Monday, February 8, 2010

ခေတ်ပညာတတ် မဟုတ်ဘူး

ကျွန်တော့်ကို ခေတ်ပညာတတ်တစ်ယောက်လို့ လူကြီးတစ်ယောက်က ပြောသွားတယ်။ ဒါကို ကျွန်တော်လက်မခံနိုင်ဘူး။ ကျွန်တော်ဟာ ခေတ်ပညာတတ် တစ်ယောက် မဟုတ်ဘူး။ ကျွန်တော်ဟာ အဝေးသင်တက္ကသိုလ်ကနေ B.A Eco ဆိုတဲ့ ဘွဲ့တစ်ခု ရထားတဲ့သူပါ။ အဲဒီ့ဘွဲ့ကိုလဲ စိတ်ပါလက်ပါသင်ပြီး ယူထားတာ မဟုတ်ပါဘူး။ စာမေးပွဲနီးမှ အနီးကပ်ဆိုပြီးတက် ပြီးတော့ ဟိုကူး ဒီကူးနဲ့ အောင်လာတာပါ။ အထင်ကြီးစရာ တစ်စက်မှ မရှိပါဘူး။ အထင်မကြီးလို့လဲ ဘွဲ့ပေးတော့ တက်မယူပါဘူး။ အဝေးရောက်တောင် မလျှောက်ထားခဲ့ဘူး။ နောက်မှ ဘွဲ့လက်မှတ်လိုတယ်ဆိုမှ သွားထုတ်ထားတာ။ အဲဒီ့တော့ ခေတ်ပညာတတ် မဟုတ်တာ သိပ်ရှင်းနေပြီပေါ့။

အဲဒီ့ခေတ်ပညာတတ်ဆိုတဲ့ စကားကိုကြားတိုင်း ကျွန်တော်မုန်းတယ်။ ကျွန်တော်တက်စရာ တက္ကသိုလ် ဘယ်မှာလဲ ရှာမတွေ့ခဲ့ဘူး။ ငယ်ငယ်က စိတ်ကူးယဉ်သလို တက္ကသိုလ်ကျောင်းသားဘဝဆိုတာ မကြုံဆုံခဲ့ရပါဘူး။ လူကြီးတွေကပြောတယ် ခေတ်ကို ခေတ်ပညာတတ်လူငယ်တွေကသာ ပြဌာန်းသတဲ့။ ဘုရားတမိပါတယ်။ သူတို့ခေတ်မှာတော့ ဟုတ်မှာပေါ့။ ဒီဘက်ခေတ်မှာ သေချာစဉ်းစားပြီးမှ ပြောပါလို့ပဲ ပြောလိုက်ချင်တယ်။ ကျွန်တော်တို့ ဘယ်လိုခေတ်ပညာတွေသင်ယူနေရသလဲ ဘယ်လိုပညာတွေ တတ်နေပြီလဲ။ အင်္ဂလိပ်စာကို အထက်တန်းကျောင်းသား ဖြစ်တဲ့အထိ စုစုပေါင်း ၁၁ နှစ်သင်ပြီး Yes No တောင် မကွဲတာ ခေတ်ပညာတတ်လား? တက္ကသိုလ်တတ်တာ ကျောင်းမရောက်ပဲ ဖဲဝိုင်းရောက် အရက်ဝိုင်းရောက် ဟိုရောက်ဒီရောက် ဂိမ်းဆိုင်ရောက် ဒါတွေက ခေတ်ပညာတွေလား? ဘဝမှာ ရည်မှန်းချက်ဆိုတာ ဘာလဲ ရည်ရွယ်ချက်ဆိုတာ ဘာလဲ သမိုင်းဆိုတာ အရုပ်ရေးပြတာတောင် မသိတော့တာ ခေတ်ပညာတတ်တွေလား? အတ္တတစ်ခုကို ရှေ့တန်းတင် နောက်တော့ ဒီ certificate လေးရရင် နိုင်ငံခြားမှာ အလုပ်ရမှာပါ ကံတရားက ၇၀%လောက်ကောင်းရင် ရပြီဆိုတဲ့ အတွေးတွေက ခေတ်ပညာတတ်ရဲ့ အတွေးအခေါ်တွေလား။

ဟုတ်တယ် အဲဒါတွေ အားလုံး ကျွန်တော် မတတ်ဘူး မသိဘူး။ ကိုယ့်ဥိးနှောက်ပဲကိုယ်သုံးတတ်တယ် အတွေးအခေါ်ကလဲ ခေတ်ပညာမတတ်လို့သိပ်မတွေးတတ်ဘူး။ ဟိုစာ ဒီစာ ဖတ်ပြီးမှ သိတဲ့ ယောင်ခြောက်ဆယ် အတွေးအခေါ်ပဲရှိတယ်။ တက္ကသိုလ်လဲ မနေဖူးဘူး။ ကြက်တူရွေးနှုတ်တိုက်စာတွေလဲ လက်မခံလို့ မကျက်ခဲ့ဘူး။ ဘဝကို certificate တွေ Diploma တွေနဲ့လဲ မတည်ဆောက်ဖူးဘူး။ ကျွန်တော် ခေတ်ပညာတတ်မဟုတ်ဘူး။ ဒါပဲ . . .

3 comments:

certain condition cube said...

ခေတ်ပညာတတ်ဆိုတဲ့ စကားလုံး ဖွင့်ဆိုမှုက ခံယူချက်အတိုင်း လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်။ ဒါပေမယ့် ခံစားချက်တွေ အစွန်းတစ်ဖက်မှာ ရပ်တည်နေတယ်လို့ ပွင့်လင်းစွာ ဝေဖန်လိုပါတယ်။ :D

ကောင်းကင်ပြာ said...

အလုပ်မရှိ အကိုင်မရှိ ဘွဲ့ရ ခေတ်ပညာတတ် တယောက် လာဖတ်ပါတယ်....

http://thushin.blogspot.com said...

ကျွန်တော် ပြောချင်တဲ့ စကားတွေကို အစ်မက ကိုယ်စားပြောပေးသလိုပါပဲ...ထပ်တူထပ်မျှ(လုံးဝ) ခံစားသွားပါတယ်..
ကျွန်တော်ကတော့ အစ်မလို မပြောတတ်ဘူးမို့လား..
လေးစားပါတယ်..အစ်မရေ..
အဲဒီအသိကပဲ တန်ဖိုးတစ်ခု ဖြစ်ပါတယ်..

ခင်မင်စွာဖြင့် ..သုသျှင်