ကောင်းရင် ရပြီဆိုတဲ့ အတွေးတွေက ခေတ်ပညာတတ်ရဲ့ အတွေးအခေါ်တွေလား။

ဟုတ်တယ် အဲဒါတွေ အားလုံး ကျွန်တော် မတတ်ဘူး မသိဘူး။ ကိုယ့်ဥိးနှောက်ပဲကိုယ်သုံးတတ်တယ် အတွေးအခေါ်ကလဲ ခေတ်ပညာမတတ်လို့သိပ်မတွေးတတ်ဘူး။ ဟိုစာ ဒီစာ ဖတ်ပြီးမှ သိတဲ့ ယောင်ခြောက်ဆယ် အတွေးအခေါ်ပဲရှိတယ်။ တက္ကသိုလ်လဲ မနေဖူးဘူး။ ကြက်တူရွေးနှုတ်တိုက်စာတွေလဲ လက်မခံလို့ မကျက်ခဲ့ဘူး။ ဘဝကို certificate တွေ Diploma တွေနဲ့လဲ မတည်ဆောက်ဖူးဘူး။ ကျွန်တော် ခေတ်ပညာတတ်မဟုတ်ဘူး။ ဒါပဲ . . .

Read More...