Monday, September 10, 2007

လာပြီနော် လူစွမ်းကောင်းတွေ . . .

တနေ့ညကပေါ့ မိုးတွေကလည်း သည်းနေ အင်တာနက်ကလည်း သုံးလို့မရ စိတ်ပျက်ပျက်နဲ့ ထိုင်နေတုန်း ဒုန်းဆိုပြီး မိုးကြိုးပစ်သံ ကြားလိုက်ရတယ်။ ရုတ်တရက် ဆိုတော့ လန့်သွားတာပေါ့ ညကလည်း တော်တော်နက်နေပြီ ၁၂း၃၀ နာရီကျော်နေပြီ အိပ်မယ်ဆိုပြီး စက်ကိုပိတ်မလို့လုပ်တော့ ဟောဗျ ping ထားတဲ့ ကိုယ့်ရဲ့ gateway လေးက reply တွေပြန်လာနေပြီ။ ဒါဆို Connection ကောင်းသွားပြီပေါ့။ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း ချက်ခြင်းပဲ site တွေခေါ်ပြီးကြည့် ဟဲ ဟဲ ဟဲ Gtalk လေးလဲ Sign In ၀င်ရသေးတာ ပေါ့ဗျာ။ Gtalk လဲတက်သွားပြီ ဘယ်သူတွေများ ရှိအုံးမလဲဆိုပြီး ရှာကြည့်တာ ဘယ်သူမှ မရှိကြဘူး ပျင်းပျင်းရှိတာနဲ့ သတင်းတွေပဲ ထိုင်ဖတ်ဖြစ်နေတယ်။ သတင်းတွေကလဲဗျာ ရိုက်ခံရ အနှက်ခံရတဲ့ သတင်းတွေချည်းပဲ စိတ်ထဲတော့ တယ်မကောင်းလှဘူး။ ငါတတ်နိုင်တာ ဘာများရှိမလဲဆိုပြီး လျှောက်ကြည့်မိ သေးတယ်။ တွေ့ပါဘူး။ တသက်လုံး ကြည့်လာတဲ့ အခွေတွေကို ပြန်စဉ်းစားမိတယ် သိသမျှ Herolism ဇာတ်ကားတွေ ထဲမှာတော့ အားလုံးက ကူညီတတ်တဲ့သူ တွေချည်းပဲ။ ဒုက္ခရောက်နေတဲ့ သူတွေကို ဆိုရင် အားလုံးက အကာအကွယ်ပေးတယ် လူဆိုးတွေကို တိုက်ထုတ်ပေးတယ် Super Man, Spider Man, X-Men ဘာညာသာရကာ အစုံပေါ့။ ခုတော့ ဖတ်ရတဲ့ သတင်းထဲမှာ စွမ်းအားရှင်ကြီးတွေက လူတွေကို ရိုက်ကြနှက်ကြနဲ့ ဖတ်ရတာ တော်တော်ကြီးကို အဆင်မပြေတော့ဘူး။ စိတ်ထဲမှာလည်း ၀မ်းနည်းသွားတယ် ငါသာ လူစွမ်းကောင်း ဖြစ်ရင်ဆိုတဲ့ စိတ်က တော်တော်ကြီးကို ကြီးစိုးသွားတာပေါ့။ ဟုတ်တယ် လူတွေကို ကယ်ရမယ်။ အဲလို ဆုံးဖြတ်လိုက်တုန်း ဒုန်းကနဲ မိုးကြိုးတွေကပစ် လန့်သွားတာပဲ။ ခင်ဗျားတို့ ပြောရင်ယုံမှာ မဟုတ်ဘူး မယုံရင် ပုံပြင်မှတ်ပေါ့ဗျာ ကျွန်တော်ကတော့ ပြောပြမှာပဲ ရဘူး တားနဲ့။

ဒီလိုဗျ ခုနက မိုးကြိုးပစ်သံတွေ ဆုံးသွားတော့ ကျွန်တော့ စားပွဲပေါ်မှာလေ လိပ်စာကဒ်လေးတစ်ခု ရောက်နေတာ တွေ့ရတယ်။ စားပွဲက နေ့တိုင်း ရှင်းပေးထားကြတာပဲ ရုံးမှာ ကျွန်တော့် စားပွဲပေါ်မှာ အမှိုက်မရှိရဘူး ဆိုတာ အားလုံးသိတယ် သူတို့ ရှင်းပေးနေကြ ခုလည်း လိပ်စာကဒ်ကို မေ့ပြီး မသိမ်းကြဘူး ထင်တယ်။ ဒါနဲ့ ကြည့်လိုက်တော့ အားလားလား ရွှေရောင်လေးနဲ့ ရေးထားတာ ဒီဇိုင်းကတော့ သိပ်မမိုက်ပါဘူး နာမည်ကို စိတ်ဝင်စားသွားတာ ဘာတဲ့ Kingdom of Heaven Enterprise တဲ့ လိပ်စာတွေက ဘာတွေမှန်းလဲ မသိဘူး အမယ် သူ့ဟာက phone တွေ fax တွေ email တွေနဲ့ အဲဒီ လိပ်စာကဒ် ပိုင်ရှင် နာမည်ကလည်း Mr. Mar Ga ဆိုပဲ။ Email တွေကတော့ myanmar.com.mm ရော mail4u ရော အစုံပါပဲ။ အဲ တစ်ခုထူးဆန်းတယ် ကဒ်အောက်ခြေမှာ လက်ရေးမလှမပ နဲ့ ရေးထားတယ် mr.marga@googlemail.com တဲ့ အောင်မာ gmail တွေဘာတွေနဲ့ ဆိုတော့ မဆိုးဘူးပေါ့။ ကျွန်တော်လည်း ပျင်းကလည်း ပျင်းနေ၊ စကားပြောဖော်ကလည်း မရှိဆိုတော့ သူ့ mail address ကို ကျွန်တော့် gtalk မှာ add လိုက်တယ်။ ပြီးတော့ ဟိုကြည့် ဒီကြည့် ဆက်လုပ်နေတာပေါ့။ ၁၀ မိနစ်လောက်နေတော့ gtalk ကနေ new box လေးတက်လာတယ်။ hello တဲ့။ ဟိုက်ရှားပါး ခုနက ကျွန်တော် add လုပ်လိုက်တဲ့ mr.marga ကြီးပေါ့။ ဒါနဲ့ ကျွန်တော်လည်း ထုံးစံအတိုင်း hi ပေါ့။ ပြီးတော့ အင်္ဂလိပ်လို ဆက်ပြောကြတယ် နေကောင်းလား ဘာညာပေါ့။ ထားပါ greeting တွေက ထုံးစံအတိုင်းပါပဲ တစ်ခုတော့ ရှိတယ် သူက အင်္ဂလိပ်စာကို အပြည့်အ၀နဲ့ ပြောတယ် shor terms နားမလည်ဘူး။ ကျွန်တော်နဲ့ သူနဲ့ ပြောတာလေးတွေ ပြန်ပြောပြမယ် အင်္ဂလိပ်လို ပြောနေရာကနေ ကျွန်တော်တို့ burglish လိုပြောကြတယ်။

"ခင်းဗျားဘယ်သူလဲဗျ ကျွန်တော်က ခင်ဗျားလိပ်စာကဒ်ကို စားပွဲပေါ်မှာ တွေ့လို့ ခင်ဗျားကို add လိုက်တာ။ ကျွန်တော်တို့ လူချင်း မဆုံဖူးဘူး ထင်တယ် ဒါမှ မဟုတ် ကျွန်တော်ပဲ မှတ်ဥာဏ် မကောင်းတာလား မသိဘူး။"
"အော် မောင်ရင်က ကျုပ်ကို ဘယ်သူမှတ်နေတုန်း။ ကျုပ်က သိကြားမင်းလေ။"
"ဗျာ ဟာ ဗျာ လာကြပ်မနေပါနဲ့ ဒီမှာ စိတ်ညစ်ရတဲ့ အထဲ။"
"အဟုတ်ပြောတာပါကွ မောင်ရင့်စားပွဲပေါ်ကို ကျုပ်လိပ်စာကဒ်ကို မာတလိနဲ့ ထားခိုင်းလိုက်တာ။ မနေ့က သူ လာထားသွားတာ ဖြစ်မယ်။ အောက်မှာတောင် gmail address ကို လက်ရေး စုတ်စုတ်နဲ့ ရေးသွားသေးတယ် မဟုတ်လား။"
"အင်း ဟုတ်တယ်တွေ့တယ် အာ . . . ဒါပေမယ့်ဗျာ ခင်ဗျားက သိကြားမင်းဆိုတာ ဘယ်လိုယုံလို့ ရမှာလဲ ပြီးတော့ ခင်ဗျားက အင်တာနက်တွေ သုံးနေတာ အာ ဟုတ်သေးပါဘူး ဘလိုင်းကြီးတွေ ဖောမနေ စမ်းပါနဲ့ဗျာ။"
"ဟေ့ကောင် ငတုံး သိကြားမင်းကွ သိကြားမင်း အင်တာနက်သုံးလို့ရတယ် မင့်ကို သိကြားမင်း အင်တာနက် မသုံးဘူးလို့ ဘယ်သူပြောလဲ။ တော်တော်ခက်တဲ့ကောင်။"
"အန် ဒါဆို ခင်ဗျားက အင်တာနက်ကို ဘာနဲ့ သုံးတာလဲ ADSL လား၊ Dial Up လား၊ Broadband လား ဘာလဲ ဘာနဲ့ သုံးသလဲ ဘယ်ကနေ ချိတ်ထားတာလဲ ကဲ ပြော လေ။"
"ဟား ဟား ဟား ဟား ငါက မင်းလောက်မတုံးဘူးကွ ခုမှ အသစ်ရတဲ့ Wi Max နဲ့ သုံးတာ အရင်ကဟာ တွေက ခုအသစ်လာတော့မယ် ဆိုတဲ့ အသံနဲ့ တင် ပျက်နေတာလေ မင်းတောင် သုံးမရဘူး မဟုတ်လား ငါက သိကြားမင်း ဆိုတော့ ဒါတွေ သိပါတယ်ကွ ဟား ဟား ဟား။ တနေ့ကမှ မာတလိကို သွားပြီး ၀ယ်ခိုင်းလိုက်တာ။ ဟင်း ဟင်း Connection ကတော့ကွာ လွှတ်ကို မြန်တာ မနာလို မဖြစ်နဲ့ နော့။"
"ဟီး ဟီး ဟီး ခင်ဗျားတော့ နာပြီ။ အဲဒါ ခဏပဲ နေမှာ ကျုပ်တုန်းကလဲ အဲလိုပဲ ကောင်းလိုက်တဲ့ Dsl ဆိုပြီး ၀ယ်လိုက်တာ တစ်လပဲခံတယ်။ ပြီးတော့ ဒုံရင်းက ဒုံရင်းပဲ ဘာမှ သုံးမရဘူး။"
"အို ကွာ ဘာဖြစ်ဖြစ် ခုလောလောဆယ်တော့ မင်းထက်သာတယ် You Tube တောင် buffer လုပ်တာ မြန်မှမြန် ကောင်းလိုက်တာ ကြည့်လို့ ဟဲ ဟဲ ဟဲ။"
"ခင်ဗျားနော် လာပြီးရိမနေနဲ့ ဒီမှာ ညစ်နေတာ သတင်းတွေဖတ်တော့လဲ လူတွေ နှိပ်စက်ခံရတဲ့ သတင်းတွေချည်းပဲ။ အင်း ကျုပ်လဲ ဘာထူးလဲ Connection မရတာ နှိပ်စက်ခံရတာပါပဲ။ ဘာလုပ်ရမယ်မှန်းကို မသိပါဘူးဗျာ။"
"အဲဒါမောင်ရင်တုံးတာပေါ့ လွယ်လွယ်လေးပါကွာ။ ညီညွတ်ရင်ရတယ်။ ခုဘာတဲ့ စွမ်းအားရှင်တွေလား အဲဒါ ခုကွိုင်နေတာလား ကျုပ်လဲ အဲဒါသိချင်လို့ သတင်းရှာဖတ်နေတာ။"
"ဟုတ်တယ်ဗျာ ကျွန်တော် တစ်သက်လုံး ကြည့်လာခဲ့တဲ့ ကာတွန်းကားတွေ ရုပ်ရှင်တွေထဲမှာ လူစွမ်းကောင်းတွေ စွမ်းအားရှင်တွေက လူတွေကို ကယ်တယ် ခုတော့ဗျာ။"
"အေး မောင်ရင့်ကို ကျုပ်ဘယ်လို ကူညီပေးရမလဲ အင်း မောင်ရင် ဘာဖြစ်ချင်တာလဲ။"
"ခင်ဗျား တကယ်ပြောတာလား ဒါဆို ကျုပ်ကို Super Man လိုဖြစ်အောင်လုပ်ပေး။ ပြန်တွယ်ပစ်မယ်။"
"ရတယ်လေ ဒါပေမယ့် ကျုပ်က ခွဲခြား ခွဲခြား လုပ်လို့တော့ မဖြစ်ဘူး သိကြားမင်းဆိုတော့ အားလုံးကို တစ်တန်းထဲ လုပ်ပေးရမှာ။"
"ဟာ လုပ်ပါဗျာ ခင်ဗျားက သိကြားမင်းပဲ လုပ်ပေးပါ။ သူများတွေကိုလုပ်ပေးလိုက်ရင် ကျွန်တော် လူစွမ်းကောင်း ဘယ်ဖြစ်တော့မလဲ သူလိုလို ကိုယ်လိုလိုတွေ ဖြစ်ကုန်မှာပေါ့။"
"ဟဲ့အကောင် နင့်အကြောင်းငါသိတယ် ပြီးရင် ပေါက်ကရလုပ်တော့မှာ အထိန်းအကွပ်လိုတယ်။ ပြီးတော့ မင်းက လူစွမ်းကောင်း ဆိုပြီး ကျန်တဲ့သူတွေကို နှိပ်စက်ရင် ရာဇ၀င်မှာ ရိုင်းကုန်မယ်။ ငါ့ကိုလဲ နောင်လာ နောက်သားတွေက ကျေနပ်ကြမှာ မဟုတ်ဘူး။ ဒီတော့ အားလုံးကို ပါဝါ တူတူပေးလိုက်မယ်။ တစ်ခုတော့ ရှိတယ် မောင်ရင် အဖွဲ့ဖွဲ့လိုက်လေ ဟိုလေ Cartoon Network ကလာတယ် Justice League လို အဖွဲ့ဖွဲ့လိုက်ပေါ့။ ဒါဆို အဆင်ပြေသွားမှာပါ။"
"ပြီးရောလေ လုပ်ကြည့်တာပေါ့။ ဒါထက် ခင်ဗျားခုနက မိုးကြိုးတွေပစ်နေတာလား ဘာလို့လဲဟင်။"
"အော်ဒါလား ဟဲ ဟဲ ငါ့ထိုင်ခုံ ရွှေ့တာပါ ဟိုလေ wi max က အရင်ခုံနားမှာ မမိဘူး ဒီဘက်မှာမှ မိတယ်။ ပြီးတော့ ဟိုကောင် မာတလိက Network ကြိုးကို ပိုဝယ်မလာဘူး ခုကြိုးလေးက တိုတော့ ခုံကို ရွှေ့ပြီး သုံးရတာပေါ့။"
"ခင်ဗျားဗျာ ဒါများ သိကြားမင်းပဲ ပါဝါသုံးပြီး Connection ကောင်းအောင်လုပ်လိုက်ပါလား ခက်တာမှတ်လို့။"
"ဟေ့ကောင် အဲဒါတော့မရဘူးကွ မရလို့ ၀ယ်သုံးနေရတာပေါ့။ ကဲ ကဲ ခု ခဏနေရင် မိုးကြိုးသံတစ်ချက်ကြားရမယ် ပြီးရင် မင်းတို့လူတွေမှာ ပါဝါတွေ အစွမ်းတွေ ပိုင်ဆိုင်လာလိမ့်မယ် ကောင်းတဲ့ကောင်ရော ဆိုးတဲ့ကောင်ရော အားလုံးမှာပေါ့ ဟုတ်ပြီလား။ ကဲ တာ့တာ ဘိုင့် ဘိုင့် ငါ Out တော့မယ်။"
"အင်း အိုကေလေ တာ့တာ။"

ကျွန်တော်လည်း ဟုတ်လားမဟုတ်လားတော့မသိ စကားတွေ လျှောက်ပြောလိုက်ရတာနဲ့ အပျင်းနဲနဲပြေသွားတယ်။ အဲ မကြာဘူးဗျာ မိုးကြိုးသံ အုန်းကနဲ ကြားလိုက်ရတယ် ကမ္ဘာမြေကြီးလဲ နည်းနည်းတုန်သွားတယ်။ ခင်ဗျားတို့ ကြားလိုက်ရသေးလားဟင်။ အင်း အိပ်ပျော်နေရင်တော့ ကြားမှာမဟုတ်ဘူး။ အားပါးပါး ကျွန်တော် ခုပါဝါတွေရနေပြီ လေပေါ်ပြန်လို့ရတယ် နံရံတွေကို ဖောက်ထွင်းပြီး မြင်ရတယ်။ ဟာ ရေရေလည်လည် Good သွားပြီ။ အဲ တစ်ခုတော့ရှိတယ် ကျွန်တော့်လိုပဲ သူများတွေမှာလဲ ပါဝါကိုယ်စီ ဖြစ်ကုန်မှာ ခင်ဗျားတို့လဲ အပါအ၀င်ပေါ့ အင်းဒါဆိုရင် လူဆိုးတွေလဲ ပါမှာပဲ။ ခုနက သိကြားမင်းက မှာသွားတယ်လေ သူမတရားဘူးဖြစ်မှာ ဆိုးလို့တဲ့။ ကဲလုပ်ဗျာ ကျွန်တော်တို့ လူစွမ်းကောင်းများဆိုပြီး ဖွဲ့ကြစို့။ အင်း အဖွဲ့အစည်းမှာ လုပ်ငန်းပိုင်းလဲစုံရမယ်။ ဒီလိုလေး ခွဲကြည့်လိုက်မယ်။
၁။ ကာကွယ်ရေး တာဝန်ခံများ
၂။ သတင်းနှင့် စာနယ်ဇင်း တာဝန်ခံများ
၃။ ရုံးတွင်း တာဝန်ခံများ
၎။ ဆက်သွယ်ရေး တာဝန်ခံများ


ဟုတ်ပြီ ခုခင်ဗျားတို့ အိပ်ယာက နိုးလာကြပြီဆိုတော့ ကျွန်တော်တို့ အဖွဲ့ဖွဲ့လို့ရပြီပေါ့။ ပါချင်တဲ့သူတွေ စာရင်းပေးကြပါ။ Comment မှာ ၀င်ရေးပေးကြပါ။ တစ်ခုတော့ရှိတယ် ကိုယ်ပါမယ့် ခေါင်းစဉ်အောက်မှာ ကိုယ်ရေးရာဇ၀င်လေးတွေ ရေးကြပေါ့။ ပြီးတော့ ကိုယ်ရထားတဲ့ အစွမ်းအစလေးပါ ထည့်ပြီးရေး။ ဘယ်ထဲပါရမယ်မှန်းမသိရင် ကျွန်တော်က လူခွဲပေးမယ် ဟုတ်ပြီလား။ ဒီလိုလေးတွေ ဖြည့်ဗျာ ကျွန်တော် နမူနာပြမယ်။
နာမည် - zeRoTraSh
အဖွဲ့ - ကာကွယ်ရေး တာဝန်ခံ
အစွမ်းအစ - လေထဲတွင် ပျံဝဲနိုင်၊ အရာဝတ္တုများကို ဖောက်ထွင်းမြင်နိုင်၊ မျက်လုံးမှ ရောင်ခြည်များလွှတ်နိုင်။
ကဲ ပြီးပြီနော် ဟုတ်ပြီလား။ မြန်မြန်သာရေးကြဗျို့။ ကမ္ဘာကြီးကို ကာကွယ်ကြရအောင်။

အထက်ပါ ပေါက်ကရလေးဆယ် စာများဖြင့် စိတ်ညစ်ညူးနေသော Blogger မောင်နှမများကို ဖျော်ဖြေတင်ဆက်လိုက်ပါသည်။ ဖတ်ပြီး စိတ်ပြေလက်ပျောက် ရယ်မောလိုက်ရသည် ဆိုရင်ဖြင့် ကျွန်တော် ရေးရကြိုး တွေးရကြိုးနပ်ပါသည်။ ပေါလိုက်တာနော်လို့ ထင်လျှင်လည်း ထင်နိုင်ပါသည်။ အပျင်းပြေစေရုံသက်သက် စေတနာဖြင့် ရေးပေးလိုက်ရခြင်းဖြစ်ပါသည်။ Blogger မောင်နှမများ စိတ်ဝင်စားပြီး အဖွဲ့များထဲတွင် ပါဝင်လာလျှင် နောက်ထပ်ဆက်ပြီး ရေးပါအုံးမည်။ ကဲ ခုတော့ ဒီမှာတင်ပဲ ခဏနားပါရစေ။

6 comments:

Unknown said...

နာမည် - စတီဗင်
အဖွဲ့ - ရုံးတွင်းတာဝန်ခံ
အစွမ်းအစ - အခြောင်ခိုခြင်း ၊ ရေအိမ်မကြာခဏသွားခြင်း ၊ ရုံးချိန်နောက်ကျခြင်း နှင့် စောစောပြန်တတ်ခြင်း များဖြစ်သည် ။

kay said...

လူစွမ်းကောင်းအဖွဲ့ဝင်ချင်ပါတယ်..ကားပါမစ်ကလေးဖြစ်ဖြစ..ဖုန်းလေးတလုံးလောက်ဖြစ်ဖြစ်တော့ရမယ်မဟုတ်လား
( hey...I can't write in ur cbox.. did u banned on me :-)

ခင်မင်းဇော် said...

အမည်- ကေအမ်ဇက်
အဖွဲ့- သတင်းနှင့် စာနယ်ဇင်း
အစွမ်းအစ- မျက်နှာ လုံးဝမပျက်ပဲ ဗြောင်လိမ်တတ်သည်။ကိုယ်လိုရာရောက်အောင် ဆွဲပြောနိုင်သည့် အရည်အချင်း အပြည့်ရှိသည်။ ကျွေးသမျှစား ၊ ပေးသမျှ အားလုံး အပြည့်အ၀ ယူတတ်သည်၊

Moesat said...

နာမည် မိုးစက်
ရုပ်ချောပြီးသဘောကောင်းသည်။ စကားလုံးများဖြင့်ဖောတတ် သည်။ ဆက်သွယ်ရေးတာဝန်ခံဖြစ်ချင်သည်။ လက်ခံပါက အမြန်ဆုံးအကြောင်းပြန်ပေးပါရန်....

Dr. Junior said...

အမည် ဂျူနီယာ
ပါဝါ စလင်ဒါ ၄၅၀ အဝေး ၁၅၀
စကားများသည်။ စိတ်တိုလျှင် တွေ့ရာနှင့် ကိုင်ပေါက်တတ်သည်။ ရသမျှ အခွင့်အရေး အကုန်ယူသည်။ အနိုင်ကျင့်ချင်သည်။
အဖွဲ့ - ကာကွယ်ရေးတာဝန်ခံ

a1aung said...

နာမည် - a1aung
အဖွဲ့  - တိုက်ခိုက်ရေး အဖွဲ့ ဝင်
( တာဝန်ခံ မလုပ်ရဲ လို့ )
အစွမ်းအစ - တစ်လကို တစ်ကောင်ရဲ့  နားရွက်ပြတ်အောင်
တံတွေးဆွတ်..ပြီး..ဖြတ်ပစ်နိုင်တယ်(ခွေးကို)