Wednesday, July 30, 2008

ခုံပူကြီးပေါ်ကလူ (၁)


“ ခင်ဗျားအလုပ်ကအေးဆေးပဲနော်။ သက်သက်သာသာပဲ။ ကျွန်တော်တောင် အဲလိုလုပ်ရကောင်းမလားပဲ ဟား ဟား ဟား . . . ”

“ မင်းကိုတော့ အားကျတယ်ကွာ။ အခန်းထမြှာ အဲကွန်းလေးနဲ့၊ စားပွဲ ကုလားထိုင်နဲ့၊ ကွန်ပျူတာနဲ့ ဘာမှ ပူစရာမလိုဘူး။ တို့မှာတော့ တနေ့တနေ့ ပြေးလွှားနေရတာ။ မင်းလိုမျိုး သက်သာတဲ့ အလုပ်တော့ လုပ်ချင်သားပဲ ”

“ အကိုက အခန်းထဲမှာ အေးဆေးလေးနေရတာလေ။ သမီးတို့က ရင်ဆိုင်နေရတာလေ။ အကို့လိုတော့ တခါတခါ နေရရင် ကောင်းမှာပဲလို့ တွေးမိတယ် ”

“ သူက ဘာသိမှာတုန်း ရုံးထဲမှာ ထိုင်ပြီး ဟိုလူ့ခိုင်း ဒီလူ့ခိုင်းနဲ့ သူ့လိုတော့ လူတိုင်း လုပ်တတ်တယ် ပြောမကောင်းလို့သာ ဟွန်း ”

အဲဒီ့အသံတွေကို ကျွန်တော်ကြားနေကျဖြစ်သွားတော့ ရိုးသွားတယ်။ ပျင်းသွားတယ်ပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ်။ အရာရှိတော်တော်များများ၊ CEO တော်တော်များများ၊ ပိုင်ရှင်တော်တော်များများ ဒီလို အသံတွေကို ကြားတိုင်းပြုံးကြလိမ့်မယ်လို့။ ဒီအသံတွေက အဲဒီ့လူတွေအတွက် နေ့စဉ်နေ့တိုင်းနီးပါး “မင်္ဂလာပါ” လို့နှုတ်ခွန်းဆက်နေသလို ဖြစ်နေမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါဟာ ပတ်ဝန်းကျင်က ရုတ်တရက်ကြည့်ပြီးဖြစ်စေ၊ သေချာမသိလို့ဖြစ်စေ ဝေဖန်ကြတဲ့ ပြောဆိုနေကြတဲ့ စောင်းမြောင်းနေကြတဲ့ စကားသံတွေပါပဲ။ ဟုတ်ကဲ့ သူတို့တွေ အဲဒီလိုသာ ပြောနေကြတာပါ အဲဒီ့နေရာရဲ့ တကယ့်အစစ်အမှန် အရသာ၊ အစစ်အမှန် အတွေ့အကြုံတွေကို မကြုံဖူးကြသေးလို့ပါ။ အဲဒီ့နေရာတွေကို မရောက်သေးလို့ပါ။ တကယ်တမ်း အဲဒီ့နေရာတွေကို ရောက်သွားတဲ့ လူတစ်ယောက်၊ အဲဒီ့တာဝန်တွေကို ယူရတဲ့လူတစ်ယောက် ဖြစ်ခဲ့ရင် ဒီစကားမျိုး ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ကျိန်းသေပြောရဲပါတယ်။ အဲဒီ့လူ အားလုံးစီကနေ တညီတညာထဲ ထွက်လာမယ့် အသံက တစ်ခွန်းထဲပါ “ ထိုင်ကြည့်စမ်းပါ ဒီနေရက ခုံပူကြီးရယ် ” အဲဒီ့စကားပဲ ပြောဖြစ်မှာပါ။ ဗေဒင်မေးရင် ဆန်ကုန်တယ်။

“ အပင်မြင့်ရင် လေပိုတိုက်ခံရတယ် ” အဲဒီ့စကားကို ကျွန်တော် တော်တော်နှစ်သက်ပါတယ်။ တကယ်လည်း မှန်တဲ့စကားပါ။ ရာထူးကြီးလာလေလေ တိုက်ခိုက်ခံရတာ များလာလေလေပါပဲ။ လူတွေ အမြင်မှာ အဲဒီ့လူတွေဟာ ဘာမှမသိတဲ့ သူတွေလို၊ ကိုယ်ချင်းစာတရား မရှိတဲ့လူတွေလို၊ သက်တောင့်သက်သာ နေချင်တဲ့ သူတွေလို ထင်မြင်နေကြတာပါ။ တကယ်တော့သူတို့ တာဝန်တွေဟာ သူများတွေထင်တာထက် ပိုပြီးကြီးပါတယ်။ CEO တစ်ယောက်၊ ပိုင်ရှင်တစ်ယောက်ဟာ သူကျင်လည်နေရတဲ့ Organization တစ်ခုလုံးရဲ့ ဝင်ရိုးပါ။ သူဟာ အဓိက အကျဆုံး အပိုင်းကနေ လှုပ်ရှားနေတာပါ။ သူထလုပ်မှ အလုပ်လုပ်တာ မဟုတ်ပါဘူး။ ထိုင်နေရင်းကလဲ သူအလုပ်လုပ်နေတာပါပဲ။ သူတို့မှာ သူများတွေထက်ပိုပြီး pressure များပါတယ်။ သူတို့ဟာ ကျန်တဲ့သူတွေထက် ပိုပြီး reponsibility ပိုများပါတယ်။ သူတို့တွေဟာ စကားတစ်ခွန်း၊ ဆုံးဖြတ်ချက်တစ်ခု အဲဒါတွေကို လွယ်လွယ်ကူကူ ပြောလို့၊ ဆုံးဖြတ်လို့ မရပါဘူး။ ဒါကိုသူတို့အောက်က ဝန်ထမ်းတွေ သူတို့ပတ်ဝန်းကျင်ကလူတွေ သတိထားမိချင်မှ ထားမိပါမယ်။ သိချင်မှလည်း သိပါလိမ့်မယ်။ သတိမထားမိတာ၊ မသိကြတာများပါတယ်။ ဒါကြောင့်လဲ ခုနကလို စကားသံတွေ ထွက်လာတာပေါ့။

ကိုယ့်ထက်သာရင် မနာလိုတာ လူ့သဘာဝပါ။ ဝန်ထမ်းတော်တော်များများဟာ ကိုယ့်အထက်ကလူဆိုရင် မုန်းတတ်ကြပါတယ်။ CEO အဆင့် ပိုရှင်အဆင့်ဆိုရင်တော့ ဆိုဖွယ်ရာမရှိပေါ့။ အဲဒီ့လူတွေဆိုရင် ရွံကြောက်ကြီး ဖြစ်ကြတာများပါတယ်။ ကိုယ့်ထက်ရာထူးကြီးတော့ ကြောက်တယ်။ ကိုယ့်ကိုခိုင်းတော့ မုန်းတယ်ရွံတယ်။ သူတို့မတွေးတဲံ အချက်တစ်ချက်ကိုတော့ ပြောပြချင်ပါတယ်။ အဲဒီ့လူတွေက သူတို့ကို ဦးဆောင်နေပြီ ဆိုကထဲ အဲဒီ့လူတွေမှာ သူတို့ထက်သာတဲ့ အချက်တွေရှိတယ်ဆိုတာကို မတွေးတော့ပါဘူး။ အဲဒီ့လူတွေဆီကနေ ကိုယ့်မှာလိုအပ်နေတဲ့ ပညာတွေ၊ ကိုယ့်ထက်သာနေတဲ့ အချက်တွေကို ဓမ္မဓိဌာန်ကျကျ သင်ယူဖို့၊ လေ့လာဖို့ မစဉ်စားတော့ပဲ ကွယ်ရာမှာ အပြစ်တွေပြော၊ ဘယ်လိုပြန်ပြီး အကြောင်းပြရမလဲ ဒါပဲအချိန်ပြည့်စဉ်းစားနေကြလို့ သူတို့လိုနေရာမျိုးမရောက်ပဲ သူတို့ကို အတင်းပြောနေရတဲ့ ဘဝမှာပဲ ရပ်တန့်နေကြရတာပါ။ ဒါလေးကို သေချာ သတိပြုမိစေချင်ပါတယ်။ တကယ်လို့ ခင်ဗျားဟာ ခင်ဗျား အထက်ကလူကို နေ့စဉ် ဒါမှမဟုတ် အလုပ်တစ်ခုပေးတိုင်း ကျိန်ဆဲမိနေပြီဆိုရင်တော့ အပြန်ဆုံးရပ်ပြီး ကျွန်တော်ပြောတာကို တစ်ချက်ပြန်စဉ်းစားကြည့်ပါ။ အဖြေတစ်ခုတော့ ရပါလိမ့်မယ်။ အဲဒီ့အဖြေကို သေချာသုံးသပ်နိုင်ရင် ခင်ဗျားမှာ တက်နေတဲ့ ပြဿနာတွေ အနည်းနဲ့အများ ဆိုသလို ပြေပျောက်သွားပါလိမ့်မယ်။ မယုံရင်စမ်းကြည့ပါ။ လက်တွေ့အကျိုးရှိပါလိမ့်မယ်။

ခုံပူကြီးပေါ်ကလူတွေဟာ အောက်ကလူတွေရဲ့ တီးတိုးသံတွေ၊ အမူအယာတွေ၊ အပြုအမူတွေကို မသိမရှိပါဘူး။ တနည်းနည်းနဲ့တော့ သိကြတာပါပဲ။ ထုတ်ပြောချင်မှပြောကြမှာပါ။ တခါတလေလဲ စကားကြုံလို့ ပြောသလို ပြောကြပါလိမ့်မယ်။ ဒါမှမဟုတ် တခြားတစ်ခုခုနဲ့ ဥပမာပေးပြီး ပြောကြပါလိမ့်မယ်။ ပြောချင်မှလဲ ပြောလိမ့်မယ်။ သူတို့က ပေါ်တင်ထုတ်ပြောလာတာမျိုးလဲ ရှိပါလိမ့်မယ်။ အဲဒါတွေကတော့ သူတို့တွေအခြေအနေနဲ့ ကိုင်တွယ်ပုံတွေမှာ စဉ်းစားပြီး ပြုမူဆောင်ရွက်ကြတာပါ။ တစ်ဦးနဲ့တစ်ဦးတော့ မတူနိုင်ပါဘူး။ ဒါပေမယ့် သိတာတွေကတော့ တူကြပါတယ်။ ကိုယ်က သူမသိဘူးထင်လို့ ပြောတာဖြစ်စေ၊ လုပ်တာဖြစ်စေ လုပ်ပြီးလို့ အဲဒီ့လူကို ခုံပူကြီးပေါ်ကလူတွေက ခေါ်ပြောလိုက်ရင် အံ့သြသွားကြတာများပါတယ်။ မအံ့သြပါနဲ့ သူတို့တို့တွေ အဲဒီ့လို သိနိုင်ကြားနိုင်လုပ်နိုင်လို့လဲ အဲဒီ့နေရာတွေမှာ မြဲနေကြတာပါ။ မျက်စိတစ်သိန်း၊ နားတစ်သိန်းရှိကြပါတယ်။ မပြောရင်သာ ရှိမယ် သိပြီး ကြားပြီးသားပါ။

ရာထူးကြီးလာလေလေ ခုံပေါ်က မထရလေလေ။ ခုံကပိုပြီး ပူလာလေလေပါပဲ။ သူတို့ဟာ သင်္ဘောကပ္ပတိန်တွေနဲ့ ပိုပြီးတူပါတယ်။ သင်္ဘောစထွက်ရင် ထိပ်ဆုံးကတက်ရသလို၊ သင်္ဘောဆိုက်ရင် (သို့) သင်္ဘောပျက်ရင် နောက်ဆုံးမှ ဆင်းရသူတွေပါပ။ အောက်ခြေက တက်လာသမျှပြဿနာတွေ အားလုါံ်ဟာ ကြီးကျယ်လာတာနဲ့ အမျှ ခုံပူကြီးပေါ်ကလူက ပိုပြီး ပင်ပန်းသလို သူကပဲ အဖြေထုတ်ပေး၊ တာဝန်ယူပေးရတာပါ။ သူဝင်ပါရမယ့် အချိန်၊ သူဖြေရှင်းပေးရမယ့် အချိန်ကို ခုံပူကြီးပေါ်ကလူက အမြဲတမ်းစောင့်ကြည့်နေတာပါ။ ဒါကို တချို့က ဘာမှ မလုပ်သေးဘူး၊ မလုပ်တတ်ဘူးလို့ ထင်မြင်ယူဆကြတာကတော့ အံ့သြစရာပါပဲ။ ခုံပူကြီးပေါ်ကလူဟာ သူဝင်ပါရမယ့် အချိန်၊ သူကိုင်တွယ်ရမယ့် ချိန်ကို အမြဲတမ်းသိပါတယ်။ ခုံပူကြီးပေါ်ကလူဟာ သူဝင်ပါရပြီဆိုကထဲက အဖြေထုတ်ပေးရပါပြီ။ အဲဒီ့အတွက် သူ့မှာ တာဝန်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ကတိတွေ ပါပြီးသားပါ။ သူလွယ်လွယ်ကူကူ ဝင်မပါတတ်ပါဘူး။

ခုံပူကြီးပေါ်ကလူတွေ အကြောင်းကို သေချာမသိ၊ အဲဒီ့လိုနေရာကိုသာ လိုချင်နေဲ့လူတွေကို မြင်တိုင်း ရီ(ရယ်)ချင်ပါတယ်။ အဲဒီ့လူခိုင်းတာကိုတောင် မလုပ်နိုင်သေးပဲနဲ့ သူ့နေရာ၊ သူ့အလုပ်တွေ တာဝန်တွေကို ယူချင်တယ် ဆိုရင်တော့ လှေကားထစ်ကို ပထမထစ်ကနေ စပြီးမတက်ပဲ ထိပ်ဆုံးတန်းရောက်ချင်တဲ့ သူလိုဖြစ်နေပါလိမ့်မယ်။ “ စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ လူ” တွေအတွက်တော့ မပြောတတ်ဘူးပေါ့လေ။ ဒါပေမယ့် အဲဒါကလဲ သေချာစဉ်းစားကြည့်ပါအုံး။ စိုင်ကော်လိုက်လို့ အမြင့်ပေါ်ရောက်သွားတယ်ပေါ့လေ။ ဒါပေမယ့် ရောက်တဲ့ အမြင့်ကလဲ ခြုံ။ ခြုံဆိုမှတော့ ဘယ်မှာလာပြီး အောက်ခြေခိုင်ပါ့မလဲ။ အင်း အဲဒီလိုလူတွေ ခြုံပေါ်က ပြုတ်ကျရင် “ဘုန်း” ကနဲ အသံကြီးကြားရပြီး အကျနာတတ်ပါတယ်။ သတိထား စေချင်ပါတယ်။ ကျွန်တော်ပြောနေကျ စကားတစ်ခွန်းရှိပါတယ် “ ထိုင်ကြည့်လေ၊ ဒါပေမဲ့ ခုံကတော့ပူတယ် ” လို့။ ကျွန်တော့်လိုပဲ ခုံပူကြီးပေါ်က လူတွေလဲ ပြောကြမယ်လို့ထင်ပါတယ်။ နောက်မှပဲဆက်ပြီး အဲဒီ့အတွေ့အကြုံတွေကို ဆက်ရေးပါ့မယ့်။ အခုတော့ ဒီလောက်ပဲပေါ့။ တော်သေးပြီ။

6 comments:

စိုးထက် - Soe Htet ! said...

ကောင်း၏ ... MMEG ဘလော့ မှာ ပါ တင်ပေးလျှင် ပို၍ ကောင်း၏ ... အခန်းဆက် နေ့တိုင်းရေး၍တင်လျှင် အကောင်းဆုံးဖြစ်၏ :P

ခင်မင်းဇော် said...

ခုံပူကြီးပေါ်ကနေ လက်ပူတိုက်ပြီး စာပူတွေ ရေးထုတ်နေသလားဟဲ့...
ဟန်းဖုန်းလဲ ပူ...
ကားလဲ ပူနေပြီဆို...... ဆက်ရေးဦး... ခုံပူပြီးရင်... အဲဒီအကြောင်းတွေ.....
ချစ်ခင်စွာဖြင့်
အမခင်မင်းဇော်

RePublic said...

ဝေမျှတာ ကျေးဇူးပါဗျာ ၊၊ မင်္ဂလာပါ ၊၊

Unknown said...

ငါ့ အစ်ကို Senior ကြီးဖင်တွေပူနေပြီထင်တယ် ။ အားတင်းထား မကြာခင် အငွေ့ထွက်လာပြီး မီးပါလောင်လိမ့်မယ် :P

Pinkgold said...

ဟုတ်ပါ့ရှင်... laptop တစ်လုံးနဲ့ ငြိမ်ငြိမ်ထိုင်နေပေမယ့်.. သူ့ခေါင်းက ခုံလိုပဲ ပူနေတယ်ဆိုတာ အောက်ကကလေးတွေ နားမလည်ကြဘူး... ဟူးးးးးးးး

Han Thit Nyeim said...

ဒါဆိုရင် မထိုင်ခင် မြက်ဖြာလေးခင်းမှ ဖြစ်တော့မယ်။ :)