Monday, June 15, 2009

အဲဒီ့လိုနဲ့ သူ . . .


သား . . . မင်းဘယ်တော့ အလုပ်ပြန်လုပ်မှာလဲ
ဘာလဲ အဖေက ကျွန်တော့်ကို အခုပြန်ပြီး အလုပ်လုပ်စေချင်လို့လား အဖေပြောတော့ စိတ်ပြေအောင်နေဦးဆို . . .
မဟုတ်ပါဘူး မင်းကလဲ . . . ဘယ်တော့ ဘာလုပ်မယ်ဆိုတာ သိချင်လို့ပေါ့ကွာ . . .
မပြောတတ်သေးဘူး အဖေ . . . ကျွန်တော် စိတ်မရှင်းသေးဘူး . . .
မင်းတော့ ခက်တယ်ကွာ . . . စိတ်ထဲမှာ ဘာလို့ အဲဒီ့လောက် ခံစားနေသလဲကွာ . . .
မပြောတတ်ဘူးအဖေ . . . စိတ်ထဲမှာ အခုထိ မသက်သာသေးဘူး
ကလေးလဲ မဟုတ်တော့ဘူးကွာ အသက်ပဲ ၃၀ နားကပ်နေပြီကွာ
ကလေးမဟုတ်လို့ပေါ့ အဖေ . . . ကလေးဆိုလဲ ကောင်းသားပဲ လွယ်လွယ်မေ့သွားမှာ ဒါမျိုးလဲ ခံစားမှာ မဟုတ်ဘူး ဒါပေမယ့် အဖေမပူပါနဲ့ ကျွန်တော် တခုခုပြန်လုပ်မှာပါ . . .
မင်းထိုင်နေလို့ အားလုံးပြန်ရလာမှာတဲ့လား . . .
မသိဘူးလေ မပြောတတ်ပါဘူးဆိုနေ . . . ကျွန်တော် အဖေ့ကိုဘယ်လိုရှင်းပြရမလဲ . . .
ကဲ ထားတော့ကွာ . . . အဆင်ပြေအောင်နေ . . . ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်၊ သိပ်လဲသောက်မနေနဲ့ဦး ကိုယ်နဲ့တည့်တာမဟုတ်ဘူး . . .
သိပါတယ်အဖေ . . . သိပ်မသောက်ပါဘူး နည်းနည်းပါ တခါတလေပါ
အေးအေး ဒါဆိုလဲ ဒါပဲ
ဟုတ်အဖေ . . .

ဒီလိုနဲ့ သက်ပြင်းတချက်က ရင်ထဲ ထွက်ကျခဲ့ပြန်တယ်။ အဖေ့ကိုလဲ အားနာပါတယ်။ ထိုင်စားနေရုံတင်မဟုတ်ဘူး။ စိတ်ချမ်းသာသလို နေနေတာတောင် ဖြည့်ဆည်းပေးနေလို့။ နေပုံထိုင်ပုံကလဲ သင်းတယ်လေ ထင်သလိုနေတာ။ ပိုက်ဆံကုန်လဲ ကုန်ပြီလို့ တစ်ခွန်းပဲပြောတယ် အားလုံး အဆင်သင့်။ ဒါတောင် တခါတလေ မပြောဖြစ်ပဲ ထိုင်နေတတ်သေးတယ်။ အခုလဲ ခရီးတွေထွက်နေတာ သွက်သွက်ကိုလည်နေတာပဲ။ ဟိုနေရာသွားလိုက် ဒီနေရာသွားလိုက်။ ဘယ်အရာကမှ စိတ်ကျေနပ်မှု မပေးနိုင်သေးဘူး။ ဆုံးရှုံးတယ်ဆိုတဲ့ ဝေါဟာရက ခေါင်းထဲက မထွက်ဘူး။ တကယ်တော့ အားလုံးကို ဆုံးရှုံးသွားတဲ့ သူ့မှာ ဘာများပြန်ရစရာ ကျန်သေးလဲ။ ဘဝမှာ အလဲထိုးခံလိုက်ရတဲ့ ဒီတစ်ချီကတော့ တဆိတ်သိပ်ကိုပက်စက်လွန်းနေသလိုပဲ။ မောလွန်းလို့ မတွေးချင်တော့တဲ့ အထိပါပဲ။ မတွေးပဲနေသလားဆိုတော့လဲ မနေနိုင်ဘူး ပြန်တွေးနေမိတာပါပဲ။ ငါ ဘာလို့များ ဒီလောက်ဖြစ်ရတာလဲ ဒီလိုဖြစ်ရတာလဲ ဘာတွေများလဲဆိုတာ ထပ်တလဲလဲပေါ့။ မေမေရော အခုဘယ်လိုနေသလဲ သူ့ကို စိတ်ဆိုးနေသလား ဒါလဲ သိပ်တော့မဖြစ်နိုင် မေမေကသူ့ကိုတော်တော်ချစ်တာပဲလေ။ သိပ်ကိုတကိုယ်ကောင်းဆန်လွန်းနေမှန်း သူနားလည်ပေမယ့် ရင်ထဲက အပူက သူ့ကို ဆွဲချနေတုန်းပဲ။ ဒီမြေမှာ ဒီနေရာမှာ ဒီလူတွေနဲ့ သူ ဘယ်လိုများ ထပ်တွေ့ချင်ပါတော့မလဲ။ ဇာတ်လမ်းမပြီးမချင်း ပြုံးပြုံးလေးနဲ့ ရှင်းခဲ့တဲ့သူ့ကို အားလုံးက တော်တော်တော့ ဒူပေဒါပေခံတာပဲလို့ ထင်နေကြတယ်။ သိနေတယ်လေ အဲဒီ့ကထဲက လဲချင်နေတာ ဒါပေမယ့် တာဝန်ဆိုတာရှိသေးတော့ ကြံ့ကြံ့ခံခဲ့တယ်။ မပြိုအောင်ထိန်းခဲ့တယ်။ သက်ပြင်းတွေခိုးချခဲ့တယ်။ အပြုံးမပျက်ခဲ့ဘူး။ အားလုံးစိတ်ချမ်းသာအောင် လုပ်ပေးခဲ့တယ်။ အခုတော့ အားလုံး ပြီးခဲ့ပြီ သူလဲ မောပြီ။ အားလုံးနီးပါးရှင်းသွားပြီလို့ သိလိုက်တဲ့နေ့မှာပဲ သူပြိုလဲခဲ့တယ်။ အိပ်ယာထဲက မထနိုင်တာ ၃ ရက်။ အခန်းထဲကအခန်းပြင်လဲ မထွက်။ မေမေတောင်းပန်လွန်းလို့ သူအပြင်ခနလေးထွက်ခဲ့တယ်။ စိတ်ကတော့ မပါဘူး။ သူငယ်ချင်းတစ်ယောက်လာခေါ်တယ် အပြင်ခေါ်ထုတ်တယ် သူ့စိတ်က ကြည်လင်မလာတော့ဘူး။ ရီစရာတွေ့လဲ မရီနိုင်တော့ဘူး။ သူမောခဲ့ပြီ။ အခုထိလဲ မောတုန်းပါပဲ။ ပြန်တွေးလိုက်ရင် မနေ့တနေ့ကလိုပါပဲ။ အရာအားလုံးက မျက်လုံးထဲ မြင်နေစဲပါပဲ။ ပုံရိပ်တွေ မပျောက်ပျက်နိုင်ခဲ့ဘူး။ မဖျောက်ဖျက်နိုင်သေးဘူး။ တစ်ဘက်မှာတော့ အပြုံးတွေနဲ့ သူကျေနပ်ပေးခဲ့ရတယ်။ သူ့အတွက်ဘယ်သူက စာနာခဲ့သလဲ။ လျှော့လိုက်ပါတော့ သားရယ်တဲ့။ မေမေ့စကားတစ်ခွန်း သူ့မျက်ရည် ပေါက်ကနဲ ခုန်ထွက်ကျလာခဲ့တယ်။ အို . . . ယောက်ျားတန်မဲ့ ငိုနေခဲ့သလား။ သူမငိုပါ သို့ပေမယ့် မျက်ရည်တွေက ဖြိုင်ဖြိုင်ကျလို့။ အရာအားလုံးဟာ စနစ်တကျ သူ့မျက်ဝန်းထဲမှာ ရုပ်ရှင်ပြကွက်တွေလို ပေါ်နေစဲ တစ်ခုမှ မေ့မရခဲ့ဘူး။ ဒါပေမယ့် သူထားခဲ့ရတယ်။ သူထားခဲ့လိုက်တယ်။ အဲဒီ့လိုနဲ့ သူ . . .

မနက်မိုးလင်းတော့ မျက်လုံးက မပွင့်သေးဘူး ကုတင်ဘေးက ဆေးလိပ်ဗူးကို လက်ကရောက်နေပြီ။ ဆေးလိပ်တစ်လိပ်ထုတ်ရင်း ကွန်ပျူတာလှမ်းဖွင့်လိုက်တယ်။ သီချင်းတစ်ပုဒ်ဖွင့်တယ် ဆေးလိပ်သောက်လက်စနဲ့ မီးဖိုဘက်ထွက်ပြီး ကော်ဖီဖျော်တယ်။ ကော်ဖီသောက်ရင်း အခန်းထဲပြန်ဝင်လာတယ် သတင်းဖတ်တယ်။ ဆေးလိပ်တစ်လိပ် ထပ်သောက်တယ်။ ပြီးတော့မှ ရေမိုးချိုး အဝတ်အစားလဲ အပြင်ထွက်မယ် စဉ်းစားပြီး အပြင်ကိုထွက်။ အပြင်ရောက်တော့ သတိရသွားတယ် ဘယ်သွားရမှာလဲ။ အဖြေမရှိပြန်ဘူး။ ကဲကွာ . . . ရောက်ချင်ရာရောက် သဘောထားပြီး လျှောက်သွားနေလိုက်တယ်။ ဗိုက်ဆာတော့ တွေ့တဲ့ဆိုင်မှာ အာရုံရသလိုစား။ ညနေစောင်းတော့ ဟိုလူက ဖုန်းဆက် ဒီလူကဖုန်းဆက် ကိုင်ချင်ကိုင်တယ် မကိုင်ချင်ရင် မသိချင်ယောင်ဆောင်နေလိုက်တယ်။ ကြုံတဲ့လူနဲ့ စကားထိုင်ပြောလိုက် ဘီယာလေးသောက်လိုက်နဲ့ အဲဒီ့လိုနေနေလိုက်တယ်။ တနေ့ကတော့ အလုပ်အတွက် အစည်းအဝေးတစ်ခု သူသွားရတယ်။ အရင်လို မဟုတ်ဘူး။ လူက မတက်ကြွတော့ဘူး ဟိုအရင်တုန်းကဆိုရင် ဒါမျိုးကို ကြိုပြီးပြင်ဆင်လေ့ရှိတယ် အခုတော့ ဘာမှ မဟုတ်သလိုပဲ။ သူမလာလို့ မရဘူးဆိုတာ သိတယ်။ သွားမှရမယ်ဆိုတာ သိတယ်။ သွားတယ် အစည်းအဝေးမှာ ပြောတယ် မေးတယ် ဖြေတယ်။ ဒါတွေက လုပ်ခဲ့တဲ့ လုပ်ရိုးလုပ်စဉ်တွေဆိုတော့ မထူးဆန်း။ သူမူပျက်နေတာလဲ တစ်ဘက်လူ မသိ။ တခါမှ မမြင်ဘူးတော့ ဘယ်သိမလဲ။ သူ့ဘာသာ သိတယ်။ သူတို့လိုချင်တာမေးပြီး ပြန်လာခဲ့တယ်။ ကံကောင်းတာတွေလား ကံဆိုးတာတွေလား သူလဲ မပြောတတ်တော့ဘူး မသိတော့ဘူး။ မသိချင်တော့ဘူး။ ဖြစ်ချင်ရာသာ ဖြစ်ကွာဆိုတာ သူ့စိတ်ထဲမှာ ကြီးစိုးနေတုန်းပဲ။ နောက်တစ်ပတ်အစည်းအဝေးတဲ့ သူတို့လိုချင်တဲ့ အချက်အလက်တွေက ရှိပြီးသား ပြန်ရှာကြည့်လိုက်တယ် ပါလာတယ်။ စုပေးထားလိုက်တယ် အီးမေးလ်ပို့ပေးလိုက်တယ်။ ဒီတခါ မေးခွန်းတွေ မေးသူက သူဖြစ်နေပြီ။ သူသိချင်တာတွေကို တရစပ်မေးပစ်လိုက်တယ်။ ပြန်ချိန်းပြန်တယ်။ သူသိပါတယ်။ အဆင်ပြေတော့မယ်ဆိုတာ ခက်တာက သူမလုပ်ရဲတာလား မလုပ်ချင်တာလား ဘာမှန်းမသိတော့တာပဲ။ မလုပ်ရဲတာတော့ မဖြစ်နိုင် မလုပ်ချင်ဖြစ်နေတာတော့ ဖြစ်နိုင်တယ်။ တက်ကြွချင်တယ် တက်ကြွလို့ မရဘူး ဖြစ်နေတယ်။ စိတ်က ဒုံရင်းကဒုံရင်းပဲ ကဲ ကြိုးစားပြီးပြင်မယ်ဆိုပြီး ပြင်တယ် မရဘူး အတိတ်က သူ့ကိုခြောက်လှန့်နေတယ်။ အဲဒီ့လိုနဲ့ သူ . . .

5 comments:

ကောင်းကင်ပြာ said...

ခုဖြစ်နေတာလား၊ ဖြစ်ခဲ့ ပီးပီလား၊ ပီးခဲ့တာဆို မေ့ထားစေချင်ပါတယ်၊ ကိုယ်တိုင်ကြုံတွေ့ဘူးသူမို့ ကိုယ်ချင်းစာပါတယ်၊ အတိတ်က အရိပ်ကို ရအောင်မေ့ဖျောက်နေသူ တယောက်ပါ၊ ရောက်နေတဲ့ နေရာကနေ အသစ်စလိုက်ပါ၊ နောက်ဆံတင်းစရာလဲ ဘာမှ မရှိလောက်ဘူး ထင်ပါတယ် ၊ ဆရာလုပ်တယ်မထင်ပါနဲ့နော်

Unknown said...

wow..good writing.. cheers.

ခင်မင်းဇော် said...

ဘာထပ်ဖြစ်ပြန်သတုန်းးးး သတင်းပို့ပါဦးဟ

Anonymous said...

hello... hapi blogging... have a nice day! just visiting here....

ARO GERALDES said...

Myanmar friends, I'm argentine sport journalist and I'm looking for a Myanmar football blog. If you know one, please, write to contact the blogger.
Best regards from Buenos Aires
Pablo
International football journalism