Thursday, November 29, 2007

သူငယ်ချင်းတွေ (၃)


ကျွန်တော့အခေါ် = ဟိုဘဲကြီး
ချစ်စနိုးအခေါ် = ဖတ်တီး၊ တိုက်ကွမ်ဒိုရဲ၊ ဘီးကြဲ
စတင် ပေါင်းသင်းသည့် ခုနှစ် = ၁၉၉၈ ခုနှစ်
ထူးခြားချက် = သီချင်းရေး ကောင်းသည်၊ ဝေဖန်မှု နည်းသည်၊ လုပ်ချင်တာ လုပ်တတ်သည်၊ သောက်လုံးကြီးသည်၊ လူတစ်ဘက်သားကို ကူညီတတ်သည်။
အလုပ်အကိုင် = Composer


ဟိုဘဲကြီးတဲ့ ခင်ဗျားတို့ ထူးဆန်းသွားသလား ကျွန်တော် အဲသလိုခေါ်သလို ကျန်တဲ့သူတွေလည်း သူ့ကို အဲဒီ့လို ခေါ်တာပဲဗျ။ လူကောင်က ခပ်ထွားထွား အရပ်က မြင့်မြင့် တကိုယ်လုံး အမွှေးအမှင်တွေ ထူပိန်းနေတဲ့ ကျွန်တော့် သူငယ်ချင်းကြီးပေါ့။ သူလည်း ဒကာဆိတ်တို့ အုပ်စုထဲကပါပဲ။ သူတို့ကို ကျွန်တော်တူတူ သိခဲ့တာပါ။ စစတွေ့တဲ့နေ့က ဆံပင်က ရှည်ရှည် နေကာမျက်မှန်ကြီးတပ်ပြီး ရုပ်တည်ကြီးနဲ့ ကားပေါ်ကဆင်းလာတာ မသိသေးတော့ သူ့ကြည့်ပြီး နဲနဲတော့ ရှိန်တာပေါ့။ ခဏပါပဲ ဘေးနားလာထိုင်တယ် ဒကာဆိတ်က မိတ်ဆက်ပေးတယ် သိသွားတော့ စကားလေးဘာလေးပြော သဘောကတော့ ကောင်းသား။ နောက်နှစ်ရက်မြောက်တော့ တူတူသောက် မှောက်။ ၁၀ တန်း ကျောင်းသားထဲမှာ မင်းအနန့်ဆုံးဆိုတာ သူကျွန်တော့်ကို ပြောတဲ့စကားပေါ့။ ကျွန်တော့်ကို သူက ညီလေးတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ခင်ခင်မင်မင် ပေါင်းပါတယ်။ ကျွန်တော် ကြိုက်တာလုပ် အပြစ်မပြောဘူး သူလည်း ဒီလိုပဲ ကြိုက်တာလုပ်တယ်။ ပတ်ဝန်းကျင်ဆိုတာ ကျွန်တော်တို့ စိတ်ထဲထည့်ထားတဲ့ အရာမဟုတ်ဘူး။ သူ့ထူးခြားချက်ကတော့ မြင်တဲ့သူတိုင်းက ဖြုံကြတယ် ဒါပေမယ့် ပေါင်းလိုက်ရင်တော့ သိပ်သဘောကောင်းမှန်း သိသွားကြတာပေါ့။ သူတင်ပဲလား ဟုတ်ဘူးဗျ သူ့မေမေလည်း သဘောကောင်းတာပဲ။ ကျွန်တော်တို့အားလုံးကို သူ့သားတွေလို သဘောထားတာ။ သူတို့အိမ်မှာ ဆူကြ အော်ကြ ဟစ်ကြလဲ ဘာမှ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ ဒဏ်အတော်ကို ခံနိုင်ရည်ရှိတဲ့ သဘောပေါ့လေ။

ဟိုဘဲကြီးနဲ့ ကျွန်တော်စခင်သွားပြီး မကြာပါဘူး သူကကျွန်တော့်ကို မေးတယ် ဘီယာသွားသောက်မလို့ လိုက်မလားတဲ့။ အော် ကျွန်တော်လား ဘယ်ငြင်းမတုန်း လာလေ တွယ်ကြတာပေါ့ ဆိုပြီး ဖုတ်ဖတ်ခါထ လိုက်သွားတာပဲ။ သူနဲ့ သောက်တော့ ကျွန်တော်ကြည့်နေတယ် တော်တော် သောက်နိုင်တယ် မူးတဲ့ပုံလည်း မပြဘူး။ ကျွန်တော်သာ ဒေါင်ချာစိုင်းသွားတယ် သူက ဟဲ ဟဲ ဟဲ ဟဲ ပဲ ဘာမှကို မဖြစ်တဲ့ပုံ။ အဲဒီ့ကထဲက သဘောပေါက်သွားတယ် သူနဲ့သောက်ရင် ကိုယ်အရင် မှောက်မယ်ဆိုတာ။ ၁၉၉၈ ခုနှစ်၊ ၂၄ ရက်ည Christmas Eve ပေါ့ အဲဒီ့ညက ကျွန်တော်တို့ တစ်အုပ်စုလုံး အင်းယားလမ်းက Boss မှာ သောက်နေကြတာ။ ကျွန်တော်လည်း ဟိုဘဲကြီးနဲ့ ဘေးချင်းကပ်သောက် ညသန်းခေါင်ကျော်တဲ့ထိ အရှိန်တွေက မသေသေးတော့ ဆက်သောက်တာပေါ့ ခဏနေတော့ ကျွန်တော် အတော်မူးနေပြီ ဒါနဲ့ ဟိုဘဲကြီးကပြောတယ် ဟေ့ကောင် စွတ်သောက်မနေနဲ့တဲ့ အဲဒီ့အချိန် ဘယ်ရတော့မလဲ ဟိုဘဲကြီး ပြိုင်သောက်မလားတောင် စိန်ခေါ်သေးတယ် သူကပြောတယ် အိမ်ကိုသွားရအောင်တဲ့ အပြင်မှာ အေးတယ်တဲ့။ ဟုတ်ပါ့ အပြင်မှာ အေးတာမှ တအားပဲ လူတွေက မူးနေလို့သာ မသိတာ။ ဟိုဘဲကြီး အိမ်ကိုလိုက်သွားတယ် ဆိုပါတော့ဗျာ။ အိမ်က အသစ် မပြီးသေးဘူး။ နည်းနည်း လုပ်စရာ ကျန်သေးတယ် ဒါပေမယ့် အခန်းတွေ ရှင်းပြီး နေလို့တော့ရနေပြီ။ ကျွန်တော်လဲ မူးနေတာနဲ့ ထပ်သောက်အုံးမယ် ဘာညာပေါ့။ ဒါနဲ့ ဟိုဘဲကြီးနဲ့ ကျွန်တော်နဲ့ ဆက်သောက်ကြတယ်။ ကျွန်တော် သောက်ရင်း သိပ်မကြာဘူး ရေချိုးမယ်ဆိုပြီး သူ့ရေချိုးခန်းထဲဝင်သွားတယ် ပြီးတော့ တံခါးပိတ်ပြီး ရေတွေဖွင့်ပြီး ရေချိုးကန်ထဲ စိမ်နေလိုက်တာ ဘယ်သူမှ သတိမထား လိုက်မိကြဘူး။ မနက် ၅ နာရီခွဲမှ ကျွန်တော် ပျောက်လို့ လိုက်ရှာကြတယ်တဲ့ ရေချိုးခန်းတံခါးကြီး ပိတ်ထားတော့ သော့ရှာ ဖွင့် အိပ်ပျော်နေတဲ့ ကျွန်တော့်ကို အတင်းနှိုး ရေသုတ်ပေး အ၀တ်အစားလဲပေး စုံရောပဲ။ ပြီးတော့ ဆဲတော့တာပေါ့ သေသွားရင် ဘယ်လိုလုပ်မလဲ ဘာညာပေါ့ ဟိုဘဲကြီးဆိုတာ ကျွန်တော့်ကို ရေလည်ကို ကောတော့တာပါပဲ။ မင်းကွာ အတော်ဆိုးတဲ့ ကောင်တဲ့ ငါက မင်းပျောက်သွားလို့ လိုက်ရှာတာတဲ့။ ရေချိုးခန်းဖွင့်ဖို့ သော့ရှာရ ဘာညာနဲ့ သူမူးနေတာတောင် ပျောက်သွားတယ်ဆိုပဲ။ အဲဒီ့ အဖြစ်အပျက်ကိုလည်း ခုထိ ကျွန်တော်တို့ မူးရင် ပြောပြောပြီး ရီကြသေးတယ်။

သူ့ပုံဆံကြောင့် ဖြစ်တဲ့ ပြဿနာတွေ ဟာသတွေက ရှိတယ်။ ရီစရာလေး ပြောပြမယ်။ တနေ့ပေါ့ဗျာ ဟိုဘဲကြီးကို သူ့အိမ်မှာ သူငယ်ချင်းတွေက သွားခေါ်တယ် ပြီးတော့ မြို့ထဲသွားမယ် ခုလိုက်ခဲ့ ဆိုပြီး ခေါ်တော့ အ၀တ်အစားတောင် မလဲဘူး အိမ်နေရင်း ပုံစံနဲ့ လိုက်လာတယ် ဖြစ်ချင်တော့ သနပ်ခါးတွေ လိမ်းထားသေးတယ်။ နေကာမျက်မှန်ကြီးလည်းတပ်လို့ ကားမှန်ကို စတစ်ကာ ကပ်ထားတော့ အထဲကို ကောင်းကောင်း မမြင်ရဘူးလေ။ အဲဒါသူ မှန်တ၀က်ချထားပြီး မျက်နှာလေးပဲ ပေါ်နေတာပေါ့။ မီးပွိုင့်တစ်ခုနား ရောက်တော့ ဈေးရောင်းတဲ့ ကလေးတွေက သူ့ကို ရုတ်တရက် တွေ့ပြီး ဟာ ဟိုကားပေါ်မှာ စိုးမြတ်သူဇာကြီး ဟေ့ လို့အော်တော့ သူက ကားမှန် ပြန်တင်ပြီး ပြုံးပြုံးကြီးနဲ့ ကျန်တဲ့သူတွေကို ပြောတယ် တွေ့လားငါက မိန်းမချော ချောတာတဲ့။ ကဲ ပြတ်ကရော။ သူ့ကို ဆံပင်ရှည်ရှည် လူကောင်ထွားထွားမို့လို့ ကျွန်တော်တို့ ရန်တွေ ဘာတွေဖြစ်ရင် ဟိုဘက်က ကောင်တွေက သူ့ကို အရင်ဆော်တာ။ ကိုယ့်ဆရာကလည်း ဘော်ဒါတွေနဲ့သာ သဘောကောင်းတာ ကျန်တဲ့ကောင်ဆိုလို့ကတော့ အသေပဲ။ သူဆော်ကိုယ်ဆော်ပေါ့။ ရန်ဖြစ်ရင် သူ့ကို ဟိုဘက်ကတွယ် ကျွန်တော်တို့က ဟိုဘက်ကကောင်တွေကိုတွယ် ရှုပ်နေတာပဲ။ သူကလည်း သူထိတယ်ဆိုပေမယ့် သူငယ်ချင်းထဲက ဘယ်ကောင်ဘာဖြစ်သေးလဲ အရင်မေးတာ။ တယောက်ယောက် တခုခုဖြစ်လို့ကတော့ မပြီးတော့ဘူး နောက်ကလိုက်ပြီး ဆော်ပလော်တီးတော့တာပဲ။ အဲဒီ့အချိန်ဆို မဆွဲနဲ့တော့ မရတော့ဘူး။ စိတ်ကြီးတယ် သူက။ သဘောလည်း ကောင်းပါတယ် တော်ရုံဒေါသ မထွက်တတ်ဘူး။ ဘော်ဒါတော့ မထိနဲ့ နာပြီသာမှတ်ဆိုတဲ့ သူမျိုးပေါ့။ ကျွန်တော့်ကိုလည်း တော်တော် အကာအကွယ် ပေးခဲ့ဖူးတယ်။ အဲသူကိုယ်တိုင်ကတော့ သူငယ်ချင်းတွေကို စလိုက်နောက်လိုက် လုပ်တတ်တယ်။ ဥပမာ ကော်စေ့သေနတ် ၀ယ်ပြီး ပစ်တာတို့။ တန်းဆီပြီး အိပ်နေကြရင် ကုတင်ပေါ်ကနေ လူတွေပေါ်ကို ဒိုင်ဗင်ထိုးချတာတို့ အဲဒီ့လိုတော့ တခါတခါ နှိပ်စက်တတ်တယ် :D။ သူ့ခန္ဓာကိုယ်ကြီးနဲ့ အဲလိုလုပ်တော့ ကျန်တဲ့ ကောင်တွေမှာ မစားသာဘူး။ ဒါပေမယ့် ဘယ်သူမှ သူ့ကို စိတ်မဆိုးကြဘူး။

ကျွန်တော်တို့ထဲမှာ သူ့အိမ်မှာ တလကိုးသီတင်း မနေဖူးတဲ့သူ မရှိဘူး။ အားလုံးနေဖူးကြတယ်။ အဲလိုနေလို့လည်း ဘာမှမပြောဘူး သူ့အိမ်မှာနေ သူ့အိမ်မှာစား သူတိုက်တဲ့ အရက်သောက် သူ့ကားယူသုံး ဘာမှကို မပြောဘူး နှမြောတာလဲ မရှိဘူး ပိုက်ဆံမရှိလို့ ယူသုံးလိုက်မယ်ဆိုလည်း အေး သုံးပေါ့။ ဒါပဲပြောတာ။ အဲလိုသဘောကောင်းတယ်။ သူက သီချင်းရေးတာ ဂစ်တာတီးတာ ၀ါသနာပါတယ်။ ခုထိလည်း တီးတုန်း ရေးတုန်းပေါ့။ သူရေးထားတာတွေကို တေးရေးတွေ တွေ့တော့ ကောင်းတယ် ဆက်လုပ်ပြောတော့ သူက ဘာမှပြန်မပြောဘူး။ အေးဆေးရယ်။ သူများတွေ သူ့သီချင်း ယူသုံးမယ်ဆိုလည်း ပေးလိုက်တာပဲ။ ဂစ်တာကတော့ တော်တော်တီးတယ် ကျွန်တော်တို့က မူးလာရင် သူ့ကို ဂစ်တာတီးပေးဖို့ ပြော ပြီးရင် ညလုံးပေါက် သီချင်းတွေ အော်ဆို သူက မငြီးမငြူ တီးပေးတယ်။ သူနဲ့ ကျွန်တော်တူတူ သွားနေတုန်းက တနေ့တနေ့ ညဘက် သောက်ပြီးလို့ ဂစ်တာတီးရင် တခါတခါ လင်းခါနီးထိပဲ။ ပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့ကို သဘောပေါက်နေပြီ ဘာမှကို မပြောတော့တာ။ သူတင် သဘောကောင်းတာလားဆိုတော့ မဟုတ်ဘူးဗျ သူ့မေမေလည်း သဘောကောင်းတာပဲ ခုလို ဆူပူသောင်းကျန်းနေတဲ့ ကျွန်တော်တို့ကို ဘာမှ ပြောဘူး။ လုပ်ချင်တာလုပ်ပဲ အပြင်သွားလို့ ပြန်လာရင်တောင် စားစရာ သောက်စရာ ၀ယ်လာတတ်သေးတယ်။

ဟိုဘဲကြီးက လူတစ်ဘက်သားကို နာမည်ပြောင်ပေးတာလဲ အတော်ထူးချွန်တယ်။ လူတိုင်းနီးပါး သူပေးထားတဲ့ နာမည်နဲ့ မလွတ်ဘူး။ ပေါက်ကရလည်း ပြောတတ်တယ်။ မူးလာရင် အင်္ဂလိပ်လိုလည်း ပြောတယ်။ ဆံပင်ရှည်ရှည်ထားတတ်တဲ့ ဟိုဘဲကြီး ခုတော့ ဆံပင်တိုတို ညှပ်ထားလေရဲ့ အားလုံး တညီတညွတ်ထဲ သူ့ကို ပြောလိုက်တယ် ဒူးရင်းသီးကေ လို့။ သူ့ကို ကျွန်တော်တို့က တခါတခါ ရှရွတ်ခန်နဲ့ တူတယ် တခါတခါ လူမင်းနဲ့ တူတယ်ပြောရင် ဟဲ ဟဲ ဟဲ ဟဲ နဲ့ ငါက ချောပြီးသားဆိုပဲ။ တလောကတော့ ကျွန်တော် ရွှေလီအကင်ဆိုင်မှာ ညီအစ်ကို ၀မ်းကွဲတွေနဲ့ သောက်ရင်း တော်တော်မူးလာတာ ဘယ်လိုပြန်ရမလဲ မသိတော့တာနဲ့ သူ့ကို ဖုန်းဆက်တော့ လာခဲ့မယ်ဆိုပြီး ရောက်လာရော သူရောက်လာတော့ ကျွန်တော်လည်း အားတက်ပြီး ဆက်သောက်လိုက်တာ သူပဲ အိမ်ကို ထမ်းပြီး ပို့လိုက်ရတယ်။ ဒါမျိုးလည်း သူကဖြစ်တယ်။ ခုတလောတောင် မတွေ့တာ နည်းနည်း ကြာသွားပြီ ဖုန်းဆက်ပြီး ဘီယာလေး ဘာလေး သောက်ဖို့ ချိန်းအုံးမယ်။

Read More...

Tuesday, November 27, 2007

လူပီသခြင်း

လူပုံစံက မှုန်ရီမှိုင်းလို့
ရင်ဘက်ကိုဆွဲဖွင့်တော့
ပြဿနာက ဆီးကြိုနေတယ်
ခဏပါကွယ်
ငါ မောလို့နားပါရစေ
ဒီတောင်းပန်စကား
သိပ်ကြားလို့ မကောင်းလှဘူး။

အပြင်ပန်းတော့ ဟန်ဆောင်ခဲ့တယ်
အကျနာခဲ့တဲ့ ငါ့စိတ်တွေ
ဘယ်ပုံနဲ့များ ပြန်ရှင်နိုင်မယ်
စဉ်းစားတယ် တွေးတယ်
ထပ်ပြီး သုံးသပ်တယ်
ဘ၀ဟာ သုည
တစ်ကပြန်စ စရာမလို။

အနားမှာ ဘယ်သူရှိသလဲ
လှည့်ကြည့်တော့ မမြင်ရဘူး
အတ္တတွေက ကာဆီးထားရဲ့
အမှောင်လမ်းမှာ
ကြယ်မလင်းတာ အပြစ်တင်စရာမလို။

မှော်ရုံဟေ၀န်ကို စိတ်ကူးတယ်
ကာမဂုဏ်ကို မပြစ်ပယ်နိုင်ဘူး
အို . . . ငါဟာ
လူဖြစ်နေတုန်းပါလားကွဲ့။

ဒေါသနဲ့ သောကဟာ
အရွယ်နဲ့ မမျှတာ ကြာခဲ့ပေါ့
မောဟတွေကြားမှာ
ငါရေးချင်တာက ဘာလဲ
ဝလုံးလား သုညလား
ကွဲကွဲပြားပြားသိဖို့
အမေ့ကိုတော့ မေးရအုံးမယ်။

zeRoTraSh
17th, November 2007


Read More...

Friday, November 23, 2007

မိမိကိုယ်ကို သုံးသပ်ခြင်း

ဘ၀အတွက်
အသိဥာဏ်ကို လှုပ်နှိုးခဲ့တယ်
မနက်ဖန် အတွက် ဒီနေ့
ဒီနေ့ အတွက် မနေ့က
ငါဘာများ လုပ်ခဲ့သလဲ
ကိုယ့်ဘာသာ ဆန်းစစ်
အ၀ီစိက နက်သတဲ့ကွယ်။

အကြောက်တရားလား
အသိတရားလား
ဝေခွဲမရနိုင်ဘူး
မီးဆိုတာပူတယ်
ခက်နေတာက
ငါဟာ ပိုးဖလန်မျိုးလေ။

အချိန်နဲ့ဒီရေ
လူကိုမစောင့်ဘူးတဲ့
ပြောဖူးတယ် ဒီစကား
ဘ၀ကို
မော်မော်ကြွားကြွား
ဖြတ်သန်းတုန်းက။

ပျင်းခဲ့တယ်
ဖျင်းခဲ့တယ်
လောကဓံနဲ့ ကစားခဲ့တယ်
စိတ်ကူးယဉ်ခဲ့သမျှထဲမှာ
ရိုမီယို ဖြစ်ရတာ
အရှက်ဆုံးပဲ။

အမှန်တရားက
အတင်းမပြောတတ်ဘူးလို့
ဘယ်သူ အာမခံသလဲ
သစ္စာတရားတွေ ရေညှိတက်တုန်း
ငါ့မိုးခါးလေး ရွာခဲ့ဖူးတယ်။

zeRoTraSh
23rd, November 2007


Read More...

Wednesday, November 21, 2007

သူငယ်ချင်းတွေ (၂)


ကျွန်တော့အခေါ် = ဒကာဆိတ်
ချစ်စနိုးအခေါ် = ဆောင်ကြိတ်
စတင် ပေါင်းသင်းသည့် ခုနှစ် = ၁၉၉၈ ခုနှစ်
ထူးခြားချက် = ဘီယာကို အမှားအယွင်းမရှိ ကျွမ်းကျင်စွာ သောက်နိုင်သည်၊ လူတစ်ဖက်သားကို ကူညီတတ်သည်၊ အေးစက်စက်နိုင်သည်။
အလုပ်အကိုင် = Doctor, Director (CronyNetz)


ဒကာဆိတ်လို့ ကျွန်တော်တို့တွေ အားလုံး သူ့ကိုခေါ်တယ်။ သူ့ကိုကျွန်တော် ဆယ်တန်းနှစ်မှာ စပြီးရင်းနှီးတာလေ။ ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ ဆရာမက မိတ်ဆက်ပေးခဲ့တာပေါ့။ ကျွန်တော့်ထက် ၂ နှစ်ကြီးတယ်ဗျ။ ဆရာမ မိတ်ဆက်ပေးတာကတော့ ကျောင်းမှာ Fun Fair လုပ်ဖို့အတွက် ပေါင်းပြီးလုပ်ပေးဖို့လေ။ စတွေ့တာကတော့ ကျွန်တော်တို့ ကျောင်းနားက Full Moon ဆိုတဲ့ လက်ဘက်ရည်ဆိုင်မှာပေါ့။ အဲဒီ့ကနေ စပြီးပေါင်းဖြစ်သွားတာပါပဲ။ ကျွန်တော်က ၁၀ တန်းဆိုပေမယ့် ကျူရှင်ကလည်း တက်လိုက် မတက်လိုက်ပဲဗျ အိမ်မှလည်း မနေဘူး လျှောက်သွားနေတာ သူအစက သိပ်သတိမထားမိဘူး နောက်မှ သတိထားမိတာ။ သူကစာတော်တယ်ဗျ ၁၀ တန်းကို ၄ ဘာသာဂုဏ်ထူးနဲ့ အောင်လာတာ။ ဆရာမကလည်း ပြောပြထားတယ် ဒကာဆိတ်က သင်္ချာသိပ်တော်တာတဲ့ အမှတ် ၁၀၀ အပြည့်ရတာတဲ့။ သူနဲ့ ကျွန်တော်က အသက်သာမတူတာ တချို့နေရာတွေမှာတော့ တူတယ် ဥပမာ ဘီယာကြိုက်တာခြင်း၊ ဆေးလိပ်ကြိုက်တာခြင်း တူတယ်ဗျ။ သူက စကားပြောရင် အေးအေးအောအောပြောတတ်တယ် လူတစ်ဖက်သားကို ဆရာမလုပ်တတ်ဘူး အင်းပြောစရာရှိရင်တော့ ပြတ်ပြတ်သားသားပြောတယ်။ စပေါင်းခါစကတော့ ကျောင်း Fun Fair အတွက်ပါပဲ ဟိုလုပ်ဒီလုပ်ပေါ့ ကျွန်တော်ကလည်း ကျောင်းမှာ မနေရရင် ပြီးရော ဘယ်ခေါ်ခေါ်လိုက်သွားတာပဲ တခါမှ မငြင်းဘူး။ သူလည်း ဘော်ဒါတော့များသား ကျွန်တော့်လိုပဲ သူနဲ့ ပတ်သတ်ပြီး သူ့နောက်က ဘော်ဒါတစ်အုပ်စုလုံးကို ပေါင်းသင်းဖြစ်သွားတာ ယနေ့ထက်ထိပါပဲ။ ကျွန်တော်လည်း သူတို့ အဖွဲ့ဝင်ဖြစ်သွားတော့တာပေါ့။ ဒီနေ့ထိလည်း ဒကာဆိတ်က ကျွန်တော်နဲ့ ကုမ္ပဏီ တစ်ခုထဲပဲ အလုပ်တွေ တူတူလုပ်စဲပါပဲ။

ဒကာဆိတ်နဲ့ ကျွန်တော်ကျောင်း Fun Fair ကိစ္စကနေ စခင်ပြီး သိပ်မကြာဘူး ကျွန်တော့်မှာလည်း ၁၀ တန်းစာမေးပွဲ ဘာညာသာရကာရှိနေတယ်။ ပြီးတော့ အိမ်က ငှားပေးထားတဲ့ ကျွန်တော့် Guide က ကျွန်တော့်ကို မပြောရဲဘူး ပြောရင် ပြဿနာရှာလွန်းလို့လေ။ အဲဒီ့လိုနဲ့ တစ်ရက်မှာတော့ ကျွန်တော်နဲ့ သူနဲ့ ဘီယာသောက်ရင်းပေါ့ မြို့ထဲမှာ ကျောင်းကိစ္စအတွက် သွားရင်းသောက်ဖြစ်ရာက ကျွန်တော်က မေးလိုက်တယ် အကိုက သင်္ချာတော်တယ်လို့ ဆရာမက ပြောဖူးတယ် ဟုတ်လားဆိုတော့ ရီနေတယ် ဒါနဲ့ နဲနဲထွေလာတော့ ကျွန်တော်စာမလုပ်ဖြစ်ကြောင်းပြောလိုက်ပြီး သူ့ကိုအကူအညီတောင်းမိတယ် သူကလည်း တပြားမှ မယူပဲ ကျွန်တော့်ကို Guide လုပ်ပေးတယ်။ အဲဒီ့ကနေစပြီး ကျွန်တော်တို့ ဆက်ဆံရေးက ပိုပြီးရင်းနှီးလာတာပေါ့ဗျာ။ သူကျွန်တော့်ကို စာသင်တဲ့ အချိန်မှာ ကျွန်တော် ကလန်ကဆန် မလုပ်ပါဘူး စိတ်ဝင်တစားပဲ နားထောင်တယ် စာက မလုပ်လို့ မရတော့ဘူးလေ ဇန်န၀ါရီလထဲ ရောက်နေမှကိုး စာမေးပွဲက လှည့်ကြည့်မြင်နေရပြီ။ သင်္ချာကို တနေ့တစ်ခန်းနှုန်းတွက်ကြတယ် အင်း အဲဒီ့လို တစ်ခန်းလုံးပြီးသွားရင် ညနေပိုင်း သူကျွန်တော့်ကို ဘီယာတိုက်တယ်။ ဘီယာ ကြိုက်တဲ့ ကျွန်တော်နဲ့ အကိုက်ပေါ့ဗျာ။ ဆယ်တန်း Guide ထဲမှာ ကျွန်တော့်လို Guide ရဖို့ရှားတယ်နော့။ ကျွန်တော့်ကို အင်္ဂလိပ်စာ ကျူရှင်ကို လိုက်ပို့ပေး လိုက်ကြိုပေး လုပ်ပေးတယ် ပြီးတော့ စာလုပ်ခိုင်းတယ်။ စာမေးပွဲ ဖြေတော့ အပြန်ဆိုရင် သူလာကြိုတယ်။ ညဘက်ဆို အိမ်မှာ လာအိပ်ပြီး ကျွန်တော်နဲ့ စာတူတူလုပ်တယ်။ ကျွန်တော်တို့က ၅ ဘာသာဖြေရတာလေ။ သင်္ချာဖြေပြီး နောက်နေ့ ကျောင်းပိတ်တယ် အဲဒီ့ သင်္ချာဖြေပြီးတဲ့ညပေါ့ ကျွန်တော်လည်း နားနေတာ နောက်နေ့ပိတ်တော့ ခဏနားနေတာပေါ့ သူလည်း မလာဘူး နားတယ် ပျင်းတာနဲ့ ဖုန်းလှမ်းဆက်တော့ ဘီယာဆိုင်မှာတဲ့ ကျွန်တော်လည်း လာခဲ့မယ်ဗျာပြောပြီး သွားသောက်တာပေါ့။ ဘေးကလူတွေကလည်း ကျွန်တော့်ကို မြင်တော့ ဆယ်တန်းမှာ မင်းလောက်နန့်တဲ့ကောင် ငါတို့ မမြင်ဖူးဘူးတဲ့ ပြတ်ကရော။ ကျန်တဲ့သူတွေလည်း ကျွန်တော်နဲ့ကတော်တော် ရင်းနှီးနေပြီ။ ကျွန်တော့်ကိုလည်း ချစ်ကြတယ်။ အားလုံး ဆယ်တန်းအောင်ပြီးသားလူတွေ ချည်းပဲ ကျွန်တော်တစ်ယောက်ထဲ ဆယ်တန်း။ နောက်ဆုံးဘာသာ လူမှုရေး ဖြေပြီးတဲ့နေ့ကလည်း ပြီးပြီးခြင်း သူတို့ တစ်အုပ်စုလုံး ကျွန်တော့်ကို လာကြိုတယ် ပြီးတော့ အောင်မြင်မှု အထိမ်းအမှတ်ဆိုပြီး တနေကုန်သောက်တော့တာပါပဲ။ ကျွန်တော်အိမ်ကို နောက်ထပ် ၃ ရက်လောက်နေမှ ပြန်ရောက်တယ်။ အဲဒီ့လိုကို သောက်တာ။ ခုထိလည်းတွဲတုန်း သောက်ကြတုန်းပါပဲဗျား။ တနေ့ကလေးတင် ချောင်းသာသွားတာ သူတို့နဲ့ပေါ့။ အဲဒီ့လိုပေါ့ ကျွန်တော်တို့တွေက သောက်ပြီးလို့ ခရီးထွက်တဲ့ အကြောင်းလေးများ ရောက်လာရင် လာခုသွားကြမယ် ဆိုပြီး သွားနေကြ ဘယ်သူမှ ဒါမျိုးမငြင်းဘူး လိုက်တာပဲ။ ကျွန်တော်တို့ သူငယ်ချင်းအုပ်စုရဲ့ ချစ်စရာ ဓလေ့ပေါ့ဗျာ။

ဒကာဆိတ်အကြောင်း ဆက်လိုက်အုံးမယ် သူက ကျွန်တော့်ကို စာဖတ်အောင်လုပ်ပေးခဲ့တာ စာဆိုတာ အပြင် ဗဟုသုတပေါ့ ကျွန်တော်က ငယ်ငယ်က စာဖတ်ပျင်းတယ်ဗျ။ သူကျွန်တော့်ကို Guide လုပ်ရင်းနဲ့ တခြား ဗဟုသုတ ဖြစ်စေမယ့် စာအုပ်တွေ အပျင်းပြေဖတ်ဖို့ ၀တ္ထုတွေပေးတယ်။ ဘယ်စာက ဘာဆိုတာထက် မင်းဘာသာမင်း ရွေးဖတ်တတ်အောင်လုပ်ဆိုပြီး ပြောခဲ့တာ။ နောက်ပိုင်း ကျွန်တော်လည်း စာကို သရဲစီးသလိုကို ဖတ်တော့တာပါပဲ။ ကျောင်းစာကလွဲရင် ကျန်တာ အကုန်ဖတ်တယ် :D။ ထူးထူးဆန်းဆန်း ကျွန်တော် အချစ်ဝတ္ထုနဲ့ သိုင်းဝတ္ထုတော့ မဖတ်ဘူးဗျ ကျန်တာတော့ အကုန်နီးပါးဖတ်တယ်။ အချစ်ဆိုလို့ ဒကာဆိတ် အချစ်ရေးလေး ပြောရအုံးမယ် ဟဲ ဟဲ ဒါကလည်း ကျွန်တော်နဲ့ အနည်းငယ် ပတ်သတ်နေလို့ပါ။ ကျွန်တော့်ကို Guide လုပ်နေရင်းနဲ့ တနေ့တော့ ကျောင်းလာကြိုရင်း ကောင်လေးတစ်ယောက်ကို ရှာမယ်လို့ပြောတယ် ဘယ်သူလဲလို့ မေးတော့ သူကြိုက်နေတဲ့ ကောင်မလေးရဲ့ တစ်ဦးထဲသော ယောက်ျားလေး သူငယ်ချင်းတဲ့ ကျွန်တော်လည်း သူကြိုက်နေတဲ့ ကောင်မလေးနာမည်မေးတော့ အားလားလား ကျွန်တော့် သူငယ်ချင်းဖြစ်နေတာကိုး သူ့ကို မေးရသေးတယ် အဲဒီ့ကောင်တွေ့ရင် ဘာလုပ်မှာလဲလို့ သူက ဘာမှလုပ်ဘူးတဲ့ သိထားချင်လို့တဲ့ ကျွန်တော်လည်း ရှာမနေနဲ့တော့ ခင်ဗျားရှေ့တည့်တည့်က ကျွန်တော်ပဲလို့ ပြောလိုက်တော့ သိပ်မယုံချင်ဘူး ဒါနဲ့ ကျွန်တော်လည်း သူ့ကောင်မလေး အကြောင်းပြောပြတယ် ပြီးတော့ သူ့ရှေ့မှာပဲ နှုတ်ဆက်စကားပြော လုပ်ပြတော့မှ သူယုံသွားတယ်။ ဟုတ်တယ် သူ့ကြိုက်နေတဲ့ ကောင်မလေးက တစ်ကျောင်းလုံး ယောက်ျားလေး သူငယ်ချင်းဆိုလို့ ကျွန်တော့်ကိုပဲ ပေါင်းတာ အေးလည်းအေးတာကိုး။ ကျွန်တော်လည်းနောက်ပိုင်း သူတို့ နှစ်ယောက်ကို အလိုလိုနေရင်း အောင်သွယ်လုပ်ပေးဖြစ်သွားတယ်။ ခုထိလည်း သူတို့ တစ်ဖက်နဲ့တစ်ဖက် အဆင်မပြေတာလေးတွေ ရှိရင် ကျွန်တော် ကြားထဲက နားထောင်ပေးရတုန်းပေါ့ဗျာ။

ဒကာဆိတ်နဲ့ ကျွန်တော် အသက်ကွာပေမယ့် သူငယ်ချင်းတွေလို ပေါင်းတာပါပဲ။ တစ်ယောက် စိတ်ကို တစ်ယောက်သိတယ်။ တစ်ယောက် အကြောင်း တစ်ယောက်သိတယ်ပေါ့ဗျာ။ သူနဲ့ပတ်သတ်ပြီး နောက်ထပ် ကျွန်တော့်မှာ သူငယ်ချင်းတွေ အများကြီးတိုးခဲ့ရတာပေါ့။ သူနဲ့ ငယ်ပေါင်းသူငယ်ချင်း အုပ်စု ပြီးတော့ သူဆေးကျောင်းတက်တော့ တွဲတဲ့ ဆေးကျောင်းက သူငယ်ချင်းတွေ အများကြီးပဲပေါ့။ ခုဆို သူငယ်ချင်း အုပ်စုကြီးက လူစုံတက်စုံဆိုရင် ဘီယာဆိုင်မှာ စားပွဲ ၅ ၀ိုင်းလောက်တော့ ဆက်ရမယ်ထင်တယ်။ ကျွန်တော်တို့ အုပ်စုတွေက ပေါင်းပြီးရင် မခွဲကြတော့ဘူး တပူးပူး တတွဲတွဲ သောက်ရင်တောင် ဟိုကောင်မပါလို့ ဒီကောင်မပါလို့ဆိုပြီး စိတ်မကောင်းက ဖြစ်တတ်ကြသေးတယ်။ လူမှုရေးလုပ်ငန်းတွေမှာ သူများတွေကို ဒကာဆိတ်တို့ ထိပ်ဆုံးက ကူညီတတ်တယ်။ သူ့ကို အကူအညီတောင်းလာရင် ငြင်းခဲတယ်။ ငွေရေးကြေးရေးဆိုလည်း မရှိ ရှိတာ ရှာကြံပြီး ပေးတတ်တဲ့သူ။ ဆရာဝန်ဖြစ်ပေမယ့် ဆရာဝန်မလုပ်တဲ့သူ၊ သတင်းနဲ့ မီဒီယာလုပ်ငန်းတွေ အနုပညာ လုပ်ငန်းတွေကို စိတ်ဝင်တစားရှိတဲ့သူပါ။ ထူးဆန်းတဲ့ သူ့အကျင့်တစ်ခုက သူ့ကို လူကြီးတွေက စကားပြောလိုက်ရင် ဗျာ ဟဲ ဟဲ ဆိုပြီးရယ် နေလေ့ရှိတာပါပဲ။ လူချစ်လူခင်လည်းများတယ် စဉ်းစားဆင်ခြင်နိုင်မှုကလည်း အရွယ်နဲ့ မမျှအောင်ကို ငယ်ငယ်ကထဲက လူကြီးဆန်ခဲ့တဲ့သူဆိုတာ ကြည့်ရုံနဲ့သိနိုင်တယ်။ အင်း မူးလာရင်တော့ဗျာ ရစ်တော့တာပါပဲ ရစ်ချက် ရစ်ချက်ဆိုတာ တစိမ်းဆို အစိမ်းလိုက် ၀ါးစားချင်စိတ်ပေါက်အောင်ကို ပြောတတ်ဆိုတတ်တာ။ ဒါပေမယ့် သူ့ကို မုန်းကြသလားဆိုတော့ မမုန်းကြဘူး ချစ်ကြခင်ကြတယ်။ သူက လူတွေကို ကူညီခဲ့တာတွေကလည်း အများကြီးရယ်။ ကားမောင်းလည်း အတော်ဝါသနာပါတယ်ဗျ မောင်းလည်း မောင်းနိုင်တယ် ခရီးသွားရင် သူပဲမောင်းတာ လုံးဝမူးပြီး မဟန်နိုင်မှ သူများကို ပေးမောင်းတာ။

ကျွန်တော်တို့တွေ သင်္ကြန်ဆိုရင်လည်း မဏ္ဍပ်ကို နှစ်တိုင်းထိုးနေကြ သူများတွေလို မဏ္ဍပ်ထိုးပြီး စီးပွါးရှာတာမဟုတ်ဘူး ကိုယ့်အုပ်စု ပက်ဖို့ထိုးတာ ထိုးပြီးရင်လည်း ရေပက်တဲ့သူ ရှားပါတယ် အောက်မှာပဲ ၀ိုင်းဖွဲ့ထိုင်ပြီး သောက်ကြတာပါ။ မဏ္ဍပ်မှာ တာဝန်ခံနာမည်က အမြဲတမ်း ဒကာဆိတ်ပါပဲ။ ဘာဖြစ်ဖြစ်သူပဲ ရှင်းရတာလေ။ သင်္ကြန်မဏ္ဍပ်ထိုးတဲ့ ပိုးကခုတော့ ငြိမ်သွားပါပြီ လူတွေက ၈ နှစ်ဆက်တိုက်လောက် ထိုးလိုက်တော့ ပျင်းသွားတယ် အင်းယားလမ်းကို မုန်းတောင်လာတယ် ကြာတော့။ မဏ္ဍပ်ထိုးတဲ့ ကိစ္စကို စပြီးသယ်လာတာက ကျွန်တော်လေ။ ငသော့် အကြောင်းရေးထားတဲ့ ၁၉၉၉ ခုနှစ်သင်္ကြန်ပေါ့ အဲဒီ့တုန်းက စပြီးထိုးခဲ့တာ ငသော့် ကောင်မလေးတွေ လာပက်စေချင်တာနဲ့ လုပ်ခဲ့တဲ့မဏ္ဍပ်ပေါ့ဗျာ။ အော် မေ့နေလို့ ကျွန်တော်နဲ့ ဒကာဆိတ် ဒီလောက်ပေါင်းဖြစ်မှတော့ ငသော်လည်း အော်တို ပေါင်းပြီးသားပေါ့ဗျာ (ငသော့် အကြောင်းမသိသေးသူများ သူငယ်ချင်းတွေ (၁) ကို ဖတ်ကြည့်ပါ)။ အဲဒီ့ ၉၉ သင်္ကြန်မှာပေါ့ ပြဿနာတွေ တစ်ခုပြီး တစ်ခုဆက်တိုက် တက်တာ သင်္ကြန် ၄ ရက်စလုံးကို ပြဿနာဖြစ်တာ။ ဒကာဆိတ် ပြဿနာကတော့ အကျနေ့မှာ။ ကျွန်တော်တို့တွေက ကားတွေကို ခြံထဲမှာ အဆင်ပြေသလို ထည့်ထားရတာ စောစောရောက်တဲ့သူက ရှေ့ဆုံးပေါ့ဗျာ အဲဒီ့တော့ တစ်ယောက်ယောက်က အပြင်သွားချင်ရင် နောက်ဆုံးက ကားကို ယူသွားရတာ ကားသော့တွေက တိုင်မှာ ဘုတ်လေးတစ်ခု လုပ်ပြီး ချိတ်ထားကြတာ။ အဲဒီ့နေ့က နောက်ဆုံးက ကားက ကျွန်တော့်ကား နေ့လည်ပိုင်းမှာ ဒကာဆိတ်က ငါအပြင်သွားအုံးမယ်တဲ့ ပြောသွားလေရဲ့ ကျွန်တော်လည်းအင်းလို့ ပြောပြီး မဏ္ဍပ်မှာ ရေပိုက်တွေလိုက်စစ်နေတယ်။ သူသွားပြီး ၁ နာရီလောက်ကြာတော့ သူ့အကို ကျွန်တော့်ဆီရောက်လာတယ် မဏ္ဍပ်ရှေ့ကို ရောက်လာတယ် ဟေ့ကောင်လိုက်ခဲ့တဲ့ ဒကာဆိတ် ကားတိုက်လို့တဲ့ ကျွန်တော်က လူဘာဖြစ်တုန်းဆိုတော့ ဖြစ်ဘူးတဲ့ ဒါဆိုလည်းပြီးတာပဲပေါ့ အဲဒီ့အထိ ကျွန်တော့်ကားမှန်း ကျွန်တော်မသိဘူး။ ကားတိုက်ထားတဲ့ ရန်ကုန်တက္ကသိုလ် မိန်းပေါက်ဝ ရှေ့ရောက်မှ ကျွန်တော့်ကားသော့စမ်းရင်း သတိရသွားတာ အော် သူတိုက်လိုက်တာ ငါ့ကားကိုးလို့ ကြည့်လိုက်တော့ ကားခေါင်းက ကျေနေပြီ သူမမှားဘူး။ ဟိုဘက်ကမှားတာ ဟိုဘက်က ရုံးကားကြီး T2000 ကြီး ကျွန်တော့်ကားလေးက ED လေး ခေါင်းဝင်သွားတာ။ သေချာတယ် ရှင်းရှင်းကြီး ဟိုဘက်လူမှားတာ အဲဒါကို ဟိုဘက်က ပုဂ္ဂိုလ်က သူမမှားဘူးပဲ ငြင်းနေတယ် ဘေးလူအားလုံးလဲ ပြောတယ် ရုံးကားမှားတာတဲ့ ဒကာဆိတ်ဘာလုပ်နေတယ် ထင်လဲ အေးအေးပဲ အဲဒီ့လူကို မေးတယ် ခင်ဗျား မှားလား မှန်လားတဲ့ ဟိုလူလည်း နဲနဲ ဖြုံသွားတယ် ငြိမ်သွားတယ် ကျွန်တော်လည်း မနေနိုင်တာနဲ့ ကဲ ခင်ဗျားကိစ္စနောက်မှ ရှင်းမယ် ခုတော့ ကားကို တနေရာ သွားထားမယ်ဆိုပြီး သွားထားလိုက်တယ်။ ပြီးတော့ အဲဒီ့လူကြီးကို ခင်ဗျားကို သင်္ကြန်ပြီးမှ လာရှင်းတော့မယ်လို့ ပြောခဲ့တယ်။ ဒကာဆိတ်နဲ့ ကျွန်တော်လည်း ပြီးပြီးသားကိစ္စကို စိတ်မ၀င်စားတော့ဘူး မဏ္ဍပ်ကို ပြန်သွားပြီး ကဲတာပေါ့ဗျာ။ အဲဒီ့အချိန် ကျွန်တော့်စိတ်မှာ နှမြောတဲ့ စိတ်လုံးဝကို မရှိဘူး။ သင်္ကြန်ပြီးတော့ သူပြန်ပြီး ပြင်ပေးတယ် အဲဒီ့တုန်းက Air Compressor မရလို့ ၄ လ လောက်ကြာသွားတယ် ၀ပ်ရှော့မှာ။ ကြားထဲ ကားလိုရင် သူ့ကားတွေပဲ ယူသုံးရတာပေါ့။

ကျွန်တော်တို့တွေ ကြားထဲမှာ ခုချိန်ထိ ငွေရေးကြေးရေး ပြဿနာ သူ့ပစ္စည်း ကိုယ့်ပစ္စည်း ပြဿနာတွေ မရှိဘူးဗျ။ အေးအေးပဲ။ လိုချင်တောင်းလိုက်တာပဲ ပေးတဲ့လူကလည်း ပေးတာပဲ။ ငါ့ဟာဖြစ်လို့ ဘာညာ ရှိဘူး အဲဒီလို။ တစ်ယောက်နဲ့ တစ်ယောက် နှမြောတွန့်တိုမှုကို မရှိတာ။ ဒါကြောင့်လည်း ခုထိ အလုပ်တွေ တူတူတွဲလုပ်လို့ ရတာပေါ့ဗျာ။ ဒကာဆိတ်လည်း ကျွန်တော့် ဘ၀ကို အပြောင်းအလဲတွေ ဖြစ်စေခဲ့သူပါပဲ သူ့ကြောင့် ဆယ်တန်းကို အဆင်မြင့်မြင့်အောင်တယ် (သူ့အပြောအရ ညံ့သေးတယ်တဲ့) စာအုပ်တွေ ဖတ်တတ်လာတယ် နောက်ထပ် သိပ်ခင်ဖို့ ကောင်းတဲ့ သူငယ်ချင်းတွေကို ပိုင်ဆိုင်လာရတယ်။ နောက်မှပဲ သူ့ရဲ့ တချို့ အလွဲလေးတွေ ရယ်စရာလေးတွေ ထပ်ပြီး ရေးပြတော့မယ်။

Read More...

Monday, November 19, 2007

သူငယ်ချင်းတွေ (၁)

ကျွန်တော့ဘ၀မှာ အရေးပါတဲ့ သူငယ်ချင်းတွေ အများအပြားရှိပါတယ်။ အဲဒီ့ထဲက ယနေ့ထက်ထိ ကျွန်တော်နဲ့ ရင်းနှီးစွာ ပေါင်းသင်းလျှက်ရှိတဲ့ သူငယ်ချင်းတွေ အကြောင်းကို ပြောပြချင်တယ်။ ဒီပို့စ်ကို ရေးရတာ အင်မတန် အန္တရာယ်တော့များပါတယ်။ ဖတ်မိတဲ့ သူငယ်ချင်းတွေ သူတို့ အကြောင်း မကောင်းတာလေးတွေပါရင် လူသိမခံချင်တာလေးတွေပါရင် ကျွန်တော့်ကို ဆဲကြပါလိမ့်မယ်။ ကိစ္စမရှိပါ ခံနိုင်ရည်ရှိပါတယ်။ ကျွန်တော့်မှာ သူငယ်ချင်းတော်တော်များပါတယ်။ ငယ်ငယ်ကထဲက ပေါင်းတဲ့သူတွေရော ကြီးလာမှ စိတ်ချင်းတအားရင်းနှီးလို့ ပေါင်းတဲ့သူတွေရော များပါတယ်။ သူငယ်ချင်းတွေဟာ ကျွန်တော့်ဘ၀ရဲ့ မှတ်တိုင်လေးတွေပါ။ သူတို့ကြောင့် ကျွန်တော့်ဘ၀ အနိမ့်အမြင့် အတက်အကျတွေဟာ အများကြီးပါ။ ကဲ ဒီတော့ တစ်ယောက်ချင်းစီ အကြောင်းရေးပါမယ်။ ဖတ်လို့ ကောင်းချင်မှ ကောင်းပါလိမ့်မယ် ကျွန်တော်ကတော့ ကျွန်တော့ သူငယ်ချင်းတွေကို ခံစားမိသလို ရေးတာပါ။ ပထမဆုံး ဘယ်သူ့အကြောင်းကို အရင်ရေးရမယ်ဆိုတာ ကျွန်တော့်အတွက် ခေါင်းစားပါတယ်။ တအားခင်တဲ့ ဘော်ဒါတွေက အရမ်းများပါတယ်။ ခုတော့ တစ်ယောက်ကို အရင်ဆုံး တင်သွင်းရပါတော့မယ်။ ငယ်ငယ်ထဲက ပေါင်းတဲ့ ငယ်ပေါင်း သူငယ်ချင်းလဲဖြစ် ခုထက်ထိလည်း ကျွန်တော့်ဘေးမှာ အလုပ်တူတူ လုပ်နေတဲ့ ကျွန်တော့ အချစ်ဆုံး သူငယ်ချင်း ငသော့် အကြောင်းကို ရေးပါ့မယ်။

ကျွန်တော့အခေါ် = ငသော်
ချစ်စနိုးအခေါ် = ၀က်ပိန်း
စတင် ပေါင်းသင်းသည့် ခုနှစ် = ၁၉၉၃ ခုနှစ်
ထူးခြားချက် = စကားနည်းသည်၊ အမြဲပြုံးနေတတ်သည်၊ တခါတခါ အပျင်းနဲနဲကြီးသည်။
အလုပ်အကိုင် = Technical President (CronyNetz)


ငသော်တဲ့ ကျွန်တော့ဘ၀ထဲကို ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်လောက်က ရောက်လာတာပေါ့။ ကျွန်တော်တို့ ၅ တန်းကျောင်းသားဘ၀။ ကျွန်တော်နဲ့သူနဲ့ စိန်သြဂတ်စတင်းက ၅ တန်း E ခန်းမှာ ကျောင်းသားသစ်တွေ ဆိုတော့ တူတူ
ရောက်လာတာပေါ့။ စခင်တဲ့ ပုံလေးကိုကြည့်အုံးလေ သူက ကျွန်တော့် ခုံနောက်မှာ ထိုင်တယ် အဲဒီ့တုန်းက Correction Pen တွေ ခေတ်စားကာစ လူတွေက ဘော်လ်ပင်စသုံးရတဲ့ အတန်းဆိုတော့ အမှားများတာပေါ့။ အမှားများတော့ Correction Pen လေးတွေသုံးကြတယ် စတိုင်ပေါ့ဗျာ။ ကျွန်တော့် နောက်ကျောဘက်မှာ ထိုင်တဲ့ မျက်မှန်လေးနဲ့ ခပ်၀၀ ကောင်လေးဆီမှာ Correction Pen လှလှလေးရှိတယ် ကျွန်တော့မှာ မရှိဘူးဗျ။ သူ့ဆီက ခဏငှားတာပေါ့။ ငါ့ခဏငှားကွာ ဆိုတော့ အေးအေးပဲသူက ယူလေတဲ့ အဲဒီ့ကနေစပြီး ကျွန်တော့်ဘ၀ကို အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်စေတဲ့ ကောင်ပါပဲ။ သူက Correction Pen လေးငှားခဲ့ရုံတင် မဟုတ်ပါဘူး။ ကျွန်တော့ဘ၀ရဲ့ ပျက်စီးတော့မယ် အမှားတွေကို သူ့အသိဥာဏ်နဲ့ ယနေ့ထက်ထိ ထိန်းသိမ်းပေးတုန်းပါပဲ။ ခုထက်ထိလဲ အေးအေးရယ် ယူလေ လုပ်လေ အင်းဒါတော့ ကောင်းဘူးကွ မင်းကလဲ စိတ်လျှော့အုံး အဲဒီ့စကားလေးတွေ ဒီနေ့ထိပြောနေတုန်းပါ။ ကဲ ပြန်ဆက်လိုက်ရအောင် သူနဲ့ ကျွန်တော် အဲဒီ့လို စခင်လိုက်ပြီးနောက်ပိုင်း ကျောင်းမှာ တပူးပူး တတွဲတွဲပါပဲ။ ၅ တန်း တစ်ခန်းထဲ ၆ တန်း သူနဲ့ ကျွန်တော် အခန်းမတူတော့ဘူး သူကစာပိုတော်တော့ A ခန်း ကျွန်တော်က B ခန်း၊ ၇ တန်း ၈ တန်းတွေကတော့ A ခန်းမှာ တူတူပဲ။ ၉ တန်း၊ ၁၀ တန်း ကျွန်တော် B ခန်း သူ A ခန်း။ ဘယ်လောက်ပဲ အခန်းတွေ ကွဲသွားပါစေ ကျွန်တော်တို့ နှစ်ယောက် အတွဲမပျက်ခဲ့ဘူး။ ဘယ်လောက်တွဲလဲဆို ဒီနေ့ထက်ထိ သူနဲ့ ကျွန်တော် အလွန်ဆုံး မတွေ့ဖြစ်ရင် ၃ ရက် အဲဒီ့ထက်ဘယ်တုန်းကမှ မပိုခဲ့ဘူး။ ခရီင်္းတွေတူတူသွား စကားတွေပြော လက်ဘက်ရည်ဆိုင်ထိုင် ဘီယာတူတူသောက် အရက်တူတူသောက် ကုန်ကုန်ပြောမယ် ဒီကောင်နဲ့ ကျွန်တော့ကြားမှာ ဖုန်းကွယ်ထားတာ ဘာမှမရှိဘူး။ ကျွန်တော့ဘ၀ကို ကကြီးကနေအထိ သိတဲ့ကောင်ပေါ့။ ကျွန်တော်တို့ အိမ်တွေကလည်း သိပ်ခင်သွားကြတာပေါ့ ကျွန်တော်တို့ နှစ်ယောက် ရန်မဖြစ်ဖူးလားဆိုတော့ ဖြစ်တာပေါ့ ဒါပေမယ့် နာရီဝက်ထက်ပိုပြီး ကြာကြာ စိတ်မဆိုးဖူးဘူး တစ်ယောက်ကတော့ အမြဲလျှော့တယ်။ ကျွန်တော်တို့ နှစ်ယောက်ရန်ဖြစ်ရင် ကျွန်တော်တို့ အိမ်တွေက လင်မယားနှစ်ယောက် စကားများနေတယ်တဲ့ အဲဒီ့လိုကိုပြောတာ။ ကျွန်တော်တို့ နှစ်ယောက် စကားများရင် ဘယ်သူငယ်ချင်း ဘယ်မိဘ ဘယ်ဆွေမျိုးမှ ၀င်မပါရဲဘူး ပါတဲ့သူ အရူးဖြစ်ရော ခဏပဲလေ စကားများတာက ဥပမာ ကျွန်တော်က သူ့အိမ်ရောက်နေတုန်း သူနဲ့ စကားများတယ် ဆိုပါတော့ အော်ဆဲပြီး မင်းကွာ ငါလုပ်ရင်သေတော့မယ်လို့ပြော သူက မင်းလစ်တော့တဲ့ ကျွန်တော်ပြန်သွားမယ်လို့ ထင်လား လုံးဝမပြန်ဘူး ပြန်ပြောလိုက်တယ် ငါ့ဟာငါနေတာ မင့်အပူမပါဘူးလို့ ခဏတော့ အိမ်ရှေ့ဖြစ်ဖြစ် ထွက်ထိုင် သူ့အိမ်မှာ စားချင်တာလေးတွေ ရှာစား အဲ ဆေးလိပ်က ကုန်နေရင် သူ့ဆီမှာပဲ ရှိရင် ပြန်သွားပြီး ဟေ့ကောင် ငါ့ကိုဆေးလိပ်ပေး ဆိုပြီး ပြန်တောင်း လိုက်တာပဲ။ အဲဒီ့ကျတော့ ဟိုကောင်က ကိုယ့်ဘာသာ ၀ယ်သောက်ဖြစ်ရော ကျွန်တော်က အတင်းတောင်းတော့ လုကြယက်ကြ မောတော့ ဟီးဟီးဟားဟားနဲ့ အဆင်ပြန်ပြေသွားတာပေါ့။ ပြီးတော့ ထုံးစံအတိုင်း ဘီယာဆိုင်ရောက် သောက် မှောက်။

ငသော်ဟာ ကျွန်တော်နဲ့ အကျင့်ကအစ ပြောင်းပြန်ပါ စကားကလည်း မေးတစ်ခွန်း ဖြေတစ်ခွန်းရယ်။ တချိန်လုံး ပြုံးပြုံး ပြုံးပြုံးနဲ့ဗျ။ ရုပ်ရည်ကတော့ ရန်အောင်နဲ့ လွင်မိုး ကြားထဲက ရုပ်ကလေးလေ။ သူ့မှာ သူဘာသာ စပေါင်းတဲ့ သူငယ်ချင်း အတော်နည်းတယ် ကျွန်တော်တင်သွင်းလာတဲ့ ကောင်တွေနဲ့ လိုက်ပေါင်းတာများတယ် အဲဒါကြောင့် ကျွန်တော့်ဘော်ဒါဆို သူ့ဘော်ဒါဖြစ်သွားတာပေါ့။ လူတစ်ယောက်ကို စကားမာမာ ဘယ်တော့မှ ပြောတဲ့ကောင်မဟုတ်ဘူး ကျွန်တော့ကိုတော့ ပြောတာပေါ့ဗျာ။ ကျောင်းမှလည်း လူကအေးတော့ အပေါင်းအသင်းကနည်းတယ် ဒါပေမယ့် ဇီးရိုးဆိုတဲ့ ကျွန်တော်မွှေသမျှမှာတော့ ဒိုင်ခံပါရတာပေါ့ ရန်ဖြစ်ရင် ဘာမှပြောတဲ့ကောင်မဟုတ်ဘူး မင်းကလဲ ဖြစ်မနေစမ်းပါနဲ့ ဒီလောက်ပဲပြောတာ သူ့ပုံကြည့်ရတာ သိပ်အေးချမ်းတယ်လို့ တွေ့တဲ့လူတိုင်းက ချီးမွမ်းကြတာ ယနေ့ထက်ထိပါပဲ။ ငသော်က ကျွန်တော့ ဘ၀ကို အမှတ်တရတွေ အများကြီးယူဆောင်လာခဲ့သူပါ။ ကျွန်တော် သေခါနီး စဲစဲမှာ ကျွန်တော့် အသက်ကို ကယ်ခဲ့သူ ကျွန်တော် မှားတော့မယ့် အချိန်မှာ အမှန်တရားကို မီးမောင်းထိုးပြခဲ့သူပါ။ ကျွန်တော် ယနေ့ထက်ထိ သူ့စကားဆို အလေးအနက် နားထောင်စဲပါ။ ခုလည်း ကုမ္ပဏီအလုပ်ကို သူနဲ့ ကျွန်တော်တွဲပြီး လုပ်တာပေါ့ဗျာ။ စီးပွါးရေးအရ နက္ခတ်အရ ကျွန်တော်နဲ့ သူ ပေါင်းလုပ်လို့ မရဘူးလို့ အားလုံးကပြောကြတယ် ဒီကောင်ပြောတဲ့ စကားက သိပ်ရှင်းတယ် ငါတစ်သက်လုံး မင်းပဲပေါင်းလာတာ မင်းနဲ့ မှအလုပ် တူတူမလုပ်ရင် ငါဘယ်သူနဲ့ လုပ်ရအုံးမှာလဲ ငါမင်းကိုမှ ယုံကြည်မှုမရှိရင် ဘယ်သူ့ကိုမှ ယုံစရာ မရှိတော့ဘူးတဲ့။ ဟုတ်ပါရဲ့ ကျွန်တော်ကလည်း သူ့လိုပါပဲ ကျွန်တော်တို့ နှစ်ယောက်က အစစ အရာရာမှာ ပြောင်းပြန်ဆိုပေမယ့် တူတဲ့နေရာတွေတော့ ရှိတယ် သိပ်ခေါင်းမာတယ် အမှန်တရားကို မြတ်နိုးတယ် လိမ်မပြောတတ်ဘူး သူများကို မကောင်းမကြံဘူး နိုင်ငံရေး စိတ်ဓါတ်ပြင်းထန်တယ် စပြီးပြီဆို အောင်မြင်မှ ကျေနပ်တယ်။ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်စီခွဲထားရင် သိပ်ဖြစ်ဖြစ် မြောက်မြောက်မရှိပေမယ့် နှစ်ယောက်ပေါင်းသွားရင်တော့ အရာအားလုံးကို စိန်ခေါ်နေသူတွေပေါ့။ သူများဆီမှာလည်း အလုပ်သွားလုပ်ဖူးတယ် တစ်ယောက်က အဆင်မပြေဘူးဆို ဟိုအလုပ်ကို ဆောရီးပြောပြီး ပြန်လာတဲ့ ကောင်မျိုးတွေ။ ငွေရေး ကြေးရေးဆိုရင်တော့ ပြောမနေနဲ့တော့ သူ့ပိုက်ဆံ ကိုယ့်ပိုက်ဆံ ဒီနေ့ထိ မခွဲဘူး။ ရှိတဲ့ကောင်ထုတ်ပေး ဒါမျိုးနေတာ။ ဒီကောင့်ကြောင့် ကျွန်တော့်ဘ၀ကြီး ပြောင်းလဲခဲ့သလို ကျွန်တော့်ကြောင့်လည်း သူ့ဘ၀ဟာ ပြောင်းလဲခဲ့တာပါ။ သူငယ်ချင်းတွေ အများစုက ယောက်ျားခြင်း ပြန်ညားနေတဲ့ ကောင်တွေတဲ့။ အဲဒီ့လောက်ကို ကျွန်တော်တို့ အတွဲမပျက်တာ။ ကျွန်တော်ငယ်ငယ်က ဆယ်တန်းအောင်ပြီးကာစက GCE တက်တယ် ပြီးတော့ နိုင်ငံခြားသွားမယ်ပေါ့ ဒီကောင်တားရော တားတယ်ရယ် မဟုတ်ပါဘူး သူပြောတာလဲ အမှန်ပါ အဲဒီ့အချိန်က ကျွန်တော်က ဆိုးသွမ်းစာရင်းမှာ ထိပ်ကပါနေတာကိုး ဒီကောင်က ကျွန်တော့် အမေကို ပြောတယ် ဇီးရိုးကို နိုင်ငံခြားလွှတ်တာက မြင်းကိုဂျိုတတ်ပေးသလို ဖြစ်မှာပဲတဲ့။ အမေကလည်း စဉ်းစားသွားတယ် ဟုတ်တယ်လေ အဲဒီ့အချိန်လွှတ်လို့ကတော့ သေချာတယ် တလွဲတွေ အကုန်လုပ်မှာ ကျွန်တော်လည်း အဲဒါနဲ့ သွားတော့ဘူးကွာ ဆိုပြီး နေလိုက်တယ်။ တက္ကသိုလ်တက်တော့မယ် ဆိုတော့ သူက ကွန်ပျူတာ တက္ကသိုလ် ကျွန်တော်က ၃ မှတ်လား ၂ မှတ်လားနဲ့ ကပ်ပြုတ်တယ်။ ကျွန်တော် အင်တိုက်အားတိုက် လိုက်ပြောရင်တော့ တက်ရမှာပါ ဒါပေမယ့် ပြောမနေတော့ဘူး စီးပွါးရေး တက္ကသိုလ်ကိုပဲ ရောက်သွားတယ်။ ကျောင်းက သိပ်ဝေးတော့ နောက်ပိုင်းကျွန်တော် အဝေးသင်ကို ပြောင်းခဲ့တယ် ငသော်ကလည်း ကွန်ပျူတာ တက္ကသိုလ်မှာဆိုတော့ ကျွန်တော်က တစ်ယောက်ထဲ ပျင်းနေတာပေါ့။ ဒါပေမယ့် ဒီကောင်လည်း ကျောင်းသိပ်မသွားပါဘူး ကျွန်တော်နဲ့ လျှောက်လိုက်နေတာပါပဲ။ ကျွန်တော်လည်း ဒီကောင်တွေကျောင်းသွား တခါတခါ ချက်စ်ထိုး ပြန်ရင် ဘီယာသောက်နဲ့ ကွန်ပျူတာကကောင်တွေနဲ့ ပေါင်းတာပေါ့။ ဒီကောင်နဲ့ ကျွန်တော်က သင်တန်းတွေတော့ တူတူတက်တယ် ဒါပေမယ့် ဘယ်သင်တန်းမှ မပြီးဘူး သူပျင်းရင်ပျင်း မပျင်းရင် ကျွန်တော်ပျင်း ဒါနဲ့ထွက်ကျရော သင်တန်းက ထွက်ရင် ပြောနေကြစကားရှိသေးတယ် အလကားပါကွာ စာတွေလာ ဖတ်ပြနေတာ ဆွေးနွေးနေတာမှ မဟုတ်တာ တော်ပြီတက်တော့ဘူး အဲလိုပြောခဲ့တဲ့ ကောင်တွေပါ။ တကယ်လည်း ကျွန်တော်တို့ နှစ်ယောက်က ကိုယ့်ဘာသာ Discuss လုပ်ရတာကို သဘောကျခဲ့တဲ့ ကောင်တွေပါ။ ဒီနေ့ထိလည်း သူမသိတာကိုယ့်မေး ကိုယ်မသိတာသူ့မေး လုပ်နေတုန်းပါပဲ။ ထူးခြားချက်က ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက်ယုံကြည်တယ် ဘယ်တော့မှ လိမ်မပြောဘူး အမှန်တရားနဲ့ အရှိတရားကို ပြောတတ်တယ် သူ့ဘ၀ ကိုယ့်ဘ၀ ဒီလေက်သိနေတော့လည်း ကျွန်တော်တို့က ပါးစပ်ဟလိုက်တာနဲ့ မျက်လုံးကို ကြည့်လိုက်တာနဲ့ တစ်ထပ်တည်းကျခဲ့သူတွေပါ။ ကျွန်တော်ပြောချင်တဲ့စကားကို သူပြောနိုင်သလို သူပြောချင်တာကိုလည်း ကျွန်တော့်ပါးစပ်က ထွက်ပေးတတ်ပါတယ်။ သိပ်ခင် သိပ်ရင်းနှီးလွန်းတော့ မိန်းမတွေထက်တောင် ပိုချစ်ကြပါသေးတယ် (မှတ်ချက်။ သူ့မိန်းမ ကိုယ့်မိန်းမတော့ အလဲအလှယ် မလုပ်ပါ :D)။

ကျွန်တော် နိုင်ငံခြားသွားဖို့ ဒုတိယ အကြိမ်စီစဉ်တုန်းကလည်း ဒီကောင်က ဒီမှာ စီးပွါးရေးလုပ်ရအောင်ဆိုပြီး ပြောလာတော့ ကျွန်တော်လည်း သွားမယ့်ကိစ္စဘေးချိတ် ဒီကောင်နဲ့ ပေါင်းပြီး Cyber Cafe ဖွင့် ကုမ္ပဏီထောင် လုပ်တာပေါ့။ အဲ အလုပ်စပြီး သိပ်မကြာဘူး သူကနိုင်ငံခြားသွားမတဲ့ ကျွန်တော်က သွားပါနဲ့ကွာ ဒီမှာ အေးအေးနေပါ မိန်းမယူပေါ့လို့ ပြောတော့ လဒက မိန်းမယူလိုက်ရောဗျာ။ တစ်ယောက်စကား တစ်ယောက်ဒီလောက်ကို နားထောင်တာ ပြတ်ကရော။ သူမိန်းမယူတယ်ဆိုလို့ ပြောရအုံးမယ် သူ့ကောင်မလေး အင်းခုသူ့မိန်းမပေါ့ဗျာ စလိုက်ကာစက ကံကောင်းလို့ ကျွန်တော်တို့ အချုပ်ထဲမရောက်တာ သိပ်အေးတဲ့ကောင်နော် ရည်းစားစကားပြောတော့ ဘာလုပ်တယ်မှတ်တုန်း ကျွန်တော့်ကို ခေါ်သွားပြီးတော့ လိုက်ခဲ့ဒီနေ့ ရည်းစားစကားသွားပြောမှာတဲ့ ကျွန်တော်လည်း လိုက်သွားတာပေါ့။ ဟိုရောက်တော့ လဒက ကောင်းကောင်း မပြောဘူး လက်ကိုဆွဲပြီးပြောတာ ကျွန်တော့်မှာဗျာ ဘုရားတနေရတယ် မြို့လယ်ခေါင်ကြီး လူတွေကလည်း ကြည့်နေတယ် ကောင်မလေးကအော်ရင် သေချာပေါက် ပတ်ဝန်းကျင်က ဆော်ပလော်တီးမှာ ကျွန်တော်လည်း ဘေးမှာရှိတဲ့ ခဲတွေ တုတ်တွေ ကြည့်ထားရတာပေါ့ တော်သေးတယ် အဆင်ပြေသွားလို့ ဒီနေ့ထက်ထိ ကျွန်တော်မူးလာရင် ဒီကောင့်ကို အဲဒါပြောပြီး ဆဲတုန်း။ ခုတော့ မိန်းမလည်းရ ကလေးလည်းရ အေးဆေးပေါ့။ တစ်ခုတော့ရှိတယ် ဒီကောင်နဲ့ အရမ်းချစ်ခင်ပေမယ့် သူ့မိန်းမနဲ့ ကျွန်တော် အဲဒီ့လောက် မခင်ဘူးဗျ ကိစ္စမရှိပါဘူး သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေပေါ့။ သူ့မိန်းမလည်း ဒီကောင်နဲ့ ကျွန်တော့် ပေါင်းသင်းဆက်ဆံရေးကို နားလည်သွားတော့ ပြဿနာ မရှိတော့ဘူးပေါ့။ တခါကလည်း ဖြစ်သေးတယ် ကျွန်တော့်ကိုလာခေါ်တယ် သူ့ကောင်မလေး လမ်းထဲကကောင်တွေက သူ့ကို ရန်နဲနဲ ရှာချင်တယ်တဲ့ လိုက်ခဲ့တဲ့။ အဟား ဇီးရိုးတို့က ဘော်ဒါလာထိရင် အသက်ချင်းလဲ ပစ်လိုက်မှာပေါ့ လိုက်သွားလိုက်တယ် ကျွန်တော့ကားနဲ့ပဲသွားတာ ကျွန်တော့်ကားပေါ်မှာ ဓါးပါတယ် ဒုတ်ပါတယ် ဆော်မယ်ပေါ့။ ဟိုရောက်တော့ ကျွန်တော်လည်း ကဲပြစမ်း ဘယ်ကောင်တုန်းဆိုတော့ သူလည်းရှာတယ် တွေ့ဘူးဗျ ၅ နှစ် ၆ နှစ်အရွယ် ကလေးတွေပဲ ဘောလုံးကန်နေကြတာ ကျွန်တော်လည်း မင်းကို ရန်စတာ အဲဒီ့ကလေးတွေလားလို့ စတော့ ဒီကောင်ကဆဲရော တကယ်ပြောတာတဲ့ ဒါပေမယ့် သူ့ကို ရန်စတဲ့ ကောင်တွေကို မတွေ့ပါဘူး။ ဒီကောင်နဲ့ ပတ်သတ်ပြီးရန်ဖြစ်တာ တစ်ခါတော့ရှိဖူးတယ် သင်္ကြန်တွင်းကြီး ၁၉၉၉ ခုနှစ်ကပေါ့ မဏ္ဍပ်ထိုးတော့ ကျောင်းက ဒီကောင်နဲ့ ကောင်မလေးတစ်ယောက်ကို အပြိုင်လိုက်တဲ့ ကောင်တွေလာရော အဲဒီ့ကောင်မလေးက ကျွန်တော်တို့ မဏ္ဍပ်မှာလေ ဟိုကောင်တွေကလာတော့ ကောင်မလေးက မရှိဘူး။ ၃ ခါမြောက်လာလည်း မရှိဘူး ဒါနဲ့ ဟိုကောင်တွေက ဒီကောင့်ကြောင့်ဆိုပြီး ထင်ရော ပြဿနာကရှာရော ဒီကောင်က ဘာမှမပြောဘူး သူနဲ့ မတူသလို မတန်သလိုရယ် ကျွန်တော်က ကြားထဲက မနေနိုင်တာနဲ့ လိုက်ရိုက်တာ ဟိုဘက်ကကောင်တွေ တောင်းပန်မှ ပြီးတော့တယ်။ အဲဒီ့ကထဲက ငသော့်ကိုဆို ဘယ်သူမှ ရန်မစတော့ဘူး ရန်စလို့ ငသော်က ဘာမှ မပြောလည်း သေချာပေါက် ဇီးရိုးဆိုတဲ့ကောင်က ပြဿနာရှာမှာ အားလုံးသိသွားတာကိုး။ ကျွန်တော့်ဘ၀မှာ ဒီကောင့်ကို နိုင့်ထက်စီးနင်း လုပ်တဲ့သူ စကားကို မချေမငံ ပြောတဲ့သူဆို သိပ်မုန်းတယ် ကြည့်မရဘူး ယုတ်စွအဆုံး သူ့မိန်းမ သူ့ကို ပြဿနာ ရှာရင်တောင် မနေနိုင်လို့ ၀င်ပြောမိရော ခုနောက်ပိုင်း တော်တော် ဆင်ခြင်နေရတယ်။ ခုတော့ ကျွန်တော်သိပ်ချစ်တဲ့ ကျွန်တော့်သူငယ်ချင်းကြီးက နိုင်ငံခြားကို သွားတော့မယ်တဲ့ စိတ်ထဲကတော့ ဘယ်လိုမှ မလွှတ်ချင်ဘူး မသွားစေချင်ဘူးပေါ့ဗျာ ခုလိုပဲ တူတူ လုပ်စေချင်တာပေါ့ ဒါပေမယ့် အခြေအနေအရ သွားမှ ဖြစ်မယ်ဆိုတော့လည်း ကျွန်တော် ဘယ်တတ်နိုင်မှာလည်း သွားပေါ့ကွာလို့ ဒီနေ့ပဲ ပြောလိုက်တာ။ စိတ်ထဲကတော့ ၀မ်းနည်းသားပဲ။ ဒါပေမယ့် တစ်ဘက်ကတွေးတော့ ကောင်းသားပဲပေါ့။ ဒီကောင့်နဲ့ ကျွန်တော်က ဘ၀မှာ အမှတ်တရတွေက သိပ်များတော့ ရေးရင် ၀တ္ထုတစ်အုပ်စာ ကျော်သွားမယ် နောင်အလျည်းသင့်မှပဲ တစ်ခုချင်းစီကို ရေးတော့မယ် ခုတော့ ဒီလောက်ပဲဗျာ ဟိုကောင်လည်း ဒါကိုဖတ်ပြီး ကျွန်တော့်ကို ဆဲလို့ ရသွားပါပြီ။ နောက်များမှပဲ ဒီကောင်မူးပြီး သိုင်းကွက်နင်းတာတွေ သိုင်းချတာတွေ ရေးပြတော့မယ်။ တော်သေးပြီ။

Read More...

Saturday, November 17, 2007

ဖိုးဝစောင့်နတ်

ဒီ ဖိုးဝ ပေါ်တယ်ကို စလိုက်ကထဲက အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရနဲ့ လူလဲ တော်တော်မှ ချာလပတ်ရမ်းနေပြီ။ မိုးလင်းလည်း ဖိုးဝ မိုးချုပ်လည်း ဖိုးဝ တချိန်လုံး ဖိုးဝ ဖြစ်နေလို့ လူတွေက ငြိုငြင်လာပြီတဲ့။ ဒါလဲ ဂရုမစိုက်အားဘူး လုပ်မှာပဲ လုပ်မှာပဲဆိုပြီး အော်နေမိတယ်။ ခုလည်းကြည့်လေ ဖိုးဝ နဲ့ အပြိုင် တခြား ပေါ်တယ်တွေ ပေါ်လာတော့မယ်ဆိုတော့ လူက ကတုန်ကရင်တွေဖြစ်လို့ ကြောက်လို့တော့ မဟုတ်ဘူး သိပ်ပြီး ဦးချင်တာ စိတ်ကိုက ဂဏာမငြိမ်ဘူး။ ဖိုးဝ ကို ဗမာပေါ်တယ် တစ်ခုအနေနဲ့ ထူထောင်တုန်းက လူတွေကပြောတယ် မင်းရူးနေသလားတဲ့။ ဘယ်က ၀င်ငွေရမှာလဲတဲ့။ ဟုတ်ပါ့ တပြားမှ ခုထိ မ၀င်သေးဘူး။ ဒါပေမယ့် ပြောခဲ့ဖူးတယ် အချိန်က စကားပြောပါလိမ့်မယ်လို့ စေတနာ အကျိုးပေးပါလိမ့်မယ်လို့။ ဟုတ်တယ် ခုဝင်ငွေလေးတွေ မြင်လာရတော့ လူက စိတ်ချမ်းသာတယ်။ ဒါပေမယ့်ဗျာ နောက်ကနေ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ကုမ္ပဏီကြီးတွေက ကျွန်တော့် ဖိုးဝလေးကို ကြည့်ပြီး ဆော်ကြတော့မယ်ဆိုတော့ ကျောတော့ချမ်းသား။ သူတို့က ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ကျွန်တော့်ထက်သာတယ် လူအင်အားကောင်းတယ် ပိုင်ရာဆိုင်ရာ များတယ်ဗျ။ ကျွန်တော်မှာတော့ အဲဒါမျိုးတွေ မရှိဘူး လုပ်ချင်တဲ့စိတ်ရယ် လုပ်မှာပဲဆိုတဲ့ ခေါင်းမာမှုရယ် ဒါပဲရှိတာ။ အဲဒီ့တော့ဗျာ လူတွေ ဘာသုံးချင်သလဲ ကျွန်တော့်ဘက်က ဖြည့်ဆီးဖို့ အသင့်ပါပဲ။ ကဲ ကျွန်တော်ဘာဆက်လုပ်ပေးရမလဲ များများသုံးစေချင်တာ စေတနာပါ။ ဖိုးဝ ကို နေ့စဉ်သုံးပေးတဲ့ သူအပေါင်းကို ဘုရားရှိခိုးတိုင်း ထည့်ဆုတောာင်းပေးရတာ အမော။ ကျွန်တော့်ကို ခင်မင်ကြရင်ဖြင့် အိုင်ဒီယာလေများ ပေးသနားတော်မူကြပါလို့ တောင်းပန်ပါရစေ။ ဖိုးဝမရှိရင် ကျွန်တော်လည်း ဘာမှ လုပ်တတ်တော့မယ် မထင်ပါဘူး။ ခုတောင် အကြွေးက လည်ပင်းခိုက်နေတယ် အဟက်ဟက်ဟက် ထုတ်ကြွားတယ် မထင်စေချင်ဘူး။ ကျွန်တော့်မှာ တနေ့တနေ့ ဖိုးဝ အတွက် ကုန်တဲ့ ပိုက်ပိုက်တွေ ထိုင်ထိုင်ကြည့်နေရတာ။ သူငယ်ချင်းတစ်ယောက် ပြောသလိုဆို ကားဝယ်စီးလိုက်ပါလားတဲ့ မင့်ဟာက ခုထိဘာမှလည်း ၀င်ငွေမရသေးဘူးတဲ့။ ဟုတ်ကဲ့ ကားဝယ်ရောင်းလုပ်တာ ဒီနိုင်ငံမှာသာ စီးပွါးရေးပါဗျာ ကျွန်တော်တော့ အဲဒါတွေကို စိတ်ကုန်တယ်။ ခုဟာက နည်းပညာ အကူအညီနဲ့ လုပ်ထားတဲ့ မီဒီယာဆိုတော့ ကျွန်တော်တန်ဖိုးထားတယ်။ သတင်းဆိုလည်း ကျွန်တော်က ၀ယ်ရတာပါ အလကားရဘူးဗျ။ ဂျာနယ်ကဟာတွေ တင်ဖို့ သူများတွေ ပြောပေမယ့် အဲဒါဆို Online က Offline ထက်ပိုနောက်ကျနေမှာပေါ့ ပြီးတော့ အဲဒါမျိုးကိုလည်း ကျွန်တော်က ပေါ်တယ်လို့ မသတ်မှတ်နိုင်ဘူး ခက်ကုန်ရော။ အဲဒီ့တော့ ဘာဖြစ်သလဲဆိုတော့ ၀ယ်တယ် တင်တယ် ကုန်တယ် လုံးလည် ခြာလည်ကို လိုက်နေတာပဲ။ ကျွန်တော့်ကို ကူညီပြီး အိုင်ဒီယာလေးများ ပေးကြပါ။ နေ့စဉ်သုံးပေးကြပါလို့ လက်လှမ်းမှီသလောက်လဲ ပြောပေးကြပါလို့။ ဗမာ လူငယ်တစ်ယောက် ကြိုးစားပမ်းစားနဲ့ ခေါင်းမာပြီး အကုန်ခံပြီး လုပ်ထားတဲ့ ဒီ ဖိုးဝ ကို အားပေးကြရင်ဖြင့် ကျွန်တော့်ဘက်က အတိုင်းထက် အလွန်ဝမ်းသာမိမှာ အမှန်ပါဗျာ။ ကဲ Comment လေးများ ၀င်ပွတ်ပေးကြပါဗျာ။

Read More...

Friday, November 16, 2007

ငါ . . . ဘာကောင်လဲ ???


ကိုယ့်ဘာသာ ပြန်အမေးဖြစ်ဆုံး စကားလုံးပေါ့။ သူများတွေကို မေးလည်း အဖြေက မနီးစပ်တာရယ် သိပ်မကြိုက်ချင်တာရယ် (မကောင်းတာထည့်ပြောရင် မကြိုက်ဘူးလေ)။ မြှောက်ပြောတယ် ထင်တာရယ်။ စဉ်းစားရ တော်တော်ကျပ်တယ်။ အရင်ဆုံး ကိုယ့်ရဲ့ ပုံပန်းသဏ္ဍန်ကို ပြန်စမ်းစစ်ရမယ် ပြီးမှ စိတ်နေစိတ်ထားကို ပြန်စိစစ်။ ဟုတ်ပြီ အဲဒီတော့ ကိုယ့်ဘာသာ ပြန်မြင်အောင် ကြည့်ရတာ ခက်တော့ခက်တယ် သို့ပေမယ့် ကျေနပ်စရာ ကောင်းတယ်လို့လည်း ထင်ပါတယ်။ ငါ ဘာကောင်လဲဆိုတာကို ပြန်ရေးလိုက်တော့ ပေါ့ပါးသွားတယ်။ ကဲ ပြောပြမယ် နားထောင် ဂလိုမျိုးကွဲ့ . . .

ပုံပန်းသဏ္ဍန်
- ဆံပင်ကျဲတယ် (နဖူးပြောင်တဲ့ သဘောပေါ့ ဒါပေမယ့် ကိုယ့်ဘာသာ ကမ္ဘာကျော် ခေါင်းဆောင်ကြီးတွေလည်း ပြောင်တာပဲလို့ အားပေးထားတယ် အမြဲတမ်း ကတုံး ဆံပင်ပေါက်နဲ့ နေတယ်)
- မျက်လုံး အညိုရောင်၊ အကြည့်စူးတယ် (သူများတွေ ခဏခဏပြောတယ် သိပ်အကြည့်စူးတယ်တဲ့ ကောင်မလေးတွေ ကတော့ ခေါ်တော ၅ သိန်းအားတဲ့)
- နှုတ်ခေါင်း ချွန်ချွန်
- မုတ်ဆိတ် ကျင်စွယ် ကျိုးတိုး ကျဲတဲ (ကိုယ့်ဘာသာတော့ အလွန်လှတယ် ထင်တာပဲ သူများတွေကတော့ ဘင်လာဒင် မုတ်ဆိတ်မွှေးမီးလောင်သွားတဲ့ ပုံမျိုးဆိုပဲ)
- နားကပ်တစ်ဖက် တပ်ထားတယ် (ဘယ်ဘက်မှာပါ နားပေါက် အကြောင်းသိချင်ရင် ကျွန်တော့် အရင် ပို့စ်အဟောင်း တစ်ခု ဖြစ်တဲ့ ကျွန်တော့နားပေါက်လေး မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်)
- မ၀ မပိန် အနေတော် (တချို့ကတော့ ပိန်တယ် ပြောတယ် ကိုယ့်ကိုကိုယ်တော့ မပိန်ဘူးထင်တာပဲ)
- အလေးချိန် ပေါင် ၁၂၅ ပေါင် ပတ်ဝန်းကျင်
- အရပ် ၅ ပေ ၉ လက်မ (ခါးမကိုင်းပါ)
- လက်ချောင်း ခြေချောင်း ရှည်တယ် (သူများတွေက ရှည်လမျောကြီးတဲ့ ကိုယ့်ဘာသာကိုယ်တော့ အနုပညာဆန်တယ် ထင်နေတာ)
အနှစ်ချုပ်ပြောရရင်တော့ ယောက်ျားပီသတယ်ပေါ့ဗျာ (ယုံဘူးလား တကယ်ကြီးပါဆို သက်သေပြရမှာလား ဟင် အဟက်ဟက်ဟက်) တချို့ကတော့ ချောတယ်တဲ့ တချို့ကတော့ မာဖီးယား ခေါင်းဆောင်တဲ့ တချို့ကတော့ ဘင်လာဒင်တဲ့ တချို့ကတော့ ရီယိုဖာဒီနန်တဲ့ ပြောကြသဗျ ကျွန်တော်က မမြောက်တတ်ပါဘူး အဟဲ တကယ်တမ်းက ဘရက်ပစ်နဲ့ နင်လားငါလားပုံမျိုး

စိတ်နေစိတ်ထား
- စိတ်ဆတ်တယ် (အကြွေးမဆပ်ဘူး :D)
- မဟုတ်မခံ လိမ်မပြောတတ်ဘူး
- အတ္တကြီးတယ်
- ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တယ် (ရှေ့နောက် သိပ်မစဉ်းစားပါ)
- လုပ်ချင်တာလုပ်ပြီးလို့ ဖြစ်သမျှကို ခံနိုင်တယ် ဘယ်တော့မှ သူများကို ပုံမချတတ်ပါ (လုပ်ရဲရင် ခံရဲတယ်)
- စကားများများ ပြောတတ်ပေမယ့် တိတ်ဆိတ်တာကို ပိုသဘောကျတယ်
- မိသားစု သူငယ်ချင်းတွေနဲ့ ပျော်တတ်ပေမယ့် သူစိမ်းတွေနဲ့ဆို စိတ်ညစ်တတ်တယ်
- တွေ့သမျှလူနဲ့ ခင်အောင် ပေါင်းနိုင်တယ်
- စိတ်ကူးယဉ်တတ်တယ် (ရုပ်နဲ့ စိတ်နဲ့ တခြားစီလို့ ပြောတတ်ကြတယ်)
- အရောင်ထဲမှာ အနီရောင်ကို သဘောအကျဆုံး (ငယ်ငယ်ထဲက ခုထိ လုံးဝ ပြောင်းလဲမှု မရှိသေးပါ)
- စိတ်ညစ် မခံဘူး အရာရာကို ဟာသလုပ်ပြစ်တတ်တယ်
- အရက်၊ ဘီယာ၊ ဆေးလိပ် အကုန်ကြိုက်တယ် (ကွမ်းမစားတတ်ပါ)
- ထမင်း၊ ဟင်းကို ဂျီးများတယ် ငါးဆိုမစားဘူး အမဲသား ရှောင်ထားတယ်
- အပျင်းမကြီးတတ်ပါ အမြဲတမ်း တက်ကြွနေတယ်
- ဆရာလုပ်တတ်တယ် တပည့်မလုပ်တတ်ဘူး
အနှစ်ချုပ်ပြောရရင်တော့ ခေါင်းဆောင်ပဲ လုပ်တတ်တယ် စိတ်မြန်တယ် ညှာတာတတ်ပေမယ့် အလုပ်နဲ့ ပတ်သတ်လာရင် သည်းမခံတတ်ဘူး စိတ်ဆတ်တော့ တခါတခါ အပြောအဆိုက အဆင်မပြေဘူးပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်နဲ့ ပေါင်းပြီးရင် တသက်လုံးခင်သွားကြတာ များပါတယ်။ ရန်သူနည်းတယ် မိတ်ဆွေများတယ် သူငယ်ချင်းဆိုတာကတော့ ရေလို့တောင် မကုန်ဘူး အဟက်ဟက်ဟက် ကဲ ဒီလောက်ပါပဲ ကျွန်တော် မေ့ကျန်ခဲ့တာတွေ ရှိရင်ရှိအုံးမှာပါ ခုလောလောဆယ်တော့ ချရေးလိုက်ရလို့ အတော်ပေါ့သွားတယ် ဒါနဲ့ ခုတလော သူများတွေ ဟိုတက် ဒီတက် နဲ့ ကိုယ်လည်း မပါရတော့ ကိုယ်ကပဲ စပြီး ပြန်တက်လိုက်တယ် ကျွန်တော့် အနေနဲ့ ငါ . . . ဘာကောင်လဲ ??? ဆိုတဲ့ ခေါင်းစဉ်ကို ရေးပေးစေချင်တဲ့ ဘလော့ဂ်ဂါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ကိုစိုးထက်
- ညိမ်းညို
- မိုးစက်
- မျှားပြာ
- မခင်မင်းဇော်
- ပန်ဒိုရာ
- ဂျေ
- Rapster

Read More...

Friday, November 9, 2007

တစ်ကြိမ်လောက်သာ ဆုတောင်းပြည့်မယ်ဆိုရင်

“ခွမ်း”
ရေအိုးခွဲလိုက်တဲ့ အသံဟာ ထိန်ပင် သုဿန်ထဲမှာ လွင့်ပြန့်သွားတယ်။ အစီစီ အရီရီ လိုက်ပါပို့ဆောင်နေတဲ့ ပရိတ်သတ်ရဲ့ ရှေ့ဆုံးကသွားနေသူ တစ်ဦးရဲ့ ရေအိုးကို ပစ်မြှောက်ပြီး ခွဲလိုက်တဲ့ အသံပေါ့။ အားလုံးရဲ့ မျက်နှာ တွေမှာ ညှိုးငယ်မှုတွေ အထင်းသား၊ အဲဒီထဲက တစ်ချို့ တစ်ချို့သောသူတွေရဲ့ မျက်နှာတွေမှာတော့ ရေအိုးကို ခွဲလိုက်တဲ့ ကျွန်တော့်ကို စိုးရိမ်စိတ်တွေ အပြည့်နဲ့ ကြည့်နေတဲ့ မျက်ဝန်းတွေ။ အားလုံး ပြီးသွားခဲ့ပါပြီ။ အားလုံး ပြီးဆုံး သွားခဲ့ပါပြီ။ လူတစ်ယောက်ရဲ့ နောက်ဆုံး ခရီးမှာ ဒီရေအိုးခွဲသံဟာ သူ့ ခန္ဓာကိုယ်ကြီးကို အပြီးတိုင် စွန့်လွှတ် ရတော့မယ် ဆိုတဲ့ သတိပေး ခေါင်းလောင်းသံပေါ့။ သာယာနာပျော်ဖွယ် လုံးဝမရှိတာ သေချာပါတယ်။ ရေအိုးကို ခွဲလိုက်တဲ့ ကျွန်တော်ဟာ လူတန်းရှည်ကြီးရဲ့ ရှေ့ဆုံးမှာ နေရာယူပြီး တည်တည်ငြိမ်ငြိမ် ဦးဆောင် သွားခဲ့ပါတယ်။
“ကဲ ကဲ အားလုံးပဲ နောက်ဆုံး အကြိမ် ကြည့်ကြပါ”
ဒါကတော့ သင်္ချိုင်း စောင့် အလုပ်သမားကြီးရဲ့ သတိပေးစကားပါ။ တချို့လည်း ငိုကြ တချို့လည်း သေသူရဲ့ နာမည်ကို မြည်တမ်းကြပေါ့။ များသောအားဖြင့်က အသက်ကြီးကြီး မိန်းမကြီးတွေက “မအယ် ရေ သွားနှင့်ပေါ့။ ညီး ကတော့ သွားနှင့်ပြီပေါ့။ ညည်း ရဲ့ မြေးကြီးကို စိတ်မချဘူးဆို အေ့ ထကြည့်ပါအုံး အေ့” အော်ဟစ် ငိုယိုနေကြတာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပဲ့တင်နေတော့တယ်။ တချို့က တော့ ခုနက ဦးဆောင်သွားခဲ့တဲ့ ကျွန်တော့်ကို “သားကြီး ငိုချလိုက်လေ ငိုလိုက်လေ။ တင်းမထားနဲ့ သား ဖွားဖွား မရှိတော့ဘူး ငိုလိုက်လေ။” ဆိုပြီး စိုးရိမ်မှုတွေနဲ့ ပြောနေကြတာကို တွေ့နေရတယ်။ မငိုပါ ကျွန်တော် လုံးဝမငိုပါ။ အသံထွက်မလာပါ။ ကျွန်တော့်ဘာသာကျွန်တော် အဖွားကို စိုက်ကြည့်နေမိတယ်။ ပြီးမှ အဖွားရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကြီးကို ဖြေးဖြေးလေးငုံ့ပြီး နဖူးလေးကို နမ်းလိုက်တယ်။ မျက်ရည်တစ်စက် အဖွားရဲ့ နဖူးပေါ်မှာ တင်ကျန်ခဲ့တယ်။ သွားနှင့်ပေါ့ ဖွားရယ်။ သားတို့လဲ တနေ့ လိုက်ရမှာပဲ။ အနှေး အမြန်ပဲ ကွာမှာပေါ့။ ဖွား မကြိုက်ဘူး ဆိုလို့ သားမငိုဘူးနော်။ ကျွန်တော့်ရင်ထဲမှာ တိတ်တိတ်လေး ကျွန်တော် တစ်ယောက်ထဲ ပြောလိုက်တယ်။ ဒီစကားတွေကိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်အဖွားရော ကျန်တဲ့ ဘေးပတ်ဝန်းကျင်က လူတွေပါ ကြားရမှာ မဟုတ်ပါဘူး။ ကိစ္စတွေ အားလုံးပြီးတော့ ပြန်ကြမယ်လုပ်တုန်း ကျွန်တော်တစ်ယောက်ထဲ နောက်ဆုံးမှာ ချန်နေခဲ့မိတယ်။ ခုနကတော့ ရှေ့ဆုံးမှာ ဦးဆောင်ခဲ့ပေမယ့်။ ခုတော့ နောက်ဆုံးမှာ မတ်တတ်ရပ်ပြီး ကျန်နေခဲ့တယ်။ ကျွန်တော့်ကို အစ်ကို ၀မ်းကွဲတွေက ပြန်ကြစို့လို့ပြောတော့။ “အေးအေးပေါ့ကွာ၊ ဘာအတွက် အရင်လိုရဦးတော့ မှာလဲ” ဒါပဲပြောပြီးရပ်မြဲ ရပ်နေတယ်။ ခဏနေတော့ ကျွန်တော့် မျက်ဝန်းအစုံကနေ မျက်ရည်တွေ လိမ့်ဆင်းလာတယ်။ ကျွန်တော် ငိုနေတာ မဟုတ်ပါ မျက်ရည်ကျနေခြင်းသာ ဖြစ်ပါတယ်။

အဖွားဆုံးတဲ့ နေ့ကို ကျွန်တော့်စိတ် လွင့်ပြန့်သွားတယ်။ မနက် ၂ နာရီ ၀န်းကျင် သမီးရဲ့ စူးစူးဝါးဝါးငိုသံကြောင့် ကျွန်တော်နိုးလာတယ်။ သမီးဘာဖြစ်လို့လဲ ဆိုပြီး ထကြည့်နေတုန်း ကျွန်တော့် အမေ ကျွန်တော့် အခန်းထဲ ၀င်လာပြီး “သားရေ မင်းအဖွားတော့ မရတော့ဘူးထင်တယ်” “ဟုတ်လားမေ သားလာပြီ” အဲဒီလိုနဲ့ ကျွန်တော် အဖွားအခန်းထဲကို ၀င်သွားတော့။ ကုတင်ဘေးမှာ ထိုင်နေတဲ့ နာစ့်မလေးက အခြေအနေ မကောင်းဘူးဆိုတာ ခေါင်းလေးခါပြတယ်။ ပြီးတော့ ကျွန်တော့်အမေက ကျွန်တော့် အဖွားနားကိုကပ်ပြီး “အမေ အမေ့မြေးကြီး နိုးလာပြီ အမေ” လို့ပြောလိုက်သံကြားတော့ အဖွားက မျက်လုံးလေးဖွင့်ကြည့်ပြီး “ဘာလို့ သွားနှိုးတာလဲ အိပ်ရေးပျက် နေပါအုံးမယ်။ သာကြီး ပြန်အိပ်ချင် အိပ်လေ ဖွား ဘာမှ မဖြစ်ဘူး နည်းနည်း မောလို့”
“ရပါတယ်ဖွားရဲ့ သားအိပ်ရေးမပျက်ပါဘူး အေးဆေးပါ ဒီလောက်တော့ မှန်း ဖွားမောနေတယ်လား ကောင်းသွားမှာပါ ဘာလို့ စောင်မခြုံတာလဲ အေးကအေးသနဲ့”
“ဖွား ပူလွန်းလို့ပါသားရယ် ကျောတွေလဲပူတယ် ရင်တွေလဲပူတယ်”
“အော် အင်းအင်း ဟုတ်ပ သားလဲ ချွေတောင်ထွက်လာပြီ ဟင်း ဟင်း ဟင်း မေ့ပြီးပြောမိတာ” အဲဒီအချိန်မှာ ဖွားအခန်းဟာ လေအေးပေးစက်ရဲ့ ဂိတ်ဆုံးဖွင့်ထားမှုကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ အခြေအနေမှာပါ။ အဖွားကသာ ကင်ဆာသမားတို့ ထုံးစံအတိုင်း တကိုယ်လုံး ပူလောင်နေတယ်လို့ ခံစားနေရတာပါ။ ကျန်တဲ့လူတွေဆိုတာ အေးလွန်းလို့ တုန်တောင်နေရှာပါတယ်။ ကျွန်တော်ကလဲ စွပ်ကျယ်လေးနဲ့ ဆိုတော့ ချမ်းတာပေါ့။ ဒါပေမယ့် ချမ်းတဲ့ပုံ လုံးဝမပြပဲ နေနေလိုက်တယ်။
“ကောင်းသွားမှာပါ ဖွားရဲ့ ကောင်းသွားမှာပါ ဒီလိုပဲလေ တစ်ခါတစ်ခါတော့ ခံရတာပေါ့ ဆရာဝန်ကြီးကို ခေါ်ပေးမယ်လေနော်။ ခဏနေရင် လာမှာပါ။”
“နေပါစေသားရယ် မိုးလင်းမှခေါ်ပေါ့ ညကြီးမင်းကြီး အားနာစရာ ထားလိုက်ပါ။” နာစ့်မလေးက အဖွားကို သွေးပေါင်ချိန်တိုင်းကြည့်ပါတယ်။ သုည မှာ ဖြစ်လိုက် နည်းနည်း ပြန်တက်လာလိုက် သွေးပေါင်ချိန် လုံးဝမမှန်တော့ပါဘူး။ နာရီပိုင်းပဲ ခံတော့မယ်ဆိုတဲ့ အရိပ်အယောင်တွေပေါ့။ ကျွန်တော် ၀မ်းနည်းသွားတယ်။ အဖွားကို လက်လွှတ်ရတော့မယ်ဆိုတဲ့ အသိက ကျွန်တော့်ရင်ထဲမှာ မောနေအောင် ခံစားလိုက်ရတယ်။ ကျွန်တော့်အဖေကို ကျွန်တော်ခေါ်လိုက်တယ် အဖေက အဖွားနားမှာ လာထိုင်ပြီး မာမီဘာဖြစ်လို့လဲ ကောင်းသွားမှာနော် မာမီ။ သူ့ယောက္ခမကြီးကို သူနှစ်သိမ်နေပေမယ့် သူ့မျက်ဝန်းတွေကတော့ ၀မ်းနည်းမှုတွေ ပြည့်လျှံနေတာ သိသာတယ်။ ကျွန်တော့်အဖေကို ကျွန်တော်က ခေါင်းခါပြတော့ အဖေက ဘာမှမဖြစ်ပါဘူး ဆိုတဲ့ အားပေးစကားပြောပြီး အိမ်ရှေ့ခန်းကို ထွက်ထိုင်နေတော့တယ်။
“အမေ တရားနာမလားဟင် သမီး တရားခွေ ဖွင့်ထားတယ် နာလိုက်နော်”
“အေးအေး ဒါပေမယ့် အကျယ်ကြီးမဖွင့်နဲ့ တိုးတိုးပဲဖွင့် ကြားရတယ် ပူလိုက်တာနော် ပူလိုက်တာ”
“သားကြီး အလုပ်အကိုင် အဆင်ပြေတယ် မဟုတ်လား သားကြီး ငါ့မြေးကြီး ကောင်းကောင်းနေနော် မဟုတ်တာမလုပ်နဲ့ မလိမ်နဲ့ မညာနဲ့ သူတပါးကို ထိခိုက်အောင်မလုပ်နဲ့ ဘယ်အရာမဆို အောင်မြင်အောင်လုပ် ဖွားမရှိတော့ရင် အမေတို့ အဖေတို့နဲ့ ရန်မဖြစ်နဲ့ ကိုယ့်သားသမီး၊ မိန်းမ ကို ဂရုစိုက်နော်။ ငါ့မြေးကို ဖွားစိတ်မချဘူး။ ငါ့မြေး ငိုတာကို ဖွားမကြည့်ချင်ဘူး မကြည့်ရက်ဘူး သားကြီး တစ်သက်လုံး စိတ်ချမ်းသာတာပဲ မြင်ချင်တာ”
“ဖွား မောမယ် ဖြေးဖြေးပြော သားလိမ္မာပါတယ်။ ဖွားမကြိုက်တာ မလုပ်ဘူး။ အားလုံးကိုလဲ ဂရုစိုက်ပါ့မယ်။ ပြီးတော့ ဖွားမကြိုက်ရင် မငိုပါဘူး။ ခုလဲ မငိုပါဘူးဖွားရဲ့ အသံနည်းနည်း နာနေလို့ပါ”
ခဏနေတော့ ဖွားရဲ့ အစ်မတွေ ဖွားဘေးနားမှာ လာထိုင်ပြီး
“မအယ် ဘုရားကို အာရုံပြု စိတ်ကို လွှတ်မထားနဲ့ ဝေဒနာကိုမှတ် ညည်း မြေးကြီးက အသက်ပဲ ကြီးလှပြီ လူကြီး ဖြစ်နေပြီ စိတ်ချပေါ့ ဘုရားကိုသာ အာရုံပြုနော် ငါ့ညီမရယ် တခြားဟာတွေ မတွေးစမ်းပါနဲ့”
“မမကြည် သားကြီးကို ကျွန်မ စိတ်မချဘူး”
“အို အေ ဒါတွေ တွေးမနေစမ်းပါနဲ့ သူကလိမ္မာပါတယ် ကိုယ့်ဘာသာ ဘုရားတရားကို နှလုံးသွင်း”
အဲဒီ အချိန်မှာ ကျွန်တော့် ဗိုက်တွေ တအားထိုးအောင့်လာပါတယ်။ ၀မ်းသွားချင်စိတ် ပေါက်လာလို့ ထိန်းထားပေမယ့် မရပါဘူး။ ဒါနဲ့ ခဏနော်ဆိုပြီး အဲဒီ့နားက ထွက်သွားရတယ်။ ၅ မိနစ်လောက် အကြာမှာ အဖွားအခန်းထဲကို ပြန်ရောက်တော့ အဖွားဟာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေပါပြီ။ အမေကတော့ ပြောတယ် ခုနက မင်းထွက်သွားတုန်းက မင့်အဖွား တော်တော် ခံစားနေရတာ ကြည့်တောင်မကြည့်ရက်ဘူးတဲ့။ ကျွန်တော် ပြန်ရောက်တဲ့ အချိန်မှာ အဖွားဘေးမှာ ကပ်ထိုင်ရင်း အဖွားလက်ကို ကိုင်ထားတော့ ကျွန်တော်မှန်းသိပြီး လက်ကို တဘုန်းဘုန်းနဲ့ ရိုက်ပါတယ်။ စိတ်မချဘူးဆိုတဲ့ သဘောပေါ့။ သိပ်ကြာကြာမခံတော့ပါဘူး အဖွားဟာ ၁၅ မိနစ် အကြာမှာ သူသိပ်ချစ်တယ်ဆိုတဲ့ မြေးကြီးလက်ကိုကိုင်ရင်းနဲ့ လောကကြီးကို ကျောခိုင်းသွားပါတော့တယ်။ အမေ့ငိုသံ စူးစူးနဲ့ ဘေးက အဖွားအစ်မတွေရဲ့ ငိုသံတွေကြားမှာ ကျွန်တော်ဟာ လုံးဝ တိတ်ဆိတ်သွားခဲ့ရပါတယ်။ အဲဒီ့နေ့ မနက်အာရုဏ်မှာ အဖွားက သူလှူခဲ့တာတွေ အားလုံးကို နောက်တစ်ခါ ရေစက်ချမလို့ စီစဉ်ထားတဲ့ အလှူရှိပါတယ်။ အဖွား ရေစက်မချလိုက်နိုင်ခဲ့ပါဘူး။ ဆုံးသွားတဲ့ အချိန်က မနက်ခင်း ၃ နာရီ ၁၅ မိနစ်လောက်မှာဆိုတော့ ဘယ်ကိုစပြီး ဖုန်းဆက်ရမယ်မှန်း မသိဘူး။ ဒါနဲ့ ခဏထိုင်ပြီး နားနေရင်း လုပ်ရမယ့် အလုပ်တွေကို အဖေနဲ့ တိုင်ပင်လိုက်တယ်။ ၄ နာရီမှာ ဘုန်းဘုန်းဆီကို အရင်ဖုန်းဆက်ဖြစ်တယ်။
“အရှင်ဘုရား တပည့်တော် အဖွားဆုံးသွားပါပြီ သက်ပျောက်ဆွမ်း အနေနဲ့ပဲ အလှူကို ဆက်လုပ်ပါ့မယ်ဘုရား” လို့ဘုန်းဘုန်းကို လျှောက်လိုက်ပြီးမှ သွားပင့်လိုက်ပါတယ်။ အဲဒီအချိန်မှာ အဖေနဲ့ အမေက ဆွေမျိုးတွေဆီ ဖုန်းတွေဆက် လုပ်စရာရှိတာတွေ ဆက်လုပ်နေပါတယ်။ ကျွန်တော် ဘုန်းကြီးကျောင်းကိုသွားပြီး ဘုန်းဘုန်းကိုသွားပင့်ပါတယ်။ တစ်လမ်းလုံး ကားမောင်းရင်း ဘာစကားမှ မပြောတော့ပါဘူး။ ဘုန်းဘုန်းကတော့ ဘယ်နှစ်နာရီဆုံးတာလဲ ဆိုပြီးမေးတယ်။ အဲဒါကိုပြန်ဖြေပြီးတော့ ဘာမှ ဆက်မပြောဖြစ်တော့ပါဘူး။ အိမ်ရောက်တော့ သက်ပျောက်ဆွမ်းကပ်ပြီး အဖွားမချ ရတဲ့ ရေစက်ကို ကျွန်တော်ချပါတယ်။ ဘုန်းကြီးကို ပြန်ပို့ရမယ့်အချိန်နဲ့ အဖွားရဲ့ ရုပ်အလောင်းကို လာသယ်မယ့် ယာဉ် လာမယ့်အချိန်က အံကိုက်နီးပါဖြစ်နေတယ်။ ကျွန်တော့ကို တစ်အိမ်လုံးက ဘုန်းဘုန်းကို ပြန်ပို့ပေးဖို့ပြောတယ်။ ကျွန်တော်ရှိနေရင် အဖွားရဲ့ ရုပ်အလောင်းကို သယ်ဖို့ခက်မှာ စိုးရိမ်လို့နေပါလိမ့်မယ်။ ဒါနဲ့ ကျွန်တော်လည်း ဘာမှ မပြောတော့ဘဲ ဘုန်းဘုန်းကို လိုက်ပို့ပေးလိုက်တယ်။ အပြန်လမ်းတစ်လျှောက်လုံး ကားကို အမြန်မောင်းလာပြီး အဖွားကို မသယ်သွားလောက်သေးပါဘူးလေ ဆိုတဲ့ အတွေးနဲ့ ပြန်လာခဲ့တယ်။ ကျွန်တော်ရောက်တော့ နိဗ္ဗာန်ယာဉ် ရောက်နေပါပြီ။ ကျွန်တော် အဖွားရဲ့ ရုပ်အလောင်းနားသွားပြီး ထိုင်ကန်တော့လိုက်တယ်။ ပြီးတော့မှ သွားတော့ဖွားရယ် သွားတော့နော်လို့ တိုးတိုးလေး ရေရွတ်နေမိတယ်။ ကျွန်တော် မငိုပါ မငိုမိပါ အဖွားစကားကို တစ်သက်နဲ့ တစ်ကိုယ် နားထောင်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဖွားကို တင်သွားတဲ့ နိဗ္ဗာန်ယာဉ်ကြီးထွက်သွားတော့ ရင်ထဲမှာ ဟာသွားပါတယ်။ အဲဒီမှာ အဖွားနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးတွေကို ပြန်စဉ်းစားမိပါတယ်။ သူ့အပေါ်မှာ ကျွန်တော်ဆိုးခဲ့သမျှ ဂျီကျခဲ့သမျှ အမြဲတမ်းသည်းခံတတ်တဲ့ ကျွန်တော့်ရဲ့ အဖွား။ ကျွန်တော့်အတွက်ဆို အမြဲတမ်း စိတ်ပူ စိတ်မချ ဖြစ်တတ်တဲ့ ကျွန်တော့်အဖွားကို ကျွန်တော် အပြီးအပိုင် ခွဲခွာလိုက်ရပါပြီ။ ဟင်းကအစ ကျွန်တော့်အတွက်ဆိုတာ အမြဲသီးသန့် လုပ်ပေးတတ်တဲ့ ကျွန်တော့် အဖွားရဲ့ ဂရုစိုက်မှုတွေကို ဒီတစ်သက်မှာ ကျွန်တော့် အမေက အစ မမှီပါဘူး။ ကျွန်တော့်မျက်နှာကို ကြည့်လိုက်တာနဲ့ ကျွန်တော်ဘာဖြစ်ချင်တယ် ဆိုတာ ဘာလုပ်ချင်တယ် ဆိုတာ ချက်ခြင်းသိတာ အဖွားတစ်ယောက်ထဲပါ။ သူသေသွားတာတောင် ကျွန်တော့် အတွက် သူ့ရဲ့ ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းတွေကို ပေးသွားခဲ့ပါသေးတယ်။ ကျွန်တော် အဲဒါတွေ လုံးဝမလိုချင်ပါဘူး။ ဖြစ်နိုင်ရင် ကျွန်တော့် အဖွားကိုပဲ ပြန်လိုချင်ပါတယ်။ ကျွန်တော့် ပိုင်ဆိုင်မှုတွေ ကျွန်တော့် ဥစ္စာပစ္စည်းတွေကို ပေးလို့ အဖွားသာ အသက် ပြန်ရှင်ခွင့် ရမယ်ဆိုရင် ကျွန်တော် လဲပစ်ချင်ပါတယ်။ အဖွားကို ပြန်အော်ခဲ့မိတဲ့ နေ့တွေ အဖြစ်အပျက်တွေကို ကျွန်တော် နောင်တရနေ မိပါတယ်။ ငါဘာလို့များ ပြန်အော်မိပါလိမ့်။ ပြန်ပြောမိပါလိမ့် ဆိုပြီး ခုထိ ပြန်ပြီး ဖြေသိမ့်လို့ မရပါဘူး။ ကျွန်တော့် တစ်သက်လုံးမှာ ကျွန်တော့် အဖွား ကျွန်တော့်ကို ကိုယ်ထိလက်ရောက် ရိုက်ဖူးတာ တစ်ကြိမ်ပဲ ရှိတယ်လို့ အဖွားကပြန်ပြောပြတယ် အဲဒါကလဲ ကျွန်တော် ၅ နှစ်သားလောက်က ဆိုးလွန်းလို့တဲ့။ အဲဒီလိုရိုက်တော့ ကျွန်တော်က ငိုလို့ သူနောက်ထပ်ဘယ်တော့မှ မရိုက်တော့ဘူး ရိုက်မိတဲ့ အဖြစ်ကိုလည်း ကျွန်တော့်ကို တစ်သက်လုံး တောင်းပန်လို့ မပြီးတော့ဘူး။ အခွင့်သင့်တိုင်း အဲဒီအချိန်က ရိုက်ချင်လို့ရိုက်တာ မဟုတ်ဘူးဆိုတာ ရှင်းပြရတာလဲ အမောပါပဲ။ ကျွန်တော် အိမ်ကို ဘယ်အချိန်ပြန်လာ ပြန်လာ ထမင်းပွဲ အဆင်သင့်နဲ့ စောင့်နေတတ်တဲ့ အဖွားပါ။ အဖွားဟာ သူနောက်ဆုံး ဝေဒနာ အလူးအလဲ ခံရတဲ့ အချိန်မှာတောင် ကျွန်တော့်ကို မမြင်စေချင်ဘူး။ ကျွန်တော့်ကို စိတ်မညစ်စေချင်ဘူးဆိုတာ အရမ်းကိုသိသာပါတယ်။ ကျွန်တော်လဲ အဖွားရဲ့ စကားကို နားထောင်ခဲ့ပါတယ်။ ကျွန်တော် လုံးဝမငိုပါဘူး။ မျက်ရည်တော့ကျမိပါတယ်။ မငိုခဲ့ပါဘူး။ တကယ်လို့ အခွင့်အရေးရှိပြီး ဆုတောင်းပြည့်မယ်ဆိုရင် ကျွန်တော့် အဖွားကို လူ့လောကကို နောက်တစ်ကြိမ် ပြန်ခေါ်ထားလိုက်ချင်ပါတော့တယ်။

Read More...

Thursday, November 8, 2007

ဖိုးဝမှာ ပျော်ပျော်ပါးပါး ဘလော့ဂ်လင့်တွေ ပေးမယ်

ဖိုးဝ ပေါ်တယ်တွင် မိမိတို့၏ ဘလော့ဂ် လိပ်စာများကို ဖော်ပြနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။ ပထမဦးစွာ www.phoewa.com ကိုသွားလိုက်ပါ။ အဲဒီမှာ Webdirectory ကိုတွေ့ရပါလိမ့်မယ်။ တွေ့ပြီဆိုရင် ၀င်လိုက်ပါ။ webdirectory ထဲရောက်သွားပြီ ဆိုရင်တော့ ညာဘက် အပေါ်နားလေးမှာ Submit a Website ဆိုတာလေးကို မြင်ရပါလိမ့်မယ်။ click နှိပ်ပြီး ၀င်လိုက်ပါ။ ပြီးရင် ကိုနှစ်သက်ရာ Category ကိုရွေးပါ။ မြန်မာ ဘလော့ဂ်ဂါများ မြန်မာဆိုဒ်များအနေနဲ့ Myanmar ဆိုတဲ့ folder ကို ရွေးရပါမယ်။ ရွေးလိုက်ပြီဆိုတာနဲ့ site ကို လင့်ပေးဖို့ form တစ်ခု ထွက်လာပါလိမ့်မယ်။ ** All fields are required လို့ဆိုတဲ့ အတွက် အားလုံးကို ဖြည့်ရပါမယ်။ Select a Sub-Category မှာ ဘလော့ဂ်ဆိုရင် ဘလော့ဂ်ကို ရွေးပါ။ ဒါမှမဟုတ် တခြားလင့်ဆိုရင်တော့ သက်ဆိုင်တဲ့ ကဏ္ဍကို ရွေးချယ်လိုက်ပါ။ ပြီးရင် ဖော်ပြထားတဲ့ အကွက်တွေမှာ ဖြည့်ပြီး Approval ကိုစောင့်နေရုံပါပဲ။ Link ပေးဖို့အတွက် ဖိုးဝရဲ့ Member ဖြစ်စရာ မလိုပါဘူး။ ခုပဲ သွားပြီး ခင်ဗျားတို့ရဲ့ ဘလော့ဂ်တွေ ၀က်ဘ်ဆိုဒ်တွေကို ဖိုးဝမှာ ထည့်သွင်းဖေါ်ပြလိုက်ပါ။ အော်မေ့လို့ တစ်ခုပြောရအုံးမယ် Site Description မှာမြန်မာလို ရေးသားဖော်ပြလို့ ရပါတယ်။ ဒါပေမယ့် စာလုံးရေ ၂၅၀ ထပ်ကျော်လို့ မရပါဘူး။ အားလုံး ပျော်ရွှင်ကြပါစေလို့။

Read More...

Wednesday, November 7, 2007

ကိုယ်တိုင်ဗျူး အပိုင်း(၄)

မသိစိတ်:ကဲ ကျွန်တော်တို့ လူမှုရေးလေးတွေနဲ့ ပြန်စလိုက်တာပေါ့ အကိုရယ်။ မေးချင်တာက အကို့ အနေနဲ့ ကုမ္ပဏီကြီးတစ်ခုလုံးကို ဦးစီးပြီး Run နေရတာဆိုတော့ အကို့ရဲ့ ပညာ အရည်အချင်းလေး တဆိတ်လောက်(ကဲ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းပေတော့ကွ)
သိစိတ်:(ဟာ ဒီကောာင်ငါ့ကို စပြီးဖဲ့တာပဲ သိသိကြီးနဲ့ နွှာတာကွာ ခက်ပြီ) အဟမ်း ကိုက သူများတွေလို အနောက်နိုင်ငံတွေမှာ သွားပြီး ပညာသင်တာ ဘာညာ မလုပ်ဖူး ညီရဲ့ ဟင်း ဟင်း ဟင်း ကိုက မျိုးချစ်စိတ်ရှိတယ်လေ (ဟိုသွားရင် ကိုယ့်ဘာသာ ရုန်းကန်ရမှာ ဒီမှာက အဖေအမေ ပိုက်ဆံ ထိုင်ဖြုန်းရုံပဲ ဟိ) ဒီမှာပဲ ဗမာပြည်မှာပဲ စာသင်လာခဲ့တာပေါ့ကွာ အဟက်ဟက်ဟက် ကျောင်းပြီးတာကတော့ စီးပွါးရေးနဲ့လေ သိတယ်မဟုတ်လား ကိုယ်တို့က စီးပွါးရေးသမားဆိုတော့ ဟင်း ဟင်း (ပြောရတာ ကောင်းလိုက်တာ အဟီး

မသိစိတ်: (ပြောရဲသေးတယ် ဆယ်တန်းတောင် မနည်း နပ်မှန်အောင် ဖြေရတဲ့ ကောင်က မျိုးချစ်စိတ်တဲ့ ထွီ GCE တွေဘာတွေ တက်တုန်းက စာမလိုက်နိုင်လို့ မဖြေဖြစ်ပဲ နေတာများ မသိတာကျ နေတာပဲ) အကိုက မျိုးချစ်စိတ်နဲ့ မသွားတာပေါ့လေ အင်း ဒါဆို အကိုက ဒီမှာ B.Com နဲ့ ပြီးတာပေါ့ ဟုတ်လား
သိစိတ်: B.Com မဟုတ်ဘူးကွ ညီရ B.A(Eco) ဟဲ ဟဲ အဝေးသင်လေ ကိုက အလုပ်က တစ်ဘက်နဲ့ ဆိုတော့ အဝေးသင်ပဲ တက်ခဲ့တာပါ အလုပ်များတယ်လေ ဟင်း ဟင်း ဟင်း နေ့ကျောင်း တက်ဖို့ အချိန်မရဘူး ညီရဲ့ (Day ဆို မချောင်ဘူး ဟီး အဝေးသင်က ၆ ပုဒ်ပေး ၃ ပုဒ်ဖြေ အောင်ပြီ ပြီးတော့ ဟဲ ဟဲ ရေကူးလို့ ရတယ်ကွ ငါဒီလောက် မတုံးဘူး အဟိ)

မသိစိတ်:ဟင် ဒါဆို အကို ခုလုပ်နေတဲ့ Portal တွေ ဘာတွေနဲ့ ပတ်သတ်ပြီး နည်းပညာပိုင်းကို ကျတော့ရော ဘယ်လို လေ့လာခဲ့တာလဲ
သိစိတ်:အော် ဒါလား သိပ်မခက်ပါဘူးညီရာ ကိုက ဥာဏ်ကောင်းတယ်လေ အဟင်းဟင်း သူငယ်ချင်းတွေကို မေးပြီး စာလေးဘာလေး ဖတ်တာပေါ့ ကွန်ပျူတာ တက္ကသိုလ်က ကောင်တွေတောင် ကိုယ့်ဆီ စာလာမေးနေရတာ ဟင်း ဟင်း ဟင်း အခြေခံက စပြီး ကိုက ကျေညက်နေခဲ့တာလေ နည်းပညာ ဘယ်လောက် တိုးတက်လာလာ ကိုက လိုက်နိုင်ပြီးသား intouch ဖြစ်တယ်ပေါ့ကွာ။ အဲဒါကြောင့်လည်း ခုထိ ကိုယ့်လုပ်ငန်းတွေ အောင်မြင်တာလေ ညီရဲ့(ဟဲ ဟဲ 1 0, 0 1 အစက ဟိုကောင်တွေ ပြောတော့ စိတ်ထဲမှာ ၂ လုံး ဂဏန်း ပေးနေတယ် မှတ်တာ ဟီး ဟိုလိုလေ R လို့ရတယ် မှတ်တာ)

မသိစိတ်: (ဘုရား ဘုရား ဒင်းက အခြေခံက စပြီး ကျွမ်းကျင်တာဆိုပဲ သူ့ဘော်ဒါတွေ ကြားရင် နားရင်းအုပ်ခံရမှာ မြင်ယောင်သေး) အကို အကျွမ်းကျင်ဆုံး ကိစ္စရပ်က ဘာလဲ သဘောကတော့ အကို့ ၀ှက်ဖဲပေါ့လေ
သိစိတ်:(၀ှက်ဖဲတဲ့ သူပြောမှ သတိရတယ် ဖဲမရိုက်ရတာတောင် ကြာပေါ့ အသုဘလည်း ဒီရက်ပိုင်း မကြားမိဘူး) အော် ကို့ရဲ့ အကျွမ်းကျင်ဆုံး အလုပ်ကတော့ Management ပေါ့ကွယ် ဗမာလို စီမံခန့်ခွဲမှုလို့ ပြောလို့ ရမယ်ထင်တယ် ဟင်း ဟင်း ဟင်း ကိုက စီမံခန့်ခွဲမှု အပိုင်းမှာ သူများထက် သာပြီးသားကိုး (စာရင်းကို လိမ်ပြီးပြ ပိုတာ ငါယူ) ဒါ့ကြောင့်လည်း ကို့ ကုမ္ပဏီမှာ ကို့ခြေရာ လက်ရာတွေပဲလေ ကို့ကို ယုံကြည်လို့ ပုံအပ်ထားတာလေ ဒီလောက်ဆို ညီလေး မှန်းမိမှာပါ (ဟိုကောင်တွေကတော့ ပြောသား မင်းအကျွမ်းကျင်ဆုံး အလုပ်က ဘီယာသောက်တာတဲ့)

မသိစိတ်:အကို့ရဲ့ နေ့စဉ် လှုပ်ရှားမှုလေးကို ပြောပြပေးပါအုံး
သိစိတ်:မနက်ဆို စောစောထရတယ်ညီ မနက် ၆ နာရီလောက်ပေါ့လေ (၆ ကို ဇောက်ထိုးလုပ်တော့ ၉ ဟီး) မနက်စာ စားသောက် ရေမိုးချိုး ဘုရားဝတ်ပြု အင်း ပြီးတော့ ရုံးသွားဖို့ပြင် ရုံးကို ၈ နာရီဆို ရောက်ပြီ (သူများတွေ ရောက်တဲ့ အချိန်ပြောတာ) ပြီးရင် တနေ့တာလုပ်ရမယ့် ကိစ္စတွေ အစည်းအဝေးတွေ အတွက် စီစဉ်တာပေါ့ နေ့လည် ၁၂ နာရီလောက်တော့ ထမင်းစားတယ် အင်း ခဏပဲစားတာပါ ပြီးတာနဲ့ ချက်ခြင်း အလုပ်ပြန်လုပ်ရတာ ညနေဆိုလည်း နောက်ကျမှ ပြန်တာလေ ညလည်း တော်တော်နဲ့ မအိပ်ရဘူး စာရင်းတွေ လုပ်ရသေးတယ် ညီရဲ့ (ဘောပွဲလောင်းထားတဲ့ စာရင်းတို့ ဘာညာပေါ့) အဲဒါ ကို့ တနေ့တာပါပဲ

မသိစိတ်: (အော် ဖြေပုံက သနားစရာ တော်တော် ကြိုးစားပမ်းစား ဖြေတယ် မသိတာကျနေတာပဲ) အကို ရှေ့ဆက်မယ့် ခြေလှမ်းတွေနဲ့ အနာဂတ် အတွက် အကို့ရဲ့ စိတ်ကူး ပုံရိပ်တွေကို သိခွင့်ရမလား
သိစိတ်:(ဘဲလေး ငါ့ကို ရေလည် သဘောကျသွားပြီ ဖြီးလိုက်မယ် လာထား) ကိုအခု လက်ရှိတာဝန်ယူထားရတဲ့ ကုမ္ပဏီကြီးကို ဒီ့ထက် ဒီ့ထက် ပိုပြီး တိုးတက်အောင် ကိုဆက်လုပ်သွားမယ်။ ကို့ ဘ၀အတွက် ကတော့ကွာ အားလုံး အဆင်ပြေ ချောမွေ့ပြီးသားပါ တနေ့နေ့ တချိန်ချိန် အသက်ကြီးလာရင် ကို ကမ္ဘာပတ်မယ် ညီလေး ကမ္ဘာပတ်မယ် (လန်းတယ်ကွာ GOOD)

ဆက်လက်ဖေါ်ပြသွားပါမည် . . . အပိုင်း (၅) မျှော် . . .

Read More...

Tuesday, November 6, 2007

What Kind of Blogger Are You?

You Are a Pundit Blogger!

Your blog is smart, insightful, and always a quality read.
Truly appreciated by many, surpassed by only a few


ကိုစိုးထက် ဆီက ကြည့်ပြီး လိုက်လုပ်ကြည့်တာ ခုမှ ကိုယ့်ဘာသာ ဘာကောင်မှန်း သိတော့တယ် အဟက်ဟက်ဟက် . . . ကဲ ကိုယ့်ဘာသာ သိချင်ရင် ဒီမှာ သွားလုပ်လဲရတယ် . . .

Read More...

အတွေ့ အကြုံများ (၃)

ဟား ဟား ဟား ဟား ကျွန်တော်ပျောက်သွားလို့ စိုးရိမ်နေကြတယ် ထင်ပ မစိုးရိမ်ကြလေနဲ့ ထုံးစံအတိုင်း တစ်ရာမှာ တစ်ယောက် ထူးထူးခြားခြားလေးတွေ ဖြစ်နေလို့ဗျို့ (ဘယ်သူမှလဲ စိုးရိမ်မည်မထင် မျက်စိနောက် သက်သာ သေးသည်ဟုသာ ထင်ကြမည် သို့သော် ကိုယ့်ဘာသာ အားပေးတာ ဘာဖြစ်လဲ ဘာဖြစ်လဲ)။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က စပြီး ကော်နက်ရှင်က ပျက်သွားတယ် အဲဒီ့ရက် မတိုင်ခင် ရက်တွေကကျွန်တော့်ရုံးမှာ မီးပျက်နေတယ်။ မီးကပျက်တာမှ ရုံးချိန်ဆို ကွက်တိပဲ။ အဲဒါနဲ့ ကျွန်တော်လဲ မီးစက်ပြန်ဆင်ရတာ ဘာညာနဲ့ အလုပ်က ရှုပ်သွားရော။ အဲ မီးစက်ရပြီဆိုတော့ ဖုန်းဗျာ ဖုန်းပျက်ပါလေရော ပျက်တာမှ အော်တိုကို မ၀င်တာ သေရော လုပ်စရာရှိတဲ့ Update တွေက တောင်လိုပုံနေတယ်။ ဖုန်းရုံးကို ဆက်တော့လာပြင်ပေးတယ် ဖုန်းလဲကောင်းသွားရော ကော်နက်ရှင် ပျက်သွားသတဲ့ သေပြီဆရာပေါ့ ကျွန်တော့်ဆီက ကလေးတွေကလဲ စိတ်ညစ်ကြတာပေါ့ သူတို့လဲ သိတယ်လေ ကော်နက်ရှင်သာမရတာ လုပ်ရမယ့်ဟာတွေက ရပ်ထားလို့မရဘူး Update လုပ်ရင်လဲ စုပြုံပြီး လုပ်ကြရမှာဆိုတော့ မသက်သာဘူးဆိုတာ တွေးမိကြတာပေါ့။ အင်း ကျွန်တော်က ခုကော်နက်ရှင် ပျက်တဲ့ ရက်မှာပဲ PR Manager တစ်ယောက်ခန့်ပြီး web အကြောင်း ဘာညာ သာရကာ ရှင်းပြ ကြော်ငြာတွေကောက် အဲဒါတွေလုပ်ဖို့လေ လူသစ်ခန့်ပြီးမှပဲ အလုပ်ကရပ်သွားတော့ ဘာလုပ်ရမယ်ကို မသိတော့ဘူး။ တနေ့က ည ၇ နာရီကစပြီး ကော်နက်ရှင်ပြန်ရပြီတဲ့ အားပါးပါး ဖုန်းတွေဝိုင်းဆက်ပြီး လုပ်လေဘာညာပေါ့ ပြောကြတော့ ဟဲ ဟဲ ဟဲ ထုံးစံအတိုင်းပေါ့ ကျွန်တော် တစ်ဦးထဲ ကော်နက်ရှင်မရဘူး ပြောတော့ ဘယ်သူမှ မယုံကြဘူး ရပါပြီတဲ့ အော် တကယ်ပြောတာ ရကိုမရတာ ရတယ်ဆိုတာ ခဏပဲ ပြီးရင် လုံးဝ ပြန်ချိန်လို့ကို မရတော့တာ။ ဖုန်းပျက်သွားတာဗျို့ ပြင်ခိုင်းတော့ လာပြင်တယ် သူတို့ ရှိတုန်းခဏပဲ ပြန်သွားတာနဲ့ ပျက်ရော ကျွန်တော်လဲ နေ့တိုင်းဖုန်းဆက်ပြီး ပြောတာပေါ့ သူတို့တော့မသိဘူး ကျွန်တော်ကတော့ နေ့တိုင်းဆက်ရတာ ကြာတော့ ရှက်လာတယ်။ မေးလိုက်ရင်တော့ စစ်ပြီးပြီတဲ့ ကဲ စစ်ပြီးပြီဆို ဘာလို့ Noise တွေရှိလဲ Auto ပျောက်ပျောက်သွားလဲ ဆိုတော့ သိဘူးတဲ့ ပြတ်ကရောပဲ။ လက်နက်ကြီး ပစ်ကူလိုလာတဲ့ သဘောပေါ့လေ။ ကျွန်တော်လည်း စိန်ပြောင်းလောက်နဲ့ ပစ်ပါတယ် မတိုးဘူးဗျ ခံတပ်ကောင်းတယ် အမြှောက်လောက်နဲ့ ဆော်မှ ရတော့မယ် ခုတော့ ၃ လုံးလောက် ပစ်လိုက်တယ် ကောင်းသွားမယ်ထင်တာပဲ ဒါမှ မကောင်းရင်တော့ နျူကလီးယားနဲ့ တွယ်ါ်ရမယ် ထင်ပါရဲ့ဗျာနော်။ ကဲ ကဲ ခင်ဗျားတို့ အသိထဲမှာ အဲလိုဖြစ်တဲ့လူရှိရင် ပြောပြလိုက်နော် အားမငယ်နဲ့လို့ zeRo တို့က ဒါမျိုးဖြစ်နေကြလို့ ရိုးတောင် နေပြီ။ တစ်ရာမှ တစ်ယောက် အသတ်ခံရမယ်ဆို ကျွန်တော် ထိပ်ဆုံးက ပါနိုင်တယ်။ အဲ ထီများပေါက်မယ့် ကံဆိုရင်တော့ တည့်တည့်ကြီးလွဲ။ ဒါနဲ့ စကားမစပ် ပြောပြရအုံးမယ် ကျွန်တော့်မှာ အစက DSL နှစ်လိုင်းဗျ တစ်လိုင်းက ရောင်းစားလိုက်ပြီ (ဆက်ပြီး မထားနိုင်ပါ ထမင်းတောင် အနိုင်နိုင် စားနေရတာကိုး)။ အဲဒီ့လိုပဲ တချို့ ပစ္စည်းတွေလဲ ရောင်းပေါ့။ ရောင်းစားလိုက်တိုင်း သူများလက်ထဲ ရောက်ရင် ကောင်းသွားတာချည်းပဲ။ သူငယ်ချင်း တစ်ယောက်နဲ့တောင် ပြောဖြစ်သေးတယ် "ငါ့လက်ထဲရောက် ဂေါက် ငါ့လက်ကလွတ် ဂွတ်" လို့ တကယ်ပါဗျာ အဲဒီ့အတိုင်းပဲ။ တော်သေးပြီဗျာ ကော်နက်ရှင်ရမှ ထပ်ပြီး ပွါးတော့မယ် ခုတော့ ဂလောက်ပဲ။

Read More...