Monday, June 30, 2008

ကပ္ပိယတစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင် (၂)


ဘုန်းကြီးနောက်လိုက်ရတာ ကောင်းတော့ကောင်းပါရဲ့ အဆင်မပြေတာတွေလဲ ရှိပါရဲ့ ခံစားချက်ကတော့ မျိုးစုံပါပဲ။ ကျွန်တော် ဆရာတော်နောက်လိုက်တာ ကုသိုလ်တော့ အတော်ရတယ်ဗျ။ ဗမာပြည်က ထင်ရှားပေ့ဆိုတဲ့ ဆရာတော်ကြီးတွေကိုလည်း အေးအေးဆေးဆေး ထိပ်တိုက်ဖူးရတယ်။ လူအများကြီးနဲ့ မဟုတ်တော့ သိပ်အေးချမ်းတာပဲ။ ပြီးတော့ ဆရာတော်ကြီးတွေရဲ့ သြဝါဒတွေကိုလည်း နားထောင်ရတယ်။ အဲလို အချိန်ဆိုရင်တော့ ကိုစိုးထက်ကို စိတ်ထဲကနေ ခနခန ကျေးဇူးတင်ကြောင်း ပြောမိတယ်။ ဟုတ်တယ်လေ ဆရာတော်ကြီးတွေကို အဲဒီ့လို ဖူးတွေ့ခွင့်ရဖို့ သိပ်မှ မလွယ်တာ။ နာမည်ကြီးလေ ပိုဆိုးလေပဲ။ သူတို့မှာ အချိန်နည်းပါးကြတာကိုး။ အလုပ်ကလည်း အလွန်များကြတော့ ဝင်တွေ့ဖို့ရာ ခက်တာပေါ့။ ခုတော့ ဆရာတော်နောက် ကပ္ပိယအနေနဲ့လိုက်ရတော့ တွေ့ရတာ ဖူးရတာ အဆင်ကိုပြေလို့ ဆရာတော်ကလည်း မောင်ရင် ဟိုဟာလေးကပ် ဒီဟာလေးကပ်ဆိုပြီး ကပ်ခိုင်းတော့ အလိုလိုနေရင်းကို ပိုပြီးကုသိုလ်တွေရတာပေါ့လေ။

ဘုန်းကြီးနဲ့ ခရီးရော သွားဖူးကြသလား။ ဝိနည်းနဲ့ အညီနေတဲ့ ဘုန်းကြီးနဲ့ ခရီးသွားရတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူး။ စပယ်ရှယ်တိုင်ပတ်တယ်။ အသက်ရှူပါကျပ်တယ် တခါတခါ တကယ်ပြောတာ။ ဒီတစ်ခေါက် (ဒုတိယအကြိမ်မြောက်) ပြန်ကြွလာတော့ ဆရာတော်နဲ့ ခရီးတွေ တော်တော်များများလိုက်ဖြစ်တယ်။ ကျွန်တော် မပါတဲ့ ခရီးကို မရှိဘူး။ ဘုန်းကြီးကလည်း ကျွန်တော်မပါရင် ဘယ်မှ မသွားဘူး ဟုတ်တယ်လေ သူလည်း ကပ္ပိယမပါရင် တိုင်ပတ်တယ်။ သွားတဲ့ ခရီးတွေထဲက တစ်ခုကို ပြောပြမယ်။ နားထောင် . . .

ကယ်ဆယ်ရေးကိစ္စတွေ ပြီးတော့ ကျိုက်ထီးရိုး၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက်ခမီ ခရီးစဉ်ကို စီစဉ်ခိုင်းလို့ စီစဉ်ရတယ်။ ဘုန်းကြီးနဲ့ အတူ နိုင်ငံခြားသား ဧည့်သည် ၃ ယောက်လဲပါတယ်။ ကျွန်တော်ရယ်၊ ဘုန်းကြီးအကိုရယ်၊ ကျွန်တော့်ဘော်ဒါ သူကြီးရယ်၊ ဘုန်းကြီးကျောင်းသားတစ်ယောက်ရယ်၊ နိုင်ငံခြားသား ၃ ယောက်ရယ်၊ ဘုန်းကြီးရယ် အားလုံးပေါင်း ၈ ယောက် ကား ၂ စီးနဲ့ ထွက်လာခဲ့တယ်။ ကံကောင်းချင်တော့ ဘုန်းကြီးရယ် နိုင်ငံခြားသား စုံတွဲရယ်က တည်းတဲ့ ဘုန်းကြီးကျောင်းက ကားနဲ့ သွားတယ် ကျွန်တော်တို့က နောက်ကနေပြီး ကိုယ့်ကားနဲ့ကိုယ် လိုက်တယ်။ ၄ ယောက် ၄ ယောက်စီ အေးဆေးပေါ့။ ကားပေါ်မှာ နိုင်ငံခြားသား တစ်ယောက်ပါတယ်။ အဲဒီ့ကောင်က ကုလား။ ကျွန်တော်တို့နဲ့တော့ အတော်ခင်နေပါပြီ။ လူငယ်ပိုင်းဆိုတော့ ပေါက်ကရ ပြောနေကြ။ သို့ပေမယ့် လဒက သက်သက်လွတ်သမား သူ့အတွက်တော့ စီစဉ်ရတာ ပင်ပန်းတယ်။

ခရီးထွက်ကထဲက ကျွန်တော် ပျော်နေတာ ဘာလို့လဲဆိုတော့ ကျွန်တော့်တသက်နဲ့တကိုယ် ကျိုက်ထီးရိုးမရောက်ဖူးလို့လေ။ တကယ်ပြောတာ အသက်ကဖြင့်ကြီးနေပြီ တခါမှ မရောက်ဖူးဘူး။ သွားမယ်လို့ စီစဉ်တိုင်းလဲ ပျက်တယ်။ ခုတော့ ရောက်ရတော့မယ်ဆိုပြီး ပျော်နေတာ။ နေ့ဆွမ်းစားပြီးထွက်လာတာ စိမ်းလဲ့တင်ရောက်တော့ ညနေဖြစ်နေပြီ။ အဲဒီ့မှာ စီစဉ်ပေးမယ့် ပုဂ္ဂိုလ်က နောက်ကျနေပြီ မိုးကလည်းသဲနေပြီ နက်ဖန်မှ တောင်ပေါ်တက်ပါဆိုလို့ စိမ်းလဲ့တင်မှာပဲ တစ်ညအိပ်ဖို့ ပြင်ရတော့တယ်။ ဒါနဲ့ အိပ်ခန်း ၄ ခန်းယူလိုက်တယ်။ ကျွန်တော်နဲ့ သူကြီးက တစ်ခန်း၊ ဆရာတော်နဲ့ ကုလားက တစ်ခန်း၊ တရုတ်လင်မယားက တစ်ခန်း၊ ဆရာတော် အကိုနဲ့ ကျောင်းသားက တစ်ခန်း။ အားလုံးကို အိုကေလို့။ ကျွန်တော်လည်း စိမ်းလဲ့တင်ဆိုတော့ အေးဆေး အနားယူလိုက်တယ်။ မနက်ကျတော့ တိုင်က နဲနဲပတ်ချင်နေပြီ။ ဘုန်းကြီးက နိုးနေပြီ။ ကျွန်တော်တို့က မနိုးသေးဘူး။ အိပ်ကောင်းတုန်း။ ဒါနဲ့ ၆ နာရီလောက်မှာ ဇွတ်ထပြီး ဘုန်းကြီးဘာလိုလဲ ထွက်မေးတယ်။ ဘုန်းကြီးက ဘာမှ ပြန်မပြောတော့ ခပ်တည်တည်နဲ့ အခန်းပြန်ဝင်ပြီး အိပ်နေလိုက်တာ ၇ နာရီလောက်ရောက်တော့ လာနှိုးကြရော။

မထလို့လဲ မရတော့ဘူး အားလုံးက အဆင်သင့်ဖြစ်နေပြီ။ ကိုယ်တွေ နှစ်ယောက်ပဲကျန်တော့တာ ဒါနဲ့ထပြီး ဝါးတီးဆွဲ ပြီးတော့ တောင်ပေါ်တက်ဖို့လုပ်ရတာပေါ့။ ၈ နာရီလောက်မှာ တောင်ပေါ်ကို ကားနဲ့တက်တယ် သိပ်မကြာဘူး တောင်ပေါ်ရောက်သွားတယ်။ တစ်လမ်းလုံးလဲ အဆင်ပြေတယ်။ ကျွန်တော့်အတွက်ကတော့ အတွေ့အကြုံအသစ်ဆိုတော့ ပျော်နေမိတယ်။ တောင်ပေါ်ရောက်တော့ ဘုရားဝတ်ပြုကြတယ်။ တခါမှ မရောက်ဖူးတော့ ကျိုက်ထီးရိုးရဲ့ အလှအပက ကျွန်တော့်ကို ဖမ်းစားသွားတယ်။ ဓါတ်ပုံလိုက်ရိုက်တာကတော့ လျှပ်စီးလက်သလား မှတ်ရတယ်။ တိမ်တွေကြားထဲ ရောက်နေတော့ ကိုယ့်ဘာသာ အရှင်လတ်လတ် နတ်ပြည်ရောက်နေတယ်လို့တောင် ထင်မိသေးတယ်။ ဘုန်းကြီးက ကျိုက်ထီးရိုးရဲ့ ထူးခြားချက်တွေကို လက်တွေ့ပြပေးတယ်။ နိုင်ငံခြားသားတွေရော ကျွန်တော်ရော ပျော်နေကြတာပေါ့။ ပြီးတော့ ဝါးတီးတိုင်းမ် ရောက်နေပြီ စီစဉ်ပေးတဲ့ ပုဂ္ဂိုလ်က ဒီနေရာတော့ အတော်ဖျင်းတယ်။ ၁၂ နာရီကထိုးတော့မယ် ဘာမှ မစီစဉ်ရသေးဘူး။

နေ့ဆွမ်းကပ်ချိန်က ကျော်တော့မယ် ကျွန်တော်လည်း ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားနေတာနဲ့ ခေါင်းပူနေပြီ။ ဟိုလူကိုမေးတော့ လုပ်နေတယ်ခင်ဗျတဲ့။ ဘုန်းကြီးက လှည့်ကြည့်တော့ ကျွန်တော်လည်း ကြံရာမရတာနဲ့ နားနေဆောင်ထဲ ခေါ်သွားပြီး သီတင်းသုံးခိုင်းလိုက်ရတယ်။ ကဲ ၁၂ နာရီကျော်ရင် ကိုယ်တော်တော့ တိုင်ပတ်သွားမယ်။ သိရင်လည်း ဆွမ်းကဘုန်းတော့မှာ မဟုတ်ဘူး။ ကိုယ့်ဘုန်းကြီး ဆွမ်းတနပ်ငတ်မယ့် အရေး မတွေးရဲအောင်ပဲ။ ခရီးတွေက တောက်လျှောက်သွားနေရတာ။ ဒီလို စဉ်းစားနေရင်း ကျောင်းသားနဲ့ တိုင်ပင်လိုက်တယ် နာရီလှည့်လိုက်မယ်ဆိုပြီးတော့ပေါ့ ဒုက္ခရောက်ခြင်းရောက် ကိုယ်တွေရောက်ပေါ့ ဘယ်တတ်နိုင်မတုန်း။ ကပ္ပိယဆိုတာ ဒီလိုပဲ တခါတခါလုပ်ပေးရတတ်တယ်။ နာရီလှည့်တယ်ဆိုတာ သိကြလား။ မသိရင် ပြောပြမယ် ၁၂ နာရီ ထိုးမယ်ဆိုတာ သိပေမယ့် ဘုန်းကြီး မသိအောင် မမြင်အောင် ခိုးပြီး နာရီကို နောက်ပြန်လှည့်ထားတာ ဘုန်းကြီးမေးရင် လှည့်ထားတဲ့ အတိုင်းလျှောက်ရတာ ဒါမှ ကိုယ်တော်က ဘုန်းလို့ရမှာလေ။

နာရီလှည့်ပြီးတော့ နိုင်ငံခြားသားတွေကို သွားခေါ်ပြီး ထုတ်ရသေးတယ်။ အပြင်မှာနေဆိုပြီးတော့ပေါ့။ တော်ကြာ ဒင်းတို့က လျှာသွားရှည်ရင် အကုန်ရှုပ်ကုန်မှာစိုးလို့။ ၁၂ နာရီ ထိုးခါနီးလောက်မှာ ဆွမ်းပွဲအသင့် ဖြစ်သွားတယ်။ ဒါနဲ့ ဘုန်းကြီးကို ဆွမ်းကပ်ပြီး ကိုယ်တွေက အပြင်မှာ ငုတ်တုတ်လေးတွေပေါ့။ ဘုန်းကြီးပြီးတော့မှ လူတွေအလှည့်။ ဒီကြားထဲ နိုင်ငံခြားသားတွေက မေးသေးတယ် ဘယ်တော့ ဝါးတီးလဲတဲ့။ ဖြေရသေးတယ် လာမယ် ကြာမယ် ခနစောင့် မစောင့်နိုင်ရင် ရေသောက် ပါးစပ်ပိတ် အေးအေးနေ။ ဒါပဲလေ ဟုတ်ဘူးလား ကျွန်တော်လည်း ဆာတာပဲ။ သူတို့မှ ဆာတတ်တာမဟုတ်ဘူး။ ဘုန်းကြီးပြီးတော့ ကိုယ်တွေအလှည့် ကိုယ်တွေ ဝါးတုန်းရှိသေးတယ် နောက်ထပ် နိုင်ငံခြားသားနှစ်ယောက် ဧည့်ခန်းထဲ ရောက်နေသံကြားလို့ ဘုန်းကြီးနား ပြေးကြည့်တော့ ဆရာတော်က ဟေ့ကောင်သူတို့ကိုပါ ခေါ်ကျွေးလိုက်တယ်။ ဟိုက် ငတ်ပြီ ဒီမှာက ကိုယ်တာက ကွက်တိနီးပါး။ အဲဒီ့နှစ်ယောက်က ကားပေါ်မှာ ခင်ခဲ့တဲ့ အမေရိကန်နှစ်ယောက်။ မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်။ ကဲ မထူးပါဘူးလေဆိုပြီး ခေါ်ကျွေးလိုက်တယ်။

စားတယ်ဗျာ ဒင်းတို့ကလည်း ဘာမှ မရှိတာကို ဖြစ်သလိုစားသွားတယ်။ ကိုယ်တွေလည်း ရှယ်ယာနည်းတော့ သိပ်မတွယ်လိုက်ရဘူး။ ဆိုင်ကို ထပ်မှာနေရင်လည်း ထပ်သွားရမယ့် ခရီးစဉ်နဲ့ ကြာသွားမှာစိုးတော့ ငြိမ်နေလိုက်ရတယ်။ ဒီကောင်တွေကလည်း ကျွန်တော့်ကို ဘာထင်တယ် မသိဘူး။ ဘယ်နိုင်ငံကလဲတဲ့။ ဗမာပဲလို့ပြောတော့ သိပါဘူးတဲ့ နိုင်ငံခြားကပဲမှတ်နေတာတဲ့။ (သွားသမျှခရီး အားလုံးနီးပါးတွင် ကျွန်တော့်ကိုသာ နိုင်ငံခြားသားမှတ်ပြီး ခနခန ပိုက်ဆံ အကောက်ခံရပါကြောင်း ဤကားစကားချပ်) ဒီလိုနဲ့ သူတို့နဲ့ ကျွန်တော် လိပ်စာကဒ်တွေလဲ စကားတွေပြောပြီး ဝါးတီးကိစ္စပြီးသွားတယ် တကယ်တမ်းတော့ ကျွန်တော်တို့တွေ ဗိုက်မဝကြသေးဘူး။ မဝလဲ မရတော့ဘူး တောင်အောက်ကို ဆင်းရမှာ ပြီးရင် မော်လမြိုင်ကို ဆက်ဒိုးရမှာဆိုတော့။ အူနှိပ်ပြီး ပြန်လာခဲ့ရတယ်။

ကဲတောင်အောက်ကို ဆင်းတော့ ရသေ့တောင်မှာ ကားပြောင်းစီးဖို့လုပ်ကြတယ်။ အဲဒီ့မှာလည်း စီစဉ်တဲ့ ပုဂ္ဂိုလ်ဘယ်လိုလုပ်သလဲတော့ မသိဘူး။ ကွိုင်က တက်နေပြန်ရော ကျွန်တော်တို့က ၈ ယောက် နောက်တစ်ဖွဲ့လည်း ၈ ယောက် တောင်အောက်ကို ဆင်းကြမှာ။ ရာသီချိန်မဟုတ်တော့ ကားကပုံမှန် မရှိဘူး။ စင်းလုံးငှားရမှာ။ စင်းလုံးငှားတော့ ဘာဖြစ်သလဲ ငှားပေါ့။ အဲဒါကို အနှီပုဂ္ဂိုလ် ဘယ်သို့လုပ်လိုက်သည်မသိ ကားဂိတ်မှာ နောက်အဖွဲ့နဲ့ ငြိပါလေရောလား။ ဘုန်းကြီးကိုတော့ လက်ဘက်ရည်ဆိုင်မှာ ခနသီတင်းသုံးခိုင်းထားလိုက်တယ်။ ကျန်တဲ့ လူတွေလဲ လက်ဘက်ရည်သောက်ပေါ့ ကျွန်တော့်မှာသာ ဟိုပြေးဒီပြေးလုပ်နေရတာ။ ကြာလာတော့ ဘုန်းကြီးက ခေါ်မေးတယ် ဟေ့ကောင် ဆင်းမယ်လေတဲ့။ တင်ပါ့ တပည့်တော် သွားကြည့်လိုက်မယ်လို့ ပြောပြီး ထွက်ခဲ့ရတယ်။ လူအုပ်ကြီးနားရောက်တော့ ဒေါသထွက်နေတဲ့ ကျွန်တော့်ဘော်ဒါ သူကြီးရယ် စီစဉ်သူ အူကြောင်ကြောင် ဘဲကြီးရယ် မျက်နှာတွေက မသာမယာနဲ့။ ဒါနဲ့ ဘာဖြစ်တာလဲမေးတော့ ဟိုဘက်ကလူတွေကို ညှိတာတဲ့ တစ်ယောက်တစ်ဝက်လို့ ပြောတာ ဒင်းတို့က မပေးဘူးတဲ့။ ကျွန်တော်က ကားခ ဘယ်လောက်တုန်းလို့ မေးတော့ ၆၅၀၀၀ ကျပ်တဲ့။ သူတို့ ဘယ်လောက်ပေးလဲဆိုတော့ ၂၀၀၀၀ ကျပ် ပေးမယ်ပြောတယ်တဲ့။ သက်သက်လူပါးဝတာတဲ့။ ကဲ ထားလိုက် ငါကြည့်ရှင်းမယ်လို့ ပြောပြီး သူတို့ကို နောက်ဆုတ်ခိုင်းလိုက်တယ်။ဟိုဘက်အဖွဲ့က ခေါင်းဆောင်လုပ်တဲ့ လူက တရုတ်တစ်ယောက်။ ကျွန်တော့်ကို တွေ့တော့ ညီးပြတယ် သူတို့ပိုက်ဆံတွေ တော်တော်ကုန်နေလို့ ခင်ဗျားတို့ ပိုခံလိုက်တဲ့။ ပြောပုံက အထက်စီးဆန်တယ် ကျွန်တော် အစကတော့ သီးခံပြီး စိုက်ပေးမလို့ပါ စကားပြောသံ မကြိုက်တာနဲ့ ပုံစံပြောင်းလိုက်တယ်။ ဂိတ်ကလူကို ခေါ်လိုက်တယ်။ ကဲ ကျုပ်တို့ဆင်းမယ် ကားစင်းလုံး ငှားရင်ဘယ်လောက်လဲပြောဆိုတော့ ဂိတ်ကလူက ၆၅၀၀၀ ကျပ်တဲ့။ ဟုတ်ပြီပေးမယ် ဆင်းမယ်လို့ပြောတော့။ ခုနက တရုတ်က ခင်ဗျား အကုန်ပေးမှာလားတဲ့။ ဟုတ်တယ်ပေးမယ်လို့ပြောလိုက်တော့ ကျွန်တော်တို့ကိုရော ခေါ်မှာလားတဲ့။ ခပ်ပြုံးပြုံးပဲပြောလိုက်တယ် မခေါ်ဘူးလို့။ သူအဲဒီ့မှာတင် ရှူးရှူးရှဲရှဲဖြစ်သွားတယ်။ ကျုပ်လဲ ပိုက်ဆံတတ်နိုင်တယ် ပေးမယ်ဆိုပဲ။ ဒါနဲ့ ကျွန်တော်က ခင်ဗျားဘာသာ ငှားစီးလေ ဒါဆိုလဲဆိုတော့။ သူခက်သွားတယ် ခက်မှာပေါ့ ဂိတ်ကို ကျွန်တော်တို့ အရင်ရောက်တာ ကားက တစ်စီးထဲ သူငှားနိုင်ရင်တောင် တောင်အောက်က ကားလာတဲ့ အထိစောင့်ပေတော့။ တရုတ်ငြိမ်သွားတယ် ကျွန်တော် လိုက်ပါရစေတဲ့ တဝက်ခံပါ့မယ်တဲ့။ ကဲဒါဆိုလဲ သွားမယ်လာခဲ့ဆိုပြီး ညှိလိုက်မှ ပြီးတော့တယ်။ ဘုန်းကြီးက ပြီးတော့ မေးတယ် မင်းတို့ဘာတွေ ဖြစ်နေတာတုန်းတဲ့ ဘာမှ မဟုတ်ဘူး ဘုရား တပည့်တော်တို့ သူ့ကို တရားပေးနေတာပြောတော့ ဆရာတော်ပြုံးသွားတယ်။ သူသိပါတယ် ကွိုင်တက်သွားတယ်ဆိုတာ။ ဘာမှတော့ ဆက်မမိန့်ဘူး။ သွားကြစို့လို့ပဲပြောတယ်။

ဒီလိုနဲ့ တောင်အောက်ရောက်တော့ ကဲ မော်လမြိုင်ဆက်မယ်တဲ့။ သေပြီပေါ့ ဗိုက်ကဆာနေတုန်း ဘာမှ ထပ်မစားရတော့ဘူးဆိုတော့ လူတွေက အီလည်လည်နဲ့ တိုင်ပတ်ပြီး လိုက်သွားကြရတယ်။ လမ်းမှာလည်း ကားရပ်ပြီး စားလို့မရဘူး။ ဆရာတော်က ကား၂စီးကို ကပ်ရပ်မောင်းခိုင်းတာ ကျန်ခဲ့ရင် စောင့်ခိုင်းတယ်။ ကျွန်တော့်မှာတော့ အူခေါက်နေပြီ။ တော်သေးတယ် ဒါတောင် ဒီအကြောတွေ သိနေလို့ ပေါင်မုန့်ထုပ်လေးဝယ်ပြီး ဆောင်ထားလို့။ အစာပြေလေး ရေနဲ့ မျှောလိုက်ရသေးတယ်။ ကဲ အခုတော့ ဒီလောက်ပဲပေါ့ဗျာနော် နောက်မှ ထပ်ရေးမယ်။ :D

6 comments:

စိုးထက် - Soe Htet ! said...

ဒါက ကပ္ပိယ သင်ခန်းစာ (၂) ပဲ ရှိသေးတယ် ... :P

mgthonnya said...

ပေါင်မုန့်ကပေးတဲ့ အားလေးနဲ့ ကပ္ပိယတစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင် (၃) ဆက်ဆွဲလိုက်တော့အစ်ကိုကြီးရေ :P

မွန် said...

မွန်လဲဗိုက်ဆာရင် အားကြီးစိတ်ဆိုးတယ်

ဘလူးဖီးနစ် said...

အဟီး..အစားကြီးတဲ့ ကိုဇီးရိုးတော့ ခက်နေပါပေါ့ဗျာ။ ဒီလိုလုပ်ဗျာ ကိုစိုးထက်လာလည်ရင် ကိုဇီးရိုးက ဘုန်းကြီးကောက်ဝတ်ပြီး သူ့ကို ကပ္ပိယ ပြန်လုပ်ခိုင်း လေ။ မကောင်းဘူးလား ဟီး..

kay said...

လာဖတ်တယ် ကိုသုည.. Reader ထဲလည်း မ၀င်တော့.. အသစ်တွေလွတ် ၂သွားတယ်။
အဟဲ.. နိုင်ငံခြားသားထင်ပီး..ပိုက်ဆံ ကောက်ခံ ရတယ်ဆိုတော့..ကုလား ကြီး နဲ့တူတယ်ထင်တယ်။

Unknown said...

မပူနဲ့ နောက်တစ်ခါဆရာတော်လာရင် အစ်ကို့ တာဝန် တစ်ဝက် ကျွန်တော်ခွဲယူပေးမယ် :)