Sunday, October 19, 2008

အချစ်ဆိုသည်မှာ . . .


ဟန်သစ်ငြိမ်ကတက်ခ်ထားတဲ့ ပို့စ်ပေါ့။ နောက်တစ်ယောက် ချင်းမလေးကလဲ ရေးပေးပါတဲ့။ ရေးဖြစ်အောင် ရေးမှ ရမည်ဆိုတာကို သိတယ်။ ဒါပေမယ့် ဒါကြီးကိုဆွေးနွေးနေရင် ဆုံးမှာကို မဟုတ်တာလဲ သေချာတယ်။ အမြင်မှ မတူတာ။ ဘာပဲဖြစ်ဖြစ် ကိုယ်မြင်တာကိုယ်ရေးတာပဲ ကိစ္စမရှိဘူးလို့ နှလုံးသွင်းမှ ရေးလို့ရတော့တယ်။ ကဲ ခင်ဗျားတို့ ပြောနေကြတဲ့ အချစ်ပေါ့ဗျာ ဆက်ပြောကြတာပေါ့။ ကျွန်တော့် တသီးပုဂ္ဂလအမြင်သာ ဖြစ်တယ်ဆိုတာ ကြိုပြောထားပါမယ်။ ကြိုက်သလို ကွဲလွဲပိုင်ခွင့်ရှိတယ်။

အချစ်တဲ့ ကျွန်တော့်ပါးစပ်က ထွက်ရဲခဲ့တဲ့ စကားလုံးထဲမှာ ပါပါတယ်။ ပြောရမှာလဲ တခါမှ မကြောက်ခဲ့ပါဘူး။ သူများတွေက ပြောတယ် ခဏခဏ သုံးလို့မရဘူးတဲ့။ ဒါကိုလဲ မယုံပါဘူး။ ကျွန်တော်ကတော့ ပြောတာပဲ သုံးတာပဲ။ ချစ်တယ်ဆိုတာ ကောင်းတဲ့ ခံစားမှုတစ်ခုပဲလေ။ လူတစ်ယောက်က တစ်ယောက်ကို ချစ်တာ အပြစ်မှ မဟုတ်တာပဲ။ ချစ်ပစေပေါ့နော့။ ချစ်ခြင်းမှာ အမျိုးအစားတွေတော့ ကွဲပြားနေကြတာပေါ့။ မိဘ၊ မောင်နှမ ဆွေမျိုးသားချင်းကို ချစ်တဲ့အချစ်၊ သူငယ်ချင်းကို ချစ်တဲ့အချစ်၊ ရည်းစားကို ချစ်တဲ့အချစ်၊ သားသမီးကို ချစ်တဲ့အချစ် အိုပြောမယ်ဆို ကုန်မယ်တောင် မထင်ပါဘူး။ ကိုယ်မွေးထားတဲ့ အိမ်မွေး တိရိစ္ဆာန်လေးတွေကိုတောင် ချစ်တတ်ကြသေးတာပဲလေ ဟုတ်တယ်ဟုတ်။ ချစ်တာ အပြစ်မှ မဟုတ်တာ ရဲရဲဝင့်ဝင့်ချစ်ကြစို့။ ဒါပေမယ့် အခု ပို့စ်က ဘာကိုရေးစေချင်လဲဆိုတာ ရှင်းပါတယ်။ ရည်းစားကို ချစ်တဲ့ အချစ်မျိုးဆိုမလားပဲ။ သဘောကတော့ ၁၅၀၀ အချစ်ပေါ့ဗျာ ကဲ ရေးရသေးသပ။

ကျွန်တော့်ကို အတ္တကြီးတယ်လို့ တချို့က ပြောတယ်။ တချို့ကတော့ မချစ်တတ်တဲ့လူတဲ့။ တချို့ကတော့ ချစ်တယ်ဆိုတာ ခဏခဏပြောတတ်တဲ့သူတဲ့။ ဘယ်လိုပဲစွတ်စွဲပါစေ ကျွန်တော် ခွင့်လွှတ်ထားပါတယ်။ သြော် သူတို့ ငါ့ကို နားမလည်ကြလို့ပဲဆိုပြီး လွှတ်ထားလိုက်တယ်။ ကျွန်တော် ရည်းစားတော်တော်များများ ထားခဲ့ဖူးပါတယ်။ ထားခဲ့သမျှ ရည်းစားအားလုံးကိုလည်း ချစ်ခဲ့တာပါပဲ။ တခါမှ မချစ်ပဲနဲ့ ချစ်တယ်လို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ချစ်ပုံချစ်နည်းတော့ ကွာခဲ့ပါတယ်။ ဘယ်သူ့ကိုမှလဲ ပစ်ပစ်ခါခါ မလုပ်ခဲ့ပါဘူး။ သူတို့ဘာသာ ကျွန်တော့်ကို စွဲချက်မျိုးစုံတင်ပြီး တစ်ဘက်စောင်းနင်း စွပ်စွဲခဲ့ကြတာပါပဲ။ အသဲလဲ မကွဲခဲ့ပါဘူး။ ကျွန်တော်က ချစ်တာကိုး။ ကျွန်တော့်ကို သူတို့တွေ အမြဲမေးတဲ့စကား တစ်ခွန်းရှိတယ်။ ဘာလို့ချစ်တာလဲတဲ့။ ကျွန်တော် အမှန်အတိုင်းဖြေရင် သောက်ပြဿနာတက်ပြီး ကွဲတာများပါတယ်။ သူတို့ဖြစ်စေချင်တာက တလောကလုံးမှာ မေ့ကိုသာ မောင်အချစ်ဆုံး ဆိုတဲ့ အဖြေမျိုးလို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော့် အဖြေက အဲဒါမဟုတ်ပါဘူး။ ချစ်တယ် လို့ပြောခဲ့တယ် မှန်တယ်။ ဘာလို့ချစ်သလဲဆို မင်းရဲ့ လက်ကလေးတွေကို မြင်နေချင်လို့ ဖြေခဲ့ဖူးတယ်။ နောက်တစ်ယောက်ကျတော့ မင်းအသံလေးကို ချစ်လို့။ နောက်တစ်ယောက် မင်းရဲ့ မျက်ဝန်းနက်နက်လေးတွေကို စွဲလန်းလို့။ အဲလိုပဲ ဖြေခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် ချစ်တာ Limitation ရှိပါတယ်။ အလုံးစုံ ဘယ်သူ့ကိုမှ မချစ်နိုင်ပါဘူး။

အချစ်ကို ဘာလို့များ လောဘတကြီး လိုချင်နေကြသလဲ ကျွန်တော် စဉ်းစားလို့ကို မရဘူး။ တစ်ဦးထဲပိုင် ပစ္စည်းတစ်ခုအနေနဲ့ လူတစ်ယောက်ဆီကနေ ထာဝရသိမ်းထားချင်တာမျိုးလား။ မဖြစ်နိုင်ဘူးဗျာ။ လုံးဝကို လက်မခံနိုင်ဘူး။ ချစ်တယ်ဆိုတာ အချိန်တွေ နေရာတွေ ပုံစံတွေ ကွဲနေနိုင်သေးတယ်လေ။ ချစ်လွန်းလို့ ခွင့်လွှတ်လိုက်တယ်ဆိုတာ သိပ်တော့ သဘာဝမကျဘူး။ ချစ်တာက ချစ်တာတစ်ပိုင်းပဲ ခွင့်လွှတ်တာတွေ စွန့်ပစ်တာတွေ သည်းခံတာတွေက တစ်ပိုင်းပဲ။ ချစ်တယ်ဆိုတာ ခံစားမှု တစ်ခု သက်သက်ပဲ သူ့နောက်ကို တခြားအရာတွေနဲ့ ရောထွေးလုံးတင်လိုက်တာတော့ ကျွန်တော် သဘောမတွေ့လှဘူး။ ဥပမာ ဆိုကြပါစို့ ကျွန်တော် ကော်ဖီသောက်နေကြ ဆိုင်လေးမှာ ကျွန်တော့်ကို သတင်းစာလာလာပေးတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် သူ့ကိုဆို ကျွန်တော်ချစ်တယ်။ ဒါပေမယ့် သတင်းစာပို့ပေးတာ တစ်ခုထဲကိုပဲ ပြောတာနော် အဲဒီ့အချိန်လေးပဲ ပြောတာ။ ကျန်တာဘာမှ မပါဘူး။ စိတ်ထဲမှာ သာယာမှု တစ်ခုပဲလေ။ ဒါအမှန်ပဲ။ စိတ်သာယာမှု နောက်မှာ ချစ်တယ်ဆိုတာ ကပ်ပါလာတယ်။ စိတ်သာယာမှုကို ချစ်တယ်လို့ အနက်ဖွင့်ကြတယ်လို့ပဲ ယူဆတယ်။ နောက်တစ်ခု ကျွန်တော့်ကို နောက်နောက်နေတဲ့ ကလေးမလေးတစ်ယောက်ရှိတယ် သူ့ဆိုလဲ အဲလိုပဲ သူနောက်တဲ့ ဟာလေးတွေကို ချစ်တယ်။ ကျွန်တော်ပြောတဲ့ ချစ်တယ်ဆိုတဲ့ထဲမှာ တဏှာမပါဘူး။ အားလုံးကို ချစ်နိုင်တယ်။

ခက်နေတာက လောကကြီးမှာ ချစ်တယ်လို့ ပြောလိုက်တာနဲ့ တပြိုင်ထဲ မင်္ဂလာတန်းဆောင်ပြီး တူတူနေ အိမ်ထောင်ပြု အဲဒီ့အဆင့်ထိကိုပဲ လူတွေတန်းပြီး တွေးလိုက်ရော။ အဲဒီ့တော့ ခုနကလို ကျွန်တော်က အဲဒါလေးတွေ ချစ်တယ်လို့ ပြောတော့ အားလုံးကို ယူရမယ့် အပေါက်ဖြစ်ကုန်ရော။ မဆိုင်လိုက်တာလေ။ ချစ်တယ်ဆိုတာ နေရာကွာတယ်လို့ ပြောခဲ့ပါရောလား။ ခင်တယ်လို့လဲ ပြောကြတယ်။ ခင်တယ်ဆိုတာ ချစ်တယ်ကနေ လာတာပါပဲ။ သုံးကောင်းအောင် ခွဲပေးလိုက်တဲ့ သဘောဖြစ်မယ်။ ဒါပေမယ့် အရင်းအမြစ်က ချစ်တယ်ဆိုတာကနေ လာနေတော့ အရင်းအမြစ်ကိုပဲ တည်ပြီးပြောနေရတာပေါ့။ ဆိုခဲ့တဲ့အတိုင်း ကျွန်တော်က မြင်မြင်လေရာကို ချစ်တော့ ပြဿနတာက တက်ရော။ ပြီးရင် မနေနိုင် မထိုင်နိုင် ရည်းစားရှေ့မှာ ပြောမိရင် ပြတ်ရော။ ကျွန်တော်က သူတို့ကို မေးဖူးတယ် ဘာဖြစ်တာလဲ ငါနင့်ကို ချစ်တာက ဒီလို ခုနက ကလေးမလေးကို ချစ်တယ်ဆိုတာ ဒီလို မတူဘူး လုံးဝမတူဘူး ဒါပေမယ့် ချစ်တယ်ဆိုတဲ့ စကားတော့ သုံးလို့ရနိုင်တာပဲလို့ ပြောရင်။ ကျွန်တော့်ကို အမျိုးစုံ ကောတော့တာပါပဲ။ ကျွန်တော် စကားပြောမတတ်တာလဲ ပါမှာပေါ့နော်။ ဒါပေမယ့် ကျွန်တော့်ဘက်ကလဲ ချစ်တယ်ဆိုတဲ့ စကားအနက်နောက်မှာ ကျန်တာတွေနဲ့ ဖြည့်ဖြစ်တတ်တဲ့ လုံးထွေးပစ်တတ်တဲ့ စကားတွေကို စိတ်မဝင်စားဘူး။ အဲဒီ့တော့ သုံးမြဲအတိုင်း သုံးတယ်။ လမ်းမှာသွားရင် သူတို့လဲ ပြောတာပဲ ဟယ် ဟိုကောင်လေးက ချစ်စရာလေးတဲ့ အေးလေး ဘာဖြစ်လဲ ဟုတ်တယ် ချစ်ပေါ့ နင့်မျက်လုံးထဲ ချစ်ဖို့ကောင်းတာ ငါက ဘာတတ်နိုင်မှာတုန်းလို့ ပြောရင် နင်လိုကောင်ကို ကြိုက်မိတာ မှားတယ်တဲ့။ တခါမှလဲ သဝန်မတိုဘူးတဲ့။

အဲဒါလဲ မဟုတ်သေးဘူးလေဗျာ လူပဲ လွတ်လပ်ပိုင်ခွင့်ရှိတာပေါ့။ သူ့လိုမျိုးပဲ ဟာ ဟိုကောင်မလေး ဆံပင်ပုံစံလေးက ချစ်စရာလေးနော် လို့ပြောလိုက်မိရင်။ ဘာလဲ နင်အဲဒီ့မိန်းမကို ကြိုက်နေတာလား ဘာညာ လာပြန်ရော။ ကျွန်တော်က ချစ်ဖို့ကောင်းလို့ ချစ်စရာပဲ ချစ်တယ်ပြောတာ ဘာလဲဟဆိုရင် ပြီးသွားရော ၂ ရက်လောက် စကားမပြောတော့ဘူး ကြာလာတော့ ပြတ်။ အေးတာပဲလို့ ထင်တယ်။ ကျွန်တော့်ကို သူ့သူငယ်ချင်းတွေက လာမေးရင် နင်သူ့ကို မချစ်ဘူးလားဆိုရင် ချစ်သားပဲ သူ့ရဲ့ ဘယ်လိုပုံစံကိုပဲ ချစ်တာ ဘယ်ပုံစံကိုတော့ မချစ်ဘူး။ သူဖြတ်လဲ ငါ့ဘက်က ချစ်တာက ဒါပဲ ဘာမှ မပြောင်းလဲဘူးဆိုတော့။ ဘဝင်မကျ ကြပြန်ဘူး။ ကဲ ဒီတော့ ဘာလုပ်ပေးရမလဲ လိမ်ပေးရမလား။ လိမ်ပြောမှ ရမှာလား။ လိမ်ပြောတာကို ကျေနပ်တယ်ဆိုတာ အင်မတန်ဆိုးဝါးပါတယ်။ ကျွန်တော် မလိမ်တတ်ဘူး။ ကျွန်တော် လိမ်တာကို အားမပေးဘူး။ အမှန်အတိုင်းပဲ ပြောတတ်တယ်။ အမှန်ပြောတာကို သစ္စာလို့မည်တယ်။ ဒါပေမယ့် ဒီအချစ်ကိစ္စမှာ လိမ်မှ ဖြစ်မယ်ဆိုတဲ့ သီအိုရီက သတ်မှတ်ပေးနေသလိုပဲ။ ကိုယ့်ဘာသာလဲ ပြန်စဉ်းစားကြည့် တခါတလေ ကိုယ့်ရည်းစားကို ကိုယ့်မိန်းမကို ကိုယ့်ယောက်ျားကို အရာတိုင်း ချစ်နေတာ ဟုတ်မဟုတ်။ အဲဒီ့လိုချစ်နေတယ်ဆိုရင်ဖြင့် ခင်ဗျားရဲ့ စံနှုန်းဟာ အဲဒီ့လူမှာ အကုန်ရှိနေတာပေါ့။ အင်းပေါ့ သိပ်ကံကောင်းတဲ့သူပေါ့နော့။ ကျွန်တော်ကတော့ အဲဒီ့လိုလူကို ပြေးတွေ့လိုက်ချင်တယ်။ တစ်ခုခုတော့ မချစ်ပဲဖြစ်နေရမယ်ဗျာ မယုံရင် သေချာပြန်စဉ်းစားကြည့်။ အလုံးစုံ ချစ်လို့ရတယ်ဆိုတာ ကိုယ့်ကိုကိုယ်ပဲ ရှိတယ် ကျန်တဲ့သူအပေါ်မှာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။

ကဲ အဲဒီ့တော့ ကျွန်တော်တို့တွေ အားလုံး ချစ်ကြတာ အပြစ်မဟုတ်ဘူးဗျ။ ချစ်သာချစ်ကြ ကိုယ့်ပေါ်လစီနဲ့ကိုယ်ပေါ့။ ကျွန်တော်လဲ ကျွန်တော့် ပေါ်လစီနဲ့ ကျွန်တော်ပဲ ချစ်ချင်သလို ချစ်မယ် လာလဲ မတားနဲ့ တားလဲမထူးဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တဲ့ကောင်လေ ခေါင်းမာတာတော့ လာမေးမနေနဲ့ ပင်ပန်းတာပဲ အဖတ်တင်မယ်။ သူငယ်ချင်းတွေကို နောက်ပြီး ပြောတဲ့ စကားရှိတယ်။ ငါ့နှလုံးသားက အကြီးကြီးကွ အခန်းခွဲတွေ အများကြီးနဲ့ ဖွဲ့ထားတာ ဘော်ဒါဆောင်လိုပဲ အားလုံးကို ချစ်လို့ရတယ်လို့ ပြောတော့ ဆဲလိုက်ကြတာ ပွက်ပွက်ကိုထရော။ တတ်နိုင်ဘူးလေ ကိုယ့်ဘာသာ မလိမ်ပဲပြောပြတာ။ အမှန်ပြောတာ ကောင်းတာပဲလေနော့။ ချစ်တယ်ဆိုတာလဲ ကောင်းတာပဲလေ။ အဲဒီ့တော့ အမှန်အတိုင်းပဲ ချစ်ကြတာပေါ့ မလိမ်တမ်း မဝှက်တမ်း မကောက်ကျစ်တမ်း ချစ်ကြတာပေါ့။ ကိုယ့်လိပ်ပြာကိုယ်လုံစွာ ချစ်နိုင်ကြပါစေဗျာ။

13 comments:

kiim said...

အော်..ကို ဇီးရိုးရဲ့ အချစ်ဆိုတာကဂလိုကိုး...ဟီးဟီး
နဲနဲတော့မာတယ်နော်..အသဲ.. ရေးပေးတာကျေးဇူးနော်
အ ချစ်စစ်နဲ့ တွေ့ ပါ စေရှင်.. :P :P

ရွှန်းမီ said...

သြော်.. ဘော်ဒါဆောင်လို နှလုံးသားနဲ့ ချစ်တတ်တယ် ဆိုပဲ။
:-)

mgthonnya said...

ဟဟ....ဇီးရိုးဘော်ဒါဆောင်(၁) and (၂)ပေါ့..
ကျနော်လည်းလောလောလတ်လတ်ဆဲခံနေရတယ်..:P

khin oo may said...

တစ်ယောက် ကိုဘဲ လက်ထပ်ရမယ် ဆိုတော့ခက်တာဘဲ။ ဘယ့်နှယ့် လုပ် မတုံး။

စကားမစပ် comment လုပ်မလို့ Password verification လုပ်တော့ ulwed လို့ ရိုက်ခိုင်းနေတယ်။ wed တော့ပါတယ်။ မိန်းမတော့ ရမယ်ထင်ပါရဲ့။

မွန် said...
This comment has been removed by the author.
မွန် said...

အဲလိုတွေရေးမယ်ဆိုတာသိလို့ မီးမီးက ဒက်ဒီလေးကို ဒီခေါင်းစဉ်တဂ်မလုပ်ပဲနေတာ
ခုတော့ သူများကတဂ် ဒက်ဒီလေးကလဲ မှန်တာတွေလျှောက်ရေးနေပါလား
ထွင်ရင်ထွင် မထွင်ရင်သေဆိုသလိုပဲ ချစ်တာကလဲ ထွင်ပြီး သလဲသီးလို အကန့်အကန့်နဲ့ချစ်နေတယ်ပေါ့
အင်း ဘာမှမပြောရဲတော့ဘူး
နောက်မှ ဂျီမကျနဲ့ဗျို့ သားအဖချင်းလဲ စိတ်မရှည်ဘူးနော်

Anonymous said...

ကိုသုညကြီးရဲ့ အချစ်ဒဿနတွေ လာဖတ်သွားတယ်ဗျ တော်တော်ဖတ်လို့ ကောင်းတယ် ဒါဆို အချစ်ဆိုတာ မကုန်တဲ့ အရာပေါ့နော့်း) ဒီတစ်ယောက်ကိုချစ် နောက်ထပ်တစ်ယောက်လည်းချစ်လို့ ရတာပဲ ကောင်းပါ့ အဆောင်ဖွင်အုံးမယ် ။

ကိုရင်နော်ခင်လေးငယ် said...

ကိုသုံကြီးရေ....
အချစ်တွေ အများကြီးနဲ့ ချစ်ပြီးရင်း ချစ်နိုင်ပါစေ... ရှင်ဗျာ..

““အမှန်အတိုင်းပဲ ချစ်ကြတာပေါ့ မလိမ်တမ်း မဝှက်တမ်း မကောက်ကျစ်တမ်း ချစ်ကြတာပေါ့။ ကိုယ့်လိပ်ပြာကိုယ်လုံစွာ ချစ်နိုင်ကြပါစေဗျာ။””

ခင်မင်တဲ့
ကိုရင်၊ ခင်လေး၊ ကလေးလေး

မောင်ပိစိ said...

ဟာဟ.. ထင်တယ်.. ကိုသုည ကြီး လုပ်ချလိုက်တော့မယ်လို့... အဆန်းကြီးပဲဗျာ၊ ဘော်ဒါဆောင်လိုပဲတဲ့..

Anonymous said...

:)
I think u never think of the girls' side. Girls are not like guys.
Anyway like what u've said, everybody can have their own opinions.

zeRoTraSh said...

မိန်းကလေးတွေ ဘက်ကနေ ကျွန်တော် မစဉ်းစားထားဘူးဆိုတာလဲ မှန်ပါတယ်။ ကျွန်တော်က ယောက်ျားလေးလေ မိန်းကလေးမှ မဟုတ်တာ ဘယ်စဉ်းစားတတ်ပါ့မလဲ ဟုတ်ဘူးလား။ နောက်တစ်ခုက လူတစ်ယောက်ကို နားလည်တယ်ဆိုတာ မဖြစ်နိုင်သေးဘူးလေ ကျွန်တော့်ကိုယ်ကျွန်တော်တောင် နားမလည်သေးတာ ကျန်တဲ့လူကို နားလည်ဖို့ဆိုတာ ဝေးပါတယ်။ :D

Chaos said...

ကိုဇီးရိုးရဲ့ အချစ်နဲ့ ချစ်ပုံချစ်နည်းများကို လေ့လာသွားတယ်။
"မလိမ်တမ်း မဝှက်တမ်း မကောက်ကျစ်တမ်း ချစ်ကြတာပေါ့။ ကိုယ့်လိပ်ပြာကိုယ်လုံစွာ ချစ်နိုင်ကြပါစေဗျာ။"

ဟုတ်ပနော် ဘယ်လိုပဲချစ်ချစ်
ဘယ်လိုပဲ ဖွင့်ဆိုဆို
အချစ်က ချစ်တဲ့လူပေါ်မှာ အဓိပ္ပါယ်ကွဲလွဲသွားနိုင်တာပဲ။

အပေါ်ကစာသားလေးကိုတော့ ခိုက်တယ်။

khin oo may said...

ုkom: အခန်းတွေ အများကြီး ခွဲထားတဲ့ နလုံးသား ကိုထပ်ပြီး လေ့လာသွားပါတယ်။ ချာတိတ်မတွေ သနားပါတယ်။