Monday, December 10, 2007

ထွင်ရင်ထွင် မထွင်ရင်သေ


ဒီခေါင်းစဉ်က တစ်မျိုးတော့ တစ်မျိုးကြီး ဖြစ်သွားမယ် ထင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး ဒါပဲပေးစရာ ရှိတော့ ပေးလိုက်ရတာ။ ကျွန်တော့ ခံယူချက်ပါ။ ရေးရမှာ အန္တရာယ်တော့ များတယ်။ မရေးပဲလည်းမနေနိုင်ပြန်ဘူး။ ဒီတော့ ရေးမိတယ်။ ဖတ်လိုက်ရင် တခါတည်း အမြင်ကပ်သွားမှာ စိုးရိမ်ပေမယ့်။ ကိုယ့်ခံစားချက် ကိုယ်ရေးတာပဲလို့ ကြိုးစားပြီး စိတ်ဖြေမိတယ်။ ထွင်ရင်ထွင် မထွင်ရင်သေ တဲ့။ ဘာကြီးလဲပေါ့။ ဟုတ်ကဲ့ ရှင်းပြပါ့မယ်။ ကျွန်တော်က ဘ၀မှာ တီထွင်ကြံဆနိုင်ရင် တီထွင်ကြံဆ ဒီလိုမှ မလုပ်နိုင်ရင် သေလိုက်မယ်ပေါ့။ ဒါကိုဆိုလိုတာပါ။ ကျွန်တော်နဲ့ ကိုရွှေ ခုတလော သိပ်ကို ပြောဖြစ်တဲ့ အကြောင်းအရာပေါ့ဗျာ။ ကိုရွှေဆိုတာ သီချင်းရေးတဲ့ ရွှေဂျော်ဂျော်ပါ။ သူနဲ့ ကျွန်တော်က စိတ်ထားပုံ ထားနည်း ခံယူပုံ ခံယူနည်းတွေ အများအားဖြင့်တူတော့ ဆွေးနွေးဖြစ်တဲ့ ခေါင်းစဉ်တွေက အများသားပဲ။ အလုပ်ကလည်း တူတူလုပ်ကြတယ်ဆိုတော့ ခုနောက်ပိုင်း ပိုပြီးဆုံဖြစ် တယောက်နဲ့ တယောက် ထင်တာ မြင်တာတွေ ပြောဖြစ်ကြတယ်။ အဲဒီ့မှာ ဒီခေါင်းစဉ်ကို ပို့စ်အဖြစ်တင်ဖို့ ကျွန်တော် သတိရသွားတာပေါ့။ ပြီးတော့ ခုတလော ကျွန်တော့် ရင်ထဲမှာ သိပ်ကို မွန်းကျပ်လွန်းနေတာလဲ ပါတာ ပေါ့လေ။ ရင်ဖွင့်လိုက်ရရင် ပေါ့သွားမယ်လို့ ယူဆမိတာကြောင့် ကျွန်တော် ဒီပို့စ်ကို တင်လိုက်ပါတယ်။

ဖြစ်စဉ်တွေက ဒီလို။ ကျွန်တော့်ကို ကျွန်တော့်အိမ်က မေးတယ်။ အဓိက ကတော့ အမေက မေးတာပေါ့လေ။ ငါ့သား မင်းဘယ်လောက် ငွေရှာနိုင်ပြီလဲတဲ့။ ပြီးတော့ ကျွန်တော့် ဆွေမျိုးတွေထဲက ကျွန်တော့်အောက်က ညီမတွေ ညီတွေ နိုင်ငံရပ်ခြားသွား ပညာတွေသင် အလုပ်အကိုင်တွေရ ၀င်ငွေတွေ ကောင်းတာတွေကို ကြားပြီး အမေက မေးတဲ့ မေးခွန်းပါ။ ဟုတ်ပါရဲ့ ကျွန်တော်နဲ့ ရွယ်တူ သူငယ်ချင်းတွေထဲက တချို့ဆိုလည်း သိပ်ကို အဆင်ပြေနေ ကြတာပေါ့။ ကျွန်တော်သာ ဒုံရင်းက ဒုံရင်း ဘာမှ မပြောင်းလဲဘူး။ အလုပ်ကတော့ လုပ်နေတာပဲ။ ၀င်ငွေက သုည ဆိုတော့ အမေက မေးပြီပေါ့။ အမေ့ကို ကျွန်တော် အဖြေတစ်ခုတော့ ပြောမိတယ်။ အမေ သားကို တိုင်းတဲ့ ပေတံ မှားနေတယ်လို့။ ဟုတ်ကဲ့ ကျွန်တော့် အမေ ဒေါသထွက်သွားပါတယ်။ ဂရုဏာ ဒေါသပေါ့လေ။ အမေက သူ့သားကြီးကို သိပ်ကို အောင်မြင်နေတဲ့ ၀င်ငွေကောင်းနေတဲ့ သူတစ်ယောက် ဖြစ်စေချင်တာလေ။ သူတို့ ပြန်စားရ သောက်ရစေဆိုတဲ့ စိတ်မျိုးမရှိတာလဲ အသေအချာပါပဲ။ ဒါကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တောင် ခုထိ တခါတခါ အမေ့ဆီက ပြန်ပြီး တောင်းနေရတုန်းကိုး။ အမေ့ကို ကျွန်တော့် ခံယူချက် ပြတ်ပြတ်သားသား ပြောချင်တာကြောင့်သာ ပြောလိုက်ရတာ စိတ်ထဲတော့ သိပ်မကောင်းလှဘူး။ အမေဖြစ်စေချင်တဲ့ ပုံစံမျိုး မနေနိုင်လို့ တကယ်ကို စိတ်မကောင်းပါဘူး။ ဒါနဲ့ ကျွန်တော်လည်း အမေ့ကို ရှင်းပြရတာပေါ့။

အမေ ကျွန်တော့်ကို တိုင်းတဲ့ ပေတံက မှားနေလို့ အမေကျွန်တော့်ကို သေချာ မမြင်တာပါလို့။ ကျွန်တော့်ကို ငွေပေတံနဲ့တိုင်းရင် ကျွန်တော် ဘာကောင်မှ မဟုတ်ဘူး။ ဟုတ်ပြီ ပညာရပ်ပေတံနဲ့ တိုင်းပြန်တော့လည်း ဘာကောင်မှ မဟုတ်ပြန်ဘူး။ ကျွန်တော်လည်း ကျွန်တော့်ကို တိုင်းရမယ့် ပေတံ ဘာလဲဆိုတာ သေချာတော့ မပြောတတ်ပေမယ့် ပေတံလွဲနေတယ်ဆိုတာတော့ သေချာကြောင်း ပြောနိုင်ပါတယ်။ ကျွန်တော် ငယ်ငယ်ထဲက နိုင်ငံခြားမှာ ပညာသင်ဖို့ ၃ ကြိမ်ငြင်းခဲ့ဖူးတယ်။ အလုပ်လုပ်ဖို့ ၂ ကြိမ်ငြင်းခဲ့ဖူးတယ်။ ကျွန်တော်က ဒီမှာပဲ ကိုယ့်ဘာသာ Study လုပ်ခဲ့တယ်။ ခုအလုပ် လုပ်တော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်တယ်။ အမေတို့ အဖေတို့က သူတို့သားကြီး အလုပ်လုပ်ပြီ ဆိုတော့ အစ ပထမတော့ ပျော်တာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော်လုပ်တာကို သူတို့ နားမလည်တော့ဘူး။ ငွေမရတဲ့ အလုပ်တွေကို စိတ်ဝင်တစား အားကြိုးမာန်တက် လုပ်နေတာ မြင်တော့ သူတို့ အံ့သြ ကြတာ မဆန်းပါဘူး။ သူတို့က မေးဖူးတယ် မင်းလုပ်ငန်းတွေက ငွေတွေ ဘယ်တော့ဝင်ပြီး ဘယ်အချိန်မှာ အောင်မြင်မှာလည်းတဲ့။ လုပ်နေတာက တခုပြီးတခု ၀န်ထမ်းတွေက တစ်ယောက်ပြီး တစ်ယောက် ထပ်ခန့်နေတယ်တဲ့။ အမြတ်ဘယ်လောက်ရပြီလဲတဲ့။ ကျွန်တော်က ပြန်ပြောလိုက်တယ် ငွေက မ၀င်သေးဘူး အလုပ်အတွက် လူအင်အားလိုတော့ လူထပ်ခန့်တယ်။ ကျွန်တော်ခု လူ ၁၁ ယောက်စာတော့ တာဝန်ယူနိုင်နေပြီ လို့ပြောတော့ အဖေနဲ့ အမေ အတော်အံ့သြသွားတယ်။ အိမ်မှာ ဘာမှ အထောက်အကူ မပြုတဲ့ ကောင်က လူ ၁၁ ယောက်လောက်ကို တာဝန် ယူနိုင်နေတယ်ဆိုတော့ သူတို့ နားမလည်ဘူး ဖြစ်သွားတယ်။ ကျွန်တော် ဆိုလိုတာက ကျွန်တော် လူ ၁၁ ယောက်ကို အလုပ်ပေးထားနိုင်တာကို ပြောတာပါ။ အဖေက ပြောတယ် ကားဝယ်ရောင်း လုပ်ပါလားတဲ့။ ကျွန်တော် ပြန်ပြောလိုက်တယ်။ အဖေလို့ ကားကြီး အိမ်မှာ ထားတော့ အဲဒီ့ကားက ဘယ်သူ့ကို အကျိုးပြုသလဲလို့ မိသားစု ဘယ်နှစ်ခုကို လူဘယ်နှစ်ဦးကို အကျိုးရှိစေလဲလို့ မေးတော့ အဖေက မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ ပြီးတော့ ကျွန်တော်ကပဲ ဆက်ပြီး အဖေ နိုင်ငံတကာမှာ ကားဝယ်ရောင်းဆိုတာ အလုပ်မဟုတ်ဘူးလို့ ကုမ္ပဏီတွေ မှာတိုက်ရိုက်ဝယ်လို့ရရင် ပွဲပြီးသွားမယ့် ကိစ္စကို ကျွန်တော် အလုပ်လို့ မသတ်မှတ်ဘူးဆိုတော့ ကျွန်တော့်အဖေ ကျွန်တော့်ကို ဘာမှ မပြောတော့ဘူး။ ကျွန်တော့်အိမ်က ကျွန်တော့်ကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ နေစေချင်လို့သာ ထပ်မပြောတော့တာ သူတို့ စိတ်ထဲကတော့ ကျန်တဲ့သူတွေ လာကြွားရင် သူတို့မှာ ကြွားစရာ မယ်မယ်ရရ မရှိရှာလေတော့ ငြိမ်နားထောင်ရတာပေါ့။ တခါတလေတော့လည်း သူတို့ခမျာ သားကြီးကတော့ ဘယ်နိုင်ငံမှာ ဘယ်လောက်တောင်ရနေပြီ ဘာတွေလုပ်နေရတာ ပြောချင်ပုံပါပဲ။ အဲဒါကြောင့်လည်း သူတို့ ကျွန်တော့်ကို ခုနကလို မေးခွန်းတွေ မေးတာပေါ့လေ။

တခါကလည်း မိတ်ဆွေတစ်ယောက်က အလုပ်တစ်ခုလာပြောတယ်။ သူပြောပုံအရဆို ငွေရဖို့လဲ လွယ်တယ်။ ကပ်ပြီးပြောလိုက်ရင် ခွင်တည့်ပြီဆိုပါတော့ဗျာ။ သေချာပေါက်လည်း ငွေတွေရမှာ ဒါပေမယ့် ကျွန်တော် မလုပ်ခဲ့ဘူး ငြင်းခဲ့တယ်။ စိတ်ထဲကလည်း လော်မာတယ် ထင်တော့ ကျွန်တော် အဲဒီ့အလုပ်ကို အပြတ်ငြင်းလိုက်တယ်။ ကျွန်တော့်ကို အားလုံးက ၀ိုင်းပြောတယ် မင်းက လူမိုက်တဲ့။ ငွေရမှာ သိသိကြီးနဲ့ ငြင်းတယ်တဲ့။ ဟုတ်ကဲ့ ကျွန်တော် လူမိုက်ပါ။ ကျွန်တော် လူတစ်ယောက်ကို ပြောပြီး ဟိုလူက အင်းဆို ခေါင်းငြိမ့် ကိုယ်က ဘာမှ စိုက်ထုတ်တာလဲ မရှိပဲ ကပ်ပြီးတော့ ပိုက်ဆံရမယ်ဆိုတာ စိတ်ထဲက သိပ်ရှက်တယ်။ ဒါ့ကြောင့်လည်း ကျွန်တော် ငြင်းခဲ့တယ်။ ကျွန်တော့် ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ ဘယ်လောက်ပဲ နည်းတဲ့ ပိုက်ဆံ ဖြစ်ပါစေ ကျွန်တော် တန်ဖိုးထားတယ်။ ခုနကလို ကိစ္စမျိုးကတော့ ဆောရီးပဲ။ ကျွန်တော် ငွေနဲ့ ပတ်သတ်ရင် ဒါမှ မဟုတ် ခံယူချက်နဲ့ ပတ်သတ်ရင် အသဲက မာပြီးသားပါ။ အသဲမာတယ်ဆိုတာ ဘ၀မှာ ယုံကြည်ချက် ပြင်းတာကို တင်စားတာပါ။

ကျွန်တော်က ထွင်တယ်ဆိုတာ သစ်ဆန်းတာ လုပ်တာတိုင်းကို မဆိုလိုပါဘူး။ အဆန်းတကြယ် ဖြစ်တိုင်း ထွင်တယ်လို့ မဆိုနိုင်ပါဘူး။ လုပ်တဲ့ လုပ်ငန်းတစ်ခုရဲ့ အကျိုးပြုမှုကို ပြောတာပါ။ ကျွန်တော် သူများ ဒါလုပ်လို့ လိုက်လုပ်ရမှာကို အင်မတန် ပျင်းပါတယ်။ စိတ်မ၀င်စားပါဘူး။ ကိုယ့်ဥာဏ်စွမ်း ဥာဏ်စနဲ့ မဟုတ်ရင် ကျွန်တော် ဘာမှ မလုပ်ချင်ပါဘူး။ ကျွန်တော် လုပ်တဲ့ လုပ်ငန်းအပေါ်မှာ ကျွန်တော် အပြည့်အ၀ တာဝန်ယူနိုင်ပါတယ်။ ကောင်းရင် စံပြီး မကောင်းရင် ခံရဲပါတယ်။ ဒီနေ့ထိလည်း အဲဒီ့ဒဏ်တွေကို အလူးအလဲ ခံနေရစဲပါပဲ။ ဘ၀မှာ သူများပြောတာကို အံ့သြတကြီးနားထောင် သူများက ကောင်းတယ်ထင်တာကို လိုက်လုပ် ကိုယ်မပိုင် မနိုင်ပဲ လုပ်ရတာတွေကို အရှက်ဆုံးပါပဲ။ ကျွန်တော့် အယူအဆအရ ကျွန်တော် ကိုယ့်ဘာသာပဲ ယုံကြည်ပါတယ်။ သူများတွေကို မယုံကြည်ဘူးဆိုတာ စော်ကားတာ မဟုတ်ပါ။ ကျွန်တော် အတုယူစရာ ကောင်းတယ်လို့ ထင်ရင် အတုယူပါတယ်။ သင်ကြားဖို့လိုအပ်ရင် သင်ကြားပါတယ်။ ဒါတွေကလည်း ကျွန်တော်ဖောက်တဲ့လမ်း သာယာဖို့အတွက်ပါ။ ကျွန်တော် ဖောက်တဲ့လမ်းကို ကျွန်တော် ရဲရဲဝံ့ဝံ့ လျှောက်ချင်ပါတယ်။ စွန့်ဦးတီထွင်ဆိုတဲ့ စကားလုံးကို ငယ်ငယ်ကထဲက နှစ်သက်ပါတယ်။ တနေ့ ငါလည်း ဖြစ်ရမယ်ဆိုတဲ့ စိတ် ငယ်ငယ်ကထဲက ပါလာပါတယ်။ အဲဒါကြောင့် ကျွန်တော် ခုလုပ်နေတဲ့ အလုပ်တွေက ငွေနဲ့ တိုင်းရင်တော့ ဇီးရိုးပါပဲ။ တချိန်မှာဆိုတဲ့ စကား အနာဂတ်ဆိုတဲ့ အရာပေါ်မှာတော့ ကျွန်တော့် ယုံကြည်ချက်က ၁၀၀% အပြည့်ပါပဲ။ ဖြစ်လာမယ်လို့ စိတ်ထဲကလဲ ယုံကြည်ပါတယ်။ ဒါ့ကြောင့်လည်း မိုက်မိုက်မဲမဲ တစိုက်မတ်မတ် လုပ်နေပါတယ်။ လူမိုက်လို့ ခေါ်လည်း ပျော်ပျော်ပါပဲ။ ကျွန်တော့် ၀ိဥာဉ်နဲ့ ကျွန်တော် ကိုယ့်ကိုကိုယ် ကျေနပ်နှစ်သိမ့်မှု အပြည့်ရှိပါတယ်။ လိပ်ပြာသန့်တယ်ပေါ့လေ။

ကျွန်တော်ဟာ သားကောင်း တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်ဟာ ခင်ပွန်းကောင်း တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဖခင်ကောင်း တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်ဟာ ပြည့်စုံနေတဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ခေါင်းမာတဲ့သူပါ။ ကျွန်တော်ဟာ ငွေကို မမက်မောတတ်သူပါ။ ကျွန်တော်ဟာ သိက္ခာကို တန်ဖိုးထားတတ်သူပါ။ ကျွန်တော်ဟာ ပရဟိတကိုသာ စိတ်ဝင်စားသူပါ။ ကျွန်တော်ဟာ စိန်ခေါ်မှု အသစ်ကို စောင့်စားနေသူပါ။ ကျွန်တော်ဟာ လူတွေအတွက် အရိပ်ဖြစ်ချင်သူပါ။ ကျွန်တော်ဟာ အားလုံးအတွက် အသစ်အဆန်းတွေကို သယ်ဆောင်ချင်လာသူပါ။ ဒါတွေကြောင့် ကျွန်တော့်ကို လူမိုက်လို့ ခေါ်ကြပါတယ်။ ဒါတွေကြောင့် ကျွန်တော့်ကို လူ့ခွစာလို့ ခေါ်ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ကို နားမလည်နိုင်မှုတွေနဲ့ ကြည့်ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ခံယူချက် ပြောင်းမည် မဟုတ်ပါ။ ထွင်ရင်ထွင် မထွင်ရင်သေ အဲဒီ့စကားကို ဆုပ်ကိုင်ထားစဲပါ။ ဆရာထွန်းဝေမြင့်ရဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ ခေတ်ပေါ်အသံထဲက စာသားလေး တစ်ခုကို ကျွန်တော့်နားထဲ ရင်ထဲမှာ တစ်သက်လုံး စွဲနေပါတယ်။ သိပ်ကို ရိုးရှင်းပါတယ် စာသားလေးက "ခရု မကောက်ချင်ဘူး ပင်လယ်ကို လိုချင်တာ" တဲ့။ အဲဒီ့ကဗျာလေးကို ဖတ်ချင်ရင် ဒီမှာ ဖတ်နိုင်ပါတယ်။

10 comments:

netbug said...
This comment has been removed by the author.
ထွန်း said...

ခရုမကောက်ချင်ဘဲ ပင်လယ်လိုချင်တာဆိုရင် အောင်ပင်လယ် တော့ ကျောချမ်းနေမှာဘဲ။ သူက အောင်ပင်လယ်ဆိုပေမဲ့ ပင်လယ်နဲ့ ကို မပတ်သက်ဘူး။ ထောပတ်သီး (တင်းနစ်)ဘောမြုပ် ဖြစ်နေလို့ သူ့ ကို လိုချင်တယ် လို့  ဆိုလိုချင်တာလားဝေ့

စိုးထက် - Soe Htet ! said...

လူမိုက် ပဲလေ .. အတူတူပဲ ... လူယုတ်မာ လူလိမ် မှ မဟုတ်တာဗျာ .. အားပေးတယ်ဗျ ထပ်အာ;ပေး နေအုံးမယ် :D အလားတူ ခံစားချက် မျိုး ကြုံ နေရပါသဗျ ... :D

မေပျို said...

အကိုရေ ကိုယ်မှန်တယ်ထင်ရင် ဆက်သာလုပ်ပါ။ အားပေးနေမယ်။ ပရဟိတ ဆိုတာက လုပ်ချင်တိုင်း လုပ်လို့ ရတာမှမဟုတ်တာ။ ပါရမီပါလို့ လုပ်ခွင့်ရတာ။ နောက်မဆုတ်နဲ့ ဆက်သာလုပ်ပါ။

မျှားပြာ said...

ကျွန်တော်တို့ လူဖြစ်အောင်ြ့ကိုးစားနေတယ် အစ်ကိုရေ ..။
ဝမ်းသာပါတယ် အစ်ကိုရေ လေးစားပါတယ်.။

မွန် said...

အကို ကိုယ်ယုံကြည်ရာကို လုပ်ရဲတဲ့ သတ္တိ လူဘယ်နှစ်ယောက်မှာများ ရှိလို့လဲ ဘယ်သူဘာပဲပြောပြော အကို့စိတ်ဓာတ်ကို လေးစားတယ် ရှေ့ဆက်ပါ

Red's Rose Dream said...

ယုံကြည်ချက်ပြင်းထန်ရင် တနေ့တော့ ရည်မှန်းချက်တွေ ပြည့်လာမှာပါ။ ကြိုးစားဗျာ ဇွဲမလျှော့နဲ့။ ဟဲဟဲ အကိုအိမ် ကတော့ ဒီလိုပြောရင် မျက်ခုံးလှုပ်နေတော့မှာဘဲ။ ဟဲဟဲ
အိမ်ကိုလည်း နားလည်အောင်ပြောထားပေါ့ဗျာ။
လူ ၁၁ ယောက်ကို ကူညီနိုင်တာ လွယ်တာမှတ်လို့။
သူများမလုပ်နိုင်တဲ့ကိစ္စဘဲ။ ကောင်းတယ်ဗျာ ကုသိုလ်ရပါတယ်။
တနေ့ ပင်လယ်ကြီးကိုရပါစေ။
ဒါနဲ့စကားမစပ် လမင်းနဲ့ ပင်လယ်ကို သွားသတိရမတယ်။
ဟတ် ဟတ် ဟတ်။
အဆင်ပြေပါစေဗျာ။(မူပိုင်-မြှားပြာ)
ပျော်ရွှင်ပါစေ။(မူပိုင်-နှင်းဆီနီနီ)
:P

Chaos said...

ခေါင်းစဉ်ကို ကြိုက်လို့ စာတွေဆက်ဖတ်လိုက်တယ်
စိတ်ဓါတ်ကိုရော
အတွေးအခေါ်အယူအဆကိုပါ
ကြိုက်တယ်ဗျာ

Moesat said...

ကိုယ်တိုင်ဖောက်တဲ့ လမ်းက ကြမ်းတော့ ကြမ်းတယ်။ ဒါပေမယ့် ခိုင်ခံ့မှုရှိတယ်။ ကိုယ့်ဖောက်တဲ့လမ်းကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လို့ရတယ်။ အမြဲအားပေး နေမယ်ဗျာ။ အစ်ကို့ဘက်မှာ အမြဲရှိနေမယ်။
Good Luck Bro !

nu-san said...

ကိုသုည စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေကို လေးစားတယ် အကို ယုံကြည်ထားတဲ့အတိုင်း အောင်မြင်မှာပါ..