Tuesday, September 18, 2007

နွေ

"နွေရောက်ပြီ"
ပုခုံးကိုပုတ်ပြီး ပြောလိုက်တာ
ဘယ်သူမှန်းသိအောင် လှည့်ကြည့်တော့
ရော်ရွက်ဝါတွေနဲ့
အပြုံးယဲ့ယဲ့ကျန်တဲ့
သစ်ပင်တစ်ပင်ကို သူမြင်လိုက်ရတယ်။ ။

ဥသြငှက်ငယ်က
အသံလွင်လွင်နဲ့ ဆိုညည်းနေတာကို
"ဒါဟာနွေသံစဉ်ပဲ
ဥတုသုံးပါးမှာ ကျွန်တော်အကြိုက်ဆုံးက
နွေရာသီဗျ" လို့ပြောတဲ့
သူ့ သူငယ်ချင်း
ကဗျာဆရာကို သူသတိရလိုက်တယ်။ ။

အပူပင် ကင်းကင်း နေချင်တဲ့ သူ့ကို
အမေက နွေရာသီမှာမွေးတာတဲ့
ဒါကိုစဉ်းစားမိတော့
ဝမ်းနည်းသလိုလို
ဝမ်းသာသလိုလို
ဘုရားမှာ သူ့အတွက်
ရေချမ်းကပ်လှူပေးတဲ့ အမေ့ကို
အားနာသလိုလို
အားကိုးသလိုလို
ဘာလိုလိုနဲ့ သူ့ကိုယ်သူ
အဖြေရှာမရခဲ့ဘူး။ ။

နွေနေမင်းက
ကောင်းကင်မှာ လင်းလက်တောက်ပ
သူ့မှာတော့ အံတုစရာ
ထီးတစ်ချောင်းတောင် မရှိစကောင်း
မီးပျက်တဲ့ သူတို့ရပ်ကွက်မှာ
ညဘက် ညဘက် ပူလောင်အိုက်စပ်
ချွေးတလုံးလုံးနဲ့
အိပ်မက်ဆိုးတွေကြားမှာ
သူဟာ နိုးတစ်ဝက် အိပ်တစ်ဝက်။ ။

သစ္စာနီရဲ့ ကဗျာဖတ်ရင်ကောင်းမလား
လေးဖြူသီချင်း နားထောင်ရင်ကောင်းမလား
သူဝေခွဲမရခင်ပဲ
သံဝေဂလင်္ကာ ပါတဲ့
ယပ်တောင်တစ်ချောင်း
သူရှာဖွေတွေ့ရှိသွားတယ်။ ။

ပူလောင်အိုက်စပ်ခြင်း
အလိုမကျခြင်းတွေကို
သူ ကျိမ်ဆဲအပြီး
ရုတ်တရက်လှည့်ထွက်
မှန်တစ်ချပ်ရှေ့ရောက်မှ
သူ့ကိုယ်သူ ပြက်ပြက်ထင်ထင်ပြန်မြင်
အလျှံညီးညီး တောက်နေတဲ့ မျက်လုံး
အငွေ့ထောင်းထောင်းထနေတဲ့ သူ့ခန္ဓာ
သူအံ့သြလွန်းလို့ ဘာမှမပြောနိုင်ခင်မှာပဲ
အမေ့အသံ ကြားလိုက်ရတယ်
"မင်းကိုနွေရာသီမှာ မွေးတာ" တဲ့။ ။

zeRoTraSh
1st May 2007

Read More...

Monday, September 17, 2007

ကွိုင်ပြန်ပြီလားကွယ်

Blog တွေကြားမှာ ကွိုင်တွေတက်နေတာ တကယ်ကို ဟုတ်နေတယ်။ ကျွန်တော်ရော ခုတလော ဘာကြောင့်ငြိမ်သွားတယ်လို့ ထင်ပါသလဲ။ ဟုတ်ကဲ့ ပြောပြပါ့မယ် ကျွန်တော့် ကွန်ပျူတာ Hack လုပ်ခံလိုက်ရပါတယ်။ လုပ်ပြီးတော့ ဆဲသွားပါတယ်။ ဟုတ်ကဲ့ ကျွန်တော် ညံ့လို့ ခံရတာပါ။ Hack လုပ်ခံ ရပြီးပြီးခြင်းမှာ ကျွန်တော်သိလိုက်ပါတယ်။ ကျွန်တော့် သူငယ်ချင်းကို ပြောပြတော့ သူအံ့သြနေပါတယ်။ ဟုတ်ပါတယ် သူလည်း လာကြည့်တယ်။ တကယ်ပါပဲ။ ကျွန်တော်တို့ သိသွားပြီဆိုတာ သိတော့ သူတို့ Delete လုပ်နေတာပါတွေ့ရပါတယ်။ အရေးတကြီး Data ပါမသွား ပေမယ့် စိတ်မကောင်းတော့ ဖြစ်ရပါတယ်။ ကျွန်တော် လန့်လည်း လန့်သွားပါတယ်။ သူငယ်ချင်းတွေနဲ့ ချက်ခြင်း ဒီကိစ္စကို ဆွေးနွေးပါတယ်။ ဘာမှ လျှော့တွက်လို့ မရတော့ပါဘူး။ Key logger ရဲ့ Next Generation နဲ့ တိုးသွားတယ်လို့ ယူဆပါတယ်။ ဟုတ်ကဲ့ ကျွန်တော်လို ငတုံး ခံရတာ နည်းတောင် နည်းသေး တယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော် ဖတ်ရတဲ့ သတင်းအရ Blog တွေကတစ်ဆင့်ဖြစ်တာလို့ ဆိုတော့ ကျွန်တော် ဒီရက်ပိုင်း လုံးဝ မဘလော့ရဲသလောက် ဖြစ်သွားပါတယ်။ ခုတော့ သတ္တိလေး နည်းနည်းကောင်းလာလို့ ဘလော့တာပါ။ ပြောရင်ပုံပြင်လို့ ထင်မှာပါ။ တကယ်ကြီးကို hack လုပ်တာခံရတာပါ။ အဲဒီတော့ ကျွန်တော် သတိပေးချင်တာက link တွေကို သတိ နည်းနည်းထားပါလို့ ကျွန်တော့လို ဖြစ်မှာဆိုးလို့ပါ။ july dream ရဲ့ ပို့စ်ကို ၀င်ဖတ်မိပါတယ် ဟုတ်ကဲ့ ဘလော့တွေ ခွါပြဲနေပါသတဲ့။ မဖြစ်သင့်ပါဘူး လုံးဝ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် အယူအဆတွေ ကွဲပြားပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် တစ်ဦးကို တစ်ဦး ဆဲဆိုတဲ့ အဆင့်အထိတော့ မဖြစ်သင့်ပါဘူး။ ဒါပေမယ့်တွေ များပါတယ်။ ဟုတ်ကဲ့ နောက်တစ်ခုက အိုင်ပီ တွေ အတု လုပ်ပြီး ဘလော့ဂါ နာမည်တွေပါ ယူသုံးတဲ့ ကိစ္စပါ။ ကျွန်တော်တော့ ကြောက်ပါတယ်။ အဲဒါက လုံးဝ စိတ်မချရပါဘူး။ ကျွန်တော် ခုလောလောဆယ် မှာတော့ စောင့်ကြည့်တဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဘာတွေ ဆက်ဖြစ်လာအုံးမလဲ ဆိုတာ ကြည့်ရပါအုံးမယ်။ မြန်မာ Hacker တွေ တော်ကြပါတယ်ဗျာ ကောင်းတဲ့ ဘက်မှာ သုံးရင် ပိုအဆင်ပြေပါလိမ့်မယ် အရေမရအဖတ်မရ ၀င်ဆဲနေရင်တော့ အင်း ဘယ်လိုပြောရမလဲ လူဖြစ်ဖို့ တစ်ဆင့်များ လိုနေသေးသလားလို့ . . . တော်ပြီဗျာ ပြောရတာ မောတယ် ကိုယ့်ဘာသာပဲ ဆက်ပြီး ဘလော့တော့မယ်

Read More...

Saturday, September 15, 2007

သူငယ်ချင်း

သူငယ်ချင်း
ကောင်းကင်ဆိုတာ
သူ့ဘာသာသူနေတာ
မှောင်တိုင်းလဲ ကြောက်စရာမလိုဘူး
လင်းလက်တိုင်းလဲ ပျော်စရာမလိုဘူး
လှပတိုင်းလဲ မက်စရာမလိုဘူးကွ။

သူငယ်ချင်း
အိပ်မက်ဆိုတာ
မက်ချင်လို့မက်တာကွ
မင်း နဲ့ ငါ ဘာမှ လိုက်ပြီး
ပြောင်းလဲပေးလို့ မရဘူး
ရက်ချိန်းပေးလို့လဲ မရဘူး။

သူငယ်ချင်း
စိတ်ကူးဆိုတာ
လက်တွေ့တွေ အားလုံးရဲ့
ရှေ့ပြေးဆိုတာ မင်းယုံပါကွ။

သူငယ်ချင်း
အနာဂတ်ဆိုတာ
ငါတို့ လက်ထဲမှာပဲကွ
ငါတို့
မှောက်ထားမလား
လှန်ထားမလား
ငါတို့ နဲ့ပဲဆိုင်တယ်
ဘေးပရောဂဆိုတာ
ငါတို့အတွက် ရယ်စရာပါကွ။

သူငယ်ချင်း
ဒုက္ခဆိုတာ
ပျော်စရာအားလုံးရဲ့
အတိတ်ခါးခါးတွေကွ
တွေးပူစရာ မလိုပါဘူးကွာ
ငါ့လက်တွေ မြဲနေသရွေ့
မင်းပြုတ်မကျ စေရဘူးကွ။

သူငယ်ချင်း
နောက်နောင် နှစ်ပေါင်းများစွာမှာ
ဖြစ်ကြောင်းကုန်စင်
အေးအေးအောအော ပြောရင်း
ငြိမ်းငြိမ်းချမ်းချမ်း
နေကြတာပေါ့ကွာ သူငယ်ချင်းရာ . . .

ကျွန်တော့် သူငယ်ချင်းမွေးနေ့ အတွက်ရေးပေးထားတာပါ။ တင်စရာတွေ ရှိပေမယ့် ခုလောလောဆယ် ဒါလေးပဲ အရင်တင်ထားပေးပါရစေဗျာ။ ပြီးမှ ဖြစ်ကြောင်းရယ်မှ ကုန်စင်ထပ်ပြောမယ် နောက်ပို့စ်တွေ တင်တော့မယ်။

Read More...

Monday, September 10, 2007

လာပြီနော် လူစွမ်းကောင်းတွေ . . .

တနေ့ညကပေါ့ မိုးတွေကလည်း သည်းနေ အင်တာနက်ကလည်း သုံးလို့မရ စိတ်ပျက်ပျက်နဲ့ ထိုင်နေတုန်း ဒုန်းဆိုပြီး မိုးကြိုးပစ်သံ ကြားလိုက်ရတယ်။ ရုတ်တရက် ဆိုတော့ လန့်သွားတာပေါ့ ညကလည်း တော်တော်နက်နေပြီ ၁၂း၃၀ နာရီကျော်နေပြီ အိပ်မယ်ဆိုပြီး စက်ကိုပိတ်မလို့လုပ်တော့ ဟောဗျ ping ထားတဲ့ ကိုယ့်ရဲ့ gateway လေးက reply တွေပြန်လာနေပြီ။ ဒါဆို Connection ကောင်းသွားပြီပေါ့။ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း ချက်ခြင်းပဲ site တွေခေါ်ပြီးကြည့် ဟဲ ဟဲ ဟဲ Gtalk လေးလဲ Sign In ၀င်ရသေးတာ ပေါ့ဗျာ။ Gtalk လဲတက်သွားပြီ ဘယ်သူတွေများ ရှိအုံးမလဲဆိုပြီး ရှာကြည့်တာ ဘယ်သူမှ မရှိကြဘူး ပျင်းပျင်းရှိတာနဲ့ သတင်းတွေပဲ ထိုင်ဖတ်ဖြစ်နေတယ်။ သတင်းတွေကလဲဗျာ ရိုက်ခံရ အနှက်ခံရတဲ့ သတင်းတွေချည်းပဲ စိတ်ထဲတော့ တယ်မကောင်းလှဘူး။ ငါတတ်နိုင်တာ ဘာများရှိမလဲဆိုပြီး လျှောက်ကြည့်မိ သေးတယ်။ တွေ့ပါဘူး။ တသက်လုံး ကြည့်လာတဲ့ အခွေတွေကို ပြန်စဉ်းစားမိတယ် သိသမျှ Herolism ဇာတ်ကားတွေ ထဲမှာတော့ အားလုံးက ကူညီတတ်တဲ့သူ တွေချည်းပဲ။ ဒုက္ခရောက်နေတဲ့ သူတွေကို ဆိုရင် အားလုံးက အကာအကွယ်ပေးတယ် လူဆိုးတွေကို တိုက်ထုတ်ပေးတယ် Super Man, Spider Man, X-Men ဘာညာသာရကာ အစုံပေါ့။ ခုတော့ ဖတ်ရတဲ့ သတင်းထဲမှာ စွမ်းအားရှင်ကြီးတွေက လူတွေကို ရိုက်ကြနှက်ကြနဲ့ ဖတ်ရတာ တော်တော်ကြီးကို အဆင်မပြေတော့ဘူး။ စိတ်ထဲမှာလည်း ၀မ်းနည်းသွားတယ် ငါသာ လူစွမ်းကောင်း ဖြစ်ရင်ဆိုတဲ့ စိတ်က တော်တော်ကြီးကို ကြီးစိုးသွားတာပေါ့။ ဟုတ်တယ် လူတွေကို ကယ်ရမယ်။ အဲလို ဆုံးဖြတ်လိုက်တုန်း ဒုန်းကနဲ မိုးကြိုးတွေကပစ် လန့်သွားတာပဲ။ ခင်ဗျားတို့ ပြောရင်ယုံမှာ မဟုတ်ဘူး မယုံရင် ပုံပြင်မှတ်ပေါ့ဗျာ ကျွန်တော်ကတော့ ပြောပြမှာပဲ ရဘူး တားနဲ့။

ဒီလိုဗျ ခုနက မိုးကြိုးပစ်သံတွေ ဆုံးသွားတော့ ကျွန်တော့ စားပွဲပေါ်မှာလေ လိပ်စာကဒ်လေးတစ်ခု ရောက်နေတာ တွေ့ရတယ်။ စားပွဲက နေ့တိုင်း ရှင်းပေးထားကြတာပဲ ရုံးမှာ ကျွန်တော့် စားပွဲပေါ်မှာ အမှိုက်မရှိရဘူး ဆိုတာ အားလုံးသိတယ် သူတို့ ရှင်းပေးနေကြ ခုလည်း လိပ်စာကဒ်ကို မေ့ပြီး မသိမ်းကြဘူး ထင်တယ်။ ဒါနဲ့ ကြည့်လိုက်တော့ အားလားလား ရွှေရောင်လေးနဲ့ ရေးထားတာ ဒီဇိုင်းကတော့ သိပ်မမိုက်ပါဘူး နာမည်ကို စိတ်ဝင်စားသွားတာ ဘာတဲ့ Kingdom of Heaven Enterprise တဲ့ လိပ်စာတွေက ဘာတွေမှန်းလဲ မသိဘူး အမယ် သူ့ဟာက phone တွေ fax တွေ email တွေနဲ့ အဲဒီ လိပ်စာကဒ် ပိုင်ရှင် နာမည်ကလည်း Mr. Mar Ga ဆိုပဲ။ Email တွေကတော့ myanmar.com.mm ရော mail4u ရော အစုံပါပဲ။ အဲ တစ်ခုထူးဆန်းတယ် ကဒ်အောက်ခြေမှာ လက်ရေးမလှမပ နဲ့ ရေးထားတယ် mr.marga@googlemail.com တဲ့ အောင်မာ gmail တွေဘာတွေနဲ့ ဆိုတော့ မဆိုးဘူးပေါ့။ ကျွန်တော်လည်း ပျင်းကလည်း ပျင်းနေ၊ စကားပြောဖော်ကလည်း မရှိဆိုတော့ သူ့ mail address ကို ကျွန်တော့် gtalk မှာ add လိုက်တယ်။ ပြီးတော့ ဟိုကြည့် ဒီကြည့် ဆက်လုပ်နေတာပေါ့။ ၁၀ မိနစ်လောက်နေတော့ gtalk ကနေ new box လေးတက်လာတယ်။ hello တဲ့။ ဟိုက်ရှားပါး ခုနက ကျွန်တော် add လုပ်လိုက်တဲ့ mr.marga ကြီးပေါ့။ ဒါနဲ့ ကျွန်တော်လည်း ထုံးစံအတိုင်း hi ပေါ့။ ပြီးတော့ အင်္ဂလိပ်လို ဆက်ပြောကြတယ် နေကောင်းလား ဘာညာပေါ့။ ထားပါ greeting တွေက ထုံးစံအတိုင်းပါပဲ တစ်ခုတော့ ရှိတယ် သူက အင်္ဂလိပ်စာကို အပြည့်အ၀နဲ့ ပြောတယ် shor terms နားမလည်ဘူး။ ကျွန်တော်နဲ့ သူနဲ့ ပြောတာလေးတွေ ပြန်ပြောပြမယ် အင်္ဂလိပ်လို ပြောနေရာကနေ ကျွန်တော်တို့ burglish လိုပြောကြတယ်။

"ခင်းဗျားဘယ်သူလဲဗျ ကျွန်တော်က ခင်ဗျားလိပ်စာကဒ်ကို စားပွဲပေါ်မှာ တွေ့လို့ ခင်ဗျားကို add လိုက်တာ။ ကျွန်တော်တို့ လူချင်း မဆုံဖူးဘူး ထင်တယ် ဒါမှ မဟုတ် ကျွန်တော်ပဲ မှတ်ဥာဏ် မကောင်းတာလား မသိဘူး။"
"အော် မောင်ရင်က ကျုပ်ကို ဘယ်သူမှတ်နေတုန်း။ ကျုပ်က သိကြားမင်းလေ။"
"ဗျာ ဟာ ဗျာ လာကြပ်မနေပါနဲ့ ဒီမှာ စိတ်ညစ်ရတဲ့ အထဲ။"
"အဟုတ်ပြောတာပါကွ မောင်ရင့်စားပွဲပေါ်ကို ကျုပ်လိပ်စာကဒ်ကို မာတလိနဲ့ ထားခိုင်းလိုက်တာ။ မနေ့က သူ လာထားသွားတာ ဖြစ်မယ်။ အောက်မှာတောင် gmail address ကို လက်ရေး စုတ်စုတ်နဲ့ ရေးသွားသေးတယ် မဟုတ်လား။"
"အင်း ဟုတ်တယ်တွေ့တယ် အာ . . . ဒါပေမယ့်ဗျာ ခင်ဗျားက သိကြားမင်းဆိုတာ ဘယ်လိုယုံလို့ ရမှာလဲ ပြီးတော့ ခင်ဗျားက အင်တာနက်တွေ သုံးနေတာ အာ ဟုတ်သေးပါဘူး ဘလိုင်းကြီးတွေ ဖောမနေ စမ်းပါနဲ့ဗျာ။"
"ဟေ့ကောင် ငတုံး သိကြားမင်းကွ သိကြားမင်း အင်တာနက်သုံးလို့ရတယ် မင့်ကို သိကြားမင်း အင်တာနက် မသုံးဘူးလို့ ဘယ်သူပြောလဲ။ တော်တော်ခက်တဲ့ကောင်။"
"အန် ဒါဆို ခင်ဗျားက အင်တာနက်ကို ဘာနဲ့ သုံးတာလဲ ADSL လား၊ Dial Up လား၊ Broadband လား ဘာလဲ ဘာနဲ့ သုံးသလဲ ဘယ်ကနေ ချိတ်ထားတာလဲ ကဲ ပြော လေ။"
"ဟား ဟား ဟား ဟား ငါက မင်းလောက်မတုံးဘူးကွ ခုမှ အသစ်ရတဲ့ Wi Max နဲ့ သုံးတာ အရင်ကဟာ တွေက ခုအသစ်လာတော့မယ် ဆိုတဲ့ အသံနဲ့ တင် ပျက်နေတာလေ မင်းတောင် သုံးမရဘူး မဟုတ်လား ငါက သိကြားမင်း ဆိုတော့ ဒါတွေ သိပါတယ်ကွ ဟား ဟား ဟား။ တနေ့ကမှ မာတလိကို သွားပြီး ၀ယ်ခိုင်းလိုက်တာ။ ဟင်း ဟင်း Connection ကတော့ကွာ လွှတ်ကို မြန်တာ မနာလို မဖြစ်နဲ့ နော့။"
"ဟီး ဟီး ဟီး ခင်ဗျားတော့ နာပြီ။ အဲဒါ ခဏပဲ နေမှာ ကျုပ်တုန်းကလဲ အဲလိုပဲ ကောင်းလိုက်တဲ့ Dsl ဆိုပြီး ၀ယ်လိုက်တာ တစ်လပဲခံတယ်။ ပြီးတော့ ဒုံရင်းက ဒုံရင်းပဲ ဘာမှ သုံးမရဘူး။"
"အို ကွာ ဘာဖြစ်ဖြစ် ခုလောလောဆယ်တော့ မင်းထက်သာတယ် You Tube တောင် buffer လုပ်တာ မြန်မှမြန် ကောင်းလိုက်တာ ကြည့်လို့ ဟဲ ဟဲ ဟဲ။"
"ခင်ဗျားနော် လာပြီးရိမနေနဲ့ ဒီမှာ ညစ်နေတာ သတင်းတွေဖတ်တော့လဲ လူတွေ နှိပ်စက်ခံရတဲ့ သတင်းတွေချည်းပဲ။ အင်း ကျုပ်လဲ ဘာထူးလဲ Connection မရတာ နှိပ်စက်ခံရတာပါပဲ။ ဘာလုပ်ရမယ်မှန်းကို မသိပါဘူးဗျာ။"
"အဲဒါမောင်ရင်တုံးတာပေါ့ လွယ်လွယ်လေးပါကွာ။ ညီညွတ်ရင်ရတယ်။ ခုဘာတဲ့ စွမ်းအားရှင်တွေလား အဲဒါ ခုကွိုင်နေတာလား ကျုပ်လဲ အဲဒါသိချင်လို့ သတင်းရှာဖတ်နေတာ။"
"ဟုတ်တယ်ဗျာ ကျွန်တော် တစ်သက်လုံး ကြည့်လာခဲ့တဲ့ ကာတွန်းကားတွေ ရုပ်ရှင်တွေထဲမှာ လူစွမ်းကောင်းတွေ စွမ်းအားရှင်တွေက လူတွေကို ကယ်တယ် ခုတော့ဗျာ။"
"အေး မောင်ရင့်ကို ကျုပ်ဘယ်လို ကူညီပေးရမလဲ အင်း မောင်ရင် ဘာဖြစ်ချင်တာလဲ။"
"ခင်ဗျား တကယ်ပြောတာလား ဒါဆို ကျုပ်ကို Super Man လိုဖြစ်အောင်လုပ်ပေး။ ပြန်တွယ်ပစ်မယ်။"
"ရတယ်လေ ဒါပေမယ့် ကျုပ်က ခွဲခြား ခွဲခြား လုပ်လို့တော့ မဖြစ်ဘူး သိကြားမင်းဆိုတော့ အားလုံးကို တစ်တန်းထဲ လုပ်ပေးရမှာ။"
"ဟာ လုပ်ပါဗျာ ခင်ဗျားက သိကြားမင်းပဲ လုပ်ပေးပါ။ သူများတွေကိုလုပ်ပေးလိုက်ရင် ကျွန်တော် လူစွမ်းကောင်း ဘယ်ဖြစ်တော့မလဲ သူလိုလို ကိုယ်လိုလိုတွေ ဖြစ်ကုန်မှာပေါ့။"
"ဟဲ့အကောင် နင့်အကြောင်းငါသိတယ် ပြီးရင် ပေါက်ကရလုပ်တော့မှာ အထိန်းအကွပ်လိုတယ်။ ပြီးတော့ မင်းက လူစွမ်းကောင်း ဆိုပြီး ကျန်တဲ့သူတွေကို နှိပ်စက်ရင် ရာဇ၀င်မှာ ရိုင်းကုန်မယ်။ ငါ့ကိုလဲ နောင်လာ နောက်သားတွေက ကျေနပ်ကြမှာ မဟုတ်ဘူး။ ဒီတော့ အားလုံးကို ပါဝါ တူတူပေးလိုက်မယ်။ တစ်ခုတော့ ရှိတယ် မောင်ရင် အဖွဲ့ဖွဲ့လိုက်လေ ဟိုလေ Cartoon Network ကလာတယ် Justice League လို အဖွဲ့ဖွဲ့လိုက်ပေါ့။ ဒါဆို အဆင်ပြေသွားမှာပါ။"
"ပြီးရောလေ လုပ်ကြည့်တာပေါ့။ ဒါထက် ခင်ဗျားခုနက မိုးကြိုးတွေပစ်နေတာလား ဘာလို့လဲဟင်။"
"အော်ဒါလား ဟဲ ဟဲ ငါ့ထိုင်ခုံ ရွှေ့တာပါ ဟိုလေ wi max က အရင်ခုံနားမှာ မမိဘူး ဒီဘက်မှာမှ မိတယ်။ ပြီးတော့ ဟိုကောင် မာတလိက Network ကြိုးကို ပိုဝယ်မလာဘူး ခုကြိုးလေးက တိုတော့ ခုံကို ရွှေ့ပြီး သုံးရတာပေါ့။"
"ခင်ဗျားဗျာ ဒါများ သိကြားမင်းပဲ ပါဝါသုံးပြီး Connection ကောင်းအောင်လုပ်လိုက်ပါလား ခက်တာမှတ်လို့။"
"ဟေ့ကောင် အဲဒါတော့မရဘူးကွ မရလို့ ၀ယ်သုံးနေရတာပေါ့။ ကဲ ကဲ ခု ခဏနေရင် မိုးကြိုးသံတစ်ချက်ကြားရမယ် ပြီးရင် မင်းတို့လူတွေမှာ ပါဝါတွေ အစွမ်းတွေ ပိုင်ဆိုင်လာလိမ့်မယ် ကောင်းတဲ့ကောင်ရော ဆိုးတဲ့ကောင်ရော အားလုံးမှာပေါ့ ဟုတ်ပြီလား။ ကဲ တာ့တာ ဘိုင့် ဘိုင့် ငါ Out တော့မယ်။"
"အင်း အိုကေလေ တာ့တာ။"

ကျွန်တော်လည်း ဟုတ်လားမဟုတ်လားတော့မသိ စကားတွေ လျှောက်ပြောလိုက်ရတာနဲ့ အပျင်းနဲနဲပြေသွားတယ်။ အဲ မကြာဘူးဗျာ မိုးကြိုးသံ အုန်းကနဲ ကြားလိုက်ရတယ် ကမ္ဘာမြေကြီးလဲ နည်းနည်းတုန်သွားတယ်။ ခင်ဗျားတို့ ကြားလိုက်ရသေးလားဟင်။ အင်း အိပ်ပျော်နေရင်တော့ ကြားမှာမဟုတ်ဘူး။ အားပါးပါး ကျွန်တော် ခုပါဝါတွေရနေပြီ လေပေါ်ပြန်လို့ရတယ် နံရံတွေကို ဖောက်ထွင်းပြီး မြင်ရတယ်။ ဟာ ရေရေလည်လည် Good သွားပြီ။ အဲ တစ်ခုတော့ရှိတယ် ကျွန်တော့်လိုပဲ သူများတွေမှာလဲ ပါဝါကိုယ်စီ ဖြစ်ကုန်မှာ ခင်ဗျားတို့လဲ အပါအ၀င်ပေါ့ အင်းဒါဆိုရင် လူဆိုးတွေလဲ ပါမှာပဲ။ ခုနက သိကြားမင်းက မှာသွားတယ်လေ သူမတရားဘူးဖြစ်မှာ ဆိုးလို့တဲ့။ ကဲလုပ်ဗျာ ကျွန်တော်တို့ လူစွမ်းကောင်းများဆိုပြီး ဖွဲ့ကြစို့။ အင်း အဖွဲ့အစည်းမှာ လုပ်ငန်းပိုင်းလဲစုံရမယ်။ ဒီလိုလေး ခွဲကြည့်လိုက်မယ်။
၁။ ကာကွယ်ရေး တာဝန်ခံများ
၂။ သတင်းနှင့် စာနယ်ဇင်း တာဝန်ခံများ
၃။ ရုံးတွင်း တာဝန်ခံများ
၎။ ဆက်သွယ်ရေး တာဝန်ခံများ


ဟုတ်ပြီ ခုခင်ဗျားတို့ အိပ်ယာက နိုးလာကြပြီဆိုတော့ ကျွန်တော်တို့ အဖွဲ့ဖွဲ့လို့ရပြီပေါ့။ ပါချင်တဲ့သူတွေ စာရင်းပေးကြပါ။ Comment မှာ ၀င်ရေးပေးကြပါ။ တစ်ခုတော့ရှိတယ် ကိုယ်ပါမယ့် ခေါင်းစဉ်အောက်မှာ ကိုယ်ရေးရာဇ၀င်လေးတွေ ရေးကြပေါ့။ ပြီးတော့ ကိုယ်ရထားတဲ့ အစွမ်းအစလေးပါ ထည့်ပြီးရေး။ ဘယ်ထဲပါရမယ်မှန်းမသိရင် ကျွန်တော်က လူခွဲပေးမယ် ဟုတ်ပြီလား။ ဒီလိုလေးတွေ ဖြည့်ဗျာ ကျွန်တော် နမူနာပြမယ်။
နာမည် - zeRoTraSh
အဖွဲ့ - ကာကွယ်ရေး တာဝန်ခံ
အစွမ်းအစ - လေထဲတွင် ပျံဝဲနိုင်၊ အရာဝတ္တုများကို ဖောက်ထွင်းမြင်နိုင်၊ မျက်လုံးမှ ရောင်ခြည်များလွှတ်နိုင်။
ကဲ ပြီးပြီနော် ဟုတ်ပြီလား။ မြန်မြန်သာရေးကြဗျို့။ ကမ္ဘာကြီးကို ကာကွယ်ကြရအောင်။

အထက်ပါ ပေါက်ကရလေးဆယ် စာများဖြင့် စိတ်ညစ်ညူးနေသော Blogger မောင်နှမများကို ဖျော်ဖြေတင်ဆက်လိုက်ပါသည်။ ဖတ်ပြီး စိတ်ပြေလက်ပျောက် ရယ်မောလိုက်ရသည် ဆိုရင်ဖြင့် ကျွန်တော် ရေးရကြိုး တွေးရကြိုးနပ်ပါသည်။ ပေါလိုက်တာနော်လို့ ထင်လျှင်လည်း ထင်နိုင်ပါသည်။ အပျင်းပြေစေရုံသက်သက် စေတနာဖြင့် ရေးပေးလိုက်ရခြင်းဖြစ်ပါသည်။ Blogger မောင်နှမများ စိတ်ဝင်စားပြီး အဖွဲ့များထဲတွင် ပါဝင်လာလျှင် နောက်ထပ်ဆက်ပြီး ရေးပါအုံးမည်။ ကဲ ခုတော့ ဒီမှာတင်ပဲ ခဏနားပါရစေ။

Read More...

Saturday, September 8, 2007

That's why, I call myself zeRoTraSh

 လွန်ခဲ့သော (၇) နှစ်ခန့်ကဖြစ်ပါသည်။ ကျွန်တော် internet စသုံးကာစကပေါ့၊ nick name ပေးမလို့ကြံစည်တာ ဦးနှောက် ပေါက်ထွက်မတတ်ပဲ ဖြစ်ပါသည်။ သူများတွေလို nick လှလှလေး လိုချင်လိုက်ရတာလဲ အသဲအသန်။ စဉ်းစားနိုင်စွမ်းကလဲ မရှိ။ တော်တော် ခက်နေရသည်။ Forum တွေထဲမှာ ၀င်ရေးချင်လှပြီ နာမည်ရင်း သုံးဖို့ကလဲ မရဲ။ အောက်သည်ဟု ထင်သည်။ ဒီတော့စဉ်းစားရပြန်သည်။ ကျွန်တော်သည် ထိုအချိန်က “Hacker” ဟုအမည်ရသော အင်္ဂလိပ် ဇာတ်ကားကို ကြည့်၍ တော်တော်ရူးသွပ်ခဲ့ဖူးသည်။ မင်းသမီးက “Angelina Jolie” မင်းသားနာမည်တော့ မမှတ်မိ (အထီးခြင်းဆိုတော့ စိတ်မ၀င်စားတာဖြစ်သည် ဤကားစကားချပ်)။ ထိုဇာတ်ကားထဲမှ သူတို့ရဲ့ nick တွေကို စွဲလန်းနေမိသည်။ Jolie ရဲ့ nick က “Acid Burn” ဟိုကောင်ရဲ့ nick က “Crush Override” သို့သော် သူ့ရဲ့မူလ နာမည်က “Zero Cool” ဟုခေါ်သည်ကို မှတ်မိနေသည်။ ထားပါလေ အဲဒီ့ဇာတ်ကားထဲက “Zero Cool” ဆိုတဲ့ nick ကိုတော့ သဘောကျသည်။ သို့သော် ဒီလို တိုက်ရိုက်တော့ ပုံတူ ကူးမချချင်။ ဒါနဲ့ လက်မှိုင်ချနေတုန်း ကိုယ့်ဘာသာကိုယ် စဉ်းစားမိသည်။ အခန်းထဲလဲ ဟိုကြည့် ဒီကြည့် ပေါ့။ အခန်းထဲမှာလဲ ဘာမှမရှိ၊ ကိုယ်ပိုင်တာဆိုလို့ ဘာရှိလဲ အော် မှတ်မှတ်ရရ အမှိုက်ပုံးလေး တစ်ခုလှလို့ ၀ယ်ထားတာပဲရှိသည်။ ကျန်တာက ကျေးဇူးရှင် မိဘနှစ်ပါး ကောင်းမှုကြောင့် ရှိနေသော ပစ္စည်းတွေချည်းပဲ ဖြစ်သည်။

အဲဒီအချိန်မှာပဲ အတွေးတစ်ခုရသွားသည်။ ငါပိုင်တဲ့ ပစ္စည်းကိုလဲ ကိုယ်စားပြုမယ် ပြီးတော့ ငါသုံးချင်တဲ့ zero လဲပါရမယ် ဒါဆိုရှင်းပါတယ် zeRoTraSh ပေါ့။ ကိုင်းဘယ်လောက်ပိုင်သလဲ ကြည့်။ အနက်အဓိပ္ပါယ်ဖွင့်ပြပါမည် နောင်လာနောက်သားများလဲ မှတ်မိအောင် ခုလောလောဆယ် လာလာပြီးမေးတဲ့ သူတွေရဲ့ ရန်လဲ ငြိမ်းအောင် ပြောပြပါမည်။ zeRoTrash ဆိုတဲ့ နာမည်မှာ အနက်အဓိပ္ပါယ်တွေ ပါဝင်ပါသည်။ ပေါ့သေးသေး မဟုတ်ပါ။ ကျွန်တော် ရှေ့ ကပြောခဲ့သလို “Hacker” ထဲက zero ဆိုတဲ့ nick ကိုလဲ ကြိုက်တာတော့ ပါတာပေါ့လေ။ ဒါပေသိ ကျွန်တော်က သုည အပေါ်မှာ သဘောထားတစ်ခုက ရှိသေးသည်။ သုညသည် တည်ငြိမ်သည်။ သူ့ချည်းပဲ သပ်သပ်ဆိုလျှင် တန်ဖိုးမရှိဟု ထင်ရသည် သို့သော် အခြား ကိန်းဂဏန်းတွေရဲ့ နောက်မှာ ဖြည့်ဆည်း ပေးလိုက်လျှင် အားလုံးတန်ဖိုး တက်သွားကြသည်။ ဒါကို ကျွန်တော် နှစ်သက်သည်။ သူ့ချည်းပဲရှိလျှင် တန်ဖိုးမရှိဟု ဆိုသော်လည်း ဘာမှ မပူပင်ချင်လို့ အေးဆေးစွာ နေထိုင်သလို ပုံမျိုး နောက်တစ်ခုက နိဗ္ဗာန်ကို zero ဆိုပြီး သတ်မှတ်ကြတာကိုး ဒါနဲ့ ကျွန်တော်သည် zero ဆိုတာကို အကြီးအကျယ် သဘောကျနေခြင်းဖြစ်သည်။ Trash ကတော့ရှင်းပါတယ်။ ကျွန်တော့ အမှိုက်ပုံးလေးလေ။ ကျွန်တော့ အမှိုက်ပုံးလေးထဲမှာ ကျွန်တော် ဘာမှ ထည့်မထားပါ။ ကွန်ပျူတာထဲက Recycle Bin လို Empty ဖြစ်နေရတာကို သဘောကျသည်။ အမှိုက်ပုံးလေးက လှတော့ အမှိုက် မထည့်ချင်တာဖြစ်သည်။ Empty ဆိုတာကလဲ zero ပင်ဖြစ်သည်။ ဒါကြောင့် ကျွန်တော်သည် ကိုယ့်နာမည်ကိုကိုယ် သဘောကျစွာဖြင့် zeRoTraSh ဟုမှည့် ခေါ်လိုက်ခြင်းဖြစ်သည်။ ကိုယ့်ဘာသာတော့ ဟုတ်နေတာပဲ။ ပျော်လိုက်သည့် ဖြစ်ခြင်း သူများတွေသိ မသိတော့ မသိဘူး ကိုယ့်နာမည်က အဓိပ္ပါယ်တွေနဲ့ ပြည့်ဝနေလို့ တော်တော် ပီတိတွေ ဖြာနေခဲ့မိသည်။ ထိုအချိန်မှ စ၍ ကျွန်တော်သည် မိမိကိုယ်မိမိ zeRoTraSh ဟုအမည်ခံယူကာ Forum များ၊ Chat Room များတွင် ၀င်ရောက်၍ စတင်မွှေပါတော့သည်။

အဲ နောက်တစ်ခု ကျွန်တော့ ရဲ့ Signature ဖြစ်လာပုံ။ သူများတွေက Forum မှာရေးရင် သူတို့ post တွေရဲ့ အောက်မှာ စာသား Signature လေးတွေထည့်ထားတာ တွေ့တော့ ကျွန်တော်လဲ ထည့်ချင်လာပြန်သည်။ တော်ရုံတန်ရုံ Signature လဲမသုံးချင်၊ ဒီတော့ စဉ်းစားရပြန်သည်။ စဉ်းစားလို့ မရတော့ ပစ်ထားလိုက်တာ နှစ်နဲ့ ချီကြာသွားခဲ့သည်။ ဟုတ်တယ်လေ။ ကိုယ့် Nick ဟာအဓိပ္ပါယ်ပေါင်း မြောက်များစွာနဲ့ တည်ဆောက်ထားတာ တော်ရုံတန်ရုံ အဓိပ္ပါယ်မရှိ အနှစ်သာရမရှိတဲ့ Signature တွေတော့ ဘယ်သုံးချင်ပါ့မလဲ။ ဒါကမလွန်ပါဘူးနော့။ ဟုတ်တယ်ဟုတ်။ ဒီတစ်နှစ် နှစ်နှစ် အတွင်းမှာ ကျွန်တော် Cyber Cafe ဖွင့်ဖြစ်သည်။ ကိုယ်ပိုင် Company ထောင်ဖြစ်သည်။ အဲဒီမှာ ကျွန်တော့အတွက် ကျွန်တော် အမြဲသုံးနေကျ စကားလုံးက Signature ဖြစ်သွားသည်။ ကိုယ့်ပါးစပ်ကလဲ ဒါပဲထွက်နေ ပြီးတော့ စီးပွားရေးနဲ့လဲ တိုက်ရိုက်အချိုးကျ အလွန်အင်မတန် Perfect ဖြစ်တဲ့ Signature ကို ကျွန်တော် ရသွားသည် (မနာလိုမဖြစ်ကြနဲ့နော်)။
အဲဒါကတော့ ဒီနေ့ထက်ထိရော ခုလောလောဆယ်ပါ ပြောနေမိတဲ့ "တောက်.....ဒီ Connection နဲ့ကတော့ကွာ" ဆိုတဲ့စကားလေးပဲဖြစ်ပါသည်။ ကိုင်း . . . အရပ်ကတို့ ကျွန်တော့ Signature ဘယ်လောက် Perfect ဖြစ်သလဲ ကြည့်ကြပေတော့။

ဒီလောက်ပြောရရင် zeRoTraSh ဆိုတာဘာလဲ သူ့ Signature ကဘယ်လိုဆိုတာ အကဲခတ်မိကြပြီဟု ထင်ပါသည်။ နောင် အခါအားလျော်စွာ ကျွန်တော့်အကြောင်းများ၊ သူငယ်ချင်းများ အကြောင်း၊ ၀န်ထမ်းများအကြောင်း၊ လုပ်ဖော်ကိုင်ဖက်များ အကြောင်းနှင့် ကျွန်တော့စီးပွားရေး အကြောင်းများကိုပါ ရေးသား တင်ပြသွားပါမည်။ ခုလောလောဆယ်တော့ ဤနေရာတွင် ရပ်ထားရပါလိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Connection နှင့် ကျွန်တော် ဘာမှ ဆက်မလုပ်နိုင်သေး၍ဖြစ်ပါသည်။ "တောက်.....ဒီ Connection နဲ့ကတော့ကွာ"

Read More...

Thursday, September 6, 2007

ကျွန်တော် နှစ်သက်သော ကဗျာများ (၁)

ခေတ်ပေါ်အသံ

အခြားသော
အကြောင်းတရားများ ဝေးလို့
ကိုယ့်အကြောင်းကိုယ်တောင်
မပြောတတ် ပြောတတ်
ဖွင့်ပြောနေခဲ့တယ်။

အိုင်းစတိုင်းလို အဘိုးကြီးကတောင်
ကမ်းခြေမှာ
ခရုကောက်လို့ ရသလောက်ပဲ သိသတဲ့။

ဒါဆို ငါလည်း
ကမ်းနားမှာ
လမ်းများနေတာ သေချာသွားပြီပေါ့။

ကျွန်တော်ဟာ အ အ ပါ
ချစ်ဖို့
စားဖို့ သောက်ဖို့နဲ့
လူမြင်ကောင်းအောင် ချွေးထွက်ဖို့က လွဲလို့
ကျွန်တော်ဟာ အ အ ပါ။

ဟုတ်ပြီ
ကိုယ့်ရုပ်ကြီး ကိုယ်ချဉ်တိုင်း
လမ်းမှာတွေ့တဲ့ လူတိုင်းကို
ဟေ့လူ ခင်ဗျားပျက်စီးနေသလား
ဒီလို ပဋိသန္ဓာရစကားဆို
ပြီး . . . အရာရာဟာ
အားအားရှိတိုင်း ပေါက်ဖွားနေတာ
ဟုတ် မဟုတ်
အဖြေကို နာခံလိုက်ဖို့ အသင့်ပါ။

ခုများတော့ ဘာမဆိုင် ညာမဆိုင်
လူတွေကို
စကြ၀ဠာနဲ့ ကိုင်ပေါက်ချင်တဲ့
ဥာဉ်ကပေါ်လာပြန်
အိုင်းစတိုင်းမဟုတ် ဘာမဟုတ်
ကိုယ့်ကိုယ်ကို
ဆိုဆုံးမလို့ မရတာ ကြာပြီ
ခရုမကောက်ချင်ဘူး
ပင်လယ်ကို လိုချင်တာ။ ။

ထွန်းဝေမြင့်
(ဟန်သစ် မဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၉၁)


ကျွန်တော် သိပ်ကြိုက်တဲ့ ကဗျာ တစ်ပုဒ်ပါ။ ခုထိလဲ စွဲစွဲမြဲမြဲ နှစ်သက်တုန်းပါပဲ။ အားလုံးလဲ ကြိုက်ကြမယ်လို့ ထင်လို့ ဝေမျှပေးလိုက်ပါတယ်။

Read More...

Sunday, September 2, 2007

ကိုယ်တိုင်ဗျူး အပိုင်း(၃)

မသိစိတ်: အခု အကို့ ရဲ့ Portal ဘယ်အခြေ အနေမှာ ရှိပါသလဲ။
သိစိတ်: ခု ဒီရက်ပိုင်းထဲမှာပဲ ကိုယ်တို့ Full Version Launched လုပ်လိုက်တယ် ညီလေး။ ဟဲ ဟဲ ဟဲ အရင်ကတော့ကွာ ပြောရင်နားလည် မလားတော့မသိဘူး Beta Stage နဲ့ ပဲလွှင့်ထားတာပေါ့။ အကြမ်းထည် အဆင့်ပေါ့ ဟင်း ဟင်း ကိုယ့်ညီ သဘောပေါက်အောင် ပြောပြတာပါ။ Beta မှာ ကထဲက တော်တော် ပေါက်နေပြီ။ ခုလို Full Released ဆိုရင်တော့ ပြောစရာတောင် မလိုဘူးပေါ့ကွာ။ ဟုတ်တယ်ဟုတ်။ (မနေ့ညက သင်ထားတဲ့ အင်္ဂလိပ်စာတွေ ညှပ်ညှပ်ပြီးသုံးတာ မိုက်တယ်ကွာ နောက်လဲ ကျက်ထားအုံးမှ)

မသိစိတ်: Portal ရဲ့ ၀င်ငွေက ဘယ်လောက် ရာခိုင်နှုန်း ကုမ္ပဏီပေါ်မှာ သက်ရောက်မှု ရှိပါသလဲ (ဟဲ ဟဲ ဒါက အတွင်းရေးလေ မင်းဘယ်လို ဖြေမလဲ ငှဲ ငှဲ ငှဲ . . . )
သိစိတ်: အဟမ်း . . . ဒီလိုရှိတယ်ကွ (ဘယ်လိုရှိရင် ကောင်းမလဲ) ကုမ္ပဏီရဲ့ စာရင်းအရ ဒီဘက် လုပ်ငန်းကနေ ၅၀ ရာခိုင်နှုန်းလောက် ၀င်တယ်လေ။ ဒါတောင် ကိုယ်က Marketing ဘက်မှာ လျှော့ထားလို့ ကြော်ငြာတွေ ဘာတွေတောင် သိပ်လက်မခံဘူးလေ။ (ကြော်ငြာထည့်မယ့်သူ မရှိဘူး ဟင့် . . . )ကြည့်တဲ့ လူတွေ မျက်စိထဲမှာ ကြော်ငြာနဲ့ ဆို ကိုးလို့ကန့်လန်း ဖြစ်မှာလဲ စိုးရိမ်တယ် ဟင်း ဟင်း စေတနာတွေပါ စေတနာတွေ။

မသိစိတ်: (အောင်မယ် . . . လေကတော့ မလျှော့ဘူး။ သူ့ရုံးကဖြင့် ပိတ်ရမလို ဖြစ်နေလို့ ငါ့ကို အင်တာဗျူး ခိုင်းပြီး အတင်း ကြော်ငြာ ခိုင်းနေရတာ ကိုများ) ရှယ်ယာရှင်တွေ အနေနဲ့ ရော အကို့အပေါ်မှာ လွှမ်းမိုးမှုတွေ ရှိပါသလား
သိစိတ်: သူတို့လား အော် ကိုယ်က ဒီမှာ ယူထားတဲ့ ရာထူးကိုကြည့်လေ ဟင်း ဟင်း ကိုယ့် သဘောပါပဲ။ သူတို့ကိုတောင် ကိုယ်က အဟင်း ဘယ်လိုပြောမလဲ အကျိုးအမြတ် ရစေချင်လို့ ခေါ်ပေးထားတာလေ။ သူတို့ သဘောပေါက်ကြပါတယ် ဘာမှ ထွေထွေထူးထူး မပြောကြပါဘူး။ ကိုယ့် ဆန္ဒအတိုင်း ဖြစ်ခွင့်ရတယ်လေ။ (အေးပေါ့ ငါ့ကို ဟိုကောင်တွေက အဖတ်လဲ မလုပ်တော့ဘူး အရူးဆိုပြီး လွှတ်ပေးထားတာ ဒါတောင် သနားလို့တဲ့ လခ ပေးထားတာ ဟင့် ပြောရင်း ၀မ်းနည်းလာပြီ)

မသိစိတ်: Data ပိုင်းတွေမှာ အထူးသဖြင့် အကို ကိုယ့်ဘာသာ ရေးတယ်လို့ ကြားရပါတယ် အဲဒါနဲ့ ပတ်သတ်ပြီးရော ဘာများ ပြောချင်ပါသလဲ
သိစိတ်: ညီလဲ ကိုယ့်အကြောင်းသိသားနဲ့ ကိုယ်က သူများကို လုပ်ခိုင်းရတာ စိတ်မချဘူးလေ။ ဟင်း ဟင်း ကိုယ်တိုင်ပဲ လုပ်ချင်တာကိုး။ ပြီးတော့ ကိုယ့်လောက်လဲ သိပ်ပြီး အဆင်ပြေပြေ မဖြစ်ဘူးလို့ထင်လို့ပါ။ ဒါပေမယ့်ကွာ တခါတခါများကြတော့ လိုက်လျောပေးရတာလေးတွေ ရှိတာပေါ့။ ဟင်း ဟင်း ကိုယ်ကပြန်ပြီး Edit တော့ လုပ်ပေးရသေးတာပေါ့။ (ဘယ်သူကမှ လာမရေးဘူးဟေ့ . . . အော်ပြောလိုက်ချင်တယ် တကထဲ လျှာရှည်လိုက်တာ ရေးမယ့်သူမရှိလို့ ငါ့ဘာသာငါ ရေးတာပေါ့။ ရှည်ကိုရှည်တယ် မိကျောင်းသားလေး)

မသိစိတ်: အကို့အနေနဲ့ Seminar တွေကိုရော တတ်ဖြစ်ပါသလား
သိစိတ်: (အမ် ဘာလဲဟ ဆီမီနာ ငါသိတာက ဆူနာမီ ကွိုင်ပဲ ဒီကောင်ဘာမေးတာလဲ မသိဘူး ငါ့ကိုများ ဆဲတာလား အင်း နဲနဲ အထာနဲ့ ကည့်နေမှ) ဘာလဲ ညီလေး ဘာကိုမေးတာလဲ ကိုယ် မကြားလိုက်လို့ အဟင်း . . .

မသိစိတ်: (ဟာ . . . ဒီကောင် ငတုံး Seminar ကိုတောင် နားမလည်ဘူး။ အေးပေါ့ မင်းလိုကောင်မျိုး အလုပ်ကို ဦးစီးမှ တော့ ဘယ်သူ စီးပွါးမပျက် ရှိအုံးမလဲ တောက် ငါကွာ တခြားသူတွေ မျက်နှာ ထောက်နေရလို့) အော် ဒီလိုပါ ဆွေးနွေးပွဲတွေ ဘာတွေပေါ့ အကိုရယ် တတ်ဖြစ်သလား လို့ပါ
သိစိတ်: သိပြီ သိပြီ ကိုယ်တတ်ဖြစ်ပါတယ်။ ဖိတ်တဲ့ သူတွေ များတယ်။ ကိုယ်က မအားဘူးလေ။ မအားတဲ့ ကြားက သွားသွားပေးနေရတာ။ တခါတရံတော့ မရောက်ဖြစ်ဘူး အဲဒါဆို တချို့က စိတ်တွေဘာတွေ မကောင်းဖြစ်နေတာ အတင်းကို လာခေါ်တော့တာပဲ။ ဟင်း ဟင်း နာမည် ကြီးလာတော့လဲ နေရထိုင်ရတာ မလွတ်လပ်ပါဘူး ညီရာ။(အဟိ သွားတာပေါ့ မုန့်စားရတယ်လေ ဘယ်သူမှ မခေါ်လဲ ငါက အတင်းသွားတာပဲ တစ်ရက်စာ သက်သာနည်းလာ)

မသိစိတ်: ဟုတ်ကဲ့ အကို။ ဒါဆို အကို့ရဲ့ လူမှုဘ၀ ပုံစံလေးကို နည်းနည်း မေးကြည့်မယ်(ဒီတစ်ခါတော့ ဆော်ပြီကွာ ဟား ဟား ဟား မင်းကို ငါ ဆော်ပြီ သေဖို့သာ ပြင်ပေတော့။ မင်းအကြောင်း ဆိုတော့ ဘယ်သူ့ မျက်နှာမှ ထောက်စရာ မလိုဘူး အေးအေးဆေးဆေးဗျင်းပြမယ်)
သိစိတ်: ရပါတယ် ညီလေး။ ရပါတယ် မေးပါ မေးပါ။ (ဟာ ရှယ်ပဲ ငါ့ကိုငါ ကြော်ငြာလို့ ရပြီ ပျော်စရာကြီး)

ဆက်လက်ဖေါ်ပြသွားပါမည် . . . အပိုင်း (၄) မျှော် . . .

Read More...

Blogger များ လက်ဆင့် ကမ်းပေးကြပါ (၂)

ကဲ ဖိုးဝကတော့ ပြီးသလောက်ရှိပြီ ဒါပေမယ့် လိုနေတာတွေကတော့ ဟိုနားစပ်စပ် ဒီနားစပ်စပ်ပေါ့လေ။ ဖြေးဖြေးတော့ လုပ်ယူရပါလိမ့်မယ်။ ဒကာဆိတ် ဆိုတဲ့ သူငယ်ချင်း ပြောသလို အေးအေးလုပ်ပါဟ သေနေအုံးမယ် ဆိုသလိုပေါ့လေ။ ခုတော့ ဖိအားတစ်ခု အောက်ကလွတ်သွား တယ်လို့ ထင်ရပေမယ့် ပိုဆိုးသွားတာ ခုမှ သတိထားမိတယ်။ ဖိုးဝ က Content တွေ ခိုင်သွားပြီဆိုတော့ Update ကလာပြီလေ။ ပိုဆိုးတယ် Update လုပ်ရတာ။ သုံးတဲ့သူတွေကို လေးစားသော အားဖြင့် Update ကိုလျှော့ ပြီးလုပ်လို့ မရတော့ဘူး။ လုပ်ရတော့မှာပေါ့ ကိုယ်က စမိပြီကိုး။ ခုပြောချင်တာက Web Directory အကြောင် ခုတော့ Category တွေ Sub Category တွေ ခွဲပြီးပြီ အကြမ်းအားဖြင့်တော့ ထည့်ပြီးပြီ Description တွေကို မြန်မာလိုပဲ ရေးထားတယ်။ အဲဒီမှာ Myanmar ဆိုတဲ့ Category ကြီးထဲမှာမှ တခြားဟာတွေ ခွဲထားတယ်။ ကြည့်လိုက်ကြပါအုံး။ Blog ကို Sub Category အနေနဲ့ Myanmar ရဲ့ အောက်မှာ ပို့ပေးထားတယ်။ ဟုတ်ပါတယ် Saturn God ပြောသလို အမျိုးအစား ထိုင်ခွဲတာ မိုးလင်းသွားတယ်။ နောက်ထပ် ပြဿနာက ငါခွဲပေးလိုက်တာ သူကြိုက်ပါ့မလား ဆိုတဲ့ အတွေး။ အဲဒီမှာတင် ရွာလည်ပါတော့တယ်။ ဟုတ်တယ်လေ ကိုယ်ကတော့ သူ့ကို အဲလိုထင်ပြီး Description တွေရေးလိုက်တယ် ပြီးတော့ သူက မဟုတ်ဘူးဆို ရေးတဲ့ကောင် သေပြီပေါ့။ အဲဒီ အရေးတွေတွေးမိပြီးတော့ ကျွန်တော့ စိတ်ကူးထဲမှာ ကိုယ့်ဘာသာကိုယ် Description ရေးကြတာပို ကောင်းပါတယ်လေလို့ ထင်လာတယ်။ ပြီးတော့ ကျွန်တော့ သူငယ်ချင်းတစ်ယောက် ပြောတာသတိရသွားတယ် “ဟေ့ကောင် မင်းကို ဘယ်သူကမှ သာဓု ခေါ်မှာ မဟုတ်ဘူး” တဲ့။ ဟုတ်ပါတယ် ကျွန်တော်က သာဓု အခေါ်ခံချင်လို့ လုပ်တာ မဟုတ်ပေမယ့် အဆဲ မခံချင်တာတော့ သေချာတယ်။ ခု အဲဒါကြောင့် Blogger များအနေနဲ့ ကိုယ့် Blog ကိုကိုယ် Description ရေးပေးနိုင်အောင်ပဲ လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ခုတော့ ရေးလို့ ရအုံးမှာ မဟုတ်ပါဘူး Admin ဘက် အခြမ်းပဲ အလုပ်လုပ်ပါသေးတယ် User ဘက်အခြမ်း အလုပ်မလုပ်သေးပါဘူး။ အမြန်ဆုံးတော့ ပြီးအောင် လုပ်နေပါတယ်။ မနေ့က Blog Seminar ကိုမတက်လိုက်ရဘူး။ စိတ်မကောင်းဘူး ကိုယ်က ၂ ညတိတိ လုံးဝ မအိပ်ထားတော့ လူက ၀ီ နေပြီ။ နားထဲမှာ ဘာမှ မကြားတော့ဘူး။ အဲဒါကြောင့် မရောက်ခဲ့ဘူး။ နောင်ဆိုရင်တော့ အတတ်နိုင်ဆုံး သွားမယ်လို့ စိတ်ကူးထားတယ်။ တစ်ုလောက် ထပ်ပြောချင်သေးတယ်။ ဒီမှာဖြစ်တတ်တဲ့ အကျင့်လေးတစ်ခု ငါတို့က ဘာလို့ ကိုယ့် Blog ကိုယ် ကြေငြာရမှာလဲ ဆိုတဲ့ ကိစ္စ။ တစ်ချို့မှာ ရှိတယ်။ တကယ်ပြောတာ တကယ်ကိုရှိတယ်။ ရှက်တာလား အောက်တယ်ထင်တာလား တော့ ကျွန်တော် မပြောတတ်ဘူး။ အဲဒါကြီးကတော့ တလွဲ အတွေးကြီးပါ တကယ်ကို မတွေးသင့်ဘူး။ Community တစ်ခုဆိုတာ တစ်ဦး တစ်ယောက်ထဲနဲ့ အထမမြောက်ပါဘူး အားလုံးပါဝင် ရပါမယ်။ ပြောလက်စနဲ့ မထူးတော့ပါဘူး ထပ်ပြောပြအုံးမယ်။ Blogger တွေ တစ်ဦးနဲ့ တစ်ဦး စကား စစ်ခင်းတာ၊ ပို့စ်တွေနဲ့ နှိပ်ကွပ်တာ များတယ်လို့ သိရပါတယ်။ စိတ်မကောင်း ဖြစ်ရပါတယ်။ Techonology မှာ ဘယ်သူက ဆရာဆိုတာ ကျွန်တော် မပြောတတ်ဘူး။ ကျွန်တော့ အထင် အဲဒါတွေ မရှိဘူးထင်တယ်။ Proud ဖြစ်တတ်တဲ့ လူတွေကတော့ ရှိမှာပေါ့ ရှင်းရှင်းပြောရရင် ပျင်းစရာကြီးပါ။ ဘာလုပ်မှာလဲ ငါတကောကောပြီး ငါ့လောက် မသိကြဘူး ငါ့လောက်မတတ်ကြဘူး သိပ်ရှက်ဖို့ကောင်းတယ်။ မထင်ပါနဲ့ နောက်လူတွေက ပိုစွမ်းပါတယ်။ Techonology ကိုရင်းနှီးပြီး ကြီးပြင်းလာတဲ့ ကလေးတွေက ပိုသာလာမှာပါ။ လောက နိယာမတွေပါ။ ငယ်ငယ်ကဆို TV ဆိုတာ လူကြီးဖွင့်ပေးမှ ကြည့်လို့ရခဲ့တာ။ ခုခေတ် ၃ နှစ် အရွယ် ကလေးလေးတွေက DVD Player ကအစ အေးအေး အောအော ဖွင့်ကြည့်နေတာ တွေ့နေရပြီ။ အဲဒါ ဘာလဲဆိုတော့ သူတို့ ပတ်ဝန်းကျင်မှာ ဒါတွေဟာ မထူးဆန်းတော့ဘူး ဆိုတာကို သက်သေပြနေတာပါ။ အဲဒီလိုပဲ Blog ဆိုတာ ယနေ့ ခေတ်ကာလမှာ လူငယ်တိုင်း လူတိုင်း လုပ်နိုင်ကြပြီ။ ဟုတ်တယ် လုပ်နိုင်နေပြီ။ မြန်မာ Blogger Help Desk ပေါ်လာတာ။ ၀မ်းသာတယ် ဂုဏ်ယူတယ် သင်ပေးသင့်တယ် မြန်မာလိုရှင်းပြပေးသင့်တယ် အင်္ဂလိပ်လို ဖတ်ဖို့ အခက်အခဲ ရှိတဲ့ သူတွေ အတွက် အရမ်းအဆင်ပြေ သွားတယ်။ ပြီးတော့ ဇော်ဂျီ အဖွဲ့ ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ သူတို့ရဲ့ Unicode System ကို လူတွေကို အလကား ပေးသုံးထားတာ။ သူတို့ဘယ်သူတွေဆိုတာ ကျွန်တော် မသိပေမယ့် ကျေးဇူးရှင် စာရင်းထဲတော့ ထည့်ထားတယ်။ သုံးလို့ကောင်းတဲ့ Font ကိုတီထွင်ထားတဲ့ သူတို့ အဖွဲ့ ကို နိုင်ငံတကာက အသိအမှတ်ပြုမယ့် အချိန် စောင့်ကြည့်နေပါတယ်။ အသိအမှတ် ပြုလို့ ရမယ့် အဆင့်ကို ရောက်တော့မယ်လို့လဲ ထင်ပါတယ်။ ကဲစကားက ကားသွားပြန်ပြီ။ ပြောချင်တာ ဆက်ပြော အုံးမယ်။ ကျွန်တော့်ရဲ့ ဖိုးဝ Web Directory မှာ User တွေကိုယ်တိုင် Link တွေ Description တွေ ပေးလို့ ရတဲ့ အချိန်မှာ ကျွန်တော် ကြေငြာပါအုံးမယ်။ အဲဒီ အခါမှာလဲ ဆက်ပြီး ကူညီစေချင်ပါတယ်။ ဟုတ်ကဲ့ User တွေ မရှိရင် ဖိုးဝ ဆိုတာ ဒီနေ့ မှာ ဒီလို ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ကူညီပေးပါလို့ ပဲပြောပါရစေ။ Blog လေးလုပ်ပြီး ဖိုးဝကို ကြော်ငြာနေတယ်လို့များ ထင်သွားကြသလား မသိဘူး။ ကျွန်တော့ စိတ်ကူးအရတော့ Portal တစ်ခု ခိုင်ခိုင်မာမာ ရပ်တည်ပြီး အားလုံး အသုံးတည့်စေချင်တာပါပဲ။ ဝေဖန်အကြံပြုလို့ရမယ့် Customer Feed Back Form ကိုလဲ လုပ်နေပါတယ်။ ဝေဖန်ပါ ဆန်းစစ်ပါ။ Blogger တွေ အနေနဲ့ တစ်ဦးကို တစ်ဦး အပြုသဘောဆောင်တဲ့ ဝေဖန်ရေးတွေကို ကျွန်တော်တို့ မြင်ရမယ်ဆိုရင် အင်မတန် ၀မ်းသာစရာ ကောင်းပါတယ်။ မှားနေတာလေးတွေ ထောက်ပြမယ်။ အကြံပေးမယ် ဒါမှ တဖက်လူက မလုပ်ချင်ဘူး ဆိုရင်လဲ သူ့သဘောပေါ့ ကိုယ့်ဘက်ကတော့ အကောင်းဆုံးဖြစ်မယ် ထင်တာကို အကြံပေးသင့်တာပေါ့။ ဒါက ကျွန်တော့ ခံယူချက်။ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ်။ ကျွန်တော့ အမြင်မှားတယ် ဆိုရင်ဖြင့် Comment ရေးပေးခဲ့ပါ။ ခုမှ Blog လေးလုပ်ပြီး ကြီးကြီး ကျယ်ကျယ် ပြောတယ် ထင်ရင်လဲ ခံရမှာပါပဲ။ ကျွန်တော့် သဘာဝကိုက အဲဒီလိုပဲ နေတတ်လို့ပါ။ လွဲနေတဲ့ အယူအဆတွေကို သတိပေးမိလို့ ခဏခဏလဲ ပြဿနာ တက်ပါတယ်။ ကိစ္စမရှိဘူး ခံနိုင်ရေရှိပါတယ်။ ကျွန်တော့ အတွက်တော့ ရိုးသွားပါပြီ။ ဖိုးဝကို လုပ်ကထဲက ဘယ်ဟာကြီးနဲ့ တူတယ် ဘယ်လိုကြီး ဖြစ်တယ်။ ဟုတ်ပါတယ် ကျွန်တော်က သူများတွေရဲ့ Portal တွေကို မှီငြမ်းပြီးမှ လုပ်တာပါ။ Yahoo, MSN, AOL စတဲ့ Portal ကြီးတွေကို အားကျ အတုယူပါတယ်။ သူတို့ လူဦးရေ မြောက်များစွာနဲ့ စဉ်းစားပြီး လုပ်ထားတာကို ကျွန်တော်က မှီငြမ်းရတာပါ။ အဲဒီကိစ္စကို မရှက်ပါဘူး။ ဘယ်အရာမဆို သိတယ် တတ်တယ်ဆိုတဲ့ ကိစ္စကို လက်မခံပါဘူး။ အတုယူတာပါ ခိုးချတာ မဟုတ်ပါဘူး။ အဲဒါကတော့ သိသာပါတယ်။ အဓိက ရည်ရွယ်ချက်က မြန်မာဘာသာနဲ့ တင်ဆက်ဖို့ပါ။ ရှင်းပြဖို့ပါ။ ကိုရီးယား၊ ဂျပန်၊ တရုတ်တို့မှာ ဆိုရင် သူတို့ ဘာသာတွေနဲ့ စာအုပ်တွေကို ဘာသာပြန်ပေးတာ။ အသိပညာတွေကို ရှင်းပြပေးလို့ အင်မတန် အောင်မြင်တယ်ဆိုတာ သက်သေပြသွားပါပြီ။ ကျွန်တော် တတ်နိုင်သလောက် သူတို့လို ဖြစ်ချင်ပါတယ်။ ရှင်းပြချင်ပါတယ် လုပ်ပေးချင်ပါတယ်။ မြန်မာတွေ အတွက် Community ကြီးတစ်ခု တည်ဆောက်ပေးချင်ပါတယ်။ အားလုံး ပါဝင်ပေးပါလို့ ပြောလိုက်ပါရစေ။ နောက်များမှာ ဆက်ပြီးရေးပြပါအုံးမယ်။

လေးစားစွာဖြင့်
zeRoTraSh

Read More...