Friday, January 11, 2008

စာနယ်ဇင်း ရှင်းလင်းပွဲနဲ့ မောင်ဇီးရိုး


ပြဿနာက အဲဒီ့မှာ စတော့တာပဲ။ လူရှေ့ထွက်ပြီး စကားပြောရမတဲ့ဗျာ။ ကိုယ့်ဘာသာတောင် စကားကို လိပ်ပတ်လည်အောင် မနည်းပြောနေရတာ လူရှေ့သူရှေ့ဆိုရင်တော့ ကွိုင်ပဲပေါ့။ ကျွန်တော့်ကို မန်နေဂျာက လာပြောတယ် ကိုဇီးရိုးပြောမှ ဖြစ်မယ်တဲ့။ ဒါနဲ့ သွေးတိုးစမ်းပြီး ခင်ဗျားပြောပါလားလို့ မေးတော့ ကျွန်တော်က နောက်ပိုင်း စီစဉ်စရာလေးတွေ ရှိတယ်လေတဲ့။ အော် ရှောင်တာလေး လှတယ်လို့ တွေးမိသားပဲ။ ကဲ မပြောလို့ မပြီး မတီးလို့ မမြည်ဆိုတော့လည်း လာထားပေါ့။ ငါဟဲ့ ယောက်ျား ပွားလိုက်စမ်းမယ်ပေါ့။ ဒါနဲ့ သူ့ပြန်မေးရသေးတယ် ခင်ဗျား ဂျာနယ်လစ်တွေက ကျုပ်ကို ချောက်ထဲ ချတဲ့ မေးခွန်း မေးမှာလားလို့။ သူပြောတယ် ဒါတော့ အာမမခံနိုင်ပါတဲ့။ ကိုယ့်ကိစ္စကိုယ်ရှင်းဆိုပဲ။ တတ်နိုင်ဘူးလေ ခုမှတော့ ယောက်ယားပေါ့ဆိုပြီး မျက်စိမှိတ်ပြီး ကြိတ်လိုက်ရတာပေါ့။

ကဲ ပြောရတော့မယ်ဆိုတော့ speech ကို ကြိုတင်ပြင်ရတာပေါ့။ ထူးထူးထွေထွေတော့ လုပ်မနေပါဘူး။ သူများတွေ ဘယ့်နှယ့်ပြောခဲ့တုန်း ဆိုတာလောက်ကို မေးစမ်းပြီး ကိုယ့်ဘာသာ လက်တည့်စမ်းပြီး ပြန်လှော်ရတာပေါ့။ ခက်တာက ကျွန်တော်က စကားပြောရင် မြန်တယ်လေ။ အဲဒီ့တော့ စကားပြောတဲ့ speed ကိုပါ ချရမှာဆိုတော့ သိပ်တော့ မလွယ်လှဘူး။ ကိုရွှေနဲ့ တိုင်ပင်တော့ မင်းစကားပြောတာ နည်းနည်း နှေးလိုက်တဲ့။ ဒါမှ မဟုတ်လဲ စတူဒီယိုကနေ ဒေါက်တာဘိလေး တစ်ခု ငှားပြီး မင်းနားမှာ လာထားပေးရမလားတဲ့။ ကဲ ပြတ်ကရောပဲ။ ဒေါက်ဘိ နဲ့ဆိုရင်တော့ မဆိုးဘူးပေါ့လေ။ ဒါပေမယ့် ပြောမယ့်နေရာမှာ တစ်တောက် တစ်တောက် ကြီးနဲ့ဆိုတော့ သိပ်မနိပ်တာနဲ့ အဲဒီ့ အစီအစဉ်ကိုလည်း လက်လျှော့လိုက်ရတယ်။ နောက်တစ်ယောက်က အကြံပေးတယ်။ speech စာရွက်ထဲမှာ တခါတည်း ထည့်ရေးထားတဲ့ ဥပမာ တစ်ကြောင်းပြောပြီး ချောင်းဟန့် အဟမ်း အဟမ်းကို ဂွင်းစ ဂွင်းပိတ်ထဲထည့်တဲ့။ ပြီးရင် တစ်ပိုဒ်လောက်ပြီးရင် ဘယ်ညာစောင်းကြည့်ဆိုတာလောက် ထပ်ရေးထားတဲ့။ အို ရှုပ်နေတာပါပဲ။ အဲဒါကိုလည်း မှားပြီး ရွတ်မိမှာ စိုးလို့ မလုပ်ဖြစ်ပြန်ဘူး။ ဒီလိုနဲ့ပဲ ကျွန်တော် စာနယ်ဇင်း ရှင်းလင်းပွဲမှာ အဖွင့်စကား စပြောရပါတော့တယ်။ ပြောလိုက်တော့လည်း အေးအေးပါပဲ စကားပြောတဲ့ speed ကိုပဲ သတိထားပြီး ထိန်းနေရတာ တစ်ခုလောက်ပဲ အလုပ်ပိုတယ် ကျန်တာက အေးဆေးပါပဲ။ ဖြစ်သွားပါတယ်။ ပြောပြီးတော့ ပြီးပြီမှတ်တာပေါ့။ ၀ါးတီးဘက်ကို လူက အာရုံက ရောက်နေမိတယ်။ ၀ါးမယ် စားမယ် ပြင်နေတုန်းပဲ အနားကို ဂျာနယ်လစ် ကိုကိုတွေ မမတွေ ရောက်လာတော့ ခဏရပ်ပြီး သူတို့ မေးတာလေးတွေ ဖြေ။ ပြီးတော့ စားမယ်ပေါ့။ စားမယ် ကြံတုန်း ဓါတ်ပုံရိုက်ချင်လို့ ဆိုတော့ ပြုံးပြ မတ်တတ်ရပ်ပေး တော်သေးတယ် မော်ဒယ်တွေလို ဟိုဟာလုပ် ဒီဟာလုပ် မခိုင်းတာကိုပဲ ကျေးဇူးတင်ရသေးတယ်။ ဒါပေမယ့် ပုံတွေထဲမှာ ပြုံးသာ နေရတာ လူက ၀ါးတီး ပန်းကန်ကို မျက်လုံးက မခွါနိုင်ပြန်ဘူး။ အဲ သူတို့ ကိစ္စလေးတွေ ပြီးတော့ စားရတော့မလား မှတ်တယ် ဧည့်သည်တွေက ပြန်မယ်ဆိုတော့ ထနှုတ်ဆက် ဟုတ်ကဲ့ ခင်ဗျ၊ ကျေးဇူးတင်ပါတယ် ခင်ဗျ လုပ်ရသေးတာပေါ့။ အားလုံး အားလုံး တကယ်တမ်း ပြီးပြီဆိုတော့ စားပွဲကို ပြန်သွားတော့ မုန့်ပန်းကန်ကို သိမ်းသွားကြပြီတဲ့။ ကဲ ပြတ်ကရောပဲ။ ဒါနဲ့ ၀ိတ်တာ ညီလေးတစ်ယောက်ကို လှမ်းခေါ်ပြီး မုန့်ပန်းကန် ပြန်ချခိုင်းတော့ လစ်မစ် ပြည့်နေပြီ အကိုတဲ့။ ဟောဗျာ ဆိုးလိုက်တဲ့ကံ။ တော်သေးတယ် အမြင်မတော်တဲ့ သူငယ်ချင်း တစ်ယောက်က ဟေ့ကောင်ကြီး ဒီကိုလာ ငါ့ရှေ့မှာ ကျန်သေးတယ် လာနွှာဆိုတော့ ပြေးသွားပြီ နွှာရတာပေါ့။ ဒီကောင်က စားရင်းပြောတယ် အေးကွာတဲ့ ငါက ဒီနေ့ သက်သက်လွတ်မို့ မင့်ကို ကျွေးတာတဲ့။ အော် သူသာ သက်သက်လွတ် မဟုတ်ရင် မောင်ဇီးရိုး ငတ်မယ့်ကိန်းပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီစာနယ်ဇင်းပွဲမှာ မုန့် ကောင်းကောင်း မစားရတာက လွဲရင် အားလုံး အိုကေပါတယ်။ အဆင်လည်း ပြေသွားတော့ သက်ပြင်းခိုးချရပါတယ်။ ဒါတောင် မောင်ဇီးရိုးတို့က မေ့ကျန်ခဲ့သေးတယ်။ ကျေးဇူးတင်စကားပြောတော့ ကျန်တဲ့သူတွေ အားလုံးပါသွားတယ် ကိုယ့် ဖိုးဝ အဖွဲ့သားတွေကိုတော့ မပြောမိဘူး။ ရုံးရောက်မှ ဟဲ ဟဲ ဟဲ ဟဲ လုပ်ပြီး ပြန်ပြောရသေးတယ်။ ကဲ ပို့စ် မတင်ဖြစ်တာလည်း ကြာနေလို့ ခု ဒီပို့စ်လေးကိုပဲ ဆားချက်ပြီး တင်လိုက်ပါတယ်။ နောက်တော့ အများကြီး ရေးမှာပေါ့နော်။ ခုတော့ တော်သေးပြီ ဟီး ခွင့်လွှတ်ကြပါဗျို့။

Read More...