Friday, September 17, 2010

တယ်လီဖုန်းမပြောတတ်သူများ

ဘလော့ဂ်တွေက ဖွင့်မရ ဖတ်မရဖြစ်တော့ ရေးချင်စိတ်က ကုန်ခမ်းပြီး ပစ်ထားသလို ဖြစ်နေတာ ကြာပေါ့။ အလုပ်များတယ်လို့လဲ အကြောင်းပြစရာမရှိပါဘူး ကိုယ်က ဘန်ကီးမွန်းတို့ အိုဘားမားတို့မှ မဟုတ်တာ။ ပျင်းတာလဲပါတယ် မရေးဘူးဆိုတာက သိတဲ့အတိုင်းပဲ အပျင်းကတစ် ဒီကော်နက်ရှင်နဲ့ကတော့ကွာ ဆိုတာကလဲ ဖြစ်ဆိုတော့ ပို့စ်မတင်တာတောင် ကြာပေါ့။ အခုတော့ တင်လိုက်ပါတယ် (ဦးရှင်ကြီးမဟုတ်ပါ) ပို့စ်။
ဒီပို့စ်က ကျွန်တော့်ရဲ့ပထမဆုံး ပုံနှိပ်ဆောင်းပါးအဖြစ် ဖော်ပြခံရတဲ့ စာမူပါ။ သိပ်မကြာသေးဘူး ၃ လလောက်ပဲ ရှိဦးမယ် News Watch ဂျာနယ်ထဲပါလာတာ။ စာမူတော့ ပါတယ် ကလောင်နာမည်တော့ ပါမလာဘူး။ ဖြစ်ပုံက ဒီလို စာမူရေးပြီး ပို့လိုက်တာ အီးမေးလ်နဲ့ သူငယ်ချင်းဆီကို ဆိုပါတော့။ သူငယ်ချင်း သွားပို့လိုက်တာ ဂျာနယ်ကို။ ဂျာနယ်က ကောက်ခါငင်ခါကြီး ထည့်မယ်ဆိုတော့ ရေးထားတဲ့ အော်ရီဂျင်နယ် ဖိုင်မှာ နာမည်တင်မကဘူး ရာထူးတွေ လိပ်စာတွေ အစုံပါလို့ အဲဒါတွေ ဖြုတ်လိုက် နာမည်တော့ ထည့်လိုက်လို့ ပြောလိုက်တာ သူငယ်ချင်းကလဲ ဂျာနယ်တိုက်ကို အဲဒီ့အတိုင်း ပြောပါသတဲ့။ သို့သော် ဒီဘက်လမ်းထိပ်မှာက ဂျပိုးလို့ ပြောတာ ဟိုဘက်ရောက်တော့ လိပ်ဖြစ်သွားတယ်ဆိုတဲ့ အတိုင်းပဲ ဆောင်းပါးမှာ ဘာနာမည်မှကို ပါမလာဘူး ပြတ်ကရောပဲ N.W လို့ ထည့်လိုက်သတဲ့။
စာမူပါလို့ ဖတ်လိုက်တော့ နာမည်ကပါမလာဘူး အီလည်လည်ကြီးဖြစ်သွားတယ်။ ခံစားရတယ်ပေါ့လေ သို့ပေမယ့် ခံစားချက်က ၁ နာရီမကျော်ပါဘူး အေးလေ လူတွေဖတ်ဖြစ် အေးတာပဲဆိုတာနဲ့ စိတ်ကျေနပ်သွားတယ်။ ဒါပေမယ့် ကိုယ်က ရစ်လေ့ရှိတော့ အယ်ဒီတာချုပ်ကို ဖုန်းဆက်ပြီး ရစ်လိုက်သေးတယ်။ ဘယ့်နှယ့်ဖြစ်ရတာတုန်းပေါ့ ဟိုဘက်ကလဲ တောင်းပန်ပါတယ်ပေါ့ ဘာညာပေါ့ နားလည်မှုလွဲတာပါတဲ့ ရပါတယ်ပေါ့လေ တကယ်လဲ အဲဒီ့အတိုင်း ဖြစ်ခဲ့တာကိုး ထားပါတော့။ အခုတော့ ဘလော့ဂ်လေးမှာ ပို့စ်လေး တင်မဟဲ့လို့ စဉ်းစားတော့ အသစ်ရေးဖို့ကလဲ ဦးနှောက်က အလုပ်မလုပ်လေတော့ ဒါလေးပဲ တင်ပေးလိုက်တယ် မဖတ်ရသေးရင်တော့ အသစ်ပေါ့နော့ . . . :)

တယ်လီဖုန်းမပြောတတ်သူများ

ဒီစာကိုရေးဖို့ အကြောင်းအရာတွေ အခုရက်ပိုင်းအတွင်းမှာ စီကာစဉ်ကာ ဆက်တိုက်ဆိုသလို ဖြစ်လာလို့ ရေးလိုက်ရတာပါ။ ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ အလုပ်ကိစ္စတွေအတွက်ရော ပစ္စည်းဝယ်တဲ့ကိစ္စတွေ အတွက်ရော ကုမ္ဗဏီတွေ ဆိုင်တွေကို ဖုန်းဆက်ပြီး စုံစမ်းမှုတွေ လုပ်ဖြစ်ပါတယ်။ တချို့ကုမ္ဗဏီတွေကို ဆက်တာကတော့ သူတို့ရဲ့ ဝန်ဆောင်မှု အပိုင်းတွေကို သိချင်လို့ ဖြစ်ပြီး တချို့ကိုတော့ ပစ္စည်းဈေးနှုန်းတွေ သိချင်လို့ ဆက်တာပါ။ အဲဒီ့မှာပဲ အခုဒီစာကို ရေးဖို့ အကြောင်းအရာ ခေါင်းထဲဝင်လာပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော် ဖုန်းဆက်ပြီး မေးတဲ့လုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာတော့ လုပ်ငန်းကြီးတွေလို့ ပြောလို့ရတဲ့ ကုမ္ဗဏီတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဆီက ဖုန်းလက်ခံဖြေဆိုပေးတဲ့ ဝန်ထမ်းတွေဟာ ဖုန်းလက်ခံဖြေဆိုရာမှာ အင်မတန် အားနည်းတယ်ဆိုတာကို ကျွန်တော် တွေ့လိုက်ရပါတယ်။ ဒီကိစ္စကို ပြောချင်နေတာလဲ အတော်ကြာပါပြီ။ ကျွန်တော်လုပ်ငန်းတော်တော်များများကို ဆက်ဆံတိုင်း ဖုန်းလက်ခံဖြေဆိုမှုအတွက် စိတ်အနှောက်အယှက် ဖြစ်ရတာလဲ တော်တော်များပါပြီ အဲဒီ့တော့ ကျွန်တော့်လိုပဲ စိတ်အနှောက်အယှက်ဖြစ်ရတဲ့ လူတွေအားလုံးရဲ့ကိုယ်စား ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့က လုပ်ငန်းသမားတွေဘက်ကလဲ အလေးဂရုပြု ပြင်ဆင်စေလိုတဲ့ စေတနာပါပါတယ်။

ယနေ့ခေတ်မှာ လူတွေဟာ သိလိုတဲ့ Information တွေကို ဖုန်းနဲ့သော်လည်းကောင်း၊ အင်တာနက်စာမျက်နှာပေါ်ကသော်လည်းကောင်း၊ Yellow Pages တွေ Directory တွေကသော်လည်းကောင်း ရှာဖွေပြီး စုံစမ်းကြပါတယ်။ များသောအားဖြင့် ဖုန်းနံပါတ်တွေရှာပြီး သိလိုတာကို သက်ဆိုင်ရာ လုပ်ငန်းတွေကို ဖုန်းဆက်မေးမြန်းလေ့ ရှိပါတယ်။ အဲဒီ့လိုဖုန်းဆက်မေးမြန်းတဲ့ အခါမှာ တစ်ဘက်က ဖုန်းလက်ခံဖြေဆိုသူရဲ့ ဖုန်းပြောဆိုမှု မတတ်ရင် ဆက်ပြီးမေးတဲ့ သူအတွက် အင်မတန် စိတ်အနှောက်အယှက် ဖြစ်ရပြီး ကုမ္ဗဏီ သို့မဟုတ် လုပ်ငန်းရဲ့ သိက္ခာကိုလဲ ကျဆင်းစေပါတယ်။ ဖုန်းလေးမှ ကောင်းအောင် မဖြေနိုင်တဲ့ လုပ်ငန်းပဲ၊ ဒီအလုပ်ကြီးလုပ်နေပြီး ဒီလိုဆက်ဆံရေးနဲ့လား၊ ဖုန်းတောင် မပြောတတ်တဲ့သူကို အလုပ်ခန့်ထားတာ အံ့ပါရဲ့ စသဖြင့် ငြီးငြူမိကြမှာ အမှန်ပါပဲ။
ဖုန်းလာလို့ ဖုန်းကိုကိုင်ပြီး ဖြေမယ်ဆိုရင် ဟယ်လို ဆိုတာနဲ့စရတာ လူတိုင်းသိပြီးသားပါ။ ဟယ်လိုဆိုတဲ့ စကားလုံးဟာ အများသုံးစကားလုံးဖြစ်နေပါပြီ တစ်ကမ္ဘာလုံးနီးပါးသုံးပါတယ် (တရုတ်၊ ကိုရီးယားနှင့် ဂျပန်တွင် သူတို့၏ဘာသာစကားဖြင့်သာ ဖုန်းဖြေဆိုမှုများ ရှိပါသည်။ ဤကားစကားချပ်)။ အိမ်ကိုဆက်ရင်ဖြစ်ဖြစ် လက်ကိုင်ဖုန်းကိုဆက်ရင်ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအတွက် အသုံးပြုတဲ့ ဖုန်းတွေမှာ ဟယ်လိုဆိုပြီးဖြေပြီးရင် ကိစ္စပြီးပါတယ် တာဝန်ကျေတယ်လို့လဲ ယူဆနိုင်ပါတယ်။ သို့ပေမယ့် အစိုးရရုံးတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေ၊ ဆိုင်တွေ၊ အဖွဲ့အစည်းတွေ အတွက်တော့ ဟယ်လိုဆိုတဲ့ စကားလုံးလေး သုံးရုံနဲ့ မပြီးပါဘူး။ ဟယ်လိုရဲ့ အနောက်မှာ ဘယ်အဖွဲ့အစည်း၊ ဘယ်လုပ်ငန်းက လက်ခံစကားပြောနေတာပါဆိုတာမျိုးကို ပြောသင့်ပါတယ်။ ဥပမာအားဖြင့် “မင်္ဂလာပါ။ ……… ကုမ္ဗဏီကပါ။ ဘာများကူညီဆောင်ရွက်ပေးရပါမလဲ” သို့မဟုတ် အင်္ဂလိပ်လိုဆိုရင်လဲ “Good Morning ……… Company, How may I help you” ဆိုပြီး နှုတ်ခွန်းဆက်သလေ့ရှိရပါတယ်။ ဒါကတော့ လုပ်ငန်းတစ်ခုချင်းစီအလိုက် ကွဲပြားခြားနားမှု ရှိပါလိမ့်မယ်။ သက်ဆိုင်ရာလုပ်ငန်းရဲ့အုပ်ချုပ်သူတွေ မန်နေဂျာတွေဟာ သူတို့လုပ်ငန်းနဲ့ လိုက်ဖက်ညီမယ့် နှုတ်ခွန်းဆက်သနည်းမျိုးကို ဖုန်းလက်ခံဖြေဆိုမယ့်သူတွေကို သင်ကြား ပေးထားရပါမယ်။ အဲဒီ့လိုနှုတ်ဆက်ဖြေကြားမှုမျိုးဟာ တစ်နည်းအားဖြင့် ကိုယ့်ကုမ္ဗဏီ ကိုယ့်လုပ်ငန်းကို ဆက်သွယ်လာတဲ့သူကို ပထမဦးစွာ စိတ်ကျေနပ်မှု ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဟယ်လိုလို့ တုံးတိတိ ဖြေတာနဲ့ အထက်ကပေးထားတဲ့ ဥပမာထဲကလို နှုတ်ဆက်ဖြေဆိုမှုဟာ အင်မတန်ကွာခြားတယ်ဆိုတာ သိသာပါတယ်။ ဖုန်းဆက်တဲ့သူဟာ အခုလို နှုတ်ဆက်စကားကို ကြားရတယ်ဆိုရင် သူပြောချင်တဲ့ ကုမ္ဗဏီကို ရောက်တယ် မရောက်ဘူးဆိုတာ ဘာမှ မမေးခင်မှာပဲ သိခွင့်ရသွားပါတယ်။ ဒါဟာ ကုမ္ဗဏီတွေ လုပ်ငန်းတွေက ရှေးဦးစွာပေးလိုက်တဲ့ ဝန်ဆောင်မှုလို့ သိစိတ်ကဖြစ်ဖြစ် မသိစိတ်ကဖြစ်ဖြစ် မှတ်ယူသွားပါပြီ။ အဲဒီ့အတွက်လဲ ဖုန်းဆက်တဲ့သူဟာ သူဆက်တဲ့ ဖုန်းနံပါတ်မှားနေတယ်ဆိုရင်တောင် ကျန်တာတွေ မေးစရာမလိုပဲ ချက်ခြင်းသိလိုက်ရတဲ့ အတွက် အချိန်ဆုံးရှုံးမှု နည်းပါးသွားပါတယ်။ ဒီနေရာမှာ ဖြတ်ပြီးပြောချင်တာ တစ်ခုရှိပါသေးတယ် တချို့ကတော့ နှုတ်ခွန်းဆက်သမှု လုပ်ကြပါရဲ့ ဒါပေမယ့် ဘာပြောသွားမှန်းမသိအောင် မြန်ဆန်လွန်းလှတာကို ကြားရပါတယ်။ ဝန်ထမ်းဟာ နေ့စဉ်နှုတ်ဆက်စကားဆိုနေရတဲ့ အတွက် သူပြောတဲ့နှုတ်ဆက်စကားကတော့ သူ့အတွက် သိသာပေမယ့် ကြားရတဲ့သူက ဘာမှ နားမလည်လိုက်ဘူးဆိုရင် နှုတ်ဆက်တာမမည်တော့ပါဘူး စကားပြောရာမှာ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ပြေပြေပြစ်ပြစ်ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါမှ မဟုတ်ရင်တော့ ကိုယ်ပြောတာဘာလဲဆိုတာ တစ်ဘက်သားက နားလည်မှာ မဟုတ်ပါဘူး။ ဒါဟာဝန်ထမ်းတွေ သတိထားရမယ့် အချက်ပါပဲ။ နောက်ပြီးလူတွေဟာ စကားပြောရင် expression အနိမ့်အမြင့်ရှိပါတယ် အဲဒီ့တော့ နှုတ်ဆက်တဲ့နေရာမှာ ဝတ်ကျေတန်းကျေ ပြောတာနဲ့ စိတ်ပါလက်ပါပြောတာ အင်မတန် ခွဲခြားသိဖို့လွယ်ကူပါတယ်။
ဖုန်းလက်ခံဖြေဆိုမှုမှာ အထက်ပါအကြောင်းအရာများနဲ့ ကိုက်ညီပေမယ့် နောက်ထပ် စိတ်အနှောက်အယှက်ဖြစ်ရတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်။ အဲဒါက ကိုယ်ဆက်လိုက်တဲ့ ကုမ္ဗဏီကလဲ မှန်နေပြီ ခုနကလိုလဲ နှုတ်ဆက်စကားကြားရပြီးပြီဆိုရင် ဖုန်းဆက်တဲ့သူက သူပြောချင်တဲ့သူ ဒါမှမဟုတ်သူသိချင်တဲ့ အချက်ကို စပြီးမေးမှာပါ အဲဒီ့အခါမှာ များသောအားဖြင့် ဖုန်းလက်ခံဖြေဆိုပေးတဲ့ Receptionist တွေဟာ သက်ဆိုင်ရာ ဌာန သို့မဟုတ် လူပုဂ္ဂိုလ် သို့မဟုတ် ၄င်းတို့ကိုယ်တိုင် ဖြေကြားခြင်းစတဲ့ အချက်တွေကို ဆက်လက် ဆောင်ရွက်ကြရပါတယ်။ ဖုန်းဆက်လာတဲ့သူရဲ့ တောင်းဆိုမှုအရ သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် ဌာနကို လွှဲပြောင်းပေးရာမှာ ခဏလောက်စောင့်ပါရှင်/ဗျာ သို့ Hold On Please ဆိုပြီး အသိပေးပြောကြားထားရပါမယ်။ အခုတော့ တချို့တွေဟာ ပြောချင်တဲ့သူရဲ့ နာမည်ပဲ ပြောရသေးတယ် ဘာမှ ပြန်မပြောပဲ ချက်ခြင်းလွှဲဖို့ ကြိုးစားတာကို တွေ့ရပါတယ်။ အဲဒီတော့ ဆက်တဲ့သူဘက်က ဘာမှန်းမသိပဲ ဖုန်းကိုင်ထားရသလို ဖြစ်ဖြစ်နေပါတယ်။ ဒါဟာ ကုမ္ဗဏီတွေတော်တော်များများမှာ တွေ့မြင်နေရတဲ့ အားနည်းချက်ပါပဲ။ ဒါဟာ တနည်းအားဖြင့် ဖုန်းဆက်လာတဲ့သူကို စိတ်အနှောက်အယှက်ပေးလိုက်တာပါပဲ။ တချို့ဆိုရင် သိချင်တာတစ်ခု ရှိလို့ဆက်တာပါ ဥပမာ ဈေးနှုန်းသိချင်တာမျိုး၊ ကုန်ပစ္စည်းရှိမရှိ သိချင်တာမျိုးအတွက် ဖုန်းဆက်ခြင်းဖြစ်ပါတယ်။ ဖုန်းကိုင်တဲ့ Receptionist တွေဟာ သူတို့မသိလို့ သိတဲ့သူ ဒါမှမဟုတ် သိတဲ့ ဌာနကို ဖုန်းလွှဲပြောင်းပေးရာမှာ ခဏလောက်ကိုင်ထားပါ ဘယ်ကိုလွှဲပေးပါ့မယ်ဆိုတာမျိုး မပြောပဲ ဖုန်းကို လွှဲပေးဖို့ လုပ်ကြတာကို ကြုံရပါတယ်။ ဒီကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဖုန်းဆက်တဲ့သူက ဘယ်သူနဲ့ ပြောရမယ်မှန်းလဲမသိ ဘာမှန်းလဲ မသိပဲ ဖုန်းကြီးကိုင်ပြီး စောင့်နေရပြီဆိုကထဲက မဟုတ်တော့ပါဘူး။ နောက်တစ်ခုက ဖုန်းဆက်လာတဲ့သူ စုံစမ်းတဲ့ သူဟာ ကိုယ့်ရုံးမှာ မရှိဘူး အပြင်သွားတယ်ဆိုရင် အဲဒီ့လူရဲ့ကိုယ်စား ဘာများမှာကြားချင်ပါသလဲ ဘာများမှတ်သားပေးထားရပါမလဲ ဆိုတာမျိုးကို မေးမြန်းထားသင့်ပါတယ်။ အဲဒီ့လိုဆိုရင် တစ်ဘက်လူအတွက်လဲ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျကို ချန်ထားခဲ့လို့ရသလို အဆက်ခံရတဲ့သူ အပြင်ကပြန်ရောက်လာရင်လဲ ကိုယ့်ဆီဘယ်သူ ဆက်သွားတယ်ဆိုတာမျိုးကို သိရတဲ့အတွက် အကျိုးရှိပါတယ်။ နောက်တစ်ခုက အဲဒီ့လို မေးတဲ့အတွက်ကြောင့် တကယ်လို့များ ဆက်သွယ်ခံရတဲ့ ပုဂ္ဂိုလ်နေရာမှာ အခြားတစ်ယောက်က ကိုယ်စား ဖြေရှင်းပေးနိုင် ပြောနိုင်မယ်ဆိုရင်လဲ အလွယ်တကူ စီစဉ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ဖုန်းဆက်လာတဲ့သူကို သေချာမေးမြန်းခြင်းဟာ အကျိုးမယုတ်တဲ့အပြင် ကုမ္ဗဏီအတွက် လုပ်ငန်းအတွက်ပါ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
အခုတော့ အဲဒီ့လိုမဟုတ်ပဲ ဖုန်းပြောမတတ်တဲ့အတွက် ကိုယ့်ဆီကိုဆက်သွယ်လာတဲ့ ဖောက်သည်တွေကို အနုနည်းနဲ့ သတ်ပစ်လိုက်တယ်ဆိုတာ ဝန်ထမ်းတော်တော်များများ သတိမထားမိကြသလို လုပ်ငန်းရှင်တော်တော်များများနဲ့ မန်နေဂျာတော်တော်များများကလဲ သတိမပြုမိကြပါဘူး။ Reception က ဖုန်းဖြေပေးနေတာပဲ ဆိုတဲ့ အသိနဲ့တင် နေနေကြတာ အံ့သြစရာ ကောင်းပါတယ်။ ဝန်ထမ်းတွေအတွက် မန်နေဂျာတွေ လုပ်ငန်းပိုင်ရှင်တွေမှာ တာဝန်ရှိပါတယ်။ ဖုန်းလက်ခံ ဖြေဆိုပေးမယ့် ဝန်ထမ်းကို သေချာစိစစ်ရွေးချယ်သင့်ပါတယ် ထိုနည်းအတူ ကျန်တဲ့ ရုံးသူရုံးသားများကိုလဲ ဖုန်းလက်ခံဖြေကြားမှုကို အခြေအားဖြင့် သင်ကြားပေးသင့်ပါတယ်။ တချို့ကုမ္ဗဏီတွေ လုပ်ငန်းတွေမှာ Receptionist သီးသန့်မရှိပဲ ကြုံရာလူက ဖြေကြားပေးတာကို တွေ့ရပါတယ်။ ဒါဟာလဲ ကုမ္ဗဏီရဲ့လိုအပ်ချက်အရသာ Receptionist ကိုခန့်တဲ့အတွက်ကြောင့် လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းလက်ခံဖြေကြားမယ့်သူ အားလုံးကိုတော့ ဘယ်လို ဖြေကြားရမယ်ဆိုတာ သင်ထားသင့်ပါတယ်။ Receptionist ခန့်ထားတဲ့ ကုမ္ဗဏီတွေ လုပ်ငန်းတွေကလဲ ကိုယ့်ရဲ့ဝန်ထမ်းကို ဖုန်းလက်ခံဖြေဆိုမှုဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ ရှင်းပြပြောဆိုထားရမှာပါ။ ဖုန်းလက်ခံတဲ့သူဟာ ကုမ္ဗဏီတစ်ခုလုံးကို ကိုယ်စားပြုတယ်ဆိုတာ မမေ့သင့်ပါဘူး။ မမြင်ရသေးတဲ့ ဖောက်သည်တစ်ယောက်ကို သိမ်းသွင်းဖို့ ဖုန်းလက်ခံစကားပြောတဲ့ အဆင့်ဟာ ဘယ်လောက် အရေးကြီးသလဲ ဆိုတာ သတိပြုသင့်ပါတယ်။ ဖုန်းလေးဖြေပေးရင် ဖြစ်နေတာပဲဆိုတဲ့ ဝန်ထမ်းရဲ့ စိတ်ထဲက အစွဲကို ဖျောက်ဖျက်ပေးသင့်ပါတယ်။ ဖုန်းလက်ခံဖြေဆိုပေးတဲ့ ဝန်ထမ်းဟာ သူ့ရဲ့တာဝန်ဟာ ဘယ်လောက်တောင် အရေးပါသလဲ ဘယ်လောင်တောင် တာဝန်ကြီးသလဲဆိုတာ သူသိအောင် လေ့ကျင့်သင်ကြားပေးရပါမယ်။ သူဟာ ဟယ်လိုဆိုတဲ့ စကားကနေစပြီး ကုမ္ဗဏီတစ်ခုလုံးကို ကိုယ်စားပြုပေးနေတဲ့သူဖြစ်တယ်ဆိုတာ သူသိအောင် ပြောထားရပါမယ်။ သူ့ရဲ့ ဖုန်းလက်ခံ ဖြေဆိုမှု တစ်ခုဟာ မှားယွင်းခဲ့ရင် ထိခိုက်မှု ဘယ်လောက်ရှိသလဲ ဆိုတာ သိအောင်ပြောထားသင့် သလို ဖြေဆိုမှု တစ်ခုဟာ ကောင်းမွန်တဲ့အတွက်ကြောင့် အကျိုးဘယ်လောက်ရှိတယ်ဆိုတာလဲ ပြောပြထားသင့်ပါတယ်။ ဒါကို လုပ်ငန်းသမားတွေ မေ့နေကြတယ်လို့ မြင်မိပါတယ်။ ဖုန်းလက်ခံဖြေဆိုတဲ့ Receptionist တွေကလဲ ဒါကို သတိထားမိပုံ မရပါဘူး။
ကျွန်တော့်အနေနဲ့ပြောရရင် ဖုန်းလက်ခံဖြေဆိုပေးတဲ့ ဝန်ထမ်းကို သေချာစိစစ်ရွေးချယ် စေချင်ပါတယ်။ ရွေးပြီးရင်လဲ ကောင်းစွာသင်ကြားပြသထားရပါမယ်။ သူဟာ ကုမ္ဗဏီရဲ့မမြင်ရတဲ့ ဆက်သွယ်ရေးတာဝန်ခံ တစ်ယောက် ဖြစ်တဲ့အပြင် ဖောက်သည်တွေကို စိတ်ကျေနပ်မှု စိတ်အနှောက်ယှက်ဖြစ်မှု ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လို့ အရေးကြီးပါတယ်။ သူ့စကားတစ်ခွန်းဟာ ဖောက်သည်တစ်ယောက်အတွက် ခါးသီးမှု ဖြစ်စေနိုင်သလို ချိုမြိန်တဲ့ ဝန်ဆောင်မှု တစ်ခုလဲ ဖြစ်သွားနိုင်ပါတယ်။ ဖုန်းလက်ခံပြောတဲ့ ဝန်ထမ်းရဲ့ အရည်အချင်းကြောင့် ကိုယ့်လုပ်ငန်းရဲ့ အခြေအနေ၊ လုပ်ငန်းရဲ့ သိက္ခာ မြင့်တက်ခြင်း နိမ့်ကြခြင်းရှိတယ်ဆိုတာ မန်နေဂျာတွေ လုပ်ငန်းရှင်တွေ သတိပြုစေချင်ပါတယ်။ ဝန်ထမ်းတွေရဲ့အရည်အသွေး တိုးတက်လာစေချင်သလို လုပ်ငန်းတွေရဲ့ ဂုဏ်သိက္ခာပိုင်းတွေလဲ အဆင့်မြင့်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီစာကို ရေးသားလိုက်ရတာပါ။ အားလုံးပဲ ဆင်ခြင်သုံးသပ်နိုင်ကြမယ်ဆိုရင်ဖြင့် ရေးရကျိုးနပ်ပြီလို့ ထင်ပါတယ်။ အားလုံးပဲ တယ်လီဖုန်းပြောတတ်ကြပါစေ . . .

Read More...

Thursday, March 18, 2010

မင်းမဟုတ်တဲ့ငါ

မင်းမဟုတ်တဲ့ငါက
မင်းမလုပ်တာ လုပ်တယ်
မင်းမဟုတ်တဲ့ငါက
မင်းမပြောတာ ပြောတယ်
မင်းမဟုတ်တဲ့ငါက
မင်းမကြိုက်တာ ကြိုက်တယ်
မင်းမဟုတ်တဲ့ငါက
မင်းမစားတာ စားတယ်
မင်းမဟုတ်တဲ့ငါက
မင်းမသိတာ သိတယ်
မင်းမဟုတ်တဲ့ငါက
မင်းမစွမ်းတာ စွမ်းတယ်
မင်းမဟုတ်တဲ့ ငါက
မင်းမတွေးတာ တွေးတယ်
သိလား
အဲဒါ မင်းမဟုတ်တဲ့ငါ . . .

Read More...

Saturday, February 13, 2010

ကျွန်တော်ဖြတ်သန်းခဲ့တဲ့ Valentine's Day များ

မှတ်မှတ်ရရပါ။ ကျွန်တော် ၁၀ တန်းအောင်ပြီးခါစပေါ့။ သူငယ်ချင်းတစ်ယောက်က ပြောတယ် Valentine's Day မှာ မင်းဘာလုပ်မယ် စိတ်ကူးလဲတဲ့။ ကျွန်တော်ပြန်မေးမိတယ် ဘာလဲဟ Valentine's Day ဆိုတာပေါ့။ သူက ကျွန်တော့်ကို သနားစရာ သတ္တဝါလို သဘောထားပြီး Valentine's Day ဆိုတာ ချစ်သူများနေ့ကို ဆိုလိုတာ ဖြစ်ကြောင်း နောက်တော့ ဘုန်းတော်ကြီး St.Valentine အကြောင်းကို သေသေချာချာရှင်းပြရှာပါတယ်။ အဲဒီ့တော့မှ ကျွန်တော်လဲ အော် အေး ဒါလား အော် အဲဒီ့လို သိပြီ ဘာညာနဲ့ သူရဲ့ လက်ချာရိုက်တဲ့ ဒဏ်ကို ခံလိုက်ရပါတယ်။ ပြီးတော့မှ သူ့ကိုပြန်မေးလိုက်တယ် မင်းကရော ဘာလုပ်မှာတုန်းလို့။ သူက ပြုံးပြုံးကြီးဖြေပါတယ် ငါ့ကောင်မလေးကို ပန်းစည်းရယ် ချောကလက်ရယ် ပေးမယ်တဲ့။

ကျွန်တော်လဲ စဉ်းစားပါတယ်။ ငါလဲ ဒီကောင့်လို လုပ်ရရင် ကောင်းမယ်ပေါ့။ အဲဒါကြောင့် ကျွန်တော်လဲကျွန်တော့် ကောင်မလေးအတွက် ပန်းတစ်စည်းကို ၁၃ ရက်နေ့ ညနေပိုင်းမှာ လှည်းတန်းဈေးကနေဝယ် ပြီးတော့ City Mart သွားပြီး ရှားပါး Chocolate တစ်ဗူးဝယ်ထားလိုက်တယ်။ ပြီးတော့ အိမ်ပြန်လာပြီး ပန်းတွေကို ရေစိမ်၊ ချောကလက်ဗူးကို စားပွဲပေါ်တင်ပြီးထားလိုက်တယ်။ ခေါင်းထဲမှာပေါ့ ငါ့ချစ်ချစ်တော့ သိပ်ပျော်သွားရှာမယ်လေ ဆိုပြီး ပီတိတွေ ဖြစ်လို့။ တွေးနေတုန်းပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာပါတယ်။ ဒီနေ့ သူ့မွေးနေ့တဲ့။ ဟုတ်ပေသားပဲ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါဆိုတာကို ပြန်သတိရသွားသလို ကျွန်တော့်ရဲ့ချစ်လှစွာသော သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာပါ ပြန်သတိရသွားပါတယ်။ ကဲ ဘယ်လိုလဲပေါ့ ဘာလဲ အစီအစဉ်ပေါ့။ ညဘက်လေ ထုံးစံပေါ့တဲ့။ အဲဒီ့လိုနဲ့ ဘီယာသံကြားလို့ နန့်နန့်တက် ကျွန်တော် ထွက်သွားလိုက်ပါတယ်။ အမေ့ကိုတောင် မွေးနေ့သွားမယ်ဗျို့လို့ အော်ပြောခဲ့ရုံ ပြောခဲ့မိတယ်။ တခါထဲ တန်းပြီး သူငယ်ချင်းရဲ့ ခြံကို ဒိုးလိုက်တယ်။

သူငယ်ချင်းရဲ့ မွေးနေ့မှာ သူငယ်ချင်းတွေအကုန်စုံပါတယ်။ အကုန်လုံးက ပြောမနာ ဆိုမနာ ပေါင်းသင်းနေတဲ့ သူတွေပါ။ သောက်တာကလဲ စူဇကာက အဘခေါ်ရလောက်အောင် သောက်စားပါတယ်။ သောက်ချက်သောက်ချက် နောက်ဆုံး မှောက်တဲ့ အထိ ဆိုပါစို့။ ပြီးသွားပါပြီ ဘာမှလဲ မသိတော့ပါဘူး အဲဒီ့အိမ်မှာပဲ အိပ်ပျော်သွားပါတယ်။ အိပ်တာတောင် မိုးလင်းခါနီးလောက် ဖြစ်မှာပါ။ တညလုံးလဲ သောင်းကျန်းထားတာကိုး။ Valentine ဆိုတာကြီးလဲ မမှတ်မိတော့ပါဘူး။ တစ်ခုပဲ Valentine အစား Ballentine ဆိုတဲ့ အရက်ပဲမှတ်မိပါတယ်။ မနေ့ညက ပါတာကိုးလို့။

မနက်လင်းတော့ ဇာတ်လမ်းက စပါပြီ။ အကုန်လုံး တန်းစီပြီး အရက်နာကျနေပါပြီ။ ဘယ်သူမှ မလှုပ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ မလှုပ်ပါဘူး။ မနက်စာ စားမလားလို့လာခေါ်တာတောင် တစ်ယောက်မှ အသံမထွက်ပါဘူး။ ဆက်အိပ်နေကြပါတယ်။ နေ့လည်လောက်မှ သတိရပြီး အစားထစားကြပါပတယ်။ အဲဒီ့အထိလဲကျွန်တော် သတိမရပါဘူး။ ပြီးမှ မနေ့ညက အရက်အကြောင်း Ballentine အကြောင်းပြောရင်းမှ Valentine's Day ကို သတိရမိပါတယ်။ ဟ သောက်ပြဿနာပဲ လုပ်ကြပါဦးဟပေါ့။ အဲဒီ့လိုနဲ့ချက်ခြင်း အိမ်ကို တန်းပြန်ရတာပေါ့။

အိမ်ရောက်တော့ မနေ့က ဝယ်လာတဲ့ နှင်းဆီတွေကို အရင်ရှာကြည့်ပါတယ်။ အမေရေ သား နှင်းဆီပန်းတွေဘယ်ရောက် ကုန်ပြီလဲပေါ့။ အမေက ဘုရားပန်းတင်လိုက်ပြီလို့ပြောတယ်။ ဒေါသလဲထွက်လို့မရဘူး ကုသိုလ်ရတာပေါ့လို့ တခါထဲ စိတ်ကိုဖြေလိုက်ရတယ်။ ရှိစေတော့ နှင်းဆီပန်းတော့။ ဒါနဲ့ချောကလက်ဗူး ပြန်ရှာတော့။ အမေရေ သားချောကလက်ဗူးရော ဆိုတော့ ရှိတယ်တဲ့ ရေခဲသေတ္တာထဲမှာတဲ့။ တော်သေးတာပေါ့ဆိုပြီး ချောကလက်ဗူးကို သွားထုတ်တော့ ဖောက်ပြီးသားကြီး။ တစ်ယောက်ယောက်တော့ သေချာပေါက် နွှာထားပြီ။ ဘယ်သူ့လက်ချက်လဲလို့ မမေးရခင်ပဲ။ ချစ်လှစွာသော ညီမလေးက သမီးစားလိုက်တာတဲ့။ ဒီတခါတော့ ဒေါသကထိန်းလို့ မရတော့ဘူး။ နင့်ကို ဘယ်သူက စားခိုင်းလို့လဲဆိုပြီး ဆူတော့။ မာတာမိခင်က ချောကလက်ဗူးကို ဖောက်စားတာ ဘာလို့ ဒီလောက် ကမ္ဘာပျက်နေသလဲဆိုပြီး ကျွန်တော့်ကို ပြန်ဆူပါတယ်။ တော်ပါပြီဆိုပြီး နေလိုက်ရပါတော့တယ်။ အဲဒီ့တော့ ကျွန်တော့်ကောင်မလေးလဲ Valentine's Day ရဲ့ ချောကလက်ရယ် ပန်းစည်းရယ် ဝေးသွားရှာပါတယ်။ စိတ်မကောင်းပါဘူး ကောင်မလေးရယ်။

အဲဒီ့တစ်ခါ ကြိုးစားပြီးကထဲက နောက်ပိုင်းလဲ ထပ်မကြိုးစားတော့ပါဘူး။ ကြိုးစားပေးလဲအပိုပဲ ၁၄ ရက်နေ့က ချစ်သူများနေ့ ၁၃ ရက်နေ့က ကျွန်တော့် သူငယ်ချင်းမွေးနေ့ သောက်မှာက သေချာနေတယ်။ ဘယ်လိုမှလဲ မရှောင်နိုင်တာ အသေအချာပါပဲ။ သိပ်ပေးချင်ရင် Floral services ကို ကြိုမှာပြီး ခိုင်းထားမှ ရပေတော့တယ်။ ဒါလဲ အသည်းအသန် လုပ်လေ့မရှိတော့ Valentine's Day အားလုံးဟာ အရက်နာကျပြီး ပြီးသွားတာပါပဲ။ သူများတွေ အတွက်တော့ Valentine's Day မှာ ကြည်ကြည်နူးနူးနေနိုင်ပေမယ့် ကျွန်တော့်အတွက်တော့ Valentine's Day ဆိုတာ အရက်နာကျတဲ့ ရက်ကြီးသာဖြစ်ပါကြောင်း . . .

Read More...

Monday, February 8, 2010

ခေတ်ပညာတတ် မဟုတ်ဘူး

ကျွန်တော့်ကို ခေတ်ပညာတတ်တစ်ယောက်လို့ လူကြီးတစ်ယောက်က ပြောသွားတယ်။ ဒါကို ကျွန်တော်လက်မခံနိုင်ဘူး။ ကျွန်တော်ဟာ ခေတ်ပညာတတ် တစ်ယောက် မဟုတ်ဘူး။ ကျွန်တော်ဟာ အဝေးသင်တက္ကသိုလ်ကနေ B.A Eco ဆိုတဲ့ ဘွဲ့တစ်ခု ရထားတဲ့သူပါ။ အဲဒီ့ဘွဲ့ကိုလဲ စိတ်ပါလက်ပါသင်ပြီး ယူထားတာ မဟုတ်ပါဘူး။ စာမေးပွဲနီးမှ အနီးကပ်ဆိုပြီးတက် ပြီးတော့ ဟိုကူး ဒီကူးနဲ့ အောင်လာတာပါ။ အထင်ကြီးစရာ တစ်စက်မှ မရှိပါဘူး။ အထင်မကြီးလို့လဲ ဘွဲ့ပေးတော့ တက်မယူပါဘူး။ အဝေးရောက်တောင် မလျှောက်ထားခဲ့ဘူး။ နောက်မှ ဘွဲ့လက်မှတ်လိုတယ်ဆိုမှ သွားထုတ်ထားတာ။ အဲဒီ့တော့ ခေတ်ပညာတတ် မဟုတ်တာ သိပ်ရှင်းနေပြီပေါ့။

အဲဒီ့ခေတ်ပညာတတ်ဆိုတဲ့ စကားကိုကြားတိုင်း ကျွန်တော်မုန်းတယ်။ ကျွန်တော်တက်စရာ တက္ကသိုလ် ဘယ်မှာလဲ ရှာမတွေ့ခဲ့ဘူး။ ငယ်ငယ်က စိတ်ကူးယဉ်သလို တက္ကသိုလ်ကျောင်းသားဘဝဆိုတာ မကြုံဆုံခဲ့ရပါဘူး။ လူကြီးတွေကပြောတယ် ခေတ်ကို ခေတ်ပညာတတ်လူငယ်တွေကသာ ပြဌာန်းသတဲ့။ ဘုရားတမိပါတယ်။ သူတို့ခေတ်မှာတော့ ဟုတ်မှာပေါ့။ ဒီဘက်ခေတ်မှာ သေချာစဉ်းစားပြီးမှ ပြောပါလို့ပဲ ပြောလိုက်ချင်တယ်။ ကျွန်တော်တို့ ဘယ်လိုခေတ်ပညာတွေသင်ယူနေရသလဲ ဘယ်လိုပညာတွေ တတ်နေပြီလဲ။ အင်္ဂလိပ်စာကို အထက်တန်းကျောင်းသား ဖြစ်တဲ့အထိ စုစုပေါင်း ၁၁ နှစ်သင်ပြီး Yes No တောင် မကွဲတာ ခေတ်ပညာတတ်လား? တက္ကသိုလ်တတ်တာ ကျောင်းမရောက်ပဲ ဖဲဝိုင်းရောက် အရက်ဝိုင်းရောက် ဟိုရောက်ဒီရောက် ဂိမ်းဆိုင်ရောက် ဒါတွေက ခေတ်ပညာတွေလား? ဘဝမှာ ရည်မှန်းချက်ဆိုတာ ဘာလဲ ရည်ရွယ်ချက်ဆိုတာ ဘာလဲ သမိုင်းဆိုတာ အရုပ်ရေးပြတာတောင် မသိတော့တာ ခေတ်ပညာတတ်တွေလား? အတ္တတစ်ခုကို ရှေ့တန်းတင် နောက်တော့ ဒီ certificate လေးရရင် နိုင်ငံခြားမှာ အလုပ်ရမှာပါ ကံတရားက ၇၀%လောက်ကောင်းရင် ရပြီဆိုတဲ့ အတွေးတွေက ခေတ်ပညာတတ်ရဲ့ အတွေးအခေါ်တွေလား။

ဟုတ်တယ် အဲဒါတွေ အားလုံး ကျွန်တော် မတတ်ဘူး မသိဘူး။ ကိုယ့်ဥိးနှောက်ပဲကိုယ်သုံးတတ်တယ် အတွေးအခေါ်ကလဲ ခေတ်ပညာမတတ်လို့သိပ်မတွေးတတ်ဘူး။ ဟိုစာ ဒီစာ ဖတ်ပြီးမှ သိတဲ့ ယောင်ခြောက်ဆယ် အတွေးအခေါ်ပဲရှိတယ်။ တက္ကသိုလ်လဲ မနေဖူးဘူး။ ကြက်တူရွေးနှုတ်တိုက်စာတွေလဲ လက်မခံလို့ မကျက်ခဲ့ဘူး။ ဘဝကို certificate တွေ Diploma တွေနဲ့လဲ မတည်ဆောက်ဖူးဘူး။ ကျွန်တော် ခေတ်ပညာတတ်မဟုတ်ဘူး။ ဒါပဲ . . .

Read More...

Thursday, December 31, 2009

ဖြတ်သန်းခဲ့တဲ့ ၂၀၀၉

ကျွန်တော် ဘလော့ဂ်မရေးဖြစ်တာ တော်တော်ကြာပါပြီ။ အလုပ်မအားလို့ လှည့်ကိုမကြည့်အားခဲ့ဘူး။ ဒါပေမယ့် အခုတော့ နှစ်လဲကုန်ပြီဆိုတော့ နှစ်တိုင်းကျွန်တော် ရေးနေကြ စာရင်းချုပ် ပို့စ်လေးတော့ ရေးမှ ဖြစ်မယ်ဆိုပြီး ရေးလိုက်ပါတယ်။ နှစ်တိုင်းကျွန်တော် ဒိုင်ယာရီဆန်ဆန် ဒီပို့စ်မျိုးရေးတာ သိတဲ့အတိုင်းပဲ အခု ၂၀၀၉ အတွက်လည်း ဖြတ်သန်းခဲ့တဲ့ ၂၀၀၉ ကို ရေးပေးလိုက်ပါတယ်။ ကျွန်တော့်အတွက် နှစ်စဉ်နှစ်တိုင်း စာရင်းချုပ်ရင် အရင်းပြုတ်ဆိုသလို မကောင်းတာတွေကများနေတတ်တာကို ဖတ်ကြရတဲ့ မောင်နှမတွေ ဒီနှစ်တော့ စိတ်ချမ်းသာစရာ များများဖတ်ရမှာပါ။ ဘာလို့လဲဆိုတော့ ၂၀၀၉ က ကျွန်တော့်အတွက် ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်လာခဲ့လို့ပါပဲ။ ကဲ စလိုက်ကြစို့ . . .

ဇန်နဝါရီလ
မှတ်မိတယ် မဟုတ်လား ၂၀၀၈ တုန်းက ကျွန်တော် Man of the Year ရထားတာလေ။ အရှိန်က မကုန်သေးဘူး ဇန်နဝါရီလမှာ မနှစ်တုန်းက လက်ကျန်စာရင်းတွေ ဖြတ်ပေးနေရတယ်။ လုပ်ငန်းကလဲ ရပ်တော့မယ်။ စာအုပ်ထုတ်တဲ့ ကိစ္စကတော့ သေချာပြီ ဒီလကုန်ရင်ရပ်ပြီဆိုတာ။ တစ်ကမ္ဘာလုံးထိတဲ့ Recession ကျွန်တော်လဲပါတာပေါ့။ ဝန်ထမ်းလဲ လျော့ရတော့မယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ တွေးတောင် မတွေးချင်တော့လောက်အောင်ပဲ။ လူလျော့လိုက်ရင်ရော အဆင်ပြေမှာလား ဆိုတဲ့ မေးခွန်း ကျွန်တော်ကိုယ့်ဘာသာ မေးပြီး ကိုယ့်ဘာသာ ပြန်မဖြေရဲဘူး။ ကဲ မတတ်နိုင်တော့ဘူး လျော့ရတော့မှာပဲ စပြီးလျော့တယ်။ ၁၄ ယောက်လောက်ရှိတဲ့ ရုံးကနေ ၇ ယောက်လောက်ပဲ ကျန်တော့တယ်။ မရှိမဖြစ်လူတွေပဲ ကျန်ခဲ့တယ်။ စာရင်းတွေမှာ ပေါ်နေတဲ့ ပေးရန်ရှိတွေက ရဲရဲတောက်ပြီး မြင်မကောင်းဘူး။ ဒီနှစ်တော့ ငါဘဝများပျက်မလားဆိုပြီးတွေး မိလောက်အောင် ဇန်နဝါရီလဟာ ကျွန်တော့်ကို အသက်ရှူကျပ်စေပါတယ်။

ဖေဖေါ်ဝါရီလ
ပိုဆိုးလာပါပြီ။ လုပ်ငန်းနှစ်ခုထပ်ရပ်သွားတယ်။ ပိုက်ဆံဝင်စရာ မရှိတော့လောက်အောင်ပဲ။ ဒီကြားထဲ Mistine နဲ့ စာချုပ်ရှိတော့ ကြော်ငြာတစ်ခုရိုက်ပေးရသေးတယ်။ အဲဒါလဲ အဆင်မပြေပါဘူး။ အဆင်မပြေဘူးဆိုတာ Mistine က ယိုးဒယားတွေနဲ့ ကျွန်တော်နဲ့အကြီးအကျယ်သတ်ရလို့ပါ။ စိတ်ကုန်စရာကောင်းလောက်အောင် အောက်တန်းကျတဲ့ ယိုးဒယားတွေလို့ မြင်ပါတယ်။ သောက်ဂရုလဲမစိုက်ချင်တော့ဘူး။ customer မို့လို့ သည်းခံချင်တဲ့ စိတ်လဲမရှိတော့ဘူး။ ဗမာကို နှိမ်ချင်တဲ့ ဒင်းတို့ကို ဦးအောင်ဇေယျလုပ်သလို လုပ်ရပါတော့တယ်။ ဗျင်းသည်ပေါ့။ နင်က ယိုးဒယား ငါက ဗမာ လာထားဟဲ့။ ထမထိုးတာတစ်ခုပဲ ကျန်ပါတယ်။ ပက်ပက်စက်စက်ပြောလွှတ်လိုက်ပါတယ်။ အားလုံး အံ့သြကြတယ်။ မောင်ဇီးရိုးတို့ သဘောကောင်းတယ်ဆိုပြီး ဘာဖြစ်သွားတာလဲပေါ့။ ပိုက်ဆံရမယ့် ကိစ္စကိုဘာဖြစ်တာလဲပေါ့။ ပိုက်ဆံက ပိုက်ဆံပဲ လူမျိုးရေးက လူမျိုးရေးပဲ။ ငွေနဲ့ သိက္ခာဘယ်တော့မှ ကျွန်တော်မလဲပါဘူး။ အဲဒီ့အတွက် ဖြစ်ချင်တာဖြစ်လို့ ရပါတယ်။ ယိုးဒယားတွေ နောက်တော့ အပြင်မှာ ကျွန်တော့်အတင်းပြောကြပါတယ်။ ငါတရားစွဲရမလားလို့ လှမ်းမေးတော့မှ ပါးစပ်ပိတ်သွားပါတယ်။ တကယ်တော့ တရားစွဲတာထက် သွားပြီးတောင် ကိုယ်တိုင် ရိုက်ပစ်လိုက်ချင်တာပါ။ ဖေဖေါ်ဝါရီလကုန်ရင်တော့ အလုပ်ကနားပြီလို့ ရှယ်ယာရှင်တွေအားလုံးကို ကြေငြာလိုက်ပါတယ်။ အားလုံးကလဲ လုပ်ငန်းတစ်ခုလုံးကို ရပ်တော့မယ်လို့ ဆုံးဖြတ်ကြပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ရုံးမှာ last briefing ပေးခဲ့ပါတယ်။ အားလုံး စိတ်မကောင်းကြပါဘူး။ တချို့ဝန်ထမ်းတွေ ငိုကြပါတယ်။ ကျွန်တော်လဲ စိတ်မကောင်းတာကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။

မတ်လ
ရုံးကို စာရင်းသိမ်းဖို့ပဲ သွားပါတော့တယ်။ လက်ကျန်အလုပ်တွေကို ကျွန်တော့်သူငယ်ချင်းက လုပ်နေပါတယ်။ ကျွန်တော် ဘာမှ မလုပ်တော့ပါဘူး။ ပုံမှန်လုပ်တာဆိုလို့ အရက်သောက်တာပဲ ရှိပါတော့တယ်။ လူများကျပြီဆိုရင် ရပ်ကိုမရဘူးဆိုတာ ဟုတ်မှာပါ။ ဘာအလုပ်လုပ်လုပ် အဆင်ကိုမပြေတော့ပါဘူး။ အမေကတော့ပြောပါတယ် အဆင်မပြေလဲ ထိုင်သာနေပါ ငါ့သားရယ်တဲ့။ ဟုတ်ကဲ့ ကျွန်တော် တကယ်ထိုင်နေပါတယ်။ ဘာမှ မလုပ်တော့ပါဘူး။ သူငယ်ချင်းက မသိတာရှိလို့ လှမ်းမေးရင် ဖြေပေးပါတယ်။ ကျွန်တော့်မွေးနေ့ရှိပါတယ်။ ဘယ်လို ကျော်သွားမှန်းတောင် မသိလိုက်ပါဘူး။ မတ်လကုန်ခါနီးမှာ အဖေကမေးပါတယ် ကျောင်းပြန်တက်မလားတဲ့။ စိတ်ထဲ တမျိုးတော့ဖြစ်သွားတယ်။ ကျွန်တော် စဉ်းစားဦးမယ်ဆိုပြီး သေချာစဉ်းစားကြည့်ပါတယ်။ အဖြေမထွက်လာပါဘူး။ သူငယ်ချင်းတွေကလဲ ကျွန်တော့်ကို နားနားနေနေ နေပြီး အလုပ်ပြန်လုပ်ဖို့ ပြောပါတယ်။ ကျောင်းတက်မယ်ဆိုလဲ တက်ပေါ့လို့တော့ ပြောကြပါတယ်။ ဒီအတိုင်း ထိုင်နေတာထက်စာရင် တစ်ခုခုတော့ လုပ်ပါလို့ ပြောတယ်။ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ် ကျောင်းပြန်တက်မယ်ဆိုပြီး စာပြန်ဖတ်ပါတယ်။ မတ်လကုန်ခါနီးမှာ စာဖတ်တဲ့အလုပ်ရပါတယ်။

ဧပြီလ
အိမ်ထဲမှာပဲနေပြီး တနေ့တနေ့စာဖတ်နေပါတယ်။ ရုံးကိုလဲသွားစရာ မလိုတော့ပါဘူး။ စာရင်းလဲပိတ်ပြီးပြီ လုပ်ငန်းလဲ ဖျက်သိမ်းပြီးပြီဆိုတော့ အားလုံးပြီးပြီပေါ့။ သင်္ကြန်ကိုလဲမပျော်တာ နှစ်တော်တော်ကြာပြီ အပြင်ထွက်ချင်စိတ်လဲ မရှိပါဘူး။ ဘာမှမလုပ်ပဲနေနေတုန်း ပုဂံမှာရှိတဲ့ ကျွန်တော့်အဒေါ်တစ်ယောက်က သူ့ဆီလာပြီး နားပါလို့ခေါ်တယ်။ ပုဂံကိုသိပ်သဘောကျတဲ့ ကျွန်တော့်ကို ပုဂံမှာ ခေါင်းဆေးရင်းလာနားစေချင်သတဲ့။ ကျွန်တော်ဘာမှပြန်မပြောပဲနေပေမယ့် ကျွန်တော့် အဖေကတော့ မိသားစုလိုက်သွားရအောင်လို့ ပြောလာပါတယ်။ ဒီလိုနဲ့ တမိသားစုလုံး ပုဂံမှာ ၂ ပတ်ကျော်လောက်သွားနေလိုက်ပါတယ်။ ပုဂံရောက်တော့ ကျွန်တော်စိတ်ကြည်လင်လာပါတယ်။ တနေ့တနေ့ ဘုရားတွေကိုသွား စာဖတ် ညကျရင် အဖေနဲ့ ဘီယာသောက် နေရတာပျော်စရာပါ။ မန္တလေးကမိတ်ဆွေတွေကလဲ ကျွန်တော်ပုဂံရောက်နေတယ်ဆိုလို့ လာတွေ့ကြပါသေးတယ်။ ကျွန်တော် ပုဂံမှာနေတုန်း အပြောင်းအလဲတစ်ခုဖြစ်လာတယ်။ အဲဒါကလဲ ကျွန်တော့်အဒေါ်နဲ့ အဖေက ကျွန်တော့်ကို နိုင်ငံခြားသွားပါတော့လို့ ပြောလာတာပါပဲ။ ကျောင်းတက်ချင်တက် မတက်ချင်လဲနေ အလုပ်လုပ်ချင်လဲလုပ် မလုပ်လဲပြသနာမဟုတ်ဘူး အဓိကက စိတ်ပြေလက်ပျောက်ဖြစ်အောင်ရယ် အတွေ့အကြုံအသစ်ရအောင်ရယ် ဆိုပြီး ကျွန်တော့်ကို လွှတ်တာပါ။ ကျွန်တော် မသွားချင်ဘူးပြောလို့ ၃ ရက်ဆက်တိုက်ဆွေးနွေးကြပါတယ်။ ပိုက်ဆံကိစ္စဘာမှ စဉ်းစားစရာမလိုဘူး လုပ်ချင်တာလုပ် အဓိကကသွားဖို့ပဲလို့ ဆိုလာပါတယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို နိုင်ငံခြားမှာ ပညာသင်စေချင်တာ ငယ်ငယ်ထဲကပါလို့ ဆိုလာပါတယ်။ နောက်ဆုံးတော့ အများနဲ့ တစ်ယောက် ဖြစ်လာလို့ ကျွန်တော့်လျော့လိုက်ပါတယ်။ သွားမယ် ပထမဆုံး စင်ကာပူကိုသွားမယ် ဟိုမှာ ကျောင်းတွေ အလုပ်တွေတစ်ချက်ကြည့်မယ် မကြိုက်ရင် နောက်တစ်နိုင်ငံကူးမယ်။ တကယ်တော့ ကျွန်တော်သွားချင်တာ လန်ဒန်ကိုပါ ဒါပေမယ့် ဗီဇာကမလွယ်လို့ လွယ်တဲ့ စင်ကာပူကိုပဲ သွားမယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။ ကျွန်တော် ပုဂံကပြန်ရောက်တာနဲ့ ချက်ခြင်းသွားမယ်လို့ ပြောလိုက်လို့ အားလုံး မျက်လုံးပြူးသွားပါတယ်။ ကျွန်တော် မမှုပါဘူး ကိုယ်လုပ်ချင်တာလုပ်မှာပါ။ ဒီလိုနဲ့ ဧပြီနောက်ဆုံးပတ် ပုဂံကနေ ရန်ကုန်ကို ပြန်လာပါတယ်။

မေလ
မေလမှာ နိုင်ငံခြားသွားဖို့ အဓိက စီစဉ်ပါတယ်။ သူငယ်ချင်းတွေကို ပြောတော့ အံ့သြကြပါတယ်။ ဘယ်သူကမှတော့ မတားပါဘူး။ သွားပြီး လုပ်ချင်တာလုပ်လာခဲ့ပေါ့တဲ့။ ဟုတ်ကဲ့ လုပ်ချင်တာလုပ်မှာပါ။ ဒီလိုနဲ့ မေလ ၁၁ ရက်နေ့မှာ ညဘက်မှာ Silk Air နဲ့ စင်ကာပူကိုရောက်ပါတယ်။ သူငယ်ချင်းတွေ ယောက်ဖတွေ လာကြိုကြပါတယ်။ ရောက်ရောက်ခြင်းဇာတိကပြပါတယ် သောက်မယ်ပေါ့။ ဒါတော့ အကျယ်တဝင့်မပြောတော့ပါဘူး သိချင်ရင် စင်ကာပူသွား တောလား ၁ နဲ့၂ ကို ပြန်ဖတ်ကြည့်လိုက်ပါ။ စင်ကာပူမှာနေတယ် ဘာမှ မလုပ်ဘူး သောက်တယ်စားတယ် လျှောက်သွားတယ်။ သွားစရာကုန်သွားတဲ့အထိ သွားပါတယ်။ တိုင်းပြည်သေးသေးလေးမို့ ဘယ်မှသိပ်သွားစရာမရှိသလို အားလုံးကလဲ အလုပ်နဲ့ဆိုတော့ တစ်ယောက်ထဲ ငေါင်တောင်တောင်နဲ့ပေါ့။ လကုန်တဲ့အထိ ဒီလိုပဲနေပါတယ်။ ကျောင်းတွေစုံစမ်းကြည့်ပါတယ်။ အဆင်ပြေပါတယ် တက်မယ်ဆိုရင် သြဂုတ်မှာစတက်လို့ရပါပြီ။ အဲဒီ့အချိန်မှာ အမေရိကားမှာရှိတဲ့ အဒေါ်က ဖုန်းဆက်ပြီး သူ့ဆီမှာ ကျောင်းလာတက်ပါလို့ပြောလာပါတယ်။ ကျောင်းရွေးဖို့ပြောပါတယ်။ ကျွန်တော်တနေ့တနေ့ ကျောင်းရွေးနေတာနဲ့ အချိန်ကုန်ပါတယ်။ စင်ကာပူမှာ သုငယ်ချင်းတွေနဲ့ လျှောက်သွားဖြစ်တာကတော့ ပျော်စရာပါပဲ။

ဇွန်လ
ကျွန်တော် စလုံးမှာ နေရတာ ပျင်းလာပါပြီ။ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းက သူ့ကုမ္ဗဏီက သူ့သူဌေးက ကျွန်တော်နဲ့တွေ့မယ် ပြောလာလို့ သူတို့ရုံးကိုသွားလိုက်ပါတယ်။ အံ့သြစရာကောင်းပါတယ် သူတို့က ကျွန်တော့်ကို ဧည့်ဝတ်ကျေကျေ ဧည့်ခံပြီး စီးပွါးရေးလုပ်ငန်းလုပ်မလားလို့ မေးလာပါတယ်။ ကျွန်တော်လဲ လုပ်မယ်လို့ပြောလိုက်တယ်။ အဲဒီ့လိုနဲ့ ကျွန်တော် ဇွန်လထဲမှာ မီတင်တွေနဲ့ အချိန်ကုန်ပါတယ်။ မီတင်ကတော့ တစ်ပတ်မှ တစ်ခါပါ ဒါပေမယ့် ပြောဖို့ပြင်ဆင်ရတာ ကြာပါတယ်။ နောက်တော့ ကျွန်တော်တို့ သဘောတူညီမှုရပြီး လုပ်ငန်းစဖို့ ပြင်ဆင်ပါတော့တယ်။ ကျွန်တော်မြန်မာပြည် ပြန်ရတော့မှာပါ အလုပ်ကို ကိုယ့်နိုင်ငံမှာပဲ ပြန်လုပ်ရတော့မှာပါ လုပ်ငန်းအသစ်တစ်ခု ပြန်စခွင့်ရပါပြီ။ အဲဒီ့အချိန်မှာ ယိုးဒယားမှာရှိတဲံ ကျွန်တော်နဲ့ နှစ်ပေါင်း ၂၀ နီးပါးလောက် မတွေ့ဖြစ်တဲ့ ဦးလေးက ကျွန်တော့်ကို တွေ့ချင်တယ်လို့ ပြောလို့ ကျွန်တော် ရန်ကုန်ကိုတန်းမပြန်ပဲ ဘန်ကောက်ကို ၅ ရက်ဝင်နားခဲ့ပါသေးတယ်။ ဘန်ကောက်မှာ ပိုပျော်ပါတယ် :P ပျော်မှာပေါ့ နေ့တိုင်းသောက်မှောက် လျှောက်သွားနေတာကိုး။ ဘန်ကောက်မရောက်ခင်ကထဲက ရန်ကုန်မှာ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး ရုံးခန်းအသစ်ဖွင့်ဖို့ နဲ့ ဝန်ထမ်းရှာတဲ့ကိစ္စတွေကို ကြိုပြီး စီစဉ်ခိုင်းထားရပါတယ်။ ဘန်ကောက်ကပြန်ရောက်တော့ နောက်လ အလုပ်စတော့မှာ ဖြစ်လို့ စီစဉ်စရာရှိတာတွေ ရုံးခန်းငှားတာတွေ ဝန်ထမ်းခန့်တာတွေ ချက်ခြင်းလုပ်ပါတယ်။ အဲဒီ့လိုနဲ့ ဇွန်လကို ကုန်လွန်လာပါတယ်။

ဇူလိုင်လ
ရုံးခန်းလဲ အဆင်ပြေပါတယ်။ ဝန်ထမ်းအသစ်တွေလဲရပါပြီ ကျွန်တော်လုပ်ငန်းစပါပြီ၊ အလုပ်က အသစ်ဆိုတော့ နည်းနည်းတော့ ပင်ပန်းပါတယ်။ စင်ကာပူက သူငယ်ချင်းနဲ့ သူ့သူဌေးလဲ ရောက်လာပါတယ်။ ကျွန်တော်တို့ ဆက်ပြီးလုပ်မယ့် ကိစ္စတွေကို တိုင်ပင်ကြပါတယ်။ အဆင်ပြေပါတယ်။ လုပ်ငန်းအသစ်မှာ စိတ်ကိုနှစ်မြှုပ်ထားလိုက်ပါတယ်။ တနေ့တနေ့ အလုပ်လုပ်ရင်း ကုန်လွန်စေပါတယ်။ သူငယ်ချင်းတွေကလဲ ကျွန်တော်အခုလို လုပ်ငန်းတစ်ခု မြန်မြန်ပြန်ပြီး လုပ်နိုင်လာလို့ ကျေနပ်ကြပါတယ်။ ကျွန်တော့်မိသားစုကတော့ ပြောပြနေစရာတောင်လိုမယ် မထင်ပါဘူး သိပ်ကိုကျေနပ်နေကြပါတယ်။ ကျွန်တော့်ကို နိုင်ငံခြားသွားစေချင်တဲံ အဒေါ်လဲ ရန်ကုန်ရောက်လာပြီး ကျွန်တော့်အတွက် ကျေနပ်ကြောင်း ကျွန်တော့်ကို ဒီလိုဖြစ်စေချင်တာ ကြာပြီဆိုကြောင်း လာပြောပါတယ်။ ကျွန်တော့်အဖေကတော့ ငါမပြောဘူးလား အဆင်ပြေမှာပါဆိုတဲ့ သဘောနဲ့ ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေပါတယ်။ ကျောင်းတက်မယ့် ကိစ္စကို ခဏရွှေ့ထားလိုက်ပါတယ် ဒါပေမယ့် စိတ်ထဲမှာတော့ တက်ချင်နေပါသေးတယ်။ အိမ်ကလဲ ငွေရမယ့် အလုပ်ဆိုတော့ အလုပ်အရင်လုပ်ပါလို့ ပြောလာပါတယ်။ ဟုတ်ပါတယ် တသက်လုံး ငွေမရတာပဲလုပ်လာတာပါ ငွေရတာလဲ တခါတလေ လုပ်သင့်တာပေါ့လေ။ ဇူလိုင်လမှာ လုပ်ငန်းသစ်လေးစရင်း စိတ်ချမ်းသာရပါတယ်။

သြဂုတ်လ
အလုပ်ကသိပ်မများပါဘူး။ များသောအားဖြင့် စာဖတ်နေရတာများပါတယ်။ ဝန်ထမ်းက ၃ ယောက်ပဲရှိသေးတော့ တပိုင်တနိုင်ဖြစ်ပါတယ်။ စိုးရိမ်စရာလဲ မရှိပါဘူး။ တခြားလုပ်ငန်းတွေ ခေါင်းထဲဝင်လာပါတယ်။ စိတ်ကူးလို့လဲကောင်းပါတယ်။ အဖေနဲ့ အမေကတော့ အလှမ်းကျယ်ပြီး အလယ်လတ်မှာ စိုးလို့ ကျွန်တော့်ကို ဒါလေးပဲ အရင်လုပ်ပါဦးသားရယ်ဆိုပြီး ချော့ပြောကြပါတယ်။ ဝန်ထမ်း ၃ ယောက်မှာ ၁ ယောက်ကတော့ အတော်တော်ပါတယ်။ မျက်နှာလွှဲလို့ရပါတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ သိပ်စိတ်တိုင်းမကျပါဘူး။ ဒါပေမယ့် စောင့်ကြည့်နေလိုက်ပါတယ်။ လူဆိုတာ စောင့်ကြည့်သင့်တာကိုး မှတ်ချက်ကို စောင့်ကြည့်ပြီးမှ ပေးတာ ပိုသဘာဝကျတယ်ဆိုတာ ကျွန်တော့်အရင်လုပ်ငန်းက ကျွန်တော့်ကို သင်ပေးလိုက်ပြီးပါပြီ။ အရင်လုပ်ငန်းက မှားခဲ့တာမျိုး ဒီလုပ်ငန်းမှာ အမှားမခံတော့ပါဘူး။ အတွေ့အကြုံကို ကောင်းကောင်း အသုံးချတတ်နေပါပြီ။ တချို့ကတော့ ကျွန်တော်အလုပ်ပြန်စနေတာ သိတောင် မသိကြပါဘူး။ ဒါလဲကောင်းပါတယ် ကျွန်တော်လဲ မပြောတော့ပါဘူး။ ထားလိုက်တယ် လူသိနေစရာလဲ လိုမှမလိုတာကိုး။

စက်တင်ဘာလ
အလုပ်က အခက်အခဲလေးတွေ နည်းနည်းကြုံရပါတယ်။ ဝန်ထမ်းတစ်ယောက် ဖြုတ်လိုက်ပါတယ် အသစ်တစ်ယောက်ခန့်ပါတယ်။ အစည်းအဝေးတွေ စိပ်လာပါတယ်။ ဖုန်းဖိုးတော့ အတော်ကုန်ပါတယ်။ skype မှာ ပြောရတာ အဆင်မပြေလို့ ဖုန်းခေါ်ရတာများပါတယ်။ လုပ်ငန်းလည်ပတ်ဖို့ ရုန်းကန်ရတဲ့ အချိန်တစ်ခုလို့ ပြောလို့ရပါတယ်။ ကျွန်တော်နားရတယ်လို့ သိပ်မရှိတော့ပါဘူး။ အချိန်ပြည့်နီးပါး အစည်းအဝေးတွေအတွက် စီစဉ်ရပါတယ်။ ဒီကြားထဲမှာ ဟိုဘက်က customer တွေက ကျွန်တော့်ကိုတွေ့ချင်တယ် ဆိုလာပါတယ်။ ကျွန်တော် ပတ်စ်ပို့ သက်တမ်းတိုးထားလို့ မလာနိုင်သေးကြောင်းပြောရပါတယ်။ ဟိုဘက်မှာ သူ့ဘာသာ ကြည့်ရှင်းလိုက်လို့ အဆင်ပြေသွားပါတယ်။ ဝန်ထမ်းအသစ်က အားကိုးရပါတယ်။ ကျွန်တော့်အတွက် အားဖြစ်စေပါတယ်။ နောက်ထပ်တစ်ယောက် ထပ်ခန့်ဖို့ ကျွန်တော်စဉ်းစားပါတယ်။ ဒီကြားတယ် နောက်တစ်ယောက်က ထွက်ဖို့ အကြောင်းဖန်လာပါတယ် ကျွန်တော် မထုတ်သေးပါဘူး စောင့်ကြည့်နေပါသေးတယ်။ စက်တင်ဘာလမှာ လုပ်ငန်း အရှိန်တင်ဖို့ လုံးပန်းနေရပါတယ်။

အောက်တိုဘာလ
ဒီဇိုင်နာကို ဖြုတ်လိုက်ပါပြီ။ အဆင်မပြေလွန်းလို့ပါ။ တုံးလွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူကလဲ ကျွန်တော်က pressure ပေးလွန်းတယ်လို့ ထင်နေပါတယ်။ နောက်ဆုံး ဖြုတ်လိုက်ပါတယ်။ အသစ်ချက်ခြင်းခန့်လိုက်ပါတယ်။ တကယ်တော့ ကျွန်တော်အလုပ်လုပ်ရင် တွန်းအားပေးတာမျိုး မလုပ်ပါဘူး အလုပ်ပြီး မပြီးစစ်ပါတယ်။ ကျွန်တော့်အလုပ်သမားတွေ အလုပ်လုပ်မလုပ် ကျွန်တော် ထမကြည့်ပဲသိပါတယ်။ သူတို့နားမလည်ပါဘူး။ သူတို့ တချိန်လုံးရေသာခိုလို့ရတဲ့ နေရာကလာခဲ့လို့ ကျွန်တော်ကပုံမှန် အလုပ်လုပ်တာကို ကျပ်တယ် ထင်တာပါ။ ထားလိုက်ပါတယ် ရှင်းပြမနေတော့ပါဘူး။ မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကို အစားထိုးရတာ ကျွန်တော့်ကိစ္စပါ။ လုပ်ငန်းအောင်မြင်လာပါတယ်။ အလုပ်တွေ ပိုများလာပါတယ်။ ဝင်ငွေပိုကောင်းလာပါတယ်။ သီတင်းကျွတ်မှာ အလှူအတန်းတော်တော်လုပ်နိုင်ပါတယ်။ ငွေဆိုတာ ရတော့လဲ ပျော်စရာတော့ အကောင်းသားပေါ့။ ဒါပေမယ့် မိန်းမောမနေပါဘူး။ ငွေအကြောင်းကို ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်။ အဲဒီ့အတွက် မသာယာပါဘူး။ လုပ်မြဲလုပ်ပါတယ် လုပ်ငန်းတိုးတက်တာကိုတော့ ဝမ်းသာပါတယ်။

နိုဝင်ဘာလ
ဘာမှ ထူးထူးခြားခြားမရှိပါဘူး အလုပ်လုပ်နေရင်းနဲ့ အချိန်ုကုန်နေရတာပါပဲ။ မန္တလေးက မိတ်ဆွေတွေက လုပ်ငန်းအသစ်တစ်ခုကို ကျွန်တော်နဲ့လုပ်ဖို့ စလာပါတယ်။ ကျွန်တော်လုပ်ချင်ပါတယ် ဒါပေမယ့် ကျွန်တော့်မှာ အချိန်ဆင်းရဲလွန်းပါတယ်။ အဲဒီ့အတွက် ခဏစောင့်ပေးပါလို့သာ ပြောနိုင်ပါတယ်။ တတ်နိုင်သလောက်တော့လုပ်ပေးပါတယ်။ ဝန်ထမ်းအသစ်ထပ်ခန့်ဖို့ အင်တာဗျူးတွေလုပ်ပါတယ်။ စင်ကာပူကလဲ ကျွန်တော့်ဆီကို project တွေ တစ်ခုပြီး တစ်ခု ပေးပါတယ်။ နားချိန်မရှိပါဘူး။ အချိန်ပြည့် စဉ်းစားနေရပါတယ်။ အမေတောင်ကျွန်တော့်ကို နေ့ရောညရော အလုပ်လုပ်နေလို့ ကျန်းမာရေးထိခိုက်မယ်ဆိုပြီး ခဏခဏသတိပေးလာတယ်။ ဘာမှ မဖြစ်ပါဘူး လုပ်မြဲအတိုင်းဆက်လုပ်ပါတယ်။ မန္တလေးနဲ့အလုပ်အတွက်လဲ အချိန်ကိုရအောင် ဖဲ့ပေးပါတယ်။ အဆင်ပြေချင်ပါတယ် ဘဝမှာ အချိန်တွေကို အလကားအကုန်မခံချင်ပါဘူး။ အလုပ်လုပ်နေရတာကို သဘောကျပါတယ်။ စဉ်းစားရတာကို နှစ်သက်ပါတယ်။ တသက်လုံးလဲ စဉ်းစားတဲံ အလုပ်ပဲလုပ်လာတာပဲလေ။ ကုမ္ဗဏီအသစ်အတွက် နာမည်ပေးတာ အခုထိ မငြိမ်သေးပါဘူး။ ပေးလိုက်မကြိုက်လိုက်ဖြစ်နေလို့ နာမည်မရှိပဲ ဒီအတိုင်းလုပ်နေတာပါ။ အရင်အဟောင်းကို ခဏအစားထိုးပြီး သုံးနေပါတယ်။ နောက်ဆုံးပတ်မှာတော့ နာမည်အသစ်ကို သဘောကျလို့ ပေးလိုက်ပါတယ်။ အဲဒီ့အတွက် ပြင်ဆင်ရပါသေးတယ်။ (မှတ်ချက် ဗေဒင်မေးခြင်း ကိစ္စမပါဝင်ပါ :D)

ဒီဇင်ဘာလ
ဝန်ထမ်းအသစ်တွေထပ်တိုးပါတယ် စုစုပေါင်း ၆ ယောက်ဖြစ်သွားပါပြီ။ တစ်ယောက်က အိမ်ထောင်ပြုမယ်ဆိုလို့ ခွင့်ပေးလိုက်ရပါသေးတယ်။ သိပ်တော့ထွေထွေထူးထူး မရှိပါဘူး။ ၂၃ နှစ်လောက်ကင်းကွာနေတဲ့ ကျွန်တော့်ညီတွေနဲ့ ကျွန်တော် ပြန်တွေ့ဖြစ်ပါတယ်။ ကျန်တဲ့နေရာသာ မတူတာပါ သောက်တဲ့နေရာမှာတော့ သွေးကစကားပြောပါတယ် နေ့တိုင်းသောက်။ ဒီဇင်ဘာလမှာ ကျွန်တော့်ညီတွေအပြင် ကျွန်တော့်အဒေါ်တစ်ယောက်လဲ ရောက်လာပါတယ်။ ဧည့်သည်များတဲ့လဖြစ်သလို ပွဲလမ်းသဘင်များလို့ အကုန်အကျအတော် များတယ်လို့ဆိုနိုင်ပါတယ်။ အဓိကကတော့ ညဘက် ဒင်နာတွေနဲ့ကုန်တာပါ။ တနေကုန်အလုပ်လုပ် ညနေစောင်းတာနဲ့ တစ်ယောက်မဟုတ် တစ်ယောက်ကလာခေါ်ပြီး အပြင်ဆက်သွားကြပါတယ်။ အိမ်ကိုတောင် တန်းပြီး မပြန်ဖြစ်တာများပါတယ်။ အလုပ်ကတော့ တော်တော်များပါတယ်။ နေ့တိုင်းနီးပါး အစည်းအဝေးရှိတယ်လို့ ဆိုနိုင်တဲ့လလဲဖြစ်ပါတယ်။ ခြုံငုံသုံးသပ်ရရင် အဆင်ပြေပါတယ်။

၂၀၀၉ ခုနှစ်ဟာ ကျွန်တော်ထင်သလောက် မဆိုးဝါးပါဘူး။ နေလို့ကောင်းပါတယ်။ တိုးတက်မှုတွေရှိပါတယ်။ ကုသိုလ်ကံကောင်းလာတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၀မှာတော့ ဒီ့ထက်ပိုပြီး အောင်မြင်အောင် ကြိုးစားရပါမယ်။ အဆင်ပြေချင်ပါတယ်။ အဆင်ပြေမယ်လို့လဲ မျှော်လင့်ထားပါတယ်။ ကျွန်တော်အဆင်ပြေသလိုပဲ ကျန်တဲ့သူတွေ အားလုံးကိုလဲ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ၂၀၁၀ မှာ အားလုံး အားလုံး အဆင်ပြေချောမွေ့ပြီး ဆန္ဒနဲ့ဘဝ တထပ်တည်း ကျနိုင်ကြပါစေ။

Read More...

Saturday, December 26, 2009

မပေးလိုက်ရတဲ့ စာ

ငယ်ငယ်တုန်းက ရည်းစားတစ်ယောက်ကို မပေးဖြစ်လိုက်တဲ့ စာလေး အဲဒီ့တုန်းက ဖြစ်တဲ့အဖြစ်အပျက်တွေကို သတိရသလောက် ပေါက်ကရပြန်ရေးထားတယ် အမှန်တရား ၅၀ သားနဲ့ မုသာဝါဒ ၅၀ သားရောထားတာပါ။ ဘာပဲ ဖြစ်ဖြစ် အပျင်းပြေဖတ်ပေါ့။


ချစ်လေး

ကိုယ်တောင်းပန်ပါတယ်ကွာ မနေ့က မလာဖြစ်တာကလေ မေမေက ကိုယ့်ကိုဆူနေလို့ပါကွာ။ ကိုယ်ဖုန်းဆက်ဖို့ ကြိုးစားသေးတယ် ဒါပေမယ့် ဖုန်းနားတောင် မသွားရသေးဘူး ဖေဖေကထပ်ပြီး ကောပြန်ရော။ ကိုယ်သနားပါတယ်ကွာနော် ချစ်လေးလဲ စိတ်မကောက်နဲ့တော့နော်။ ဘာလို့ဆူတာလဲ ဟုတ်လား အင်း ပြောပြရမှာပေါ့နော်။ အမှန်အတိုင်းပြောပြပါ့မယ် စိတ်တော့ နှစ်ထပ်ကွမ်းမကောက်နဲ့နော်။ ဒီလိုချစ်လေးရေ တနေ့က ကိုယ်က အိမ်ပြန်မအိပ်ဖြစ်ဘူးလေ သိတဲ့အတိုင်းပဲ ချစ်လေးကိုပြောပြထားသလို သူငယ်ချင်းအိမ်မှာ နာရေးရှိလို့ သွားနေပေးတာ။ အဲဒီ့သူငယ်ချင်းက ဘယ်သူလဲလို့ ချစ်လေးမေးသေးတယ်နော် အဲဒီ့နေ့က ပြောခဲ့သလို သူငယ်ချင်းတစ်ယောက်ဆိုတာ တကယ်တော့ မဟုတ်ဘူး အဲဒါ ကိုယ့် အရင်ရည်းစားရဲ့ အမေဆုံးသွားလို့ သူက လာခဲ့ပေးပါဆိုလို့ သွားပေးလိုက်တာ။ စိတ်မဆိုးနဲ့နော် အဲဒီ့နေ့က အမှန်အတိုင်းပြောလိုက်ရင် ကိုယ့်ကို မလွှတ်မှာစိုးလို့ အခုတော့ အမှန်အတိုင်းပြောပြတာပါ။ အဲဒါ သူ့ကိုအားနာတာနဲ့ သွားနေပေးတာ။ နာရေးအိမ်ဆိုတော့ ညဘက် ခဏနေမယ်ဆိုပေမယ့် သူတို့က ဆက်နေပေးပါဆိုလို့ နေပေးလိုက်တယ်။ သူ့ကိုလဲ အားပေးနေရတာပေါ့။ ကိုယ်လေ သူ့နားမှာ တချိန်လုံးနေရင် ချစ်လေး မကြိုက်မှာစိုးလို့ သူ့ဦးလေးတွေ ဖဲကစားနေတဲ့ ဝိုင်းမှာ သွားထိုင်ပေးလိုက်တယ်။ ဖဲဝိုင်းနားရောက်တော့ သူတို့က အတင်းခေါ်တာနဲ့ ဝင်ကစားလိုက်တာပါ။ ပိုက်ဆံအများကြီး ဟုတ်ပါဘူး နည်းနည်းပါးပါးပါ။ အစကတော့ နိုင်တယ် ဒါပေမယ့် ရပ်လိုက်ရင် အနိုင်ပိုင်းတယ်ဖြစ်မှာ စိုးတာနဲ့ ဆက်ကစားပေးလိုက်တာ ရှုံးသွားတယ်။ အရှုံးတော့ဘယ်ခံလို့ ဖြစ်မလဲ ဟုတ်ဘူးလား ချစ်လေးရယ် ကိုယ်က အဲဒါနဲ့ ပိုက်ဆံချေးမလို့ စဉ်းစားသေးတယ် ဒါပေမယ့် ပိုက်ဆံချေးလိုက်ရင် သိက္ခာကျမှာစိုးတာနဲ့ လက်စွပ်ကို ပေါင်လိုက်တယ်။ အရင်ရည်းစားဟောင်းက အပေါင်ခံတယ်။ အင်းလက်စွပ်ကို ပေါင်ပဲပေါင်တာပါ ဘယ်လက်စွပ်လဲဟုတ်လား အင်း ချစ်လေးရာ ကိုယ်က ရွှေတွေဘာတွေ ဝယ်တတ်တဲ့ကောင်မှ မဟုတ်တာ ချစ်လေးဝယ်ပေးထားတဲ့ လက်စွပ်လေးပေါ့။ စိတ်ဆိုးနဲ့နော်။ အဲဒီ့လက်စွပ်ပေါင်ပြီး ပြန်ရိုက်တော့ ချစ်လေးရေပိုဆိုးသွားတယ်။ ထပ်ရှုံးပြန်ရော အဲဒါ ချစ်လေးဝယ်ပေးထားတဲ့ လက်စွပ်ဆိုတော့ အဆုံးအရှုံးမခံနိုင်ဘူးလေ သိတယ်မလား ကိုယ်ဒီလောက်မြတ်နိုးတဲံ လက်စွပ် အရင်ရည်းစားလက်ထဲမှာဆို ချစ်လေး စိတ်မကောင်းဖြစ်မှာစိုးတော့ သူ့ဦးလေးဆီုမှာ ကားကိုပေါင်လိုက်မိတယ်။ ကားကတော့ အမေတို့ ဝယ်ပေးထားတာဆိုတော့ ဘာဖြစ်လဲ ဟုတ်ဘူးလား။ အဲဒါ ကားပေါင်လို့ရတဲ့ ပိုက်ဆံနဲ့ဆက်ကစားတော့ နိုင်မလိုလိုဖြစ်ပြီး အကုန်ကုန်သွားရော ဒေါသကလဲ ထွက်တာနဲ့ ကားပါထားခဲ့ပြီး ပြန်လာလိုက်တယ်။ အဲဒါကြောင့် အဲဒီ့မနက်အစောကြီးက ကိုယ်အင်းလျားလမ်းပေါ်မှာ လမ်းလျှောက်နေတာကို ချစ်လေး အဖေမြင်သွားတာပေါ့။ သူက လမ်းလျှောက်ထွက်လာတာလား ဆိုတော့ အင်းဆိုပြီး ညာလိုက်မိတယ်။ ပြီးတော့ ချစ်လေးအဖေက ကိုယ့်ကို ကားမပါဘူးလား ဒီလောက်အဝေးကြီးဆိုပြီးမေးတော့ ကိုယ်က ကားပျက်နေလို့လို့ ပြောလိုက်တာ သူက ချစ်လေး မွေးနေ့မှာ သွားစရာမရှိမှာစိုးလို့ ကားပေးမယ်လို့ ပြောတယ်လေ။ ကိုယ်လဲ အားနာတာနဲ့ ချစ်လေးတို့ အိမ်ကကားကို ယူထားလိုက်တယ်။ ချစ်လေးကတော့ ဘယ်နိုးဦးမလဲ အစောကြီးကိုး။ အဲဒါ ချစ်လေးအဖေကို ကိုယ်က ရေပြန်ချိုးဦးမယ်လို့ ပြောထားလိုက်ပြီး အိမ်ပြန်တာပေါ့။ အမေတို့ကတော့ မေးတယ် ကားဘယ်မှာလဲတဲ့ အဲဒါပြောလိုက်တယ်လေ ချစ်လေး အဖေက ကားလဲစီးမယ်ပြောလို့လဲထားလိုက်တယ်လို့ သူတို့ကတော့ ဘာမှ မပြောဘူး။ အဲဒါရေချီုးပြီး ချစ်လေးစီလာမလို့ပဲ ဟိုအရင်ရည်းစားက လက်စွပ်ပြန်လိုချင်ရင် သူ့ကို မနက်စာကျွေးရမယ်ဆိုတာနဲ့ ကိုယ်လဲ သူ့ကိုသွားခေါ်ပြီး ကျွေးလိုက်တယ်။ အဲဒါလေ သူက စိတ်ညစ်လို့တဲ့ ကားလဲမောင်းချင်တယ်ပြောတော့ ချစ်လေးအဖေကားကို ကိုယ်လဲ ပေးမောင်းလိုက်မိတယ်။ အဲဒါသူမောင်းရင်းနဲ့ သူ့အိမ်နားရောက်တော့ ဘရိတ်နဲ့ လီဗာမှားနင်းလိုက်တာ ချစ်လေးအိမ်ကကား ခေါင်းနည်းနည်းထိသွားတယ်။ အဲဒါကြောင့်ကိုယ်ချစ်လေးကို အဲဒီ့နေ့က လာမတွေ့ဖြစ်တာပါ။ ကားသွားပြင်တော့ ပိုက်ဆံက မရှိဘူး အမေတို့ဆီက တောင်းလို့လဲ မဖြစ်တာနဲ့ ဝပ်ရှော့နားက ချစ်လေး အဒေါ်ဆီက ပိုက်ဆံချေးပြီး ပြင်လိုက်တယ်။ ပြီးတော့ အိမ်ပြန်ရောက်တော့ အမေတို့ကမေးတာနဲ့ ပြောပြလိုက်လို့ ဆူနေကြတာ။ တကယ်တော့ ကိုယ်က ချစ်လေးဆီလာဖို့ ကြိုးစားနေတာပါ သူတို့လုပ်လို့နော်ချစ်လေးနော် ကိုယ့်ကို ခွင့်လွှတ်နော် စိတ်ကောက်နဲ့တော့။

ကို

PS: ဟိုလေ လက်စွပ်ကလေ ဟိုအရင်ရည်းစားက ကားတိုက်မိတုန်းက ကြောက်အားလန့်အားနဲ့ ဆင်းပြီး ဟိုဟာလိုလို ဒီဟာလိုလို လုပ်လိုက်တာ ပျောက်သွားတယ်။ အိမ်ကကားလဲ အခုဆို ကိုယ့်အဖေသွားရွေးနေတယ်။ ချစ်လေးအဖေကတော့ ချစ်လေးအဒေါ်ကို အကြွေးဆပ်ပြီး သူ့ကားသူ ပြင်လိုက်တယ်တဲ့ စိတ်မပူနဲ့တော့နော်။ 

Read More...

Friday, November 27, 2009

ကျွန်တော့်ကိုမေ့နေကြတယ်

ကျွန်တော့်ကိုမေ့နေကြတယ် ထင်တယ်။ ကိုယ်တိုင်လဲ ဘလော့ဘက် လှည့်မကြည့်ဖြစ်တော့ ဘာတွေဖြစ်ကုန်မှန်းကို မသိတော့ဘူး။ ခေတ်နဲ့များ အဆက်ပြတ်သွားသလား ထင်မိသေးတော့တယ်။ ရေးထားတာတွေတော့ ရှိတယ် မတင်ဖြစ်တာ။ မတင်ဖြစ်ဆို ရန်ကုန်ရောက်ပြီးကထဲက ကော်နက်ရှင်က စိတ်ချမ်းသာစရာ တစ်စက်မှ မရှိသေး။ ပြန်ရောက်တာတော့ ကြာပေါ့။ အလုပ်ကလဲ ရှုပ်သလိုလို မရှုပ်သလိုလိုနဲ့။ ဘာကလိုတိုတိုပေါ့လေ။ ကျန်းမာရေးလဲ ကောင်းပါတယ်။ စီးပွါးရေးလဲ အဆင်ပြေပါတယ်။ အားလုံးလဲ ကျန်းမာချမ်းသာနေကြမယ်လို့ ထင်ပါတယ်။ ကဲ မိတ်ဆွေတွေကို ဒီကနေပဲ နှုတ်ဆက်ပါတယ် အားလုံး အဆင်ပြေကြပါစေလို့။ နောက်ရက်များမှ ပို့စ်တင်ပါ့မယ်။ ကျွန်တော့်ကို မေ့နေကြတယ် မဟုတ်လား :P

Read More...