Sunday, September 2, 2007

ကိုယ်တိုင်ဗျူး အပိုင်း(၃)

မသိစိတ်: အခု အကို့ ရဲ့ Portal ဘယ်အခြေ အနေမှာ ရှိပါသလဲ။
သိစိတ်: ခု ဒီရက်ပိုင်းထဲမှာပဲ ကိုယ်တို့ Full Version Launched လုပ်လိုက်တယ် ညီလေး။ ဟဲ ဟဲ ဟဲ အရင်ကတော့ကွာ ပြောရင်နားလည် မလားတော့မသိဘူး Beta Stage နဲ့ ပဲလွှင့်ထားတာပေါ့။ အကြမ်းထည် အဆင့်ပေါ့ ဟင်း ဟင်း ကိုယ့်ညီ သဘောပေါက်အောင် ပြောပြတာပါ။ Beta မှာ ကထဲက တော်တော် ပေါက်နေပြီ။ ခုလို Full Released ဆိုရင်တော့ ပြောစရာတောင် မလိုဘူးပေါ့ကွာ။ ဟုတ်တယ်ဟုတ်။ (မနေ့ညက သင်ထားတဲ့ အင်္ဂလိပ်စာတွေ ညှပ်ညှပ်ပြီးသုံးတာ မိုက်တယ်ကွာ နောက်လဲ ကျက်ထားအုံးမှ)

မသိစိတ်: Portal ရဲ့ ၀င်ငွေက ဘယ်လောက် ရာခိုင်နှုန်း ကုမ္ပဏီပေါ်မှာ သက်ရောက်မှု ရှိပါသလဲ (ဟဲ ဟဲ ဒါက အတွင်းရေးလေ မင်းဘယ်လို ဖြေမလဲ ငှဲ ငှဲ ငှဲ . . . )
သိစိတ်: အဟမ်း . . . ဒီလိုရှိတယ်ကွ (ဘယ်လိုရှိရင် ကောင်းမလဲ) ကုမ္ပဏီရဲ့ စာရင်းအရ ဒီဘက် လုပ်ငန်းကနေ ၅၀ ရာခိုင်နှုန်းလောက် ၀င်တယ်လေ။ ဒါတောင် ကိုယ်က Marketing ဘက်မှာ လျှော့ထားလို့ ကြော်ငြာတွေ ဘာတွေတောင် သိပ်လက်မခံဘူးလေ။ (ကြော်ငြာထည့်မယ့်သူ မရှိဘူး ဟင့် . . . )ကြည့်တဲ့ လူတွေ မျက်စိထဲမှာ ကြော်ငြာနဲ့ ဆို ကိုးလို့ကန့်လန်း ဖြစ်မှာလဲ စိုးရိမ်တယ် ဟင်း ဟင်း စေတနာတွေပါ စေတနာတွေ။

မသိစိတ်: (အောင်မယ် . . . လေကတော့ မလျှော့ဘူး။ သူ့ရုံးကဖြင့် ပိတ်ရမလို ဖြစ်နေလို့ ငါ့ကို အင်တာဗျူး ခိုင်းပြီး အတင်း ကြော်ငြာ ခိုင်းနေရတာ ကိုများ) ရှယ်ယာရှင်တွေ အနေနဲ့ ရော အကို့အပေါ်မှာ လွှမ်းမိုးမှုတွေ ရှိပါသလား
သိစိတ်: သူတို့လား အော် ကိုယ်က ဒီမှာ ယူထားတဲ့ ရာထူးကိုကြည့်လေ ဟင်း ဟင်း ကိုယ့် သဘောပါပဲ။ သူတို့ကိုတောင် ကိုယ်က အဟင်း ဘယ်လိုပြောမလဲ အကျိုးအမြတ် ရစေချင်လို့ ခေါ်ပေးထားတာလေ။ သူတို့ သဘောပေါက်ကြပါတယ် ဘာမှ ထွေထွေထူးထူး မပြောကြပါဘူး။ ကိုယ့် ဆန္ဒအတိုင်း ဖြစ်ခွင့်ရတယ်လေ။ (အေးပေါ့ ငါ့ကို ဟိုကောင်တွေက အဖတ်လဲ မလုပ်တော့ဘူး အရူးဆိုပြီး လွှတ်ပေးထားတာ ဒါတောင် သနားလို့တဲ့ လခ ပေးထားတာ ဟင့် ပြောရင်း ၀မ်းနည်းလာပြီ)

မသိစိတ်: Data ပိုင်းတွေမှာ အထူးသဖြင့် အကို ကိုယ့်ဘာသာ ရေးတယ်လို့ ကြားရပါတယ် အဲဒါနဲ့ ပတ်သတ်ပြီးရော ဘာများ ပြောချင်ပါသလဲ
သိစိတ်: ညီလဲ ကိုယ့်အကြောင်းသိသားနဲ့ ကိုယ်က သူများကို လုပ်ခိုင်းရတာ စိတ်မချဘူးလေ။ ဟင်း ဟင်း ကိုယ်တိုင်ပဲ လုပ်ချင်တာကိုး။ ပြီးတော့ ကိုယ့်လောက်လဲ သိပ်ပြီး အဆင်ပြေပြေ မဖြစ်ဘူးလို့ထင်လို့ပါ။ ဒါပေမယ့်ကွာ တခါတခါများကြတော့ လိုက်လျောပေးရတာလေးတွေ ရှိတာပေါ့။ ဟင်း ဟင်း ကိုယ်ကပြန်ပြီး Edit တော့ လုပ်ပေးရသေးတာပေါ့။ (ဘယ်သူကမှ လာမရေးဘူးဟေ့ . . . အော်ပြောလိုက်ချင်တယ် တကထဲ လျှာရှည်လိုက်တာ ရေးမယ့်သူမရှိလို့ ငါ့ဘာသာငါ ရေးတာပေါ့။ ရှည်ကိုရှည်တယ် မိကျောင်းသားလေး)

မသိစိတ်: အကို့အနေနဲ့ Seminar တွေကိုရော တတ်ဖြစ်ပါသလား
သိစိတ်: (အမ် ဘာလဲဟ ဆီမီနာ ငါသိတာက ဆူနာမီ ကွိုင်ပဲ ဒီကောင်ဘာမေးတာလဲ မသိဘူး ငါ့ကိုများ ဆဲတာလား အင်း နဲနဲ အထာနဲ့ ကည့်နေမှ) ဘာလဲ ညီလေး ဘာကိုမေးတာလဲ ကိုယ် မကြားလိုက်လို့ အဟင်း . . .

မသိစိတ်: (ဟာ . . . ဒီကောင် ငတုံး Seminar ကိုတောင် နားမလည်ဘူး။ အေးပေါ့ မင်းလိုကောင်မျိုး အလုပ်ကို ဦးစီးမှ တော့ ဘယ်သူ စီးပွါးမပျက် ရှိအုံးမလဲ တောက် ငါကွာ တခြားသူတွေ မျက်နှာ ထောက်နေရလို့) အော် ဒီလိုပါ ဆွေးနွေးပွဲတွေ ဘာတွေပေါ့ အကိုရယ် တတ်ဖြစ်သလား လို့ပါ
သိစိတ်: သိပြီ သိပြီ ကိုယ်တတ်ဖြစ်ပါတယ်။ ဖိတ်တဲ့ သူတွေ များတယ်။ ကိုယ်က မအားဘူးလေ။ မအားတဲ့ ကြားက သွားသွားပေးနေရတာ။ တခါတရံတော့ မရောက်ဖြစ်ဘူး အဲဒါဆို တချို့က စိတ်တွေဘာတွေ မကောင်းဖြစ်နေတာ အတင်းကို လာခေါ်တော့တာပဲ။ ဟင်း ဟင်း နာမည် ကြီးလာတော့လဲ နေရထိုင်ရတာ မလွတ်လပ်ပါဘူး ညီရာ။(အဟိ သွားတာပေါ့ မုန့်စားရတယ်လေ ဘယ်သူမှ မခေါ်လဲ ငါက အတင်းသွားတာပဲ တစ်ရက်စာ သက်သာနည်းလာ)

မသိစိတ်: ဟုတ်ကဲ့ အကို။ ဒါဆို အကို့ရဲ့ လူမှုဘ၀ ပုံစံလေးကို နည်းနည်း မေးကြည့်မယ်(ဒီတစ်ခါတော့ ဆော်ပြီကွာ ဟား ဟား ဟား မင်းကို ငါ ဆော်ပြီ သေဖို့သာ ပြင်ပေတော့။ မင်းအကြောင်း ဆိုတော့ ဘယ်သူ့ မျက်နှာမှ ထောက်စရာ မလိုဘူး အေးအေးဆေးဆေးဗျင်းပြမယ်)
သိစိတ်: ရပါတယ် ညီလေး။ ရပါတယ် မေးပါ မေးပါ။ (ဟာ ရှယ်ပဲ ငါ့ကိုငါ ကြော်ငြာလို့ ရပြီ ပျော်စရာကြီး)

ဆက်လက်ဖေါ်ပြသွားပါမည် . . . အပိုင်း (၄) မျှော် . . .

1 comment:

pandora said...

တော်တော်ရယ်နေရတယ် စောင့်ဖတ်နေပါတယ်