Saturday, August 23, 2008

တစ်နှစ်ပြည့်တဲ့ Blog


ကျွန်တော် Part Of zeRoTraSh (PORTS) ဆိုပြီးတော့ ဒီဘလော့ဂ်လေးကို ၂၃ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ်မှာ စတင်ပြီးတည်ဆောက်ခဲ့ပါတယ်။ ကျွန်တော် ဘလော့ဂ်တွေ အကြောင်းသိတာတော့ ကြာခဲ့ပါပြီ။ သူများတွေ ရေးထားတာကိုပဲ သွားသွားပြီး ဖတ်ဖြစ်နေပါတယ်။ ကိုယ်တိုင်ကတော့ မရေးဖြစ်ခဲ့ပါဘူး။ ရေးဖို့ အချိန်မရခဲ့သလို သိပ်စိတ်မဝင်စားခဲ့လို့ပါ။ နောက်ပိုင်းတော့ ကျွန်တော် web 2.0 ရဲ့ ပေါက်ကွဲမှုအားကိုကြည့်ပြီး user participation ကိုပိုပြီး စိတ်ဝင်စားလာပါတယ်။ အဲဒီ့အတွက် ကျွန်တော့်လုပ်ငန်းတွေကိုလည်း အထောက်အကူပြုအောင် ဘလော့ဂ်တွေရဲ့ သဘာဝကိုလည်း သိရအောင် ကျွန်တော် စပြီးရေးဖို့ အကြံရခဲ့ပါတယ်။ တကယ်တမ်း ဘလော့ဂ်ရေးတဲ့အခါမှာတော့ ကျွန်တော် စိတ်ဝင်စားစရာတွေကို ပိုတွေ့ခဲ့ပါတယ်။ Technology ကတော့ရင်းနှီးပြီးသားမို့ ကျွန်တော့်အတွက် ထူးထူးခြားခြားခက်ခဲမှု မရှိသလောက်ပါပဲ။ ဘာတွေ ရေးမလဲ ဘယ်လိုအကြောင်းအရာတွေကို ရေးမလဲလို့ စဉ်းစားရတာကတော့ တော်တော်ပင်ပန်းပါတယ်။ နောက်ဆုံးတော့ ရေးချင်တာရေးမယ်ကွာ ငါ့ဘာသာလုပ်တာပဲ ဘာဖြစ်တုန်းဆိုပြီး သဘောထားလိုက်မှ အေးသွားပါတယ်။

ကျွန်တော် profile မှာရေးထားသလိုပါပဲ Blog ကိုလက်ဆော့ရင်း ရပ်မရတော့လို့ ဆက်ရေးနေတာပါ ဆိုတဲ့အတိုင်းပါပဲ။ ကျွန်တော်ရေးရင်းနဲ့ ရပ်မရတော့ပါဘူး။ စာရေးတာလဲ ဝါသနာကပါတာကိုး။ အစကတော့ သိပြီးရင်တော်ပြီလို့ တွေးထားပေမယ့်။ တကယ်တမ်း ကိုယ့်ဘလော့ဂ်ကို ကိုယ်မရပ်ဖြစ်ပါဘူး။ c-box မှာလာအားပေးတဲ့ စာလေးတွေ ကော်မန့်လေးတွေကိုကြည့်ပြီး ပီတိဖြစ်မိတယ်။ နောက်ပြီး ကိုယ်ကိုတိုင်လဲ သူများ ဘလော့ဂ်တွေကို သွားပြီး ဝင်အော် ကော်မန့်ရေးလုပ်ရတာကို သဘောကျလာပါတယ်။ ဘာနဲ့တူလဲဆိုတော့ ရပ်ကွက်ထဲမှာလိုပါပဲ လူမှုအဖွဲ့အစည်းလေးတစ်ခုကို အွန်လိုင်းပေါ်မှာ သပ်သပ်ရပ်ရပ်တွေ့နေရသလိုပါပဲ။ တကယ်တမ်းလဲဟုတ်ပါတယ်။ နောက်ပိုင်းတော့ ရပ်ကွက်ထဲမှာလိုပဲ ကလော်တုတ်တာတွေ ထဆဲတာတွေ သမီးရည်းစားတွေ အဲလို အဲလိုတွေ အများကြီးတွေ့တော့ သြော်ဟုတ်တယ်နော် ဆိုတာပဲ စဉ်းစားမိခဲ့ပါတယ်။ (ရပ်ကွက်ထဲက လူတွေဆိုပြီး ပန်ဒိုရာ သုံးထားတာကို သဘောကျပါတယ် ဤကားစကားချပ်)

ကျွန်တော် ပထမဆုံး စရေးဖြစ်တဲ့ ပို့စ်က မြင်လှည့်ပါအမေ ဆိုတဲ့ ကဗျာလေးပါ။ ဘာတင်ရမှန်းမသိလို့ အဲဒီ့ကဗျာလေးကို လက်တမ်းရေးပြီး ချက်ခြင်းတင်ခဲ့ပါတယ်။ ဘယ်သူမှ ကော်မန့်ပေးတဲ့သူ မရှိပါဘူး။ စစချင်းကိုး။ c-box မှာတော့ လာလာပြီး အားပေးသွားကြတာတွေ့ပါတယ်။ ဒါပေမယ့် ဘယ်သူ စစခြင်းရောက်လာတာလဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ အဲဒီ့တုန်းက လာနေကြတွေထဲမှာတော့ ခုထိသိနေတာ ရန်အောင်တို့ မခင်မင်းဇော်တို့ ကိုစိုးထက်တို့ များတော့များပါတယ်။ သြော် သင်ကာကြီးလဲ ပါသေးတယ် သူနဲ့ ကျွန်တော် ဘလော့ဂ်လုပ်တဲ့ သက်တမ်း သိပ်မကွာဘူးထင်တာပဲ။ ထားပါ သေချာတော့ မမှတ်မိတော့ဘူး။ c-box ကို ရာဇဝင် ပြန်မလှန်နိုင်တော့လို့။ ပထမဆုံး ကွန်မန့်ပေးတာကတော့ ထူးမြတ်ပါ။ ကျွန်တော့်နားပေါက်လေး ဆိုတဲ့ ပို့စ်မှာ စပြီး ကွန်မန့်ပေးသွားတာပါ။ နောက်ပိုင်းမှာတော့ ရန်အောင်တို့ သမုဒယနွယ်တို့က ကွန်မန့်တွေလာပေးတာ တွေ့ရပါတယ်။ အဲဒီလိုနဲ့ ကျွန်တော် ဘလော့ဂ်ရွာထဲမှာ ချာလပတ်လည်ပြီး ရုန်းမထွက်နိုင်ခဲ့ပါဘူး။

ကျွန်တော် ဘလော့ဂ်ဂါတွေနဲ့သိပ်မသိပါဘူး။ သိပ်လည်း မရင်းနှီးပါဘူး။ ကျွန်တော်က စာသွားဖတ်ဖြစ်လဲ တခါတခါမှ ကွန်မန့်ပေးဖြစ်ခဲ့ပါတယ်။ တခါတခါမှ c-box မှာ နှုတ်ဆက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန်တော့သွားဖြစ်ပါတယ်။ ကျွန်တော် စိတ်ဝင်စားတဲ့ ဘလော့ဂ်တွေဆို ပုံမှန်ဖတ်ဖြစ်ပါတယ်။ နောက်ပိုင်း ဘလော့ဂ်လောကမှာ Tag တယ်ဆိုတာ အစက ကျွန်တော်သဘော မပေါက်ခဲ့ပါဘူး။ ကျွန်တော့်ကိုလဲ ဘယ်သူမှ tag မလုပ်ပါဘူး။ ဒါနဲ့ ကျွန်တော်က စပြီး Tag လုပ်ဖို့ ငါ . . . ဘာကောင်လဲ ဆိုပြီးရေးလိုက်ပါတယ်။ အဲဒီ့ပို့စ်ကို စတင်ပြီး သိပ်မကြာပါဘူး ကျွန်တော် Tag လုပ်လိုက်တဲ့ထဲက ကိုစိုးထက်က စစချင်းရေးပါတော့တယ်။ သူကတော့ ခေါင်းစဉ်လေးပြောင်းပြီးရေးတာပါ။ ငါဆိုတာကို သူ့အနေနဲ့ ရင့်သီးတယ်ထင်လို့ ကျွန်တော်ဘယ်လိုလူလဲဆိုပြီး ရေးသွားတာကို မှတ်မိနေပါသေးတယ်။ အဲဒီ့လို သူ့ကိုသွားပြီး Tag လိုက်မိကထဲက ကျွန်တော်နဲ့သူ အတော်ခင်သွားတယ် ဘယ်လောက်ခင်သွားတုန်းဆို ဘုန်းကြီးတစ်ပါးထဲကို ကပ္ပိယတူတူလုပ်ပေးတဲ့ အထိပါပဲ။ ဒီနေ့ထက်ထိလဲ ပတ်သတ်နေတုန်း။ သူ့မိသားစု အကုန်လုံးနဲ့ ကျွန်တော် အတော်ကို ရင်းနှီးပါတယ်။ သူနဲ့ကျွန်တော် ခုထက်ထိလူခြင်း မစုံဖူးပါဘူး။ ဓါတ်ပုံတွေပဲမြင်ဖူးသေးပါတယ်။ ကျွန်တော့်ဘဝမှာ လူတစ်ယောက်ကို မမြင်ဖူးသေးပဲနဲ့ ခင်မင်ပြီး ကူညီပေးခဲ့တာ ကိုစိုးထက်ပါပဲ။ ချစ်ကိုကြီး Cheers !

ဘလော့ဂ်ဂါတွေကို အပြင်မှာ မမြင်ဖူးပါဘူး။ ပထမဆုံး အျပင္မွာစုံဖူးတဲ့ ဘေလာ့ဂ္ဂါကေတာ့ သင္ကာပါ။ သူဗမာပြည်လာတုန်း ပန်းဆိုးတန်းမှာ သွားပြီးတွေ့ဖြစ်ခဲ့ပါတယ်။ ဘီယာပါတူတူသောက်ခဲ့ပါတယ်။ အမှန်က ရုံးချိန်ကြီးပါ ကျွန်တော်က နေ့လည်ဆို သောက်လေ့မရှိပါဘူး။ သူ့ကိုအားနာလွန်းလို့ ခင်လို့သာ သောက်ခဲ့တာပါ။ ကဲ ကိုဘုန်းသိပြီလားကွ :D။ Online မှာ Gtalk စပြောဖြစ်တဲ့ ဘလော့ဂ်ဂါကတော့ ချစ်မကြီး မခင်မင်းဇော်ပါပဲ။ သူ့ဓါတ်ပုံကိုလည်း အရင်ဆုံးမြင်ဖူးတာပါ ဟုတ်တယ်နော် ချစ်မကြီး :D။ ကျွန်တော့်အကြောင်းကို ပို့စ်တစ်ခု စရေးတာကတော့ မိုးစက်ဆိုတဲ့ ဘလော့ဂ်ဂါပါ။ ကျွန်တော့်ရဲ့ ကိုယ်တိုင်ဗျူးတွေကို ဖတ်ပြီး သူက ကျွန်တော်နဲ့ အင်တာဗျူးလုပ်တဲ့ပုံမျိုးရေးပြီး ကျွန်တော့်ဆီပို့ပေးခဲ့ပါတယ်။ သူရေးပေးတာကို ကျွန်တော်က ခေါင်းစဉ်လေးပေးခဲ့ပါတယ်။ မောင်ဇီးရိုးကိုဖွင့်ဖတ်သွားတဲ့ မိုးစက် ဆိုပြီး ပေးခဲ့ပါတယ်။ ခုတော့ မောင်မိုးစက် ဘလော့ဂ်မရေးအားပါဘူး ဗမာပြည်ပြန်ရောက်ပြီး သင်တန်းတက်နေရပါတယ်။ ကျွန်တော့်ဆီ ဖုန်းတော့ မကြာမကြာ ဆက်တတ်တယ်ဗျ။

သြော်မေ့နေလို့ ကိုမောင်လှဆီကလည်း ဖုန်းနံပါတ်စရဖူးတယ် သူရန်ကုန်လာတုန်း ဘီယာတူတူသောက်မယ်လုပ်ပြီးမှ မသောက်ဖြစ်ခဲ့တာ မှတ်မိသေးတယ်။ ဘလော့ဂ်ဂါထဲမှာ ကျွန်တော် အကူအညီစပေးခဲ့ရတာကတော့ Rapster88 ဆိုတဲ့ ညီလေးပါ ပေးရမှာပေါ့ လဒလေးက တစ်ရုံးထဲ တူတူလုပ်တာကိုး။ သူလဲ ရေးချင်တယ်ဆိုလို့ ကျွန်တော့် Template ကြီးပေးလိုက်သေးတယ် အဟက်ဟက်ဟက်။ နောက်ပြီးတော့ ကျွန်တော့်ကို ဘလော့ဂ်ထဲမှာ contributor စလုပ်ဖို့ လှမ်းပြောတာကတော့ ရန်အောင်ပေါ့။ ၃ နေရာအတွက် တထိုင်ထဲလှမ်းဖိတ်တာ MMbloggerhelpdesk၊ သံစဉ်လှိုင်း၊ English For Success ရယ် သုံးခုပေါ့။ အားတော့နာတယ် ရန်အောင်ရယ် သံစဉ်လှိုင်းမှာပဲ ၂ ပုဒ်လားရေးပေးဖူးတယ် နောက်တော့ ထပ်ရေးတာပေါ့နော့ အဟက်ဟက်ဟက်။ သူများဘလော့ဂ်ထဲမှာ မေးလ်ပို့ပြီးရေးဖြစ်တာကတော့ ဇီးကွက်ဆီက သိုင်းလောကပေါ့ဗျာ။

ဒီလိုနဲ့ ဒီလိုနဲ့ ကျွန်တော် ဘလော့ဂ်ရွာကြီးထဲမှာ တော်တော်ချာလပတ်ရမ်းနေရင်း ခုထိရပ်မရသေးပါဘူး။ နောက်ပိုင်းမှာ ဘလော့ဂ်တွေ တစ်ဦးနဲ့တစ်ဦးဆော်ကြ တီးကြ အော်ကြ ဟစ်ကြမြင်တော့ စိတ်ကုန်သွားပါတယ်။ ဒါပေမယ့်လဲ သံယောဇဉ်က မဖြတ်နိုင်ပါဘူး။ ကိုယ့်ဘာသာ လုပ်ချင်ရာ လုပ်ကြပါစေဆိုပြီးပဲ ထိုင်ကြည့်နေလိုက်တယ်။ ဟုတ်တယ်လေ ကိုယ့်သားသမီးတွေမှ မဟုတ်တာ။ ကိုယ့်သဘောကိုယ်ဆောင်တာပဲ လုပ်ပေါ့။ ကျွန်တော်တားလည်း ဘာထူးမှာတုန်း ဟုတ်တယ်ဟုတ်။ ကျွန်တော့်ဘလော့ဂ် အခုတော့ တစ်နှစ်ပြည့်ပြီ နောက်ပိုင်း ဆက်ရေးဖြစ် မရေးဖြစ်ကတော့ မသေချာဘူး။ မရေးပဲလဲ နေတော့မနေနိုင်ဘူး အားလဲမအားဘူး အားရင်ရေးမယ် ကောင်းဘူးလား။ ကျွန်တော့်ဆီကို လာတဲ့အားပေးနေတဲ့ ဘလော့ဂ်ဂါတွေ အကုန်လုံးကို ကျွန်တော်ကျေးဇူးအထူးတင်ပါတယ်။ နောက်လည်း ဆက်ပြီးအားပေးပါအုံး အားမပေးလဲနေဗျာ ရေးမှာပဲ တားနဲ့ အဟက်ဟက်ဟက်။

ကဲ ကဲ တစ်နှစ်ပြည့်ဆိုပြီး ဘာမှလဲ ဧည့်မခံဖြစ်ဖူး ရေးချင်တာ လျှောက်ရေးနေပြန်ပြီနော့။ အင်းလေ အဲဒါကိုက ကျွန်တော့်ပုံစံပဲကိုး။ ကော်မန့်လေးဘာလေး ရေးပြီး ဆုတောင်းပေးပေါ့ ဆဲမသွားရင် ပြီးတာပဲ။ ကျန်တာကတော့ သဘော။ ဆဲသွားတော့ ဖတ်ရတာ အာရုံနောက်လို့။ ထူးခြားချက်က တစ်ခါမှတော့ အဆဲမခံဖူးသေးဘူး။ လူချစ်လူခင်ပေါလို့လားဆိုတော့ အဲလိုလဲမဟုတ်ဘူး။ သိပါဘူးဗျာ။ ဘလော့ဂ်လောကမှာ နာမည်တော့ ရလာပြီထင်တယ် လူသောက်ညင်ကပ်တဲ့ထဲ ပါနေတယ် ပြောတာပဲ။ ကြားမိတာပါ။ ဟုတ်မဟုတ်မသိဘူး။ ကဲ ခုတော့ တော်သေးပြီ နောက်မှပဲ ဆက်ပြီးရေးတော့မယ် ခုဒီပို့စ်မှာ ပေးခဲ့မယ့် ကော်မန့်တွေကိုလည်း စုပြီး နောက်ပို့စ်အနေနဲ့ တင်အုံးမယ် ကျွန်တော့်ကို ဘယ်လိုအကြောင်းနဲ့ ကွန်မန့်ပေးပေး ဒီဘလော့ဂ်ကို ဘာကြောင့်ဖတ်လဲဆိုတာပါ ထည့်ရေးပေးပါ ဒါကလည်း ဒီရွာထဲမှာ ပြောနေသလို ဆားချက်တာပါ။ ကဲ အားလုံးပဲ မင်္ဂလာပါဗျာ။

zeRoTraSh
23rd August 2008

Read More...

Wednesday, August 20, 2008

တံဆိပ်များ

သူကိုယ်တိုင်က ဘာမှမပြောခဲ့
နိုင်ငံရေးအကြောင်း ဆွေးနွေးတော့လည်း တုံဏိဘာဝေ
ပညတ်တွေ ပရမတ်တွေ ပြောတော့လဲ အသံမထွက်
မော်ဒန် ပို့စ်မော်ဒန် ဒါတွေလဲ သူမသိ
စီးပွါးရေး ဒဿန အတွေးခေါ် စိတ်ဝင်စားပုံမပြ
သိချင်တာရှိလားလို့မေး

ဘာမှပြန်မဖြေတော့ခက်တယ်
လူတွေက တံဆိပ်အမျိုးမျိုးကပ်ကြတယ်
အသက်ကတရွေ့ရွေ့ကြီးလာတယ်
သူကိုယ်တိုင်က ဘာမှမပြောခဲ့
သူကိုယ်တိုင်က ဘာမှမသိခဲ့
တနေ့ကတော့ သူ့အသံထွက်လာတယ်
“ငါ” ပျောက်နေတာ ကြာပြီတဲ့
နောက်ထပ်တံဆိပ်ကပ်သွားကြတယ်
သူကအတ္တကြီးသတဲ့ကွယ်။

zeRoTraSh

Read More...