Sunday, December 30, 2007

ဖြတ်သန်းခဲ့တဲ့ ၂၀၀၇


နှစ်သစ် တစ်နှစ်ကို ကျွန်တော်တို့ ရောက်တော့မယ်။ ကျန်ခဲ့တဲ့ ၂၀၀၇ ကြီးကို ကျွန်တော်တို့ ကျောခိုင်းတော့မယ်။ နှစ်သစ်အတွက် အားသစ်အင်သစ်တွေ မွေးသူကမွေး။ နှစ်ဟောင်းက အမှတ်တရတွေကို သတိတရ ပြန်ပြောသူက ပြန်ပြောနဲ့ လူတွေ အလုပ်ရှုပ်ကြအုံးမှာပေါ့။ Happy New Year ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော်တို့ဟာ နှစ်တစ်နှစ်ကို အဲဒီ့လို ချန်ခဲ့နိုင်ပါသလား။ လူတွေ သတ်မှတ်တဲ့ အချိန်ဆိုတာကြောင့် ကျွန်တော်တို့ဟာ သက္ကရာဇ်တွေကို ဖြတ်သန်းတယ်လို့ ထင်နေကြတာပါ။ တကယ်တော့ နေ့တိုင်းဟာ အတူတူပါပဲ။ ကျွန်တော့်အတွက်တော့ သိပ်ပြီး ထူးထူးခြားခြား မရှိလှပါဘူး။ ဒါပေမယ့်ပေါ့လေ ဒါပေမယ့်ပေါ့။ အချိန်အတိုင်းအတာ အရဆိုရင်တော့ဖြင့် အမှတ်သညာနဲ့ ပြောလို့ရတဲ့ အတွေ့အကြုံတွေကို ရက်စွဲထိုးပြီး ကာလအပိုင်းအခြားနဲ့ တင်ပြခွင့်တော့ ရတာပေါ့လေ။ ကျွန်တော်ကတော့ ကျန်ခဲ့တဲ့ နှစ်က အကြောင်းလေးတွေကို လစဉ်အလိုက် ပြန်ခွဲပြီး ရေးချင်စိတ် ပေါ်လာတာကြောင့် ၂၀၀၇ ရဲ့ ဒိုင်ယာယီလေးကို ပြန်လှန်ဖြစ်လိုက်ပါတယ်။ ကျွန်တော် ဖြတ်ခဲ့တဲ့ ၂၀၀၇ ဆိုတဲ့ နှစ်လေးတစ်နှစ်ကတော့ ဒီလိုပါဗျာ။

ဇန်န၀ါရီလ
ကျွန်တော့်ရဲ့ ဆိုက်ဘာကဖေး တစ်နှစ်ပြည့်ပွဲ လုပ်ဖို့ အသည်းအသန် စဉ်းစားနေတယ်။ မန္တလေးမှာ ဖွင့်မယ့် ဆိုက်ဘာကဖေး ဆိုင်ခွဲက ၀န်ထမ်းတွေ ရောက်လာလို့ သင်တန်းတွေ ပေးနေရတယ်။ ဒီလိုနဲ့ သင်တန်းတွေ ပေးရင်း ကျွန်တော့်ဆိုင်ရဲ့ တစ်နှစ်ပြည့် အခမ်းအနားလေးကို လူနဲနဲနဲ့ပဲ လုပ်ခဲ့တယ်။ တစ်နှစ် ဖြတ်သန်းလိုက်တဲ့ အတွေ့အကြုံတွေက ကျွန်တော့်ကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဇန်န၀ါရီလကတော့ ခြုံငုံ သုံးသပ်ရရင် လှပပါတယ်။ အေးချမ်းတဲ့ လလေးတစ်လ ဖြစ်ပေမယ့် ကျွန်တော့်မှာတော့ ဟိုစီစဉ် ဒီစီစဉ်နဲ့ ခေါင်းခဲနေရချိန်ပေါ့။ ဆိုင်ခွဲအသစ်အတွက် မီတင်တွေ ခဏခဏထိုင်ရတဲ့ အချိန်ပေါ့ဗျာ။ လကုန်ခါနီးမှာ ကျွန်တော် မန္တလေးကို သွားဖို့ စီစဉ်ရပါတယ်။

ဖေဖော်ဝါရီလ
ကျွန်တော် လဆန်းပိုင်းမှာ မန္တလာရွှေမြို့တော်ကြီးကို ရောက်ခဲ့ပါတယ်။ မှန်းထားသလို ဖြစ်မလာသေးတဲ့ ဆိုင်ရဲ့ ပြင်ဆင်မှုတွေကြောင့် ဟိုတယ်မှာ တောက်ခေါက်ပြီး အလုပ်လက်မဲ့ အိပ်လိုက်စားလိုက်နဲ့ ၃ ရက်လောက် အချိန်ဖြုန်းလိုက်ရတယ်။ ဆိုင်ဖွင့်ဖို့ ရက်နီးလာတဲ့ အချိန်မှာတော့ အခန်းအပြင်အဆင်တွေ ပြီးပြတ်ဖို့ လောရပါတယ်။ အပြင်အဆင်ပြီးတဲ့ အချိန်မှာ ထမင်းစားချိန်တောင် မရပဲ စက်တွေဆင်ရတယ်။ ဆိုင်ဖွင့်တဲ့ မနက်ရောက်ချိန်ထိ ဆိုင်ခန်းထဲမှာ ချွေးတလုံးလုံးနဲ့ အလုပ်များတုန်းပါ။ ဆိုင်ဖွင့်ပွဲမှာတော့ ယဲ့ယဲ့သာ ပြုံးနိုင်ပါတော့တယ်။ ဖွင့်ပွဲချိန်ခဏသာ ဆိုင်မှာနေနိုင်ပြီး ဟိုတယ်ပြန် တနေကုန် အိပ်စက်အနားယူတယ်။ ဆိုင်လဲ ဖွင့်ပြီးပြီ ဆိုတော့ ကျွန်တော့် ပါတနာတွေ အားလုံး ရန်ကုန်ပြန်သွားပါတယ်။ ကျွန်တော်ရယ် ဆိုင်က ၀န်ထမ်း ၇ ယောက်ရယ်သာ ဆိုင်မှာ ကျန်ခဲ့တယ်။ ကျွန်တော် ဖေဖေါ်ဝါရီ တစ်လလုံး မန္တလေးမှာ ဆိုင်နဲ့ ဟိုတယ်၊ ဟိုတယ်နဲ့ ဆိုင် ကူးပြီး အချိန်ကုန်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ဖိုးဝစဖို့ အတွက် အချိန်တွေ အများကြီးရပြီး တစ်ယောက်ထဲ စိတ်ကူးဖဲရိုက် လုပ်နေခဲ့တယ်။

မတ်လ
ကျွန်တော် ရန်ကုန်ပြန်ရောက်လာပါပြီ။ ဟိုမှာ အားအားယားယား တချိန်လုံး ထိုင်စဉ်းစားခဲ့တဲ့ ဖိုးဝ အကြောင်းကို ကျွန်တော့် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဘက်တွေကို ပြောပြပါတယ်။ အစထဲက လုပ်ကြမယ်လို့ ရည်ရွယ်ထားကြပေမယ့် မအားလပ်လို့ ရွှေ့ဆိုင်းထားရတဲ့ ပေါ်တယ်ဇာတ်လမ်း ပြန်ပြီး ခေါင်းမော့လာပါတယ်။ အဲဒီ့လိုနဲ့ ဖိုးဝစဖို့ ကျွန်တော်တို့ တတွေ အသည်းအသန်ရုန်းကန် ကြရပါတယ်။ အလုပ်အသစ် မရှိရင် အငြိမ်မနေတတ်တဲ့ ကျွန်တော့်ကြောင့် အားလုံး ပြာယာခတ်သွားကြပါတယ်။ အော် မေ့နေလို့ ကျွန်တော့်ရဲ့ မွေးနေ့က မတ်လထဲမှာလေ အဲဒီ့နေ့ကလည်း ရုံးမှာ ဖိုးဝကိစ္စနဲ့ အလုပ်များနေတာနဲ့ မွေးနေ့ကို မေ့မေ့လျော့လျော့ ကျော်သွားပါတယ်။ တစ်သက်လုံး မမေ့တတ်တဲ့ ကိုယ့်မွေးနေ့ကိုတောင် ဖိုးဝကြောင့် မေ့သွားခဲ့ပါတယ်။ မွေးနေ့ပြီး နောက်တနေ့မှာ လူမဖြစ်သေးတဲ့ (လူလို အသိဥာဏ်မရှိသေးတဲ့) တစ်ယောက်သောသူရဲ့ စော်ကားခြင်းကို မနက်မိုးမလင်းခင် ဖုန်းထဲကနေ ခံလိုက်ရပါတယ်။ အဲဒီ့မှာ အော်လူဆိုတာ ဒါမျိုးမလုပ်ရဘူး ဒီလိုလုပ်တာ လူမဖြစ်ရှာသေးလို့ ဆိုတဲ့ စိတ်ကလေး ကျွန်တော့်ဆီမှာ ကိန်းအောင်းခဲ့ပါတယ်။

ဧပြီလ
ဖိုးဝကို ၅ ရက်နေ့မှာ Online ပေါ်ကို သတင်းကဏ္ဍနဲ့ စပြီး တင်လိုက်ပါတယ်။ ဖိုးဝ စတင်မွေးဖွါးခဲ့တယ် ဆိုပါတော့ဗျာ။ အရာအားလုံးကို မေ့ဖို့အတွက် ဖိုးဝကို မွေးဖွါးလိုက်တာလို့ ကျွန်တော့်မိသားစုက ကျွန်တော့်ကို ပြောတဲ့ အချိန်ပေါ့။ သင်္ကြန်တိုင်းမှာ မလွတ်တမ်းကဲတဲ့ ကျွန်တော် ဖိုးဝနဲ့ ရှုပ်ပြီး သင်္ကြန်ဓါတ်ပုံတွေ တင်ဖို့ပဲ အာရုံရပါတော့တယ်။ သင်္ကြန်မကဲအားပါ ဓါတ်ပုံထွက်ရိုက်နေရပါတယ်။ အဲ နောက်ဆုံးနေ့ အတက်နေ့ တစ်ရက်ပဲ မင်းမလာရင် အသေပဲဆိုလို့ မဏ္ဍပ်ကို သွားခဲ့ပါတယ်။ တနေ့လုံး သောက်ပြီး မှောက်နေခဲ့ပါတယ်။ ငယ်သူငယ်ချင်း တချို့ကိုလည်း နားမလည်စွာ (သူတို့ကလည်း ကျွန်တော့်ကို နားမလည်စွာ) ပြန်လည်ဆုံစည်းခဲ့ပါတယ်။ မန္တလေးဆိုင်နဲ့ ပတ်သတ်ပြီး ရှယ်ယာသမားနဲ့ အက်သံလေးတွေ စတဲ့ အချိန်လည်း ဖြစ်ပါတယ်။

မေလ
လုပ်ငန်းတွေကို သေချာ ပြန်လေ့လာတဲ့ အချိန်၊ ကိုယ်လျှောက်ရမယ့် လမ်းကို ပြတ်ပြတ်ထင်ထင် ထပ်ပြီး တွေ့တဲ့ အချိန်လို့ ဆိုလို့ရပါတယ်။ ရန်ကုန်က ကျွန်တော့် ဆိုက်ဘာကဖေးကို ပိတ်ပစ်ချင်တယ်လို့ ပထမဆုံး စပြီး စဉ်းစားတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ၀န်ထမ်း အသစ် ၂ ယောက်လောက် ထပ်ပြီး ကျွန်တော် ခန့်ခဲ့ပါတယ်။ ရုံးရဲ့ အသုံးစရိတ်အတွက် ၀န်လေးရတဲ့ အချိန်ပေါ့ဗျာ။ မန္တလေးဆိုင်နဲ့ ပြဿနာတော်တော် တက်နေပါပြီ။ စီးပွါးရေး သမားနဲ့ နည်းပညာကို မတောက်တခေါက် နားလည်ပြီး စီးပွါးရေးသမား ပေါက်စလေး ကျွန်တော် စကားတွေများခဲ့ရတယ်။ သိက္ခာတရားနဲ့ ငွေ ဘာကို ရွေးမလဲ စဉ်းစားနေခဲ့ပါတယ်။

ဇွန်လ
မင်းဘာကောင်လဲ ဆိုပြီး သူများတွေ မေးကြတဲ့ မေးခွန်းတွေကို ဖြေနေရတဲ့ ကာလပေါ့။ မိုးတွေကသည်းနေတယ် အပြင်မှာ သည်းသလို ကျွန်တော့်ရင်ထဲမှာလည်း မိုးတွေ သည်းခဲ့ပါတယ်။ ဖိုးဝရဲ့ ကဏ္ဍတွေ တစ်ခုပြီး တစ်ခု တက်နေတဲ့ ကာလပါပဲ။ ရန်ကုန်ဆိုင်ကို ရှယ်ယာတွေဆီကနေ သူငယ်ချင်းတစ်ယောက်နဲ့ အတူ မိုက်မိုက်မဲမဲ ခွဲပြီး ပြန်အမ်းပေးလိုက်ပါတယ်။ ကျွန်တော့်ခြေ ကျွန်တော့်လက် ဖြစ်လာပေမယ့် နှိပ်စက်လာတဲ့ အကြောင်း အမျိုးမျိုးကြောင့် စိတ်ညစ်ခဲ့ရပါတယ်။ မန္တလေးဆိုင်ကတော့ တစ်ဇာတ်သိမ်းဖို့ အချိန်တန်လာပါပြီ။ ရှယ်ယာသမားနဲ့ အပြီးအပိုင် လမ်းခွဲလိုက်ပါတယ်။ ငွေအရ ကျွန်တော်ရှုံးပေမယ့် သိက္ခာအရ ကျွန်တော်နိုင်ပါတယ်။ လူတိုင်း အံ့သြပြီး ဘာလို့လဲ ဆိုတဲ့ မေးခွန်းတွေ အမေးခံရတာလည်း ဒီဇွန်လထဲမှာပါပဲ။

ဇူလိုင်လ
ကိုယ့်ဘာသာ ဘာကောင်မှန်း တော်တော်သိနေပါပြီ။ စီးပွါးရေးအရ ခွက်ခွက်လန်နေလို့ ဟိုပြေးဒီပြေး လုပ်နေရပါတယ်။ ကုမ္ပဏီရဲ့ ရှယ်ယာပါတဲ့ သူငယ်ချင်းတချို့ ဆက်မလုပ်နိုင်တော့ကြောင်း အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ ၃ ယောက် ခေါင်းချင်းရိုက်ပြီး ဆက်လုပ်မလုပ် ဆုံးဖြတ်ရပါတယ်။ ကျန်တဲ့ သူတွေ အတွက်တော့ မပြောတတ်ပေမယ့် ကျွန်တော့်အတွက်ကတော့ ဒီအလုပ်မှ ဆက်မလုပ်ရင် ရှင်းရမယ့် ပြဿနာတွေက ဒုနဲ့ဒေးပါ။ ကံအားလျော်စွာနဲ့ ကျန်တဲ့ နှစ်ယောက်က ဆက်ပြီး ချီတက်ဖို့ အားပေးပါတယ်။ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု တချို့တ၀က်ဟာ ကုမ္ပဏီထဲမှာ ရှယ်ယာ အဖြစ်နဲ့ ပုံစံပြောင်းပြီး ၀င်သွားပါတော့တယ်။ မေ့နေလို့ ငွေရမယ်လို့ သေချာတဲ့ ကိစ္စတစ်ခုကို စိတ်ထဲမှာ လော်မာတယ်ထင်လို့ ပြတ်ပြတ်သားသား ငြင်းခဲ့လို့ ကျွန်တော့်ကို ဘေးပတ်ဝန်းကျင်က လူမိုက်လို့ ၀ိုင်းပြီး ခေါ်ကြပါတယ်။

သြဂုတ်လ
ဖိုးဝကို Beta version ကနေ full version လွှင့်တင်ဖို့ ရှိသမျှလူအားလုံးကို လောရပါတယ်။ ဘလော့ဂ်တွေ ခေတ်စားလွန်းလို့ ကိုယ်တိုင် ဘလော့ဂ် တစ်ခု စမ်းကြည့်ဖို့ ကျွန်တော် စမ်းသပ်ခဲ့ပါတယ်။ ဖိုးဝကို အချောသပ်ဖို့ လုပ်နေသလို ဘလော့ဂ်ကို စမ်းလုပ်ပြီး ရပ်မရအောင် ဘလော့ဂ်ဆွဲသွားပါတယ်။ မနက်လင်းလို့ စက်ဖွင့်ရင် ဖိုးဝ၊ Google အပြင် ကိုယ့်ဘလော့ဂ်လေးကို ကြည့်ရတဲ့ အလုပ်တစ်ခု ပိုလာပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေကြောင့် ကျွန်တော့်ဆိုက်ဘာကဖေးကို ပိတ်ဖို့ ဒုတိယအကြိမ် စဉ်းစားနေပါတယ်။ ကျွန်တော့် မိသားစုရဲ့ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကို ကြိုးစားပမ်းစား ဖြေနေရပါတယ်။

စက်တင်ဘာလ
ကျွန်တော်ထင်ထားတဲ့ အတိုင်း အခြေအနေတွေ ပြောင်းလဲနေပါပြီ။ ဆိုက်ဘာကဖေးလေးကို မပိတ်ချင်သော်လည်း ပိတ်လိုက်ပါတယ်။ အများအမြင်မှာ ခဏပိတ်တယ်လို့ ထင်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ဒါဟာ အပြီးပိတ်လိုက်တာဆိုတဲ့ အသံထွက်နေပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေကို မျက်စိဒေါက်ထောက် ကြည့်နေမိပါတယ်။ တခြားဘာကိုမှ စိတ်မ၀င်စားနိုင်လောက်အောင် ပါပဲ။ ဖိုးဝ အတွက်ရော ကျွန်တော့်အတွက်ပါ ဖြစ်လာနိုင်တဲ့ အလှည့်အပြောင်းတွေကို ခါးစီးခံဖို့ အားမွေးခဲ့ပါတယ်။ လကုန်ခါနီးမှာ ဖိုးဝ full version release လုပ်နိုင်ခဲ့ပါတယ်။

အောက်တိုဘာ
ကျွန်တော် အင်တာနက် ကောင်းကောင်းပြန်သုံးလို့ ရတာနဲ့ ကျွန်တော်လုပ်နေတဲ့ အလုပ်တွေကို အရှိန် နှစ်ဆတင်လိုက်ပါတယ်။ ကျွန်တော့်လက်ထဲကို ကုမ္ပဏီ တစ်ခုလုံး ရောက်လာဖို့ အကြောင်းတွေ ဖန်လာပါတယ်။ အတူတူ လုပ်နေတဲ့ သူငယ်ချင်း နိုင်ငံခြားသွားဖို့ စပြီးပြောလာပါတယ်။ သူ့ဆီက လုပ်စရာတွေ သိစရာတွေကို လက်ခံရယူပါတယ်။ လိုအပ်နေတဲ့ နေရာတွေ အတွက် ၀န်ထမ်းသစ်တွေ ထပ်ခန့်ပါတယ်။ နောက်လာမယ့် လုပ်ငန်းစဉ်တွေကို တစ်ယောက်ထဲ ကြိတ်ပြီး ကြံစည်နေရပါတယ်။ လျှောက်ရမယ့် ဆူးလမ်းကြီးကို ကြည့်ပြီး သက်ပြင်း ခိုးခိုးချရပါတယ်။

နိုဝင်ဘာလ
ဆိုက်ဘာကဖေး ပိတ်လိုက်ကထဲက နေ့စဉ်ဝင်ငွေ ပုံမှန် မရှိတော့လို့ ဘာထပ်လုပ်မလဲ စဉ်းစားပါတယ်။ သင်တန်းဖွင့်ဖို့ အိုင်ဒီယာရလို့ သင်တန်းအတွက် ပြင်ဆင်ပေးရပါတယ်။ စာသင်ပေးမယ့် ရုံးက ကလေးမလေးကို ထရိန်းလုပ်ရပါတယ်။ Syllabus တွေအတွက် အားလုံးနဲ့ ညှိနှိုင်းရပါတယ်။ တစ်ယောက်ထဲ ဦးဆောင်နေရတဲ့ ကျွန်တော့်ကုမ္ပဏီအတွက် Public Relation Manager တစ်ယောက်ခန့်လိုက်ပါတယ်။ သူ့ကို ခန့်ပြီး မကြာခင်ပဲ ကျွန်တော့် လုပ်ငန်းတွေ တဖြေးဖြေး အရှိန်ရလာပါတယ်။ ရုံးမှာ ၀န်ထမ်းဦးရေ တော်တော်များလာလို့ သူတို့လုပ်နေတဲ့ အလုပ်တွေကို သေချာသိအောင် ကြိုးစားပမ်းစား ပြန်ပြီးလေ့လာရပါတယ်။ ကျွန်တော် အားကိုးရတဲ့ စာရင်းကိုင်၊ ကျွန်တော့်ရုံးရဲ့ ပထမဆုံး ၀န်ထမ်းဖြစ်တဲ့ Supervisor ကလေးမလေး နဲ့ Developer ချာတိတ် တစ်ယောက် နိုင်ငံခြားထွက်မယ်လို့ ကျွန်တော့်ကို လာပြောတော့ ခေါင်းတော်တော်စားခဲ့ရပါတယ်။ သူတို့နေရာမှာ အစားထိုးဖို့ နောက်ထပ်လူသစ်တွေကို အသည်းအသန် ရှာရပါတယ်။ ၀န်ထမ်း အင်တာဗျူးတွေနဲ့ အတူ နိုဝင်ဘာလကို ကျွန်တော် ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ပါတယ်။ မေ့နေလို့ အဲဒီ့လို မအားတဲ့ကြားကနေ ကျွန်တော် သူငယ်ချင်းတွေနဲ့ အရက်သောက်ရင်း အမူးလွန်ပြီး ချောင်းသာကို ၃ ရက်လောက် သွားလည်ခဲ့ပါတယ်။

ဒီဇင်ဘာလ
လူတွေလည်း သူ့နေရာနဲ့ သူ ပုံမှန်ဖြစ်နေပြီ ကျွန်တော်လည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်နေပြီ။ လုပ်ငန်းတွေ အဆင်ပြေနေပြီပေါ့လေ။ ကျွန်တော် စိန်ခေါ်မှု အသစ်တစ်ခု စဖို့ စိတ်ကူးရလာပါတယ်။ ဘယ်သူ့ကိုမှ ကြိုတင် မပြောခဲ့ပါဘူး။ ၂၀၀၈ မှာ ဈေးပွဲတော်လုပ်မယ်လို့ ကိုယ့်ဘာသာ တစ်ယောက်ထဲ ကြိတ်ကြံခဲ့ပါတယ်။ ကြံခဲ့တဲ့အတိုင်းလည်း အကောင်အထည် စပြီးဖေါ်ပါတယ်။ ကျွန်တော် အဲဒီ့ ပရောဂျက်ကို ရလာတဲ့နေ့မှာ တစ်ရုံးလုံး အံ့သြကြပါတယ်။ ရုံးကလူတွေတင် မဟုတ်ပါဘူး ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျွန်တော့်မိတ်ဆွေတွေ သူငယ်ချင်းတွေက အစ ကျွန်တော့်ကို အလုပ်အသစ် မရှိရင် မနေတတ်ဘူးလားလို့ ၀ိုင်းမေးကြပါတယ်။ ကျွန်တော့် ပရောဂျက် အသစ်အတွက် ကျွန်တော်နဲ့ အတူ တစ်ရုံးလုံး အလုပ်တွေ ထပ်ပြီး ရှုပ်ကြတယ်။ လူအင်အားလိုလာလို့ ၀န်ထမ်းအသစ်တွေ ထပ်ခန့်ဖြစ်တယ်။ ပရောဂျက်အတွက် လိုအပ်တဲ့ ငွေကြေးကို ရှာဖို့ စပွန်ဆာသမားတွေနဲ့ ညှိနှိုင်းရပါတယ်။ ခုတော့ ကျွန်တော့် လုပ်ငန်းတွေ အားလုံး နေသားကျသွားပါပြီ။ ဈေးပွဲတော်အတွက်လည်း စပွန်ဆာကို သူများတွေ မထင်မှတ်တဲ့ နှုန်းထားနဲ့ ကျွန်တော်ရခဲ့ပါပြီ။ ၂၀၀၈ က ငါ့နှစ်လို့ ကျွန်တော် ကြုံးဝါးမိအောင်ကို အရာရာ အဆင်ပြေပြေ ဖြစ်လာပါတယ်။ ပင်ပန်းပေမယ့် ကျွန်တော် ပျော်ပါတယ်။ ဒီလမှာရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေကို ကျွန်တော် သိပ်ပြီး မဆင်နွှဲနိုင်လို့ သူငယ်ချင်းတွေက မေတ္တာပို့ကြပါတယ်။

ကဲ ကျွန်တော့် ဒိုင်ယာယီကြီးလည်း ရှည်သွားပြီ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။ ၂၀၀၇ မှာ ဖြစ်ခဲ့တာတွေကို ကျွန်တော် သင်ခန်းစာအဖြစ် မှတ်ထားပါတယ်။ မှားခဲ့တဲ့ အမှားတွေကို ၂၀၀၈ မှာ မကြူးလွန်မိအောင် ဆင်ခြင်ပါ့မယ်။ ခုလို စိတ်ရှည်လက်ရှည် ဒီပို့စ်ကို ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ်ပို့စ်အသစ်တွေကို အချိန်ရရင် ရသလို ရေးပါအုံးမယ်။ အားလုံးပဲ Happy New Year ပါခင်ဗျာ။

6 comments:

မွန် said...

အကို ရက်ပေါင်း ၃၆၀ လုံးမှာ struggle လုပ်နိုင်ခဲ့တာကို အံ့သြမိပါတယ်
၂၀၀၇ က အကို့အတွက် တိုက်ပွဲတစ်ပွဲဖြစ်နေခဲ့ပါလား
နောက်ဆုံးအချိန်ထိ စစ်မြေပြင်မှာ ရှင်သန်နေခဲ့နိုင်သူက အနိုင်ရသူလို့
မွန်မှတ်ယူထားတယ်
ဒါဆို ၂၀၀၇ မှာ အကိုက အနိုင်ရသူပေါ့နော်
` ယုံကြည်ချက်ကို မစွန့်လွှတ်တာ တယူသန်တာဆိုရင်တောင်
ယုံကြည်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာကိုတော့
စိတ်ဓာတ်ခိုင်မာ ပြင်းထန်တယ်လို့ပဲ သုံးသပ်ရမယ် ထင်တယ်
ကိုယ်ပိုင်လမ်းကြောင်းတစ်ခု ပီပြင်လာတဲ့အခါ ဖြစ်လာတဲ့ပီတိက
အဲဒီလမ်းကိုဖောက်တုန်းက မောခဲ့ရတဲ့အမောတွေထက်
အဆပေါင်းများစွာသာမှာ သေချာတယ်
၂၀၀၇ မှာတိုက်ခဲ့ရတဲ့ စစ်ပွဲအတွက်
၂၀၀၈ က အောင်ပွဲတစ်ပွဲ ဖြစ်နေမှာပါ်

Red's Rose Dream said...

အံ့သြမိပါတယ် ကိုဇီးရိုးရေ ဒီလောက်လုပ်နေတယ်။ လုပ်နိုင်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ပါဘူး။ အတော်လည်း စိတ်ဓါတ်ကြံ့ခိုင်ပါပေတယ်။ အတောလည်း ကြိုးစားရုန်းကန် ခဲ့ရတယ်နော်။ ကျွန်မတို့လို အပျော်၊ အားနေလို့ဘလောဂ့် ရေးတာမဟုတ်ပေမယ့် ဘလောဂ့်လေးကို အတော်ဂရုတစိုက်နဲ့ စာတွေအမြဲတင်နိုင်တာကို ဒီပိုစ့်ဖတ် ပြီးမှ ပိုပြီးလေးစားမိပါတယ်။ ကျွန်မများ ဒီလိုသာ အလုပ်ရှုပ်နေရင်တော့ ဘလောဂ့်ရေးဖို့ နေနေသာသာ နေ့တိုင်း ထိုင်ငိုနေမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို ဖတ်ပြီးမှ သြော်ငါ အများကြီးကို လိုသေးပါလားလို့ အသိတရားရ မိပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကို ပြသနာလုပ်ပြီး တနေ့တနေ့ စိတ်ဆင်းရဲနေတာ။ ခုတော့ သူများတွေက ငါ့ထက်ပိုပြီး ကြိုးစားနေရတယ်။ ရုန်းကန်နေရတယ်ဆိုတာ မြင်လာမိပါတယ်။ ကိုယ့်မှဘယ်လောက် ပြည့်စုံ၊ ပြည်စုံ စိတ်ဓါတ် ကြံခိုင်မှူ ပြည့်စုံဖို့ဆိုတာတော့ အခက်သားလာနော်။
၂၀၀၈ ခုနှစ်မှာ အရာရာအဆင်ပြေပါစေလို့ တခါတည်း ဆုတောင်းပေးလိုက်ပါတယ်နော်။
ပျော်ရွှင်ပါစေ။

သဇင်ဏီ said...

အော်.. ကိုဇီးရိုးကြီးက ဖတ်ဖတ်ကိုမောလို့ ၂၀၀၇ တနှစ်လုံးမှာ :P
၂၀၀၈ မှာ အောင်မြင်မူတွေနဲ့ ပျော်ရွှင်မူတွေ ရရှိပါစေရှင့်

Unknown said...

အစ်ကိုရဲ့ Diary ကြီးကို အပြီးသတ်ထိ ဖတ်ကြည့် လိုက်တော့ တစ်ဖြည်းဖြည်းနဲ့ ကြိုးစားမှုရဲ့ ရလာဒ် တွေ အထင်သားပေါ်လာတယ်။ အားလုံး အဆင်ပြေပါစေ ဗျာ ... Happy New Year Bro ...

Moesat said...

အစ်ကိုရဲ့ Diary ကြီးကို အပြီးသတ်ထိ ဖတ်ကြည့် လိုက်တော့ တစ်ဖြည်းဖြည်းနဲ့ ကြိုးစားမှုရဲ့ ရလာဒ် တွေ အထင်သားပေါ်လာတယ်။ အားလုံး အဆင်ပြေပါစေ ဗျာ ... Happy New Year Bro ...

ရေးတဲ့ နာမည်မှားသွားလို့ ၂ ခါထပ်သွားတယ် ...:P

မျှားပြာ said...

Cheers Bro! .
အားပေးနေတယ်