Monday, May 12, 2008

နာဂစ်နဲ့ဂျာရစ်


အမရေ၊ အဘရေ နိုးကထဲက ရှာလို့မရသေးပါဘားနော်။ ငါအော်နေတာ အသံတောင်ကုန်တော့မယ်။ မနက်ကျရင် လာခေါ်မယ်ပြောပြီး ခုထိလဲ မလာသေးဘူး။ ခဏခဏအော်တော့ ဆရာတော်ကြီးက မုန့်စားတဲ့။ အင်းလေ ငါလဲဗိုက်ဆာပြီဆိုတော့ စားလိုက်တာပေါ့။ ဆရာတော်ဘရားကြီးက ငါတို့ကလေးတွေ အားလုံးကို ဘီစကစ်တစ်ချပ်နဲ့ ငှက်ပျောသီးတစ်လုံး ကျွေးတယ်သိလား။ ဒါနဲ့ငါတို့တွေလဲ မုန့်စားပြီး ငြိမ်ငြိမ်လေး နေရတာပေါ့။ တော်ကြာဆရာတော် စိတ်ဆိုးရင် ကြိမ်လုံးနဲ့ဆော်နေအုံးမယ်။ မနေ့ညကထ့က အဘနဲ့အမက ငါ့ကို ဆရာတော်ကျောင်းကို လိုက်ပို့ထားတာ။ အင်းအဲလိုပါပဲ ရွာကကလေးတွေတော်တော်များများ ကျောင်းထဲမှာရောက်နေတာ။ ညကလေတွေ မိုးတွေရွာနေတုန်း လိုက်ပို့တာ။ ငါပျော်လိုက်တာလေ မိုးတွေရေတွေထဲသွားရတာ သွားရတာ။ ဆော့ချင်တာ အဘက မဆော့ရဘူးဆိုလို့သာ ငြိမ်နေရတာ။ ငါ့ကိုပို့ပြီးတော့ အမရော အဘရော ဆရာတော်ကို ကန်တော့ပြီးပြန်သွားတယ်။ အိမ်သွားပြီး အထုပ်သိမ်းအုံးမယ်တဲ့။ ဆရာတော်က မြန်မြန်ပြန်လာလို့တော့ ပြောသံကြားသားပဲ။ ခုထိကို ပြန်မလာကြသေးဘူး။ ဟွန်းစိတ်ဆိုးချင်လာပြီ။ လာရင်တော့ စိတ်ကောက်ပြအုံးမယ်။

ဟင် အိမ်ဘေးက ဦးခွေးကြီးလာပြီ။ အမတို့ မလာသေးဘူး။ ဆရာတော်ကို ပြောနေတယ် ညက အခြေအနေ အတော်ဆိုးတယ်တဲ့။ ရေတွေကလဲ ကြီးတယ်ဆိုပဲ။ ပြောရင်းနဲ့ ငိုနေပြန်ပြီ။ ယောက်ျားဆိုတာ မငိုရဘူးတဲ့ အဘကပြောဖူးတယ် ဦးခွေးက ယောက်ျားကြီးတန်မဲ့ ငိုတယ်နော်။ ဘာလို့လဲ မသိဘူး။ ရွာကလူတွေ တော်တော်များများ နာဂစ်နဲ့ ပါသွားပြီတဲ့။ နာဂစ်ဆိုတာ ဘယ်သူလဲဟင်။ ဆရာတော်လည်း မျက်နှာမကောင်းပါလား။ အာ နေ့လည်ရောက်တော့မယ် ဗိုက်က ပြန်ဆာလာပြီ။ ဦးခွေးကြီးကို မေးမှပဲ အဘတို့လာသေးဘူးလားလို့။ ဟင် ငါမေးတာ ဖြေလဲမဖြေဘူး။ မျက်ရည်တွေနဲ့ လူကြီးဖြစ်ပြီး ငိုနေပြန်ပြီ။ ဧကန်န ဆရာတော်ဆူလိုက်သလား မသိဘူး။ ဘာတဲ့ အဘရော အမပါ နာဂစ်နဲ့ ပါသွားတယ်။ ခက်တော့တာပဲ ငါ့ကျတော့ မခေါ်ဘူး။ ဒါဆို ညနေမှ လာမှာလား မသိဘူး။ ဟော ဆရာတော်က နေ့လည် ထမင်းစားခိုင်းနေတယ်။ ပွတာပဲ ဘုန်းကြီးကျောင်းမှာက ဟင်းကောင်းတတ်တယ်။ ဟင် ဒီတခါ ဟင်းလဲ မကောင်းဘူး။ တတ်နိုင်ဘူးလေ ရတာ စားရမှာပေါ့။ ဗိုက်ကဆာနေတာကိုး။

အဘနဲ့အမ ငါ့ကို လာမခေါ်တာ ၂ ရက်ရှိပြီး ဆရာတော်ကို မေးတော့လဲ နာဂစ်ပဲ ထပ်ပြောတယ်။ အမတို့ အဘတို့ ရက်စက်ပါ့ ငါ့ထက် နာဂစ်ကို ပိုပြီးဂရုစိုက်နေကြတယ်။ အင်း ခုလဲ ဆရာတော်ဆီကို လူကြီးတွေလာနေကြတယ်။ အမလာမှ ပြောရအုံးမယ်။ အဲဒီ့လူကြီးတွေကလေ တို့ရွာမှာ ရေတွေကြီးနေတာကို ပြောနေတယ်။ ရေကြီးတာ ဘာဖြစ်လဲနော် လှေနဲ့သွားပေါ့။ ငါတို့လဲ အရင်က ဒီလိုပဲ သွားနေကျပဲလေ။ အဲဒီ့လူကြီးတွေတင် မဟုတ်ဘူး ရွာနောက်ဘက်က လူတွေလဲ ဒီမှာ ရောက်နေကြတယ်။ အမရေ ဆရာတော်ကျောင်းထဲမှာ ခုဆိုလူတွေ အတော်များနေကြပြီဗျ။ ငါမနေတတ်တော့ဘူး မြန်မြန်လာခေါ်ပါတော့။ ဒီလောက် လူများပုံထောက်ရင် အလှူရှိတယ် ထင်တယ်နော်။ ဒါပေမယ့် ဒီတခါ အလှူလုပ်မယ့်ပုံကတမျိုးကြီးပဲ။ ဘယ်သူမှလဲ ပျော်ပျော်ရွှင်ရွှင် မတွေ့ရဘူး။ မနေ့ညနေကလေ ကျောင်းအောက်နား ဆင်းကြည့်တာ ရွာဘက်ကို မျှော်ကြည့်တော့ ရေတွေချည်းပဲ။ အိမ်တွေတောင် မမြင်ရဘူး။ ဆရာတော်ကျောင်းထဲကနေ အရင်တုန်းက ကြည့်ရင် ရွာကိုမြင်ရတယ် ခုတော့ ရေတွေချည်းပဲ။ အဲဒါကပ္ပိယကြီးကို မေးတော့ နာဂစ်ကြောင့်တဲ့။ လာပြန်ပြီ နာဂစ် ဘာမှန်းလဲ မသိဘူး ဒါပဲပြောနေကြတယ်။

အမရေ ဒီနေ့တော့ မြို့ကလူတွေ မုန့်တွေလာဝေကြတယ်ဗျ။ သူတို့ကလေ မုန့်ဝေမယ်ပြောလို့ ကျောင်းဝန်းထဲမှာ တန်းစီပြီးစောင့်နေကြတာ အများကြီးပဲ။ သူတို့က မုန့်ဝေမယ်လဲပြောသေးတယ် နေ့လည်အထိလဲ မဝေဘူး။ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ စိတ်မရှည်ချင်တော့ဘူး။ သူတို့က ရွာဦးကျောင်းနားအထိ လှေတွေနဲ့လာတာတဲ့။ အထုပ်တွေ အများကြီးပဲသိလား။ ဒါပေမယ့် ကျောင်းဝန်းထဲကို ယူလာတာနဲနဲလေးရယ်။ အဲဒီ့လူကြီးတွေက သောက်ညင်ကပ်စရာကြီးတွေဗျ သိလား။ အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းတွေနဲ့ လက်မှာလဲ အစည်းတွေစည်းထားသေးတယ်။ ငါတို့ကလေးတွေကိုလဲ ငြိမ်ငြိမ်နေဆိုပြီး အော်သေးတယ်။ မနက်ကထဲက စောင့်နေရတာ ဗိုက်က အတော်ဆာနေပြီ။ ဒီနေ့ ဆရာတော်က ဘာမှလဲ မကျွေးဘူး။ ကပ္ပိယကြီးက မုန့်တခြမ်းပဲ ငါဗိုက်ဆာတယ်ဆိုလို့ ကျွေးတယ်။ သူကပြောတယ် မုန့်တွေ မရှိတော့ဘူးတဲံ။ ခုမြို့ကလူတွေ မုန့်လာဝေတော့ ငါတို့ စားရတော့မှာပေါ့နော်။ ဒါပေမယ့်လေ သူတို့က ဟိုစာရွက်လှန်လိုက် ဒီစာရွက်လှန်လိုက်နဲ့ အကြာကြီးပဲ။ ပေးတော့လဲ ရေတစ်ဗူးရယ် မုန့်နှစ်ထုပ်ရယ်ပဲ။ ခေါက်ဆွဲထုပ်တဲ့။ ငါဘယ်လိုစားတတ်မှာလဲဟာ။ အဲဒါ ငါက ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဆိုတော့ အဲဒီ့ထဲက လူကြီးတစ်ယောက်က ငါ့ကို နာဂစ်ကြောင့် စိတ်ညစ်ရတဲ့အထဲ ဒါပဲစားလို့ ပြောတယ်သိလား။ အဲဒါ ဦးခွေးကြီးက ကလေးပဲဗျာ ဘယ်သိပါ့မလဲလို့ ပြောတော့။ သူက ဦးခွေးကြီးကိုပါ လှည့်မန်သွားသေးတယ် သိလား။ သူကျတော့ ထမင်းဗူးဖွင့်စား နေတယ် ငါတို့ကျတော့ မကျွေးဘူး။

သူတို့တွေက ပြောသေးတယ် နောက်နေ့ လာမှ ထပ်စားရမယ်တဲ့။ အဲလိုပြောသွားတယ်။ ငါတို့တွေ အားလုံးထဲမှာလေ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ ရှိနေတဲ့ ရွာနောက်ပိုင်းက လူတွေနဲ့ သူတို့ မုန့်တွေပေးတာ ဓါတ်ပုံတွဲရိုက်သွားကြတယ် သိလား။ ငါတို့ကျတော့ ရိုက်ပေးဘူး။ အင်း ခုမှ သတိရတယ် အမတို့ ငါ့ကို ထားခဲ့ကထဲက ဒီအင်္ကျီပဲ ခုထိမလဲရသေးဘူး။ တော်တော်တောင် နံနေပြီ။ ဒါမဲ့ ဘာတတ်နိုင်မှာလဲ သူများတွေလဲ ငါ့လိုပဲ နံနေတာပဲ။ အိမ်မှ ပြန်လို့ မရသေးတာနော်။ ဒီတခါ ဘုန်းကြီးကျောင်းမှာ နေရတာ အကြာဆုံးပဲနော်။ အမနဲ့အဘလဲ ခုထိလာမခေါ်သေးဘူး။ အမရေ ခုရင်ပိုင်းတွေ ငါတို့ ဘာမှမစားရဘူး။ ဗိုက်ဆာလို့ ငိုရင်တောင် နဲနဲခြင်းစီပဲ စားရတယ်။ ဦးခွေးကြီးတို့တွေဆို ရေတောင် သိပ်သောက်တာ မတွေ့ဘူး။ ငါတို့ ကလေးတွေကိုတော့ တိုက်ပါတယ်။ ဒါမဲ့ အရင်လို အများကြီး မတိုက်ဘူး နဲနဲခြင်းစီ တိုက်တာသိလား။ အိမ်မှာနဲ့တော့ အပုံကြီးကွာတယ်။ အိမ်ပြန်ချင်တယ် အမရာ။ လာခေါ်ပါတော့ မြန်မြန်လေး။ ရွာကလူကြီးတွေလဲ ဆရာတော်နဲ့ စကားပြောလိုက် ဟိုပြေးဒီပြေးလုပ်လိုက်နဲ့ ဘာတွေရှုပ်နေမှန်းကို မသိဘူး။ ဒီနေ့လဲ ဟိုနေ့က လူကြီးတွေ ပြန်လာတယ် အမရ။ သူတို့က ဆရာတော်ကို ပြောတယ် တပည့်တော်တို့ ထောက်ပံ့ကြေးတွေစုနေသေးလို့တဲ့။ ဒီတခါ တို့တွေကို မုန့်မပေးဘူး သိလား။ လှေပေါ်မှာတော့ မုန့်ထုပ်တွေတွေ့လိုက်တယ်။ သူတို့ မပေးတော့ ငါတို့လဲ မစားရဘူးပေါ့။

အမရေ ငါထမင်းမစားရတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီ ဗိုက်ကတအား ဆာတာပဲဟာ။ ငိုလဲ မငိုချင်တော့ဘူး ငိုရင်ပိုပြီးဆာလို့။ ရေလဲ ကောင်းကောင်း မသောက်ရဘူး။ ဟော အမရေ လာပြန်ပြီ နောက်တဖွဲ့။ အမရေ ဒီတခါလာတဲ့ လူတွေကလေ ရုပ်ရှင်ထဲကလို ပုံမျိုးတွေဗျ။ ဘောင်းဘီတွေ ဘာတွေနဲ့သိလား။ အကိုကြီးတွေ အမကြီးတွေဗျ။ သူတို့က ငါတို့ကို ရောက်ရောက်ခြင်း ရေတိုက်တယ် မုန့်တွေကျွေးတယ် သိလား။ ပြီးတော့လေ ကျောင်းနောက်ဘက်မှာ ထမင်းချက်မှာလို့ပြောတယ်။ ရွာထဲက လူကြီးတွေလဲ ပြုံးနေတာပဲ သိလား။ ဟိုတခါလူတွေနဲ့ မတူဘူးသိလား။ ငါတို့ကို တစ်ယောက်က ပုံပြင်တွေတောင် ပြောပြသေးတယ်။ ပြီးရင် ထမင်းကျွေးမှာတဲ့။ ပြီးတော့ ငါတို့တွေ အားလုံးကို ဓါတ်ပုံလဲ ရိုက်ပေးတယ်။ အင်္ကျီတွေလဲ ပေးသေးတယ်။ သူတို့က ပြောတယ်သိလား နေ့တိုင်း ထမင်းစားရမှာတဲ့။ အဲဒါ ထမင်းစားချိန်ရောက်တော့ ငါတို့ ကလေးတွေကို အရင်ကျွေးတယ် ပြီးတော့ လူကြီးတွေရော သူတို့တွေရော စားကြတယ်။ ညနေစာလည်း ကျွေးမှာတဲ့။ အဲဒီ့ထဲမှာလေ ဦးဦးဆရာဝန်ဆိုတဲ့ လူကြီးလဲပါတယ် သိလား။ ငါတို့ကို ဆေးပြားလေးတွေသောက်ခိုင်းတယ်။ ငါကမသောက်ချင်ဘူးလို့ပြောတော့။ သောက်ပါတဲ့ သောက်ပြီးရင် ချိုချဉ်ကျွေးမယ်တဲ့ အဲဒါ ငါလည်းသောက်လိုက်တယ်။ ပြီးတော့ ချိုချဉ်စားရတယ်ဗျ။

ညနေရောက်တော့လေ ဟိုတနေ့ကလာတဲ့ လူကြီးတွေ ရောက်လာတယ် သိလား။ ပြီးတော့ ငါတို့ကို ထမင်းကျွေးတဲ့ ဦးဦးတွေကို ပြန်ခိုင်းတယ်။ အဲဒီ့ဦးဦးတွေ သနားပါတယ်ဟာ။ အဲဒီ့လူကြီးကို ဝိုင်းတောင်းပန်ကြတယ် သိလား။ နာဂစ်အကြောင်းလဲ ပြောတယ်။ ပြီးတော့ သူတို့က ဒီမှာ နေ့တိုင်း အလှူလုပ်မှာလို့ ပြောတာ ဟိုလူကြီးက အတင်းပြန်ခိုင်းတာပဲ သိလား။ အမပြောတာ ပြန်သတိရမိတယ် သူများ အလှူလုပ်မှာကို ဖျက်ရင် ပြိတ္တာဖြစ်တယ်ဆိုတာလေ။ ညနေထမင်းကျက်တော့ ဟိုဦးဦးတွေ ပြန်သွားတယ်သိလား။ ဟိုလူကြီးက ဦးဦးတို့ မပြန်ရင် ဦးဦးတို့ကို တုတ်နဲ့ရိုက်မှာလို့ ငါ့ကို တိုးတိုးလေးပြောတယ်။ ဦးခွေးကြီးက အံတကြိတ်ကြိတ်နဲ့ သိလား ဆရာတော်ကတော့ ကျောင်းအောက်တောင် ဆင်းမလာတော့ဘူး။ ထမင်းကျွေးတဲ့ ဦးဦးတွေနဲ့ ပါလာတဲ့ မမကြီးတွေ ငါတို့ကို ကြည့်ပြီးငိုကြတယ်။ ပြီးတော့ ပြန်သွားကြတယ်။ နောက်နေ့မှ ရောက်အောင် လာခဲ့မယ်တဲ့။ ငါတို့ကို မုန့်လေးတွေ ပေးသွားသေးတယ် သိလား။ ဒါပေမယ့် အမရာ ပြန်မလာပါဘူးသိလား။ ဟိုလူကြီးတွေပဲလာတယ် ငါတို့ကိုဦးဦးတို့လို မုန့်လဲ မကောင်းကောင်းမကျွေးဘူး သိလား။ အော်ငေါက်နေတာပဲ ကျွေးတော့လဲနဲနဲလေး။ ဟိုဦးဦးတွေက အဲဒီ့လူကြီးတွေ ရိုက်မှာစိုးလို့ မလာတာထင်တယ်နော်။ ငါသာ လူကြီးဆိုသူတို့ကို ပြန်ရိုက်မှာ ဟုတ်တယ်လေ ထမင်းကျွေးတဲ့ ဒီလောက်စေတနာကောင်းတဲ့ ဦးဦးတို့ကို သူမို့နှင်ရက်တယ်။ ဦးခွေးကြီးကို သွားပြောတော့ သူလဲ ဘာမှ မတတ်နိုင်ဘူးတဲ့။ အမရာ နာဂစ်နဲ့ မနေနဲ့ဟာ ပြန်လာခေါ်တော့ ငါရေလဲဆာတယ် ဗိုက်လဲဆာတယ်။ ငါထိုင်ထိုင်ငိုနေတော့ လူကြီးတွေက မငိုပါနဲ့ ဂျာရစ်ရယ်ပဲပြောတယ်။ ငါဗိုက်ဆာပြီဟာ ပြန်လာခေါ်တော့ဟာနော်။ ဒါမှမဟုတ်လဲ နာဂစ်ကိုပြောလိုက်ပေါ့ ဂျာရစ်လေး သနားပါတယ်လို့ သူ့ကိုပါ ခေါ်ထားရအောင်လို့ ပြောလိုက်ပေါ့ဟာနော်။ ငါတစ်ယောက်ထဲ မနေချင်ဘူး အမရာ။ မြန်မြန်ပြန်လာခေါ်တော့နော်။ ဗိုက်လဲဆာတယ် ရေလဲဆာတယ် သိလား။

24 comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျ ... :)

Han Thit Nyeim said...

ဝမ်းနည်းလွန်းလို့ မျက်ရည်တောင် ကျမိတော့မယ့်အထိ ကောင်းပါတယ်ဗျာ...။ ဒေါသလည်း ထွက်မိတယ်။

ခင်မင်းဇော် said...

ဟင်းးးးးးးးးးးးး

nyein nyo said...

အကိုကြီး မျက်ရည်ကျမိတယ်ဗျာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ၀ိုင်းဝန်းကူညီပေးကြတဲ့သူတွေကိုလဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်ဗျာ.. ဒီထက်လဲ ပိုမပြောတတ်တောပပါဘူးဗျာ ။ အကိုကြီးလဲ ကျန်းမာပါစေခင်ဗျာ

Unknown said...

မျက်ရည်လဲလည်တယ်...ကြက်သီးတွေလည်းထတယ်။ ဒေါသလည်း တစ်အားဖြစ်တယ် အစ်ကိုရာ...။

မျှားပြာ said...

အစ်ကိုကြီးရေ ၀မ်းနည်းတာပဲ သိတော့တယ်ဗျာ ...။

mm thinker said...

even I know that is just reflect to reality, after finish the story, my tear drop on keyboard...

by the way, will u contact this mail, mmthinker@gmail.com, hope to meet at YGN

thinker

Anonymous said...

မုန်တိုင်းသတင်းတွေ ပုံတွေ ကြည့်ရတုန်းက ဘာမှမဖြစ်ဘူး ဒီပို့ စ်ဖတ်ပြီး တကယ်ပဲ မျက်ရည်ကျမိတယ်ဗျား( ဂျာရစ်လေးလို ခလေးငယ်လေးတွေ ဘယ်လောက်များလိုက်မလဲလို့  အတွေးထဲမှာတောင် ခံစားလိုက်ရတာ ။ စိတ်မကောင်းလည်းဖြစ်တယ် ဒေါသလည်းထွက်တယ် ငတ်နေ ပြတ်နေကြတဲ့သူတွေကိုတောင်မှ အနိုင်ကျင့်လို့ ထွက်တဲ့ သူတွေကို လည်း အံ့သြမိတယ် ။

မွန် said...

အကိုရေ စိတ်ညစ်တယ်

zeRoTraSh said...

ဖတ်ပြီးအားပေးကြလို့ ကျေးဇူးတင်ပါတယ်ဗျာ
ဟုတ်ကဲ့ ဂျာရစ်လို ကလေးတွေ ဒုနဲ့ဒေးပါဗျာ
ကျွန်တော်ကိုယ်တိုင်တောင် ရေးရင် မျက်ရည်ကျမိပါတယ်

ThinkingHoney said...

ပြောပြစရာစကားလုံးမရှိတော့ပါဘူး
တခါတခါ ဘာလုပ်လုပ်ထူးပါဦးမလားဆိုပြီး စိတ်ဓါတ်ထိုးကျသွားတယ်
နောက်တော့လည်း.... တယောက်ပဲရရ နှစ်ယောက်ပဲရရ ကယ်ကြကူကြရမှာပေါ့
ကိုယ့်အိမ်သားတွေပဲမဟုတ်လား

ကလူသစ် said...

အစပိုင်းနဲနဲဖတ်လိုက်ကထဲက သဘောပေါက်တယ်။ ဆက်မဖတ်တော့ဘူး။ ဆောရီးဗျာ။ ကလူသစ်က အသဲမခိုင်လို့ပါ။

Unknown said...

ဟင်း!!!!!!!!!!!!!!!!!!!!!!!!
လူစိတ်ကော ရှိကြသေးလားဗျာ.......
ထိုင်ကြည့်နေလို့တော့ မဖြစ်ဖူး
တခုခု လုပ်မှဗျို့။.........

Anonymous said...

ဂျာရစ်လို ကလေးတွေ ဘယ်လောက်များရှိနေသေးလဲမသိဘူး...လူစိတ်မရှိတဲ့ဟာတွေနဲ့တော့ ခတ်တာပဲ

kogyikyaw said...

i am a man ,but i done cry after read this event.i really serious sufferd.why these wild animal group are still alive?

mgthonnya said...

post ကိုဒေါသစိတ်တွေ ၀မ်းနဲစိတ်တွေနဲ့
မနည်းပြီးအောင်ဆက်ဖတ်လိုက်ရတယ်အစ်ကိုရာ

Unknown said...

so touchable.Feels sad, sorry, sypathize, angry,.....
Let's try to help them as much as we can!!!!Coz we r Myanmar.

ရွှန်းမီ said...

ဝမ်းနည်းတယ်။
စိတ်ပူတယ်။ သူတို့အားလုံးကို။

mabaydar said...

ဟိုနေ့ကအလုပ်မှာဖတ်ပြီးငိုမိတယ်...ဒီနေ့အိမ်ကလူတွေကိုပြန်ဖတ်ပြတော့မငိုမိအောင်မနဲထိန်းထားရတယ်...ရသမြောက်တယ်..အတွေးကောင်းတယ်..

အောင်မျိုးဟန် said...

ကောင်းတယ်ဗျ တော်တော်ကောင်းတာ ဂျာရစ်ကလေးသနားပါတယ်ဗျာ။အဲဒီ့ အဖြူနဲ့ အစိမ်းကောင်တွေ ကတော့ ဂျာရစ်အမေပြောသလိုပဲ......

ZMT said...

အကို့ရေ ဂျာရစ်အကြောင်းဖတ်ရင်း ယောကျာင်္းတန်မဲ့နဲ့မျက်ရည်ကျမိတယ်အကို...တော်တော်လည်းခံပြင်းမိတယ်ဗျာ........

Pinkgold said...

အရမ်းကောင်းတဲ့ အရေး အသားလေးတွေပါရှင်
နေ့လည်ကလည်း ရုံးကို ဘုန်းကြီး တစ်ပါးနဲ့ ကလေးတစ်ယောက် ရောက်လာပြီး ဘုန်းကြီးက ကလေးရဲ့ မိဘတွေ ပျောက်နေလို့ 7 Days ကနေ ရှာပေးပါ ဆိုပြီး အကူအညီ လာတောင်းတာ.. ကလေးက ချစ်စရာလေ.. ဟိုင်းကြီး ကျွန်းကတဲ့... သမီး မိဘတွေရော လို့မေးတော့ ရေနစ်သွားကြပြီတဲ့.. ကျွန်မမှာ စိတ်မကောင်းလိုက်တာ.. ခုပိုစ့်လေး ဖတ်ကြီးတော့ ပိုတောင် စိတ်မကောင်း ဖြစ်ရသေးတယ်ရှသ်

kay said...

ဂျာရစ် ကို ညွှန်းကျ တော့မှ ပဲ.. ဒီဘလော့..ဆက်ရေး နေ မှန်း သိတယ်။ google reader နဲ့ယူထားတာ..အသစ်မတက်တော့.. မရောက်ဖြစ်ဘူး..ဘာလို့ မတက် တာလဲ မသိ။ ခု..ထပ် ယူ လိုက်ပါတယ်။

ခင်မင်လျက်-း)

Nyo Htet Nyo said...

သိပ်ကိုကောင်းတဲ့ ပို့ စ်ပါပဲဗျာ…တစ်ကယ့်ကိုပါပဲ