Sunday, December 30, 2007

ဖြတ်သန်းခဲ့တဲ့ ၂၀၀၇


နှစ်သစ် တစ်နှစ်ကို ကျွန်တော်တို့ ရောက်တော့မယ်။ ကျန်ခဲ့တဲ့ ၂၀၀၇ ကြီးကို ကျွန်တော်တို့ ကျောခိုင်းတော့မယ်။ နှစ်သစ်အတွက် အားသစ်အင်သစ်တွေ မွေးသူကမွေး။ နှစ်ဟောင်းက အမှတ်တရတွေကို သတိတရ ပြန်ပြောသူက ပြန်ပြောနဲ့ လူတွေ အလုပ်ရှုပ်ကြအုံးမှာပေါ့။ Happy New Year ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော်တို့ဟာ နှစ်တစ်နှစ်ကို အဲဒီ့လို ချန်ခဲ့နိုင်ပါသလား။ လူတွေ သတ်မှတ်တဲ့ အချိန်ဆိုတာကြောင့် ကျွန်တော်တို့ဟာ သက္ကရာဇ်တွေကို ဖြတ်သန်းတယ်လို့ ထင်နေကြတာပါ။ တကယ်တော့ နေ့တိုင်းဟာ အတူတူပါပဲ။ ကျွန်တော့်အတွက်တော့ သိပ်ပြီး ထူးထူးခြားခြား မရှိလှပါဘူး။ ဒါပေမယ့်ပေါ့လေ ဒါပေမယ့်ပေါ့။ အချိန်အတိုင်းအတာ အရဆိုရင်တော့ဖြင့် အမှတ်သညာနဲ့ ပြောလို့ရတဲ့ အတွေ့အကြုံတွေကို ရက်စွဲထိုးပြီး ကာလအပိုင်းအခြားနဲ့ တင်ပြခွင့်တော့ ရတာပေါ့လေ။ ကျွန်တော်ကတော့ ကျန်ခဲ့တဲ့ နှစ်က အကြောင်းလေးတွေကို လစဉ်အလိုက် ပြန်ခွဲပြီး ရေးချင်စိတ် ပေါ်လာတာကြောင့် ၂၀၀၇ ရဲ့ ဒိုင်ယာယီလေးကို ပြန်လှန်ဖြစ်လိုက်ပါတယ်။ ကျွန်တော် ဖြတ်ခဲ့တဲ့ ၂၀၀၇ ဆိုတဲ့ နှစ်လေးတစ်နှစ်ကတော့ ဒီလိုပါဗျာ။

ဇန်န၀ါရီလ
ကျွန်တော့်ရဲ့ ဆိုက်ဘာကဖေး တစ်နှစ်ပြည့်ပွဲ လုပ်ဖို့ အသည်းအသန် စဉ်းစားနေတယ်။ မန္တလေးမှာ ဖွင့်မယ့် ဆိုက်ဘာကဖေး ဆိုင်ခွဲက ၀န်ထမ်းတွေ ရောက်လာလို့ သင်တန်းတွေ ပေးနေရတယ်။ ဒီလိုနဲ့ သင်တန်းတွေ ပေးရင်း ကျွန်တော့်ဆိုင်ရဲ့ တစ်နှစ်ပြည့် အခမ်းအနားလေးကို လူနဲနဲနဲ့ပဲ လုပ်ခဲ့တယ်။ တစ်နှစ် ဖြတ်သန်းလိုက်တဲ့ အတွေ့အကြုံတွေက ကျွန်တော့်ကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဇန်န၀ါရီလကတော့ ခြုံငုံ သုံးသပ်ရရင် လှပပါတယ်။ အေးချမ်းတဲ့ လလေးတစ်လ ဖြစ်ပေမယ့် ကျွန်တော့်မှာတော့ ဟိုစီစဉ် ဒီစီစဉ်နဲ့ ခေါင်းခဲနေရချိန်ပေါ့။ ဆိုင်ခွဲအသစ်အတွက် မီတင်တွေ ခဏခဏထိုင်ရတဲ့ အချိန်ပေါ့ဗျာ။ လကုန်ခါနီးမှာ ကျွန်တော် မန္တလေးကို သွားဖို့ စီစဉ်ရပါတယ်။

ဖေဖော်ဝါရီလ
ကျွန်တော် လဆန်းပိုင်းမှာ မန္တလာရွှေမြို့တော်ကြီးကို ရောက်ခဲ့ပါတယ်။ မှန်းထားသလို ဖြစ်မလာသေးတဲ့ ဆိုင်ရဲ့ ပြင်ဆင်မှုတွေကြောင့် ဟိုတယ်မှာ တောက်ခေါက်ပြီး အလုပ်လက်မဲ့ အိပ်လိုက်စားလိုက်နဲ့ ၃ ရက်လောက် အချိန်ဖြုန်းလိုက်ရတယ်။ ဆိုင်ဖွင့်ဖို့ ရက်နီးလာတဲ့ အချိန်မှာတော့ အခန်းအပြင်အဆင်တွေ ပြီးပြတ်ဖို့ လောရပါတယ်။ အပြင်အဆင်ပြီးတဲ့ အချိန်မှာ ထမင်းစားချိန်တောင် မရပဲ စက်တွေဆင်ရတယ်။ ဆိုင်ဖွင့်တဲ့ မနက်ရောက်ချိန်ထိ ဆိုင်ခန်းထဲမှာ ချွေးတလုံးလုံးနဲ့ အလုပ်များတုန်းပါ။ ဆိုင်ဖွင့်ပွဲမှာတော့ ယဲ့ယဲ့သာ ပြုံးနိုင်ပါတော့တယ်။ ဖွင့်ပွဲချိန်ခဏသာ ဆိုင်မှာနေနိုင်ပြီး ဟိုတယ်ပြန် တနေကုန် အိပ်စက်အနားယူတယ်။ ဆိုင်လဲ ဖွင့်ပြီးပြီ ဆိုတော့ ကျွန်တော့် ပါတနာတွေ အားလုံး ရန်ကုန်ပြန်သွားပါတယ်။ ကျွန်တော်ရယ် ဆိုင်က ၀န်ထမ်း ၇ ယောက်ရယ်သာ ဆိုင်မှာ ကျန်ခဲ့တယ်။ ကျွန်တော် ဖေဖေါ်ဝါရီ တစ်လလုံး မန္တလေးမှာ ဆိုင်နဲ့ ဟိုတယ်၊ ဟိုတယ်နဲ့ ဆိုင် ကူးပြီး အချိန်ကုန်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ဖိုးဝစဖို့ အတွက် အချိန်တွေ အများကြီးရပြီး တစ်ယောက်ထဲ စိတ်ကူးဖဲရိုက် လုပ်နေခဲ့တယ်။

မတ်လ
ကျွန်တော် ရန်ကုန်ပြန်ရောက်လာပါပြီ။ ဟိုမှာ အားအားယားယား တချိန်လုံး ထိုင်စဉ်းစားခဲ့တဲ့ ဖိုးဝ အကြောင်းကို ကျွန်တော့် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဘက်တွေကို ပြောပြပါတယ်။ အစထဲက လုပ်ကြမယ်လို့ ရည်ရွယ်ထားကြပေမယ့် မအားလပ်လို့ ရွှေ့ဆိုင်းထားရတဲ့ ပေါ်တယ်ဇာတ်လမ်း ပြန်ပြီး ခေါင်းမော့လာပါတယ်။ အဲဒီ့လိုနဲ့ ဖိုးဝစဖို့ ကျွန်တော်တို့ တတွေ အသည်းအသန်ရုန်းကန် ကြရပါတယ်။ အလုပ်အသစ် မရှိရင် အငြိမ်မနေတတ်တဲ့ ကျွန်တော့်ကြောင့် အားလုံး ပြာယာခတ်သွားကြပါတယ်။ အော် မေ့နေလို့ ကျွန်တော့်ရဲ့ မွေးနေ့က မတ်လထဲမှာလေ အဲဒီ့နေ့ကလည်း ရုံးမှာ ဖိုးဝကိစ္စနဲ့ အလုပ်များနေတာနဲ့ မွေးနေ့ကို မေ့မေ့လျော့လျော့ ကျော်သွားပါတယ်။ တစ်သက်လုံး မမေ့တတ်တဲ့ ကိုယ့်မွေးနေ့ကိုတောင် ဖိုးဝကြောင့် မေ့သွားခဲ့ပါတယ်။ မွေးနေ့ပြီး နောက်တနေ့မှာ လူမဖြစ်သေးတဲ့ (လူလို အသိဥာဏ်မရှိသေးတဲ့) တစ်ယောက်သောသူရဲ့ စော်ကားခြင်းကို မနက်မိုးမလင်းခင် ဖုန်းထဲကနေ ခံလိုက်ရပါတယ်။ အဲဒီ့မှာ အော်လူဆိုတာ ဒါမျိုးမလုပ်ရဘူး ဒီလိုလုပ်တာ လူမဖြစ်ရှာသေးလို့ ဆိုတဲ့ စိတ်ကလေး ကျွန်တော့်ဆီမှာ ကိန်းအောင်းခဲ့ပါတယ်။

ဧပြီလ
ဖိုးဝကို ၅ ရက်နေ့မှာ Online ပေါ်ကို သတင်းကဏ္ဍနဲ့ စပြီး တင်လိုက်ပါတယ်။ ဖိုးဝ စတင်မွေးဖွါးခဲ့တယ် ဆိုပါတော့ဗျာ။ အရာအားလုံးကို မေ့ဖို့အတွက် ဖိုးဝကို မွေးဖွါးလိုက်တာလို့ ကျွန်တော့်မိသားစုက ကျွန်တော့်ကို ပြောတဲ့ အချိန်ပေါ့။ သင်္ကြန်တိုင်းမှာ မလွတ်တမ်းကဲတဲ့ ကျွန်တော် ဖိုးဝနဲ့ ရှုပ်ပြီး သင်္ကြန်ဓါတ်ပုံတွေ တင်ဖို့ပဲ အာရုံရပါတော့တယ်။ သင်္ကြန်မကဲအားပါ ဓါတ်ပုံထွက်ရိုက်နေရပါတယ်။ အဲ နောက်ဆုံးနေ့ အတက်နေ့ တစ်ရက်ပဲ မင်းမလာရင် အသေပဲဆိုလို့ မဏ္ဍပ်ကို သွားခဲ့ပါတယ်။ တနေ့လုံး သောက်ပြီး မှောက်နေခဲ့ပါတယ်။ ငယ်သူငယ်ချင်း တချို့ကိုလည်း နားမလည်စွာ (သူတို့ကလည်း ကျွန်တော့်ကို နားမလည်စွာ) ပြန်လည်ဆုံစည်းခဲ့ပါတယ်။ မန္တလေးဆိုင်နဲ့ ပတ်သတ်ပြီး ရှယ်ယာသမားနဲ့ အက်သံလေးတွေ စတဲ့ အချိန်လည်း ဖြစ်ပါတယ်။

မေလ
လုပ်ငန်းတွေကို သေချာ ပြန်လေ့လာတဲ့ အချိန်၊ ကိုယ်လျှောက်ရမယ့် လမ်းကို ပြတ်ပြတ်ထင်ထင် ထပ်ပြီး တွေ့တဲ့ အချိန်လို့ ဆိုလို့ရပါတယ်။ ရန်ကုန်က ကျွန်တော့် ဆိုက်ဘာကဖေးကို ပိတ်ပစ်ချင်တယ်လို့ ပထမဆုံး စပြီး စဉ်းစားတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ၀န်ထမ်း အသစ် ၂ ယောက်လောက် ထပ်ပြီး ကျွန်တော် ခန့်ခဲ့ပါတယ်။ ရုံးရဲ့ အသုံးစရိတ်အတွက် ၀န်လေးရတဲ့ အချိန်ပေါ့ဗျာ။ မန္တလေးဆိုင်နဲ့ ပြဿနာတော်တော် တက်နေပါပြီ။ စီးပွါးရေး သမားနဲ့ နည်းပညာကို မတောက်တခေါက် နားလည်ပြီး စီးပွါးရေးသမား ပေါက်စလေး ကျွန်တော် စကားတွေများခဲ့ရတယ်။ သိက္ခာတရားနဲ့ ငွေ ဘာကို ရွေးမလဲ စဉ်းစားနေခဲ့ပါတယ်။

ဇွန်လ
မင်းဘာကောင်လဲ ဆိုပြီး သူများတွေ မေးကြတဲ့ မေးခွန်းတွေကို ဖြေနေရတဲ့ ကာလပေါ့။ မိုးတွေကသည်းနေတယ် အပြင်မှာ သည်းသလို ကျွန်တော့်ရင်ထဲမှာလည်း မိုးတွေ သည်းခဲ့ပါတယ်။ ဖိုးဝရဲ့ ကဏ္ဍတွေ တစ်ခုပြီး တစ်ခု တက်နေတဲ့ ကာလပါပဲ။ ရန်ကုန်ဆိုင်ကို ရှယ်ယာတွေဆီကနေ သူငယ်ချင်းတစ်ယောက်နဲ့ အတူ မိုက်မိုက်မဲမဲ ခွဲပြီး ပြန်အမ်းပေးလိုက်ပါတယ်။ ကျွန်တော့်ခြေ ကျွန်တော့်လက် ဖြစ်လာပေမယ့် နှိပ်စက်လာတဲ့ အကြောင်း အမျိုးမျိုးကြောင့် စိတ်ညစ်ခဲ့ရပါတယ်။ မန္တလေးဆိုင်ကတော့ တစ်ဇာတ်သိမ်းဖို့ အချိန်တန်လာပါပြီ။ ရှယ်ယာသမားနဲ့ အပြီးအပိုင် လမ်းခွဲလိုက်ပါတယ်။ ငွေအရ ကျွန်တော်ရှုံးပေမယ့် သိက္ခာအရ ကျွန်တော်နိုင်ပါတယ်။ လူတိုင်း အံ့သြပြီး ဘာလို့လဲ ဆိုတဲ့ မေးခွန်းတွေ အမေးခံရတာလည်း ဒီဇွန်လထဲမှာပါပဲ။

ဇူလိုင်လ
ကိုယ့်ဘာသာ ဘာကောင်မှန်း တော်တော်သိနေပါပြီ။ စီးပွါးရေးအရ ခွက်ခွက်လန်နေလို့ ဟိုပြေးဒီပြေး လုပ်နေရပါတယ်။ ကုမ္ပဏီရဲ့ ရှယ်ယာပါတဲ့ သူငယ်ချင်းတချို့ ဆက်မလုပ်နိုင်တော့ကြောင်း အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ ၃ ယောက် ခေါင်းချင်းရိုက်ပြီး ဆက်လုပ်မလုပ် ဆုံးဖြတ်ရပါတယ်။ ကျန်တဲ့ သူတွေ အတွက်တော့ မပြောတတ်ပေမယ့် ကျွန်တော့်အတွက်ကတော့ ဒီအလုပ်မှ ဆက်မလုပ်ရင် ရှင်းရမယ့် ပြဿနာတွေက ဒုနဲ့ဒေးပါ။ ကံအားလျော်စွာနဲ့ ကျန်တဲ့ နှစ်ယောက်က ဆက်ပြီး ချီတက်ဖို့ အားပေးပါတယ်။ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု တချို့တ၀က်ဟာ ကုမ္ပဏီထဲမှာ ရှယ်ယာ အဖြစ်နဲ့ ပုံစံပြောင်းပြီး ၀င်သွားပါတော့တယ်။ မေ့နေလို့ ငွေရမယ်လို့ သေချာတဲ့ ကိစ္စတစ်ခုကို စိတ်ထဲမှာ လော်မာတယ်ထင်လို့ ပြတ်ပြတ်သားသား ငြင်းခဲ့လို့ ကျွန်တော့်ကို ဘေးပတ်ဝန်းကျင်က လူမိုက်လို့ ၀ိုင်းပြီး ခေါ်ကြပါတယ်။

သြဂုတ်လ
ဖိုးဝကို Beta version ကနေ full version လွှင့်တင်ဖို့ ရှိသမျှလူအားလုံးကို လောရပါတယ်။ ဘလော့ဂ်တွေ ခေတ်စားလွန်းလို့ ကိုယ်တိုင် ဘလော့ဂ် တစ်ခု စမ်းကြည့်ဖို့ ကျွန်တော် စမ်းသပ်ခဲ့ပါတယ်။ ဖိုးဝကို အချောသပ်ဖို့ လုပ်နေသလို ဘလော့ဂ်ကို စမ်းလုပ်ပြီး ရပ်မရအောင် ဘလော့ဂ်ဆွဲသွားပါတယ်။ မနက်လင်းလို့ စက်ဖွင့်ရင် ဖိုးဝ၊ Google အပြင် ကိုယ့်ဘလော့ဂ်လေးကို ကြည့်ရတဲ့ အလုပ်တစ်ခု ပိုလာပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေကြောင့် ကျွန်တော့်ဆိုက်ဘာကဖေးကို ပိတ်ဖို့ ဒုတိယအကြိမ် စဉ်းစားနေပါတယ်။ ကျွန်တော့် မိသားစုရဲ့ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကို ကြိုးစားပမ်းစား ဖြေနေရပါတယ်။

စက်တင်ဘာလ
ကျွန်တော်ထင်ထားတဲ့ အတိုင်း အခြေအနေတွေ ပြောင်းလဲနေပါပြီ။ ဆိုက်ဘာကဖေးလေးကို မပိတ်ချင်သော်လည်း ပိတ်လိုက်ပါတယ်။ အများအမြင်မှာ ခဏပိတ်တယ်လို့ ထင်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ဒါဟာ အပြီးပိတ်လိုက်တာဆိုတဲ့ အသံထွက်နေပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေကို မျက်စိဒေါက်ထောက် ကြည့်နေမိပါတယ်။ တခြားဘာကိုမှ စိတ်မ၀င်စားနိုင်လောက်အောင် ပါပဲ။ ဖိုးဝ အတွက်ရော ကျွန်တော့်အတွက်ပါ ဖြစ်လာနိုင်တဲ့ အလှည့်အပြောင်းတွေကို ခါးစီးခံဖို့ အားမွေးခဲ့ပါတယ်။ လကုန်ခါနီးမှာ ဖိုးဝ full version release လုပ်နိုင်ခဲ့ပါတယ်။

အောက်တိုဘာ
ကျွန်တော် အင်တာနက် ကောင်းကောင်းပြန်သုံးလို့ ရတာနဲ့ ကျွန်တော်လုပ်နေတဲ့ အလုပ်တွေကို အရှိန် နှစ်ဆတင်လိုက်ပါတယ်။ ကျွန်တော့်လက်ထဲကို ကုမ္ပဏီ တစ်ခုလုံး ရောက်လာဖို့ အကြောင်းတွေ ဖန်လာပါတယ်။ အတူတူ လုပ်နေတဲ့ သူငယ်ချင်း နိုင်ငံခြားသွားဖို့ စပြီးပြောလာပါတယ်။ သူ့ဆီက လုပ်စရာတွေ သိစရာတွေကို လက်ခံရယူပါတယ်။ လိုအပ်နေတဲ့ နေရာတွေ အတွက် ၀န်ထမ်းသစ်တွေ ထပ်ခန့်ပါတယ်။ နောက်လာမယ့် လုပ်ငန်းစဉ်တွေကို တစ်ယောက်ထဲ ကြိတ်ပြီး ကြံစည်နေရပါတယ်။ လျှောက်ရမယ့် ဆူးလမ်းကြီးကို ကြည့်ပြီး သက်ပြင်း ခိုးခိုးချရပါတယ်။

နိုဝင်ဘာလ
ဆိုက်ဘာကဖေး ပိတ်လိုက်ကထဲက နေ့စဉ်ဝင်ငွေ ပုံမှန် မရှိတော့လို့ ဘာထပ်လုပ်မလဲ စဉ်းစားပါတယ်။ သင်တန်းဖွင့်ဖို့ အိုင်ဒီယာရလို့ သင်တန်းအတွက် ပြင်ဆင်ပေးရပါတယ်။ စာသင်ပေးမယ့် ရုံးက ကလေးမလေးကို ထရိန်းလုပ်ရပါတယ်။ Syllabus တွေအတွက် အားလုံးနဲ့ ညှိနှိုင်းရပါတယ်။ တစ်ယောက်ထဲ ဦးဆောင်နေရတဲ့ ကျွန်တော့်ကုမ္ပဏီအတွက် Public Relation Manager တစ်ယောက်ခန့်လိုက်ပါတယ်။ သူ့ကို ခန့်ပြီး မကြာခင်ပဲ ကျွန်တော့် လုပ်ငန်းတွေ တဖြေးဖြေး အရှိန်ရလာပါတယ်။ ရုံးမှာ ၀န်ထမ်းဦးရေ တော်တော်များလာလို့ သူတို့လုပ်နေတဲ့ အလုပ်တွေကို သေချာသိအောင် ကြိုးစားပမ်းစား ပြန်ပြီးလေ့လာရပါတယ်။ ကျွန်တော် အားကိုးရတဲ့ စာရင်းကိုင်၊ ကျွန်တော့်ရုံးရဲ့ ပထမဆုံး ၀န်ထမ်းဖြစ်တဲ့ Supervisor ကလေးမလေး နဲ့ Developer ချာတိတ် တစ်ယောက် နိုင်ငံခြားထွက်မယ်လို့ ကျွန်တော့်ကို လာပြောတော့ ခေါင်းတော်တော်စားခဲ့ရပါတယ်။ သူတို့နေရာမှာ အစားထိုးဖို့ နောက်ထပ်လူသစ်တွေကို အသည်းအသန် ရှာရပါတယ်။ ၀န်ထမ်း အင်တာဗျူးတွေနဲ့ အတူ နိုဝင်ဘာလကို ကျွန်တော် ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ပါတယ်။ မေ့နေလို့ အဲဒီ့လို မအားတဲ့ကြားကနေ ကျွန်တော် သူငယ်ချင်းတွေနဲ့ အရက်သောက်ရင်း အမူးလွန်ပြီး ချောင်းသာကို ၃ ရက်လောက် သွားလည်ခဲ့ပါတယ်။

ဒီဇင်ဘာလ
လူတွေလည်း သူ့နေရာနဲ့ သူ ပုံမှန်ဖြစ်နေပြီ ကျွန်တော်လည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်နေပြီ။ လုပ်ငန်းတွေ အဆင်ပြေနေပြီပေါ့လေ။ ကျွန်တော် စိန်ခေါ်မှု အသစ်တစ်ခု စဖို့ စိတ်ကူးရလာပါတယ်။ ဘယ်သူ့ကိုမှ ကြိုတင် မပြောခဲ့ပါဘူး။ ၂၀၀၈ မှာ ဈေးပွဲတော်လုပ်မယ်လို့ ကိုယ့်ဘာသာ တစ်ယောက်ထဲ ကြိတ်ကြံခဲ့ပါတယ်။ ကြံခဲ့တဲ့အတိုင်းလည်း အကောင်အထည် စပြီးဖေါ်ပါတယ်။ ကျွန်တော် အဲဒီ့ ပရောဂျက်ကို ရလာတဲ့နေ့မှာ တစ်ရုံးလုံး အံ့သြကြပါတယ်။ ရုံးကလူတွေတင် မဟုတ်ပါဘူး ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျွန်တော့်မိတ်ဆွေတွေ သူငယ်ချင်းတွေက အစ ကျွန်တော့်ကို အလုပ်အသစ် မရှိရင် မနေတတ်ဘူးလားလို့ ၀ိုင်းမေးကြပါတယ်။ ကျွန်တော့် ပရောဂျက် အသစ်အတွက် ကျွန်တော်နဲ့ အတူ တစ်ရုံးလုံး အလုပ်တွေ ထပ်ပြီး ရှုပ်ကြတယ်။ လူအင်အားလိုလာလို့ ၀န်ထမ်းအသစ်တွေ ထပ်ခန့်ဖြစ်တယ်။ ပရောဂျက်အတွက် လိုအပ်တဲ့ ငွေကြေးကို ရှာဖို့ စပွန်ဆာသမားတွေနဲ့ ညှိနှိုင်းရပါတယ်။ ခုတော့ ကျွန်တော့် လုပ်ငန်းတွေ အားလုံး နေသားကျသွားပါပြီ။ ဈေးပွဲတော်အတွက်လည်း စပွန်ဆာကို သူများတွေ မထင်မှတ်တဲ့ နှုန်းထားနဲ့ ကျွန်တော်ရခဲ့ပါပြီ။ ၂၀၀၈ က ငါ့နှစ်လို့ ကျွန်တော် ကြုံးဝါးမိအောင်ကို အရာရာ အဆင်ပြေပြေ ဖြစ်လာပါတယ်။ ပင်ပန်းပေမယ့် ကျွန်တော် ပျော်ပါတယ်။ ဒီလမှာရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေကို ကျွန်တော် သိပ်ပြီး မဆင်နွှဲနိုင်လို့ သူငယ်ချင်းတွေက မေတ္တာပို့ကြပါတယ်။

ကဲ ကျွန်တော့် ဒိုင်ယာယီကြီးလည်း ရှည်သွားပြီ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။ ၂၀၀၇ မှာ ဖြစ်ခဲ့တာတွေကို ကျွန်တော် သင်ခန်းစာအဖြစ် မှတ်ထားပါတယ်။ မှားခဲ့တဲ့ အမှားတွေကို ၂၀၀၈ မှာ မကြူးလွန်မိအောင် ဆင်ခြင်ပါ့မယ်။ ခုလို စိတ်ရှည်လက်ရှည် ဒီပို့စ်ကို ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ်ပို့စ်အသစ်တွေကို အချိန်ရရင် ရသလို ရေးပါအုံးမယ်။ အားလုံးပဲ Happy New Year ပါခင်ဗျာ။

Read More...

Wednesday, December 26, 2007

မောင်ဇီးရိုးကို ဖွင့်ဖတ်သွားတဲ့ မိုးစက်


ဒီမနက် အီးမေးလ်တွေ ဖွင့်စစ်တော့ မိုးစက်ပို့ထားတဲ့ အီးမေးလ် တစ်စောင်ကို တွေ့လိုက်တယ်။ အဲဒီ့ အီးမေးလ်ထဲမှာ အတက်ခ်ျမန့် တစ်ခုလည်း ပါနေတယ်။ မိုးစက်ကို ကျွန်တော် ဒီနေ့ထိ မမြင်ဖူးသေးပါဘူး။ ဒါပေမယ့် သူနဲ့ ဘလော့ဂ်တွေ လည်ရင်း ရင်းနှီးနေတာတော့ ကြာပါပြီ။ သူသည်လည်း သူရာကို နှစ်သက်တတ်တဲ့ တစ်ယောက်ဖြစ်ပါလိမ့်မယ်။ သူပို့လိုက်တဲ့ စာကို ခင်ဗျားတို့ ဆက်ဖတ်ကြည့်ရင် ကျွန်တော်နဲ့ တော်တော်ရင်းနှီးတယ်လို့ ထင်ရပါလိမ့်မယ်။ ကျွန်တော့်ကို ဖတ်နိုင်တဲ့သူ ရှားပါတယ်။ ရှားတယ်ဆိုတာ အပြင်တစိမ်းတွေ အနေနဲ့ပြောတာပါ။ သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို ဖတ်နိုင်ကြတယ်။ ကျွန်တော့်အကြောင်း သိကြပါတယ်။ မိုးစက်က သူ့စိတ်ကူးထဲမှာ ကျွန်တော်နဲ့ သူနဲ့ ဆုံရင် ပြောမယ့် စကားတွေကို (Conversation) ချရေးထားပါတယ်။ ကျွန်တော် အံ့သြရတာကတော့ ကျွန်တော် ဖြေမယ့် အဖြေတွေကို သူက သူ့စိတ်ကူးထဲမှာ ဖြေပြီးသားပါ။ အဲဒါကြောင့် မိုးစက်က ကျွန်တော့်ကို ဖတ်နိုင်တယ်လို့ ပြောတာပါ။ ပြီးတော့ သူပို့လိုက်တဲ့စာက နောက်ကျပေမယ့် သူလုပ်စေချင်တာနဲ့ ကျွန်တော်လုပ်ထားတာတွေ အားလုံး ထပ်တူကျနေလို့ ပိုပြီးအံ့သြ ၀မ်းသာ ဖြစ်ရပါတယ်။ ခုလို ကျွန်တော်မအားတဲ့ အချိန်မှာ ပို့စ်အသစ်မတင်နိုင်တဲ့ အချိန်မှာ မိုးစက်ပို့လိုက်တဲ့ စာလေးက ပို့စ်အသစ် တစ်ခု ဖြစ်သွားစေပါတယ်။ သူ့ ဘလော့ဂ်မှာလည်း ဒီအကြောင်းအရာလေးကို ပို့စ်အဖြစ် တင်စေချင်တယ်လို့ ကျွန်တော် အီးမေးလ်ပြန်ပို့ ထားလိုက်ပါတယ်။ ညီလေး မိုးစက်ရေ ကျေးဇူး အများကြီးတင်ပါတယ်။ မိုးစက်ရဲ့ ဘလော့ဂ်ကိုဒီကနေ သွားနိုင်ပါတယ်။

ကိုဇီးရိုးနှင့် စကားပြောကြည့်ခြင်း

ကျွန်တော်နဲ့သူ ဆုံဖြစ်တဲ့နေရာလေးကတော့ နည်းနည်းထူးဆန်းနေပါတယ်။ ကျွန်တော်ကလည်း ရပ်ဝေမြေခြားကနေ ပြန်ရောက်ကာစ၊ သူကလည်း လမ်းကြောင်းတစ်ခုပေါ်မှာ ရပ်တည်နိုင်အောင် ရှိသမျှ ခွန်းအားတွေနဲ့ ကြိုးစားနေတဲ့အချိန် ကျွန်တော်တို့ တွေ့ဖြစ်ကြတာပါ။ တွေ့တော့ ဘာလုပ်ဖြစ်လဲ စကားတွေ ပြောဖြစ်ကြတယ်။ တွေ့ဆုံတဲ့နေရာလေးကတော့ Restaurant တစ်ခုမှာပါ။

ကျွန်တော် : ကို Zero ကြိုက်တာမှာဗျာ။ ကြိုပြောထားမယ်။ ကျွန်တော် တိုက်မှာနော်။
ကို Zero : ဟာ မဟုတ်တာဘဲ မိုးစက်ရာ။ အစ်ကိုက အိမ်ရှင်ဘဲ၊ အစ်ကိုတိုက်မှာပေါ့။ ခဏနေအကြာမှာတော့ မမြင်ရတာကြာတဲ့ မြန်မာယမကာ ရောက်လာတယ်။ ကျွန်တော်တို့ ခွက်ကို မြှောက်လိုက်ပြီး ချီးယားလုပ်တော့ “ဘာဘဲလုပ်လုပ် အောင်မြင်ပါစေဗျာ” လို့ ကျွန်တော်စပြီး ပြောဖြစ် တယ်။ ကို Zero က ကျွန်တော်ပြောတဲ့ စကားကိုထောက်ခံတဲ့အနေနဲ့ ပြုံးလို့။ တစ်ကြိုက်လောက်မော့ ပြီးချိန်မှာတော့ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ထပ်ပြီး မိတ်ဆက်ဖြစ်တယ်။

ကျွန်တော် :ကျွန်တော် အစ်ကို့ကို သတိထားမိတာ၊ အစ်ကို့ဘလောဒ့်ကို ပထမဆုံးရောက်တဲ့ အချိန်က ဘလောဒ့်ဂါ တစ်ယောက်ဘဲဗျ …ကျွန်တော်မမှတ်မိတော့ဘူး။ သူက ကျွန်တော် စီပုံးမှာ သွားရောက်ဖတ်ရှု့ဖို့ တိုက်တွန်းပါတယ်ဆိုပြီး link ထားခဲ့တယ်။ ကျွန်တော်လည်း အဲဒီ link ကိုသွား ကြည့်တော့မှ အစ်ကိုဘလောဒ့်ဖြစ်နေတာ။ Blogger များလက်ဆင့်ကမ်းပေးကြပါ ဆိုတဲ့ post လေး ကိုဖတ်မိပြီး၊ အဲဒီမှာ comment ရေး၊ ပြီးတာနဲ့ ကျွန်တော့်ဘလောဒ့်မှာ “တိုက်တွန်းလိုပါတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘေးမှာ link ချိတ်ထားလိုက်တယ်။ အဲဒီနောက်ပိုင်း အစ်ကိုနဲ့ ကျွန်တော် စတင်ပြီး ရင်နှီး သွားတယ်လို့ ထင်တယ်။
ကို Zero : ဟုတ်တယ် မိုးစက်…ကိုယ်လည်း မင်းရဲ့ comment ကိုတွေ့၊ မင်းဘလောဒ့်ကိုလာ ကြည့်၊ ပြီးတော့ ကိုယ့်ရဲ့ Idea လေးကို မင်းကခေါင်းစဉ်လေးတပ်ပြီး link ချိတ်ထားတော့ ပိုပြီးတော့ ၀မ်းသာသွားတာပေါ့ကွာ။ ဟုတ်တယ် ကိုယ်လည်း မင်းကို အဲဒီအချိန်ကစပြီး သတိထားမိသလို၊ စိတ် ထဲလည်း မှတ်မှတ်ရရ ရှိခဲ့တယ်။

ကျွန်တော် : ဟုတ်တယ်အစ်ကို၊ အဲဒီ post လေးကိုဖတ်ပြီးတော့မှ ကျွန်တော်ဖိုးဝကို သိခဲ့ရတာ။ ဖိုးဝ ကတော်တော်ကို ကဏ္ဍစုံလင်စွာပါတဲ့ Web Portal တစ်ခုပါ။ ကျွန်တော်တော့ သဘောကျတယ်။ ဒါပေမယ့် ….. ( ကျွန်တော် ယမကာ တစ်ကြိုက်လောက် ထပ်သောက်လိုက်တယ် )
ကို Zero : ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေကွာ …

ကျွန်တော် :တစ်ခုခု ဆွဲဆောင်မှုလိုနေသလားလို့၊ ကဏ္ဍစုံလင်တယ်ဆိုတာ မှန်တယ် အစ်ကိုရာ၊ ဒါပေမယ့် ဆွဲဆောင်မှုလိုနေတယ် အစ်ကိုရ။
ကို Zero : အင်း ဆွဲဆောင်မှုလိုနေတယ်လို့ဘဲ ထားကွာ။ ဘယ်လို လိုအပ်တယ်ဆိုတာ မင်း အမြင်လေး ပြောကြည့် …

ကျွန်တော် : ဖိုးဝမှာ Music, International, News စသဖြင့် ရှိတဲ့ ကဏ္ဍတွေမှာပြင်ဆင်ထားတဲ့ ပုံစံတွေအားလုံးကောင်းတယ်အစ်ကို။ Webtemplate တွေအရမ်းလှတယ်။ Home Page တစ်ခုဘဲ ဖွင့်လိုက်တာနဲ့ ဆွဲဆောင်မှုအပြည့်လေးရှိစေချင်တာပေါ့။ အစ်ကိုက Button တွေအထဲမှာတော့ Flash Annimation တွေသုံးထားတာ တော်တော်လှတယ်။ ဥပမာ- model ကဏ္ဍမှာပေါ့။ သုံးထားတဲ့ Flash Annimation Design လေးတော်တော်လှတယ်။ Home Page မှာဆိုရင်အစ်ကိုက Flash ကိုသုံးမ ထားဘူးနော်။ ကျွန်တော့်စိတ်အထင်ပြောရင် Home Page မှာလည်း Flash Annimation တွေကို ကဏ္ဍအလိုက်ထည့်ပြီး ဆွဲဆောင်လိုက်မယ်ဆိုရင် ပိုပြီးကောင်းသွားမလားလို့ ထင်မိတယ်အစ်ကို။
ကို Zero : အင်း…ကိုယ့်ညီပြောတာလည်း အစ်ကို လက်ခံပါတယ်။ အစ်ကို့ရဲ့ ဖိုးဝ ကို ဒီထက်ပို ပြီး လူသိများအောင်၊ တွင်ကျယ်အောင်လို့ အစ်ကိုက Chat room, Forum စသဖြင့် ထပ်မလားလို့ တောင် စဉ်းစားမိသေးတယ်။ ဒါပေမယ့် အစ်ကိုက ဖိုးဝ ကို Web Portal အစစ်ဖြစ်အောင်လုပ်ချင်တာ ကြောင့် အဲဒါတွေကို မထည့်တာ။ အခု လက်ရှိ ရှိနေတဲ့ ဖိုးဝ ကိုလည်း အစ်ကိုဒီလောက်နဲ့ မကျေနပ် သေးဘူး။ ထပ်ထည့်၊ ထပ်လုပ်ဖို့ရှိပါသေးတယ်။ အခုလုပ်ထားတာ Beta Version လောက်ဘဲလုပ် ထားတုန်းဘဲရှိတယ်။ ဒီထက်ပိုပြီးကဏ္ဍစုံအောင် ထပ်ထည့်မှာပါ။ ကဏ္ဍအလိုက် သတင်း၊ ဓာတ်ပုံအား လုံးကို update ဖြစ်အောင်လည်း အမြဲကြိုးစားနေတာပါ။ အခက်အခဲတွေတော့ တော်တော်ရင်ဆိုင်ရ တယ်။ ဒါပေမယ့် အစ်ကို့ကတော့ အားလုံးကို ပျော်ပျော်ဘဲ ရင်ဆိုင်လိုက်တာပါဘဲ။

ကျွန်တော် :  ဟဲ … ဟဲ ဒါပေါ့အစ်ကိုရာ၊ အခက်အခဲတွေကတော့ ရင်ဆိုင်ရမှာပေါ့။ ဘယ်လိုဘဲ ဖြစ်ဖြစ် အမြဲအားပေးနေမှာပါ။
ကို Zero : No… No… ညီလေး … အစ်ကိုက အားပေးတာတွေ လိုချင်တာမဟုတ်ဘူး။ စိတ်အား လည်း မငယ်တတ်ပါဘူး။ ကိုယ်တစ်ကယ်လိုနေတာက ထောက်ခံမှု ကွ။ အစ်ကိုလုပ်နေတာ၊ လုပ်ချင် တာကို ထောက်ခံတဲ့ သူလိုနေတာ။ လိုအပ်ရင် အကြံဥာဏ်တောင်းခံမယ်ကွာ။ ဒီလောက်ဘဲ … ဆုံးဖြတ်ချက် ချပြီးရင်တော့ ဘယ်တော့မှ မပြင်တတ်ဘူး ကိုယ့်လူရေ ….. ညီလေးပြောတဲ့ Home Page အတွက် အစ်ကို့လူတွေနဲ့ တိုင်ပင်ပြီး ထပ်လုပ်လိုက်ဦးမယ်ကွာ။

ကျွန်တော် : ကျွန်တော်က ကျွန်တော့်အမြင်ပြောတာနော်အစ်ကို၊
ကို Zero : အင်းပါကွာ…..ပေါက်ပါတယ် ….

ကျွန်တော် : ကဲ …ပေါက်ရင်လည်း လက်ကျန်လေး ရှင်းလိုက်ရအောင်ဗျာ… ကျွန်တော်တို့ နှစ်ယောက် ထပ်သောက်ဖြစ်ကြတယ်။ ကို Zero ကဆက်ပြီး သူရဲ့ ခံယူချက်တွေ၊ လုပ်ချင်တာတွေကို ဆက်ပြောပြတယ်။
ကို Zero : မိုးစက်ရ …အစ်ကိုက စီးပွားရေးနဲ့ပါတ်သက်ရင် ငွေကို အဓိက သိပ်မထားဘူး။ လုပ်ငန်းလုပ်တဲ့နေရာမှာ အစ်ကိုက အတွေ့အကြုံသစ်၊ အတွေးသစ်၊ အမြင်သစ်တွေလိုချင်တယ်။ ရလာတဲ့ အတွေးအမြင်သစ်တွေနဲ့ လမ်းတစ်ခုကို ထွင်ပြီး လျှောက်ချင်တာ…

ကျွန်တော် : အဲဒီခံယူချက်ကိုတော့ အစ်ကိုနဲ့ လူချင်းမတွေ့ခင်ကတည်းက သိခဲ့တာပါ။ “ ထွင်ရင် ထွင် မထွင်ရင်သေ” ဆိုတဲ့ ခံယူချက်လေ။ အဲဒီခံယူချက်ကိုတော့ တကယ်သဘောကျတယ်ဗျာ။ အဲဒီ post မှာ comment ရေးတော့ “ကိုယ်တိုင်ဖောက်တဲ့လမ်းက ကြမ်းမယ်။ ဒါပေမယ့် ခိုင်ခံ့မှုတော့ အပြည့်ရှိပါတယ်” လို့ ရေးခဲ့တာပေါ့။ တစ်ခုတော့ ရှိတယ်ဗျ။ အဲဒါဘာလဲဆိုတော့ အခု အစ်ကိုလုပ်တဲ့ လုပ်ငန်းက မြန်မာပြည် အနေအထားနဲ့ဆိုရင် သိပ်ပြီးတော့ မတွင်ကျယ်သေးဘူး။ ကိုယ်က စလုပ်တဲ့ အနေအထားမျိုးဖြစ်နေတယ်ပေါ့လေ။ ၀ါသနာ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ရပ်တည်ထားတဲ့ စီပွားရေး လုပ်ငန်းဆိုတော့ အမြတ်အစွန်းဆိုတာ သိသာထင်ရှားလာမှာတော့ မဟုတ်ဘူး။ အမြဲတမ်း အိတ်စိုက် နေရမယ်။ မစိုက်ရရင်တော့ ကွတ်တိလောက်ဘဲရှိမယ်။ ကျွန်တော်စိတ်အလိုရ ဥပမာ တစ်ခုပေးရရင် အစ်ကိုအနေနဲ့ ရာဇာနေ၀င်းကို အတုယူသင့်တယ်ဗျ။
ကို Zero : ဘာဖြစ်လို့လဲ မိုးစက်ရ…

ကျွန်တော် : ရာဇာနေ၀င်းရဲ့ Style က သူများတွေနဲ့ မတူဘူးလေ။ သူအနုပညာလောကထဲကို စပြီးဝင်လာတာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းကဘဲလေ။ လုံးဝ မပေါက်ဘူး။ သူ့ပုံစံက ဘယ် မင်းသားနဲ့မှ မတူဘူးလေ။ Style က သူများတွေထက် ချွန်ထွက်နေတော့ ရူးတူးတူး၊ ပေါတောတော ဖြစ်နေတော့ ဘယ်သူမှ သိပ်လက်မခံချင်ကြဘူး။ သူတစိုက်မတ်မတ်နဲ့ ပရိတ်သတ်တွေ လက်ခံလာ အောင် ကြိုးစားလာခဲ့တာ ၂၀၀၃၊ ၂၀၀၄ လောက်အရောက်မှာ သူအောင်မြင်လာတာဘဲလေ။ သူ့ရဲ့ Style ကို ပြောင်းလဲလာတဲ့ ခေတ်ကရော၊ လူငယ်တွေကရော သဘောကျ လက်ခံလာတော့ အရမ်းကို အောင်မြင်လာတာ ရာဇာကလုံးတွေတောင် ပေါ်လာတဲ့ ကြည့်ပါလား။ အစ်ကိုရဲ့ Web Portal က လည်း အခုမှ အစဘဲရှိသေးတာလေ။ ရာဇာနေ၀င်း အစလိုပေါ့ဗျာ။ လူတွေက ဝေးနေတော့ သိပ်ပြီး မအောင်မြင်ချင်သေးဘူးပေါ့။ နောက်ပိုင်းကျရင်တော့ ကျယ်ပြန့်လာပြီး၊ ဖိုးဝ ဆိုတာ Online က လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အထိ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။ အဲဒါကြောင့် ရာဇာကို အတုယူသင့်တယ်လို့ ပြောတာပါ။
ကို Zero : ဟား ဟား …..မိုးစက်တို့ကတော့ လုပ်ပြီကွာ … စကားပြောလိုက် သောက်လိုက်၊ သောက်လိုက် စကားပြောလိုက်နဲ့ တစ်ဂျား ကုန်သွားပါလေရော… ကို Zero က စာပွဲထိုးညီလေး တစ်ယောက်ကိုခေါ်လိုက်ပြီး “ ညီလေး နောက် တစ်ဂျား ထပ်ပေးကွာ… မြန်မြန်စားလို့ရမယ့် အမြည်း ၂ ခုလောက်ပါ ယူခဲ့ဦး”

ကျွန်တော် : အစ်ကို … ကျွန်တော့် ဆန္ဒအရဆိုရင် နောက်ထပ် ကဏ္ဍလေးတစ်ခု ဖိုးဝမှာ ထပ် ထည့်ချင်တယ်ဗျာ။
ကို Zero : ဘယ်လိုကဏ္ဍမျိုးလည်းကွ၊ ပြောပါဦး။

ကျွန်တော် : စီးပွားရေး ကဏ္ဍလေးပေါ့အစ်ကိုရာ။ လိုင်းသီးသန့်လေးပေါ့။ အင်တာဗျူးတွေ ပါမယ်။ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကြောင်းတစေ့တစ်စောင်းရေးမယ်။ ပြီးတော့ မြန်မာ ပြည်မှာ လူငယ်တွေစိတ်ဝင်တစား လုပ်ကိုင်လာကြတဲ့ စီးပွားရေးတွေအကြောင်း ကိုယ့် Idea လေးနဲ့ ကိုရေးပြီး ဖော်ပြမယ်။ အာ…နေဦး … အရေးကြီးတာ တစ်ခုကျန်သေးတယ်။ အဲဒါဘာလဲဆိုတော့ ငွေကြေးလဲလှယ်မှုနှုန်းပေါ့။ ဒေါ်လာ ငွေကြေးဈေးနှုန်း၊ မြန်မာငွေကြေးဈေးနှုန်းနဲ့ ရွှေဈေး အတက် အကျပေါ့ဗျာ။ အဲဒီကဏ္ဍထဲမှာ ထည့်ရင်ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရပ်ခြား ရောက်နေတဲ့ သူတွေက ဒေါ်လာကနေ မြန်မာငွေကြေးလဲလှယ်မှုနှုန်းသိချင်ရင် ဘယ်ကိုသွားကြည့် အဲဒီမှာ ဘယ်လောက်ရေးထားတယ်။ အဲဒါအမှန်ဘဲ စသဖြင့် ပြောဆိုပြီး ၀က်ဆိုက်ဒ်ကို လမ်းညွှန်တာ တွေရှိတယ်။ အရင်တုန်းကတော့ ဧရာဝတီ မှာသွားကြည့်တယ်။ နောက်ပိုင်းတော့ myanmarcupid မှာ သွားကြည့်ကြတယ်။ အစ်ကိုက update ဖြစ်နေတဲ့ ငွေကြေးဈေးနှုန်းတွေကိုသာ နေ့စဉ်တင်ပေး ထားမယ်ဆိုရင် အဲဒီကဏ္ဍလေးထည့်လိုက်တဲ့အတွက် ပိုပြီး လူသိများ အောင်မြင်လာမယ်လို့ ကျွန်တော်ထင်တယ်။
ကို Zero : အင်း … ဟုတ်တယ်ကွ။ ညီလေးပြောတဲ့ ကဏ္ဍကို အစ်ကိုလည်း ထည့်မယ်လို့ စဉ်းစား ထားပြီးသားပါ။ ဒါပေမယ့် ထုံစံအတိုင်း သူများနဲ့ မတူအောင်လေး လုပ်ချင်တဲ့ ဥာဉ်လေးက ရှိ နေတော့ အချိန်ကြာနေတာပါ။ ကောင်းတယ် မိုးစက်။ Good Idea …..

အဲဒါတွေကတော့ မိုးစက် ပို့လိုက်တဲ့ စာထဲကပါပဲ။ ကျွန်တော့်ဆီကို ခုလို တခုတ်တရ ပို့ပေးတဲ့ ညီလေးမိုးစက်ကို မမြင်ဘူး သေးပေမယ့် ဘီယာ တိုက်မလို့ ဆုံးဖြတ်ထားပါကြောင်း။

Read More...

Sunday, December 23, 2007

ဆွေးနွေးချင်တာလေးတွေ (၂)


ကျွန်တော် ဟိုတနေ့က ဖိုးဝရဲ့ စီးပွါးရေး ကဏ္ဍမှာ ဆောင်းပါးတစ်ပုဒ်လိုနေတာနဲ့ ရေးပေးလိုက်တဲ့ အကြောင်းအရာလေးကို ခုဒီမှာ ပြန်ပြီး တင်ပြလိုက်ပါတယ်။ အရင်ကထဲက ရေးပြချင်ပေမယ့် မအားတာရယ် ပျင်းနေတာရယ် အဲဒါတွေကြောင့် မရေးဖြစ်ခဲ့ဘူး။ ဖိုးဝရဲ့ စီးပွါးရေးကဏ္ဍ မတွက် ဆောင်းပါး ၀ယ်ရတာ ခက်နေတာကြောင့် ဆားချက်ပြီး ကိုယ့်ဘာသာကိုယ် ပြန်ရေး ပေးလိုက်ရတယ်။ ငွေကုန်သက်သာတာပေါ့ :D။ အဲဒီ့လိုပဲ တွေးမိတယ်။ ဖိုးဝအတွက် တခါတခါ ဆောင်းပါးဝယ်ရရင် သက်သာတာမဟုတ်ဘူး။ ဟဲ ဟဲ ကိုယ့်ဘာသာ ရေးလိုက်တော့ ပိုက်ပိုက်တွေ ကုန်တော့ဘူးပေါ့။ မဖတ်ရသေးတဲ့ သူတွေ ဖတ်ဖို့ တင်ပေးလိုက်ပါတယ်။

Cyber Cafe ဖွင့်ကြမယ်ဆိုရင်

မြန်မာနိုင်ငံမှာ ဒီနေ့ ခေတ်စားလာတဲ့ စီးပွါးရေးလုပ်ငန်း တစ်ခုကို ပြပါဆိုရင် Cyber Cafe လို့ လွယ်လွယ်ခေါ်ကြတဲ့ Public Access Centre တွေ ဖွင့်တဲ့ လုပ်ငန်းပါပဲ။ ဖွင့်တဲ့ သူတွေထဲမှာ နည်းပညာကို စိတ်ဝင်စားလို့ ဖွင့်တဲ့ သူတွေ ရှိသလို သူများဖွင့်လို့ ကိုယ်လည်း ဖွင့်မယ်၊ သူများအဆင်ပြေလို့ ကိုယ်လည်း လိုက်လုပ်ကြတာတွေကိုလည်း တွေ့နေရပါတယ်။ Public Access Centre တစ်ခုနဲ့ Cyber Cafe ဖွင့်ဖူးတဲ့ ကျွန်တော့်ကို ခင်မင်ရင်းနှီးတဲ့ သူတွေ၊ မိတ်ဆွေတွေကတစ်ဆင့် လာပြီး မေးမြန်းတဲ့ သူတွေ အများကြီး တွေ့ခဲ့ ကြုံခဲ့ရပါတယ်။ သူတို့တွေက ကျွန်တော့်ဆီလာပြီး ကျွန်တော့် အတွေ့အကြုံတွေကို မေးကြမြန်းကြ စုံစမ်းကြ ပြီးတော့ သူတို့ ဖွင့်မယ်ဆိုရင် အဆင်ပြေနိုင် မပြေနိုင်လာတိုင်ပင်ကြတာပါ။ ကျွန်တော်က PAC (သို့) Cyber Cafe စဖွင့်မယ့် သူတွေတွေ့ရင် ပထမဆုံး မဖွင့်သင့်တဲ့ အကြောင်းကို ပြောဖြစ်တာများပါတယ်။ တကယ်စိတ်ပါလို့လား ပေါ်ပင်လား သိအောင် မေးရပါတယ်။ သူများလုပ်လို့ လိုက်လုပ်တာမျိုးဆိုရင် ရေရှည်မှာ မအောင်မြင်နိုင်ဘူး ဆိုပြီးရှင်းပြရပါတယ်။

လာမေးတဲ့ သူတွေကို ကျွန်တော်က အရင်ဆုံး Cyber Cafe ဖွင့်ရင် ရမယ့် အကျိုးအမြတ်တွေကို သေချာရှင်းပြပါတယ်။ အဲဒီ့အချိန်မှာတော့ သူတို့တွေရဲ့ မျက်လုံးတွေဟာ အရောင်တွေလက်နေပြီး အောင်မြင်မှုကို စိတ်ကူး နေကြတာ တွေ့ရပါတယ်။ ပြီးရင်တော့ ကျွန်တော်က Cyber Cafe များရဲ့ ဆိုးကျိုးတွေ ဖြစ်တဲ့ မှီခိုမှုတွေကို ရှင်းပြပါတယ်။ အဲဒီ့အချိန်မှာ နားထောင်တဲ့ သူတွေ တော်တော်များများက မဖြစ်နိုင်ဘူးဆိုတဲ့ အကြည့်တွေ၊ ငါလုပ်ရင် ရမှာပါဆိုတဲ့ တွေးခေါ်မှုတွေကို တွေ့ရပါတယ်။ ဘာလို့ အဲဒီ့လို ပြောနိုင်သလဲဆိုရင် ကျွန်တော့်ဆီမှာ အကြံဥာဏ်တောင်းပြီး ကျွန်တော်ပြောတဲ့ ဆိုးကျိုးတွေကို မယုံကြည်ပဲ ဖွင့်ပြီးမှ တကယ်လက်တွေ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ပြန်လာပြီး ကျွန်တော်/ကျွန်မတော့ ဒုက္ခရောက်နေတယ် အဲဒါ ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာ လာမေးကြလို့ သိတာပါ။ အဲဒါကြောင့် ကျွန်တော့် အနေနဲ့ Cyber Cafe ဖွင့်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ ကို ရေးသားဖို့ စိတ်ကူးရပြီး ခုလို ရေးသားလိုက်ရတာပါ။

Cyber Cafe တစ်ခုဟာ သင့်တင့်တဲ့ ကျယ်ဝန်းမှုရှိရပါမယ်။ တကယ်လို့ အခန်းက သိပ်ကျဉ်းလွန်းနေရင် User တွေအတွက် Privacy မရတော့ပဲ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် User တော်တော်များများဟာ နေရာ ကျယ်ဝန်းတဲ့ Cyber Cafe တွေမှာ အသုံးပြုကြတာပါ။ ဆိုင်ထဲမှာ ဆေးလိပ်သောက်ခွင့်နဲ့ မုန့်စားခွင့်ကို ပိတ်ပင်ထားသင့်ပါတယ်။ တကယ်လို့ ခွင့်ပြုခဲ့တယ် ဆိုရင် ဘေးပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်စေတဲ့ အတွက် နောက်ဆိုရင် ကိုယ့်ဆိုင်ကို Customer လာတော့မှာ မဟုတ်ပါဘူး။ Cyber Cafe မှာ လာသုံးတဲ့ သူတွေထဲမှာ အမျိုးသမီးတွေ ပိုများပါတယ်။ သူတို့တွေဟာ ဆေးလိပ်နံ့တို့ ဆူညံမှုတို့ကို ယောက်ျားလေးတွေလောက် သည်းခံနိုင်မှု မရှိပါဘူး။ မိန်းကလေး တော်တော်များများက ဆိုင်ကို မှောင်မှောင်ကျဉ်းကျဉ်းဆိုရင်လည်း ၀င်ပြီး အသုံးပြုဖို့ စဉ်းစားကြပါတယ်။ Privacy ဟာ user တွေအတွက် အင်မတန် အရေးကြီးပါတယ်။ လူတိုင်းဟာ သူတို့ရဲ့ Personal ကိစ္စတွေကို တဘက်သား မသိစေချင်ပါဘူး။ လျှို့ဝှက်ထားချင်ပါတယ်။ တကယ်လို့ ဆိုင်က အခန်းကလည်း ကျဉ်း တစ်ဦးနဲ့ တစ်ဦးကလည်း ပြောသမျှ လုပ်သမျှ မြင်နေကြားနေရမယ်ဆိုရင် အဲဒီ့ဆိုင်မျိုးကို နောက်တစ်ခါ လာသုံးဖို့ တော်တော် စဉ်းစားကြမှာပါ။ ဆိုင်က ကျယ်ဝန်း သပ်ရပ်ပြီး ကိုယ့်ဘာသာ အေးအေးဆေးဆေး အသုံးပြုလို့ ရမယ်ဆိုရင်တော့ လူတိုင်းနီးပါး လာသုံးကြပါလိမ့်မယ်။

Cyber Cafe တစ်ခုမှာ အရေးကြီး ကိစ္စတွေကတော့ လျှပ်စစ်မီးနဲ့ အင်တာနက် ကော်နက်ရှင် ပါပဲ။ များသောအားဖြင့် ဆိုင်တွေမှာ အဲဒီ့ ကိစ္စတွေကို မေ့ထားကြတာ တွေ့ရပါတယ်။ လျှပ်စစ်မီး မရတဲ့ အချိန်တွေမှာ မီးစက်တွေ အစားထိုးပြီး ဖွင့်ပေးထားနိုင်ရပါမယ်။ ကော်နက်ရှင် မကောင်းတဲ့ အချိန်မှာတော့ User တွေ နားလည် သဘောပေါက်အောင် ရှင်းပြရပါမယ်။ စက်ပိုင်းဆိုင်ရာမှာလည်း နားလည် တတ်ကျွမ်းထားဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင် နားလည်မှ စက်တစ်ခုခုဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာ သိမှာပါ။ အဲဒီ့လိုများ သေချာမသိရင်တော့ ဆားဗစ်ဆိုင်တွေကို ခဏခဏခေါ်ရလို့ ကိုယ့်ဝင်ငွေကို ထိခိုက်လာပါလိမ့်မယ်။ ကိုယ်ခန့်ထားတဲ့ ၀န်ထမ်းတွေကလည်း နားလည် တတ်ကျွမ်းပြီး Customer တွေကို ရှင်းပြနိုင်တဲ့ သူတွေ ဖြစ်ရပါမယ်။ တကယ်လို့များ ကိုယ့်ဝန်ထမ်းက Customer မေးသမျှကို ပြန်မဖြေနိုင်ဘူးဆိုရင် ကိုယ့်ရဲ့ ဆိုင်ကို Customer တွေရဲ့ ယုံကြည်မှု ပျောက်ဆုံးသွားပါလိမ့်မယ်။ ၀န်ထမ်းက Customer တွေရဲ့ လိုအပ်ချက်တွေကို အဆင်ပြေအောင် ဖြေရှင်းပေးနိုင်ရပါမယ်။ လှမ်းခေါ်စရာ မလိုပဲ အလိုက်တသိ ထသွားပြီး လိုအပ်တာကို ဖြည့်ဆီးပေးရပါမယ် အချိန်ပြည့် Customer ဘေးမှာ မတ်တတ်ရပ် နေစရာ မလိုပါဘူး။ အဲဒီ့လို နေရင်လည်း Customer တွေက မကြိုက်ကြပါဘူး။ ကိုယ့်နေရာမှာ ထိုင်နေပြီး ခေါ်မကြား အော်မကြား ဖြစ်နေလို့လည်း မရပါဘူး။ ၀န်ထမ်းရဲ့ အရေးပါမှုက Cyber Cafe လုပ်ငန်းမှာ သိသာပါတယ်။ ဒါဟာလည်း Service လုပ်ငန်း တစ်ခု ဖြစ်တဲ့ အတွက် Service ကောင်းတဲ့ ဆိုင်တွေကိုသာ ရွေးချယ်ကြမှာပါ။

အရေးကြီးဆုံး ကိစ္စရှိပါတယ်။ ၁ နာရီ ဘယ်လောက်ယူမယ်ဆိုတဲ့ ဈေးနှုန်းပါပဲ။ ခုနောက်ပိုင်းမှာ Cyber Cafe တွေက မှိုလိုပေါက်နေအောင် များလာပြီး တစ်လမ်းထဲ မှာတင် ၂ ဆိုင်၊ ၃ ဆိုင် ဖြစ်နေကြတာကို တွေ့ရပါတယ်။ အဲဒီ့ အခါမှာ အများစုက ဈေးကို လျှော့ချပြီး Customer ကို ဆွဲဆောင်နိုင်မယ်လို့ ယူဆကြပါတယ်။ မှန်သင့် သလောက်တော့ မှန်ပါတယ်။ ကျွန်တော့် သဘောအရ ဆိုရင်တော့ ဈေးလျှော့လိုက်တိုင်း ဆိုင်ကို လူပိုလာမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဈေးကို လျှော့မယူပါဘူး။ Service ကိုပဲ ပိုပြီး ကောင်းအောင် ပြုလုပ်ပေးပါတယ်။ တကယ်တမ်းလည်း Service ကောင်းတဲ့ ဆိုင်ဆိုရင် သူများထက်ဈေး ပိုများနေပေမယ့် လာပြီး သုံးကြတာပါပဲ။ ဈေးပြိုင်လျှော့တဲ့ ကိစ္စက ဈေးကွက် တစ်ခုလုံးကိုပါ ပျက်စီးသွားစေနိုင်ပါတယ်။ အပြိုင်လျှော့တာကြောင့် တကယ်တမ်း မီးစက်နဲ့ အသုံးပြုတဲ့ အချိန်မှာ မဖွင့်နိုင်တော့လို့ ကိုယ့် Customer သူများဆိုင်ကို ရောက်သွားတာ ကြုံရတတ်ပါတယ်။ အဲဒါကြောင့် Facilities တွေကို အပြည့်ပေးပြီး ဈေးကို သင့်တင့်စွာတောင်းတာက ပိုပြီး ထိရောက်တာကို တွေ့ရပါတယ်။ အခုလို ရှင်းပြရတာက ကျွန်တော့် အမြင်တွေပါ။ မှားကောင်းမှားနိုင်ပါတယ်။ ဒါပေမယ့် ဆိုင် ၁၀ ဆိုင်ကို အကြံပေးတာမှာ ၈ ဆိုင်လောက်က နောက်ပိုင်းလက်ခံလာတာကို တွေ့ရလို့ ကျွန်တော် ရေးသားတင်ပြလိုက်တာ ဖြစ်ပါတယ်။ နောက်များမှာလည်း အခါအားလျော်စွာ ထပ်ပြီး ရေးသားတင်ပြပါအုံးမယ်။

Read More...

Friday, December 21, 2007

ကြွားချင်တာလေး ပြောပြမယ် :D


လူက ဒီရက်ပိုင်းမှာ ဈေးပွဲတော် ကိစ္စနဲ့ ခေါင်းမီးတောက်နေတော့ ဘယ်မှ မရောက်ဖြစ်ဘူး။ ဘယ်မှ မရောက်ဘူးဆိုတာ သူများ ဘလော့ဂ်တွေကို ပြောတာ။ စိတ်ကတော့ ငါရေးစရာတွေ အများကြီးရှိသား ရေးချင်လိုက်တာ ဆိုပေမယ့် အလုပ်က မအားတော့ မရေးဖြစ်ပြန်ဘူး။ ရေးမယ်လို့ ကြံတော့ မီးမလာဘူးလေ။ မီးမလာတော့ မီးစက်မောင်းမယ် စဉ်းစားပေမယ့် ဓါတ်ဆီ တစ်ဂါလံ ၄၄၀၀ ကျပ် ဆိုတော့ အလုပ်ကိစ္စမပါပဲ မောင်းရင် စိတ်ထိခိုက် ရမှာစိုးပြီး မမောင်းဘူး။ မမောင်းတော့ မရေးရဘူး အော် အရေးထဲ မုန့်လုံး စက္ကူကပ် ဖြစ်နေပြန်ပြီ။ ဒီနေ့တော့ ရုံးပိတ်ရက်ကလည်း ဖြစ်ပြန် တနေကုန် လူမှုရေး ကိစ္စအ၀၀လုပ်ပြီး ညနေပိုင်းလေး အားတော့ အရက်သောက်မယ့် သူငယ်ချင်း တွေကို ငြင်းပြီး သူတော်ကောင်း ယောင်ဆောင်ကာ နေခဲ့ရတယ်။ နေခဲ့တာက ဘလော့ဂ်ပို့စ်လေး ရေးချင်လို့။ ကြွားချင်တာက အဓိကပါဗျာ။ ကြွားချင်တာက ဘာတုန်းဟုတ်လား ပြောမယ်လေ ဒီလိုဗျ ဒီလို။

ဒီရက်ပိုင်းမှာ ဈေးပွဲတော် ကိစ္စနဲ့ ရှုပ်နေတယ် ဆိုပေမယ့် ဖိုးဝကို ပစ်ထားလို့မှ မရတာ။ အဲဒီတော့ အဲဒါလေးကိုလည်း လုပ်ရသေးတာပေါ့။ ဖိုးဝ အတွက် ကဏ္ဍအသစ်တိုးခိုင်းထားတာ လဆန်းပိုင်းလောက်ကထဲက။ ဘာကဏ္ဍလည်းဆိုတော့ စီးပွါးရေးကဏ္ဍလေ။ business ပေါ့။ အဲဒီ့မှာ ကုန်ပစ္စည်းအသစ် မိတ်ဆက်တွေ ပါတယ်။ ဒေါ်လာဈေးပါတယ်။ လုပ်ငန်းရှင် အင်တာဗျူးပါတယ်။ ဆောင်းပါးတွေပါတယ်။ သတင်းတွေပါတယ်။ ဖိုးဝရဲ့ မူအတိုင်း Subdomain နဲ့ပါပဲ။ business.phoewa.com ဆိုရင် အဲဒီ့ကို ရောက်ပြီပေါ့။ သွားကြည့်လိုက် ကြပါအုံး။ မကြိုက်တာရှိရင်ပြော ထင်မြင်ချက်လေးတွေ ပြောပြကြပေါ့ဗျာနော့ ဟုတ်ဖူးလား။ နောက်ထပ်လည်း ကဏ္ဍသစ်တွေ လာပါအုံးမယ်။ တစ်ခုပြီး တစ်ခု တစ်လှမ်းပြီး တစ်လှမ်း ကြိုးစားပြီး တက်နေပါတယ်။

နောက်ကြွားစရာ တစ်ခုကတော့ ဖိုးဝရဲ့ Main Home Page ပါပဲ။ ကျွန်တော် လုပ်ချင်နေတာတော့ ကြာပြီ။ မလုပ်ဖြစ်သေးတာ။ ကျွန်တော် ဟိုးတုန်းက သင်တန်းတက်တုန်းက စမ်းခဲ့ဖူးတဲ့ အရောင်ပြောင်းတာကိုပေါ့။ အဲဒီ့တုန်းက Java Script လေးတစ်ခု ရေးပြီး Background အရောင်လေးတွေ ပြောင်းဖူးတယ်။ သိပ်သဘောကျတာပဲ။ ခုဆို AOL တို့ Yahoo တို့မှာလည်း အဲလို color လေးတွေ change ပြီး သုံးရတော့ လူကပျော်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း ရုံးက ကလေးမလေးကို အဲဒီ့ script ပေးပြီး စမ်းခိုင်းလိုက်တယ်။ ခုဆိုရင် ခင်ဗျားတို့ ဖိုးဝကို သွားကြည့်လိုက်ပါ ညာဘက် အပေါ်ထောင့်နားမှာ Choose your color ဆိုပြီး တွေ့ရလိမ့်မယ်။ အဲဒီ့မှာ ကိုယ်ကြိုက်တဲ့ အရောင်လေးတွေ ပြောင်းကြည့်လိုက်လေ ပြောင်းသွားပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်က home page မှာ ဒေတာကို အသေကြီး မြင်ရတာ ကြာတော့ ပျင်းလာတယ် အဲဒါနဲ့ ဖိုးဝမှာ ရေးနေတဲ့ ၀ိုင်းတော်သားတွေကို ပြောပြီး refresh တစ်ခါလုပ်တိုင်း ဒေတာ ပြောင်းချင်တယ်လို့ပြော ပြီးတော့ ရအောင်ရေးကွာ လွယ်ပါတယ်ဆိုပြီး သြ၀ါဒပေးတော့ ရေးတဲ့တစ်ယောက်ကလည်း ရတယ်လေ လာထားရေးမယ်တဲ့။ သူစမ်းကြည့်တော့ ရပြီတဲ့ ဒါနဲ့ ကျွန်တော်လည်း အဲဒီ့အတိုင်းလုပ်ဆိုပြီး လုပ်ခိုင်းထားလိုက်တယ်။ ခုတော့ တက်သွားပါပြီ မယုံရင် refresh လုပ်ကြည့် အောက်က ဒေတာတွေ ချိန်းသွားလိမ့်မယ်။ ကျွန်တော့်အတွက် ရေးပေးတဲ့ ရုံးကလူတွေ တော်လို့ခုလို မြင်ရတယ်မှတ်ပါ။ အဲလိုလေးမြင်ရတော့ ကိုယ့်ဘာသာ ကျေနပ်နေမိတယ် ပြီးတော့ ငါသည်လဲ yahoo နီးပါး ဖြစ်နေပါရော့လားလို့ သွေးက နားထင်နား တက်စောင့်ရော။ ဟီး ပျော်စရာကြီးဗျ သွားကြည့်လိုက်ကြနော်။ လိပ်စာမမှတ်မိရင် ပြန်ပြောပြမယ် ဒီလို www.phoewa.com တဲ့။ သွားဆော့ကြည့်ကြပါ။ ပြီးရင် ကြိုက်မကြိုက်ပြောပေး နောက်ဆိုရင် ဒီ့ထက်ကောင်းတာလေး လုပ်ပေးမယ်နော်။ ကဲ ကြွားလို့လဲ ၀ပြီ အလုပ်ပြန်လုပ် ရအုံးမယ်။ နောက်တော့ ထပ်ရေးတာပေါ့နော်။ ရေးစရာတွေကရှိတယ် စာမစီအားသေးလို့ပါနော် အားလုံးကို တောင်းပန်ပါတယ်။

Read More...

Monday, December 17, 2007

Busy, Busy, Very Busy မောင်ဇီးရိုး


ဒီရက်ပိုင်း သွက်သွက်လည်အောင် အလုပ်များတာကတော့ ပြောမနေနဲ့တော့။ ချစ်လှစွာသော ဘလော့ဂ်ကိုတောင် ဆီဗုံးနဲ့ ကွန်းမန့်ပဲ ၀င်ဖတ်နိုင်တယ်။ သူများအိမ်တောင် မလည်နိုင်ရှာဘူး။ လျှာရှည်ပြီး ပရောဂျက် အသစ်လုပ်တာ လူက လက်လက်ထအောင် အလုပ်များနေတယ်။ နဂိုကထဲကမှ ပြာယာခတ်တတ်တဲ့ကောင် ဆိုတော့ ခုဆို စဉ်းစားသာကြည့်တော့ အမေ့စကား ငှားပြောရရင် လျှပ်စီးကိုလက်နေရောဆိုပဲ။ တကယ်ဗျာ မအားလိုက်ပုံများ ထမင်းတောင် အချိန်မှန် မစားနိုင်ဘူး။ ညနေပိုင်းတော့ ပင်ပန်းတယ်ဆိုပြီး ချစ်လှစွာသော သူရာလေးတော့ မှီဝဲတာပေါ့လေ။ ဒါကလည်း အလုပ်ကိစ္စ စကားပြောစရာတွေ ပါနေလေတော့ အားနာစရာဗျာနော့။ နို့မို့ဆို တဘက်က တမျိုးမြင်သွားမှာ စိုးရသေးသကိုး။ လူမှုရေးပါ လူမှုရေး ဒါလေးတော့ ဆင်ခြေပေးတတ်တယ်။ ဟဲ ဟဲ ဟဲ။

ပရောဂျက် အသစ်ဆိုတော့ ကိုယ်က အစအဆုံး လုပ်ရမှာကို တွေးပြီး လူက ထိုင်းမှိုင်းသွားတယ်။ ကူဖော်လောင်ဘက်တွေကလည်း အဝေးရောက်နေလေတော့ နာပြီပေါ့။ အမှန်မှန်က ဒီအလုပ်ကို ဘယ်သူမှ တိုက်တွန်းတာ မဟုတ်ဘူး ကိုယ်တိုင်ကိုက လျှာရှည်တော်မူပြီး ချမယ်လေ လုပ်တာပေါ့ လို့ပြော။ ပြီးတော့ စာချုပ်တွေ သွားချုပ်။ စာချုပ်ချုပ်လိုက်တော့ သေချာသွားပြီ ငြင်းမရတော့ဘူး။ ရုံးမှာလည်း ဟိုလူ့အော် ဒီလူ့အော်နဲ့ ပွက်ပွက် ရိုက်သွားပါလေရော။ မောင်ဇီးရိုးရဲ့ အထာကို ရိုးနေပြီ ဖြစ်တဲ့ ၀န်ထမ်းအားလုံးကတော့ အေးအေးရယ်ပါ။ သူတို့ သိပြီးသားလေ ဘယ်သူ ဘယ်လောက် လုပ်ထားလုပ်ထား မောင်ဇီးရိုးတို့က နောက်ဆုံး နှမ်းလေးတော့ ၀င်ဖြူးချင်သေးတာကိုး။ အလုပ်သစ်ဆိုတော့ အလစ်သုတ်တယ်လို့ မှတ်သွားသလား။ မဟုတ်ပါဘူးဗျာ ကျွန်တော်က ၂၀၀၈၊ ဖေဖေါ်ဝါရီမှာ ပွဲတော်တစ်ခု လုပ်ချင်တာကြောင့် ခုကထဲက စနေရတာပါ။ ဈေးပွဲတော် တစ်ခု လုပ်မလို့ပါ။ ဈေးပွဲတော် ဆိုတော့ ဆိုင်ခန်းတွေ ဖွင့်မှာပေါ့ဗျာ။ ဈေးရောင်းမှာပေါ့။ စတိတ်ရှိုးတွေ အငြိမ့်တွေ မော်ဒယ်ရှိုးတွေလဲ ပါသေးသကိုး။ ဒါတွေကိုလည်း စီစဉ်ရသေးတာပေါ့။ ပါးစပ်နဲ့ စီစဉ်တာပါ။ တကယ်လုပ်တာက ကျန်တဲ့သူတွေ မောင်ဇီးရိုးတို့က ပါးစပ်နဲ့ စီစဉ်ရတာကိုပဲ မောလှပြီထင်တာလေ။ မော်ဒယ်ရှိုးကတော့ စိတ်ထဲ သိပ်မမောသလိုပဲ ဟဲ ဟဲ ဟဲ ဒါပေမယ့် မောတော့ မောတယ် ဟဲ ဟဲ ဟဲ။

စနေနေ့တုန်းကလည်း မားကတ်တင်း အသစ်တွေခန့်မယ်ဆိုပြီး အင်တာဗျူးလိုက်တာ နေ့လည်ကျော်သွားတယ်။ အမြန်လိုတာကြောင့် ဗျူးထားတဲ့ လူထဲက ၂ ယောက်ကို ခန့်ဖြစ်ကြောင်း ညနေဘက် အကြောင်းပြန် ပေးရသေးတယ်။ ၀န်ထမ်းအသစ်တွေ ရောက်လာတော့ မောင်ဇီးရိုးတို့ ပိုအလုပ်များသွားတာပေါ့။ ဟိုသွားခိုင်း ဒီသွားခိုင်း ဟိုလူနဲ့တွေ့ဖို့ပြော ဒီလူနဲ့တွေ့ဖို့ပြော သြ၀ါဒတွေ တလှေကြီးမှာကြား၊ ပြီးမှ လုပ်ချင်တာသာ လုပ်ပါတော့ဟာဆိုပြီး လျှောချ။ ဒါက အကျင့်ပဲလေ လူက ဘာမှသာ မတတ်တာ ဆရာလုပ်ရမယ့် နေရာမှာတော့ လာထား။ ဒီလို ဒီလိုနဲ့ မောင်ဇီးရိုးခမျာ ဖုန်းတွေ တဘက်၊ လူတွေက တဘက် စီစဉ်ရေးမှုးကြီး လုပ်နေရတော့တာပေါ့။ ဖုန်းတွေလာတော့လည်း ဟုတ်ကဲ့ လုပ်ရမယ့်သူကို ဟုတ်ကဲ့လုပ်။ အော်စရာရှိတဲ့သူကို အော်။ အရေးထဲ အကြွေးတောင်းတဲ့ ကြွေးရှင်ဆိုရင် ချိုချိုသာသာနဲ့ သူသနားအောင် ငြီးပြရသေးတယ်။ ဒါကြောင့် ဟိုတနေ့က ကိုရွှေက မောင်ဇီးရိုးကို မှတ်ချက်ပေးသွားတာပေါ့။ မင်း Tuxedo လေးဘာလေး ချုပ်ပြီး ၀တ်တဲ့။ လုပ်နေတဲ့ အလုပ်နဲ့ လူနဲ့က ဘယ်လိုမှ မလိုက်ဘက်ဘူးတဲ့။ လူပုံက ကလေးမသာပုံတဲ့ ဒီတော့ လူရှိန်အောင် အ၀တ်အစားလေး ကူရမှာတဲ့။ သူကထပ်ပြောသေးတယ် Tuxedo ချုပ်ပြီး ၀တ်ထားတဲ့ ပြီးရင် ရုံးမှာ မိန့်မိန့်ကြီးထိုင်နေတဲ့။ ဒါမှ လူရိုသေ ရှင်ရိုသေဖြစ်မှာတဲ့။ ဟီး ကိုရွှေပြောတော့မှ ကိုယ့်ဘာသာ စိတ်ထဲပြန်ပုံဖေါ်မိတယ် အဲဒီ့လိုသာ ၀တ်စားထားရင် မောင်ဇီးရိုးတို့ ဘယ်နှယ့်နေမယ် မပြောတတ်ဘူး။ ခုပုံကတော့ ဘောင်းဘီ စကနဲ့ တီရှပ်နဲ့။ တခါတလေ အလုပ်ကိစ္စစကားပြောမယ့် ဧည့်သည်များလာရင် မောင်ဇီးရိုးကို ရုံးမှာ လာဆော့နေတဲ့ ချာတိတ် မှတ်နေကြတာ။ နောက်မှ ကျွန်တော်ပါပဲ ခင်ဗျဆိုမှ အော် ဆိုပြီး အားနာပြုံးလေးတွေ ပြုံးပြကြတာ။ ဒါက ရိုးတော့ ရိုးနေပါပြီ အမြဲဖြစ်နေကြ ကိစ္စပဲဟာ။ ခုတော့ လုပ်တဲ့ ပရောဂျက် နဲနဲကြီးသွားတာကြောင့် မောင်ဇီးရိုးတို့ Tuxedo ချုပ်ဝတ်ဖို့ စဉ်းစားနေပါကြောင်း။ မကျေနပ်ရင် လာကြည့်ကြ တကယ်ပြောတာ ကျွန်တော့်ပုံက ခန့်ချောကြီးနေမှာ။

Read More...

Monday, December 10, 2007

ထွင်ရင်ထွင် မထွင်ရင်သေ


ဒီခေါင်းစဉ်က တစ်မျိုးတော့ တစ်မျိုးကြီး ဖြစ်သွားမယ် ထင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး ဒါပဲပေးစရာ ရှိတော့ ပေးလိုက်ရတာ။ ကျွန်တော့ ခံယူချက်ပါ။ ရေးရမှာ အန္တရာယ်တော့ များတယ်။ မရေးပဲလည်းမနေနိုင်ပြန်ဘူး။ ဒီတော့ ရေးမိတယ်။ ဖတ်လိုက်ရင် တခါတည်း အမြင်ကပ်သွားမှာ စိုးရိမ်ပေမယ့်။ ကိုယ့်ခံစားချက် ကိုယ်ရေးတာပဲလို့ ကြိုးစားပြီး စိတ်ဖြေမိတယ်။ ထွင်ရင်ထွင် မထွင်ရင်သေ တဲ့။ ဘာကြီးလဲပေါ့။ ဟုတ်ကဲ့ ရှင်းပြပါ့မယ်။ ကျွန်တော်က ဘ၀မှာ တီထွင်ကြံဆနိုင်ရင် တီထွင်ကြံဆ ဒီလိုမှ မလုပ်နိုင်ရင် သေလိုက်မယ်ပေါ့။ ဒါကိုဆိုလိုတာပါ။ ကျွန်တော်နဲ့ ကိုရွှေ ခုတလော သိပ်ကို ပြောဖြစ်တဲ့ အကြောင်းအရာပေါ့ဗျာ။ ကိုရွှေဆိုတာ သီချင်းရေးတဲ့ ရွှေဂျော်ဂျော်ပါ။ သူနဲ့ ကျွန်တော်က စိတ်ထားပုံ ထားနည်း ခံယူပုံ ခံယူနည်းတွေ အများအားဖြင့်တူတော့ ဆွေးနွေးဖြစ်တဲ့ ခေါင်းစဉ်တွေက အများသားပဲ။ အလုပ်ကလည်း တူတူလုပ်ကြတယ်ဆိုတော့ ခုနောက်ပိုင်း ပိုပြီးဆုံဖြစ် တယောက်နဲ့ တယောက် ထင်တာ မြင်တာတွေ ပြောဖြစ်ကြတယ်။ အဲဒီ့မှာ ဒီခေါင်းစဉ်ကို ပို့စ်အဖြစ်တင်ဖို့ ကျွန်တော် သတိရသွားတာပေါ့။ ပြီးတော့ ခုတလော ကျွန်တော့် ရင်ထဲမှာ သိပ်ကို မွန်းကျပ်လွန်းနေတာလဲ ပါတာ ပေါ့လေ။ ရင်ဖွင့်လိုက်ရရင် ပေါ့သွားမယ်လို့ ယူဆမိတာကြောင့် ကျွန်တော် ဒီပို့စ်ကို တင်လိုက်ပါတယ်။

ဖြစ်စဉ်တွေက ဒီလို။ ကျွန်တော့်ကို ကျွန်တော့်အိမ်က မေးတယ်။ အဓိက ကတော့ အမေက မေးတာပေါ့လေ။ ငါ့သား မင်းဘယ်လောက် ငွေရှာနိုင်ပြီလဲတဲ့။ ပြီးတော့ ကျွန်တော့် ဆွေမျိုးတွေထဲက ကျွန်တော့်အောက်က ညီမတွေ ညီတွေ နိုင်ငံရပ်ခြားသွား ပညာတွေသင် အလုပ်အကိုင်တွေရ ၀င်ငွေတွေ ကောင်းတာတွေကို ကြားပြီး အမေက မေးတဲ့ မေးခွန်းပါ။ ဟုတ်ပါရဲ့ ကျွန်တော်နဲ့ ရွယ်တူ သူငယ်ချင်းတွေထဲက တချို့ဆိုလည်း သိပ်ကို အဆင်ပြေနေ ကြတာပေါ့။ ကျွန်တော်သာ ဒုံရင်းက ဒုံရင်း ဘာမှ မပြောင်းလဲဘူး။ အလုပ်ကတော့ လုပ်နေတာပဲ။ ၀င်ငွေက သုည ဆိုတော့ အမေက မေးပြီပေါ့။ အမေ့ကို ကျွန်တော် အဖြေတစ်ခုတော့ ပြောမိတယ်။ အမေ သားကို တိုင်းတဲ့ ပေတံ မှားနေတယ်လို့။ ဟုတ်ကဲ့ ကျွန်တော့် အမေ ဒေါသထွက်သွားပါတယ်။ ဂရုဏာ ဒေါသပေါ့လေ။ အမေက သူ့သားကြီးကို သိပ်ကို အောင်မြင်နေတဲ့ ၀င်ငွေကောင်းနေတဲ့ သူတစ်ယောက် ဖြစ်စေချင်တာလေ။ သူတို့ ပြန်စားရ သောက်ရစေဆိုတဲ့ စိတ်မျိုးမရှိတာလဲ အသေအချာပါပဲ။ ဒါကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တောင် ခုထိ တခါတခါ အမေ့ဆီက ပြန်ပြီး တောင်းနေရတုန်းကိုး။ အမေ့ကို ကျွန်တော့် ခံယူချက် ပြတ်ပြတ်သားသား ပြောချင်တာကြောင့်သာ ပြောလိုက်ရတာ စိတ်ထဲတော့ သိပ်မကောင်းလှဘူး။ အမေဖြစ်စေချင်တဲ့ ပုံစံမျိုး မနေနိုင်လို့ တကယ်ကို စိတ်မကောင်းပါဘူး။ ဒါနဲ့ ကျွန်တော်လည်း အမေ့ကို ရှင်းပြရတာပေါ့။

အမေ ကျွန်တော့်ကို တိုင်းတဲ့ ပေတံက မှားနေလို့ အမေကျွန်တော့်ကို သေချာ မမြင်တာပါလို့။ ကျွန်တော့်ကို ငွေပေတံနဲ့တိုင်းရင် ကျွန်တော် ဘာကောင်မှ မဟုတ်ဘူး။ ဟုတ်ပြီ ပညာရပ်ပေတံနဲ့ တိုင်းပြန်တော့လည်း ဘာကောင်မှ မဟုတ်ပြန်ဘူး။ ကျွန်တော်လည်း ကျွန်တော့်ကို တိုင်းရမယ့် ပေတံ ဘာလဲဆိုတာ သေချာတော့ မပြောတတ်ပေမယ့် ပေတံလွဲနေတယ်ဆိုတာတော့ သေချာကြောင်း ပြောနိုင်ပါတယ်။ ကျွန်တော် ငယ်ငယ်ထဲက နိုင်ငံခြားမှာ ပညာသင်ဖို့ ၃ ကြိမ်ငြင်းခဲ့ဖူးတယ်။ အလုပ်လုပ်ဖို့ ၂ ကြိမ်ငြင်းခဲ့ဖူးတယ်။ ကျွန်တော်က ဒီမှာပဲ ကိုယ့်ဘာသာ Study လုပ်ခဲ့တယ်။ ခုအလုပ် လုပ်တော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်တယ်။ အမေတို့ အဖေတို့က သူတို့သားကြီး အလုပ်လုပ်ပြီ ဆိုတော့ အစ ပထမတော့ ပျော်တာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော်လုပ်တာကို သူတို့ နားမလည်တော့ဘူး။ ငွေမရတဲ့ အလုပ်တွေကို စိတ်ဝင်တစား အားကြိုးမာန်တက် လုပ်နေတာ မြင်တော့ သူတို့ အံ့သြ ကြတာ မဆန်းပါဘူး။ သူတို့က မေးဖူးတယ် မင်းလုပ်ငန်းတွေက ငွေတွေ ဘယ်တော့ဝင်ပြီး ဘယ်အချိန်မှာ အောင်မြင်မှာလည်းတဲ့။ လုပ်နေတာက တခုပြီးတခု ၀န်ထမ်းတွေက တစ်ယောက်ပြီး တစ်ယောက် ထပ်ခန့်နေတယ်တဲ့။ အမြတ်ဘယ်လောက်ရပြီလဲတဲ့။ ကျွန်တော်က ပြန်ပြောလိုက်တယ် ငွေက မ၀င်သေးဘူး အလုပ်အတွက် လူအင်အားလိုတော့ လူထပ်ခန့်တယ်။ ကျွန်တော်ခု လူ ၁၁ ယောက်စာတော့ တာဝန်ယူနိုင်နေပြီ လို့ပြောတော့ အဖေနဲ့ အမေ အတော်အံ့သြသွားတယ်။ အိမ်မှာ ဘာမှ အထောက်အကူ မပြုတဲ့ ကောင်က လူ ၁၁ ယောက်လောက်ကို တာဝန် ယူနိုင်နေတယ်ဆိုတော့ သူတို့ နားမလည်ဘူး ဖြစ်သွားတယ်။ ကျွန်တော် ဆိုလိုတာက ကျွန်တော် လူ ၁၁ ယောက်ကို အလုပ်ပေးထားနိုင်တာကို ပြောတာပါ။ အဖေက ပြောတယ် ကားဝယ်ရောင်း လုပ်ပါလားတဲ့။ ကျွန်တော် ပြန်ပြောလိုက်တယ်။ အဖေလို့ ကားကြီး အိမ်မှာ ထားတော့ အဲဒီ့ကားက ဘယ်သူ့ကို အကျိုးပြုသလဲလို့ မိသားစု ဘယ်နှစ်ခုကို လူဘယ်နှစ်ဦးကို အကျိုးရှိစေလဲလို့ မေးတော့ အဖေက မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ ပြီးတော့ ကျွန်တော်ကပဲ ဆက်ပြီး အဖေ နိုင်ငံတကာမှာ ကားဝယ်ရောင်းဆိုတာ အလုပ်မဟုတ်ဘူးလို့ ကုမ္ပဏီတွေ မှာတိုက်ရိုက်ဝယ်လို့ရရင် ပွဲပြီးသွားမယ့် ကိစ္စကို ကျွန်တော် အလုပ်လို့ မသတ်မှတ်ဘူးဆိုတော့ ကျွန်တော့်အဖေ ကျွန်တော့်ကို ဘာမှ မပြောတော့ဘူး။ ကျွန်တော့်အိမ်က ကျွန်တော့်ကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ နေစေချင်လို့သာ ထပ်မပြောတော့တာ သူတို့ စိတ်ထဲကတော့ ကျန်တဲ့သူတွေ လာကြွားရင် သူတို့မှာ ကြွားစရာ မယ်မယ်ရရ မရှိရှာလေတော့ ငြိမ်နားထောင်ရတာပေါ့။ တခါတလေတော့လည်း သူတို့ခမျာ သားကြီးကတော့ ဘယ်နိုင်ငံမှာ ဘယ်လောက်တောင်ရနေပြီ ဘာတွေလုပ်နေရတာ ပြောချင်ပုံပါပဲ။ အဲဒါကြောင့်လည်း သူတို့ ကျွန်တော့်ကို ခုနကလို မေးခွန်းတွေ မေးတာပေါ့လေ။

တခါကလည်း မိတ်ဆွေတစ်ယောက်က အလုပ်တစ်ခုလာပြောတယ်။ သူပြောပုံအရဆို ငွေရဖို့လဲ လွယ်တယ်။ ကပ်ပြီးပြောလိုက်ရင် ခွင်တည့်ပြီဆိုပါတော့ဗျာ။ သေချာပေါက်လည်း ငွေတွေရမှာ ဒါပေမယ့် ကျွန်တော် မလုပ်ခဲ့ဘူး ငြင်းခဲ့တယ်။ စိတ်ထဲကလည်း လော်မာတယ် ထင်တော့ ကျွန်တော် အဲဒီ့အလုပ်ကို အပြတ်ငြင်းလိုက်တယ်။ ကျွန်တော့်ကို အားလုံးက ၀ိုင်းပြောတယ် မင်းက လူမိုက်တဲ့။ ငွေရမှာ သိသိကြီးနဲ့ ငြင်းတယ်တဲ့။ ဟုတ်ကဲ့ ကျွန်တော် လူမိုက်ပါ။ ကျွန်တော် လူတစ်ယောက်ကို ပြောပြီး ဟိုလူက အင်းဆို ခေါင်းငြိမ့် ကိုယ်က ဘာမှ စိုက်ထုတ်တာလဲ မရှိပဲ ကပ်ပြီးတော့ ပိုက်ဆံရမယ်ဆိုတာ စိတ်ထဲက သိပ်ရှက်တယ်။ ဒါ့ကြောင့်လည်း ကျွန်တော် ငြင်းခဲ့တယ်။ ကျွန်တော့် ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ ဘယ်လောက်ပဲ နည်းတဲ့ ပိုက်ဆံ ဖြစ်ပါစေ ကျွန်တော် တန်ဖိုးထားတယ်။ ခုနကလို ကိစ္စမျိုးကတော့ ဆောရီးပဲ။ ကျွန်တော် ငွေနဲ့ ပတ်သတ်ရင် ဒါမှ မဟုတ် ခံယူချက်နဲ့ ပတ်သတ်ရင် အသဲက မာပြီးသားပါ။ အသဲမာတယ်ဆိုတာ ဘ၀မှာ ယုံကြည်ချက် ပြင်းတာကို တင်စားတာပါ။

ကျွန်တော်က ထွင်တယ်ဆိုတာ သစ်ဆန်းတာ လုပ်တာတိုင်းကို မဆိုလိုပါဘူး။ အဆန်းတကြယ် ဖြစ်တိုင်း ထွင်တယ်လို့ မဆိုနိုင်ပါဘူး။ လုပ်တဲ့ လုပ်ငန်းတစ်ခုရဲ့ အကျိုးပြုမှုကို ပြောတာပါ။ ကျွန်တော် သူများ ဒါလုပ်လို့ လိုက်လုပ်ရမှာကို အင်မတန် ပျင်းပါတယ်။ စိတ်မ၀င်စားပါဘူး။ ကိုယ့်ဥာဏ်စွမ်း ဥာဏ်စနဲ့ မဟုတ်ရင် ကျွန်တော် ဘာမှ မလုပ်ချင်ပါဘူး။ ကျွန်တော် လုပ်တဲ့ လုပ်ငန်းအပေါ်မှာ ကျွန်တော် အပြည့်အ၀ တာဝန်ယူနိုင်ပါတယ်။ ကောင်းရင် စံပြီး မကောင်းရင် ခံရဲပါတယ်။ ဒီနေ့ထိလည်း အဲဒီ့ဒဏ်တွေကို အလူးအလဲ ခံနေရစဲပါပဲ။ ဘ၀မှာ သူများပြောတာကို အံ့သြတကြီးနားထောင် သူများက ကောင်းတယ်ထင်တာကို လိုက်လုပ် ကိုယ်မပိုင် မနိုင်ပဲ လုပ်ရတာတွေကို အရှက်ဆုံးပါပဲ။ ကျွန်တော့် အယူအဆအရ ကျွန်တော် ကိုယ့်ဘာသာပဲ ယုံကြည်ပါတယ်။ သူများတွေကို မယုံကြည်ဘူးဆိုတာ စော်ကားတာ မဟုတ်ပါ။ ကျွန်တော် အတုယူစရာ ကောင်းတယ်လို့ ထင်ရင် အတုယူပါတယ်။ သင်ကြားဖို့လိုအပ်ရင် သင်ကြားပါတယ်။ ဒါတွေကလည်း ကျွန်တော်ဖောက်တဲ့လမ်း သာယာဖို့အတွက်ပါ။ ကျွန်တော် ဖောက်တဲ့လမ်းကို ကျွန်တော် ရဲရဲဝံ့ဝံ့ လျှောက်ချင်ပါတယ်။ စွန့်ဦးတီထွင်ဆိုတဲ့ စကားလုံးကို ငယ်ငယ်ကထဲက နှစ်သက်ပါတယ်။ တနေ့ ငါလည်း ဖြစ်ရမယ်ဆိုတဲ့ စိတ် ငယ်ငယ်ကထဲက ပါလာပါတယ်။ အဲဒါကြောင့် ကျွန်တော် ခုလုပ်နေတဲ့ အလုပ်တွေက ငွေနဲ့ တိုင်းရင်တော့ ဇီးရိုးပါပဲ။ တချိန်မှာဆိုတဲ့ စကား အနာဂတ်ဆိုတဲ့ အရာပေါ်မှာတော့ ကျွန်တော့် ယုံကြည်ချက်က ၁၀၀% အပြည့်ပါပဲ။ ဖြစ်လာမယ်လို့ စိတ်ထဲကလဲ ယုံကြည်ပါတယ်။ ဒါ့ကြောင့်လည်း မိုက်မိုက်မဲမဲ တစိုက်မတ်မတ် လုပ်နေပါတယ်။ လူမိုက်လို့ ခေါ်လည်း ပျော်ပျော်ပါပဲ။ ကျွန်တော့် ၀ိဥာဉ်နဲ့ ကျွန်တော် ကိုယ့်ကိုကိုယ် ကျေနပ်နှစ်သိမ့်မှု အပြည့်ရှိပါတယ်။ လိပ်ပြာသန့်တယ်ပေါ့လေ။

ကျွန်တော်ဟာ သားကောင်း တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်ဟာ ခင်ပွန်းကောင်း တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဖခင်ကောင်း တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်ဟာ ပြည့်စုံနေတဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ခေါင်းမာတဲ့သူပါ။ ကျွန်တော်ဟာ ငွေကို မမက်မောတတ်သူပါ။ ကျွန်တော်ဟာ သိက္ခာကို တန်ဖိုးထားတတ်သူပါ။ ကျွန်တော်ဟာ ပရဟိတကိုသာ စိတ်ဝင်စားသူပါ။ ကျွန်တော်ဟာ စိန်ခေါ်မှု အသစ်ကို စောင့်စားနေသူပါ။ ကျွန်တော်ဟာ လူတွေအတွက် အရိပ်ဖြစ်ချင်သူပါ။ ကျွန်တော်ဟာ အားလုံးအတွက် အသစ်အဆန်းတွေကို သယ်ဆောင်ချင်လာသူပါ။ ဒါတွေကြောင့် ကျွန်တော့်ကို လူမိုက်လို့ ခေါ်ကြပါတယ်။ ဒါတွေကြောင့် ကျွန်တော့်ကို လူ့ခွစာလို့ ခေါ်ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ကို နားမလည်နိုင်မှုတွေနဲ့ ကြည့်ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ခံယူချက် ပြောင်းမည် မဟုတ်ပါ။ ထွင်ရင်ထွင် မထွင်ရင်သေ အဲဒီ့စကားကို ဆုပ်ကိုင်ထားစဲပါ။ ဆရာထွန်းဝေမြင့်ရဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ ခေတ်ပေါ်အသံထဲက စာသားလေး တစ်ခုကို ကျွန်တော့်နားထဲ ရင်ထဲမှာ တစ်သက်လုံး စွဲနေပါတယ်။ သိပ်ကို ရိုးရှင်းပါတယ် စာသားလေးက "ခရု မကောက်ချင်ဘူး ပင်လယ်ကို လိုချင်တာ" တဲ့။ အဲဒီ့ကဗျာလေးကို ဖတ်ချင်ရင် ဒီမှာ ဖတ်နိုင်ပါတယ်။

Read More...

Friday, December 7, 2007

သူငယ်ချင်းတွေ (၅)


ကျွန်တော့အခေါ် = ကုလား
ချစ်စနိုးအခေါ် = ကုလားလေး၊ အင်ကုလိ
စတင် ပေါင်းသင်းသည့် ခုနှစ် = ၂၀၀၁ ခုနှစ်
ထူးခြားချက် = အရပ်ပုသည်၊ နှာခေါင်းနဲ့ လျှာ ထိနိုင်သည်၊ သူငယ်ချင်းတွေအပေါ် အမြဲအနစ်နာ ခံတတ်သည်။
အလုပ်အကိုင် = Network Administrator (Brunei ISP)


ဒီကောင်က တမျိုးဗျ။ လူကောင်လေးက ပုတက်တက်။ နှာခေါင်းလေးက ချွန်ချွန်လေး။ အမြဲတမ်း ရီနေတတ်တယ်။ ဒီကောင့်ကို မြင်မြင်ချင်းတုန်းက ကျွန်တော် အတော်လေး သောက်မြင်ကပ်မိသေးတယ်။ ပြုံဖြီးဖြီနဲ့ ပုတက်တက် ကောင်ကို ကြည့်မရဘူး။ ဒီကောင့်ကို ကျွန်တော် ဆယ်တန်းနှစ်မှာ ကျောင်းရှေ့မှာ တွေ့ဖူးတာ။ သူနဲ့ ကျွန်တော်က ကျောင်းချင်းလည်း မတူပါဘူး။ သူက သူ့တခြားသူငယ်ချင်းတွေဆီ လာလာလည်တာလေ။ ကျူရှင်တ၀ိုင်းထဲ တက်တဲ့ ကောင်မလေးတွေပေါ့။ ကျွန်တော့်သူငယ်ချင်းတွေပါပဲ။ သူတို့က ကျွန်တော့်ကို မိတ်ဆက်ပေးမယ်ဆိုပေမယ့် မဆုံဖြစ်လိုက်ဘူး။ ဒီလိုနဲ့ ဒီကောင့်ကို မေ့မေ့ပျောက်ပျော် ဖြစ်သွားတာပေါ့။ ဒီကောင့်ကို ကျွန်တော့်ဆီ ပြန်သယ်လာတဲ့ ကောင်တွေက ငသော် နဲ့ မောင်သက်။ သူတို့နဲ့ ဒီကောင်နဲ့ ကွန်ပျူတာ တက္ကသိုလ်မှာ ခင်လာကြတာ။ အဲဒီ့နှစ်ကောင် ကုလားကို တင်သွင်းလာတော့ ကျွန်တော်နဲ့ ပေါင်းဖြစ်သွားတာပေါ့။ သူငယ်ချင်းတွေက ပြောဖူးတယ်။ ဟေ့ကောင် မင်းသောက်မြင်ကပ်တဲ့ ကောင်တွေက နောက်ဆုံး မင်းနဲ့ အလွမ်းသင့်ပြီး တတွဲတွဲပဲတဲ့။ ဟုတ်ပါ့ ကျွန်တော် သိပ်ကြည့်မရဘူး ဆိုတဲ့ ကောင်တွေနဲ့ ကျွန်တော် နောက်ဆုံး ပေါင်းဖြစ်သွားတာ များပါတယ်။

ကုလားနဲ့ ပေါင်းဖြစ်ကာစက သိပ်သတိမထားမိဘူး။ ဒီလိုပဲ ဘာသိဘာသာပဲ။ တွေ့ရင်ခေါ်တယ် ပြောတယ်။ နောက်ပိုင်း ဆိုင်ထိုင်တော့ ဒီကောင်က ကျွန်တော်နဲ့ ဘေးချင်းကပ် ထိုင်တာများတယ်။ သူငယ်ချင်းတွေ မူးလာရင် ဖြစ်ဖြစ် အသစ်ပေါင်းတဲ့သူ ကုလားနဲ့ သိပ်မသိသေးတဲ့ သူ ဖြစ်ဖြစ် ပါလာရင်။ ကုလားကို နှိပ်စက်လေ့ရှိတာ တစ်ခုရှိတယ်။ အဲဒါကတော့ ဒီကောင့်ကို သူ့လျှာနဲ့ သူ့နှာခေါင်း ထိပြခိုင်းတာလေ။ ခင်ဗျားတို့ အံ့သြသွားလား စမ်းကြည့်လေ ရလား၊ မရဘူး မဟုတ်လား။ ကုလားက ရတယ်ဗျား။ ကျွန်တော်နဲ့ စပြီး သောက်တဲ့နေမှာပဲ မောင်သက်က အတင်းပြောပြီး ထိပြခိုင်းတာ ကျွန်တော် အံ့သြသွားတယ်။ ဟုတ်ပါ့ ထိတယ်ဗျာ ရတယ်။ နောက်ပိုင်း ခင်သွားပြီးတော့ လူအသစ်ပါလာရင် ကျွန်တော်ကပဲ စပြီး ကုလား လုပ်ပြလိုက်စမ်းပါ ဆိုပြီး ဒီကောင့်ကို နှိပ်စက်တော့တာပေါ့။ မယုံတဲ့သူတွေရှိရင် ကျွန်တော်တို့က အလောင်းအစားလေးပါ လုပ်လိုက်သေးတယ်။ ကျွန်တော်တို့ ဘက်က သေချာနေတာကိုး။ ကုလားကို ကျွန်တော် အဲဒီ့လို အမြဲ နှိပ်စက်ပေမယ့် ကုလားကျွန်တော့်ကို ခင်ပါတယ်။ စိတ်မဆိုးပါဘူး။ ဒီကောင့်ကို မြင်မြင်ချင်း သောက်မြင်ကပ်တဲ့ အကြောင်း ပြောပြတော့လဲ သူက ရီနေတာပဲ။ တကယ်တမ်း ကျွန်တော်နဲ့ ကုလား ပေါင်းဖြစ်တော့ ကျွန်တော် ကုလားကို သိပ်ခင်သွားတယ်။ ကျွန်တော့်လိုပဲ ဒီကောင့်ကို ငသော်ရော၊ မောင်သက်ပါ သိပ်ခင်ကြတယ်။ ကျွန်တော်ရယ် မောင်သက်ရယ် ငသော်ရယ် ကုလားရယ် ၄ ယောက်က အရက်သောက်လည်း အတူတူ လျှောက်ကဲလဲ တူတူပဲ။ ကျန်တဲ့ ကောင်တွေတောင် တခါတခါ မပါဘူး။ ကျွန်တော်တို့ ၄ ယောက်က တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှပြီးသား။ ညှိစရာမလိုဘူး။ တစ်ယောက်က ဒါဆို ဒါပဲ။ ဖြစ်တယ် အကုန်ဖြစ်တယ်။ ပြောရဆိုရ လက်ပေါက်မကပ်ဘူး။

ကုလားနဲ့ ကျွန်တော် တူတူတွဲဖြစ်သွားတဲ့ နောက်ပိုင်း ကျွန်တော်မူးရင် ကုလားက ထိန်းနေကြ သူ ကျွန်တော့် အထာကို သိပြီးသား။ မူးရင် ဘာလုပ်မယ်ဆိုတာ သဘောပေါက်ပြီးသား။ ကျွန်တော်မူးလာရင် တခြားတစ်ယောက်ကို ပြဿနာရှာရင် ကုလားက ရှင်းပေးနေကြလေ။ သူမူးလာရင်တော့ ဘယ်သူ့မှ ပြဿနာမရှာဘူး ခေါင်းကြီးငိုက်ပြီး ထိုင်နေတော့တာပဲ။ ကုလားမူးလာရင် ကျွန်တော်က ပုခုံးဖက်ပြီး ကဲလာ ဦးကုလား ဒိုးမယ်ဆို ငိုက်စိုက်ငိုစိုက်နဲ့ ပါလာတော့တာပဲ။ ဒီကောင် သူငယ်ချင်းတွေ အပေါ်မှာ တော်တော်ကြီးကို သည်းခံနိုင်တယ် တခါတခါဆို ကျွန်တော် သူ့အစား ဒေါသပါထွက်တယ်။ သူ့ကို တစ်ယောက်ယောက်က နှိပ်ကွပ်လဲ သူက ဟဲ ဟဲ လုပ်နေတာ ကျွန်တော်သာ မနေနိုင်လို့ ၀င်ကောမိတာ။ မောင်မင်းကြီးသားက ကျွန်တော် ၀င်ကောရင်တောင် မင်းကလဲ ထားလိုက်ပါကွာ လုပ်သေးတာ။ အဲဒီ့လောက် သည်းခံနိုင်တယ်။ ကုလားလေးက ကျွန်တော်နဲ့ အတိုင်အဖောက်လဲ ညီတယ်။ တခါတခါ တချို့ကောင်တွေက ဒီကောင့်ကို ခေါ်သွားပြီး သူတို့ ရည်းစားအတွက် ပစ္စည်းတွေဘာတွေ သွားဝယ် ပြီးရင် ဘယ်သူ့မှ မပြောနဲ့ဆိုပြီး နှုတ်ပိတ်ဖို့လုပ်။ ဒါမျိုးဆို မရဘူး ကုလားက သူတို့ ကျွေးတာဘာမှ မစားတော့ဘူး ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ပြီး ရောက်လာရော။ ပြီးတော့ ကျွန်တော်နဲ့ အဲဒီ့ကောင်တွေ အကြောင်းပြောပြီးဟား။ နောက်နေ့ ဘီယာဆိုင်မှာတွေ့ရင် ကျွန်တော်က ဟိုကောင်ကို နှိပ်ကွပ် ကုလားက ၀င်ထောက်ပေး အဆင်ကို ပြေနေရောပဲ။ အဲလိုဆို နှိပ်ကွပ်ခံရတဲ့ ကောင် မျက်နှာကြီးနီ ရှက်သွားတာကို ဦးကုလားနဲ့ ကျွန်တော်က လက်ချင်းရိုက်ပြီး ဟီး ဟီး ဟား ဟား လုပ် အင်မတန် ပျော်စရာ ကောင်းတဲ့ အချိန်တွေပေါ့။

ကုလားက အရပ်သာပုတာ။ သူ့ကို ကြိုက်တဲ့သူတော့ အများသား (သူ့ပြောစကားအရ)။ ကဲ ဖြည်ပြီ အထုပ်။ ဒီကောင့် ကောင်မလေးတွေနဲ့ ကျွန်တော် ခင်တာကတော့ မခင်ပါဘူး။ ဒါပေမယ့် ဒီကောင် လာလာကြွားတတ်တော့ သိနေတာပေါ့။ တခါကတော့ ဒီကောင် ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့တာ ကျွန်တော်ဆိုင်မှာ။ ပြီးတော့ ကောင်မလေးက အပြင်သွားမယ်ဆိုတော့ ဒီကောင် လိုက်သွားတယ်။ မကြာဘူး ကျွန်တော့်ဆီ ပြန်တက်လာတယ် သူ့မှာ ပိုက်ဆံအိတ် မေ့ခဲ့လို့တဲ့။ ကျွန်တော့်ဆီက ပိုက်ဆံယူသွား ပြီးတော့ ကောင်မလေးနဲ့ ဒဂုံစင်တာလား ဘယ်လားတော့ မသိဘူး သွားလေရဲ့။ ညနေပြန်ရောက်လာတော့ ကျွန်တော်က သူ့ကို စတာပေါ့။ ပိုက်ဆံ မပါရင် ငါသာ မင်းအနား မရှိရင် ဘယ်လို လုပ်မလဲလို့ မေးတော့ လဒလေးက ရပါတယ်တဲ့ ကောင်မလေးကို ပြောပြလိုက်ပြီး သူ့စိုက်ခိုင်းမှာပေါ့တဲ့။ အဲဒါမှ လက်မခံရင် နောက်ဆို မတွဲပဲနေမှာတဲ့။ ကျွန်တော့်မှာ ရီလိုက်ရတာ အူကိုနာရောပဲ။ သူကသာ စွတ်ပြောနေတာ ဟိုကဖြင့် သူ့အရပ် ၂ ဆလောက်ရှိတယ်။ ကျွန်တော့်မှာ သတိပေးရသေးတယ် မင်းနော် ဟိုက စိတ်ဆိုးလို့ ထရိုက်ရင် အသက်ပါ ပါသွားမယ်လို့။ သူကသာ ပုတာ တွဲလိုက်ရင်ဖြင့် သူ့ထက် အရပ်မြင့်တာ တွေများသား။ ဒီကောင်က အမြဲပြုံးနေတတ်တော့ ကောင်မလေးတွေက အဲဒါကြည့်ပြီး ကြွေတယ်ထင်တာပဲ (ဤသည်ကား စကားချပ်)။

ခုတော့ ကျွန်တော့်ဘော်ဒါကြီး ကုလား တိုင်းတပါးမှာ Network Administrator လုပ်နေလေရဲ့။ သူ့မှာ ပြန်လာချင်တာ ပြန်လာပြီး ကဲချင်တာ တပိုင်းကို သေနေရော ဒါပေမယ့် စာချုပ်မိနေရှာတော့ ပြန်မလာနိုင်ဘူး။ ကျွန်တော်က ဒီမှာ သောင်းကျန်းတာလေးတွေ ပြောပြရင် ထိုင်ထိုင်ပြီး ဆဲနေရုံကလွဲလို့ ဘာမှ မလုပ်နိုင်ရှာဘူး။ အော် ခုမှ သတိရတယ်။ ဒီကောင် နိုင်ငံခြား သွားတဲ့ ကိစ္စနဲ့ ပတ်သတ်လို့ ပြောရအုံးမယ်။ ဒီကောင် ကျွန်တော်နဲ့ ငသော့် ကျိန်စာ မိသွားသေးတယ်။ ပထမ တစ်ခေါက်က စင်ကာပူသွားတာ။ ပြီးတော့ ဘာဖြစ်လဲ မသိဘူး တစ်ခေါက်ပြန်လာရော။ ဟိုက ပြန်ခေါ်မယ်ဆိုလို့ စောင့်နေတာလို့ ပြောတယ်။ အဲဒါ ကျွန်တော့် မွေးနေ့နား နီးနေပြီး ဒီကောင့်ကို ကျွန်တော်က နေပါအုံးကွာ ငါ့မွေးနေ့တော့ သောက်ပါအုံးဆိုတော့ ဒင်းက ဟာ မဖြစ်ဘူးထင်တယ် ဟိုက ခေါ်တော့မှာတဲ့။ ပြောပေမယ့် သူမသွားဖြစ်ပြန်ဘူး။ ဒါနဲ့ ကျွန်တော့် မွေးနေ့ မှီသွားရော။ နောက်တစ်ခါ ထပ်ပြီး သွားဖို့ လုပ်ပြန်ရော အဲဒီ့အခါကျတော့ ငသော်က ငါ့မင်္ဂလာဆောင် နေပါအုံးတဲ့။ ဒီကောင်က တော်ပြီ သွားရမယ်ထင်တယ်တဲ့။ မသွားဖြစ်ပြန်ဘူး မင်္ဂလာဆောင် မှီတယ်။ အဲဒီလို နေလာလိုက်တာ ကျွန်တော်တို့ ဒီကောင့်ကို ဟိုဟာ ရှိတယ် နေအုံး ဒီဟာ ရှိတယ် နေအုံး ဆိုပြီး ပြောလိုက် ဒီကောင် မသွားဖြစ်လိုက်နဲ့ ကြာတော့ ဒီကောင် သွားမယ့်ကိစ္စ ကျွန်တော်တို့ ရှေ့သိပ်မပြောရဲတော့ဘူး။ ခုနောက်ဆုံး တကယ်သွားဖြစ်ကာနီး လာပြောတော့ ငသော်က ငါ့ကလေး မွေးတော့မှာ နေပါအုံးတဲ့ ကုလားလဲ အကြောက်အကန်ကို ငြင်းတော့တာပဲ။ တော်ပြီတဲ့ မင်းတို့ ကျိန်စာ ငါမိနေတာတဲ့ မပြောနဲ့တော့တဲ့ ကျွန်တော်တို့မှာ သဘောကျလိုက်ရတာ။ ဒါပေမယ့် ဒီတခါတော့ ဒီကောင် သွားဖြစ်ပါတယ်။ ဟိုမှာလည်း အလုပ်က ကောင်းတာကိုး ပြီးတော့ ကံလည်းကောင်းပါတယ်။ နေစရာ စီးစရာ ကားကအစ အားလုံးရတာကိုး။ ဒီကောင့်အတွက် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် ဟိုတလောက အရေးတကြီး ငွေလိုတော့ ဒီကောင်ပဲ ကျွန်တော့်ဆီ လှမ်းပို့ပေးတာ။ အဲဒီ့လို ချစ်ဖို့ကောင်းတဲ့ ကောင်ပေါ့။ ၂၀၀၉ ခုနှစ်မှ ဒင်းက ပြန်လာမှာလေ ဒါတောင် ဒီကောင်က ၀၈ ထဲမှာ ဘန်ကောက်လာဖို့ ကျွန်တော့်ကို ဆွယ်နေသေးတယ်။

ပြီးခဲတဲ့လကတော့ ဒီကောင့်အတွက် အကြီးမားဆုံး ဆုံးရှုံးမှု တစ်ခု ဖြစ်သွားခဲ့တယ်။ မနက်ပိုင်းကြီး ဒီကောင် ကျွန်တော့်ဆီ ဖုန်းဆက်လာတယ် ကျွန်တော် အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်တော့ ဒီကောင် ၀မ်းပန်းတနည်း ငိုနေတယ်။ ကျွန်တော် ပြာသွားတာပေါ့။ ဟေ့ကောင် ဘာဖြစ်တာတုန်းဆိုတော့ သူ့အမေ ဆုံးသွားပြီတဲ့။ သူပြန်လာလို့ မမှီတော့ဘူး အသုဘက ချတော့မယ်ဆိုတော့ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး သူဘာလုပ်ရမလဲ ပြောတယ်။ ကျွန်တော်လည်း ပြန်မလာနဲ့ကွာလို့ ပြန်လာလည်း မထူးတော့ဘူးလို့ ပြောပြီး ချော့ရတာပေါ့။ အဲဒီ့နေ့က ကျွန်တော် ဖျားနေတာ။ နေ့လည်ချမယ်ဆိုတော့ သူငယ်ချင်းတွေနဲ့ သွားဖို့ပြင်တာပေါ့။ ကျွန်တော် နေ့လည်ပိုင်းမှာ ရုံးမှာ ထိုင်နေရင်း အကြီးအကျယ်ဖျားနေတယ်။ ဒါပေမယ့် နာရေးဆိုတော့ သွားမယ်လုပ်တာပေါ့။ ငသော်က ကျွန်တော့်ကို ကြည့်ပြီး မင်းမလိုက်နဲ့တဲ့ ဒီလောက်ဖျားနေတာ အပြင်ထွက်ရင် လဲလိမ့်မယ်ဆိုပြီး အတင်းထားခဲ့တယ်။ ကျွန်တော်လည်း ရုံးမှာနေပြီး ကုလားနဲ့ ဖုန်းပြောလိုက် ချော့လိုက်လုပ်နေရတာပေါ့။ သူ့ရင်ထဲမှာ ဘယ်လောက် ခံစားရမယ်ဆိုတာ ကျွန်တော်နားလည်တယ် သူ့လိုပဲ ကျွန်တော်လည်း ခံစားရပါတယ်။ ဟိုကောင်တွေ နာရေးက ပြန်လာတော့ အဆင်ပြေလားမေး ပြီးတော့ ကုလားနဲ့ ဖုန်းထပ်ပြော။ သူ့ကို ဒီပြန်မလာဖို့ ပြီးတော့ စိတ်အေးအေးထားဖို့ သူအားရှိအောင် မျိုးစုံပြောရတာပေါ့။ ခုတော့ ဒီကောင်လည်း နေသားကျသွားပါပြီ။ သူက မိဘကို လုပ်ကျွေးမယ့် အချိန်မှာမှ ဒီလို ဖြစ်သွားရတယ်ဆိုတော့ ခံစားရတာပေါ့လေ။ သူ့ရင်ထဲက အရာတွေကို ကျွန်တော်မြင်ရပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ တော်တော်များများက သောက်သာ သောက်ကြတာ ခြုံကြည့်ရင် လိမ္မာတယ်လို့ ပြောလို့ရတယ်။ မိဘကို မိဘမှန်းသိတယ် ပွင့်လင်းကြတယ် မလိမ်တတ်ဘူး။ ဒါက ကျွန်တော်တို့ အုပ်စုရဲ့ ပုံစံပေါ့။ ကျွန်တော်တို့က ဆိုးတာ မရိုင်းဘူး။ ကဲ ဒီလောက်ဆို ကုလား ဒီပို့စ်ကို ဖတ်ပြီး ဆဲလို့ အဆင်ပြေ လောက်ပါပြီ :D။ နောက်အလျည်းသင့်မှာ ဒီကောင့် အထုပ်တွေ ထပ်ဖြည်အုံးမယ်။

Read More...

Monday, December 3, 2007

သူငယ်ချင်းတွေ (၄)


ကျွန်တော့အခေါ် = မောင်သက်
ချစ်စနိုးအခေါ် = မသာလေး၊ သားလေး
စတင် ပေါင်းသင်းသည့် ခုနှစ် = ၁၉၉၅ ခုနှစ်
ထူးခြားချက် = ဂစ်တာတီးကောင်းသည်၊ ပါးစပ်မှ အသံမျိုးစုံထွက်သည်၊ အသဲငယ်သည်။
အလုပ်အကိုင် = Guitarist


မောင်သက်တဲ့ ဂစ်တာကို ဒေါင်ဒေါင်ဒင်ဒင် တီးရုံတင်မဟုတ်ဘူး ပါးစပ်ကပါ တီးလုံးတွေကို ရွတ်နေတတ်တဲ့ သတ္တ၀ါပေါ့။ ကျွန်တော်နဲ့ ဒီကောင်က ရွယ်တူပေါ့။ ကျောင်းမှာ ၇ တန်းနှစ်တုန်းက တစ်ခန်းထဲရယ်။ အဲဒီ့တုန်းက ဒီကောင့်နားသွားရင် အချိန်ပြည့် ပါးစပ်က တီးလုံးတွေ ထွက်လို့ တော်ရုံတန်ရုံကောင် မခံနိုင်ဘူး။ ကံဆိုးချင်တော့ ကျွန်တော်က ဒီကောင့် အနောက်မှာ ထိုင်နေရတာ။ လူပုံက ဖြူဖြူ ၀၀ လေး။ ကွန်ပါဗူးကို ကိုင်ပြီး ပါးစပ်ကနေ ဂစ်တာတီးနေတာ။ သူ့ကို ကျွန်တော်က ဒီကောင်ဘာလဲ မသိဘူးလို့ တွေးမိသေးတယ်။ နောက်နေ့မှ သိတာ ဒီကောင်က အိမ်မှာ ဆရာခေါ်ပြီး ဂစ်တာတီး သင်နေတာကိုး။ ၀ါသနာ ပါသလား မပါသလား မမေးနဲ့ မုန့်ဖိုးစုပြီး ဂစ်တာပဲ ထိုင်ဝယ်နေတဲ့ ကောင်မျိုးပေါ့။ ဒီကောင်နဲ့ကတော့ ငယ်ငယ်က ဒီလိုပါပဲ မပေါင်းဘူးလည်း မဟုတ်ဘူး ပေါင်းတယ်လည်း မဟုတ်ဘူး ဘာသိဘာသာ နေဖြစ်တယ်။ အဲ စုံပြီဆိုရင်တော့ ဂီတအကြောင်းလေး ဘာလေးပြောပေါ့လေ။ ခင်တာကတော့ ခင်ပါတယ်။ ကျွန်တော်တို့ ဆယ်တန်းဖြေပြီးတဲ့ အချိန်မှ ဒင်းနဲ့ ပိုတွဲဖြစ်တာ။ တွဲဖြစ်ပုံကလည်း အခွေတစ်ခွေ လုပ်ရာက စတာပါပဲ။

အဲဒီ့အချိန်က ကျွန်တော်နဲ့ ဒီကောင် အပြင်က စတိတ်ရှိုးတွေမှာ စုံဖြစ်တယ်။ ဟိုပြော ဒီပြောပေါ့။ နောက်ပိုင်းကျတော့ ကျွန်တော်က လက်ယားပြီး သီချင်းလေး မတောက်တခေါက်ရေး ရေးပြီးတော့ အသံသွင်းချင်လာရော နှိပ်စက်စရာဆိုလို့ ဒင်းကိုပဲ မြင်တာကိုး။ လှမ်းပြော ငါ့ကို ဂစ်တာ တီးပေးစမ်းပါပေါ့။ ဟိုကောင်က အစကတော့ နဲနဲ အင်တင်တင် နောက်တော့ အေးကွာ ချ လုပ်တာပေါ့ဆိုပြီး တီးပေးတယ်။ စတူဒီယိုတွေက သူနဲ့ သိပြီးသား ဆိုတော့ သူပဲ ခေါ်သွားတယ်။ အဲဒါနဲ့ အသံသွင်းဖြစ်သွားတာပေါ့ဗျာ ငယ်ငယ်က နားငြီးတယ်လို့ ထင်ရတဲ့ ကောင်က ဒီလိုကျတော့ စွမ်းတယ်ဗျ။ ဒီကောင်က ကွန်ပျူတာ တက္ကသိုလ်တက်တယ် ငသော်နဲ့လည်း ခင်တော့ ပိုတွဲဖြစ်သွားတာပေါ့ဗျာ။ မောင်သက်က ကျွန်တော့် ဒုက္ခ အတော်ခံရှာပါတယ် ခုထိလည်း တခါတခါ ခံရတုန်း။ စတူဒီယိုမှာ အသံသွင်းတုန်းကလည်း သူ့ကားနဲ့ လာကြို ပြန်ပို့ ထမင်းလည်း ၀ယ်ကျွေးသေးတယ် ငယ်ငယ်က ကပ်စီးနည်းတယ်ထင်တာ ဒီကောင့်ကို တကယ်တော့ နည်းဘူးဗျ သဘောကောင်းသား။ စတူဒီယိုမှာလည်း ဒီကောင်နဲ့ ကျွန်တော် ခဏခဏ ရန်ဖြစ်နေကျလေ။ ဟိုလိုတီး ဒီလိုတီး ဆိုပြီး ကျွန်တော်က ဆရာလုပ် ဒီကောင်က ပြန်ပြော တိုင်ပတ်တာပေါ့ဗျာ။ သီချင်းဆိုရင် ဒီကောင်က ဒီလိုဆို ဟိုလိုဆို ဆိုတော့ ကျွန်တော်က ပြန်အော် ရန်ဖြစ်ကြတာပေါ့ စကားများတာပေါ့။ ဒါပေမယ့် ၁၅ မိနစ်ပါပဲ ပြီးတော့လည်း ပြီးသွားတာပဲ။ မခေါ်ပဲလည်း နေနိုင်ကြတာမှ မဟုတ်တာ။ ဒီကောင်နဲ့ ကျွန်တော် တွဲဖြစ်တဲ့ အကြောင်းအရင်း တစ်ခုကလည်း ထုံးစံအတိုင်းပေါ့ အရင် ကောင်တွေအတိုင်းပဲ သောက်ကြသည်ပေါ့။ မောင်သက်လည်း ကြွက်တွင်းပဲ အင်း ကြွက်တွင်းကတောင် သူ့လောက်နက်မယ် မထင်ဘူး။ ခုတော့ ပြောတယ် ငါလစ်မစ်ကျနေတယ်တဲ့ ဒါက ပြောနေကြစကား အရက်မ၀င်ခင် :D

မောင်သက်ဆိုတဲ့ကောင် ဂီတကို ဘယ်လောက် မြတ်နိုးသလဲ ရူးသလဲဆိုရင် သူ့အိမ်မှာ ဂစ်တာတွေချည်းပဲ အလက် ၂၀ နီးပါး တွေ့ဖူးတယ်။ အပျက်တွေရော အကောင်းတွေရော Electric တွေရော Accostic တွေရောပေါ့ စုံတကာစိနေတာပဲ။ ဒါတင်ပဲလား မဟုတ်ဘူးဗျို့ Drum Set တစ်ခု ရှိသေးတယ် နောက်တော့ ရောင်းလိုက်တယ်ထင်တယ်။ Drum လဲ တီးတတ်သေးတယ်။ စတူဒီယိုမှာ ကျွန်တော်တို့ သီချင်းတွေ သွင်းတော့ သူက Drummer တွေကို ပါးစပ်နဲ့ တီးပြသေးတာ အဲဒီ့လို လိုချင်တယ် ဘာညာပေါ့။ ဟိုကလည်း သူပြောသမျှ တီးပေးတာပဲ။ ဒီကောင်က လူချစ်လူခင်တော့ အင်မတန်ကို ပေါများတယ်။ တွေ့တဲ့သူတိုင်းက သူ့ကို ခင်ကြချစ်ကြတယ်။ သဘောလဲ ကောင်းတာကိုး စကားပြောရင်လည်း အသံက အကျယ်ကြီး တခါတခါ ရယ်လိုက်ရင် မရပ်တော့ဘူး အော်ပြီးရယ်တာ ဒီကောင်က။ သီချင်းတွေကို သူ့ပါးစပ်ကနေပြီး ပေါက်ကရ စာသားတွေနဲ့ ဆိုပြတတ်သေးတယ် အဲဒါကြောင့် မောင်သက်လာရင် ကျွန်တော်တို့ ပါးစပ်မပိတ်ရဘူး ဟီးဟီး ဟားဟား ပြောလိုက် နောက်လိုက် ရယ်လိုက်နဲ့ ပျော်စရာတော့ အကောင်းသားပဲ။ မောင်သက်က လွန်ခဲ့တဲ့ ၄ နှစ်လောက်မှာ သူ့မိသားစုနဲ့ အတူ အမေရိကားကို ဒိုးသွားပါလေရောလား။ ကျွန်တော်တို့မှာ ပျင်းပြီး ကျန်ခဲ့တာပေါ့။ သူက တစ်ဦးတည်းသောသားလေ အိမ်ကလည်း အလိုလိုက်ထားတယ် ဒါပေမယ့် ဒီကောင်က မဆိုးပါဘူး လိမ္မာတယ် ဆိုရမှာပေါ့ သောက်တတ်တာလေး တစ်ခုကလွဲရင်။ ဒါကလည်း တရားဝင်သောက်တာပါ သူ့အိမ်မှာလည်း ကျွန်တော်တို့ သွားသောက်တာပဲ သူ့အဖေနဲ့ အမေကလည်း သဘောကောင်းတယ် သူ့အဖေက သူ့ပုလင်းတွေ ထုတ်ပေးတယ် သူ့အမေကလည်း စားစရာ အစုံလုပ်ပေးတယ်။ သူ့အမေကြော်ပေးတဲ့ ခေါက်ဆွဲကြော်ရယ် ဟင်းချိုရယ် ဒီနေ့ထိ ကျွန်တော်သတိရသေးတယ်။ ဒီကောင် အမေရိကားကို သွားတော့ ပြန်မလာတော့ဘူး ကျွန်တော်တို့ မတွဲဖြစ်တော့ဘူးလို့ ခင်ဗျားတို့ ထင်သလား။ ပိုတောင် တွဲဖြစ်သွားသေးတယ်။ ဒီလိုဗျ ဒီကောင်က မြန်မာနိုင်ငံကို ၆ လ တစ်ကြိမ်ပြန်လာတယ်။ ပြောတာကတော့ သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပဲ။ တခြားဟာလေးတွေလဲ ရှိတာပေါ့လေ ဒါတော့ မပြောတော့ ပါဘူး ခုလောက် ရေးတာတောင် ဆဲနေပြီ :D

မောင်သက် ပြန်ရောက်လာတဲ့ နေ့တွေဆိုရင် ကျွန်တော်တို့ ပွဲတော်ကြီးပေါ့။ လေယဉ်ကွင်းကသွားခေါ် အိမ်ကို ခဏ၀င် အထုပ်တွေချ ပြီးရင် ဆိုင်တစ်ဆိုင်ကို ဒိုး သောက် ပြီးမှပြန်။ နောက်ရက်တွေလည်း တစ်ယောက်နဲ့ တစ်ယောက် ပတ်ပြီးချိန်း သောက်မယ် ဟိုကောင့်ခေါ်အုံး ဒီကောင့်ခေါ်အုံး ဒီလိုမျိုးလေ။ လူစုံလို့ကတော့ ဆိုင်ကိုချီတက်တော့တာပဲ။ မသောက်ခင်တော့ မောင်သက်က အမြဲပြောတယ် ငါအစာအိမ်ရှိတယ် သိပ်သောက်လို့ မဖြစ်တော့ဘူး အရင်လို မသောက်နိုင်တော့ဘူးတဲ့ ကျွန်တော်တို့ကလည်း အေး လူတိုင်း အစာအိမ်ရှိတယ်လို့ ပြန်ပြော ပြီးတော့လည်း သောက်တာပါပဲ။ အလကားပါ ဒီကောင် လျှောက်ပြောတာ တကယ်သောက်တော့ သူချည်းပဲ။ ဘီယာသောက်ရင်တောင် သူက ကျွန်တော့်ကို မင်းကလဲ အပြင်းကစ်စမ်းပါ ဘာညာနဲ့ အပြင်းသောက်ရင် သူက ရေမရောဘူး ရေခဲနဲ့ On The Rock ဆော်တော့တာ။ ဒီကောင် အရက်သောက်ရင် ဟင်းချို တစ်ခွက်ပါမှ သောက်တတ်တယ်။ ဒီကောင်လုပ်လို့ ကျွန်တော်နဲ့ ငသော်လည်း ဟင်းချိုပါမှ အရက်သောက်တတ်တော့တယ်။ မောင်သက်က ဆေးလိပ်တော့ မသောက်ဘူး ဒါပေမယ့် တခါတလေ ကျွန်တော့်ဆီက ဆေးလိပ်ကို နဲနဲတိုက်ဆိုပြီးတော့ ယူသောက်တတ်တယ်။ ဒီကောင် ရုပ်ပျက်ဆင်းပျက်မူးတာ ရှားတယ်။ သူက ကျန်တဲ့ကောင်တွေကို ပြန်ပြီး ထိန်းတာများတယ်။ တခါကတော့ သူမူးတာ ကားပေါ်ကို ချီပြီးတင်ရတယ်။ လျှောက်သွားတော့ ကားပေါ်မှာ အိပ်ပြီးကျန်ခဲ့တယ် ကျွန်တော်တို့က စိတ်မချလို့ သူ့ကို တွဲပြီး ခေါ်သွားတော့ လဒက လူတွေပေါ်မှာ အိပ်နေတယ်။ ရှားပါတယ် မောင်သက်မူးလွန်းလို့ တွဲပို့ရတယ်ဆိုတာ ပြောပြီးပါရောလား ကြွက်တွင်းလို့။ တခါကလည်း ကျွန်တော်လက်ဆောင်ရတဲ့ တရုတ်အရက် ဆေးမြစ်တွေ စိမ်ထားတာ တရုတ်တွေ အပြောကတော့ သိပ်ကောင်းတယ်တဲ့ ဈေးလည်း ကြီးတယ်တဲ့ ကျွန်တော်လည်း လက်ဆောင်ရတာဆိုတော့ မောင်သက်ကို တွယ်မလား ဟေ့ကောင် ငါတော့ မသောက်ဖူးသေးဘူး ဆေးအရက်လို့ ပြောတာပဲ ဆိုတော့ ဒင်းက တွယ်တာပေါ့ကွာ ဆိုပြီး ပြောတယ် အဲဒါ အိမ်ကနေ ကျွန်တော် ထွက်ခါနီး ကျွန်တော့် အဖေက Gin တစ်ပုလင်း ထပ်ပေးလိုက်တယ် ကျွန်တော်က မယူတော့ပါဘူး အဖေရာဆိုတော့ အဖေက ယူသွားပါတဲ့ မင်းတို့ ကောင်တွေ ဒါနဲ့ လောက်မှာ မဟုတ်ဘူးတဲ့ ဒါနဲ့ ကျွန်တော်လည်း ယူသွားတာပေါ့။ မောင်သက်က ပုလင်း ၂ လုံးတွေ့တော့ မင်းက လောဘကြီးတယ်တဲ့ ကျွန်တော်လည်း ဆိုင်ရောက်တော့ သောက်တာပေါ့ မကြာပါဘူး တရုတ်အရက်ကို မောင်သက် အကုန်လုံးနီးပါး သူတစ်ယောက်ထဲ သောက်ပစ်လိုက်တာ ကောင်းတယ်ကွ ကောင်းတယ်ကွနဲ့ သောက်တာ အရက်ကလည်း ပူလိုက်တာဆိုတာ ချွေးတောင် ထွက်တယ်။ အဲဒါကုန်သွားတော့ မောင်သက်တို့ Gin ပုလင်းကို မျက်စောင်းထိုးရော လုပ်လေ ချတာပေါ့တဲ့ ကျွန်တော်လည်း အဲဒီ့တော့မှ အဖေပြောတာ သတိရတယ် မင်းတို့ လောက်မယ်မထင်ဘူးဆိုတာကို မောင်သက်ပါတယ် ဆိုကထဲက ကျွန်တော်သိသင့်တာပေါ့ မေ့သွားတာလေ။

ခုတော့ မောင်သက် ပြန်လာခါနီးလို့ ကျွန်တော် ဒီပို့စ်ကို ရေးပြီး ကိုယ့်ဘာသာ ပြန်နွှေးနေတာပါ။ ဒါပေမယ့် ခုနောက်ပိုင်း ဒီကောင် ပြန်လာရင် ကျွန်တော်တို့ထက် အချိန်ပေးရမယ့် သူကရှိနေတယ်။ ပြန်ရောက်ရင် ကျွန်တော်တို့ကို လှမ်းခေါ် ပြီးရင်တော့ သူ့ရဲ့ ချစ်လှစွာသော ချစ်ချစ်နဲ့ အချိန်တွေကို အသုံးချနေတော့တာပဲ။ ကျွန်တော်တို့က ဆဲရင် မင်းတို့ကလဲကွာ ငါမင်းတို့နဲ့လည်း နေပါတယ် ဘာညာဆိုပြီး ရုံးကို နေ့တ၀က်လောက်လာ ကျွန်တော်တို့ လစ်ရင် ပြန်ပြီးပြေး အဲ ညဘက် သောက်ချိန်ဆိုရင်တော့ ပုံမှန်ပဲ ဖုန်းဆက်ပြီး ဘာလုပ်မှာလဲ ဘာညာ ငါက မအားဘူးနော် ကြိုပြောဆိုပြီး ဖြစ်ရော။ အဲဒီ့တော့ ကျွန်တော်တို့က ဆဲ မလိုက်ချင်နေခဲ့ ဆိုတော့ လိုက်မှာပေါ့ဆိုပြီး ရောက်လာ သောက် ဟီး ဟီး ဟား ဟား လုပ်။ ကောင်မလေးက ဖုန်းဆက်ရင် ထပြော ပြန်ထိုင် သောက်။ သူ့ကောင်မလေးကလည်း ကျွန်တော်တို့နဲ့ သောက်နေရင်း ၁၅ မိနစ် တစ်ကြိမ်လောက် ဖုန်းဆက်နေတာ ကျွန်တော် မူးလာလို့ကတော့ ဖုန်းယူပြီး ပိတ်လိုက်တာပဲ။ အဲဒီ့လိုဆို ဒီကောင် ဘာမှမပြောဘူး ငါ့ကို ဖုန်းပြန်ပေးပါဆိုတာကို အာလေးလျှာလေးနဲ့ ပြော။ ကျန်တဲ့ကောင်တွေကပါ ဘာဖြစ်နေလဲ ငြိမ်ငြိမ်နေစမ်း ဆိုမှ ငြိမ်သွားတယ်။ ဒီကောင့်ကို ကျွန်တော် ခုနောက်ပိုင်း အရက်သောက်ခါနီး ပြောနေကျ စကားရှိတယ် ဖုန်းသောက်မှာလား အရက်သောက်မှာလားလို့။ ပြောလိုက်ရင် လဒက ဟဲ ဟဲ ဟဲ ဟဲ နဲ့ အရက်သောက်မှာပါကွလို့ ပြောပြီး ဖုန်းကတော့ ပြောတုန်း။ ကျွန်တော်တို့ကလည်း မနိုင်တော့ လွှတ်ထားပေါ့။ မူးလာရင်တော့ မရဘူး။ အပီအပြင်ကို ကောတော့တာ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးတယ်လို့ မရှိပါဘူး။ အကြောင်းသိတွေကိုး။

မောင်သက်က ကျွန်တော့်ကို ခုအလုပ်လုပ်တဲ့ အထိကူညီတုန်းပါ။ ကျွန်တော်က မြန်မာပြည်ကနေ Hosting တွေ Domain တွေ Software တွေ ၀ယ်ဖို့ Online Banking မရှိတော့ သူက သူ့ရဲ့ Credit Card ကိုပေးသုံးတယ်လေ။ အဲဒါကြောင့်လည်း ကျွန်တော့် အလုပ်တွေ အဆင်ပြေနေတာပေါ့ ပိုက်ဆံက ဒီကောင်ပြန်လာရင် ပေးတယ် တခါတလေလည်း မပေးဖြစ်ဘူး။ ပေးပါလို့လည်း မပြောဘူး ဒီကောင်က ကျွန်တော်ကသာ သူ့ကို အားနာနေတာ သုံးထားတာ နည်းတာမှ မဟုတ်တာ။ မောင်သက်က စပြီးကျွန်တော်ကို တောင်းတာမရှိသလောက်ကို ရှားတယ် သူငွေပြတ်နေရင်တောင် ကျန်တဲ့သူကို ခဏလှည့်ခိုင်းတယ် ကျွန်တော့်ကို မပြောဘူး အကြွေးတောင်းသလို ဖြစ်မှာ စိုးလို့တဲ့ ကဲ အဲဒီ့လောက်ထိ ချစ်ဖို့ကောင်းတဲ့ကောင်။ ဒီကောင်က အခု မြန်မာပြည် ၆ လ၊ အမေရိကား ၆ လ နေနေတဲ့ကောင်လေ။ ဟိုရောက်လည်း ကျွန်တော်နဲ့က အဆက်အသွယ် မပြတ်ပါဘူး Gtalk နဲ့ ဆဲကြဆိုကြ နောက်ကြပြောင်ကြပေါ့။ ခုလည်း ပြန်လာတော့မယ်တဲ့ ၁၀ ရက်နေ့လောက်များ ပြန်ရောက်မလား မသိဘူး။ ဒီကောင်က ပြန်လာတိုင်း ကျွန်တော်နဲ့ ငသော့်အတွက် ပစ္စည်းတွေ တစ်ခုမဟုတ် တစ်ခု ယူလာတတ်သေးတယ်။ ဘောင်းဘီ၊ အင်္ကျီ၊ ပိုက်ဆံအိတ် စုံနေတာပါပဲ။ သူက ပြန်လာခါနီးတိုင်း မေးတတ်သေးတယ် ဘာလိုချင်သလဲတဲ့ ကျွန်တော်တို့က စိတ်ကူးပေါက်ရင်တော့ လိုချင်တာ မှာတယ် စိတ်ကူးမပေါက်ရင်တော့ မင်းဟာမင်း အဆင်ပြေတာ ၀ယ်ခဲ့လို့ပဲ ပြောလိုက်တယ်။ ခုလို သူ့အကြောင်းလေးကို ကောင်းတာလေးနဲ့ ပိတ်ပေးတော့ အဆဲခံရ သက်သာတာပေါ့လေ။ နောက်မှ ဒီကောင့်ရဲ့ အထုပ်တွေ ထပ်ပြီး ဖြည်ပြအုံးမယ်။ တော်သေးပြီး။

Read More...

Saturday, December 1, 2007

မင်္ဂလာပါ အလင်္ကာ

နိုဝင်ဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၄း၃၀ နာရီမှာ အလင်္ကာ ဂီတမဂ္ဂဇင်း Online ပေါ်ကို တက်သွားပါတယ်။ အလင်္ကာ ကို online တင်ဖို့ ကျွန်တော့ဘက်က နောက်ကျတာကြောင့် စာအုပ်ထွက်ပြီးမှ တင်လိုက်နိုင်ပါတယ်။ စာပေလောက က ကိုနေမျိုးညွန့် ကျွန်တော့်ဆီကို ဖုန်းဆက်ပြီးမေးတယ် အလင်္ကာ တက်ပြီလားတဲ့။ ဘော်ဒါလို ပေါင်းနေတဲ့ သူဆိုတော့ကျွန်တော်လည်း အားနာသွားတယ်။ တက်တော့မယ်လို့ ပြောပြီး ဒီဘက်မှာ လောရတော့တာပေါ့။ ရုံးကလူတွေလည်း အကုန်လုံး ဒေါင်ချာစိုင်းကုန်ကြတယ်။ အလင်္ကာကို ရေးတဲ့ တစ်ယောက်ဆိုရင် ညဘက် OT ပါဆင်းပြီး ရုံးမှာ ကျွန်တော်နဲ့နေလိုက်ရတယ်။ ကျွန်တော်ကတော့ ရုံးမှာ ညတိုင်း နေနေကျ ဆိုတော့ သိပ်ပြီး ထူးဆန်းမနေတော့ပါ။ သူတို့ကိုတော့ အားနာပေမယ့် တတ်နိုင်ဘူးလေ။ ကိုနေမျိုးကိုလည်း ၂၉ ရက် မနက်ဆို ဖွင့်လိုက်တွေ့ရပြီလို့ စကားက ကျွံထားတာကိုး။ အလင်္ကာတက်သွားပေမယ့် ကျွန်တော့်ဘက်က လုပ်စရာလေးတွေ အတော်ကျန်သေးတယ် စိတ်တိုင်းကျဖြစ်တယ်လို့ မဆိုနိုင်သေးဘူး။ Customer Feeb Back အတွက် ကျွန်တော် လိုနေသေးတယ်။ ဟိုနဲနဲ ဒီနဲနဲပေါ့လေ။ ပြီးတော့ ပုံမှန် Update ဖြစ်ဖို့ Browse လုပ်ရတာ လွယ်ကူဖို့ User Friendly ဖြစ်ဖို့ကို အဓိကထားပါတယ်။

ကျွန်တော်လူတွေဆီက အသံပြန်ကြားရတယ် ကြိုက်ပါတယ်တဲ့ ကိုနေမျိုး ကိုယ်တိုင်လည်း သဘောကျတယ်ဆိုတော့ လုပ်ပေးရတာ ကျေနပ်မိတယ်။ ကျွန်တော်က ဘာမှ လုပ်တတ်တာ မဟုတ်ဘူး ဖြစ်ချင်တာလေးတွေပဲ ရွေးပြောပြီး Content လေး၊ Guide Line လေးချပေးရုံပဲ။ ပြီးတော့ ကျွန်တော့် Designer တွေ Developer တွေနဲ့ ညှိပြီး လုပ်လိုက်တာ။ သူတို့တွေ တော်လို့ ခုလို ဖြစ်လာတာလေ။ နောက်ကျရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်ညံ့လို့ပါ။ ကျွန်တော့်ရဲ့ Time Management ညံ့လို့ ခုလို နောက်ကျသွားတာပေါ့။ နောက်လထုတ်တွေဆိုရင်တော့ စာအုပ်ရော Online ပါ တပြိုင်ထဲ Release လုပ်ဖြစ်မှာ သေချာနေပါပြီ။ အလင်္ကာ ဂီတ ဂျာနယ်ကို ရဲရဲဝံ့ဝံ့ ကျွန်တော့်လက်ထဲကို အပ်ရဲတဲ့ ကိုနေမျိုးညွန့်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကိုနေမျိုးတို့ ဘယ်လောက် ယုံသလဲဆို Design တောင် ကျွန်တော့်ဆီလာမကြည့်ဘူး အဆင်ပြေအောင်သာလုပ်တဲ့ ယုံပါတယ်တဲ့။ သူတောင် သူ့မဂ္ဂဇင်းကို ၂၉ ရက်နေ့ကမှ Online ပေါ်မှာ မြင်ရတာ။ နောက်ထပ်လည်း ကျွန်တော် အဲဒီ့လိုမျိုး မဂ္ဂဇင်းတွေ ဂျာနယ်တွေကို Online ပေါ်တင်ပေးချင်ပါတယ်။ ကျွန်တော်လုပ်တာကို နှစ်သက်ကြတယ်ဆိုရင်ပေါ့လေ။ ကျွန်တော့်ဘက်က ပူးပေါင်းပေးဖို့ အဆင်သင့်ပါပဲ။ ဘယ်သူ မဆို ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်။

အလင်္ကာ ကို ကျွန်တော်က web အရသာ အပြည့်အ၀ ပေးချင်လို့ content တွေကို သေချာ ပြင်ဆင်ပေးခဲ့ပါတယ်။ online ပေါ်မှာ စာအုပ်ကြီး လှန်နေရသလို ဖြစ်နေတတ်တဲ့ အတွက် ကျွန်တော် အဆင်မပြေပါဘူး အဲဒါကြောင့် ကျွန်တော် အလင်္ကာကို web အစစ်ဖြစ်စေချင်တာပါ။ အချိန်လင့်သွားတဲ့ထဲမှာလည်း အဲဒါလေးပါတယ်။ ခုတော့ အလင်္ကာနဲ့ ပတ်သတ်ပြီး ထင်မြင်ချက်လေးတွေ စုဆောင်းမယ် နောက်ပိုင်းမှာ Member ကဏ္ဍတွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဖြစ်စေချင်တဲ့ ဆန္ဒတွေရှိရင် ကျွန်တော့်ကို ပြောပြပေးပါ။ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။ ခုကျွန်တော် ဂရုတစိုက် လုပ်နေရတာ ဖိုးဝရယ် အလင်္ကာရယ် နှစ်ခုရှိပါပြီ။ တချို့ ဘလော့ဂ်တွေမှာ ကျွန်တော့် ဆိုဒ်တွေကို လင့်ခ်တွေ ပေးထားတော့ ကျွန်တော် ကြည်နူးရပါတယ်။ ၀မ်းသာရပါတယ်။ ကျွန်တော့်ကို အမြဲတမ်း အားပေးကူညီကြတဲ့ ဘလော့ဂ်ဂါ မောင်နှမတွေ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ နောက်လဲ ဆက်လက်ပြီး ကူညီကြပါအုံးလို့ ပြောချင်ပါတယ်။ အလင်္ကာရော ဖိုးဝကိုပါ မသိသေးတဲ့ အသစ်ရောက်လာသူတွေ အတွက် လင့်ခ်တွေကို ပြန်ဖေါ်ပြပေးလိုက်ပါတယ်။

www.phoewa.com (The Best Myanmar Web Portal :D)
http://www.alinkarmusicjournal.com (Music and Entertainment Magazine)

Read More...

Thursday, November 29, 2007

သူငယ်ချင်းတွေ (၃)


ကျွန်တော့အခေါ် = ဟိုဘဲကြီး
ချစ်စနိုးအခေါ် = ဖတ်တီး၊ တိုက်ကွမ်ဒိုရဲ၊ ဘီးကြဲ
စတင် ပေါင်းသင်းသည့် ခုနှစ် = ၁၉၉၈ ခုနှစ်
ထူးခြားချက် = သီချင်းရေး ကောင်းသည်၊ ဝေဖန်မှု နည်းသည်၊ လုပ်ချင်တာ လုပ်တတ်သည်၊ သောက်လုံးကြီးသည်၊ လူတစ်ဘက်သားကို ကူညီတတ်သည်။
အလုပ်အကိုင် = Composer


ဟိုဘဲကြီးတဲ့ ခင်ဗျားတို့ ထူးဆန်းသွားသလား ကျွန်တော် အဲသလိုခေါ်သလို ကျန်တဲ့သူတွေလည်း သူ့ကို အဲဒီ့လို ခေါ်တာပဲဗျ။ လူကောင်က ခပ်ထွားထွား အရပ်က မြင့်မြင့် တကိုယ်လုံး အမွှေးအမှင်တွေ ထူပိန်းနေတဲ့ ကျွန်တော့် သူငယ်ချင်းကြီးပေါ့။ သူလည်း ဒကာဆိတ်တို့ အုပ်စုထဲကပါပဲ။ သူတို့ကို ကျွန်တော်တူတူ သိခဲ့တာပါ။ စစတွေ့တဲ့နေ့က ဆံပင်က ရှည်ရှည် နေကာမျက်မှန်ကြီးတပ်ပြီး ရုပ်တည်ကြီးနဲ့ ကားပေါ်ကဆင်းလာတာ မသိသေးတော့ သူ့ကြည့်ပြီး နဲနဲတော့ ရှိန်တာပေါ့။ ခဏပါပဲ ဘေးနားလာထိုင်တယ် ဒကာဆိတ်က မိတ်ဆက်ပေးတယ် သိသွားတော့ စကားလေးဘာလေးပြော သဘောကတော့ ကောင်းသား။ နောက်နှစ်ရက်မြောက်တော့ တူတူသောက် မှောက်။ ၁၀ တန်း ကျောင်းသားထဲမှာ မင်းအနန့်ဆုံးဆိုတာ သူကျွန်တော့်ကို ပြောတဲ့စကားပေါ့။ ကျွန်တော့်ကို သူက ညီလေးတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ခင်ခင်မင်မင် ပေါင်းပါတယ်။ ကျွန်တော် ကြိုက်တာလုပ် အပြစ်မပြောဘူး သူလည်း ဒီလိုပဲ ကြိုက်တာလုပ်တယ်။ ပတ်ဝန်းကျင်ဆိုတာ ကျွန်တော်တို့ စိတ်ထဲထည့်ထားတဲ့ အရာမဟုတ်ဘူး။ သူ့ထူးခြားချက်ကတော့ မြင်တဲ့သူတိုင်းက ဖြုံကြတယ် ဒါပေမယ့် ပေါင်းလိုက်ရင်တော့ သိပ်သဘောကောင်းမှန်း သိသွားကြတာပေါ့။ သူတင်ပဲလား ဟုတ်ဘူးဗျ သူ့မေမေလည်း သဘောကောင်းတာပဲ။ ကျွန်တော်တို့အားလုံးကို သူ့သားတွေလို သဘောထားတာ။ သူတို့အိမ်မှာ ဆူကြ အော်ကြ ဟစ်ကြလဲ ဘာမှ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ ဒဏ်အတော်ကို ခံနိုင်ရည်ရှိတဲ့ သဘောပေါ့လေ။

ဟိုဘဲကြီးနဲ့ ကျွန်တော်စခင်သွားပြီး မကြာပါဘူး သူကကျွန်တော့်ကို မေးတယ် ဘီယာသွားသောက်မလို့ လိုက်မလားတဲ့။ အော် ကျွန်တော်လား ဘယ်ငြင်းမတုန်း လာလေ တွယ်ကြတာပေါ့ ဆိုပြီး ဖုတ်ဖတ်ခါထ လိုက်သွားတာပဲ။ သူနဲ့ သောက်တော့ ကျွန်တော်ကြည့်နေတယ် တော်တော် သောက်နိုင်တယ် မူးတဲ့ပုံလည်း မပြဘူး။ ကျွန်တော်သာ ဒေါင်ချာစိုင်းသွားတယ် သူက ဟဲ ဟဲ ဟဲ ဟဲ ပဲ ဘာမှကို မဖြစ်တဲ့ပုံ။ အဲဒီ့ကထဲက သဘောပေါက်သွားတယ် သူနဲ့သောက်ရင် ကိုယ်အရင် မှောက်မယ်ဆိုတာ။ ၁၉၉၈ ခုနှစ်၊ ၂၄ ရက်ည Christmas Eve ပေါ့ အဲဒီ့ညက ကျွန်တော်တို့ တစ်အုပ်စုလုံး အင်းယားလမ်းက Boss မှာ သောက်နေကြတာ။ ကျွန်တော်လည်း ဟိုဘဲကြီးနဲ့ ဘေးချင်းကပ်သောက် ညသန်းခေါင်ကျော်တဲ့ထိ အရှိန်တွေက မသေသေးတော့ ဆက်သောက်တာပေါ့ ခဏနေတော့ ကျွန်တော် အတော်မူးနေပြီ ဒါနဲ့ ဟိုဘဲကြီးကပြောတယ် ဟေ့ကောင် စွတ်သောက်မနေနဲ့တဲ့ အဲဒီ့အချိန် ဘယ်ရတော့မလဲ ဟိုဘဲကြီး ပြိုင်သောက်မလားတောင် စိန်ခေါ်သေးတယ် သူကပြောတယ် အိမ်ကိုသွားရအောင်တဲ့ အပြင်မှာ အေးတယ်တဲ့။ ဟုတ်ပါ့ အပြင်မှာ အေးတာမှ တအားပဲ လူတွေက မူးနေလို့သာ မသိတာ။ ဟိုဘဲကြီး အိမ်ကိုလိုက်သွားတယ် ဆိုပါတော့ဗျာ။ အိမ်က အသစ် မပြီးသေးဘူး။ နည်းနည်း လုပ်စရာ ကျန်သေးတယ် ဒါပေမယ့် အခန်းတွေ ရှင်းပြီး နေလို့တော့ရနေပြီ။ ကျွန်တော်လဲ မူးနေတာနဲ့ ထပ်သောက်အုံးမယ် ဘာညာပေါ့။ ဒါနဲ့ ဟိုဘဲကြီးနဲ့ ကျွန်တော်နဲ့ ဆက်သောက်ကြတယ်။ ကျွန်တော် သောက်ရင်း သိပ်မကြာဘူး ရေချိုးမယ်ဆိုပြီး သူ့ရေချိုးခန်းထဲဝင်သွားတယ် ပြီးတော့ တံခါးပိတ်ပြီး ရေတွေဖွင့်ပြီး ရေချိုးကန်ထဲ စိမ်နေလိုက်တာ ဘယ်သူမှ သတိမထား လိုက်မိကြဘူး။ မနက် ၅ နာရီခွဲမှ ကျွန်တော် ပျောက်လို့ လိုက်ရှာကြတယ်တဲ့ ရေချိုးခန်းတံခါးကြီး ပိတ်ထားတော့ သော့ရှာ ဖွင့် အိပ်ပျော်နေတဲ့ ကျွန်တော့်ကို အတင်းနှိုး ရေသုတ်ပေး အ၀တ်အစားလဲပေး စုံရောပဲ။ ပြီးတော့ ဆဲတော့တာပေါ့ သေသွားရင် ဘယ်လိုလုပ်မလဲ ဘာညာပေါ့ ဟိုဘဲကြီးဆိုတာ ကျွန်တော့်ကို ရေလည်ကို ကောတော့တာပါပဲ။ မင်းကွာ အတော်ဆိုးတဲ့ ကောင်တဲ့ ငါက မင်းပျောက်သွားလို့ လိုက်ရှာတာတဲ့။ ရေချိုးခန်းဖွင့်ဖို့ သော့ရှာရ ဘာညာနဲ့ သူမူးနေတာတောင် ပျောက်သွားတယ်ဆိုပဲ။ အဲဒီ့ အဖြစ်အပျက်ကိုလည်း ခုထိ ကျွန်တော်တို့ မူးရင် ပြောပြောပြီး ရီကြသေးတယ်။

သူ့ပုံဆံကြောင့် ဖြစ်တဲ့ ပြဿနာတွေ ဟာသတွေက ရှိတယ်။ ရီစရာလေး ပြောပြမယ်။ တနေ့ပေါ့ဗျာ ဟိုဘဲကြီးကို သူ့အိမ်မှာ သူငယ်ချင်းတွေက သွားခေါ်တယ် ပြီးတော့ မြို့ထဲသွားမယ် ခုလိုက်ခဲ့ ဆိုပြီး ခေါ်တော့ အ၀တ်အစားတောင် မလဲဘူး အိမ်နေရင်း ပုံစံနဲ့ လိုက်လာတယ် ဖြစ်ချင်တော့ သနပ်ခါးတွေ လိမ်းထားသေးတယ်။ နေကာမျက်မှန်ကြီးလည်းတပ်လို့ ကားမှန်ကို စတစ်ကာ ကပ်ထားတော့ အထဲကို ကောင်းကောင်း မမြင်ရဘူးလေ။ အဲဒါသူ မှန်တ၀က်ချထားပြီး မျက်နှာလေးပဲ ပေါ်နေတာပေါ့။ မီးပွိုင့်တစ်ခုနား ရောက်တော့ ဈေးရောင်းတဲ့ ကလေးတွေက သူ့ကို ရုတ်တရက် တွေ့ပြီး ဟာ ဟိုကားပေါ်မှာ စိုးမြတ်သူဇာကြီး ဟေ့ လို့အော်တော့ သူက ကားမှန် ပြန်တင်ပြီး ပြုံးပြုံးကြီးနဲ့ ကျန်တဲ့သူတွေကို ပြောတယ် တွေ့လားငါက မိန်းမချော ချောတာတဲ့။ ကဲ ပြတ်ကရော။ သူ့ကို ဆံပင်ရှည်ရှည် လူကောင်ထွားထွားမို့လို့ ကျွန်တော်တို့ ရန်တွေ ဘာတွေဖြစ်ရင် ဟိုဘက်က ကောင်တွေက သူ့ကို အရင်ဆော်တာ။ ကိုယ့်ဆရာကလည်း ဘော်ဒါတွေနဲ့သာ သဘောကောင်းတာ ကျန်တဲ့ကောင်ဆိုလို့ကတော့ အသေပဲ။ သူဆော်ကိုယ်ဆော်ပေါ့။ ရန်ဖြစ်ရင် သူ့ကို ဟိုဘက်ကတွယ် ကျွန်တော်တို့က ဟိုဘက်ကကောင်တွေကိုတွယ် ရှုပ်နေတာပဲ။ သူကလည်း သူထိတယ်ဆိုပေမယ့် သူငယ်ချင်းထဲက ဘယ်ကောင်ဘာဖြစ်သေးလဲ အရင်မေးတာ။ တယောက်ယောက် တခုခုဖြစ်လို့ကတော့ မပြီးတော့ဘူး နောက်ကလိုက်ပြီး ဆော်ပလော်တီးတော့တာပဲ။ အဲဒီ့အချိန်ဆို မဆွဲနဲ့တော့ မရတော့ဘူး။ စိတ်ကြီးတယ် သူက။ သဘောလည်း ကောင်းပါတယ် တော်ရုံဒေါသ မထွက်တတ်ဘူး။ ဘော်ဒါတော့ မထိနဲ့ နာပြီသာမှတ်ဆိုတဲ့ သူမျိုးပေါ့။ ကျွန်တော့်ကိုလည်း တော်တော် အကာအကွယ် ပေးခဲ့ဖူးတယ်။ အဲသူကိုယ်တိုင်ကတော့ သူငယ်ချင်းတွေကို စလိုက်နောက်လိုက် လုပ်တတ်တယ်။ ဥပမာ ကော်စေ့သေနတ် ၀ယ်ပြီး ပစ်တာတို့။ တန်းဆီပြီး အိပ်နေကြရင် ကုတင်ပေါ်ကနေ လူတွေပေါ်ကို ဒိုင်ဗင်ထိုးချတာတို့ အဲဒီ့လိုတော့ တခါတခါ နှိပ်စက်တတ်တယ် :D။ သူ့ခန္ဓာကိုယ်ကြီးနဲ့ အဲလိုလုပ်တော့ ကျန်တဲ့ ကောင်တွေမှာ မစားသာဘူး။ ဒါပေမယ့် ဘယ်သူမှ သူ့ကို စိတ်မဆိုးကြဘူး။

ကျွန်တော်တို့ထဲမှာ သူ့အိမ်မှာ တလကိုးသီတင်း မနေဖူးတဲ့သူ မရှိဘူး။ အားလုံးနေဖူးကြတယ်။ အဲလိုနေလို့လည်း ဘာမှမပြောဘူး သူ့အိမ်မှာနေ သူ့အိမ်မှာစား သူတိုက်တဲ့ အရက်သောက် သူ့ကားယူသုံး ဘာမှကို မပြောဘူး နှမြောတာလဲ မရှိဘူး ပိုက်ဆံမရှိလို့ ယူသုံးလိုက်မယ်ဆိုလည်း အေး သုံးပေါ့။ ဒါပဲပြောတာ။ အဲလိုသဘောကောင်းတယ်။ သူက သီချင်းရေးတာ ဂစ်တာတီးတာ ၀ါသနာပါတယ်။ ခုထိလည်း တီးတုန်း ရေးတုန်းပေါ့။ သူရေးထားတာတွေကို တေးရေးတွေ တွေ့တော့ ကောင်းတယ် ဆက်လုပ်ပြောတော့ သူက ဘာမှပြန်မပြောဘူး။ အေးဆေးရယ်။ သူများတွေ သူ့သီချင်း ယူသုံးမယ်ဆိုလည်း ပေးလိုက်တာပဲ။ ဂစ်တာကတော့ တော်တော်တီးတယ် ကျွန်တော်တို့က မူးလာရင် သူ့ကို ဂစ်တာတီးပေးဖို့ ပြော ပြီးရင် ညလုံးပေါက် သီချင်းတွေ အော်ဆို သူက မငြီးမငြူ တီးပေးတယ်။ သူနဲ့ ကျွန်တော်တူတူ သွားနေတုန်းက တနေ့တနေ့ ညဘက် သောက်ပြီးလို့ ဂစ်တာတီးရင် တခါတခါ လင်းခါနီးထိပဲ။ ပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့ကို သဘောပေါက်နေပြီ ဘာမှကို မပြောတော့တာ။ သူတင် သဘောကောင်းတာလားဆိုတော့ မဟုတ်ဘူးဗျ သူ့မေမေလည်း သဘောကောင်းတာပဲ ခုလို ဆူပူသောင်းကျန်းနေတဲ့ ကျွန်တော်တို့ကို ဘာမှ ပြောဘူး။ လုပ်ချင်တာလုပ်ပဲ အပြင်သွားလို့ ပြန်လာရင်တောင် စားစရာ သောက်စရာ ၀ယ်လာတတ်သေးတယ်။

ဟိုဘဲကြီးက လူတစ်ဘက်သားကို နာမည်ပြောင်ပေးတာလဲ အတော်ထူးချွန်တယ်။ လူတိုင်းနီးပါး သူပေးထားတဲ့ နာမည်နဲ့ မလွတ်ဘူး။ ပေါက်ကရလည်း ပြောတတ်တယ်။ မူးလာရင် အင်္ဂလိပ်လိုလည်း ပြောတယ်။ ဆံပင်ရှည်ရှည်ထားတတ်တဲ့ ဟိုဘဲကြီး ခုတော့ ဆံပင်တိုတို ညှပ်ထားလေရဲ့ အားလုံး တညီတညွတ်ထဲ သူ့ကို ပြောလိုက်တယ် ဒူးရင်းသီးကေ လို့။ သူ့ကို ကျွန်တော်တို့က တခါတခါ ရှရွတ်ခန်နဲ့ တူတယ် တခါတခါ လူမင်းနဲ့ တူတယ်ပြောရင် ဟဲ ဟဲ ဟဲ ဟဲ နဲ့ ငါက ချောပြီးသားဆိုပဲ။ တလောကတော့ ကျွန်တော် ရွှေလီအကင်ဆိုင်မှာ ညီအစ်ကို ၀မ်းကွဲတွေနဲ့ သောက်ရင်း တော်တော်မူးလာတာ ဘယ်လိုပြန်ရမလဲ မသိတော့တာနဲ့ သူ့ကို ဖုန်းဆက်တော့ လာခဲ့မယ်ဆိုပြီး ရောက်လာရော သူရောက်လာတော့ ကျွန်တော်လည်း အားတက်ပြီး ဆက်သောက်လိုက်တာ သူပဲ အိမ်ကို ထမ်းပြီး ပို့လိုက်ရတယ်။ ဒါမျိုးလည်း သူကဖြစ်တယ်။ ခုတလောတောင် မတွေ့တာ နည်းနည်း ကြာသွားပြီ ဖုန်းဆက်ပြီး ဘီယာလေး ဘာလေး သောက်ဖို့ ချိန်းအုံးမယ်။

Read More...

Tuesday, November 27, 2007

လူပီသခြင်း

လူပုံစံက မှုန်ရီမှိုင်းလို့
ရင်ဘက်ကိုဆွဲဖွင့်တော့
ပြဿနာက ဆီးကြိုနေတယ်
ခဏပါကွယ်
ငါ မောလို့နားပါရစေ
ဒီတောင်းပန်စကား
သိပ်ကြားလို့ မကောင်းလှဘူး။

အပြင်ပန်းတော့ ဟန်ဆောင်ခဲ့တယ်
အကျနာခဲ့တဲ့ ငါ့စိတ်တွေ
ဘယ်ပုံနဲ့များ ပြန်ရှင်နိုင်မယ်
စဉ်းစားတယ် တွေးတယ်
ထပ်ပြီး သုံးသပ်တယ်
ဘ၀ဟာ သုည
တစ်ကပြန်စ စရာမလို။

အနားမှာ ဘယ်သူရှိသလဲ
လှည့်ကြည့်တော့ မမြင်ရဘူး
အတ္တတွေက ကာဆီးထားရဲ့
အမှောင်လမ်းမှာ
ကြယ်မလင်းတာ အပြစ်တင်စရာမလို။

မှော်ရုံဟေ၀န်ကို စိတ်ကူးတယ်
ကာမဂုဏ်ကို မပြစ်ပယ်နိုင်ဘူး
အို . . . ငါဟာ
လူဖြစ်နေတုန်းပါလားကွဲ့။

ဒေါသနဲ့ သောကဟာ
အရွယ်နဲ့ မမျှတာ ကြာခဲ့ပေါ့
မောဟတွေကြားမှာ
ငါရေးချင်တာက ဘာလဲ
ဝလုံးလား သုညလား
ကွဲကွဲပြားပြားသိဖို့
အမေ့ကိုတော့ မေးရအုံးမယ်။

zeRoTraSh
17th, November 2007


Read More...

Friday, November 23, 2007

မိမိကိုယ်ကို သုံးသပ်ခြင်း

ဘ၀အတွက်
အသိဥာဏ်ကို လှုပ်နှိုးခဲ့တယ်
မနက်ဖန် အတွက် ဒီနေ့
ဒီနေ့ အတွက် မနေ့က
ငါဘာများ လုပ်ခဲ့သလဲ
ကိုယ့်ဘာသာ ဆန်းစစ်
အ၀ီစိက နက်သတဲ့ကွယ်။

အကြောက်တရားလား
အသိတရားလား
ဝေခွဲမရနိုင်ဘူး
မီးဆိုတာပူတယ်
ခက်နေတာက
ငါဟာ ပိုးဖလန်မျိုးလေ။

အချိန်နဲ့ဒီရေ
လူကိုမစောင့်ဘူးတဲ့
ပြောဖူးတယ် ဒီစကား
ဘ၀ကို
မော်မော်ကြွားကြွား
ဖြတ်သန်းတုန်းက။

ပျင်းခဲ့တယ်
ဖျင်းခဲ့တယ်
လောကဓံနဲ့ ကစားခဲ့တယ်
စိတ်ကူးယဉ်ခဲ့သမျှထဲမှာ
ရိုမီယို ဖြစ်ရတာ
အရှက်ဆုံးပဲ။

အမှန်တရားက
အတင်းမပြောတတ်ဘူးလို့
ဘယ်သူ အာမခံသလဲ
သစ္စာတရားတွေ ရေညှိတက်တုန်း
ငါ့မိုးခါးလေး ရွာခဲ့ဖူးတယ်။

zeRoTraSh
23rd, November 2007


Read More...

Wednesday, November 21, 2007

သူငယ်ချင်းတွေ (၂)


ကျွန်တော့အခေါ် = ဒကာဆိတ်
ချစ်စနိုးအခေါ် = ဆောင်ကြိတ်
စတင် ပေါင်းသင်းသည့် ခုနှစ် = ၁၉၉၈ ခုနှစ်
ထူးခြားချက် = ဘီယာကို အမှားအယွင်းမရှိ ကျွမ်းကျင်စွာ သောက်နိုင်သည်၊ လူတစ်ဖက်သားကို ကူညီတတ်သည်၊ အေးစက်စက်နိုင်သည်။
အလုပ်အကိုင် = Doctor, Director (CronyNetz)


ဒကာဆိတ်လို့ ကျွန်တော်တို့တွေ အားလုံး သူ့ကိုခေါ်တယ်။ သူ့ကိုကျွန်တော် ဆယ်တန်းနှစ်မှာ စပြီးရင်းနှီးတာလေ။ ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ ဆရာမက မိတ်ဆက်ပေးခဲ့တာပေါ့။ ကျွန်တော့်ထက် ၂ နှစ်ကြီးတယ်ဗျ။ ဆရာမ မိတ်ဆက်ပေးတာကတော့ ကျောင်းမှာ Fun Fair လုပ်ဖို့အတွက် ပေါင်းပြီးလုပ်ပေးဖို့လေ။ စတွေ့တာကတော့ ကျွန်တော်တို့ ကျောင်းနားက Full Moon ဆိုတဲ့ လက်ဘက်ရည်ဆိုင်မှာပေါ့။ အဲဒီ့ကနေ စပြီးပေါင်းဖြစ်သွားတာပါပဲ။ ကျွန်တော်က ၁၀ တန်းဆိုပေမယ့် ကျူရှင်ကလည်း တက်လိုက် မတက်လိုက်ပဲဗျ အိမ်မှလည်း မနေဘူး လျှောက်သွားနေတာ သူအစက သိပ်သတိမထားမိဘူး နောက်မှ သတိထားမိတာ။ သူကစာတော်တယ်ဗျ ၁၀ တန်းကို ၄ ဘာသာဂုဏ်ထူးနဲ့ အောင်လာတာ။ ဆရာမကလည်း ပြောပြထားတယ် ဒကာဆိတ်က သင်္ချာသိပ်တော်တာတဲ့ အမှတ် ၁၀၀ အပြည့်ရတာတဲ့။ သူနဲ့ ကျွန်တော်က အသက်သာမတူတာ တချို့နေရာတွေမှာတော့ တူတယ် ဥပမာ ဘီယာကြိုက်တာခြင်း၊ ဆေးလိပ်ကြိုက်တာခြင်း တူတယ်ဗျ။ သူက စကားပြောရင် အေးအေးအောအောပြောတတ်တယ် လူတစ်ဖက်သားကို ဆရာမလုပ်တတ်ဘူး အင်းပြောစရာရှိရင်တော့ ပြတ်ပြတ်သားသားပြောတယ်။ စပေါင်းခါစကတော့ ကျောင်း Fun Fair အတွက်ပါပဲ ဟိုလုပ်ဒီလုပ်ပေါ့ ကျွန်တော်ကလည်း ကျောင်းမှာ မနေရရင် ပြီးရော ဘယ်ခေါ်ခေါ်လိုက်သွားတာပဲ တခါမှ မငြင်းဘူး။ သူလည်း ဘော်ဒါတော့များသား ကျွန်တော့်လိုပဲ သူနဲ့ ပတ်သတ်ပြီး သူ့နောက်က ဘော်ဒါတစ်အုပ်စုလုံးကို ပေါင်းသင်းဖြစ်သွားတာ ယနေ့ထက်ထိပါပဲ။ ကျွန်တော်လည်း သူတို့ အဖွဲ့ဝင်ဖြစ်သွားတော့တာပေါ့။ ဒီနေ့ထိလည်း ဒကာဆိတ်က ကျွန်တော်နဲ့ ကုမ္ပဏီ တစ်ခုထဲပဲ အလုပ်တွေ တူတူလုပ်စဲပါပဲ။

ဒကာဆိတ်နဲ့ ကျွန်တော်ကျောင်း Fun Fair ကိစ္စကနေ စခင်ပြီး သိပ်မကြာဘူး ကျွန်တော့်မှာလည်း ၁၀ တန်းစာမေးပွဲ ဘာညာသာရကာရှိနေတယ်။ ပြီးတော့ အိမ်က ငှားပေးထားတဲ့ ကျွန်တော့် Guide က ကျွန်တော့်ကို မပြောရဲဘူး ပြောရင် ပြဿနာရှာလွန်းလို့လေ။ အဲဒီ့လိုနဲ့ တစ်ရက်မှာတော့ ကျွန်တော်နဲ့ သူနဲ့ ဘီယာသောက်ရင်းပေါ့ မြို့ထဲမှာ ကျောင်းကိစ္စအတွက် သွားရင်းသောက်ဖြစ်ရာက ကျွန်တော်က မေးလိုက်တယ် အကိုက သင်္ချာတော်တယ်လို့ ဆရာမက ပြောဖူးတယ် ဟုတ်လားဆိုတော့ ရီနေတယ် ဒါနဲ့ နဲနဲထွေလာတော့ ကျွန်တော်စာမလုပ်ဖြစ်ကြောင်းပြောလိုက်ပြီး သူ့ကိုအကူအညီတောင်းမိတယ် သူကလည်း တပြားမှ မယူပဲ ကျွန်တော့်ကို Guide လုပ်ပေးတယ်။ အဲဒီ့ကနေစပြီး ကျွန်တော်တို့ ဆက်ဆံရေးက ပိုပြီးရင်းနှီးလာတာပေါ့ဗျာ။ သူကျွန်တော့်ကို စာသင်တဲ့ အချိန်မှာ ကျွန်တော် ကလန်ကဆန် မလုပ်ပါဘူး စိတ်ဝင်တစားပဲ နားထောင်တယ် စာက မလုပ်လို့ မရတော့ဘူးလေ ဇန်န၀ါရီလထဲ ရောက်နေမှကိုး စာမေးပွဲက လှည့်ကြည့်မြင်နေရပြီ။ သင်္ချာကို တနေ့တစ်ခန်းနှုန်းတွက်ကြတယ် အင်း အဲဒီ့လို တစ်ခန်းလုံးပြီးသွားရင် ညနေပိုင်း သူကျွန်တော့်ကို ဘီယာတိုက်တယ်။ ဘီယာ ကြိုက်တဲ့ ကျွန်တော်နဲ့ အကိုက်ပေါ့ဗျာ။ ဆယ်တန်း Guide ထဲမှာ ကျွန်တော့်လို Guide ရဖို့ရှားတယ်နော့။ ကျွန်တော့်ကို အင်္ဂလိပ်စာ ကျူရှင်ကို လိုက်ပို့ပေး လိုက်ကြိုပေး လုပ်ပေးတယ် ပြီးတော့ စာလုပ်ခိုင်းတယ်။ စာမေးပွဲ ဖြေတော့ အပြန်ဆိုရင် သူလာကြိုတယ်။ ညဘက်ဆို အိမ်မှာ လာအိပ်ပြီး ကျွန်တော်နဲ့ စာတူတူလုပ်တယ်။ ကျွန်တော်တို့က ၅ ဘာသာဖြေရတာလေ။ သင်္ချာဖြေပြီး နောက်နေ့ ကျောင်းပိတ်တယ် အဲဒီ့ သင်္ချာဖြေပြီးတဲ့ညပေါ့ ကျွန်တော်လည်း နားနေတာ နောက်နေ့ပိတ်တော့ ခဏနားနေတာပေါ့ သူလည်း မလာဘူး နားတယ် ပျင်းတာနဲ့ ဖုန်းလှမ်းဆက်တော့ ဘီယာဆိုင်မှာတဲ့ ကျွန်တော်လည်း လာခဲ့မယ်ဗျာပြောပြီး သွားသောက်တာပေါ့။ ဘေးကလူတွေကလည်း ကျွန်တော့်ကို မြင်တော့ ဆယ်တန်းမှာ မင်းလောက်နန့်တဲ့ကောင် ငါတို့ မမြင်ဖူးဘူးတဲ့ ပြတ်ကရော။ ကျန်တဲ့သူတွေလည်း ကျွန်တော်နဲ့ကတော်တော် ရင်းနှီးနေပြီ။ ကျွန်တော့်ကိုလည်း ချစ်ကြတယ်။ အားလုံး ဆယ်တန်းအောင်ပြီးသားလူတွေ ချည်းပဲ ကျွန်တော်တစ်ယောက်ထဲ ဆယ်တန်း။ နောက်ဆုံးဘာသာ လူမှုရေး ဖြေပြီးတဲ့နေ့ကလည်း ပြီးပြီးခြင်း သူတို့ တစ်အုပ်စုလုံး ကျွန်တော့်ကို လာကြိုတယ် ပြီးတော့ အောင်မြင်မှု အထိမ်းအမှတ်ဆိုပြီး တနေကုန်သောက်တော့တာပါပဲ။ ကျွန်တော်အိမ်ကို နောက်ထပ် ၃ ရက်လောက်နေမှ ပြန်ရောက်တယ်။ အဲဒီ့လိုကို သောက်တာ။ ခုထိလည်းတွဲတုန်း သောက်ကြတုန်းပါပဲဗျား။ တနေ့ကလေးတင် ချောင်းသာသွားတာ သူတို့နဲ့ပေါ့။ အဲဒီ့လိုပေါ့ ကျွန်တော်တို့တွေက သောက်ပြီးလို့ ခရီးထွက်တဲ့ အကြောင်းလေးများ ရောက်လာရင် လာခုသွားကြမယ် ဆိုပြီး သွားနေကြ ဘယ်သူမှ ဒါမျိုးမငြင်းဘူး လိုက်တာပဲ။ ကျွန်တော်တို့ သူငယ်ချင်းအုပ်စုရဲ့ ချစ်စရာ ဓလေ့ပေါ့ဗျာ။

ဒကာဆိတ်အကြောင်း ဆက်လိုက်အုံးမယ် သူက ကျွန်တော့်ကို စာဖတ်အောင်လုပ်ပေးခဲ့တာ စာဆိုတာ အပြင် ဗဟုသုတပေါ့ ကျွန်တော်က ငယ်ငယ်က စာဖတ်ပျင်းတယ်ဗျ။ သူကျွန်တော့်ကို Guide လုပ်ရင်းနဲ့ တခြား ဗဟုသုတ ဖြစ်စေမယ့် စာအုပ်တွေ အပျင်းပြေဖတ်ဖို့ ၀တ္ထုတွေပေးတယ်။ ဘယ်စာက ဘာဆိုတာထက် မင်းဘာသာမင်း ရွေးဖတ်တတ်အောင်လုပ်ဆိုပြီး ပြောခဲ့တာ။ နောက်ပိုင်း ကျွန်တော်လည်း စာကို သရဲစီးသလိုကို ဖတ်တော့တာပါပဲ။ ကျောင်းစာကလွဲရင် ကျန်တာ အကုန်ဖတ်တယ် :D။ ထူးထူးဆန်းဆန်း ကျွန်တော် အချစ်ဝတ္ထုနဲ့ သိုင်းဝတ္ထုတော့ မဖတ်ဘူးဗျ ကျန်တာတော့ အကုန်နီးပါးဖတ်တယ်။ အချစ်ဆိုလို့ ဒကာဆိတ် အချစ်ရေးလေး ပြောရအုံးမယ် ဟဲ ဟဲ ဒါကလည်း ကျွန်တော်နဲ့ အနည်းငယ် ပတ်သတ်နေလို့ပါ။ ကျွန်တော့်ကို Guide လုပ်နေရင်းနဲ့ တနေ့တော့ ကျောင်းလာကြိုရင်း ကောင်လေးတစ်ယောက်ကို ရှာမယ်လို့ပြောတယ် ဘယ်သူလဲလို့ မေးတော့ သူကြိုက်နေတဲ့ ကောင်မလေးရဲ့ တစ်ဦးထဲသော ယောက်ျားလေး သူငယ်ချင်းတဲ့ ကျွန်တော်လည်း သူကြိုက်နေတဲ့ ကောင်မလေးနာမည်မေးတော့ အားလားလား ကျွန်တော့် သူငယ်ချင်းဖြစ်နေတာကိုး သူ့ကို မေးရသေးတယ် အဲဒီ့ကောင်တွေ့ရင် ဘာလုပ်မှာလဲလို့ သူက ဘာမှလုပ်ဘူးတဲ့ သိထားချင်လို့တဲ့ ကျွန်တော်လည်း ရှာမနေနဲ့တော့ ခင်ဗျားရှေ့တည့်တည့်က ကျွန်တော်ပဲလို့ ပြောလိုက်တော့ သိပ်မယုံချင်ဘူး ဒါနဲ့ ကျွန်တော်လည်း သူ့ကောင်မလေး အကြောင်းပြောပြတယ် ပြီးတော့ သူ့ရှေ့မှာပဲ နှုတ်ဆက်စကားပြော လုပ်ပြတော့မှ သူယုံသွားတယ်။ ဟုတ်တယ် သူ့ကြိုက်နေတဲ့ ကောင်မလေးက တစ်ကျောင်းလုံး ယောက်ျားလေး သူငယ်ချင်းဆိုလို့ ကျွန်တော့်ကိုပဲ ပေါင်းတာ အေးလည်းအေးတာကိုး။ ကျွန်တော်လည်းနောက်ပိုင်း သူတို့ နှစ်ယောက်ကို အလိုလိုနေရင်း အောင်သွယ်လုပ်ပေးဖြစ်သွားတယ်။ ခုထိလည်း သူတို့ တစ်ဖက်နဲ့တစ်ဖက် အဆင်မပြေတာလေးတွေ ရှိရင် ကျွန်တော် ကြားထဲက နားထောင်ပေးရတုန်းပေါ့ဗျာ။

ဒကာဆိတ်နဲ့ ကျွန်တော် အသက်ကွာပေမယ့် သူငယ်ချင်းတွေလို ပေါင်းတာပါပဲ။ တစ်ယောက် စိတ်ကို တစ်ယောက်သိတယ်။ တစ်ယောက် အကြောင်း တစ်ယောက်သိတယ်ပေါ့ဗျာ။ သူနဲ့ပတ်သတ်ပြီး နောက်ထပ် ကျွန်တော့်မှာ သူငယ်ချင်းတွေ အများကြီးတိုးခဲ့ရတာပေါ့။ သူနဲ့ ငယ်ပေါင်းသူငယ်ချင်း အုပ်စု ပြီးတော့ သူဆေးကျောင်းတက်တော့ တွဲတဲ့ ဆေးကျောင်းက သူငယ်ချင်းတွေ အများကြီးပဲပေါ့။ ခုဆို သူငယ်ချင်း အုပ်စုကြီးက လူစုံတက်စုံဆိုရင် ဘီယာဆိုင်မှာ စားပွဲ ၅ ၀ိုင်းလောက်တော့ ဆက်ရမယ်ထင်တယ်။ ကျွန်တော်တို့ အုပ်စုတွေက ပေါင်းပြီးရင် မခွဲကြတော့ဘူး တပူးပူး တတွဲတွဲ သောက်ရင်တောင် ဟိုကောင်မပါလို့ ဒီကောင်မပါလို့ဆိုပြီး စိတ်မကောင်းက ဖြစ်တတ်ကြသေးတယ်။ လူမှုရေးလုပ်ငန်းတွေမှာ သူများတွေကို ဒကာဆိတ်တို့ ထိပ်ဆုံးက ကူညီတတ်တယ်။ သူ့ကို အကူအညီတောင်းလာရင် ငြင်းခဲတယ်။ ငွေရေးကြေးရေးဆိုလည်း မရှိ ရှိတာ ရှာကြံပြီး ပေးတတ်တဲ့သူ။ ဆရာဝန်ဖြစ်ပေမယ့် ဆရာဝန်မလုပ်တဲ့သူ၊ သတင်းနဲ့ မီဒီယာလုပ်ငန်းတွေ အနုပညာ လုပ်ငန်းတွေကို စိတ်ဝင်တစားရှိတဲ့သူပါ။ ထူးဆန်းတဲ့ သူ့အကျင့်တစ်ခုက သူ့ကို လူကြီးတွေက စကားပြောလိုက်ရင် ဗျာ ဟဲ ဟဲ ဆိုပြီးရယ် နေလေ့ရှိတာပါပဲ။ လူချစ်လူခင်လည်းများတယ် စဉ်းစားဆင်ခြင်နိုင်မှုကလည်း အရွယ်နဲ့ မမျှအောင်ကို ငယ်ငယ်ကထဲက လူကြီးဆန်ခဲ့တဲ့သူဆိုတာ ကြည့်ရုံနဲ့သိနိုင်တယ်။ အင်း မူးလာရင်တော့ဗျာ ရစ်တော့တာပါပဲ ရစ်ချက် ရစ်ချက်ဆိုတာ တစိမ်းဆို အစိမ်းလိုက် ၀ါးစားချင်စိတ်ပေါက်အောင်ကို ပြောတတ်ဆိုတတ်တာ။ ဒါပေမယ့် သူ့ကို မုန်းကြသလားဆိုတော့ မမုန်းကြဘူး ချစ်ကြခင်ကြတယ်။ သူက လူတွေကို ကူညီခဲ့တာတွေကလည်း အများကြီးရယ်။ ကားမောင်းလည်း အတော်ဝါသနာပါတယ်ဗျ မောင်းလည်း မောင်းနိုင်တယ် ခရီးသွားရင် သူပဲမောင်းတာ လုံးဝမူးပြီး မဟန်နိုင်မှ သူများကို ပေးမောင်းတာ။

ကျွန်တော်တို့တွေ သင်္ကြန်ဆိုရင်လည်း မဏ္ဍပ်ကို နှစ်တိုင်းထိုးနေကြ သူများတွေလို မဏ္ဍပ်ထိုးပြီး စီးပွါးရှာတာမဟုတ်ဘူး ကိုယ့်အုပ်စု ပက်ဖို့ထိုးတာ ထိုးပြီးရင်လည်း ရေပက်တဲ့သူ ရှားပါတယ် အောက်မှာပဲ ၀ိုင်းဖွဲ့ထိုင်ပြီး သောက်ကြတာပါ။ မဏ္ဍပ်မှာ တာဝန်ခံနာမည်က အမြဲတမ်း ဒကာဆိတ်ပါပဲ။ ဘာဖြစ်ဖြစ်သူပဲ ရှင်းရတာလေ။ သင်္ကြန်မဏ္ဍပ်ထိုးတဲ့ ပိုးကခုတော့ ငြိမ်သွားပါပြီ လူတွေက ၈ နှစ်ဆက်တိုက်လောက် ထိုးလိုက်တော့ ပျင်းသွားတယ် အင်းယားလမ်းကို မုန်းတောင်လာတယ် ကြာတော့။ မဏ္ဍပ်ထိုးတဲ့ ကိစ္စကို စပြီးသယ်လာတာက ကျွန်တော်လေ။ ငသော့် အကြောင်းရေးထားတဲ့ ၁၉၉၉ ခုနှစ်သင်္ကြန်ပေါ့ အဲဒီ့တုန်းက စပြီးထိုးခဲ့တာ ငသော့် ကောင်မလေးတွေ လာပက်စေချင်တာနဲ့ လုပ်ခဲ့တဲ့မဏ္ဍပ်ပေါ့ဗျာ။ အော် မေ့နေလို့ ကျွန်တော်နဲ့ ဒကာဆိတ် ဒီလောက်ပေါင်းဖြစ်မှတော့ ငသော်လည်း အော်တို ပေါင်းပြီးသားပေါ့ဗျာ (ငသော့် အကြောင်းမသိသေးသူများ သူငယ်ချင်းတွေ (၁) ကို ဖတ်ကြည့်ပါ)။ အဲဒီ့ ၉၉ သင်္ကြန်မှာပေါ့ ပြဿနာတွေ တစ်ခုပြီး တစ်ခုဆက်တိုက် တက်တာ သင်္ကြန် ၄ ရက်စလုံးကို ပြဿနာဖြစ်တာ။ ဒကာဆိတ် ပြဿနာကတော့ အကျနေ့မှာ။ ကျွန်တော်တို့တွေက ကားတွေကို ခြံထဲမှာ အဆင်ပြေသလို ထည့်ထားရတာ စောစောရောက်တဲ့သူက ရှေ့ဆုံးပေါ့ဗျာ အဲဒီ့တော့ တစ်ယောက်ယောက်က အပြင်သွားချင်ရင် နောက်ဆုံးက ကားကို ယူသွားရတာ ကားသော့တွေက တိုင်မှာ ဘုတ်လေးတစ်ခု လုပ်ပြီး ချိတ်ထားကြတာ။ အဲဒီ့နေ့က နောက်ဆုံးက ကားက ကျွန်တော့်ကား နေ့လည်ပိုင်းမှာ ဒကာဆိတ်က ငါအပြင်သွားအုံးမယ်တဲ့ ပြောသွားလေရဲ့ ကျွန်တော်လည်းအင်းလို့ ပြောပြီး မဏ္ဍပ်မှာ ရေပိုက်တွေလိုက်စစ်နေတယ်။ သူသွားပြီး ၁ နာရီလောက်ကြာတော့ သူ့အကို ကျွန်တော့်ဆီရောက်လာတယ် မဏ္ဍပ်ရှေ့ကို ရောက်လာတယ် ဟေ့ကောင်လိုက်ခဲ့တဲ့ ဒကာဆိတ် ကားတိုက်လို့တဲ့ ကျွန်တော်က လူဘာဖြစ်တုန်းဆိုတော့ ဖြစ်ဘူးတဲ့ ဒါဆိုလည်းပြီးတာပဲပေါ့ အဲဒီ့အထိ ကျွန်တော့်ကားမှန်း ကျွန်တော်မသိဘူး။ ကားတိုက်ထားတဲ့ ရန်ကုန်တက္ကသိုလ် မိန်းပေါက်ဝ ရှေ့ရောက်မှ ကျွန်တော့်ကားသော့စမ်းရင်း သတိရသွားတာ အော် သူတိုက်လိုက်တာ ငါ့ကားကိုးလို့ ကြည့်လိုက်တော့ ကားခေါင်းက ကျေနေပြီ သူမမှားဘူး။ ဟိုဘက်ကမှားတာ ဟိုဘက်က ရုံးကားကြီး T2000 ကြီး ကျွန်တော့်ကားလေးက ED လေး ခေါင်းဝင်သွားတာ။ သေချာတယ် ရှင်းရှင်းကြီး ဟိုဘက်လူမှားတာ အဲဒါကို ဟိုဘက်က ပုဂ္ဂိုလ်က သူမမှားဘူးပဲ ငြင်းနေတယ် ဘေးလူအားလုံးလဲ ပြောတယ် ရုံးကားမှားတာတဲ့ ဒကာဆိတ်ဘာလုပ်နေတယ် ထင်လဲ အေးအေးပဲ အဲဒီ့လူကို မေးတယ် ခင်ဗျား မှားလား မှန်လားတဲ့ ဟိုလူလည်း နဲနဲ ဖြုံသွားတယ် ငြိမ်သွားတယ် ကျွန်တော်လည်း မနေနိုင်တာနဲ့ ကဲ ခင်ဗျားကိစ္စနောက်မှ ရှင်းမယ် ခုတော့ ကားကို တနေရာ သွားထားမယ်ဆိုပြီး သွားထားလိုက်တယ်။ ပြီးတော့ အဲဒီ့လူကြီးကို ခင်ဗျားကို သင်္ကြန်ပြီးမှ လာရှင်းတော့မယ်လို့ ပြောခဲ့တယ်။ ဒကာဆိတ်နဲ့ ကျွန်တော်လည်း ပြီးပြီးသားကိစ္စကို စိတ်မ၀င်စားတော့ဘူး မဏ္ဍပ်ကို ပြန်သွားပြီး ကဲတာပေါ့ဗျာ။ အဲဒီ့အချိန် ကျွန်တော့်စိတ်မှာ နှမြောတဲ့ စိတ်လုံးဝကို မရှိဘူး။ သင်္ကြန်ပြီးတော့ သူပြန်ပြီး ပြင်ပေးတယ် အဲဒီ့တုန်းက Air Compressor မရလို့ ၄ လ လောက်ကြာသွားတယ် ၀ပ်ရှော့မှာ။ ကြားထဲ ကားလိုရင် သူ့ကားတွေပဲ ယူသုံးရတာပေါ့။

ကျွန်တော်တို့တွေ ကြားထဲမှာ ခုချိန်ထိ ငွေရေးကြေးရေး ပြဿနာ သူ့ပစ္စည်း ကိုယ့်ပစ္စည်း ပြဿနာတွေ မရှိဘူးဗျ။ အေးအေးပဲ။ လိုချင်တောင်းလိုက်တာပဲ ပေးတဲ့လူကလည်း ပေးတာပဲ။ ငါ့ဟာဖြစ်လို့ ဘာညာ ရှိဘူး အဲဒီလို။ တစ်ယောက်နဲ့ တစ်ယောက် နှမြောတွန့်တိုမှုကို မရှိတာ။ ဒါကြောင့်လည်း ခုထိ အလုပ်တွေ တူတူတွဲလုပ်လို့ ရတာပေါ့ဗျာ။ ဒကာဆိတ်လည်း ကျွန်တော့် ဘ၀ကို အပြောင်းအလဲတွေ ဖြစ်စေခဲ့သူပါပဲ သူ့ကြောင့် ဆယ်တန်းကို အဆင်မြင့်မြင့်အောင်တယ် (သူ့အပြောအရ ညံ့သေးတယ်တဲ့) စာအုပ်တွေ ဖတ်တတ်လာတယ် နောက်ထပ် သိပ်ခင်ဖို့ ကောင်းတဲ့ သူငယ်ချင်းတွေကို ပိုင်ဆိုင်လာရတယ်။ နောက်မှပဲ သူ့ရဲ့ တချို့ အလွဲလေးတွေ ရယ်စရာလေးတွေ ထပ်ပြီး ရေးပြတော့မယ်။

Read More...

Monday, November 19, 2007

သူငယ်ချင်းတွေ (၁)

ကျွန်တော့ဘ၀မှာ အရေးပါတဲ့ သူငယ်ချင်းတွေ အများအပြားရှိပါတယ်။ အဲဒီ့ထဲက ယနေ့ထက်ထိ ကျွန်တော်နဲ့ ရင်းနှီးစွာ ပေါင်းသင်းလျှက်ရှိတဲ့ သူငယ်ချင်းတွေ အကြောင်းကို ပြောပြချင်တယ်။ ဒီပို့စ်ကို ရေးရတာ အင်မတန် အန္တရာယ်တော့များပါတယ်။ ဖတ်မိတဲ့ သူငယ်ချင်းတွေ သူတို့ အကြောင်း မကောင်းတာလေးတွေပါရင် လူသိမခံချင်တာလေးတွေပါရင် ကျွန်တော့်ကို ဆဲကြပါလိမ့်မယ်။ ကိစ္စမရှိပါ ခံနိုင်ရည်ရှိပါတယ်။ ကျွန်တော့်မှာ သူငယ်ချင်းတော်တော်များပါတယ်။ ငယ်ငယ်ကထဲက ပေါင်းတဲ့သူတွေရော ကြီးလာမှ စိတ်ချင်းတအားရင်းနှီးလို့ ပေါင်းတဲ့သူတွေရော များပါတယ်။ သူငယ်ချင်းတွေဟာ ကျွန်တော့်ဘ၀ရဲ့ မှတ်တိုင်လေးတွေပါ။ သူတို့ကြောင့် ကျွန်တော့်ဘ၀ အနိမ့်အမြင့် အတက်အကျတွေဟာ အများကြီးပါ။ ကဲ ဒီတော့ တစ်ယောက်ချင်းစီ အကြောင်းရေးပါမယ်။ ဖတ်လို့ ကောင်းချင်မှ ကောင်းပါလိမ့်မယ် ကျွန်တော်ကတော့ ကျွန်တော့ သူငယ်ချင်းတွေကို ခံစားမိသလို ရေးတာပါ။ ပထမဆုံး ဘယ်သူ့အကြောင်းကို အရင်ရေးရမယ်ဆိုတာ ကျွန်တော့်အတွက် ခေါင်းစားပါတယ်။ တအားခင်တဲ့ ဘော်ဒါတွေက အရမ်းများပါတယ်။ ခုတော့ တစ်ယောက်ကို အရင်ဆုံး တင်သွင်းရပါတော့မယ်။ ငယ်ငယ်ထဲက ပေါင်းတဲ့ ငယ်ပေါင်း သူငယ်ချင်းလဲဖြစ် ခုထက်ထိလည်း ကျွန်တော့်ဘေးမှာ အလုပ်တူတူ လုပ်နေတဲ့ ကျွန်တော့ အချစ်ဆုံး သူငယ်ချင်း ငသော့် အကြောင်းကို ရေးပါ့မယ်။

ကျွန်တော့အခေါ် = ငသော်
ချစ်စနိုးအခေါ် = ၀က်ပိန်း
စတင် ပေါင်းသင်းသည့် ခုနှစ် = ၁၉၉၃ ခုနှစ်
ထူးခြားချက် = စကားနည်းသည်၊ အမြဲပြုံးနေတတ်သည်၊ တခါတခါ အပျင်းနဲနဲကြီးသည်။
အလုပ်အကိုင် = Technical President (CronyNetz)


ငသော်တဲ့ ကျွန်တော့ဘ၀ထဲကို ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်လောက်က ရောက်လာတာပေါ့။ ကျွန်တော်တို့ ၅ တန်းကျောင်းသားဘ၀။ ကျွန်တော်နဲ့သူနဲ့ စိန်သြဂတ်စတင်းက ၅ တန်း E ခန်းမှာ ကျောင်းသားသစ်တွေ ဆိုတော့ တူတူ
ရောက်လာတာပေါ့။ စခင်တဲ့ ပုံလေးကိုကြည့်အုံးလေ သူက ကျွန်တော့် ခုံနောက်မှာ ထိုင်တယ် အဲဒီ့တုန်းက Correction Pen တွေ ခေတ်စားကာစ လူတွေက ဘော်လ်ပင်စသုံးရတဲ့ အတန်းဆိုတော့ အမှားများတာပေါ့။ အမှားများတော့ Correction Pen လေးတွေသုံးကြတယ် စတိုင်ပေါ့ဗျာ။ ကျွန်တော့် နောက်ကျောဘက်မှာ ထိုင်တဲ့ မျက်မှန်လေးနဲ့ ခပ်၀၀ ကောင်လေးဆီမှာ Correction Pen လှလှလေးရှိတယ် ကျွန်တော့မှာ မရှိဘူးဗျ။ သူ့ဆီက ခဏငှားတာပေါ့။ ငါ့ခဏငှားကွာ ဆိုတော့ အေးအေးပဲသူက ယူလေတဲ့ အဲဒီ့ကနေစပြီး ကျွန်တော့်ဘ၀ကို အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်စေတဲ့ ကောင်ပါပဲ။ သူက Correction Pen လေးငှားခဲ့ရုံတင် မဟုတ်ပါဘူး။ ကျွန်တော့ဘ၀ရဲ့ ပျက်စီးတော့မယ် အမှားတွေကို သူ့အသိဥာဏ်နဲ့ ယနေ့ထက်ထိ ထိန်းသိမ်းပေးတုန်းပါပဲ။ ခုထက်ထိလဲ အေးအေးရယ် ယူလေ လုပ်လေ အင်းဒါတော့ ကောင်းဘူးကွ မင်းကလဲ စိတ်လျှော့အုံး အဲဒီ့စကားလေးတွေ ဒီနေ့ထိပြောနေတုန်းပါ။ ကဲ ပြန်ဆက်လိုက်ရအောင် သူနဲ့ ကျွန်တော် အဲဒီ့လို စခင်လိုက်ပြီးနောက်ပိုင်း ကျောင်းမှာ တပူးပူး တတွဲတွဲပါပဲ။ ၅ တန်း တစ်ခန်းထဲ ၆ တန်း သူနဲ့ ကျွန်တော် အခန်းမတူတော့ဘူး သူကစာပိုတော်တော့ A ခန်း ကျွန်တော်က B ခန်း၊ ၇ တန်း ၈ တန်းတွေကတော့ A ခန်းမှာ တူတူပဲ။ ၉ တန်း၊ ၁၀ တန်း ကျွန်တော် B ခန်း သူ A ခန်း။ ဘယ်လောက်ပဲ အခန်းတွေ ကွဲသွားပါစေ ကျွန်တော်တို့ နှစ်ယောက် အတွဲမပျက်ခဲ့ဘူး။ ဘယ်လောက်တွဲလဲဆို ဒီနေ့ထက်ထိ သူနဲ့ ကျွန်တော် အလွန်ဆုံး မတွေ့ဖြစ်ရင် ၃ ရက် အဲဒီ့ထက်ဘယ်တုန်းကမှ မပိုခဲ့ဘူး။ ခရီင်္းတွေတူတူသွား စကားတွေပြော လက်ဘက်ရည်ဆိုင်ထိုင် ဘီယာတူတူသောက် အရက်တူတူသောက် ကုန်ကုန်ပြောမယ် ဒီကောင်နဲ့ ကျွန်တော့ကြားမှာ ဖုန်းကွယ်ထားတာ ဘာမှမရှိဘူး။ ကျွန်တော့ဘ၀ကို ကကြီးကနေအထိ သိတဲ့ကောင်ပေါ့။ ကျွန်တော်တို့ အိမ်တွေကလည်း သိပ်ခင်သွားကြတာပေါ့ ကျွန်တော်တို့ နှစ်ယောက် ရန်မဖြစ်ဖူးလားဆိုတော့ ဖြစ်တာပေါ့ ဒါပေမယ့် နာရီဝက်ထက်ပိုပြီး ကြာကြာ စိတ်မဆိုးဖူးဘူး တစ်ယောက်ကတော့ အမြဲလျှော့တယ်။ ကျွန်တော်တို့ နှစ်ယောက်ရန်ဖြစ်ရင် ကျွန်တော်တို့ အိမ်တွေက လင်မယားနှစ်ယောက် စကားများနေတယ်တဲ့ အဲဒီ့လိုကိုပြောတာ။ ကျွန်တော်တို့ နှစ်ယောက် စကားများရင် ဘယ်သူငယ်ချင်း ဘယ်မိဘ ဘယ်ဆွေမျိုးမှ ၀င်မပါရဲဘူး ပါတဲ့သူ အရူးဖြစ်ရော ခဏပဲလေ စကားများတာက ဥပမာ ကျွန်တော်က သူ့အိမ်ရောက်နေတုန်း သူနဲ့ စကားများတယ် ဆိုပါတော့ အော်ဆဲပြီး မင်းကွာ ငါလုပ်ရင်သေတော့မယ်လို့ပြော သူက မင်းလစ်တော့တဲ့ ကျွန်တော်ပြန်သွားမယ်လို့ ထင်လား လုံးဝမပြန်ဘူး ပြန်ပြောလိုက်တယ် ငါ့ဟာငါနေတာ မင့်အပူမပါဘူးလို့ ခဏတော့ အိမ်ရှေ့ဖြစ်ဖြစ် ထွက်ထိုင် သူ့အိမ်မှာ စားချင်တာလေးတွေ ရှာစား အဲ ဆေးလိပ်က ကုန်နေရင် သူ့ဆီမှာပဲ ရှိရင် ပြန်သွားပြီး ဟေ့ကောင် ငါ့ကိုဆေးလိပ်ပေး ဆိုပြီး ပြန်တောင်း လိုက်တာပဲ။ အဲဒီ့ကျတော့ ဟိုကောင်က ကိုယ့်ဘာသာ ၀ယ်သောက်ဖြစ်ရော ကျွန်တော်က အတင်းတောင်းတော့ လုကြယက်ကြ မောတော့ ဟီးဟီးဟားဟားနဲ့ အဆင်ပြန်ပြေသွားတာပေါ့။ ပြီးတော့ ထုံးစံအတိုင်း ဘီယာဆိုင်ရောက် သောက် မှောက်။

ငသော်ဟာ ကျွန်တော်နဲ့ အကျင့်ကအစ ပြောင်းပြန်ပါ စကားကလည်း မေးတစ်ခွန်း ဖြေတစ်ခွန်းရယ်။ တချိန်လုံး ပြုံးပြုံး ပြုံးပြုံးနဲ့ဗျ။ ရုပ်ရည်ကတော့ ရန်အောင်နဲ့ လွင်မိုး ကြားထဲက ရုပ်ကလေးလေ။ သူ့မှာ သူဘာသာ စပေါင်းတဲ့ သူငယ်ချင်း အတော်နည်းတယ် ကျွန်တော်တင်သွင်းလာတဲ့ ကောင်တွေနဲ့ လိုက်ပေါင်းတာများတယ် အဲဒါကြောင့် ကျွန်တော့်ဘော်ဒါဆို သူ့ဘော်ဒါဖြစ်သွားတာပေါ့။ လူတစ်ယောက်ကို စကားမာမာ ဘယ်တော့မှ ပြောတဲ့ကောင်မဟုတ်ဘူး ကျွန်တော့ကိုတော့ ပြောတာပေါ့ဗျာ။ ကျောင်းမှလည်း လူကအေးတော့ အပေါင်းအသင်းကနည်းတယ် ဒါပေမယ့် ဇီးရိုးဆိုတဲ့ ကျွန်တော်မွှေသမျှမှာတော့ ဒိုင်ခံပါရတာပေါ့ ရန်ဖြစ်ရင် ဘာမှပြောတဲ့ကောင်မဟုတ်ဘူး မင်းကလဲ ဖြစ်မနေစမ်းပါနဲ့ ဒီလောက်ပဲပြောတာ သူ့ပုံကြည့်ရတာ သိပ်အေးချမ်းတယ်လို့ တွေ့တဲ့လူတိုင်းက ချီးမွမ်းကြတာ ယနေ့ထက်ထိပါပဲ။ ငသော်က ကျွန်တော့ ဘ၀ကို အမှတ်တရတွေ အများကြီးယူဆောင်လာခဲ့သူပါ။ ကျွန်တော် သေခါနီး စဲစဲမှာ ကျွန်တော့် အသက်ကို ကယ်ခဲ့သူ ကျွန်တော် မှားတော့မယ့် အချိန်မှာ အမှန်တရားကို မီးမောင်းထိုးပြခဲ့သူပါ။ ကျွန်တော် ယနေ့ထက်ထိ သူ့စကားဆို အလေးအနက် နားထောင်စဲပါ။ ခုလည်း ကုမ္ပဏီအလုပ်ကို သူနဲ့ ကျွန်တော်တွဲပြီး လုပ်တာပေါ့ဗျာ။ စီးပွါးရေးအရ နက္ခတ်အရ ကျွန်တော်နဲ့ သူ ပေါင်းလုပ်လို့ မရဘူးလို့ အားလုံးကပြောကြတယ် ဒီကောင်ပြောတဲ့ စကားက သိပ်ရှင်းတယ် ငါတစ်သက်လုံး မင်းပဲပေါင်းလာတာ မင်းနဲ့ မှအလုပ် တူတူမလုပ်ရင် ငါဘယ်သူနဲ့ လုပ်ရအုံးမှာလဲ ငါမင်းကိုမှ ယုံကြည်မှုမရှိရင် ဘယ်သူ့ကိုမှ ယုံစရာ မရှိတော့ဘူးတဲ့။ ဟုတ်ပါရဲ့ ကျွန်တော်ကလည်း သူ့လိုပါပဲ ကျွန်တော်တို့ နှစ်ယောက်က အစစ အရာရာမှာ ပြောင်းပြန်ဆိုပေမယ့် တူတဲ့နေရာတွေတော့ ရှိတယ် သိပ်ခေါင်းမာတယ် အမှန်တရားကို မြတ်နိုးတယ် လိမ်မပြောတတ်ဘူး သူများကို မကောင်းမကြံဘူး နိုင်ငံရေး စိတ်ဓါတ်ပြင်းထန်တယ် စပြီးပြီဆို အောင်မြင်မှ ကျေနပ်တယ်။ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်စီခွဲထားရင် သိပ်ဖြစ်ဖြစ် မြောက်မြောက်မရှိပေမယ့် နှစ်ယောက်ပေါင်းသွားရင်တော့ အရာအားလုံးကို စိန်ခေါ်နေသူတွေပေါ့။ သူများဆီမှာလည်း အလုပ်သွားလုပ်ဖူးတယ် တစ်ယောက်က အဆင်မပြေဘူးဆို ဟိုအလုပ်ကို ဆောရီးပြောပြီး ပြန်လာတဲ့ ကောင်မျိုးတွေ။ ငွေရေး ကြေးရေးဆိုရင်တော့ ပြောမနေနဲ့တော့ သူ့ပိုက်ဆံ ကိုယ့်ပိုက်ဆံ ဒီနေ့ထိ မခွဲဘူး။ ရှိတဲ့ကောင်ထုတ်ပေး ဒါမျိုးနေတာ။ ဒီကောင့်ကြောင့် ကျွန်တော့်ဘ၀ကြီး ပြောင်းလဲခဲ့သလို ကျွန်တော့်ကြောင့်လည်း သူ့ဘ၀ဟာ ပြောင်းလဲခဲ့တာပါ။ သူငယ်ချင်းတွေ အများစုက ယောက်ျားခြင်း ပြန်ညားနေတဲ့ ကောင်တွေတဲ့။ အဲဒီ့လောက်ကို ကျွန်တော်တို့ အတွဲမပျက်တာ။ ကျွန်တော်ငယ်ငယ်က ဆယ်တန်းအောင်ပြီးကာစက GCE တက်တယ် ပြီးတော့ နိုင်ငံခြားသွားမယ်ပေါ့ ဒီကောင်တားရော တားတယ်ရယ် မဟုတ်ပါဘူး သူပြောတာလဲ အမှန်ပါ အဲဒီ့အချိန်က ကျွန်တော်က ဆိုးသွမ်းစာရင်းမှာ ထိပ်ကပါနေတာကိုး ဒီကောင်က ကျွန်တော့် အမေကို ပြောတယ် ဇီးရိုးကို နိုင်ငံခြားလွှတ်တာက မြင်းကိုဂျိုတတ်ပေးသလို ဖြစ်မှာပဲတဲ့။ အမေကလည်း စဉ်းစားသွားတယ် ဟုတ်တယ်လေ အဲဒီ့အချိန်လွှတ်လို့ကတော့ သေချာတယ် တလွဲတွေ အကုန်လုပ်မှာ ကျွန်တော်လည်း အဲဒါနဲ့ သွားတော့ဘူးကွာ ဆိုပြီး နေလိုက်တယ်။ တက္ကသိုလ်တက်တော့မယ် ဆိုတော့ သူက ကွန်ပျူတာ တက္ကသိုလ် ကျွန်တော်က ၃ မှတ်လား ၂ မှတ်လားနဲ့ ကပ်ပြုတ်တယ်။ ကျွန်တော် အင်တိုက်အားတိုက် လိုက်ပြောရင်တော့ တက်ရမှာပါ ဒါပေမယ့် ပြောမနေတော့ဘူး စီးပွါးရေး တက္ကသိုလ်ကိုပဲ ရောက်သွားတယ်။ ကျောင်းက သိပ်ဝေးတော့ နောက်ပိုင်းကျွန်တော် အဝေးသင်ကို ပြောင်းခဲ့တယ် ငသော်ကလည်း ကွန်ပျူတာ တက္ကသိုလ်မှာဆိုတော့ ကျွန်တော်က တစ်ယောက်ထဲ ပျင်းနေတာပေါ့။ ဒါပေမယ့် ဒီကောင်လည်း ကျောင်းသိပ်မသွားပါဘူး ကျွန်တော်နဲ့ လျှောက်လိုက်နေတာပါပဲ။ ကျွန်တော်လည်း ဒီကောင်တွေကျောင်းသွား တခါတခါ ချက်စ်ထိုး ပြန်ရင် ဘီယာသောက်နဲ့ ကွန်ပျူတာကကောင်တွေနဲ့ ပေါင်းတာပေါ့။ ဒီကောင်နဲ့ ကျွန်တော်က သင်တန်းတွေတော့ တူတူတက်တယ် ဒါပေမယ့် ဘယ်သင်တန်းမှ မပြီးဘူး သူပျင်းရင်ပျင်း မပျင်းရင် ကျွန်တော်ပျင်း ဒါနဲ့ထွက်ကျရော သင်တန်းက ထွက်ရင် ပြောနေကြစကားရှိသေးတယ် အလကားပါကွာ စာတွေလာ ဖတ်ပြနေတာ ဆွေးနွေးနေတာမှ မဟုတ်တာ တော်ပြီတက်တော့ဘူး အဲလိုပြောခဲ့တဲ့ ကောင်တွေပါ။ တကယ်လည်း ကျွန်တော်တို့ နှစ်ယောက်က ကိုယ့်ဘာသာ Discuss လုပ်ရတာကို သဘောကျခဲ့တဲ့ ကောင်တွေပါ။ ဒီနေ့ထိလည်း သူမသိတာကိုယ့်မေး ကိုယ်မသိတာသူ့မေး လုပ်နေတုန်းပါပဲ။ ထူးခြားချက်က ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက်ယုံကြည်တယ် ဘယ်တော့မှ လိမ်မပြောဘူး အမှန်တရားနဲ့ အရှိတရားကို ပြောတတ်တယ် သူ့ဘ၀ ကိုယ့်ဘ၀ ဒီလေက်သိနေတော့လည်း ကျွန်တော်တို့က ပါးစပ်ဟလိုက်တာနဲ့ မျက်လုံးကို ကြည့်လိုက်တာနဲ့ တစ်ထပ်တည်းကျခဲ့သူတွေပါ။ ကျွန်တော်ပြောချင်တဲ့စကားကို သူပြောနိုင်သလို သူပြောချင်တာကိုလည်း ကျွန်တော့်ပါးစပ်က ထွက်ပေးတတ်ပါတယ်။ သိပ်ခင် သိပ်ရင်းနှီးလွန်းတော့ မိန်းမတွေထက်တောင် ပိုချစ်ကြပါသေးတယ် (မှတ်ချက်။ သူ့မိန်းမ ကိုယ့်မိန်းမတော့ အလဲအလှယ် မလုပ်ပါ :D)။

ကျွန်တော် နိုင်ငံခြားသွားဖို့ ဒုတိယ အကြိမ်စီစဉ်တုန်းကလည်း ဒီကောင်က ဒီမှာ စီးပွါးရေးလုပ်ရအောင်ဆိုပြီး ပြောလာတော့ ကျွန်တော်လည်း သွားမယ့်ကိစ္စဘေးချိတ် ဒီကောင်နဲ့ ပေါင်းပြီး Cyber Cafe ဖွင့် ကုမ္ပဏီထောင် လုပ်တာပေါ့။ အဲ အလုပ်စပြီး သိပ်မကြာဘူး သူကနိုင်ငံခြားသွားမတဲ့ ကျွန်တော်က သွားပါနဲ့ကွာ ဒီမှာ အေးအေးနေပါ မိန်းမယူပေါ့လို့ ပြောတော့ လဒက မိန်းမယူလိုက်ရောဗျာ။ တစ်ယောက်စကား တစ်ယောက်ဒီလောက်ကို နားထောင်တာ ပြတ်ကရော။ သူမိန်းမယူတယ်ဆိုလို့ ပြောရအုံးမယ် သူ့ကောင်မလေး အင်းခုသူ့မိန်းမပေါ့ဗျာ စလိုက်ကာစက ကံကောင်းလို့ ကျွန်တော်တို့ အချုပ်ထဲမရောက်တာ သိပ်အေးတဲ့ကောင်နော် ရည်းစားစကားပြောတော့ ဘာလုပ်တယ်မှတ်တုန်း ကျွန်တော့်ကို ခေါ်သွားပြီးတော့ လိုက်ခဲ့ဒီနေ့ ရည်းစားစကားသွားပြောမှာတဲ့ ကျွန်တော်လည်း လိုက်သွားတာပေါ့။ ဟိုရောက်တော့ လဒက ကောင်းကောင်း မပြောဘူး လက်ကိုဆွဲပြီးပြောတာ ကျွန်တော့်မှာဗျာ ဘုရားတနေရတယ် မြို့လယ်ခေါင်ကြီး လူတွေကလည်း ကြည့်နေတယ် ကောင်မလေးကအော်ရင် သေချာပေါက် ပတ်ဝန်းကျင်က ဆော်ပလော်တီးမှာ ကျွန်တော်လည်း ဘေးမှာရှိတဲ့ ခဲတွေ တုတ်တွေ ကြည့်ထားရတာပေါ့ တော်သေးတယ် အဆင်ပြေသွားလို့ ဒီနေ့ထက်ထိ ကျွန်တော်မူးလာရင် ဒီကောင့်ကို အဲဒါပြောပြီး ဆဲတုန်း။ ခုတော့ မိန်းမလည်းရ ကလေးလည်းရ အေးဆေးပေါ့။ တစ်ခုတော့ရှိတယ် ဒီကောင်နဲ့ အရမ်းချစ်ခင်ပေမယ့် သူ့မိန်းမနဲ့ ကျွန်တော် အဲဒီ့လောက် မခင်ဘူးဗျ ကိစ္စမရှိပါဘူး သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေပေါ့။ သူ့မိန်းမလည်း ဒီကောင်နဲ့ ကျွန်တော့် ပေါင်းသင်းဆက်ဆံရေးကို နားလည်သွားတော့ ပြဿနာ မရှိတော့ဘူးပေါ့။ တခါကလည်း ဖြစ်သေးတယ် ကျွန်တော့်ကိုလာခေါ်တယ် သူ့ကောင်မလေး လမ်းထဲကကောင်တွေက သူ့ကို ရန်နဲနဲ ရှာချင်တယ်တဲ့ လိုက်ခဲ့တဲ့။ အဟား ဇီးရိုးတို့က ဘော်ဒါလာထိရင် အသက်ချင်းလဲ ပစ်လိုက်မှာပေါ့ လိုက်သွားလိုက်တယ် ကျွန်တော့ကားနဲ့ပဲသွားတာ ကျွန်တော့်ကားပေါ်မှာ ဓါးပါတယ် ဒုတ်ပါတယ် ဆော်မယ်ပေါ့။ ဟိုရောက်တော့ ကျွန်တော်လည်း ကဲပြစမ်း ဘယ်ကောင်တုန်းဆိုတော့ သူလည်းရှာတယ် တွေ့ဘူးဗျ ၅ နှစ် ၆ နှစ်အရွယ် ကလေးတွေပဲ ဘောလုံးကန်နေကြတာ ကျွန်တော်လည်း မင်းကို ရန်စတာ အဲဒီ့ကလေးတွေလားလို့ စတော့ ဒီကောင်ကဆဲရော တကယ်ပြောတာတဲ့ ဒါပေမယ့် သူ့ကို ရန်စတဲ့ ကောင်တွေကို မတွေ့ပါဘူး။ ဒီကောင်နဲ့ ပတ်သတ်ပြီးရန်ဖြစ်တာ တစ်ခါတော့ရှိဖူးတယ် သင်္ကြန်တွင်းကြီး ၁၉၉၉ ခုနှစ်ကပေါ့ မဏ္ဍပ်ထိုးတော့ ကျောင်းက ဒီကောင်နဲ့ ကောင်မလေးတစ်ယောက်ကို အပြိုင်လိုက်တဲ့ ကောင်တွေလာရော အဲဒီ့ကောင်မလေးက ကျွန်တော်တို့ မဏ္ဍပ်မှာလေ ဟိုကောင်တွေကလာတော့ ကောင်မလေးက မရှိဘူး။ ၃ ခါမြောက်လာလည်း မရှိဘူး ဒါနဲ့ ဟိုကောင်တွေက ဒီကောင့်ကြောင့်ဆိုပြီး ထင်ရော ပြဿနာကရှာရော ဒီကောင်က ဘာမှမပြောဘူး သူနဲ့ မတူသလို မတန်သလိုရယ် ကျွန်တော်က ကြားထဲက မနေနိုင်တာနဲ့ လိုက်ရိုက်တာ ဟိုဘက်ကကောင်တွေ တောင်းပန်မှ ပြီးတော့တယ်။ အဲဒီ့ကထဲက ငသော့်ကိုဆို ဘယ်သူမှ ရန်မစတော့ဘူး ရန်စလို့ ငသော်က ဘာမှ မပြောလည်း သေချာပေါက် ဇီးရိုးဆိုတဲ့ကောင်က ပြဿနာရှာမှာ အားလုံးသိသွားတာကိုး။ ကျွန်တော့်ဘ၀မှာ ဒီကောင့်ကို နိုင့်ထက်စီးနင်း လုပ်တဲ့သူ စကားကို မချေမငံ ပြောတဲ့သူဆို သိပ်မုန်းတယ် ကြည့်မရဘူး ယုတ်စွအဆုံး သူ့မိန်းမ သူ့ကို ပြဿနာ ရှာရင်တောင် မနေနိုင်လို့ ၀င်ပြောမိရော ခုနောက်ပိုင်း တော်တော် ဆင်ခြင်နေရတယ်။ ခုတော့ ကျွန်တော်သိပ်ချစ်တဲ့ ကျွန်တော့်သူငယ်ချင်းကြီးက နိုင်ငံခြားကို သွားတော့မယ်တဲ့ စိတ်ထဲကတော့ ဘယ်လိုမှ မလွှတ်ချင်ဘူး မသွားစေချင်ဘူးပေါ့ဗျာ ခုလိုပဲ တူတူ လုပ်စေချင်တာပေါ့ ဒါပေမယ့် အခြေအနေအရ သွားမှ ဖြစ်မယ်ဆိုတော့လည်း ကျွန်တော် ဘယ်တတ်နိုင်မှာလည်း သွားပေါ့ကွာလို့ ဒီနေ့ပဲ ပြောလိုက်တာ။ စိတ်ထဲကတော့ ၀မ်းနည်းသားပဲ။ ဒါပေမယ့် တစ်ဘက်ကတွေးတော့ ကောင်းသားပဲပေါ့။ ဒီကောင့်နဲ့ ကျွန်တော်က ဘ၀မှာ အမှတ်တရတွေက သိပ်များတော့ ရေးရင် ၀တ္ထုတစ်အုပ်စာ ကျော်သွားမယ် နောင်အလျည်းသင့်မှပဲ တစ်ခုချင်းစီကို ရေးတော့မယ် ခုတော့ ဒီလောက်ပဲဗျာ ဟိုကောင်လည်း ဒါကိုဖတ်ပြီး ကျွန်တော့်ကို ဆဲလို့ ရသွားပါပြီ။ နောက်များမှပဲ ဒီကောင်မူးပြီး သိုင်းကွက်နင်းတာတွေ သိုင်းချတာတွေ ရေးပြတော့မယ်။ တော်သေးပြီ။

Read More...

Saturday, November 17, 2007

ဖိုးဝစောင့်နတ်

ဒီ ဖိုးဝ ပေါ်တယ်ကို စလိုက်ကထဲက အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရနဲ့ လူလဲ တော်တော်မှ ချာလပတ်ရမ်းနေပြီ။ မိုးလင်းလည်း ဖိုးဝ မိုးချုပ်လည်း ဖိုးဝ တချိန်လုံး ဖိုးဝ ဖြစ်နေလို့ လူတွေက ငြိုငြင်လာပြီတဲ့။ ဒါလဲ ဂရုမစိုက်အားဘူး လုပ်မှာပဲ လုပ်မှာပဲဆိုပြီး အော်နေမိတယ်။ ခုလည်းကြည့်လေ ဖိုးဝ နဲ့ အပြိုင် တခြား ပေါ်တယ်တွေ ပေါ်လာတော့မယ်ဆိုတော့ လူက ကတုန်ကရင်တွေဖြစ်လို့ ကြောက်လို့တော့ မဟုတ်ဘူး သိပ်ပြီး ဦးချင်တာ စိတ်ကိုက ဂဏာမငြိမ်ဘူး။ ဖိုးဝ ကို ဗမာပေါ်တယ် တစ်ခုအနေနဲ့ ထူထောင်တုန်းက လူတွေကပြောတယ် မင်းရူးနေသလားတဲ့။ ဘယ်က ၀င်ငွေရမှာလဲတဲ့။ ဟုတ်ပါ့ တပြားမှ ခုထိ မ၀င်သေးဘူး။ ဒါပေမယ့် ပြောခဲ့ဖူးတယ် အချိန်က စကားပြောပါလိမ့်မယ်လို့ စေတနာ အကျိုးပေးပါလိမ့်မယ်လို့။ ဟုတ်တယ် ခုဝင်ငွေလေးတွေ မြင်လာရတော့ လူက စိတ်ချမ်းသာတယ်။ ဒါပေမယ့်ဗျာ နောက်ကနေ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ကုမ္ပဏီကြီးတွေက ကျွန်တော့် ဖိုးဝလေးကို ကြည့်ပြီး ဆော်ကြတော့မယ်ဆိုတော့ ကျောတော့ချမ်းသား။ သူတို့က ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ကျွန်တော့်ထက်သာတယ် လူအင်အားကောင်းတယ် ပိုင်ရာဆိုင်ရာ များတယ်ဗျ။ ကျွန်တော်မှာတော့ အဲဒါမျိုးတွေ မရှိဘူး လုပ်ချင်တဲ့စိတ်ရယ် လုပ်မှာပဲဆိုတဲ့ ခေါင်းမာမှုရယ် ဒါပဲရှိတာ။ အဲဒီ့တော့ဗျာ လူတွေ ဘာသုံးချင်သလဲ ကျွန်တော့်ဘက်က ဖြည့်ဆီးဖို့ အသင့်ပါပဲ။ ကဲ ကျွန်တော်ဘာဆက်လုပ်ပေးရမလဲ များများသုံးစေချင်တာ စေတနာပါ။ ဖိုးဝ ကို နေ့စဉ်သုံးပေးတဲ့ သူအပေါင်းကို ဘုရားရှိခိုးတိုင်း ထည့်ဆုတောာင်းပေးရတာ အမော။ ကျွန်တော့်ကို ခင်မင်ကြရင်ဖြင့် အိုင်ဒီယာလေများ ပေးသနားတော်မူကြပါလို့ တောင်းပန်ပါရစေ။ ဖိုးဝမရှိရင် ကျွန်တော်လည်း ဘာမှ လုပ်တတ်တော့မယ် မထင်ပါဘူး။ ခုတောင် အကြွေးက လည်ပင်းခိုက်နေတယ် အဟက်ဟက်ဟက် ထုတ်ကြွားတယ် မထင်စေချင်ဘူး။ ကျွန်တော့်မှာ တနေ့တနေ့ ဖိုးဝ အတွက် ကုန်တဲ့ ပိုက်ပိုက်တွေ ထိုင်ထိုင်ကြည့်နေရတာ။ သူငယ်ချင်းတစ်ယောက် ပြောသလိုဆို ကားဝယ်စီးလိုက်ပါလားတဲ့ မင့်ဟာက ခုထိဘာမှလည်း ၀င်ငွေမရသေးဘူးတဲ့။ ဟုတ်ကဲ့ ကားဝယ်ရောင်းလုပ်တာ ဒီနိုင်ငံမှာသာ စီးပွါးရေးပါဗျာ ကျွန်တော်တော့ အဲဒါတွေကို စိတ်ကုန်တယ်။ ခုဟာက နည်းပညာ အကူအညီနဲ့ လုပ်ထားတဲ့ မီဒီယာဆိုတော့ ကျွန်တော်တန်ဖိုးထားတယ်။ သတင်းဆိုလည်း ကျွန်တော်က ၀ယ်ရတာပါ အလကားရဘူးဗျ။ ဂျာနယ်ကဟာတွေ တင်ဖို့ သူများတွေ ပြောပေမယ့် အဲဒါဆို Online က Offline ထက်ပိုနောက်ကျနေမှာပေါ့ ပြီးတော့ အဲဒါမျိုးကိုလည်း ကျွန်တော်က ပေါ်တယ်လို့ မသတ်မှတ်နိုင်ဘူး ခက်ကုန်ရော။ အဲဒီ့တော့ ဘာဖြစ်သလဲဆိုတော့ ၀ယ်တယ် တင်တယ် ကုန်တယ် လုံးလည် ခြာလည်ကို လိုက်နေတာပဲ။ ကျွန်တော့်ကို ကူညီပြီး အိုင်ဒီယာလေးများ ပေးကြပါ။ နေ့စဉ်သုံးပေးကြပါလို့ လက်လှမ်းမှီသလောက်လဲ ပြောပေးကြပါလို့။ ဗမာ လူငယ်တစ်ယောက် ကြိုးစားပမ်းစားနဲ့ ခေါင်းမာပြီး အကုန်ခံပြီး လုပ်ထားတဲ့ ဒီ ဖိုးဝ ကို အားပေးကြရင်ဖြင့် ကျွန်တော့်ဘက်က အတိုင်းထက် အလွန်ဝမ်းသာမိမှာ အမှန်ပါဗျာ။ ကဲ Comment လေးများ ၀င်ပွတ်ပေးကြပါဗျာ။

Read More...

Friday, November 16, 2007

ငါ . . . ဘာကောင်လဲ ???


ကိုယ့်ဘာသာ ပြန်အမေးဖြစ်ဆုံး စကားလုံးပေါ့။ သူများတွေကို မေးလည်း အဖြေက မနီးစပ်တာရယ် သိပ်မကြိုက်ချင်တာရယ် (မကောင်းတာထည့်ပြောရင် မကြိုက်ဘူးလေ)။ မြှောက်ပြောတယ် ထင်တာရယ်။ စဉ်းစားရ တော်တော်ကျပ်တယ်။ အရင်ဆုံး ကိုယ့်ရဲ့ ပုံပန်းသဏ္ဍန်ကို ပြန်စမ်းစစ်ရမယ် ပြီးမှ စိတ်နေစိတ်ထားကို ပြန်စိစစ်။ ဟုတ်ပြီ အဲဒီတော့ ကိုယ့်ဘာသာ ပြန်မြင်အောင် ကြည့်ရတာ ခက်တော့ခက်တယ် သို့ပေမယ့် ကျေနပ်စရာ ကောင်းတယ်လို့လည်း ထင်ပါတယ်။ ငါ ဘာကောင်လဲဆိုတာကို ပြန်ရေးလိုက်တော့ ပေါ့ပါးသွားတယ်။ ကဲ ပြောပြမယ် နားထောင် ဂလိုမျိုးကွဲ့ . . .

ပုံပန်းသဏ္ဍန်
- ဆံပင်ကျဲတယ် (နဖူးပြောင်တဲ့ သဘောပေါ့ ဒါပေမယ့် ကိုယ့်ဘာသာ ကမ္ဘာကျော် ခေါင်းဆောင်ကြီးတွေလည်း ပြောင်တာပဲလို့ အားပေးထားတယ် အမြဲတမ်း ကတုံး ဆံပင်ပေါက်နဲ့ နေတယ်)
- မျက်လုံး အညိုရောင်၊ အကြည့်စူးတယ် (သူများတွေ ခဏခဏပြောတယ် သိပ်အကြည့်စူးတယ်တဲ့ ကောင်မလေးတွေ ကတော့ ခေါ်တော ၅ သိန်းအားတဲ့)
- နှုတ်ခေါင်း ချွန်ချွန်
- မုတ်ဆိတ် ကျင်စွယ် ကျိုးတိုး ကျဲတဲ (ကိုယ့်ဘာသာတော့ အလွန်လှတယ် ထင်တာပဲ သူများတွေကတော့ ဘင်လာဒင် မုတ်ဆိတ်မွှေးမီးလောင်သွားတဲ့ ပုံမျိုးဆိုပဲ)
- နားကပ်တစ်ဖက် တပ်ထားတယ် (ဘယ်ဘက်မှာပါ နားပေါက် အကြောင်းသိချင်ရင် ကျွန်တော့် အရင် ပို့စ်အဟောင်း တစ်ခု ဖြစ်တဲ့ ကျွန်တော့နားပေါက်လေး မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်)
- မ၀ မပိန် အနေတော် (တချို့ကတော့ ပိန်တယ် ပြောတယ် ကိုယ့်ကိုကိုယ်တော့ မပိန်ဘူးထင်တာပဲ)
- အလေးချိန် ပေါင် ၁၂၅ ပေါင် ပတ်ဝန်းကျင်
- အရပ် ၅ ပေ ၉ လက်မ (ခါးမကိုင်းပါ)
- လက်ချောင်း ခြေချောင်း ရှည်တယ် (သူများတွေက ရှည်လမျောကြီးတဲ့ ကိုယ့်ဘာသာကိုယ်တော့ အနုပညာဆန်တယ် ထင်နေတာ)
အနှစ်ချုပ်ပြောရရင်တော့ ယောက်ျားပီသတယ်ပေါ့ဗျာ (ယုံဘူးလား တကယ်ကြီးပါဆို သက်သေပြရမှာလား ဟင် အဟက်ဟက်ဟက်) တချို့ကတော့ ချောတယ်တဲ့ တချို့ကတော့ မာဖီးယား ခေါင်းဆောင်တဲ့ တချို့ကတော့ ဘင်လာဒင်တဲ့ တချို့ကတော့ ရီယိုဖာဒီနန်တဲ့ ပြောကြသဗျ ကျွန်တော်က မမြောက်တတ်ပါဘူး အဟဲ တကယ်တမ်းက ဘရက်ပစ်နဲ့ နင်လားငါလားပုံမျိုး

စိတ်နေစိတ်ထား
- စိတ်ဆတ်တယ် (အကြွေးမဆပ်ဘူး :D)
- မဟုတ်မခံ လိမ်မပြောတတ်ဘူး
- အတ္တကြီးတယ်
- ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တယ် (ရှေ့နောက် သိပ်မစဉ်းစားပါ)
- လုပ်ချင်တာလုပ်ပြီးလို့ ဖြစ်သမျှကို ခံနိုင်တယ် ဘယ်တော့မှ သူများကို ပုံမချတတ်ပါ (လုပ်ရဲရင် ခံရဲတယ်)
- စကားများများ ပြောတတ်ပေမယ့် တိတ်ဆိတ်တာကို ပိုသဘောကျတယ်
- မိသားစု သူငယ်ချင်းတွေနဲ့ ပျော်တတ်ပေမယ့် သူစိမ်းတွေနဲ့ဆို စိတ်ညစ်တတ်တယ်
- တွေ့သမျှလူနဲ့ ခင်အောင် ပေါင်းနိုင်တယ်
- စိတ်ကူးယဉ်တတ်တယ် (ရုပ်နဲ့ စိတ်နဲ့ တခြားစီလို့ ပြောတတ်ကြတယ်)
- အရောင်ထဲမှာ အနီရောင်ကို သဘောအကျဆုံး (ငယ်ငယ်ထဲက ခုထိ လုံးဝ ပြောင်းလဲမှု မရှိသေးပါ)
- စိတ်ညစ် မခံဘူး အရာရာကို ဟာသလုပ်ပြစ်တတ်တယ်
- အရက်၊ ဘီယာ၊ ဆေးလိပ် အကုန်ကြိုက်တယ် (ကွမ်းမစားတတ်ပါ)
- ထမင်း၊ ဟင်းကို ဂျီးများတယ် ငါးဆိုမစားဘူး အမဲသား ရှောင်ထားတယ်
- အပျင်းမကြီးတတ်ပါ အမြဲတမ်း တက်ကြွနေတယ်
- ဆရာလုပ်တတ်တယ် တပည့်မလုပ်တတ်ဘူး
အနှစ်ချုပ်ပြောရရင်တော့ ခေါင်းဆောင်ပဲ လုပ်တတ်တယ် စိတ်မြန်တယ် ညှာတာတတ်ပေမယ့် အလုပ်နဲ့ ပတ်သတ်လာရင် သည်းမခံတတ်ဘူး စိတ်ဆတ်တော့ တခါတခါ အပြောအဆိုက အဆင်မပြေဘူးပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်နဲ့ ပေါင်းပြီးရင် တသက်လုံးခင်သွားကြတာ များပါတယ်။ ရန်သူနည်းတယ် မိတ်ဆွေများတယ် သူငယ်ချင်းဆိုတာကတော့ ရေလို့တောင် မကုန်ဘူး အဟက်ဟက်ဟက် ကဲ ဒီလောက်ပါပဲ ကျွန်တော် မေ့ကျန်ခဲ့တာတွေ ရှိရင်ရှိအုံးမှာပါ ခုလောလောဆယ်တော့ ချရေးလိုက်ရလို့ အတော်ပေါ့သွားတယ် ဒါနဲ့ ခုတလော သူများတွေ ဟိုတက် ဒီတက် နဲ့ ကိုယ်လည်း မပါရတော့ ကိုယ်ကပဲ စပြီး ပြန်တက်လိုက်တယ် ကျွန်တော့် အနေနဲ့ ငါ . . . ဘာကောင်လဲ ??? ဆိုတဲ့ ခေါင်းစဉ်ကို ရေးပေးစေချင်တဲ့ ဘလော့ဂ်ဂါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ကိုစိုးထက်
- ညိမ်းညို
- မိုးစက်
- မျှားပြာ
- မခင်မင်းဇော်
- ပန်ဒိုရာ
- ဂျေ
- Rapster

Read More...

Friday, November 9, 2007

တစ်ကြိမ်လောက်သာ ဆုတောင်းပြည့်မယ်ဆိုရင်

“ခွမ်း”
ရေအိုးခွဲလိုက်တဲ့ အသံဟာ ထိန်ပင် သုဿန်ထဲမှာ လွင့်ပြန့်သွားတယ်။ အစီစီ အရီရီ လိုက်ပါပို့ဆောင်နေတဲ့ ပရိတ်သတ်ရဲ့ ရှေ့ဆုံးကသွားနေသူ တစ်ဦးရဲ့ ရေအိုးကို ပစ်မြှောက်ပြီး ခွဲလိုက်တဲ့ အသံပေါ့။ အားလုံးရဲ့ မျက်နှာ တွေမှာ ညှိုးငယ်မှုတွေ အထင်းသား၊ အဲဒီထဲက တစ်ချို့ တစ်ချို့သောသူတွေရဲ့ မျက်နှာတွေမှာတော့ ရေအိုးကို ခွဲလိုက်တဲ့ ကျွန်တော့်ကို စိုးရိမ်စိတ်တွေ အပြည့်နဲ့ ကြည့်နေတဲ့ မျက်ဝန်းတွေ။ အားလုံး ပြီးသွားခဲ့ပါပြီ။ အားလုံး ပြီးဆုံး သွားခဲ့ပါပြီ။ လူတစ်ယောက်ရဲ့ နောက်ဆုံး ခရီးမှာ ဒီရေအိုးခွဲသံဟာ သူ့ ခန္ဓာကိုယ်ကြီးကို အပြီးတိုင် စွန့်လွှတ် ရတော့မယ် ဆိုတဲ့ သတိပေး ခေါင်းလောင်းသံပေါ့။ သာယာနာပျော်ဖွယ် လုံးဝမရှိတာ သေချာပါတယ်။ ရေအိုးကို ခွဲလိုက်တဲ့ ကျွန်တော်ဟာ လူတန်းရှည်ကြီးရဲ့ ရှေ့ဆုံးမှာ နေရာယူပြီး တည်တည်ငြိမ်ငြိမ် ဦးဆောင် သွားခဲ့ပါတယ်။
“ကဲ ကဲ အားလုံးပဲ နောက်ဆုံး အကြိမ် ကြည့်ကြပါ”
ဒါကတော့ သင်္ချိုင်း စောင့် အလုပ်သမားကြီးရဲ့ သတိပေးစကားပါ။ တချို့လည်း ငိုကြ တချို့လည်း သေသူရဲ့ နာမည်ကို မြည်တမ်းကြပေါ့။ များသောအားဖြင့်က အသက်ကြီးကြီး မိန်းမကြီးတွေက “မအယ် ရေ သွားနှင့်ပေါ့။ ညီး ကတော့ သွားနှင့်ပြီပေါ့။ ညည်း ရဲ့ မြေးကြီးကို စိတ်မချဘူးဆို အေ့ ထကြည့်ပါအုံး အေ့” အော်ဟစ် ငိုယိုနေကြတာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပဲ့တင်နေတော့တယ်။ တချို့က တော့ ခုနက ဦးဆောင်သွားခဲ့တဲ့ ကျွန်တော့်ကို “သားကြီး ငိုချလိုက်လေ ငိုလိုက်လေ။ တင်းမထားနဲ့ သား ဖွားဖွား မရှိတော့ဘူး ငိုလိုက်လေ။” ဆိုပြီး စိုးရိမ်မှုတွေနဲ့ ပြောနေကြတာကို တွေ့နေရတယ်။ မငိုပါ ကျွန်တော် လုံးဝမငိုပါ။ အသံထွက်မလာပါ။ ကျွန်တော့်ဘာသာကျွန်တော် အဖွားကို စိုက်ကြည့်နေမိတယ်။ ပြီးမှ အဖွားရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကြီးကို ဖြေးဖြေးလေးငုံ့ပြီး နဖူးလေးကို နမ်းလိုက်တယ်။ မျက်ရည်တစ်စက် အဖွားရဲ့ နဖူးပေါ်မှာ တင်ကျန်ခဲ့တယ်။ သွားနှင့်ပေါ့ ဖွားရယ်။ သားတို့လဲ တနေ့ လိုက်ရမှာပဲ။ အနှေး အမြန်ပဲ ကွာမှာပေါ့။ ဖွား မကြိုက်ဘူး ဆိုလို့ သားမငိုဘူးနော်။ ကျွန်တော့်ရင်ထဲမှာ တိတ်တိတ်လေး ကျွန်တော် တစ်ယောက်ထဲ ပြောလိုက်တယ်။ ဒီစကားတွေကိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်အဖွားရော ကျန်တဲ့ ဘေးပတ်ဝန်းကျင်က လူတွေပါ ကြားရမှာ မဟုတ်ပါဘူး။ ကိစ္စတွေ အားလုံးပြီးတော့ ပြန်ကြမယ်လုပ်တုန်း ကျွန်တော်တစ်ယောက်ထဲ နောက်ဆုံးမှာ ချန်နေခဲ့မိတယ်။ ခုနကတော့ ရှေ့ဆုံးမှာ ဦးဆောင်ခဲ့ပေမယ့်။ ခုတော့ နောက်ဆုံးမှာ မတ်တတ်ရပ်ပြီး ကျန်နေခဲ့တယ်။ ကျွန်တော့်ကို အစ်ကို ၀မ်းကွဲတွေက ပြန်ကြစို့လို့ပြောတော့။ “အေးအေးပေါ့ကွာ၊ ဘာအတွက် အရင်လိုရဦးတော့ မှာလဲ” ဒါပဲပြောပြီးရပ်မြဲ ရပ်နေတယ်။ ခဏနေတော့ ကျွန်တော့် မျက်ဝန်းအစုံကနေ မျက်ရည်တွေ လိမ့်ဆင်းလာတယ်။ ကျွန်တော် ငိုနေတာ မဟုတ်ပါ မျက်ရည်ကျနေခြင်းသာ ဖြစ်ပါတယ်။

အဖွားဆုံးတဲ့ နေ့ကို ကျွန်တော့်စိတ် လွင့်ပြန့်သွားတယ်။ မနက် ၂ နာရီ ၀န်းကျင် သမီးရဲ့ စူးစူးဝါးဝါးငိုသံကြောင့် ကျွန်တော်နိုးလာတယ်။ သမီးဘာဖြစ်လို့လဲ ဆိုပြီး ထကြည့်နေတုန်း ကျွန်တော့် အမေ ကျွန်တော့် အခန်းထဲ ၀င်လာပြီး “သားရေ မင်းအဖွားတော့ မရတော့ဘူးထင်တယ်” “ဟုတ်လားမေ သားလာပြီ” အဲဒီလိုနဲ့ ကျွန်တော် အဖွားအခန်းထဲကို ၀င်သွားတော့။ ကုတင်ဘေးမှာ ထိုင်နေတဲ့ နာစ့်မလေးက အခြေအနေ မကောင်းဘူးဆိုတာ ခေါင်းလေးခါပြတယ်။ ပြီးတော့ ကျွန်တော့်အမေက ကျွန်တော့် အဖွားနားကိုကပ်ပြီး “အမေ အမေ့မြေးကြီး နိုးလာပြီ အမေ” လို့ပြောလိုက်သံကြားတော့ အဖွားက မျက်လုံးလေးဖွင့်ကြည့်ပြီး “ဘာလို့ သွားနှိုးတာလဲ အိပ်ရေးပျက် နေပါအုံးမယ်။ သာကြီး ပြန်အိပ်ချင် အိပ်လေ ဖွား ဘာမှ မဖြစ်ဘူး နည်းနည်း မောလို့”
“ရပါတယ်ဖွားရဲ့ သားအိပ်ရေးမပျက်ပါဘူး အေးဆေးပါ ဒီလောက်တော့ မှန်း ဖွားမောနေတယ်လား ကောင်းသွားမှာပါ ဘာလို့ စောင်မခြုံတာလဲ အေးကအေးသနဲ့”
“ဖွား ပူလွန်းလို့ပါသားရယ် ကျောတွေလဲပူတယ် ရင်တွေလဲပူတယ်”
“အော် အင်းအင်း ဟုတ်ပ သားလဲ ချွေတောင်ထွက်လာပြီ ဟင်း ဟင်း ဟင်း မေ့ပြီးပြောမိတာ” အဲဒီအချိန်မှာ ဖွားအခန်းဟာ လေအေးပေးစက်ရဲ့ ဂိတ်ဆုံးဖွင့်ထားမှုကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ အခြေအနေမှာပါ။ အဖွားကသာ ကင်ဆာသမားတို့ ထုံးစံအတိုင်း တကိုယ်လုံး ပူလောင်နေတယ်လို့ ခံစားနေရတာပါ။ ကျန်တဲ့လူတွေဆိုတာ အေးလွန်းလို့ တုန်တောင်နေရှာပါတယ်။ ကျွန်တော်ကလဲ စွပ်ကျယ်လေးနဲ့ ဆိုတော့ ချမ်းတာပေါ့။ ဒါပေမယ့် ချမ်းတဲ့ပုံ လုံးဝမပြပဲ နေနေလိုက်တယ်။
“ကောင်းသွားမှာပါ ဖွားရဲ့ ကောင်းသွားမှာပါ ဒီလိုပဲလေ တစ်ခါတစ်ခါတော့ ခံရတာပေါ့ ဆရာဝန်ကြီးကို ခေါ်ပေးမယ်လေနော်။ ခဏနေရင် လာမှာပါ။”
“နေပါစေသားရယ် မိုးလင်းမှခေါ်ပေါ့ ညကြီးမင်းကြီး အားနာစရာ ထားလိုက်ပါ။” နာစ့်မလေးက အဖွားကို သွေးပေါင်ချိန်တိုင်းကြည့်ပါတယ်။ သုည မှာ ဖြစ်လိုက် နည်းနည်း ပြန်တက်လာလိုက် သွေးပေါင်ချိန် လုံးဝမမှန်တော့ပါဘူး။ နာရီပိုင်းပဲ ခံတော့မယ်ဆိုတဲ့ အရိပ်အယောင်တွေပေါ့။ ကျွန်တော် ၀မ်းနည်းသွားတယ်။ အဖွားကို လက်လွှတ်ရတော့မယ်ဆိုတဲ့ အသိက ကျွန်တော့်ရင်ထဲမှာ မောနေအောင် ခံစားလိုက်ရတယ်။ ကျွန်တော့်အဖေကို ကျွန်တော်ခေါ်လိုက်တယ် အဖေက အဖွားနားမှာ လာထိုင်ပြီး မာမီဘာဖြစ်လို့လဲ ကောင်းသွားမှာနော် မာမီ။ သူ့ယောက္ခမကြီးကို သူနှစ်သိမ်နေပေမယ့် သူ့မျက်ဝန်းတွေကတော့ ၀မ်းနည်းမှုတွေ ပြည့်လျှံနေတာ သိသာတယ်။ ကျွန်တော့်အဖေကို ကျွန်တော်က ခေါင်းခါပြတော့ အဖေက ဘာမှမဖြစ်ပါဘူး ဆိုတဲ့ အားပေးစကားပြောပြီး အိမ်ရှေ့ခန်းကို ထွက်ထိုင်နေတော့တယ်။
“အမေ တရားနာမလားဟင် သမီး တရားခွေ ဖွင့်ထားတယ် နာလိုက်နော်”
“အေးအေး ဒါပေမယ့် အကျယ်ကြီးမဖွင့်နဲ့ တိုးတိုးပဲဖွင့် ကြားရတယ် ပူလိုက်တာနော် ပူလိုက်တာ”
“သားကြီး အလုပ်အကိုင် အဆင်ပြေတယ် မဟုတ်လား သားကြီး ငါ့မြေးကြီး ကောင်းကောင်းနေနော် မဟုတ်တာမလုပ်နဲ့ မလိမ်နဲ့ မညာနဲ့ သူတပါးကို ထိခိုက်အောင်မလုပ်နဲ့ ဘယ်အရာမဆို အောင်မြင်အောင်လုပ် ဖွားမရှိတော့ရင် အမေတို့ အဖေတို့နဲ့ ရန်မဖြစ်နဲ့ ကိုယ့်သားသမီး၊ မိန်းမ ကို ဂရုစိုက်နော်။ ငါ့မြေးကို ဖွားစိတ်မချဘူး။ ငါ့မြေး ငိုတာကို ဖွားမကြည့်ချင်ဘူး မကြည့်ရက်ဘူး သားကြီး တစ်သက်လုံး စိတ်ချမ်းသာတာပဲ မြင်ချင်တာ”
“ဖွား မောမယ် ဖြေးဖြေးပြော သားလိမ္မာပါတယ်။ ဖွားမကြိုက်တာ မလုပ်ဘူး။ အားလုံးကိုလဲ ဂရုစိုက်ပါ့မယ်။ ပြီးတော့ ဖွားမကြိုက်ရင် မငိုပါဘူး။ ခုလဲ မငိုပါဘူးဖွားရဲ့ အသံနည်းနည်း နာနေလို့ပါ”
ခဏနေတော့ ဖွားရဲ့ အစ်မတွေ ဖွားဘေးနားမှာ လာထိုင်ပြီး
“မအယ် ဘုရားကို အာရုံပြု စိတ်ကို လွှတ်မထားနဲ့ ဝေဒနာကိုမှတ် ညည်း မြေးကြီးက အသက်ပဲ ကြီးလှပြီ လူကြီး ဖြစ်နေပြီ စိတ်ချပေါ့ ဘုရားကိုသာ အာရုံပြုနော် ငါ့ညီမရယ် တခြားဟာတွေ မတွေးစမ်းပါနဲ့”
“မမကြည် သားကြီးကို ကျွန်မ စိတ်မချဘူး”
“အို အေ ဒါတွေ တွေးမနေစမ်းပါနဲ့ သူကလိမ္မာပါတယ် ကိုယ့်ဘာသာ ဘုရားတရားကို နှလုံးသွင်း”
အဲဒီ အချိန်မှာ ကျွန်တော့် ဗိုက်တွေ တအားထိုးအောင့်လာပါတယ်။ ၀မ်းသွားချင်စိတ် ပေါက်လာလို့ ထိန်းထားပေမယ့် မရပါဘူး။ ဒါနဲ့ ခဏနော်ဆိုပြီး အဲဒီ့နားက ထွက်သွားရတယ်။ ၅ မိနစ်လောက် အကြာမှာ အဖွားအခန်းထဲကို ပြန်ရောက်တော့ အဖွားဟာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေပါပြီ။ အမေကတော့ ပြောတယ် ခုနက မင်းထွက်သွားတုန်းက မင့်အဖွား တော်တော် ခံစားနေရတာ ကြည့်တောင်မကြည့်ရက်ဘူးတဲ့။ ကျွန်တော် ပြန်ရောက်တဲ့ အချိန်မှာ အဖွားဘေးမှာ ကပ်ထိုင်ရင်း အဖွားလက်ကို ကိုင်ထားတော့ ကျွန်တော်မှန်းသိပြီး လက်ကို တဘုန်းဘုန်းနဲ့ ရိုက်ပါတယ်။ စိတ်မချဘူးဆိုတဲ့ သဘောပေါ့။ သိပ်ကြာကြာမခံတော့ပါဘူး အဖွားဟာ ၁၅ မိနစ် အကြာမှာ သူသိပ်ချစ်တယ်ဆိုတဲ့ မြေးကြီးလက်ကိုကိုင်ရင်းနဲ့ လောကကြီးကို ကျောခိုင်းသွားပါတော့တယ်။ အမေ့ငိုသံ စူးစူးနဲ့ ဘေးက အဖွားအစ်မတွေရဲ့ ငိုသံတွေကြားမှာ ကျွန်တော်ဟာ လုံးဝ တိတ်ဆိတ်သွားခဲ့ရပါတယ်။ အဲဒီ့နေ့ မနက်အာရုဏ်မှာ အဖွားက သူလှူခဲ့တာတွေ အားလုံးကို နောက်တစ်ခါ ရေစက်ချမလို့ စီစဉ်ထားတဲ့ အလှူရှိပါတယ်။ အဖွား ရေစက်မချလိုက်နိုင်ခဲ့ပါဘူး။ ဆုံးသွားတဲ့ အချိန်က မနက်ခင်း ၃ နာရီ ၁၅ မိနစ်လောက်မှာဆိုတော့ ဘယ်ကိုစပြီး ဖုန်းဆက်ရမယ်မှန်း မသိဘူး။ ဒါနဲ့ ခဏထိုင်ပြီး နားနေရင်း လုပ်ရမယ့် အလုပ်တွေကို အဖေနဲ့ တိုင်ပင်လိုက်တယ်။ ၄ နာရီမှာ ဘုန်းဘုန်းဆီကို အရင်ဖုန်းဆက်ဖြစ်တယ်။
“အရှင်ဘုရား တပည့်တော် အဖွားဆုံးသွားပါပြီ သက်ပျောက်ဆွမ်း အနေနဲ့ပဲ အလှူကို ဆက်လုပ်ပါ့မယ်ဘုရား” လို့ဘုန်းဘုန်းကို လျှောက်လိုက်ပြီးမှ သွားပင့်လိုက်ပါတယ်။ အဲဒီအချိန်မှာ အဖေနဲ့ အမေက ဆွေမျိုးတွေဆီ ဖုန်းတွေဆက် လုပ်စရာရှိတာတွေ ဆက်လုပ်နေပါတယ်။ ကျွန်တော် ဘုန်းကြီးကျောင်းကိုသွားပြီး ဘုန်းဘုန်းကိုသွားပင့်ပါတယ်။ တစ်လမ်းလုံး ကားမောင်းရင်း ဘာစကားမှ မပြောတော့ပါဘူး။ ဘုန်းဘုန်းကတော့ ဘယ်နှစ်နာရီဆုံးတာလဲ ဆိုပြီးမေးတယ်။ အဲဒါကိုပြန်ဖြေပြီးတော့ ဘာမှ ဆက်မပြောဖြစ်တော့ပါဘူး။ အိမ်ရောက်တော့ သက်ပျောက်ဆွမ်းကပ်ပြီး အဖွားမချ ရတဲ့ ရေစက်ကို ကျွန်တော်ချပါတယ်။ ဘုန်းကြီးကို ပြန်ပို့ရမယ့်အချိန်နဲ့ အဖွားရဲ့ ရုပ်အလောင်းကို လာသယ်မယ့် ယာဉ် လာမယ့်အချိန်က အံကိုက်နီးပါဖြစ်နေတယ်။ ကျွန်တော့ကို တစ်အိမ်လုံးက ဘုန်းဘုန်းကို ပြန်ပို့ပေးဖို့ပြောတယ်။ ကျွန်တော်ရှိနေရင် အဖွားရဲ့ ရုပ်အလောင်းကို သယ်ဖို့ခက်မှာ စိုးရိမ်လို့နေပါလိမ့်မယ်။ ဒါနဲ့ ကျွန်တော်လည်း ဘာမှ မပြောတော့ဘဲ ဘုန်းဘုန်းကို လိုက်ပို့ပေးလိုက်တယ်။ အပြန်လမ်းတစ်လျှောက်လုံး ကားကို အမြန်မောင်းလာပြီး အဖွားကို မသယ်သွားလောက်သေးပါဘူးလေ ဆိုတဲ့ အတွေးနဲ့ ပြန်လာခဲ့တယ်။ ကျွန်တော်ရောက်တော့ နိဗ္ဗာန်ယာဉ် ရောက်နေပါပြီ။ ကျွန်တော် အဖွားရဲ့ ရုပ်အလောင်းနားသွားပြီး ထိုင်ကန်တော့လိုက်တယ်။ ပြီးတော့မှ သွားတော့ဖွားရယ် သွားတော့နော်လို့ တိုးတိုးလေး ရေရွတ်နေမိတယ်။ ကျွန်တော် မငိုပါ မငိုမိပါ အဖွားစကားကို တစ်သက်နဲ့ တစ်ကိုယ် နားထောင်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဖွားကို တင်သွားတဲ့ နိဗ္ဗာန်ယာဉ်ကြီးထွက်သွားတော့ ရင်ထဲမှာ ဟာသွားပါတယ်။ အဲဒီမှာ အဖွားနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးတွေကို ပြန်စဉ်းစားမိပါတယ်။ သူ့အပေါ်မှာ ကျွန်တော်ဆိုးခဲ့သမျှ ဂျီကျခဲ့သမျှ အမြဲတမ်းသည်းခံတတ်တဲ့ ကျွန်တော့်ရဲ့ အဖွား။ ကျွန်တော့်အတွက်ဆို အမြဲတမ်း စိတ်ပူ စိတ်မချ ဖြစ်တတ်တဲ့ ကျွန်တော့်အဖွားကို ကျွန်တော် အပြီးအပိုင် ခွဲခွာလိုက်ရပါပြီ။ ဟင်းကအစ ကျွန်တော့်အတွက်ဆိုတာ အမြဲသီးသန့် လုပ်ပေးတတ်တဲ့ ကျွန်တော့် အဖွားရဲ့ ဂရုစိုက်မှုတွေကို ဒီတစ်သက်မှာ ကျွန်တော့် အမေက အစ မမှီပါဘူး။ ကျွန်တော့်မျက်နှာကို ကြည့်လိုက်တာနဲ့ ကျွန်တော်ဘာဖြစ်ချင်တယ် ဆိုတာ ဘာလုပ်ချင်တယ် ဆိုတာ ချက်ခြင်းသိတာ အဖွားတစ်ယောက်ထဲပါ။ သူသေသွားတာတောင် ကျွန်တော့် အတွက် သူ့ရဲ့ ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းတွေကို ပေးသွားခဲ့ပါသေးတယ်။ ကျွန်တော် အဲဒါတွေ လုံးဝမလိုချင်ပါဘူး။ ဖြစ်နိုင်ရင် ကျွန်တော့် အဖွားကိုပဲ ပြန်လိုချင်ပါတယ်။ ကျွန်တော့် ပိုင်ဆိုင်မှုတွေ ကျွန်တော့် ဥစ္စာပစ္စည်းတွေကို ပေးလို့ အဖွားသာ အသက် ပြန်ရှင်ခွင့် ရမယ်ဆိုရင် ကျွန်တော် လဲပစ်ချင်ပါတယ်။ အဖွားကို ပြန်အော်ခဲ့မိတဲ့ နေ့တွေ အဖြစ်အပျက်တွေကို ကျွန်တော် နောင်တရနေ မိပါတယ်။ ငါဘာလို့များ ပြန်အော်မိပါလိမ့်။ ပြန်ပြောမိပါလိမ့် ဆိုပြီး ခုထိ ပြန်ပြီး ဖြေသိမ့်လို့ မရပါဘူး။ ကျွန်တော့် တစ်သက်လုံးမှာ ကျွန်တော့် အဖွား ကျွန်တော့်ကို ကိုယ်ထိလက်ရောက် ရိုက်ဖူးတာ တစ်ကြိမ်ပဲ ရှိတယ်လို့ အဖွားကပြန်ပြောပြတယ် အဲဒါကလဲ ကျွန်တော် ၅ နှစ်သားလောက်က ဆိုးလွန်းလို့တဲ့။ အဲဒီလိုရိုက်တော့ ကျွန်တော်က ငိုလို့ သူနောက်ထပ်ဘယ်တော့မှ မရိုက်တော့ဘူး ရိုက်မိတဲ့ အဖြစ်ကိုလည်း ကျွန်တော့်ကို တစ်သက်လုံး တောင်းပန်လို့ မပြီးတော့ဘူး။ အခွင့်သင့်တိုင်း အဲဒီအချိန်က ရိုက်ချင်လို့ရိုက်တာ မဟုတ်ဘူးဆိုတာ ရှင်းပြရတာလဲ အမောပါပဲ။ ကျွန်တော် အိမ်ကို ဘယ်အချိန်ပြန်လာ ပြန်လာ ထမင်းပွဲ အဆင်သင့်နဲ့ စောင့်နေတတ်တဲ့ အဖွားပါ။ အဖွားဟာ သူနောက်ဆုံး ဝေဒနာ အလူးအလဲ ခံရတဲ့ အချိန်မှာတောင် ကျွန်တော့်ကို မမြင်စေချင်ဘူး။ ကျွန်တော့်ကို စိတ်မညစ်စေချင်ဘူးဆိုတာ အရမ်းကိုသိသာပါတယ်။ ကျွန်တော်လဲ အဖွားရဲ့ စကားကို နားထောင်ခဲ့ပါတယ်။ ကျွန်တော် လုံးဝမငိုပါဘူး။ မျက်ရည်တော့ကျမိပါတယ်။ မငိုခဲ့ပါဘူး။ တကယ်လို့ အခွင့်အရေးရှိပြီး ဆုတောင်းပြည့်မယ်ဆိုရင် ကျွန်တော့် အဖွားကို လူ့လောကကို နောက်တစ်ကြိမ် ပြန်ခေါ်ထားလိုက်ချင်ပါတော့တယ်။

Read More...