Monday, August 27, 2007

ကျွန်တော့ နားပေါက်လေး

ကျွန်တော့အဖေ နဲ့ ကျွန်တော်က သူငယ်ချင်းပေါင်း ပေါင်းတာ။ ဘော်ဒါတွေလိုပဲ။ ပြောစရာရှိ ပွင့်ပွင့် လင်းလင်းပြောလို့ ရတယ်။ လောလောဆယ် ပြောပြချင်တာက အဖေနဲ့ ကျွန်တော့ရဲ့ ဆက်ဆံရေးတွေ အကြောင်းထဲက တစ်ခုပေါ့။ ကျွန်တော် ၈ တန်းနှစ်လောက်က နားပေါက်ဖောက်ချင်တာ။ အဲဒီတုန်းက နားပေါက်ဖောက်တာတွေ သိပ်ခေတ်စားတာကိုး။ အဖေက အဲဒီတုန်းက နိုင်ငံခြားရောက်နေတယ်။ အဲဒါနဲ့ အမေ့ကို ပြောတာပေါ့ အမေ သား နားပေါက်ဖောက်မယ်။ နားငြီးလာလို့နဲ့ တူပါတယ် ဆေးခန်းခေါ်သွားပြီး ဆရာဝန်ဆီမှာ နားပေါက် ဖောက်ခိုင်းလိုက်တယ်။ ဖောက်တာမှ တစ်ပေါက်မဟုတ်ဘူး နှစ်ပေါက် ဖောက်လိုက်တယ်။ တစ်ဖက် ထဲမှာပဲ နှစ်ပေါက် ဖောက်လိုက်တာ။ အိမ်ရောက်တော့ အဖွားကဆူရော (အဖွားဆိုတာ အမေ့ရဲ့ အမေပါ။ ကျွန်တော့ကို သိပ်ချစ်တာ ကျွန်တော်ကလဲ တအားချစ်တယ် နောက်မှ အဖွားနဲ့ ကျွန်တော့ရဲ့ အကြောင်းရေးပြမယ်။)။ ကလေးကို အလိုလိုက်ရမလားပေါ့ ကျွန်တော့ကိုလဲ မဆူစဖူး ဆူတယ်။ လုပ်စရာလားပေါ့။ ကျွန်တော်ကတော့ အေးအေးပါပဲ။ မသိချင်ယောင် ဆောင်ပြီး ကိုယ့်ဘာသာ တပ်မယ့် နားကပ်တွေ ထပ်ပြီး ရွေးနေတယ်။ အဖွားက စိတ်ဆိုးပြီးပြောတယ် နင့်အဖေနဲ့ တိုင်မယ်တဲ့။ အဲ နဲနဲ တော့ ဖြုံသွားတယ်။ တော်ကြာ အဖေက ကျွန်တော့ကို တင်းပြီး မုန့်ဖိုးတွေ ဘာတွေဖြတ်။ ဘာညာဆို နာပြီလေ။ ဒါပေမယ့် အဖွားရှေ့မှာတော့ မကြောက်ချင်ယောင်ဆောင်ပြ လိုကတယ်။ အေးဆေးပါ ဖွားရဲ့ အေးဆေးပါ ဆိုတော့ အဖွား ရေရေလည်လည် တင်းသွားတယ်။ တကယ်ပဲဗျာ အဲဒီညက အဖေက ဖုန်းဆက်တယ်။ အမေနဲ့ ပြောတယ် ကျွန်တော်လဲ လစ်ထွက်မလို့ လုပ်တုန်း အဖွားက နင် နေအုံး ဘယ်မှ မသွားနဲ့ ဆိုတော့ မသွားရတော့ဘူး။ ခဏနေတော့ အဖေနဲ့ အဖွားနဲ့ ဖုန်းပြောရော ပြီးတော့ ကျွန်တော့ အကြောင်းတွေ တိုင်ပြောရော။ မင့်သားတော့ ပြောလို့ဆိုလို့ ကိုမရဘူး ဘာညာပေါ့ ခုလဲ နားပေါက်ဖောက်ထားတယ် ကိုယ်ဘာသာ ကြည့်ပြောအုံးတဲ့။ မကြာပါဘူး အဖေက ကျွန်တော်နဲ့ ပြောမယ်တဲ့။ ဒါနဲ့ သွားပြောရတာပေါ့ မပြောဘူးဆို အပြစ်က ပိုကြီးမယ်လေ။ ကျွန်တော့ စိတ်ထဲမှာတော့ ငါတော့နာပြီ ဆိုပြီး ဘုရားတရင်း ဖုန်းသွားကိုင်တာ။ ဖုန်းကိုကိုင်လိုက်တော့ အဖေက “ဟေ့ကောင် မင်းနားပေါက်ဖောက်ထားတယ်ဆို” ဆိုတော့ ကျွန်တော်က “ဟုတ်တယ်ဖေ သားနားကပ် ပန်ချင်လို့ ပြီးတော့ နားပေါက်ဖောက်ရတာ သဘောကျလို့ဖေ သား နှစ်ပေါက်ဖောက် လိုက်တယ်” အဲဒီလိုလဲ ပြောပြီးရော အဖေက ထပ်မေးတယ် “ဟေ့ကောင် မင်း နားပေါက်ကို ဘယ်ဘက်မှာဖောက်တာလား ညာဘက်မှာ ဖောက်တာလား” တဲ့ “သား ဘယ်ဘက်မှာ ဖောက်တာ ဖေ ညာဘက်မဟုတ်ဘူး” လို့ပြောလိုက်တယ်။ အဲဒီတော့မှ ကျွန်တော့ အဖေက သက်ပြင်းချသံကြီးနဲ့ “အေး ဒီမှာ ဟေ့ကောင် မင်း မသေမချင်းမှတ်ထား ညာဘက်မှာ နားပေါက်မဖောက်နဲ့ ဘယ်ဘက်မှာပဲဖောက် ညာဘက်မှာဖောက်တာ အခြောက်တွေမှ ဖောက်တာကွ။ ဒီမှာဆို Gay တွေက ညာဘက်မှာ ဖောက်ကြတာ အေး အေး မင်း ဘယ်ဘက်မှာ ဖောက်တယ်ဆိုရင်လဲ ပြီးတာပါပဲကွာ ငါက ညာဘက်မှာ ဖောက်တယ်ထင်လို့ စိတ်ပူသွားတာ ပြီးရော ပြီးရော မင်းလိုချင်တဲ့ နားကပ်ရှိရင် ပြောလေ ပို့ပေးလိုက်မယ်”လို့ပြောတယ်။ ဟီး ကျွန်တော် ပျော်လိုက်တဲ့ ဖြစ်ချင်း။ အဖွားဘက်ကို လှည့်ပြီး လက်ညှိုးလေးနဲ့ ကရော် ကရော် လုပ်ပြီး ထွက်လာခဲ့တယ်။ အဖွားကတော့ နင့်အဖေ ဘာပြောလဲတဲ့ ဒါနဲ့ ပြန်ပြောပြလိုက်တော့။ အဖွားက “အမလေး အားပေး အားမြှောက်တွေ လုပ်နေကြတယ် အဆိပ်ပင် ရေလောင်းနေတယ်” ဆိုပြီး အော်ပါတော့တယ်။ အင်း အဲဒီ တစ်ကြိမ်ထဲ အဖွားက အဆိပ်ပင် ရေလောင်းတဲ့ ထဲမှာ မပါတာပါ။ ကျန်တဲ့ ကိစ္စတွေမှာတော့ ထိပ်ဆုံးက မြေသြဇာ ကျွေးခဲ့တာပါ။ ခုလိုပြောပြနေတာ အဖေ တို့ အဖွားတို့ နဲ့ ပတ်သတ်ပြီး ပျော်ရတာ ကြည်နူးရတာ လေးတွေ ထဲက တစ်စိတ် တစ်ပိုင်းလေးတွေပါ။ နောင် အလျည်းသင့် သလို ကျွန်တော့ မိသားစု အကြောင်းလေးတွေ ပြောပြပါ့မယ်။ ကျွန်တော်ဟာ မိသားစုကို အင်မတန် ချစ်တတ်တဲ့ သူပါ။ နည်းမျိုးစုံ နဲ့လည်း ဒုက္ခ ပေးဖူးပါတယ်။ ကျွန်တော့ မိသားစုထဲမှာ ကျွန်တော်က အဖွားပြော သလို အဆိပ်ပင်လေးပေါ့။ အဲဒီ အဆိပ်ပင်လေးက ခုတော့ အသီး အပွင့်တွေတောင် ဝေနေပါပြီ အဖွားကတော့ မရှိတော့ပါဘူး။ ကျွန်တော် အဖွားကို သိပ်လွမ်းပါတယ်။ သူမြေသြဇာ ကျွေးခဲ့တဲ့ အဆိပ်ပင်လေးဟာ ခုဆိုရင် သူ သိပ်ဖြစ်စေချင်တဲ့ စာရေးခြင်း စာဖတ်ခြင်း နဲ့ အတူ တောင်စဉ် ရေမရလေးတွေ လုပ်တတ်နေတာ ကို သိရင် သူ သိပ်သဘောကျမှာပါ။ နောက်မှထပ်ပြော ပြတော့မယ် ခုတော့ တော်သေးပြီ။ အင်းနောက်ဆက်တွဲ သတင်း အနေနဲ့ ခုတော့ ကျွန်တော့မှာ နားပေါက် တစ်ပေါက်သာ ကျန်တော့ ပါကြောင်း။

1 comment:

Htoo Myat said...

နှာခေါင်းမှာ ဖောက်ရင်တော့ လွတ်လောက်ပါတယ်နော်...