မင်းမဟုတ်တဲ့ငါက
မင်းမလုပ်တာ လုပ်တယ်
မင်းမဟုတ်တဲ့ငါက
မင်းမပြောတာ ပြောတယ်
မင်းမဟုတ်တဲ့ငါက
မင်းမကြိုက်တာ ကြိုက်တယ်
မင်းမဟုတ်တဲ့ငါက
မင်းမစားတာ စားတယ်
မင်းမဟုတ်တဲ့ငါက
မင်းမသိတာ သိတယ်
မင်းမဟုတ်တဲ့ငါက
မင်းမစွမ်းတာ စွမ်းတယ်
မင်းမဟုတ်တဲ့ ငါက
မင်းမတွေးတာ တွေးတယ်
သိလား
အဲဒါ မင်းမဟုတ်တဲ့ငါ . . .
Thursday, March 18, 2010
မင်းမဟုတ်တဲ့ငါ
Posted by
zeRoTraSh
at
5:08 PM
2
comments
Labels: Poem
Friday, February 6, 2009
အမည်မဲ့
အသိတရားနဲ့ ခံစားချက်ကြားမှာ
နှလုံးသားတွေက ခါးနေတယ်
မေမေရေ မေမေရေ
တကြော်ကြော်အော်ခေါ်မိပေါ့
ဘဝမှာ သင်ခန်းစာကြီးကြီး
အမှားကြီးကြီး
ဆင်ခြင်တုံတရားကြီးကြီး
အရာအားလုံးက ကြီးကြီးမားမား
သို့ပေမယ့်
လမ်းတွေကတော့ မှေးမှိန်လို့
မနက်ဖန်အတွက် လင်းမယ့်နေရောင်
မနက်ဖန်အတွက် တင်းထားတဲ့စိတ်ဓါတ်
မနေ့က ငါမဟုတ်တဲ့ငါအတွက်
အရာအားလုံးဟာ မသေချာပြန်ဘူးကွဲ့
မှောက်ထားတဲ့ဖဲချပ် တစ်ဖြစ်ဖို့
ဥုံဖွဆိုတဲ့ ရေရွတ်သံ
ခံတွင်းမတွေ့ပြန်ဘူးကွယ်။
Posted by
zeRoTraSh
at
12:32 PM
1 comments
Labels: Poem
Saturday, January 24, 2009
အမည်မဲ့
အိပ်မက်တွေ ပြိုကျတဲ့နေ့
ငါ့နှုတ်ခမ်းတွေ ခါးနေတယ်
ဘာမှန်းမသိတဲ့ ခံစားချက်က
ဝိဥာဉ်တွေကို နှိပ်စက်နေလေရဲ့
ငိုစရာမျက်ရည်
ဝမ်းနည်းစရာသောက
ဒီဘဝမှာ ဘာများထပ်ရဦးမှာတဲ့လဲ
အတိတ်တွေကိုပြန်ကြည့်တော့
ငါမှ မမှားခဲ့တာ
ဟေ့ . . . မှန်တဲ့ကောင်ရှေ့ထွက်
ပေါ့ပျက်ပျက်မနေတတ်သ၍
သင်ဟာ လူမဟုတ်ဘူးကွဲ့
ဒီစကားသံကြားတော့
သြော် . . . လူ့ဘဝဟာ နေပျော်စရာပေါ့။
Posted by
zeRoTraSh
at
4:14 PM
1 comments
Labels: Poem
Tuesday, December 23, 2008
ယုံပါ
ငါညာပြောခဲ့တာပါ
နင့်ကို မလွမ်းဘူးဆိုတာ
ငါညာပြောခဲ့တာပါ
နင့်ကို သတိမရဘူးဆိုတာ
ငါညာပြောခဲ့တာပါ
နင့်အနမ်းတွေကို မတမ်းတဘူးဆိုတာ
ငါညာပြောခဲ့တာပါ
နင့်မျက်ဝန်းတွေကို ထပ်မလိုချင်တော့ဘူးဆိုတာ
ငါညာပြောခဲ့တာပါ
နင့်စကားတွေကို မကြားချင်တော့ဘူးဆိုတာ
ငါညာပြောခဲ့တာပါ
နင့်ရနံ့တွေကို မစွဲလန်းဘူးဆိုတာ
ငါညာပြောခဲ့တာပါ
နင့်ကို ငါမချစ်ဘူးဆိုတာ
ငါညာပြောခဲ့တာပါ
ငါမလိမ်တတ်ဘူးဆိုတာ
ယုံပါကွာ
နင့်ကိုမြတ်နိုးတယ်ဆိုတာ
ငါတကယ်ပြောခဲ့တာပါ။
Posted by
zeRoTraSh
at
5:42 PM
3
comments
Labels: Poem
Wednesday, December 17, 2008
သတိရခြင်း
သတိရခြင်းမှာ ပန်းတွေမပွင့်ဘူး
ဒါပေမယ့် ရနံ့တွေလွင့်လွင့်နေတယ်
သတိရခြင်းမှာ ငှက်တွေတေးမသီဘူး
ဒါပေမယ့် သီချင်းတွေကြားကြားနေတယ်
သတိရခြင်းမှာ မိုးတွေရွာမနေဘူး
ဒါပေမယ့် ရေတွေစိုစိုရွှဲနေတယ်
သတိရခြင်းမှာ နာရီတွေမရှိဘူး
ဒါပေမယ့် အချိန်တွေတရွေ့ရွေ့ကုန်ဆုံးနေတယ်
သတိရခြင်းမှာ အမုန်းတွေမပါဘူး
ဒါပေမယ့် စကားသံတွေခါးခါးနေတယ်
သတိရခြင်းမှာ အလွမ်းတွေမပါဘူး
ဒါပေမယ့် နှလုံးသားတွေမောမောနေတယ်
သတိရခြင်းမှာ သတိရခြင်းသာရှိတယ်
ဒါပေမယ့်
ဒါပေမယ့် . . .
တစ်ဘက်သတ်သိပ်ဆန်လွန်းနေတယ်။
Posted by
zeRoTraSh
at
5:50 PM
4
comments
Labels: Poem
Saturday, December 13, 2008
ချစ်သူတမ်းခြင်း
ဒီအချိန်တွေဆိုရင်
ငါဆောက်တည်ရာမရဖြစ်နေရတာကြာလှပေါ့
ခေါင်းလောင်းလေးတီးသံကြားတိုင်း
နင်များလားလို့ ထွက်ကြည့်ရတာလဲ မောလှပြီ
ဘဝရယ်
ဘယ်လိုကျိန်စာများ သင့်ခဲ့လေသလဲကွယ်
ငါ့နဘေးနားက နင့်ပုံရိပ်တွေ
ညတိုင်းညတိုင်း ခြောက်လှန့်လို့
သွေးပျက်ရတဲ့ ညတွေလဲ များလှပေါ့
ဘယ်အချိန်ထိများ ငါ့အိပ်မက်တွေထဲ
နင် ထပ်တလဲလဲ နှိပ်စက်ဦးမလဲကွယ်
မျက်ဝန်းထဲကမျက်ရည်တွေနဲ့
ငါ့ကိုကျိတ်မှိတ်ပြီးမေ့နေမယ့် နင့်လုပ်ရပ်အတွက်
အပြစ်မဆိုရက်ပါဘူးကွယ်
ရက်စွဲတွေလဲ ပြက္ခဒိန်ထက်က
တဖြည်းဖြည်းကြွေကျလို့
နာရီတွေလဲ တဖြည်းဖြည်းဖြတ်သန်းလို့
နင်ကြားနိုင်ပါစေ
နင်သိနိုင်ပါစေ
နင်မြင်နိုင်ပါစေ
့နှလုံးသားလေး ခုန်လာမယ့်နေ့
အရင်အတိုင်းပဲ ငါစောင့်နေမယ်
ပြန်ခဲ့တော့ကွယ်။
Posted by
zeRoTraSh
at
6:47 PM
2
comments
Labels: Poem
Monday, December 8, 2008
ဒီကမ္ဘာပေါ်မှာ
ဒီကမ္ဘာပေါ်မှာ ငါ့ကိုချစ်တဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုမုန်းတဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုနားလည်တဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုခွင့်လွှတ်တဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုအပြစ်တင်တဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုသနားတဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုကြင်နာတဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုသိမ်းပိုက်ချင်တဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုရက်စက်ချင်တဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုနှိပ်စက်ချင်တဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုအောင်မြင်စေချင်တဲ့သူ တစ်ယောက်တော့ ရှိမယ်
ဒီကမ္ဘာပေါ်မှာ ငါ့ကိုကျရှုံးစေချင်တဲ့သူ တစ်ယောက်တော့ ရှိမယ်
ဘာပဲပြောပြော . . .
ဒီကမ္ဘာပေါ်မှာ ဒီကမ္ဘာပေါ်မှာ ဒီကမ္ဘာပေါ်မှာ
ငါဆိုတဲ့ငါ တစ်ယောက်ပဲရှိတယ်။
Posted by
zeRoTraSh
at
3:23 PM
2
comments
Labels: Poem
Thursday, December 4, 2008
ပါးစပ်ပိတ်ထားတယ်
မှန်တာပြောရင် သစ္စာ
ဒီစကားတော့ လူတွေပြောတတ်သားပဲ
သို့ပေမယ့် အမှန်တရားဆိုတာ
ခါးသီးလေတော့ ဘယ်သူမှ လက်မခံချင်ဘူး
ဒီလိုနဲ့သူ့မှာ လူမုန်းများလာတယ်
ဘဝမှာ မှန်တာပြောရင်
အကုသိုလ်ကင်းတယ်တဲ့
အဲဒီ့ဆုံးမစကားလေးနဲ့
ဘဝကို ကျားကန်ခဲ့ရတာ မောလှပေါ့
ဒဏ်ရာတွေက ထပ်တလဲလဲ
နေစရာမြေတောင် ရှာမတွေ့လို့
သူ့ခမျာ ဘယ်သောင်ဘယ်ကမ်း ကပ်ရမလဲလို့
အကြိမ်ကြိမ်ပူပန်ရ တွေးတောရ
တလောကတော့ စကားတစ်ခွန်း
တစ်ယောက်က လက်ဆင့်ကမ်းသွားတယ်
မုသားမပါ လင်္ကာမချောတဲ့
စဉ်းစားတယ် . . .
ထပ်တွေးတယ် . . .
သုံးသပ်တယ် . . .
သူဘာကိုယုံကြည်ရမှာလဲ
နောက်တော့ သူလင်းသွားတယ်ထင်ပါ့
အဲဒီ့နေ့ကစလို့ လောကကြီးမှာ
စကားမပြောတဲ့ လူတစ်ယောက်တိုးခဲ့တယ်။
Posted by
zeRoTraSh
at
6:00 PM
2
comments
Labels: Poem
Wednesday, December 3, 2008
နှင်းတွေကဝေလို့
နှင်းတွေကဝေလို့
မျက်လုံးတွေနဲ့ ရှာကြည့်တယ်
အဲဒီ့နှင်းတွေထဲမှာ
ဘာတွေများပါလာမလဲဆိုတာ။
အို . . .
အလွမ်းတွေ
ဖွေးဖွေးလှုပ်နေပါရော့လား
မသေချာလို့
နောက်တစ်ခါပြန်ကြည့်တယ်
ပြောပြလို့မရတဲ့
စကားလုံးတွေ ပြည့်နှက်လို့။
ငါ့အသံ မင်းကြားပါ့မလားကွယ်
ညနေခင်းလား မနက်ခင်းလား
ဝိုးတဝါးပါပဲ။
ခုနကကြည့်တဲ့ မျက်ဝန်းမှာ
မျက်ရည်တွေရွှဲလို့
မြက်ခင်းပေါ် နှင်းတွေပက်ထားသလိုပဲ။
ဒါဟာ . . .
ကလူ၏သို့မြူ၏သို့ မဟုတ်ဘူး
အလွမ်းတွေကူးခတ်နေတာပါ
ဘာပဲပြောပြောလေ
နှင်းတွေကတော့ဝေလို့ ။
Posted by
zeRoTraSh
at
3:40 PM
4
comments
Labels: Poem
Thursday, November 6, 2008
အမည်မဲ့
သုံးဆယ့်တစ်ဘုံသားတို့ရဲ့
သက်ပြင်းချသံအဆုံး
တဝုန်းဝုန်းပြိုကျလာတဲ့ ငါ့အတ္တ
ဒုက္ခမုန်တိုင်းတို့ စတင်လေပြီ။
Posted by
zeRoTraSh
at
11:28 AM
2
comments
Labels: Poem
Friday, October 10, 2008
ငါမဟုတ်တဲ့ငါ
၁။ လက်ညှိုးထိုးပြီး စွပ်စွဲစရာ မရှိဘူး
၂။ ငိုစရာ မျက်ဝန်းတွေ မရှိဘူး
၃။ ပြောစရာ စကားလုံးတွေ မရှိဘူး
၎။ သတိရစရာ အောင်မြင်မှုမရှိဘူး
၅။ အစားထိုးစရာ အခြေအနေမရှိဘူး
၆။ စွန့်လွှတ်ဖို့အတွက် အင်အားမရှိဘူး
၇။ ပူပင်ပေးမယ့် ပတ်ဝန်းကျင်မရှိဘူး
၈။ ခွင့်လွှတ်ဖို့အတွက် အကြောင်းအရာမရှိဘူး
၉။ ပြန်လည်တည်ဆောက်ဖို့ အသစ်မရှိဘူး
၁၀။ တောက် . . . . အဲဒီ့ကောင် ငါမဟုတ်ဘူး
zeRoTraSh
10th, October, 2008
Posted by
zeRoTraSh
at
9:40 AM
6
comments
Labels: Poem
Wednesday, October 8, 2008
တစ်ကိုယ်ထဲနှစ်ယောက်
သက်တူရွယ်တူပါပဲ
နက္ခတ်တစ်ခုထဲမှာ ယှဉ်မွေးလာတာ
မိနစ်တောင် မခြားဘူး
တုန့်ပြန်ပုံတွေကတော့ ဆန်းတယ်။
တစ်ယောက်ကတော့ ကိန်းဂဏန်းတွေနဲ့ မွေ့ပျော်လို့
တစ်ယောက်ကတော့ စကားလုံးတွေနဲ့ မွေ့ပျော်လို့
တစ်ယောက်ကတော့ တည်တည်ငြိမ်ငြိမ်တွေးလို့
တစ်ယောက်ကတော့ ပေါ့ပေါ့ပါးပါးဖြတ်သန်းလို့
တစ်ယောက်ကတော့ ဖြစ်တည်မှုအပေါ်ယုံကြည်လို့
တစ်ယောက်ကတော့ အိပ်မက်တွေကိုမက်လို့
တစ်ယောက်ကတော့ ပွင့်ပွင့်လင်းလင်းပြောလို့
တစ်ယောက်ကတော့ မပွင့်တပွင့်ဆက်ဆံလို့
တစ်ယောက်ကတော့ စနစ်တကျနေထိုင်လို့
တစ်ယောက်ကတော့ ပျော်ပျော်ပါးပါးရှင်သန်လို့
တစ်ယောက်ကတော့ သံသယတွေပြည့်နှက်လို့
တစ်ယောက်ကတော့ ယုံကြည်လွန်းတတ်လို့
တစ်ယောက်ကတော့ ကျောက်ရုပ်လိုခံစားလို့
တစ်ယောက်ကတော့ သိပ်ပြီးသိမ်မွေ့လွန်းနေလို့
အဲဒီ့နှစ်ယောက်ကို ပေါင်းစပ်လို့ မရတာကြာပြီ
အဲဒီ့နှစ်ယောက်ကို တွဲထုတ်လို့ မရတာကြာပြီ
အဲဒီ့နှစ်ယောက်ကို
တစ်ကိုယ်ထဲ တွေ့တွေ့နေရတော့ ခက်တယ်။
zeRoTraSh
8th, October, 2008.
Posted by
zeRoTraSh
at
5:25 PM
5
comments
Labels: Poem
Saturday, September 20, 2008
ကျွန်တော်ချစ်တဲ့ ကောင်မလေး
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
နည်းနည်းတော့ ချို့တဲ့တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
သိပ်တော့ အပြစ်ကင်းလှတာ မဟုတ်ဘူး
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
အချောအလှကြီးတော့ မဟုတ်ပေမယ့် ကြည့်ကောင်းတယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
စိတ်ကောက်တတ်ပြီး ကလေးဆန်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
တခါတခါ စိတ်အားငယ်တတ်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ဦးနှောက်ထပ် နှလုံးသားကို ပိုသုံးတတ်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
အနက်ရောင်ဆို သိပ်မုန်းတတ်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော့်ကို ချစ်တော့ချစ်တယ်တဲ့
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော့်ကို မုန်းလဲမုန်းသတဲ့
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော့်ကို ကြောက်တယ်လို့လဲ ပြောတယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော်ချစ်တဲ့ ကောင်မလေးကလေ
တနေ့ကတော့ ပြောသွားတယ်
သိပ်ချစ်လို့ စွန့်လွှတ်ပါရစေတဲ့ . . . .
အဲဒါ ကျွန်တော်ချစ်တဲ့ ကောင်မလေးလေ . . .။
zeRoTraSh
20th, September, 2008.
Posted by
zeRoTraSh
at
11:37 AM
7
comments
Labels: Poem
Wednesday, August 20, 2008
တံဆိပ်များ
သူကိုယ်တိုင်က ဘာမှမပြောခဲ့
နိုင်ငံရေးအကြောင်း ဆွေးနွေးတော့လည်း တုံဏိဘာဝေ
ပညတ်တွေ ပရမတ်တွေ ပြောတော့လဲ အသံမထွက်
မော်ဒန် ပို့စ်မော်ဒန် ဒါတွေလဲ သူမသိ
စီးပွါးရေး ဒဿန အတွေးခေါ် စိတ်ဝင်စားပုံမပြ
သိချင်တာရှိလားလို့မေး
ဘာမှပြန်မဖြေတော့ခက်တယ်
လူတွေက တံဆိပ်အမျိုးမျိုးကပ်ကြတယ်
အသက်ကတရွေ့ရွေ့ကြီးလာတယ်
သူကိုယ်တိုင်က ဘာမှမပြောခဲ့
သူကိုယ်တိုင်က ဘာမှမသိခဲ့
တနေ့ကတော့ သူ့အသံထွက်လာတယ်
“ငါ” ပျောက်နေတာ ကြာပြီတဲ့
နောက်ထပ်တံဆိပ်ကပ်သွားကြတယ်
သူကအတ္တကြီးသတဲ့ကွယ်။
zeRoTraSh
Posted by
zeRoTraSh
at
11:32 AM
2
comments
Labels: Poem
Sunday, June 29, 2008
ဝန်ခံခြင်း
ရိုးရိုးသားသား ဝန်ခံပါရစေ
ကိုစိုးထက်လိုလဲ လူချစ်လူခင်မများဘူး
ဟန်သစ်ငြိမ်လိုလဲ အတွေးမကောင်းဘူး
ပန်ဒိုရာလိုလဲ စာအရေးမကောင်းဘူး
မွန်လေးလိုလဲ ချစ်စရာမကောင်းဘူး
ဇီးကွက်လိုလဲ စည်းရုံးရေးမကောင်းဘူး
ရန်အောင်လိုလဲ နည်းပညာမသိဘူး
ဟန်နီလိုလဲ ကဗျာမရေးတတ်ဘူး
သင်ကာလိုလဲ မတင်ပြတတ်ဘူး
ခင်မင်းဇော်လိုလဲ မဆွေးနွေးတတ်ဘူး
ညီလင်းဆက်လိုလဲ နာမည်မကြီးဘူး
ညိမ်းညိုလိုလဲ စကားလုံးတွေမလှပဘူး
ဂျူလိုင်ဒရင်းလိုလဲ မနွေးထွေးတတ်ဘူး
တီးလိုမျိုးလဲ လူမှုရေးမကောင်းဘူး
ဂျေလိုမျိုးလဲ ဟာသဥာဏ်မရှိဘူး
လင်းလိုမျိုးလဲ အမှတ်တရမရှိဘူး
လေးမလိုလဲ လေ့လာရေးမကောင်းဘူး
အဲဒီ့လို အဲဒီ့လို
ဘာမှ မတတ်တဲ့ကောင်
ဘာမှ မသိတဲ့ကောင်
ကျုပ်ဆီကို လာလာလည်ကျတာ
အံ့သြပါရဲ့ . . . . . . . . . . . . . .
သုညဆိုတဲ့ အတိုင်း
ဗလာနတ္ထိဘာမှမရှိတဲ့ကောင်ကို
ခင်ကြတာ ဆန်းတယ် :D ။
Posted by
zeRoTraSh
at
12:05 PM
13
comments
Wednesday, June 25, 2008
ငါ့ကိုယ်ငါလွမ်းတယ်
မနက်နိုးတော့
အရုံဦးဟာ မျက်နှာသစ်ပြီးနေပေါ့
ခေါက်ရိုးကျိုးနေတဲ့ ငါ့ဘဝကို
ပုံစံခွက်ထဲကဆွဲထုတ်ဖို့
ကော်ဖီခါးခါးတစ်ခွက်တော့ လိုတယ်
လွတ်လပ်တယ်ဆိုတာ
ပါးစပ်ကပြောရုံနဲ့ ဖြစ်လာမယ်ဆိုရင်
ငါ့ဘဝက လှနေတာကြာပြီ
တနေ့တနေ့ ကြီးလာတဲ့အသက်တွေ
ရပ်မရတဲ့ ဖြစ်တည်မှုတွေ
အဲဒါတွေကြားမှာ ပျောက်နေတာကဘာလဲ?
သံသရာမှာ
မီးခွက်ထွန်းရှာမှ
ငါ့ကိုယ်ငါပြန်မတွေ့တာ သေချာတော့တယ်
စကားမစပ်မိလဲ
ပြောပြလိုက်တော့မယ်
ငါ့ကိုယ်ငါ လွမ်းတယ် လို့။
Posted by
zeRoTraSh
at
9:23 AM
5
comments
Labels: Poem
Friday, June 6, 2008
အတွင်းနဲ့အပြင်
ကောက်ရိုးပုံကြားမှာ
ခိုကိုးရာမဲ့နေတဲ့
မိမဲ့ဘမဲ့ ကလေးတွေရှိတယ်။
ကောက်ရိုးပုံကြားမှာ
ဖွေးဖွေးလှုပ်နေတဲ့
အရိုးပုံလေးတွေရှိတယ်။
ကောက်ရိုးပုံကြားမှာ
အတုန်းအရုန်းလဲနေတဲ့
ဘုရားပျက် ကျောင်းပျက်တွေရှိတယ်။
ကောက်ရိုးပုံကြားမှာ
အစာပြတ်ရေပြတ်နေတဲ့
သနားစရာမျက်နှာတွေရှိတယ်။
ကောက်ရိုးပုံကြားမှာ
မျက်နှာမလိုက်တတ်တဲ့
ဝမ်းလျှောဝမ်းပျက်နဲ့ငှက်ဖျားပိုးတွေရှိတယ်။
ကောက်ရိုးပုံကြားမှာ
အသိုက်ပျက်နေတဲ့
ကြံရာမရ လယ်သမားတွေရှိတယ်။
ကောက်ရိုးပုံကြားမှာ
မနက်ဖန်ဆိုတာကိုမသိတဲ့
တို့အမျိုးတွေရှိနေလေရဲ့။
ကောက်ရိုးပုံအပြင်မှာတော့
အဆီတက်နေတဲ့
ဝမ်းဗိုက်ပူပူ လူ့ဘီလူးတွေရှိတယ်။
ကောက်ရိုးပုံအပြင်မှာတော့
သခင့်အလိုကျဟောင်တတ်တဲ့
သစ္စာသိ ခွေးဆိုးတွေရှိတယ်။
ကောက်ရိုးပုံအပြင်မှာတော့
အကုသိုလ်ကို မကြောက်တဲ့
ဝိသမာလောဘသမားတွေရှိတယ်။
ကောက်ရိုးပုံအပြင်မှာတော့
လေလုံးထွားတတ်တဲ့
ငါတို့ နိုင်ငံကြီးရှိနေလေရဲ့။
Posted by
zeRoTraSh
at
10:37 AM
2
comments
Labels: Poem
Monday, June 2, 2008
ကမ်းလက်လေးတွေ လှမ်းကြစို့
တစ်ရက်နောက်ကျတော့
တစ်ယောက်လျော့တာတွေ့ရမယ်
ဟိုတွေးဒီတွေး
အရာရာကိုတွေးကြောက်နေမယ်ဆိုရင်တော့
ကိုယ့်လူရေ ဘေးမှာသာ ထိုင်နေပေတော့။
မမြင်ဖူးရင် ပြလိုက်ချင်တယ်
ဘုန်းကြီးတွေတောင် မနေသာဘူး
အားလုံးအတွက် အားလုံးအတွက်
ပင်လယ်ကိုဖြတ် လှေကိုဖက်ပြီး
တနယ်တကျေးထိ အလှူလာခံနေတာ
မြင်ရတာမောလှတယ်ကွယ်။
စာရွက်စာတမ်းတွေ
ထင်မြင်ယူဆချက်တွေ
အသံကောင်းဟစ်တာတွေ
ခဏလောက်ဖြစ်ဖြစ် ထားခဲ့ပါကွယ်
လက်တွေ့ဘဝမှာ
အချိန်ဆိုတာ သိပ်အရေးကြီးသကွဲ့။
မြို့ကြီးပြကြီးရဲ့ ယဉ်ကျေးမှုမှာ
သနားလိုက်တာဆိုတဲ့ အသံတွေ
ကြားကြားနေရတော့ အားတက်ရမလိုလို
တကယ်တမ်းမှာတော့
အသံဟာ အသံပါပဲကွယ်။
ပျော်ပွဲစားထွက်တာ မဟုတ်ဘူးကွယ်
လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အတွက်
လူဆိုတာ တခါတခါတော့
ဒုက္ခခံပေးရမယ်
ဒါကိုလက်မခံနိုင်ရင်တော့
ကိုယ့်လူရေ အိမ်မှာသာနေပေတော့။
အစားမစားရတဲ့သူတွေကို
ခင်ဗျားတို့ ဆာနေသလားဟင်လို့ မေးမလား
ကိုယ်စားတဲ့ထဲက ထုတ်ကျွေးမလား
ဆင်ခြင်မိရင်ဖြင့်
ထမင်းလုတ်တွေ ပြုတ်ပြုတ်ကျလာလိမ့်မယ်
ကဲ . . .
လူလူခြင်းစာနာရင်ဖြင့်
ကမ်းလက်လေးတွေ လှမ်းကြစို့ရဲ့။
Posted by
zeRoTraSh
at
7:15 PM
2
comments
Labels: Poem
Sunday, May 11, 2008
ပြင်မရတဲ့ကောင်
စိတ်နဲ့လူ မကပ်တော့
ညတွေက ပိုမှောင်လာသလို
တနေ့သိနိုးသိနိုးနဲ့
အချိန်တွေက ငါ့ကိုစောင့်နေသလား
ဒါမှမဟုတ်
ငါကပဲ အချိန်တွေကိုစောင့်နေသလား
အသံထွက် ရွတ်ကြည့်တော့မှ
ငါ့နာမည်က
ပေါ့ပျက်ပျက်ဆန်နေပါရော့လား
ကိုယ့်ဘာသာကိုယ်တောင်
အရသာပျက်နေသေးရင်
ပတ်ဝန်းကျင်က ခါးတာမဆန်းပါဘူး။
"မနက်ဖန်ကစပြီး ကျွန်တော်လိမ္မာတော့မယ်"
ဆိုတဲ့စကား
ဘယ်နှစ်ကြိမ်များ ပြောခဲ့ပြီးပြီလဲ။
သံသရာ တစ်လျှောက်လုံး
ဒီအပြောမျိုးတွေနဲ့ ဒုက္ခရောက်ခဲ့တာ
ဒါပါနဲ့ဆို အရေအတွက်
အတော်များလောက်ရောပေါ့။
အသိရှိစမ်းပါ သတိရှိစမ်းပါ
မနေ့ကလိုမနေရင်
နက်ဖန်ဆိုတာ ပိုကောင်းလာမှာပဲ
ခက်နေတာက
ဒီနေ့တိုင်းမှာ ပြင်မရတာလေ။
ထွေရာလေးပါးပြောတိုင်း
ထည့်ထည့်ပြောနေတဲ့ စာရင်းထဲ
တနေ့ ငါရောက်တော့မှာလား
ဘ၀မှာ သမိုင်းကို ပြောင်းပြန်လှန်ဖို့
စဉ်းစားခဲ့တဲ့ သတ္တိတွေ
ဘီယာဆိုင်ရောက်မှ ကြွကြွလာတာခက်တယ်။
Posted by
zeRoTraSh
at
12:12 PM
3
comments
Labels: Poem
Friday, May 2, 2008
လွင့်ကျသွားသူ
လွှတ်ချလိုက်ပါတယ်
လက်ထဲက
စွဲစွဲမြဲမြဲကိုင်ထားတဲ့
မီးအိမ်လေးကို။
လွှတ်ချလိုက်ပါတယ်
အာရုံထဲက
စွဲလန်းတမ်းတနေတဲ့
ပုံရိပ်လေးကို။
လွှတ်ချလိုက်ပါတယ်
ဦးနှောက်ထဲက
သံမှိုလိုဆွဲထားတဲ့
ခံယူချက်တွေကို။
လွှတ်ချလိုက်ပါတယ်
နှလုံးသားထဲက
အခိုင်အမာတည်ရှိနေတဲ့
မင်းလေးကို။
လွှတ်ချလိုက်ပါတယ်
ရင်ထဲက
ညတိုင်းမက်တဲ့
ကိုယ့်ရဲ့ အိပ်မက်လေးကို။
အို . . .
လွှတ်ချလိုက်တာ
မဟုတ်ရပါလားကွယ်
တကယ်တော့
ကိုယ်ဟာ
ဘဝတစ်ခုလုံး
လွင့်ကျသွားသူပါ . . . ။
Posted by
zeRoTraSh
at
4:34 PM
3
comments
Labels: Poem