သား . . . မင်းဘယ်တော့ အလုပ်ပြန်လုပ်မှာလဲ
ဘာလဲ အဖေက ကျွန်တော့်ကို အခုပြန်ပြီး အလုပ်လုပ်စေချင်လို့လား အဖေပြောတော့ စိတ်ပြေအောင်နေဦးဆို . . .
မဟုတ်ပါဘူး မင်းကလဲ . . . ဘယ်တော့ ဘာလုပ်မယ်ဆိုတာ သိချင်လို့ပေါ့ကွာ . . .
မပြောတတ်သေးဘူး အဖေ . . . ကျွန်တော် စိတ်မရှင်းသေးဘူး . . .
မင်းတော့ ခက်တယ်ကွာ . . . စိတ်ထဲမှာ ဘာလို့ အဲဒီ့လောက် ခံစားနေသလဲကွာ . . .
မပြောတတ်ဘူးအဖေ . . . စိတ်ထဲမှာ အခုထိ မသက်သာသေးဘူး
ကလေးလဲ မဟုတ်တော့ဘူးကွာ အသက်ပဲ ၃၀ နားကပ်နေပြီကွာ
ကလေးမဟုတ်လို့ပေါ့ အဖေ . . . ကလေးဆိုလဲ ကောင်းသားပဲ လွယ်လွယ်မေ့သွားမှာ ဒါမျိုးလဲ ခံစားမှာ မဟုတ်ဘူး ဒါပေမယ့် အဖေမပူပါနဲ့ ကျွန်တော် တခုခုပြန်လုပ်မှာပါ . . .
မင်းထိုင်နေလို့ အားလုံးပြန်ရလာမှာတဲ့လား . . .
မသိဘူးလေ မပြောတတ်ပါဘူးဆိုနေ . . . ကျွန်တော် အဖေ့ကိုဘယ်လိုရှင်းပြရမလဲ . . .
ကဲ ထားတော့ကွာ . . . အဆင်ပြေအောင်နေ . . . ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်၊ သိပ်လဲသောက်မနေနဲ့ဦး ကိုယ်နဲ့တည့်တာမဟုတ်ဘူး . . .
သိပါတယ်အဖေ . . . သိပ်မသောက်ပါဘူး နည်းနည်းပါ တခါတလေပါ
အေးအေး ဒါဆိုလဲ ဒါပဲ
ဟုတ်အဖေ . . .
ဒီလိုနဲ့ သက်ပြင်းတချက်က ရင်ထဲ ထွက်ကျခဲ့ပြန်တယ်။ အဖေ့ကိုလဲ အားနာပါတယ်။ ထိုင်စားနေရုံတင်မဟုတ်ဘူး။ စိတ်ချမ်းသာသလို နေနေတာတောင် ဖြည့်ဆည်းပေးနေလို့။ နေပုံထိုင်ပုံကလဲ သင်းတယ်လေ ထင်သလိုနေတာ။ ပိုက်ဆံကုန်လဲ ကုန်ပြီလို့ တစ်ခွန်းပဲပြောတယ် အားလုံး အဆင်သင့်။ ဒါတောင် တခါတလေ မပြောဖြစ်ပဲ ထိုင်နေတတ်သေးတယ်။ အခုလဲ ခရီးတွေထွက်နေတာ သွက်သွက်ကိုလည်နေတာပဲ။ ဟိုနေရာသွားလိုက် ဒီနေရာသွားလိုက်။ ဘယ်အရာကမှ စိတ်ကျေနပ်မှု မပေးနိုင်သေးဘူး။ ဆုံးရှုံးတယ်ဆိုတဲ့ ဝေါဟာရက ခေါင်းထဲက မထွက်ဘူး။ တကယ်တော့ အားလုံးကို ဆုံးရှုံးသွားတဲ့ သူ့မှာ ဘာများပြန်ရစရာ ကျန်သေးလဲ။ ဘဝမှာ အလဲထိုးခံလိုက်ရတဲ့ ဒီတစ်ချီကတော့ တဆိတ်သိပ်ကိုပက်စက်လွန်းနေသလိုပဲ။ မောလွန်းလို့ မတွေးချင်တော့တဲ့ အထိပါပဲ။ မတွေးပဲနေသလားဆိုတော့လဲ မနေနိုင်ဘူး ပြန်တွေးနေမိတာပါပဲ။ ငါ ဘာလို့များ ဒီလောက်ဖြစ်ရတာလဲ ဒီလိုဖြစ်ရတာလဲ ဘာတွေများလဲဆိုတာ ထပ်တလဲလဲပေါ့။ မေမေရော အခုဘယ်လိုနေသလဲ သူ့ကို စိတ်ဆိုးနေသလား ဒါလဲ သိပ်တော့မဖြစ်နိုင် မေမေကသူ့ကိုတော်တော်ချစ်တာပဲလေ။ သိပ်ကိုတကိုယ်ကောင်းဆန်လွန်းနေမှန်း သူနားလည်ပေမယ့် ရင်ထဲက အပူက သူ့ကို ဆွဲချနေတုန်းပဲ။ ဒီမြေမှာ ဒီနေရာမှာ ဒီလူတွေနဲ့ သူ ဘယ်လိုများ ထပ်တွေ့ချင်ပါတော့မလဲ။ ဇာတ်လမ်းမပြီးမချင်း ပြုံးပြုံးလေးနဲ့ ရှင်းခဲ့တဲ့သူ့ကို အားလုံးက တော်တော်တော့ ဒူပေဒါပေခံတာပဲလို့ ထင်နေကြတယ်။ သိနေတယ်လေ အဲဒီ့ကထဲက လဲချင်နေတာ ဒါပေမယ့် တာဝန်ဆိုတာရှိသေးတော့ ကြံ့ကြံ့ခံခဲ့တယ်။ မပြိုအောင်ထိန်းခဲ့တယ်။ သက်ပြင်းတွေခိုးချခဲ့တယ်။ အပြုံးမပျက်ခဲ့ဘူး။ အားလုံးစိတ်ချမ်းသာအောင် လုပ်ပေးခဲ့တယ်။ အခုတော့ အားလုံး ပြီးခဲ့ပြီ သူလဲ မောပြီ။ အားလုံးနီးပါးရှင်းသွားပြီလို့ သိလိုက်တဲ့နေ့မှာပဲ သူပြိုလဲခဲ့တယ်။ အိပ်ယာထဲက မထနိုင်တာ ၃ ရက်။ အခန်းထဲကအခန်းပြင်လဲ မထွက်။ မေမေတောင်းပန်လွန်းလို့ သူအပြင်ခနလေးထွက်ခဲ့တယ်။ စိတ်ကတော့ မပါဘူး။ သူငယ်ချင်းတစ်ယောက်လာခေါ်တယ် အပြင်ခေါ်ထုတ်တယ် သူ့စိတ်က ကြည်လင်မလာတော့ဘူး။ ရီစရာတွေ့လဲ မရီနိုင်တော့ဘူး။ သူမောခဲ့ပြီ။ အခုထိလဲ မောတုန်းပါပဲ။ ပြန်တွေးလိုက်ရင် မနေ့တနေ့ကလိုပါပဲ။ အရာအားလုံးက မျက်လုံးထဲ မြင်နေစဲပါပဲ။ ပုံရိပ်တွေ မပျောက်ပျက်နိုင်ခဲ့ဘူး။ မဖျောက်ဖျက်နိုင်သေးဘူး။ တစ်ဘက်မှာတော့ အပြုံးတွေနဲ့ သူကျေနပ်ပေးခဲ့ရတယ်။ သူ့အတွက်ဘယ်သူက စာနာခဲ့သလဲ။ လျှော့လိုက်ပါတော့ သားရယ်တဲ့။ မေမေ့စကားတစ်ခွန်း သူ့မျက်ရည် ပေါက်ကနဲ ခုန်ထွက်ကျလာခဲ့တယ်။ အို . . . ယောက်ျားတန်မဲ့ ငိုနေခဲ့သလား။ သူမငိုပါ သို့ပေမယ့် မျက်ရည်တွေက ဖြိုင်ဖြိုင်ကျလို့။ အရာအားလုံးဟာ စနစ်တကျ သူ့မျက်ဝန်းထဲမှာ ရုပ်ရှင်ပြကွက်တွေလို ပေါ်နေစဲ တစ်ခုမှ မေ့မရခဲ့ဘူး။ ဒါပေမယ့် သူထားခဲ့ရတယ်။ သူထားခဲ့လိုက်တယ်။ အဲဒီ့လိုနဲ့ သူ . . .
မနက်မိုးလင်းတော့ မျက်လုံးက မပွင့်သေးဘူး ကုတင်ဘေးက ဆေးလိပ်ဗူးကို လက်ကရောက်နေပြီ။ ဆေးလိပ်တစ်လိပ်ထုတ်ရင်း ကွန်ပျူတာလှမ်းဖွင့်လိုက်တယ်။ သီချင်းတစ်ပုဒ်ဖွင့်တယ် ဆေးလိပ်သောက်လက်စနဲ့ မီးဖိုဘက်ထွက်ပြီး ကော်ဖီဖျော်တယ်။ ကော်ဖီသောက်ရင်း အခန်းထဲပြန်ဝင်လာတယ် သတင်းဖတ်တယ်။ ဆေးလိပ်တစ်လိပ် ထပ်သောက်တယ်။ ပြီးတော့မှ ရေမိုးချိုး အဝတ်အစားလဲ အပြင်ထွက်မယ် စဉ်းစားပြီး အပြင်ကိုထွက်။ အပြင်ရောက်တော့ သတိရသွားတယ် ဘယ်သွားရမှာလဲ။ အဖြေမရှိပြန်ဘူး။ ကဲကွာ . . . ရောက်ချင်ရာရောက် သဘောထားပြီး လျှောက်သွားနေလိုက်တယ်။ ဗိုက်ဆာတော့ တွေ့တဲ့ဆိုင်မှာ အာရုံရသလိုစား။ ညနေစောင်းတော့ ဟိုလူက ဖုန်းဆက် ဒီလူကဖုန်းဆက် ကိုင်ချင်ကိုင်တယ် မကိုင်ချင်ရင် မသိချင်ယောင်ဆောင်နေလိုက်တယ်။ ကြုံတဲ့လူနဲ့ စကားထိုင်ပြောလိုက် ဘီယာလေးသောက်လိုက်နဲ့ အဲဒီ့လိုနေနေလိုက်တယ်။ တနေ့ကတော့ အလုပ်အတွက် အစည်းအဝေးတစ်ခု သူသွားရတယ်။ အရင်လို မဟုတ်ဘူး။ လူက မတက်ကြွတော့ဘူး ဟိုအရင်တုန်းကဆိုရင် ဒါမျိုးကို ကြိုပြီးပြင်ဆင်လေ့ရှိတယ် အခုတော့ ဘာမှ မဟုတ်သလိုပဲ။ သူမလာလို့ မရဘူးဆိုတာ သိတယ်။ သွားမှရမယ်ဆိုတာ သိတယ်။ သွားတယ် အစည်းအဝေးမှာ ပြောတယ် မေးတယ် ဖြေတယ်။ ဒါတွေက လုပ်ခဲ့တဲ့ လုပ်ရိုးလုပ်စဉ်တွေဆိုတော့ မထူးဆန်း။ သူမူပျက်နေတာလဲ တစ်ဘက်လူ မသိ။ တခါမှ မမြင်ဘူးတော့ ဘယ်သိမလဲ။ သူ့ဘာသာ သိတယ်။ သူတို့လိုချင်တာမေးပြီး ပြန်လာခဲ့တယ်။ ကံကောင်းတာတွေလား ကံဆိုးတာတွေလား သူလဲ မပြောတတ်တော့ဘူး မသိတော့ဘူး။ မသိချင်တော့ဘူး။ ဖြစ်ချင်ရာသာ ဖြစ်ကွာဆိုတာ သူ့စိတ်ထဲမှာ ကြီးစိုးနေတုန်းပဲ။ နောက်တစ်ပတ်အစည်းအဝေးတဲ့ သူတို့လိုချင်တဲ့ အချက်အလက်တွေက ရှိပြီးသား ပြန်ရှာကြည့်လိုက်တယ် ပါလာတယ်။ စုပေးထားလိုက်တယ် အီးမေးလ်ပို့ပေးလိုက်တယ်။ ဒီတခါ မေးခွန်းတွေ မေးသူက သူဖြစ်နေပြီ။ သူသိချင်တာတွေကို တရစပ်မေးပစ်လိုက်တယ်။ ပြန်ချိန်းပြန်တယ်။ သူသိပါတယ်။ အဆင်ပြေတော့မယ်ဆိုတာ ခက်တာက သူမလုပ်ရဲတာလား မလုပ်ချင်တာလား ဘာမှန်းမသိတော့တာပဲ။ မလုပ်ရဲတာတော့ မဖြစ်နိုင် မလုပ်ချင်ဖြစ်နေတာတော့ ဖြစ်နိုင်တယ်။ တက်ကြွချင်တယ် တက်ကြွလို့ မရဘူး ဖြစ်နေတယ်။ စိတ်က ဒုံရင်းကဒုံရင်းပဲ ကဲ ကြိုးစားပြီးပြင်မယ်ဆိုပြီး ပြင်တယ် မရဘူး အတိတ်က သူ့ကိုခြောက်လှန့်နေတယ်။ အဲဒီ့လိုနဲ့ သူ . . .
ဖတ်ဦးမှာလား . . .
ကုန်သွားပြီ . . .
အဖေ ကျွန်တော် စလုံးမှာနေရတာ ပျင်းလာပြီ ပြန်လာတော့မလား စဉ်းစားနေတယ် အဲဒါ . . .
ဟေ့ကောင် မင်းက သွားတာမှ တစ်လလောက်ရှိသေးတယ် မင်းပြောတော့ ၂ လလောက်နေဦးမယ်ဆို နေပေါ့
အာ . . . အဖေကလဲ ပျင်းပါတယ်ဆိုမှ ဘာမှ လုပ်စရာလဲ မရှိဘူး သွားစရာလဲ ကုန်ပြီ ပြီးတော့ ဒီမှာက ဈေးကြီးတယ် ပိုက်ဆံက . . .
ဟေ့ကောင် မင်းကိုငါပိုက်ဆံ ပေးထားတယ် သုံးလေ။ အေး သူ့နိုင်ငံရောက်ရင် သူ့ဈေးတော့ပေးရမှာပေါ့ကွာ မင်းကလဲ . . . သုံးပါ သိပ်လဲ ချွေတာမနေနဲ့
ဟုတ်ဘူး အဖေ ဆေးလိပ်ဈေးကြီးတယ် ဘီယာလဲ ဈေးကြီးတယ် . . .
ဟေ့ကောင် . . . မင်းဒါတော့လွန်တယ် . . . ဒါပေမယ့် အေးလေ သုံးပါ။ ပိုက်ဆံကြောင့်ဆိုရင်တော့ ပြန်မလာနဲ့ဦး လိုရင် _______ ဆီမှာ သွားယူလိုက် ငါပြောထားလိုက်မယ်။
ဗျာ . . . ပြန်မလာနဲ့ဦး ဟုတ်လား လုပ်ပြီ အဖေတို့က . . .
ဟာ . . . ဟေ့ကောင် မင်းပဲ သွားလိုက်ဦးမယ် အဖေဆို . . . နေကြည့်လေ . . . ပြီးတော့ မင်းအမေလဲ မင်းမရှိမှ ကျန်းမာရေးလေး ပြန်ကောင်းလာတာဆိုတော့ ငါ့သားရယ် နေလိုက်ပါဦး တစ်လ
ရက်စက်တယ် အဖေတို့က သားသမီးကို ပစ်ထားတယ်။ ပြီးရော ဒါဆို ဒီလိုလုပ်မယ် အပြန်လက်မှတ်ကို Cancel လုပ်ပြီး ဘန်ကောက်ဝင်လိုက်မယ်လေနော် အဖေ . . . ဟီး
အေး သွားလေ . . . ဘယ်လောက်နေမှာလဲ ဘန်ကောက် တစ်လလား . . . နေလေ
မနေဘူး . . . တော်ပြီဗျာ အဆင်ပြေသလို ကြည့်လုပ်လိုက်မယ် ပိုက်ဆံက အခုသွားယူရင် ရမှာလား အဖေ . . .
အေး လိုချင်ရင် ညနေသွားယူလိုက်ပေါ့ ငါ ခနနေရင် ဖုန်းဆက်ထားလိုက်မယ်။
ဟုတ် . . . တာ့တာ
ဟေ့ကောင် ပြန်မလာနဲ့ဦးနော် . . .
သြော် မလာသေးပါဘူးဆို . . . ဒါပဲ
ကဲ စဉ်းစားကြည့် ပျင်းလို့ အိမ်ပြန်မလားဆိုပြီး အိမ်ကိုဖုန်းဆက်တော့ အဖေပြောပုံလေးက သင်းတယ်။ ပြန်မလာနဲ့ဦးတဲ့ အမေတောင် ကိုယ်မရှိမှ ကျန်းမာရေး ပိုကောင်းလာတယ်ဆိုတော့ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မသိ။ နေပေါ့ မလာဘူးပေါ့ ဘာဖြစ်လဲ ပိုက်ဆံပို့ပေးရင် ပြီးတာပဲ။ တကယ်တော့ ကျွန်တော်ပျင်းလာပြီ သွားစရာလဲ ကုန်ပြီ သောက်စရာလဲ ကုန်ပြီ။ ဘီယာတံဆိပ် ပေါပေါများများရှိတုန်း ထိုင်သောက်တာ အကုန်ကုန်ပြီ။ ဆေးလိပ်ကလဲ အစက ၅ ရက်တစ်ဗူး နောက်ကျတော့ လုပ်စရာကုန်လို့ ပျင်းတယ်ဆိုပြီး ထိုင်သောက်တာ ၂ ရက်တစ်ဗူး။ သူငယ်ချင်းတွေက အလုပ်သွားကြ ဘယ်သူမှလဲ မအားဘူး ကိုယ်သာ ၁၀၉/၁၁၀ ဘာမှ လုပ်စရာလဲ မရှိ။ ကြာတော့ပျင်းတာပေါ့။ စင်ကာပူမှာ သွားစရာလဲကုန်ပြီ။ အဖေနဲ့ မနက်ပိုင်း ဖုန်းပြောပြီး ညနေစောင်းတော့ အဖေ့သူငယ်ချင်းဆီကို ဖုန်းဆက် Pennisula က သူ့ရုံးမှာ
ပိုက်ဆံသွားယူ ဟိုရောက်တော့
ဟာ . . . သား မင်းငွေလိုလို့ဆို မင်းအဖေ ဖုန်းဆက်တယ် ဒီမှာ မင်းအတွက် လုပ်ထားပေးတယ်။ ဘာအကူအညီလိုသေးလဲ သား . . .
ရပါတယ် အန်ကယ် . . . ပျင်းလို့ လုပ်စရာလဲ ကုန်ပြီ သွားစရာလဲကုန်ပြီ အဲဒါကြောင့်ပါ
သြော် ဒီလိုပါပဲကွာ . . . ဒါနဲ့ မင်း ကျောင်းစုံစမ်းတာရော အဆင်ပြေလား . . .
ပြေပါတယ် အန်ကယ် ဒါပေမယ့် မသိသေးဘူး မတက်ဖြစ်လောက်ဘူးထင်တယ် မပြောတတ်သေးဘူး စဉ်းစားတုန်းပဲ အန်ကယ် . . .
အေးလေ . . . ကြည့်လုပ်ပေါ့ အလုပ်လေးဘာလေး မရှာဘူးလား
ဟုတ် ရှာဆိုလို့ ရှာကြည့်နေတယ် တင်ထားတယ် CV တွေ online ကနေပြီးတော့ ခုထိတော့ ဘာမှ ပြန်မလာသေးဘူး နောက်ရက်တော့ အင်တာဗျူးလို့ ပြောတယ် တစ်ခုက
အေး လုပ်ကြည့်ပေါ့ကွာ လိုတာရှိလဲ ပြောဟုတ်လား
ဟုတ် သွားဦးမယ်နော် အန်ကယ်
အဖေ့သူငယ်ချင်းပေးလိုက်တဲ့ ပိုက်ဆံလေးယူ Pennisula ကနေ တက်တက်ကြွကြွပြန်လာ လမ်းမှာသူငယ်ချင်းကို ဖုန်းဆက် 99 ကိုလာခဲ့ပေါ့။ ဘာညာပေါ့။ သွားပြီးသောက် ဟိုကောင်ရောက်လာတော့ ဆက်သောက် ပြီးတော့ စင်ကာပူမြောင်းကြီးဘေးနား ဘီယာဗူးလေးဝယ်ပြီး သွားထိုင်။ အဲဒီ့လိုနဲ့ နေ့တွေလဲ ကုန်ခဲ့တယ်။ နောက်ရက် အင်တာဗျူးဆိုလို့ သပ်သပ်ရပ်ရပ်ဝတ်စားပြီးသွားလိုက်တယ်။ ဟိုရောက်တော့ Form ဖြည့်ခိုင်းလို့ ဖြည့်။ ပြီးတော့ အင်တာဗျူးမယ့်လူက လှမ်းခေါ်လို့ အခန်းထဲဝင်သွားတယ်။ မေးတာကတော့ စုံနေတာပဲ ဘာညာသာရကာ နေကြာကွာစိ။ သိတဲ့အတိုင်းပဲ ကိုယ်ကလဲ တစ်သက်လုံး သူများကိုဗျူးလာတာဆိုတော့ ဒါမျိုးရိုးနေပြီ။ မေးပေါ့ ဖြေသည်ပေါ့။ အမေးနွားကျောင်းသား အဖြေ ဘုရားလောင်းဆိုတဲ့ စကားရှိတယ် သိတယ်မဟုတ်လား။ ၁ နာရီကျော်လောက်ကြာတယ် လေကောင်းနေလို့။ အင်တာဗျူးတာနဲ့တောင် မတူတော့ဘူး မိတ်ဆွေဟောင်းတွေ့လို့ စကားပြောတာကျနေတာပဲ။ လခအကြောင်းမေးတယ် များရင်ကောင်းတာပေါ့လို့ ဟုတ်ဘူးလား။ သူ့ဘက်က offer လုပ်တယ်။ ကိုယ်လဲ စဉ်းစားမယ်ပေါ့။ ဒါပေမယ့် နည်းလွန်းတယ် တခါထဲ ဆုံးဖြတ်လိုက်တယ် မလုပ်ဘူးလို့။ အိမ်မှာနေရင် အဲဒီ့ထက်ပိုရသေးတယ်ထင်လို့။ ဟုတ်ဘူးလား ဟီး ဟီး အမှန်တော့ လက်ကျောမတင်းတာ။ အပြတ်တော့မပြောခဲ့ပါဘူး တော်ကြာ အဖေက ပြန်မလာနဲ့တော့ဆို ရတာလေး ပြေးလုပ်ရမှာ။ ဒီလိုနဲ့ အင်တာဗျူးကပြန်လာလိုက်တယ်။ နောက်ရက်တွေကျတော့ ဘယ်မှ မသွားချင်တော့တာနဲ့ အခန်းထဲက အခန်းပြင်မထွက်ပဲ online ပေါ်မှာပဲ နေကုန်အောင်နေလိုက်တယ်။ အဲဒါ ၅ ရက်လောက်ကြာတော့ အောက်လေးဘာလေးဆင်း ဘီယာကုန်သွားလို့။ 7eleven သွား လိုတာလေးသွားဝယ်။ ဒီလိုပဲ ပြန်ပြီး အလေလိုက်နေလိုက်တယ်။ ဒီကြားထဲ တခြား အင်တာဗျူးတွေ ထပ်ရလို့ သွားတော့ ဖြေသေးတယ်။ ထုံးစံအတိုင်းပဲပေါ့ ရတာနည်း မလုပ်နိုင် ဟိ။ တစ်ခုကတော့ ပက်စက်လွန်းတယ် အင်တာဗျူးရယ် Testing လုပ်တာရယ် ၅ နာရီကြာတယ်။ လွန်လွန်းအားကြီးတယ်။ စက်တွေလဲ ပြင်ပေးခဲ့ရသေး ဒီဇိုင်းလဲ လုပ်ပေးခဲ့ရသေးတယ်။ သူကတော့ ကိုယ့်ကို ရွှေပြည်ဧတရားတွေဟောလို့ ဒီမှာနေရင် ဘယ်လိုတိုးတက်မယ်ပေါ့ ဘာညာပေါ့ အစကတော့ သည်းခံပြီး နားထောင်နေပါသေးတယ် အချိန်ကလဲ ကြာလာ စကားကလဲ ရှည် နားကလဲငြီး ဗိုက်ကလဲဆာ။ သည်းခံနိုင်မှု အတိုင်းအတာ ကုန်ပြီ။ မေးလိုက်တယ် ငါဒီတိုင်းပြည်မှာ နေရင် ဘယ်လောက်များ တိုးတက်သွားမလဲပေါ့။ မင်းငါ့ကို Training provided လုပ်ပေးမယ်ဆိုတော့ မင်းက ငါ့ရဲ့ ဘယ် Skill ကိုလုပ်ပေးမှာလဲပေါ့။ မေးတော့ ဖြေရှာတယ်။ ဒါပေမယ့် လက်မခံနိုင်တဲ့ အကြောင်းပြချက်တွေပေါ့။ ပြောလိုက်ပါတယ်။ လူတွေ တိုင်းပြည်တွေ ဘယ်လောက်ပြောင်းပြောင်း Strategy ကတော့ သိပ်ပြောင်းစရာ မရှိပါဘူး။ Nature and Culture ကို သိဖို့ဆိုတာ တစ်လလောက် လေ့လာလိုက်ရင် ရတာပဲလို့။ ဟုတ်တယ်လေ။ ဘာများ ထူးဆန်းလို့လဲ။ သူကတော့ လခလျှော့ပေးရေး ဒို့အရေးဆိုတော့ တအားကို ခက်ခဲကြောင်းပြောတာပေါ့။ ခက်တာက သူခက်ခဲတယ်ပြောတာ ကျွန်တော်က ပြန်ပြန်ပြောပြနေတော့ သူလဲ ခက်နေပြီ။ သူက ပွင့်ပွင့်လင်းလင်းပြောပါရစေတဲ့ မင်းတိုင်းပြည်မှာ မင်းဒီလောက်ရမှာ မဟုတ်ဘူးတဲ့။ ဒါတော့ စော်ကားလွန်းပြီ တရုပ်။ ကိုယ့်အလှည့်ရောက်ပြီ let me tell u something ဆိုပြီး အစချည်ပြီး။ ငါ့နိုင်ငံမှာ resource က ဘယ်လိုပေါတာ လူတွေက ဘယ်လို အဆင်ပြေတာ အေး တစ်ခုပဲ မီးတော့ မမှန်ဘူး နောက်တစ်ခု လူတစ်စု မကောင်းဘူး ဒါပဲ ပြောပြလိုက်တယ်။ ဒါပေမယ့် မင်းပြောသလို ငါ့နိုင်ငံမှာ မင်းပြောသလောက် မရဘူးဆိုတောတော့ လုံးဝမဟုတ်ဘူးဆိုပြီး နောက်ဆုံးရတဲ့ Income ကို နည်းနည်း ပိုပြီးပြောလိုက်တယ်။ တကယ်တော့ ကျွန်တော်ပြောသလောက်သိပ်မများပေမယ့် သူပေးတာထက်တော့ ကျွန်တော်ရတာ ပိုများတယ်။ ဟိုကောင်တွေနဲ့ ပြောသလိုပေါ့ ထိုင်နေရင် ငါပိုမြတ်တယ်လို့။ တရုပ်လဲ စိတ်နည်းနည်းညစ်သွားပုံရတယ်။ ဒါပေမယ့် ဒင်းကမလျှော့ဘူး မင်းစဉ်းစားပါတဲ့ အေး စဉ်းစားတာပေါ့လို့ မင်းလဲ ပြန်စဉ်းစားပါလို့ ငါပြောတဲ့ expected salary ကို မင်းလဲ ပြန်စဉ်းစားလိုက်ပါလို့ ပြောပြီး ပြန်လာလိုက်တယ်။ နောက်ရက် ဖုန်းထပ်ဆက်တယ် သူက စဉ်းစားပြီးပြီလားတဲ့ ပြန်မေးလိုက်တယ် ငါပြောတာရော မင်းစဉ်းစားပြီးပြီလားလို့။ သူ ထပ်တွေ့ရအောင်တဲ့ ရပါတယ်ပေါ့။ သွားလိုက်တယ်။ ထုံးစံအတိုင်းပဲ တနေ့က စကားကို အမြှုပ်ထွက်အောင် ပြန်ပြောပြနေတယ်။ တော်တော့ . . . စကားအမြန်ဖြတ်တာတောင် ၂ နာရီလောက်ကြာသေးတယ်။ ဒါမျိုးကတော့ ဆောရီး။
ကဲ နောက်ရက်ကျတော့ သူငယ်ချင်းကပြောတယ် ငါ့ရုံးမှာ လူလိုလို့တဲ့။ ဟေဟုတ်လားပေါ့။ အဲဒါ ရှာပေးစမ်းပါတဲ့။ သူ့အတွက် လက်ထောက်လိုတယ်တဲ့ အေး ရှာပေးမယ်ဆိုပြီး ရှာနေတာ အခုထိ မတွေ့သေးဘူး။ သူများတွေကို မေးတော့ မင်းအလုပ်ရှာနေတာလား မင်းက အလုပ်ပြန်ပေးနေတာလားတဲ့။ ဟီး ဟီး သိဘူးလေ ကိုယ်မှ ကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်တာ လုပ်တတ်တဲ့သူရပါစေပေါ့။ ကိုယ်လုပ်မယ်ပြောရင် ကိုယ့်သူငယ်ချင်းခမျာ နှစ်ယောက်စာ အလုပ်လုပ်ရမှာ သနားပါတယ်။ အဲဒီ့တော့ သူများကို ရှာပေးနေတာပေါ့။ Programmer ကောင်းကောင်းလိုတာလေ။ သိတဲ့အတိုင်းပဲ ကိုယ်ကတောင်ရေး မြောက်ရေး စိတ်ကလဲ ရှည်တာမဟုတ်ဘူး ဆရာပဲလုပ်တတ်တာ ကိုယ်တိုင်တော့ မလုပ်တတ်ဘူး။ သို့ပေမယ့်ပေါ့လေ ဖွက်ထားတာလေးတော့ရှိတာပေါ့။ ဇီးရိုးပဲ အလကားဘယ်နေမလဲ ကြံနေတာပေါ့ အကြီးကြီး။ တစ်ခုကတော့ အဆင်ပြေမလား မပြောတတ်ဘူး နေ့တိုင်းတော့ ဘုရားရှိခိုးနေတာပဲ ပြေပါစေပေါ့။ အဲဒါရရင်တော့ လန်းပြီ။ ရမှ ဘာလဲ ပြောပြမယ်။ နေ့တိုင်း ဆိုင်မှာ စားရတာလဲ ပျင်းပြီ နေ့လည်စာဆိုရင် အိမ်မှာပဲ ဖြစ်သလို စားလိုက်တယ်။ Food Court ဆို အနံ့တောင် မခံချင်ဘူး။ ဘိုစာတော့ မရိုးသေးဘူး သွားရတာ ပျင်းလို့။ ဒါပေမယ့် တကယ်တမ်းဗိုက်ဆာလာတော့ သွားပြီးစားပေါ့။ ငပိလေးတော့ လွမ်းလာတယ်။ ဒါနဲ့ Pennisula သွားပြီး ဗမာစာလေးသွားစားပေါ့။ ပိုက်ဆံလေး ကုန်တော့လဲ နေရထိုင်ရတာ အရသာရှိသလိုလိုပဲ။ တောက် . . . ငွေက ပြဌာန်းတာ မခံစားနိုင်ဘူး။ တနေ့ကတော့ ပျင်းတာနဲ့ အိမ်မှာ ကြက်ကြော်လုပ်ထားမယ်ဆိုပြီး ကြော်တာ ဆီပူလောင်လို့ အခုဆို မီးဖိုခန်း လှည့်တောင် မကြည့်တော့ဘူး။ ကြက်ကြော်စားချင်ရင် KFC ရှိတယ်။ ဒါပဲ။ ဘာမှ လျှာရှည်နေစရာ မရှိတော့ဘူး။ ဆီပူက အခုထိ အညိုကွက်ဖြစ်နေတုန်း။ အမေမြင်ရင် ဝမ်းနည်းမယ် ဟင့် :( ကိုယ်ကသာ အဲဒီ့လိုထင်တာ အိမ်မှာက နေ့တိုင်းများ ပါတီပေးနေလား မသိဘူး။ သူများတွေတော့ မသိဘူး ကိုယ်ကတော့ International Phone call နဲ့တင် မသက်သာဘူး။ ဒါတောင် ဗမာပြည် သိပ်မခေါ်လို့ ကျန်တဲ့ နိုင်ငံတွေ ပတ်ခေါ်ပြီး ဘော်ဒါတွေနဲ့ ပွါးနေလို့။ ဟိုကောင်တွေက ပြန်ခေါ်လိုက် ကိုယ်ကခေါ်လိုက် ဆဲလိုက် ဆူလိုက် ဟုတ်တော့ ဟုတ်နေတာပဲ။ တစ်ရက်ကလဲ အိမ်မှာ တူတူနေတဲ့ အန်ကယ်ကြီးတစ်ယောက်ကမေးတယ် မင်းကြည့်ရတာ Pressure မရှိဘူး ပေါ့ပါးတယ်တဲ့။ သူများတွေ အလုပ်ရှာတဲ့ ကောင်တွေ ကျောင်းတက်တဲ့ကောင်တွေ ကြည့်လိုက်ရင် Pressure တွေ Tension တွေနဲ့တဲ့ မင်းနဲ့တော့ ဘာကွာလဲ မသိဘူးတဲ့။ သြော် ပြောပြလိုက်ပါတယ်။ ကျွန်တော်က ဘာမှ Serious မထားဘူးလို့ အေးအေးပဲလေလို့ ပြောတော့ သူသဘောပေါက်သွားပုံရတယ်။ ဒီငတိလေး လက်ကျောမတင်း သောက်ပျင်းဆိုတာ။ နေတတ်ရင် ကျေနပ်စရာပါ။ ဟုတ်ဘူးလား။ ဘာလုပ်မလဲ စွတ်ပြီး စိတ်ပူနေတော့။ အင်း သူများတွေက အကြံပေးကြတယ် သတင်းစာကို စောစောဝယ်တဲ့ အလုပ်ကိုစောစောလျှောက်တဲ့ အဲဒါမှ ရတာတဲ့။ အမ် . . . မောင်ဇီးရိုးထတဲ့ အချိန်ကိုကြည့် နေ့လည် ၁၂ နာရီ။ ကော်ဖီသောက် ဟိုဝေ့ဒီဝေ့ သတင်းစာဝယ်တော့ ၁ နာရီ။ စဖတ်တာ ၂ နာရီထိုးခါနီးမှ ဒါတောင် တစ်ခုခုစားဦးမှဆိုပြီး နေလိုက်တော့ ၂ နာရီခွဲသွားရော ဒါလေးတော့ လျှောက်ကြည့်လိုက်မယ်လေဆိုပြီးရွေး တင်တော့ ညနေစောင်းပြီ။ ဒါတောင် Online မှာ ဘော်ဒါတွေ့ရင် ပွါးလိုက်သေးတယ် Facebook လေးထဲ ဝင်ပြီး နန့်လိုက်သေးတယ်။ အဲဒါတော့ ကျွန်တော် သိပ်လက်မခံဘူး မနက်အစောကြီးထပြီးလျှောက်ရတယ်ဆိုတာ ဟုတ်ရင်လဲ ဟုတ်မယ် မပြောတတ်ဘူး။ ကျွန်တော့်အယူအဆအရ သိပ်လက်မခံတာ။ အဲဒီ့လို ပြောကြေးဆို ကျွန်တော့်ကို အင်တာဗျူးခေါ်တဲ့ကောင်တွေ ဘယ်လိုလုပ်မလဲ တခါတလေ နောက်ရက်မှ ပို့တာ အင်တာဗျူးခေါ်မယ့်ကောင်က ခေါ်ချင်ရင် ဖုန်းဆက်တာပါပဲ နောက်ကျတာ စောတာ မဆိုင်ဘူး။ မနက် အစောကြီးပို့ပေမယ့် သူတို့က Email ကို ကြိုးစားပမ်းစား ထစစ်နေတာမှ မဟုတ်တာ အိပ်ရေးပျက်တယ်။ နောက်ကျမှပို့တော့ ကိုယ့် Email က အပေါ်ဆုံးက ဖြစ်နေတာပေါ့။ ထုံးစံအရဆိုရင် အပေါ်ဆုံးက email ကို အရင်စစ်ဖြစ်တာပဲ။ နောက်ဆုံးပို့တာ ထိပ်ဆုံးမှာပဲကိုး နေ့လည်ပို့တော့ ဘာဖြစ်သေးလဲ။ မနက်က သူတို့ email တွေ ဖတ်ပြီးလောက်ပြီ ထမင်းစားနားပြီး ပြန်လာတော့ ကိုယ်က ပို့ထားရင် ကိုယ်နဲ့ တခြားပို့တဲ့သူနည်းနည်းပဲ ရှိမယ်။ စစ်ရတာပိုလွယ်တာပေါ့ ဟုတ်ဘူးလား စိတ်ဝင်စားရင်ခေါ်ပါတယ်။ ဒါက ကျွန်တော့် အထင်နော် မှန်ချင်မှ မှန်မယ် မပြောတတ်ဘူး။ ကြွားပြောတာတော့ မဟုတ်ဘူး အဲဒီ့လို သောက်ပျင်းကြီးတဲ့ ကျွန်တော် အင်တာဗျူး ၅ ခု ဖြေပြီးပြီ။ အဆင်မပြေလို့သာ ဟီး ဟီး။ ပြီးတော့ Cover Letter အရှည်ကြီးရေးလေ့ မရှိဘူး လိုတိုရှင်းပဲ Cover Letter ကို ဘယ်တော့မှ attach တွဲမပေးဘူး email ရဲ့ Message မှာပဲ ရေးတယ်။ သူများတွေတော့ မသိဘူး ကျွန်တော်တို့ ရွေးတုန်းကတော့ သိပ်ရှည်ရင် ဖတ်မနေတော့ဘူး သိချင်တဲ့ Skill ပိုင်းကို အာရုံစိုက်ပြီးကြည့်လိုက်တယ်။ အဲဒီ့အပိုင်းမှာတော့ သေချာရေးဖို့လိုတယ်။ ကျန်တာကတော့ လိုတိုရှင်းပဲ။ ဘယ်သူဌေးမှလဲ ကိုယ့် Cover letter ကို စာအုပ်ဖတ်သလို ဖတ်မနေဘူး။ သေချာတယ် အဲဒါ။ တစ်ခုတော့ ပြောမယ်နော် ကျွန်တော် မြှောက်ပေးတိုင်းတော့ မလုပ်နဲ့ တစ်ခုခုဖြစ်ရင် တာဝန်မယူဘူး။ ကြိုပြောထားတာ။
အခုရက်ပိုင်း ဘာလုပ်နေလဲ ဟုတ်စ။ အင်း . . . ဘာမှ မလုပ်ပါဘူး ညဆို မနက် ၄ နာရီလောက်မှ အိပ်။ တစ်ညလုံး Online ပေါ်မှာ ဖဲရိုက်။ ဒါမှ မဟုတ် ဖတ်ချင်တဲ့စာ ထိုင်ဖတ်။ ပြီးမှ အိပ်။ နေ့လည် ၁၂ နာရီလောက်မှထ ဟိုလှည့်ဒီလှည့် ပြီးမှ 7eleven ကို လိုရင် သတင်းစာလိုချင်ရင် သွားတယ်။ take away လေးဝင်ဆွဲ အခန်းထဲပြန်ဝင် အင်တာနက်ပြန်သုံး။ ဒါပဲလေ။ တနေကုန်။ ညနေစောင်းလို့ တစ်ယောက်ယောက်က လှမ်းခေါ်ရင် ထွက်သွားလိုက်တယ်။ အချိန်ဖြုန်းနေလိုက်တယ်။ ညကျတော့ ဘီယာလေး မှီဝဲ။ ဒီလိုနဲ့ပဲ သံသရာလည်နေတာ။ အိမ်လဲ ပြန်မရသေးဘူး အဖေကလဲ ပြန်မလနဲ့တဲ့ အခုတော့ အလုပ်လေးတစ်ခုကို ကြံနေလို့စောင့်ကြည့်နေတယ်။ ပြီးရင်တော့ လေယဉ်လက်မှတ် ချိန်းပြီးတော့ ဘန်ကောက်ဝင်မယ် စိတ်ကူးထားတယ်။ ဟိုမှာက သွားစရာ ပေါတယ်လေ သိတယ်မဟုတ်လား။ ဦးလေးတစ်ယောက်ကလဲ Sponsor လို့ပြောနေတော့ ငှဲ ငှဲ ငှဲ။ အတိုင်းထက်အလွန်ပေါ့။ ကြည့်သေးတာပေါ့။ ခုတော့ စင်ကာပူမှာ လည်စရာ နေရာ ထပ်ရှာပြီး တွေ့စရာလူတွေ စောင့်နေတယ်။ ပျင်းရင်ပြောနော် လာခဲ့မယ် ဟီး . . . ဘီယာတော့ တိုက်။ အလကားပြောတာပါ ကိုယ့်ဘာသာ ယူလာမှာပေါ့။ ဟိ :D
ဖတ်ဦးမှာလား . . .
ကုန်သွားပြီ . . .
စလုံးဆိုတဲ့ စင်ကာပူ အင်း အခုတော့ရောက်နေလေရဲ့။ ဘာလာလုပ်သလဲ ဟုတ်လား ဒီလိုပါပဲ ဟိုစပ်စပ် ဒီစပ်စပ် ဟိုသွား ဒီသွား။ ဘုရား ဘုရား စရိတ်တော့ အထောင်းသားကလား။ ဒါတောင် ဟိုလူကကျွေး ဒီလူကမွေး ဒါမျိုး စပွန်ဆာတွေ ကောင်းနေလို့။ နို့မို့ဆိုရင် မောင်ဇီးရိုးတို့ အိမ်က အဖေကို ပိုက်ဆံတောင်းနဲ့ထည့်ပေးလိုက်လို့ လှမ်းပြောရတော့မလို့ ကံသီလို့ ကံသီလို့။ ဒါပေသိ သိတယ်မဟုတ်လား လူက မလျှော့နိုင်ဘူးလေ။ စတွေ့တာကတော့ ဘီယာနဲ့ ဆေးလိပ်ဈေးကြီးတာနဲ့ တိုးတာ။ ဒါတော့ ကိုယ့်ကိုလုံးဝ တိုက်ရိုက်ထိခိုက်တဲ့ ကိစ္စပဲလေ။ မခံစားနိုင်ဘူး။ သိတယ်မဟုတ်လား ရေသာ မသောက်ရင်နေချင်နေမယ် ဘီယာတော့ အပြတ်မခံနိုင်။ :D
စင်ကာပူကို လာမယ်ဆိုတော့ အားလုံးက တားတယ် ဟေ့ကောင် မလာနဲ့ ဒီမှာ အခြေအနေ မကောင်းဘူး မလာနဲ့တဲ့။ အင်း . . . ငါလာတာ ဒီလိုပါပဲ စပ်စုမလို့ပါလို့ပြောမှ ဒါဆိုလာခဲ့တဲ့။ မေးသေးတယ် ဘယ်လောက်နေမတုန်းတဲ့ ပြောရတာပေါ့ သူတို့ ဗီဇာပေးသလောက်ပေါ့ကွာလို့။ အားပေးကြပါတယ်။ ပိုက်ဆံသာ များများထည့်ခဲ့ မင်းနဲ့ဆို မလွယ်ဘူးတဲ့။ ရန်ကုန်ကကောင်တွေကလဲ စလုံးသွားခါနီးပြီဆိုတာ အကြောင်းပြပြီး ၂ လလောက် ဘီယာငတ်နေမှာစိုးတယ်လို့ ပြောပြောပြီး နေ့တိုင်းသောက်။ အော် . . . အဲဒီ့လိုချစ်ကြတာ။ နေ့တိုင်းသောက်ဖို့ခေါ်တော့ မောင်ဇီးရိုးတို့ ငြင်းတယ်ထင်လား ဟား ဟား ဟား နောက်ရက်လာမခေါ်မှာစိုးလို့တောင် စရံသတ်ထားရသေး။ လေယဉ်ကွင်းကို အိမ်ကလူတွေ လိုက်ပို့တယ် အင်း ကာစတန်က သူငယ်ချင်းတစ်ယောက်ကလဲ စိတ်မချဘူးဆိုပြီး လိုက်ပို့သေးတယ်။ အိမ်ကလူတွေက သားလေး ဟိုမှာ နေရေးထိုင်ရေး အဆင်ပြေအောင်ကြည့်နေနော်။ သားလေး ရန်ကုန်မှာလို ဆေးလိပ်တိုကို တောက်ပြီး လွှင့်မပစ်နဲ့နော်။ သားလေး အရက်တွေ ဈေးကြီးတယ် သိပ်မသောက်နဲ့နော်တဲ့ အမေက တဖွဖွမှာတယ်။ ဟုတ်ကဲ့ အမေ ကျွန်တော် ခနပဲသွားတာပါ ပြန်လာမှာပေါ့ ကျွန်တော်နေတတ်ပါတယ် ဘာညာသာရကာ နေကြာကွာစိ ရွှီးလိုက်တာပေါ့။ သူတို့ကို ပြန်တော့လို့ပြောပြီး ကာစတန်ကသူငယ်ချင်းနဲ့ check in တူတူလုပ် အပေါ်ကိုတက် ရောက်တာနဲ့ ဟိုကောင်က လေယဉ်ချိန်လိုသေးတယ်ကွ ဟိုရောက်ရင် မသောက်ရပဲနေမှာ လာ ဘီယာလေးသောက်ကြစို့တဲ့။ အင်းပေါ့။ ဘာတတ်နိုင်မှာလဲ သူကလိုလိုလားလားပြောနေမှ အားနာစရာ ငြင်းလို့ဘယ်ကောင်းမလဲ။ ဒါနဲ့ ဘီယာလေး တမြမြလုပ် ပြီးတော့မှ လေယဉ်ချိန်နီးမှ နောက်ဆုံးနားက ကပ်တက်။ အပေါ်ရောက်တော့ စဉ်းစားနေတယ် လေယဉ်ကွင်းရောက်ရင် ဘယ်ဆိုင်မှာ ဘာအရက်စဝယ်ရမလဲဆိုတာ :D။ အမေသိရင်တော့ သတ်မလားမသိဘူး။ လေယဉ်စပယ်ယာမလေးတွေကလဲ အချိန်တန်တော့ သိတတ်ရှာတယ် ဘာသောက်မလဲတဲ့ အော် Beer Please ပေါ့။ အဆက်ပြတ်မှာစိုးတယ်လေ။ Silk Air ကလေယဉ်စပယ်ယာမလေးတွေ တော်တော်သဘောကောင်းတဲ့ ကုန်သွားတော့ ထပ်ယူမလား မေးတယ် တောက် . . . ဆိုင်က ကောင်တွေနဲ့ ကွာပါ့။ yes please ပေါ့။ အော် ကောင်းလေစွတကား။ စင်ကာပူ ခရီးကား ဤသို့စလေသတည်း။
ရောက်ပါပြီဗျာ Changi Airport။ ကိုယ်ကထင်ထားတာ ဗမာပြည်လေယဉ်ကွင်းသာသာပေါ့။ အားပါး နည်းတာကြီးမှ မဟုတ်တာ တောက် . . . လွန်လွန်းတယ် တိုင်းပြည်နဲ့ လေဆိပ် လိုက်တောင်မလိုက်ဘူး။ များလိုက်တဲ့လေယဉ်တွေဗျာ ကီလီဈေးရှေ့က ဆိုက်ကားဂိတ်ကျနေတာပဲ။ ရှုပ်ရှက်ကိုခက်ရော။ ရောက်ပြီပေါ့ စင်ကာပူ။ Terminal 2 တဲ့ လျှောက်လိုက်ရတာ အဝေးကြီး။ တော်သေးတာပေါ့ မတ်တတ်ရပ်ပြီး ဈာန်နဲ့ကြွလို့ရတာလေးတွေရှိလို့။ ခပ်တည်တည်ပေါ့ ဘာရမလဲ သိတယ်မလား။ လူရိုသေရှင်ရိုသေရှိအောင် ဟိတ်နဲ့ ဟန်နဲ့ နေရသေး။ အဖေကမှာလိုက်တယ်လေ ဟိုမှာ ဗမာပတ်စ်ပို့မြင်ရင် နှိမ်တတ်တယ်တဲ့။ ဒါမျိုးတော့ ဘယ်ရမလဲ ပတ်စ်ပို့ကြီးဖွက်ထားတာပေါ့။ မကြာပါဘူးဗျာ မကြာပါဘူး။ Immigration ကိုကျော်ပြီး Duty Free Shop တွေကို လှမ်းမြင်တော့တာပါပဲ ကောင်းလေစွ တကား။ အူယားဖားယား ပတ်စ်ပို့ကို ကြိုထုတ်လိုက်မိတယ်။ လူကရှင်းနေတယ် Immigration က ကုလားမက လှမ်းကြည့်ပြီး လက်ယက်ခေါ်တယ် (ထင်ပါတယ် ဗမာပတ်စ်ပို့ ရဲရဲတောက်ကြီး ထင်းနေတာကိုး)။ ခေါ်တော့လဲ သွားရတာပေါ့ သူ့နိုင်ငံကိုး။ ကုလားမ ရုပ်ကိုက အကျောတင်းတင်းနဲ့ ပတ်စ်ပို့ကို ဖင်ပြန်ခေါင်းပြန်ကြည့်နေတယ်။ မေ့သွားတယ် evisa မပေးမိဘူး။ visa လို့မေးမှ သတိရပြီး ထုတ်ပေးလိုက်ရတယ်။ အဲဒီ့ visa ပေါ့ ဗမာပြည်လေယဉ်ကွင်းမှာလဲ ကွိုင်ပြီးပြီ။ E-visa လေးကို အိတ်ထဲမှာ copy 3 စုံထည့်ထားလိုက်တယ်။ Silk Air counter ကောင်မလေးက အကိုတဲ့ ပေးခဲ့လို့ရမလားတဲ့။ အော် . . . ရတာပေါ့ ညီမလေးရယ်ဆိုပြီး ပေးခဲ့လိုက်တယ်။ ဟုတ်တယ်လေ evidence လိုချင်ရှာမှာပေါ့။ :D အပေါ်ထပ်ရောက်တော့ ဗမာ immigration ကကောင်ပေါ့။ သူ့ရှေ့ရပ်ပြီး သူတောင်းတာတွေပြတာပေါ့။ လိုက်ပို့တဲ့ ကာစတန်သူငယ်ချင်းကလဲ အသိတွေ့လို့ ရှေ့က ကျော်ပြီးထွက်သွားတယ်။ ဒါနဲ့ Immigration က လဒက Visa ပေးခဲ့ပါတဲ့။ အော် . . . ထပ်တောင်းပြန်ပေါ့။ စလုံးရောက်ရင်လဲ ပေးရဦးမှာပေါ့ ဆိုပြီး ပါးစပ်က အသံထွက်ပြီး ဟိုမှာ တစ်စောင် ဒီမှာတစ်စောင် ပါလာတာက သုံးစောင်ဆိုတော့ ဆိုပြီး ကိုယ့်ဘာသာ ရေရွတ်မိတာ သေချင်းဆိုးက ဘာပြောတယ်မှတ်လဲ အပိုမပါရင်လဲ သွားမနေနဲ့တဲ့ လူကြည့်တော့ သုံးရစ်နဲ့ ငယ်ဦးမယ်ထင်တယ်။ သိတယ်မဟုတ်လား ဒေါသကထောင်းကနဲ ထွက်သွားပြီးတော့ ဟေ့ကောင် မင်းငါ့ကို ဘာပြောတာလဲ ဆိုပြီး အသံက နည်းနည်းကျယ်သွားတယ်။ ဘေးက အရာရှိတွေပါ ဒီကောင့်ကိုလှည့်ကြည့်တယ်။ ဟောက်လိုက်တော့ လဒလေးက ဘာမှ မဟုတ်ပါဘူးတဲ့။ မင်းပြောပါတယ် ဘာလဲပြန်ပြောဆိုတော့ မဟုတ်ပါဘူး အကိုတဲ့။ သူငယ်ချင်းလဲ အနားရောက်လာတဲ့ ဟေ့ကောင်ဘာဖြစ်တာလဲတဲ့။ စကားဆက်ပြောချင်စိတ်မရှိတာနဲ့ ထားလိုက်တော့ ဘာမှမဟုတ်ဘူး ပြီးပြီလို့ ပြောပြီး ကျွန်တော့်စာရွက်စာတမ်းတွေ ဟိုကောင့်ဆီက ဆွဲယူလာခဲ့လိုက်တယ်။ ဘီယာသောက်ရင်းနဲ့ ဟိုကောင့်ကိုပြောပြတော့ အဲဒီ့လိုပဲတဲ့ ရမလားလို့ ဖြဲကြည့်တာနေမှာပေါ့တဲ့။ ရိုတ်သတ်ပစ်ချင်စိတ်တောင်ပေါက်တယ်။ ကဲ ခုနက စကားပြန်ဆက်လိုက်ဦးမယ်။ စလုံး Immigration က ကုလားမက visa ဆိုမှ ကိုယ့်မှာကျန်သေးတဲ့ visa လေးကို ထုတ်ပေးလိုက်တယ်။ visa ကိုကြည့်တယ် ပြီးတော့ မေးတယ် ဘာလာလုပ်တာလဲတဲ့။ လာတယ်တာပါပေါ့ အဲဒီ့အထိ မောင်ဇီးရိုးတို့ သဘောကောင်းသေးတယ်။ လေယဉ်လက်မှတ်ကိုကြည့်တယ် ပြီးတော့ မေးတယ် ဘယ်သူနဲ့နေမှာလဲတဲ့။ အမျိုးတွေနဲ့နေမှာလို့ ပြောလိုက်တယ်။ လေယဉ်လက်မှတ်ပြန်ကြည့်တယ်။ ပြီးတော့ လေယဉ်လက်မှတ်မှာ အပြန်ရက်ကို ဘာလို့ book လုပ်မလာတာလဲတဲ့။ ဒါတော့ တဆိတ်လွန်ပြီ။ နည်းနည်းတော့ မောင်ဇီးရိုးတင်းသွားတယ်။ သောက်ထားတဲ့ အရှိန်လေးကလဲရနေပြီ။ စပြီး ပြောလိုက်ပါတယ်။ မင်းတီု့ နိုင်ငံကိုလာတယ် ငါ့ကို မင်းတို့ stay ဘယ်လောက်ပေးမလဲ ငါလဲမသိဘူး အဲဒီ့တော့ လေယဉ်လက်မှတ်ကုန် Book လုပ်မလာဘူးပေါ့။ မင်းငါ့ကို တစ်ပတ်ပေးမှာလား ၂ ရက်ပေးမှာလား တစ်လပေးမှာလား ငါမှမသိတာ မလုပ်ခဲ့ဘူးပေါ့လို့။ အေး . . . လေယဉ်လက်မှတ် Book လုပ်တာလဲ လွယ်ပါတယ်။ မင်းငါ့ကို အခုပေးတဲ့ visa ကိုကြည့်ပြီး လုပ်လိုက်ရုံပဲလို့ ပြောတော့မှ။ ကုလားမ ဘာမှ ဆက်မမေးတော့ဘူး ဒုံးကနဲ ထုတယ် ကြည့်လိုက်တော့ တစ်လ။ ကောင်းလေစွတကား။ ဒါနဲ့ ပစ္စည်းထည့်တဲ့ တွန်းလှည်းလေးတစ်ခုယူပြီး ပစ္စည်းရွေးဖို့လုပ်လိုက်တယ်။ လူကသာ ပစ္စည်းရွေးမယ့်နေရာ ရောက်နေတာ မျက်လုံးက Duty Free Shop က ပုလင်းတွေဆီမှာ။ ပစ္စည်းတွေကလဲ ကြာလိုက်တာ။ ခနနေတော့ ရတယ်။ ဒါနဲ့ လာကြိုတဲ့လူတွေကိုကြည့်တော့လဲ တစ်ယောက်မှ မတွေ့ဘူး။ နေပါစေပေါ့။ အရက်အရင်ဝယ်မယ်ဆိုပြီး Duty Free Shop ထဲဝင်သွားတယ်။ ဟိုရောက်တော့ မေးလိုက်တယ် Gentleman Jack လို့။ ဖတ်တီးမက လိုက်ရှာပြီး ယူပေးတယ် ပြီးတော့ပြောတယ် မင်းကံကောင်းတယ်တဲ့ Jack Daniel က Promotion လုပ်နေတာတဲ့ ကံစမ်းမဲနှိုက်ဆိုလို့ နှိုက်လိုက်တာ ဦးထုပ်ပေါက်တယ်။ ပြီးတော့ ပိုက်ဆံရှင်းဖို့ Passport ထုတ်တော့ ဗမာလားတဲ့ အေးဟုတ်တယ်လို့ပြောလိုက်တယ် သူကတော့ ဘာမှ မပြောရှာပါဘူး။ ဒါနဲ့ အပြင်ကိုထွက်လာခဲ့လိုက်တယ်။ လာကြိုတဲ့သူတွေလဲ မတွေ့ဘူး ခပ်တည်တည်ပဲ လမ်းဆက်လျှောက်နေလိုက်တယ်။ ခပ်လှမ်းလှမ်းမှာ လာကြိုတဲ့ သူငယ်ချင်းနှစ်ယောက်တွေ့တယ်။ ဂိမ်းတောင်ဆော့နေလိုက်သေးတယ် လေယဉ်မဆိုက်သေးဘူးမှတ်လို့တဲ့။ လာသွားမယ်ဆိုပြီး ထွက်လာကြတယ်။
ပုလင်းလဲပါတယ် ရောက်တာက ၁၀ နာရီကျော် အမှန်တော့ အချိန်ကောင်း ဒါပေမယ့် သူတို့လဲ ပင်ပန်းနေတော့ အင်း ဘီယာလောက်နဲ့ ကျေနပ်လိုက်ပါတယ်။ ကိုယ်လဲ အမှန်တော့ နည်းနည်းပြိုင်းနေပြီ နေ့မီးညမီးဆက်ထားလို့။ နောက်နေ့ပေါ့။ ကဲ နောက်နေ့လင်းတာနဲ့ စင်ကာပူ လျှောက်သွားတာပေါ့။ လိုက်ပို့မယ့်သူရှိတုန်း MRT စီးတာလေးကြည့် Bus Directory လေးကိုင်ပြီးသွားတာပေါ့။ အဲဒီ့နေ့က သွားလိုက်တာ တနေကုန်ပဲ စင်ကာပူလဲ East နဲ့ West တော်တော်ရောက်လိုက်တယ်။ ဘာမှလဲ မဟုတ်ဘူး Shopping Mall တွေ ပေါတာပဲရှိတယ်။ နောက်နေ့တွေတော့ တစ်ယောက်ထဲ လစ်တာပေါ့။ ဟိုသွား ဒီသွား။ သူများတွေက အလုပ်နဲ့လေ ကိုယ်က ၁၀၉ ၁၁၀ အားယားနေတာ သွားသည်ပေါ့။ ညနေကျတော့ City Hall နားချိန်း River Side တဲ့ အေးပေါ့ သွားပေါ့။ ဘာ River လဲ ပုဇွန်တောင်ချောင်းကမှ သူ့ထက်ကြီးသေးတယ်။ ပုပ်စော်လဲ နံသေးတယ်။ အော် . . . အဲဒီ့မှာ သောက်တော်မူကြတယ်။ ဟိုကောင်တွေကိုမေးကြည့်တယ် ဟိုဘက်က ဆိုင်တွေထိုင်ရအောင်လို့ဆိုတော့ သေချင်လို့လားတဲ့ ဈေးကြီးတယ်တဲ့ အမ် . . . သိဘူးလေနော့် ကိုယ်က တောသားပဲဟာ ဘယ်သိမှာတုန်း တေးထားလိုက်တယ် မင်းတို့ မထိုင်ချင်နေပေါ့ ငါ့ဘာသာ နောက်ရက်မှလာထိုင်ကြည့်မယ်လို့။ ဒီလိုနဲ့ စင်ကာပူမှာ တစ်ပတ်ကြာရင်ပဲ Santosa ကလွဲရင် အရှေ့အနောက်တောင်မြောက် ကုန်ပါလေရောလား။ သူငယ်ချင်းတွေက ပြောတယ် အားနေလျှောက်သွားနေတာပဲတဲ့ ဟ မသွားလို့ ဘာထိုင်လုပ်နေရမှာလဲလို့။ အားနေတာသွားမှာပဲဆိုပြီး သွားခြင်းကို မရပ်ခဲ့ပါ။ အားသမျှလူနဲ့ ချိန်းပြီး ဒိုးတယ် ဘလော့ဂ်ဂါထဲကတော့ မဗေဒါနဲ့တွေ့တယ် vivo city မှာ သူမုန့်ကျွေးလို့ စားလိုက်သေး ဟီး ဟီး။ ကျေးဇူးပါ ညီမလေးမဗေဒါ။ သူခေါ်လို့ vivo city ကိုရောက်ပြီး သိပ်မကြာဘူး ရန်ကုန်က သူငယ်ချင်းတွေ ထပ်လိုက်လာကြတာနဲ့ ထပ်သွားကြသေး။ ကိုယ်က ရောက်နေတာ ၂ ပတ်ဆိုတော့ ဒင်းတို့ကို ဆရာပြန်လုပ်တာပေါ့။ ဘယ်ရမလဲ။ ကြာသာပတေးနေ့ တစ်ရက် မှတ်မှတ်ရရ ချန်ပီယံလိဂ်ပြီးတော့ နောက်နေ့။ ချန်ပီယံလိဂ်ကို သူငယ်ချင်းတွေစုပြီး ကြည့်ကြတာ အရေးထဲ ကိုယ့်အသင်းကရှုံးတော့ လူတွေက ဘူကုန်ရော။ အိပ်ပေါ့။ နေ့လည်နိုးတော့ သူငယ်ချင်းတစ်ယောက်က လာကွာတဲ့ Santosa ငါပို့ပေးမယ်တဲ့ သူ့ကားရှိတုန်းကိုယ်လဲ ကပ်လိုက်ရတာပေါ့။ ကောင်းလေစွတကား။ ချောင်းသာရဲ့ ၁၀ ပုံ ပုံရင် ၁ ပုံလောက်ရှိတဲ့နေရာလေးကို လုပ်ထားလိုက်တာ လန်ထွက်နေတယ်။ ဒါနဲ့ လျှောက်ကြည့်ပေါ့။ သူငယ်ချင်းကပြောတယ် ညကျရင် Song of the Sea ကြည့်ရအောင်တဲ့ ဘာလဲလို့မေးတော့ လဒက မဖြေဘူး ကြည့်ပေါ့တဲ့။ အင်းပေါ့ ဘယ်တတ်နိုင်မလဲ ကြည့်တာပေါ့။ Santosa မှာ တနေကုန် ဟိုဆော့လိုက် ဒီတက်လိုက် လုပ်နေလိုက်တယ် ညနေစောင်းတော့ အစာပြေလေးဝါးလိုက်တယ်။ ပြီးတော့ Song of the sea ကြည့်တယ်။ မှန်ပါတယ်ဗျာ ဒါတော့ ချီးကျူးတယ် လန်ထွက်နေတာပဲ အော် Technology တိုးတက်နေတော့လဲ ကောင်းလေစွတကား။ ဒါတော့ တန်တယ်။ Laser နဲ့ ရေနဲ့ လူနဲ့ ပေါင်းပြီးကတာ ဒါတော့ ချီးကျူးတယ်။ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်းပြော ပြန်တော့ vivo city မှာ ညစာပေါ့။ ကိုယ်ကျွေးမယ်ပေါ့ တနေကုန်သူဒကာခံထားတာကိုး အားနာလှပြီ။ ဟိုရောက်တော့ နောက်တစ်ကောင်ရောက်လာပြီး ငါကျွေးမှာတဲ့ အော် ငြင်းရခက်ပါဘိ ဟိ :D စားသောက်သိတဲ့အတိုင်းပဲ လေကန်ပေါ့။ နောက်နေ့ည Night Club တဲ့။ သွားပေါ့။ တကယ်သွားဖြစ်တယ်။ သောက်လိုက်ကြတာ ဝက်ဝက်ကွဲ နောက်နေ့ ရုံးပိတ်ပြီကိုး အိမ်တောင် ဘယ်လိုပြန်ရောက်လာမှန်း အခုထိ မမှတ်မိ :D ဈေးတွေက ကြီးလို့လားမသိဘူး သောက်ရင် ပိုမူးသလိုပဲ တန်အောင်လို့ စိတ်က အတင်းမူးပစ်တာထင်တာပဲ ဟီး ဟီး ဟီး။
အင်း လည်တာပတ်တာချည်းပဲ ပြောပြဖြစ်နေတယ်။ သောက်လိုက်စားလိုက် ဂရိတ်ဖိုက်လုပ်နေတာချည်းပဲ မဟုတ်ပါဘူး။ မောင်ဇီးရိုးတို့ University တွေကို ပတ်ပြီးကြည့်ပါသေးတယ် Enquiry လုပ်ပါသေးတယ်။ ဟိုကျောင်းဝင်ကြည့် ဒီကျောင်းဝင်မေး အစိုးရကျောင်းတွေကတော့ Application Dead Line ဖြစ်ကုန်တော့ နေပါစေတော့ပေါ့။ သိချင်တာလေးတွေကို နည်းနည်းမေးပြီး ပြန်လာလိုက်တယ်။ အဲ Kaplan University ရောက်တော့ Media and Communication Management တွေ့လို့ ဝင်မေးတယ်။ ဖြေရှာပါတယ် တရုတ်မ တရုတ်သံဝဲဝဲနဲ့။ နားထောင်ပြီး ပြန်မေး နောက်တစ်ခု Business Management အကြောင်းမေးတော့ သူမသိဘူးတဲ့ နောက် Consultant တစ်ယောက်ကို ခေါ်ပေးမယ်တဲ့။ နည်းနည်းတောင် ကြောင်သွားတယ်။ သူက ရှင်းပြတယ် သူတို့က တစ်ယောက်ကို မေဂျာတစ်ခုဆီပဲ တာဝန်ယူပြီးရှင်းပြတာတဲ့။ တော်ပြီလို့ နောက်တစ်ယောက်တော့ မစောင့်တော့ဘူး ပြန်မယ်ဆိုပြီး ပြန်လိုက်တယ်။ တောက် ဗမာပြည်မှာဆို ဒင်းလိုဟာမျိုး ထမင်းတောင် နပ်မှန်မှာမဟုတ်ဘူး အလုပ်ပြုတ်တာကြာပြီ။ ဘယ့်နှယ့်ဗျာ ကိုယ်အလုပ်လုပ်တဲ့နေရမှာ ရှိတဲ့ Diploma နဲ့ Degree စာရင်းက နည်းနည်းလေး အကုန်တော့ သိသင့်တာကိုး။ မှတ်ချက်ချလိုက်တယ် ငတုံးမလို့။ ဟုတ်တယ် စလုံးတွေက ငတုံးတွေများတယ်။ ကျန်တဲ့နေရာတွေမှာလဲ တွေ့ခဲ့ရတယ်။ ပြီးတော့ ဆိုးလိုက်တဲ့ အင်္ဂလိပ်စကားပြော Broken ဆိုတာ ကျိုးချက်ကျိုးချက်။ ဒါတောင်သူတို့က သူ့တို့ အင်္ဂလိပ်စာကမှ အမှန်တဲ့ သောက်ရှက်မရှိပြောသေးတယ်။ အဲဒီ့လိုပြောတဲ့ဟာနဲ့ မတွေ့သေးလို့ တွေ့လို့ကတော့ကွာ သေပြီသာမှတ်။ နောက်တစ်ရက် အမှတ်မရှိဘူး အဲဒီ့ Kaplan ကိုထပ်ရောက်တယ် သိချင်တာက ရှိနေသေးတာကိုး။ ဒါနဲ့ ဒီတစ်ခါတော့ သိသွားပြီ သွားပြောလိုက်တယ် ငါ အဝေးကြီးကလာရတာ သိချင်တာကများတယ် အဲဒီ့တော့ ငါ့ကို သေသေချာချာ ငါမေးသမျှ ဖြေနိုင်မယ့်သူတွေ့ချင်တယ်။ ပြီးတော့ ဘာသာရပ်တိုင်းကို ရှင်းပြနိုင်တဲ့သူတွေ့ချင်တယ်ဆိုတော့ သူတို့နည်းနည်းတွေသွားတယ် ခနတော့စောင့်ပါတဲ့ တစ်ယောက်ရှိတယ် အခုမအားသေးလို့ ၁၀ မိနစ်လောက်စောင့်နိုင်မလားတဲ့ ရတာပေါ့ စောင့်မယ်လို့ ပြောပြီး Broucher တွေ ထိုင်ဖတ်နေလိုက်တယ်။ သိပ်မကြာဘူး တရုတ်မတစ်ယောက်ရောက်လာတယ် သူ့ကြည့်ရတာ တနေ့ကတစ်ယောက်ထက်တော့ ရာထူးကြီးပုံပဲ။ ဘယ်ကလာတာလဲတဲ့ ဗမာပြည်ကလို့ ပြောလိုက်တယ်။ သူ့ကိုကျောင်းအကြောင်း မေးကြည့်တော့ သူစရှင်းပြတယ်။ နားထောင်နေလိုက်တယ်။ IELTS Score လိုတယ်တဲ့။ ဟုတ်လားပေါ့။ လိုတာပြောဆိုပြီး နားထောင်နေလိုက်တယ်။ သူမေးတယ် ပညာအရည်အချင်း ဘယ်လောက်ရှိတုန်းတဲ့ ရင်ကော့ပြီးဖြေလိုက်တာပေါ့ အဝေးသင်ကနေ ECO ဘွဲ့ကြီးရထားတာလို့။ သူ့ကြည့်ရတာ ဗမာဆိုတာနဲ့ အထင်သေးပုံပဲ English Skill အတွက်ပေါ့လေ ဘာညာပြောလာတယ်။ သောက်ညင်က နည်းနည်း ကပ်နေတာနဲ့။ ကဲ ငါ့အလှည့်ဆိုပြီး တောက်လျှောက်ပြောတော့တာပေါ့။ မင်းတို့ ကျောင်းကို ဒါနဲ့ဆို ရောက်တာ ၂ ခါရှိပြီကနေ အစချီလိုက်တာ ဘာသာရပ်တွေ အတော်စုံသွားတယ် သူတို့ Alias လုပ်ထားတဲ့ တက္ကသိုလ်တွေ အကြောင်းပါ ထပ်ပြီး Discuss လုပ်လိုက်တယ်။ ဖတ်ထားတယ်လေ အဲဒီ့ တက္ကသိုလ်တွေအကြောင်းက Online ပေါ်မှာ။ အဲဒါကြောင့် ဒင်းကို သိချင်တာ ပတ်မေးတာပေါ့။ ဟိုဘက်ကလှည့်မေးလိုက် ဒီဘက်ကလှည့်မေးလိုက်လုပ်တာ သူလဲ ကြာတော့ ချွေးပါပြန်လာပုံရတယ်။ နောက်ဆုံးတော့ ပြောရှာတယ် မင်းတက်မယ်ဆိုရင် အဆင်ပြေပါတယ်တဲ့။ Transcripts လေးတွေပေးပါတဲ့။ IELTS မရှိသေးဘူးလို့ပြောတော့ မင်းအတွက်ဆိုရင် မလိုပါဘူးတဲ့။ အေးပြီးရောဆိုပြီး အမှတ်စာရင်းတွေပေးလိုက်တယ် သူသွားကူးပြီး ပြန်ယူလာပေးတယ် ဒီတခါတော့ ရိုရိုသေသေပဲ။ ဘယ်ရမလဲ ငါကွ ဗမာ ဟွန်း။ ခပ်တည်တည်ပဲ ပြန်လာလိုက်တယ်။ အမှန်ကတော့ ကျောင်းစရိတ်က များနေလို့ ဟိ။ စလုံးရောက်တော့ ဘာထူးခြားလဲ ဟုတ်လား။ အင်းပြောရရင်တော့ သက်ကြီးရွယ်အိုတွေကို သနားတယ် လမ်းပေါ်မှာ ပစ်ထားကြတယ်။ Food Court တွေမှာ တုန်တုန်ချိချိနဲ့ အမှိုက်သိမ်းကြရတယ်။ သားသမီးတွေ လိမ္မာပုံသိတတ်ပုံရတယ်။ မအားဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဗမာပြည်မှာလို မဟုတ်ဘူး။ ဒီကောင်တွေရိုင်းလွန်းတယ်။ စလုံးကကောင်တွေက ပညာတတ်နည်းတယ် Poly Diploma လောက်နဲ့ ပြီးကြတာများတယ်။ အင်း ပညာတတ်တွေနဲ့လဲ တွေ့ပါတယ်။ တော်တော်ကွာတယ် ဟိုကောင်တွေက တော်တော်ပြည့်တယ်။ အင်းလေ ကျောင်းတောင် အင်္ဂလန်ကပြီးလာတာကိုး။ စလုံးတွေ အင်္ဂလိပ်စာ မကောင်းတာကို သူတို့ဝန်ခံတယ်။ နှိပ်လို့ရတုန်းလေး နှိပ်ရတာ။ အလုပ်ကိစ္စလဲ ကြည့်ပါတယ် အလကားမနေပါဘူး။ အားရင် လုပ်ပါတယ်။ မလည်ဖြစ်တဲ့ အချိန်ပေါ့ ဟီး ဟီး။ ကဲ တော်တော်တောင်ရှည်သွားပြီ နောက်မှ ထပ်ရေးတော့မယ်။ ဒီည နည်းနည်းမူးနေလို့ ဟီး ဟီး နောက်နေ့နော် :D
ဖတ်ဦးမှာလား . . .
ကုန်သွားပြီ . . .
တလောကပေါ့ လူက စိတ်ဓါတ်တွေကကျ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတာ။ လုပ်ငန်းကလဲရပ် အလုပ်လက်မဲ့ပုံစံနဲ့ မနက်လင်းရင် ဘာလုပ်ရမလဲ စဉ်းစားနေရတာ ပျင်းလာတယ်။ ကိုယ့်ဘာသာကိုယ်လဲ တော်တော် သောက်သုံးမကျတဲ့ ကောင်ဆိုပြီး စိတ်ညစ်လာပြန်ရော။ သေရင် အေးမယ် ဆိုပြီး တွေးမိတာလဲ အကြိမ်ကြိမ်။ ခံနိုင်ရည်က မဲ့လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲ စဉ်းစားလို့ကို မရဘူး ဖြစ်နေပြန်တယ်။ ခက်တယ်ဗျာ ခက်တယ်။ သို့ပေမယ့် သို့ပေမယ့်ပေါ့လေ . . . . .
တနေ့က အဖေနဲ့ အပျင်းပြေ လိုက်သွားလိုက်တယ်။ သူကလဲ ပွဲစားတန်းဘက် သွားရအောင်တဲ့ သွားလေဆိုပြီး ပေါ့ပေါ့ပါးပါးပဲ လိုက်သွားတယ် ဟိုရောက်တော့ အဖေက သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ် ကားကိစ္စ ဘာညာပေါ့။ ကျွန်တော်လဲ ပျင်းတာနဲ့ အပင်အရိပ်အောက်မှာ ထိုင်နေလိုက်တယ်။ ထိုင်နေတုန်းရှိသေးတယ် ဘေးနားကနေ ကလေးတစ်ယောက်က လာခေါ်တယ် ရုတ်တရက် နားမလည်ဘူး သူခေါ်လိုက်တဲ့ အသံကို ဘာတဲ့ “ဘောကျိ” တဲ့ ကျွန်တော်လဲ ပြန်မေးလိုက်တယ် ဘာလဲဆိုတော့ ဘေးက အဖေ့သူငယ်ချင်းက ရှင်းပြတယ် “ဘောစိ (Boss)” လို့ခေါ်တာတဲ့။ သြော်ဒါနဲ့ ပြုံးမိတယ်။ ဘာတုန်းဆိုတော့ “အနော်ကားဆေးပေးမယ်နော်တဲ့” လူက လေးနှစ်သာသာလောက်ရှိဦးမယ်။ ကျွန်တော် ဘာမှ မပြောပဲ ကြည့်နေလိုက်တယ်။ အဖေ့သူငယ်ချင်း မေးတယ် “မင်းကားဆေးမှာက ဟုတ်ပါပြီ ပြီးရင် မုန့်ဖိုးတောင်းမှာလားတဲ့” ဟိုကလေးက “ဟီး ဟီး အနော်က ခင်လို့ ဆေးပေးမှာပါတဲ့” ဒါနဲ့ ဟိုက ဆက်ပြောတယ် “မင်းထမင်းစားပြီးပြီလားဆိုတော့” ကိုယ့်ဆရာက ဗိုက်ကလေးပွတ်ပြီး မစားရသေးဘူးတဲ့ ကျွန်တော် နာရီကြည့်လိုက်တော့ ညနေ ၃ နာရီလောက် ရှိတော့မယ် ဒီအချိန်ထိ ဒီကလေး ထမင်းမစားရသေးဘူးဆိုတော့ ရင်ထဲ ချိသွားတယ်။ ကျွန်တော် လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေးကို လှမ်းခေါ်ပြီး မုန့်တစ်ပွဲမှာလိုက်တယ်။ လာပို့သွားတယ် ဟိုကလေးကတော့ ကားဘီးတွေကို ရေဆေးနေတယ်။ ကျွန်တော် ကြည့်နေရင်းက သူ့ကိုလှမ်းခေါ်လိုက်တယ်။
“ဘောကျိ ဘာခိုင်းမလို့လဲ”
“မခိုင်းပါဘူးကွာ မင်းကို မုန့်စားခိုင်းမလို့”
“ဒါတွေ စားရမှာလား”
“အေး စားလိုက် မင်းဖို့ မှာထားတာ” ချာတိတ်က ချက်ခြင်းမစားသေးဘူး အဖေ့ သူငယ်ချင်းကို လှမ်းကြည့်တယ်။ ဟိုက စားလေကွာဆိုတော့ စားတယ်။ စားလိုက်တာ အကုန်ပဲ ဆာနေမှာပေါ့လေ။ စားပြီးတော့
“အား . . . ဗိုက်ဝသွားတာပဲ” ကျွန်တော်ပြုံးမိတယ်။ ပြီးတော့ ကားဘီးတွေ သွားဆေးနေတယ်။ ကားလေးဘီးလုံးကို သူ့အရွယ် ငယ်ငယ်လေးနဲ့ လိုက်ဆေးနေတယ်။ ကျွန်တော် မနေနိုင်တော့ဘူး ထားလိုက်တော့ ပြီးပြီ တော်တော် သန့်သွားပြီဆိုပြီး ပြောလိုက်တော့ ရတယ် ဘောကျိ ရတယ်ဆိုပြီး လုပ်နေတယ်။ ခနနေတော့ ကျွန်တော် ချက်ခြင်း ရပ်ခိုင်းလိုက်တယ် ပြီးတော့ မုန့်ဖိုး ၁၀၀၀ ထပ်ပေးလိုက်တယ်။ အဖေ့သူငယ်ချင်းက ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို မေးလိုက်တယ်။ ဒီကလေး ဘယ်ကလဲဆိုတော့။
“ဒီလိုပဲကွ ဒီမှာလာပြီး ရေသန့်ပုလင်းတွေ ကောက်တဲ့ မိသားစုထဲက”
“အင်း . . . ”
“အဲဒီ့ ကလေးက တနေ့ကို ပိုက်ဆံ ၅၀၀ ရအောင် ရှာရတယ် မရရင် မပြန်ရဘူးကွ”
“ဗျာ . . .”
“ဟုတ်တယ် ဒီကောင် တခါ ညနေ ၇ နာရီကျော်နေလို့ မပြန်သေးလို့ မေးကြည့်တာ ၄၀၀ ပဲရသေးလို့ ဆက်နေရတယ်တဲ့ အဲဒါ လိုတဲ့ ပိုက်ဆံကို ချက်ခြင်းပေးပြီး သူ့မိသားစုပါ ခေါ်ပြောလိုက်ရသေးတယ်”
“ဟာ ဗျာ . . . ”
“မဟာနဲ့ဦးဟေ့ တခါတလေ ဒီကောင်က လက်ဘက်ရည်ဆိုင်မှာ ခုံလေးတွေ ဆက်ပြီး အိပ်တာ”
“ဟူး . . . မောတယ်ဗျာ ကြားရတာ”
“သူ့အသက်က ၄ နှစ်သာသာပဲ ရှိဦးမယ် ဒီအရွယ်လေးနဲ့ လောကဓံကို ခံနေရပြီ”
“အဲဒီ့ ကလေးတွေကို စောင့်ရှောက်ဖို့လိုတယ် ဦးလေး ကျွန်တော် ဒါမျိုးတွေတွေ့ရင် မခံစားနိုင်ဘူး”
“အေးပေါ့ကွာ ငါတို့လဲ အဲဒါကြောင့် ထမင်းစားလဲ ခေါ်ကျွေး ပိုက်ဆံဆိုလဲ ပေးပေါ့ ဒီလိုပဲ နေနေရတာပဲ သိပ်လဲ မပေးရဲဘူး အကျင့်တွေ ပျက်ကုန်မှာစိုးတယ် အလကားမပေးတာကို ပြောတာ ခိုင်းချင်လို့ ခိုင်းနေတာ မဟုတ်ဘူး ငွေတန်ဖိုးနားလည်အောင် အလုပ်ကလေးသိအောင် ခိုင်းတာ ဘယ်ခိုင်းရက်ပါ့မလဲကွာ ဒီအရွယ်လေး ဒါကြောင့် သူနဲ့ တန်တဲ့ ရေသန့်ဗူးလေး ဝယ်ခိုင်းတာ ဘာညာပဲ ခိုင်းတယ်။ ပိုက်ဆံ ဒီအတိုင်းပေးရင် သူတောင်းစား ဖြစ်သွားမှာစိုးလို့ ငွေကို တောင်းတိုင်းရရင် သူတောင်းစားဖြစ်သွားမှာစိုးတယ် ငါ့တူရ အဲဒါကြောင့်”
“ဟုတ်ပါတယ် ကျွန်တော် ဒါကို လက်ခံတယ်။ ဒါပေမယ့်ဗျာ သူ့ဘဝကို ကြည့်ရတာ အဆင်မပြေဘူး စိတ်ထဲ မကောင်းလိုက်တာ”
“ဒါကတော့ ငါ့တူရယ် ဒီလိုပဲ သူ့လို ကလေးမျိုး တို့နိုင်ငံမှာ အများကြီးပဲ မင်းသိတဲ့အတိုင်းပဲ”
“အင်း . . .”
ကျွန်တော် ဘာမှ ဆက်မပြောဖြစ်တော့ဘူး။ ခနနေတော့ ညနေစောင်းသွားပြီး ဟိုကလေးကတော့ ကျွန်တော့်နားမှာ ဆော့နေတယ် ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်တော့ “ဘောကျိ နက်ဖန် လာဦးမှာလားတဲ့” အေးကွာလို့ တိုတိုတုတ်တုတ်ဖြေပြီး သူ့ခေါင်းလေးကို ပွတ်ပြီး နှုတ်ဆက်လိုက်တယ်။ လူက စွပ်ကျယ်အကြီးကြီးဝတ်ထားတယ် နှပ်ချီးကတွဲလောင်းနဲ့ ဒါနဲ့ ကားထဲက တစ်ရှူးထုတ်ပြီး နှပ်သုတ်ပေးလိုက်တယ်။ ပြီးတော့ ကားပေါ်မှာပါတဲ့ အရုပ်ကလေးတစ်ရုပ်ပေးဖြစ်လိုက်တယ်။ အဖေကတော့ ဘာမှ မပြောဘူး ကျွန်တော့်ကိုပဲ ကြည့်နေတယ်။ သားအဖနှစ်ယောက်လမ်းပေါ်မှာ စကားမပြောဖြစ်ဘူး။ အိမ်ပြန်ရောက်ပြီး သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်တော့ လာခဲ့လေဆိုပြီး ပြောလိုက်တယ်။ သူငယ်ချင်းတွေ ရောက်လာတော့ ဟိုပြောဒီပြောနဲ့ ဘီယာဆိုင်ရောက်သွားတယ်။ စမ်းချောင်းက ယူနန်ပေါ့ ထုံးစံအတိုင်းပေါ့။ စိတ်ကညစ်နေတော့ သောက်ပြီးရင်သောက်လေ့ရှိတာကိုး။ ကားပါကင် အထဲမှာ မရတော့အပြင်မှာ ရပ်လိုက်တယ်။ ကားပေါ်က ဆင်းတော့ “ဘောကျိ” ဆိုပြီး ခေါ်သံကြားလို့ ကြည့်လိုက်တာ လားလားလား ညနေက ဆရာသမားဖြစ်နေတယ်။ “ဟေ့ကောင် မပြန်သေးဘူးလား ဆိုတော့” ပြန်မှာတဲ့ သူ့အမေကို စောင့်နေတာတဲ့။ ခပ်လှမ်းလှမ်းမှာ ရေသန့်ဗူးတွေ ကောက်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းတွေလဲ ကျွန်တော့်ကို ငေးနေတယ်။ ပြီးတော့ ချာတိတ်ထွက်သွားတယ်။ ကျွန်တော်တို့ ဆိုင်ထဲကို ဝင်လာတယ်။ ဆိုင်ထဲမှာထိုင်နေရင်းနဲ့ ဘီယာမှာတယ် သောက်မယ်ပေါ့။ သူငယ်ချင်းက မေးတယ်။ ကျွန်တော် ပြောပြလိုက်တယ် ညနေက အဖြစ်အပျက်ကို အကုန်လုံး တိတ်သွားတယ် ဆက်မပြောတော့ဘူး။ ဘီယာ လာချပေးတယ်။ ကျွန်တော် သူငယ်ချင်းတွေကို ပြောလိုက်တယ်။
“ငါတို့သောက်တာ တိုက်ဂါး တစ်လုံး ၁၃၀၀ ပေးရတယ် တနေ့ကို တစ်ယောက် ၅ လုံးလောက်သောက်တယ်။ စဉ်းစားကြည့်ရင် ဟိုကလေးအနေနဲ့ဆို ဘယ်နှစ်ရက်သုံးလို့ရမလဲ” အဲဒီ့လိုလဲ ပြောလိုက်ရော ဘယ်ကောင်မှ မလှုပ်တော့ဘူး ကျွန်တော်ကိုယ်တိုင်လဲ မြိုမကျတော့ဘူး အဲဒီ့နေ့က ဘီယာ တစ်ခွက်စီလောက်ပဲသောက်တယ် တိုင်ပင်စရာ မလိုဘူး ပြန်မယ်ဆိုပြီး ထပြန်တယ်။ စိတ်ထဲမှာလဲ တနေ့ကို ငါးရာ ရှာရတယ်ဆိုတဲ့ ဟိုချာတိတ်ကိုပဲ မြင်နေမိတယ်။
ကျွန်တော်တို့ တနေ့ကို ငွေဘယ်လောက် ဖြုန်းတီးမိပြီလဲ ကျွန်တော်တို့ ဖြုန်းတဲ့ငွေတွေနဲ့ ကျွန်တော်တို့ လူတွေ ဘယ်လောက်ကယ်နိုင်မလဲ ခင်ဗျားတို့ စဉ်းစားကြည့် အသက်က ၄ နှစ်ကျော်ကျော် တနေ့ ငါးရာ တဲ့ စဉ်းစားစမ်းဗျာ။ ကျွန်တော် ကိုယ့်ဘာသာစိတ်ဓါတ်ကျတာလဲ ပျောက်သွားတယ်။ အဲဒီ့ကလေးရဲ့ အားမာန်တွေ ကျွန်တော့်ကိုယ်ထဲ စီးဝင်လာတယ်။ သူနေတတ်တယ် နေပျော်အောင်နေတယ်။ အရွယ်နဲ့သောကမမျှဘူး ဒါပေမယ့် လောကဓံကို ခံနိုင်တယ်။ ကျွန်တော်တို့ ဘာလို့ မခံနိုင်ရမှာလဲ နောက်တစ်ခု ကျွန်တော် ငွေကို ပိုရှာဖို့ လိုလာတယ်။ ဟုတ်တယ် ပိုက်ဆံရှိရင် ခုနကလို ကလေးတွေကို အများကြီး ပြုစုစောင့်ရှောက်လို့ရမယ်။ ကဲ စဉ်းစား။ ခင်ဗျား တစ်နေ့ ဘယ်လောက်သုံးနေသလဲ ဘယ်လောက်ဖြုန်းနေလဲ ခင်ဗျား စိတ်ဓါတ်ကျစရာက ဘယ်လောက်ကြီးသလဲ စဉ်းစား။ ကျွန်တော်တော့ စဉ်းစားလို့ပြီးပြီ ကျန်တဲ့သူတွေ ဆက်စဉ်းစားစေချင်တယ်။ ဒါပါပဲဗျာ အခုလို ပြန်ပြောရတာတောင် မောလှပြီ။ နားထဲမှာ တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း “ဘောကျိ” ဆိုတဲ့ သူ့အသံပဲ ကြားကြားနေတယ်။
ဖတ်ဦးမှာလား . . .
ကုန်သွားပြီ . . .
အသိတရားနဲ့ ခံစားချက်ကြားမှာ
နှလုံးသားတွေက ခါးနေတယ်
မေမေရေ မေမေရေ
တကြော်ကြော်အော်ခေါ်မိပေါ့
ဘဝမှာ သင်ခန်းစာကြီးကြီး
အမှားကြီးကြီး
ဆင်ခြင်တုံတရားကြီးကြီး
အရာအားလုံးက ကြီးကြီးမားမား
သို့ပေမယ့်
လမ်းတွေကတော့ မှေးမှိန်လို့
မနက်ဖန်အတွက် လင်းမယ့်နေရောင်
မနက်ဖန်အတွက် တင်းထားတဲ့စိတ်ဓါတ်
မနေ့က ငါမဟုတ်တဲ့ငါအတွက်
အရာအားလုံးဟာ မသေချာပြန်ဘူးကွဲ့
မှောက်ထားတဲ့ဖဲချပ် တစ်ဖြစ်ဖို့
ဥုံဖွဆိုတဲ့ ရေရွတ်သံ
ခံတွင်းမတွေ့ပြန်ဘူးကွယ်။
ဖတ်ဦးမှာလား . . .
ကုန်သွားပြီ . . .
အိပ်မက်တွေ ပြိုကျတဲ့နေ့
ငါ့နှုတ်ခမ်းတွေ ခါးနေတယ်
ဘာမှန်းမသိတဲ့ ခံစားချက်က
ဝိဥာဉ်တွေကို နှိပ်စက်နေလေရဲ့
ငိုစရာမျက်ရည်
ဝမ်းနည်းစရာသောက
ဒီဘဝမှာ ဘာများထပ်ရဦးမှာတဲ့လဲ
အတိတ်တွေကိုပြန်ကြည့်တော့
ငါမှ မမှားခဲ့တာ
ဟေ့ . . . မှန်တဲ့ကောင်ရှေ့ထွက်
ပေါ့ပျက်ပျက်မနေတတ်သ၍
သင်ဟာ လူမဟုတ်ဘူးကွဲ့
ဒီစကားသံကြားတော့
သြော် . . . လူ့ဘဝဟာ နေပျော်စရာပေါ့။
ဖတ်ဦးမှာလား . . .
ကုန်သွားပြီ . . .
သူများတွေတော့ မသိဘူး ကျွန်တော့်အတွက်ကတော့ ၂၀၀၈ တစ်နှစ်လုံးဟာ ဒဏ်ရာတွေ ဗလပွနဲ့ပေါ့။ ဖြတ်သန်းရတာ မောလှပါတယ်။ ပျော်စရာဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။ တိုက်ပွဲတွေဆိုတာ မြင်မကောင်းဘူး။ ကျွန်တော့်အတွက်တော့ ၂၀၀၈ ဆိုတာ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ကျွန်တော် အဲဒီ့အိပ်မက်ကနေ အမြန်ဆုံး နိုးထချင်နေပါပြီ။ ကိုယ့်သမိုင်းကိုယ်ရေးတာဆိုတော့ ကျွန်တော့်အတွက်တော့ အနာတရဖြစ်စေတဲ့ စာမျက်နှာတွေကိုသာ ၂၀၀၈ ခုနှစ်က ပေးခဲ့ပါတယ်။ ကဲ ကျွန်တော့်ရဲ့ ၂၀၀၈ စာမျက်နှာတွေကို ကြည့်ကြစို့ရဲ့။
ဇန်နဝါရီလ
ကျွန်တော်တို့ ဖိုးဝက ဦးစီးကျင်းပမယ့် ၂၀၀၈ခုနှစ် ဖေဖော်ဝါရီ ပျော်ပွဲရွှင်ပွဲအတွက် ကျွန်တော် အစီအစဉ်တွေရေးနေတယ်။ စပွန်ဆာပေးတဲ့ ကုမ္ပဏီကနေပြီး ငွေတွေထုတ်တယ်။ နောက်တော့ ပျော်ပွဲရွှင်ပွဲအတွက် အဆိုတော်တွေ၊ မင်းသား မင်းသမီးတွေကို လာပြီး ကူညီပေးဖို့ ကျွန်တော်ကမ်းလှမ်းနေရတယ်။ လုပ်မှာက ၆ ရက်ဆိုတော့ အစီစဉ်တွေ မထပ်အောင် ပြင်ဆင်နေရတယ်။ ဆိုင်ခန်းတွေလဲ ရောင်းထွက်အောင် တစ်ဘက်ကနေ မားကတ်တင်းတွေကို သင်ပေးနေရသေးတယ်။ စာနယ်ဇင်းရှင်းလင်းပွဲလဲ လုပ်ဖြစ်တယ်။ ကြော်ငြာတွေလဲ တရစပ်ထည့်ထားတယ်။ လာသမျှဖုန်းတွေကိုလဲ လက်ခံပြီး ဖြေပေးနေရတယ်။ ပွဲအတွက် အတော်တော့ အဆင်ပြေတယ်။ ပင်တော့ပင်ပန်းတယ်။ စိတ်ရောလူရော မနားရဘူးပေါ့။ အဲဒီ့လိုနဲ့ ကျွန်တော် ဇန်နဝါရီလကို ဝရုန်းသုန်းကား ဖြတ်သန်းခဲ့တယ်။
ဖေဖော်ဝါရီလ
ပွဲက နီးနေပြီ။ စမှာက ၉ ရက်နေ့ဆိုတော့ လဆန်း ၁ ရက်နေ့ကထဲက ကန်တော်ကြီးထဲမှာ ဆိုင်ခန်းတွေဆောက်နေပြီ။ ပြီးတော့ စတိတ်စင်တွေကို ပြင်ဆင်နေပြီ။ အဲဒီ့မှာ ရှယ်ယာသမားတွေရဲ့ အက်သံတွေကို ကျွန်တော်ကြားနေရပြီ။ လှည့်မကြည့်အားဘူး။ ပွဲဖြစ်ရေး အဓိကဆိုတော့ ကျန်တာ မစဉ်းစားအားဘူး။ အဲဒီ့အချက်က ကျွန်တော့်ကို နှိပ်စက်တော့တာပဲ။ ပွဲကျင်းပဖို့ ၂ ရက်အလိုမှာ ပွဲမလုပ်နဲ့တော့ဆိုတဲ့ ပုံစံဖြစ်လာတယ်။ အဲဒါကို တော်တော်ကြီးကို ညှိနှိုင်းပြီး လုပ်ခဲ့ရတယ်။ ပွဲအတွင်းမှာ ကုန်ကျစရိတ်တွေက မျှော်လင့်ထားတာထက် ၂ ဆ ၃ ဆ နီးပါး မြင့်တက်သွားတယ်။ ကျွန်တော့်အနေနဲ့ ပွဲတော်ကြီးကို အေးအေးချမ်းချမ်းဖြစ်ရေး အဓိကထားနေရလို့ ကုန်ကျစရိတ်တွေကို ထည့်မစဉ်းစားအားတော့ဘူး။ ပွဲတော်က တော်တော်စည်ကားပါတယ်။ အောင်လဲအောင်မြင်ပါတယ်။ ပြဿနာတွေလဲ နေ့စဉ်ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲပြီးတဲ့ ၁၄ ရက်နေ့ညကတော့ ကျွန်တော် ဟန်မဆောင်နိုင်တော့ပဲ ပစ်လဲသွားပါတော့တယ်။ သိပ်ပင်ပန်းသွားလို့ပါ။ တင်းထားတဲ့ စိတ်တွေလျှော့လိုက်တာလဲ ပါတာပေါ့လေ။ ပွဲပြီးတော့ အမြတ်အစွန်း မကျန်ပါဘူး။ စီမံခန့်ခွဲမှု ညံ့ဖျင်းတာရယ် လူတွေရဲ့ လောဘကို ကျွန်တော်လျှော့တွက်မိတာရယ်ကြောင့် နာမည်နဲ့ သိက္ခာသာ အောင်မြင်ခဲ့ပါတယ်။ ငွေကြေးမှာတော့ မရှုံးတာတစ်ခုပဲ ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက ပြီးမသွားပါဘူး။ ကျွန်တော့်ကို မျိုးစုံစွပ်စွဲကြပါတယ်။ ကျွန်တော် အပြင်ထွက်ချင်စိတ်ကုန်တဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ဆုံး တရားစွဲမယ်ဗျာဆိုမှာ ဇာတ်လမ်းတွေ ငြိမ်းပါတော့တယ်။ တရားစွဲရင် ကျွန်တော် နိုင်မှာသေချာပါတယ်။ အဲဒီ့ကျမှ အားလုံး ပါးစပ်ပိတ်သွားပါတယ်။ ကျွန်တော် ဖေဖော်ဝါရီမှာ ပူလောင်ခြင်းအပြည့်နဲ့ လောင်ကျွမ်းခဲ့ရပါတယ်။
မတ်လ
ကျွန်တော့် မွေးနေ့ရှိတဲ့လပါ။ မွေးနေ့တောင် မလုပ်နိုင်ခဲ့ပါဘူး။ အလုပ်ကိစ္စတွေ တောက်လျှောက်များနေပါတယ်။ TV ကြော်ငြာတွေ လက်ခံရိုက်ကူးပေးနေရတာကလဲ ကျွန်တော့်ကို မွေးနေ့ပါမေ့စေတဲ့ အချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။ မတ်လမှာ ထူးခြားတာဆိုလို့ ကျွန်တော် TV ကြော်ငြာလေးခုအတွက် စာချုပ်ချုပ်နိုင်ခဲ့တာပါပဲ။ မတ်လထဲမှာပဲ ကြော်ငြာနှစ်ခု ရိုက်ဖြစ်ခဲ့ပါတယ်။ အဆင်ပြေပါတယ်။ အဆင်မပြေတာကတော့ ကျွန်တော်အလုပ်ပေးတဲ့ သူတွေဘက်ကပါပဲ။ မပေါက်တဲ့ဈေးပေးခဲ့တာတောင် ကျွန်တော့်ကို အပြစ်တင်ချင်ကြပါတယ်။ လူတွေရဲ့လောဘကို ကျွန်တော် တော်တော်အံ့အားသင့်ခဲ့ရပါတယ်။ မွေးနေ့ကလဲ ဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး။ သူငယ်ချင်းတွေက စုပြီး ဆိုင်မှာထိုင်စောင့်နေမှပဲ ကျွန်တော်မွေးနေ့မှန်း သိပါတော့တယ်။ ပြီးတော့ နောက်လမှာ ရုံးခန်းပြောင်းဖို့ကိစ္စက ကျွန်တော့်ကို တွန်းအားပေးနေသလိုပါပဲ။ မတ်လမှာတော့ ထွေထွေထူးထူး မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ လကုန်သွားခဲ့တယ်။
ဧပြီလ
ကျွန်တော့်ရုံးခန်းကို ပြောင်းခဲ့ပါတယ်။ ရုံးခန်းပြောင်းတဲ့အတွက် ADSL မရသေးပါဘူး။ အင်တာနက် မသုံးနိုင်သေးပါဘူး။ သင်္ကြန်ပိတ်ရက်တွေကလဲ ရှိနေပြန်တော့ အလုပ်တွေ ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်ခဲ့ပါဘူး။ ရုံးပြောင်းလို့ နေရာတွေပြန်ချ မီးတွေပြန်ဆင်နဲ့ ရှုပ်ရှက်ခက်နေရင်း သင်္ကြန်ကိုရောက်သွားပါတယ်။ သင်္ကြန်မှာ ကျွန်တော်ဘုန်းကြီးဝတ်ဖြစ်ပါတယ်။ ဒါပေမယ့် အတက်နေ့မှာ ပြန်ထွက်ခဲ့ပါတယ်။ ကျွန်တော့်ချစ်လှစွာသော သူငယ်ချင်းတစ်ယောက် နိုင်ငံခြားကနေ ပြန်ရောက်လာတာလဲ ပါပါတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းမှာ လူများပြီး မွန်းကျပ်လာလို့ ထွက်ဖြစ်သွားပါတယ်။ ဘာပဲပြောပြော ၅ ရက်တော့ ဝတ်ခဲ့ပါတယ်။ သင်္ကြန်အတက်နေ့မှာ ကျွန်တော်နဲ့ မဆုံဖြစ်ခဲ့တဲ့ သူငယ်ချင်းကိုတွေ့ဖို့ ကျွန်တော် အပြင်ထွက်ခဲ့ပါတယ်။ ကံဆိုးပါတယ် မတွေ့ဖြစ်ပါဘူး သူ့အမနဲ့ပဲ တွေ့ဖြစ်ပါတယ်။ အဲဒီ့ညက ကျွန်တော် ကျွန်တော့်သူငယ်ချင်းကားကို မောင်းတာ တိုက်ပစ်လိုက်ပါတယ်။ လမ်းအလယ်ကကျွန်းကိုတိုက်မိတာပါ။ ကားစတီယာရင်က return ပြန်မရတာကို မသိလို့ တိုက်မိသွားတာပါ။ ကားပြန်ပြင်ပေးလိုက်ရလို့ ငွေလဲကုန်သွားပါတယ်။ သူတို့က မလျော်ခိုင်းပါဘူး ကျွန်တော်က မနေနိုင်လို့ ပြန်လျော်ပေးလိုက်တာပါ။ ကံဆိုးကံကောင်း ဘာတွေမှန်းကို မသိတော့ပါဘူး။ နောက်ဆုံးပတ်ထဲမှာတော့ ကျွန်တော့်သူငယ်ချင်းလေးနဲ့ တွေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အကူအညီပေးနိုင်ခဲ့ပါတယ်။
မေလ
မြန့်မာ့သမိုင်းမှာ အဆိုးဆုံး နာဂစ်မုန်တိုင်း ဝင်မွှေတဲ့လပေါ့။ လူသားတွေ ကြေကွဲခဲ့ရတဲ့လပေါ့။ ကျွန်တော် နာဂစ်ဖြစ်တဲ့နေ့က အိမ်မှာပါ။ ကျွန်တော့်ကို ညသန်းခေါင်လောက်မှာ အမေကလာနှိုးပါတယ် ကျွန်တော်လဲ ဘာမှ မတတ်နိုင်ဘူးလေဆိုပြီး ပြန်အိပ်နေပါတယ်။ မနက်လင်းတော့ ရုံးသွားမယ်ဆိုပြီး အိမ်အပြင်ထွက်ကြည့်တော့မှ မြို့ပျက်သွားပြီဆိုတာ သိလိုက်ရတယ်။ ကျွန်တော် ညနေဘက်မှာ ရုံးကိုရောက်ခဲ့တယ်။ ထွေထွေထူးထူး ဘာမှ မဖြစ်လို့တော်သေးတယ်။ ဒါပေမယ့် တချို့ ကိစ္စတွေကိုတော့ ကျွန်တော် ဆုံးရှုံးလိုက်ရတယ်။ စိတ်ဓါတ်ကနေတဲ့ အဖေနဲ့အမေကို ဘယ်လို အားပေးရမှန်းမသိခဲ့ဘူး။ နောက်တော့ ကျွန်တော် ရုံးကို ပိတ်ထားလိုက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လိုက်လုပ်ဖြစ်တယ်။ အဲဒီ့လိုနဲ့ ကိုစိုးထက်အကူအညီတောင်းလို့ ဆရာတော် ရန်ကုန်ကိုကြွလာတော့ ကပ္ပိယလုပ်ရင်း နာဂစ်အလှူတွေလုပ်ဖြစ်ပါတယ်။ ရန်ကုန်မှာ အနေနည်းသွားတယ်။ ဆရာတော် ပြန်ကြွသွားတော့ ကျွန်တော့်အတွက် သင်ခန်းစာတွေ အများကြီးရလိုက်တယ်။ ကျွန်တော့်ရုံးကို ပြန်ဖွင့်လိုက်တယ်။ လိုအပ်ချက်တွေကို ကျွန်တော်ပိုမြင်ခဲ့တယ်။ ကျွန်တော့်လုပ်ငန်းတွေအတွက် Revolution လုပ်ခဲ့ရတယ်။ ဝန်ထမ်းတချို့ ထွက်သွားတယ်။ ကျွန်တော်တချို့ကို ထုတ်ပစ်ခဲ့တယ်။ မေလအကုန်မှာ ရုံးကို ပြန်လည်ပတ်စေခဲ့တယ်။
ဇွန်လ
ဆရာတော် ဒုတိယအကြိမ် ပြန်ကြွလာတယ်။ ဒီတစ်ခါတော့ ရုံးကို ပစ်ထားခဲ့ပြီး တစ်လလုံးနီးပါး ကပ္ပိယအလုပ်ကို လုပ်ခဲ့တယ်။ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေဘက်မှာ ကျွန်တော်ရယ် ဆရာတော်ရယ် လှည့်ခဲ့တယ်။ ဆရာတော်နဲ့အတူ ဧည့်သည်တွေပါ ပါလာလို့ ကျွန်တော် အလုပ်ပိုရှုပ်ခဲ့တယ်။ ပြီးတော့ မြန်မာနိုင်ငံ အထက်ပိုင်းကိုလဲ အလှူသွားလုပ်ခဲ့တယ်။ ဇွန်လမှာတော့ ဆရာတော်နားမှာပဲ နေခဲ့တယ်။ ရုံးကိုတော့ မန်နေဂျာနဲ့ ပစ်ထားလိုက်တယ်။ ပြန်လှည့်မကြည့်အားခဲ့ဘူး။ လကုန်ခါနီးမှ ဆရာတော် ပြန်ကြွသွားတယ်။ အဲဒီ့တော့မှ ကျွန်တော်ရုံးပြန်ရောက်တယ်။ ရုံးမှာ ဖြစ်ချင်တိုင်းဖြစ်နေတယ်။ ပြန်ရောက်တော့ ကျွန်တော် ဝန်ထမ်းတွေကို ဖြုတ်ပစ်လိုက်တယ်။ အလုပ်မဖြစ်တာကို ကြည့်မနေနိုင်တော့ဘူး။ ဝန်ထမ်းအသစ်တွေ ထပ်ခန့်တယ်။ မန်နေဂျာ အသစ်တစ်ယောက် ရှာခဲ့ရတယ်။ တော်တော်နဲ့ မတွေ့ခဲ့ဘူး။ လုပ်ငန်းတွေ အခြေအနေက မကောင်းသေးဘူး အလုပ်အသစ်လုပ်ဖို့ စဉ်းစားခဲ့တယ်။
ဇူလိုင်လ
မန်နေဂျာ အသစ်တစ်ယောက်ရတယ်။ အဆင်ပြေမယ်လို့ ထင်ခဲ့တယ်။ လုပ်ငန်းအသစ်စဖို့ ပြင်ဆင်နေချိန်ဆိုတော့ ပင်ပန်းတယ်။ ကြော်ငြာလုပ်ငန်းတွေ လုပ်ဖို့ ကျွန်တော် အခွင့်အရေးရခဲ့တယ်။ စက်တင်ဘာမှ စမယ့် လုပ်ငန်းအတွက် အခုကထဲက ပြင်ဆင်နေရတယ်။ မားကတ်တင်းအတွက် လူအသစ်တွေ ထပ်ခေါ်ထားရတယ်။ ဝန်ထမ်းအင်တာဗျူးတွေ လုပ်ရတယ်။ ဝန်ထမ်းအသစ်တွေရတော့ Training ပေးရတယ်။ Proposal တွေ Quotation တွေနဲ့ ကျွန်တော် လုံးချာလည်လိုက်နေခဲ့တယ်။ ကြော်ငြာစာအုပ်အတွက် ဒီဇိုင်းတွေထိုင်ရင်း စိတ်တွေလောနေခဲ့တယ်။ လူတွေအများကြီးနဲ့ ဆက်ဆံနေရတယ်။ မန်နေဂျာတွေ လုပ်ငန်းရှင်တွေနဲ့ပေါ့။ ပွဲတွေ တော်တော်များများလဲ သွားဖြစ်တယ်။
သြဂုတ်လ
နောက်လဆိုရင် စာအုပ်ထွက်တော့မှာဆိုတော့ မားကတ်တင်းတွေကို ပိုပြီး အလုပ်လုပ်နိုင်အောင် စီစဉ်ပေးရတယ်။ ဈေးကွက်အနေအထားကို ပြန်ပြီး သုံးသပ်ရတယ်။ ကိုယ်ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို အကူအညီတောင်းရတယ်။ ဝန်ထမ်း အဝင်အထွက်ကတော့ ကြမ်းတုန်းပါပဲ။ အဝင်အထွက် အရမ်းများတယ်။ အသစ်ခန့်ထားတဲ့ မန်နေဂျာ ထွက်သွားတယ်။ သူလဲ မခံနိုင်တော့ဘူးလေ သြဂုတ်လ ကုန်ခါနီးမှာ ကျွန်တော် အလုပ်တွေ ပိုပိသွားတယ်။ လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ စာရင်းဇယားတွေကလဲ အရှုံးကို ပြနေတော့ အမောပိုဆို့စေခဲ့တယ်။ သြဂုတ်လမှာ ထူးခြားဖြစ်စဉ်ဆိုလို့ အလုပ်ကို ၂ ဆလုပ်ရတာရယ် ဝန်ထမ်း ၅ ယောက်လောက် အဝင်အထွက်ဖြစ်တာရယ် ဒါပဲရှိတယ်။
စက်တင်ဘာလ
စာအုပ်စထွက်တဲ့လပေါ့။ ထိုက်သင့်သလောက် အောင်မြင်ခဲ့တယ်။ လုပ်ငန်းတွေနဲ့ စာချုပ်တွေ ချုပ်နိုင်ခဲ့တယ်။ အသိမိတ်ဆွေတွေ ပိုပြီး တိုးလာခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို အကြီးအကျယ်ပြောင်းလဲစေမယ့် ကိစ္စတစ်ခု အတွက် အစပြုတဲ့ အနေနဲ့ တစ်ယောက်သောသူနဲ့ ကျွန်တော် တွေ့ခဲ့တယ်။ ခင်ခဲ့တယ်။ သူရောကျွန်တော်ရော ရည်ရွယ်ချက်တွေတူလို့ ပိုပြီး ခင်မင်ခဲ့တယ်။ အထူးခြားဆုံးက ကျွန်တော်တို့ စီးပွါးရေးအရ သိခဲ့ပေမယ့် အချိန်တိုအတွင်းမှာ ငယ်ပေါင်းတွေလို ဖြစ်သွားခဲ့တာပါပဲ။ ဒါပေမယ့် ကံဆိုတာ ဘယ်သူကများ ကြိုသိနိုင်မှာလဲနော်။ ကျွန်တော့်အလုပ်တွေထဲက TV ကြော်ငြာလုပ်ငန်းအတွက် ချုပ်ထားတဲ့ စာချုပ်ကို တစ်ဘက်က ဖောက်ချင်နေလို့ ခေါ်ပြီး သတိပေးခဲ့ရသေးတယ်။ စက်တင်ဘာလမှာ ပျော်စရာတွေရှိသလို စိတ်ရှုပ်စရာတွေလဲ မလွတ်ခဲ့ပါဘူး။ ဘာပဲပြောပြော ကျွန်တော့်ကို ကူညီပေးမယ့် သူတစ်ယောက်တိုးလို့ ကျွန်တော် အလုပ်လုပ်ရတာ ပိုအားရှိခဲ့တယ်။
အောက်တိုဘာလ
ကျွန်တော် မန်နေဂျာ အသစ်တစ်ယောက်လိုအပ်နေပြီဆိုတာ သေချာသွားတယ် ကျွန်တော် အလုပ်တွေ ပြန့်ကျဲနေတယ်။ ကျွန်တော့်ကို လာကူညီပေးတဲ့ ညီမလေးတစ်ယောက်ရှိတယ် acube ပေါ့။ သူလဲ ကျွန်တော့်ကို မန်နေဂျာခန့်ဖို့ အိုင်ဒီယာပေးခဲ့တယ်။ ကျွန်တော့်ကို ကူညီပေးနေတဲ့ တစ်ယောက်သောသူကို ကျွန်တော် အဲဒီ့ကိစ္စ ဖွင့်ပြီး တိုင်ပင်ခဲ့တယ် သူမကလဲ မန်နေဂျာခန့်ဖို့ ထပ်ပြီး အကြံဥာဏ်ပေးတဲ့ အပြင် သူမကိုယ်တိုင် ရှာပေးခဲ့တယ်။ ဟုတ်တယ် သိပ်တော်တဲ့ မန်နေဂျာတစ်ယောက် ကျွန်တော်ရခဲ့တယ်။ ကျွန်တော် တော်တော်အဆင်ပြေခဲ့တယ်။ အဲဒီ့ရက်ပိုင်းတွေမှာ သူမနဲ့ ကျွန်တော် အလုပ်ကိစ္စတွေ အတွက်သာမက လူမှုရေးအတွက်ပါ တွေ့ချိန်တွေ ပိုပြီး စိပ်ခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက် မတွေ့ဖြစ်တဲ့နေ့ရှားပါတယ်။ အလုပ်မှာလဲ acube လေးက ကူညီပေးနေသလို မန်နေဂျာ အသစ်ကလဲ မျက်နှာလွှဲလို့ရတယ်။ ကျွန်တော် ပင်ပန်းခဲ့တာတွေ အဆုံးသတ်ပြီလို့ ယူဆခဲ့တယ်။ ကျွန်တော် စိတ်တွေလျှော့ချလိုက်တယ်။ ဒါပေမယ့် ကျွန်တော့် ရောဂါက ပိုဆိုးလာခဲ့တယ်။ ဆရာဝန်ရဲ့ သတိပေးမှု ခံနေရပြီ။ ဒါလဲ မမှုဘူး နေချင်သလို နေခဲ့တယ်။ သူမနဲ့ တွေ့ရင် စကားတွေပြောလိုက် ရုံးကိုလဲ သွားလိုက် မသွားလိုက်ပေါ့။ ရောဂါကိုလည်း ကျိတ်မှိတ်ပြီးမေ့ထားလိုက်တယ်။ အပျော်ဆုံး ကာလတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့်လဲပေါ့လေ . . .
နိုဝင်ဘာလ
ပြဿနာပေါင်း သောင်းခြောက်ထောင်ဆိုတာထက် ဆိုးပါတယ်။ တစ်သက်နဲ့ တစ်ကိုယ် ဖြစ်မယ်မထင်တာတွေ အကုန်ဖြစ်ခဲ့တယ်။ ဆရာဝန်သတိပေးနေတဲ့ ကြားထဲက ကျွန်တော် လုပ်ချင်တာတွေလုပ်ပြီး ဖြစ်ချင်တာတွေ ဖြစ်ကုန်ပါတယ်။ ပြဿနာတွေလဲ စီပြီးတက်ကုန်ပါတယ်။ သူမနဲ့ကျွန်တော် ကတ္တီပါလမ်းခွဲပါပဲ။ သူမအတွက် ရှက်စရာ ကိစ္စတစ်ခုဖြစ်ခဲ့သလို ကျွန်တော့်အတွက်လဲ နာလန်မထူနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဘာလို့များ ဖြစ်သွားပါလိမ့်ဆိုတာ ဒီနေ့အထိ အဖြေမရှိပါဘူး။ သူမနဲ့ကျွန်တော့် ကိစ္စတင်မကပါဘူး ကျွန်တော်အားကိုးရတဲ့ မန်နေဂျာပါ ထွက်သွားပါတယ်။ ဒီတစ်ခါကတော့ ကျွန်တော့် အပြစ်ပါ။ ကျွန်တော် လုပ်လိုက်တဲ့ ကိစ္စတစ်ခုကြောင့် အခုလိုတွေဖြစ်ကုန်တာပါ။ ကျွန်တော် နောင်တရပါတယ်။ တစ်သက်နဲ့တကိုယ် နောင်တဆိုတာ မရဖူးပါဘူး။ အခုတော့ ရဖူးသွားပါပြီ။ နောက်တော့ ကျွန်တော် ခရီးထွက်ခဲ့ပါတယ်။ စိတ်ပြေလက်ပျောက်ထွက်တာ မဟုတ်ပါဘူး အလုပ်ကိစ္စတွေအတွက်ပါ။ ကျွန်တော် သေချင်လောက်အောင် စိတ်ဆင်းရဲနေရပါတယ်။ ငါ့ကြောင့် ငါ့ကြောင့်ဆိုတဲ့ အသံက ကျွန်တော့်နားထဲမှာ လျှံထွက်နေပါတယ်။ သူငယ်ချင်းတွေကတော့ ပြောပါတယ် မင်းကျမှ ရွေးဖြစ်တာ မဆန်းတော့ပါဘူးကွာတဲ့။ ဟုတ်ပါတယ် ကံဆိုးမယ်ဆို ထိပ်ဆုံးက ဆိုးတတ်တဲ့ ကျွန်တော့်အတွက် သိပ်တော့ မထူးခြားပါဘူး။ ဒီလိုနဲ့ နိုဝင်ဘာလမှာ ဒဏ်ရာအပြင်းဆုံးရခဲ့ပါတယ်။
ဒီဇင်ဘာလ
ဒဏ်ရာတွေကတော့ အနည်မထိုင်သေးပါဘူး။ အခုထိလဲ ထိခိုက်ခံစားရပါတယ်။ ပြီးတော့ ကျွန်တော့်လုပ်ငန်းတွေကို အသက်ပြန်သွင်းရပါတယ်။ မန်နေဂျာထွက်သွားတော့ ဗရမ်းဗတာ မဖြစ်ရအောင် ကျွန်တော် ပြန်ထိန်းခဲ့ရပါတယ်။ ကံကတော့ဆက်ဆိုးပါတယ်။ ကျွန်တော့် ပြိုင်ဘက်တွေက ကျွန်တော့်ကို တိုင်ကြပါတယ်။ စိစစ်ရေးကို မတင်လို့ဆိုပြီး တိုင်ကြပါတယ်။ ဈေးကွက်ထဲမှာ ကျွန်တော့်ကြောင့် သူတို့ နေရာဖယ်ပေးရတာ မကျေနပ်ကြပါဘူး။ ကံကောင်းလို့ ထောင်မကျတာပါ။ တော်တော်ရှင်းယူလိုက်ရပါတယ်။ ကျွန်တော့်လုပ်ငန်းကို မထိခိုက်အောင် လုပ်ခဲ့ရပါတယ်။ ဒီဇင်ဘာလထဲမှာ ဘလော့ဂ်ပို့စ်တောင် မရေးနိုင်ပါဘူး။ ကဗျာတွေပဲ ရေးဖြစ်ပါတယ်။ လုံးခြင်းတော့ ၂ အုပ်ရေးဖြစ်ပါတယ်။ မမေငြိမ်းတို့ကို ဒုက္ခပေးပြီး ဖတ်ခိုင်းခဲ့ပါတယ်။ အနှစ်ချုပ်ဆိုရင်တော့ ကျွန်တော် စီးပွါးရေးတွေ ထိခိုက်ခဲ့သလို လူမှုရေးလဲ နလန်မထူနိုင်ခဲ့ပါဘူး။ သူငယ်ချင်းတွေကတော့ ဒီလောက်ဖြစ်တဲ့ကောင်ဆိုပြီး တညီတညာထဲ 2008 Men of the Year ဆိုပြီး ပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ အုပ်စုက နှစ်စဉ် အဲဒီ့လို ဆုပေးလေ့ရှိတယ်။ တစ်နှစ်လုံး ပေါက်ကရ ဖြစ်တဲ့ကောင် ပြဿနာများတဲ့ကောင်ဆိုရင် ဒီဆုရဖို့ သေချာပါတယ်။ ဟုတ်ကဲ့ ၂၀၀၈ မှာတော့ ကျွန်တော့်ထက် နာမည်ပိုပြီး သတင်းထွက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို ကျော်ပြီး ကျွန်တော်က ရခဲ့တာပါ။ နက်ဖန် ၂၀၀၉ ဆိုရင် ကျွန်တော့်ဆီကို ဖုန်းနဲ့တစ်မျိုး လူကိုယ်တိုင်တစ်ဖုံ ဆုပေးကြဦးမှာပါ။ နောက်နှစ်တော့ ကျွန်တော်ဒီလို အဖြစ်မျိုးတွေ မကြုံချင်တော့ပါဘူး။ တော်ပါပြီ မှတ်ပါပြီ :D
ဖတ်ဦးမှာလား . . .
ကုန်သွားပြီ . . .