Monday, February 18, 2008

အားလုံးပျော်ကြသည် သို့သော်

ဖေဖော်ဝါရီ ပျော်ပွဲရွှင်ပွဲနဲ့ ဈေးရောင်းပွဲတော်ကြီးကတော့ ပြီးသွားပါပြီ။ ဟုတ်ကဲ့ အားလုံးပျော်ကြပါတယ်။ ဒါပေမယ့် မောင်သုည တစ်ယောက်မှာတော့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ပန်လန်လက် ပက်လက်လန်ပြီး ကျန်ခဲ့ပါတယ်။ ပွဲတော် ၆ ရက်ကာလမှာ ၁၀ ပေါင်လောက်ကျသွားပါတယ်။ နဂိုကထဲကမှ အင်မတန် ဝတဲ့ ခန္ဓာကိုယ်ဆိုတော့ ခုစဉ်းစားသာကြည့်။ ဒီပွဲမှာ စပွန်ဆာလည်းရတယ် ဆိုင်ခန်း ၈၀ နီးပါလည်း ရောင်းထားတယ် ဒါပေမယ့် မောင်သုည မမြတ်ဘူးဆိုတော့ လူတိုင်း အံ့သြကြပါတယ်။ မအံ့သြကြပါနဲ့ ခင်ဗျာ မောင်သုညရဲ့ ပထမဆုံး အတွေ့အကြုံဆိုတာရယ် မောင်သုညဟာ ငွေကြေးထက် သိက္ခာတရားကို တန်ဖိုးထားတယ် ဆိုတာရယ် လူတစ်ဘက်သားကို စိတ်ဆင်းရဲ မခံဘူးဆိုတာရယ် သိရင် လုံလောက်ပါတယ်။ ဒီပွဲကြီးနဲ့ ပတ်သတ်ပြီး အမြတ်ထွက်တာကတော့ နာမည်ကောင်းကျန်ခဲ့တာရယ် လူတွေ အားလုံးပျော်ရွှင်တာရယ် အနုပညာ မောင်နှမတွေ ကျေနပ်နှစ်သိမ့်မှု ရတာရယ်ကတော့ မောင်သုညအတွက် အမြတ်ပါပဲ။ ကိုရွှေကတော့ ပွဲမစခင်မှာ နောက်ပြီးပြောဖူးတယ် တစ်မြို့လုံးပျော်မယ် သုညကြီး ငိုနေမယ်တဲ့။ စကားနောက် တရားပါများ ဖြစ်သွားရော့သလား ဟုတ်ပါရဲ့ တစ်မြို့လုံး ပျော်ပါတယ် မောင်သုည မပျော်လိုက်နိုင်ပါဘူး။

ပွဲတော် ၆ ရက်ဟာ မောင်သုညအတွက် ဆယ်တန်းစာမေးပွဲ ပြန်ဖြေရသလိုပါပဲ။ အဲဒီ့ ၆ ရက်ကို မောင်သုညက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ နဲ့ ဇီဝဗေဒ လို့ ပြောပြီး ရင်ဆိုင်ခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း ပြဿနာတွေကို ဖြေရှင်းခဲ့ရပါတယ်။ လူတွေ အကြောင်းကို ပိုသိခဲ့ရပါတယ်။ ယုတ်မာခံခဲ့ ရပါတယ်။ ငွေဂုဏ်မောက်တဲ့ သူတွေကို တွေ့ခဲ့ရပါတယ်။ အကူညီပေးတဲ့သူတွေလည်း တွေ့ဆုံခဲ့ရပါတယ်။ ဟိုးတုန်းကထဲက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေတယ်လို့ နာမည်ရထားတဲ့ မောင်သုည ခုတော့ ပိုပြီး နာမည်ရသွားပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာ မဟုတ်ပါဘူး။ အမှန်တကယ်ပြောပြနေတာပါ။ ဒီပွဲတော်ရက် မတိုင်ခင်ကထဲက အလုပ်တွေများလွန်းလို့ ချစ်လှစွာသော ဘလော့ဂ်ကိုတောင် လှည့်မကြည့်နိုင်ခဲ့ပါဘူး။ ခုတော့ နဲနဲအားသွားပြီမို့ ပြန်ရေးပါတော့မယ်။ ပြန်ရေးဖို့ကိုလည်း အားလုံးက တိုက်တွန်းနေပါတယ်။

ပွဲတော်ရက်တွင်း ဖြစ်ပျက်ခဲ့သမျှတွေ၊ စိတ်ခံစားမှုတွေ၊ ပြဿနာဖြေရှင်းခဲ့ရပုံတွေကို အသေးစိတ် ပြန်လည် ရေးသားတင်ပြပါအုံးမယ်။ ဓါတ်ပုံတွေကိုလည်း အဆင်ပြေရင် ပြေသလို တင်ပေးပါ့မယ်။ မောင်သုညကို အမြဲတမ်း အားပေးတတ်တဲ့ ဘလော့ဂ်ဂါကြီး ဒေါက်တာစိုးထက်ကိုလည်း ကျေးဇူးတင်မိပါတယ်။ မောင်သုညတို့ ပြဿနာတက်နေတော့ သူတောင် မနေနိုင်ရှာပါဘူး။ ကူညီပေးပါတယ် (မယုံမေးကြည့်)။ ခုလောလောဆယ်တော့ ရှယ်ယာသမားတွေနဲ့ မောင်သုည နပမ်းလုံးလိုက်ပါအုံးမယ်။ ပြီးမှ အသေးစိတ် ရေးပြပါ့မယ်။ ဘလော့ဂ်ကို ပစ်ထားမိသလို ဘလော့ဂ်ဂါမောင်နှမတွေကိုလည်း ဂရုတစိုက် မလုပ်နိုင်ခဲ့တဲ့ မောင်သုညကို ခွင့်လွှတ်နားလည် ပေးကြပါလို့ ပြောချင်ပါတယ်။ ကဲ အားလုံးပဲ ကျွန်တော် ပြန်လာပါပြီ ဆက်လက် အားပေးကြပါအုံးလို့ . . . . .

2 comments:

စိုးထက် - Soe Htet ! said...

တော်တော်မောသွားပေါ့ ... :P အဆင်ပြေပါစ ဗျာ ... :)

Thet Htoo@Myat Lone said...

အကိုရေ။ ကျွန်တော်တို့ မိသားစု မျှော်စင်ကျွန်းက အကိုတို့ ပွဲကို လာသွားသေးတယ်။ ကိုအရိုင်းတို့ ဆိုင်တစ်ဆိုင်မှာ ထိုင်နေတာတော့ တွေ့ခဲ့တယ်။ အကို့ကို မမြင်ဘူးတော့ ကိုအရိုင်းဘေးနားက အကို ဟုတ် မဟုတ်တော့ မသိဘူးခင်ဗျ။ ငွေကြေးအရရော၊ နာမည် အရပါ အောင်မြင်တဲ့ပွဲတွေ အများကြီး တင်ဆက်နိုင်ပါစေခင်ဗျာ။