Tuesday, September 18, 2007

နွေ

"နွေရောက်ပြီ"
ပုခုံးကိုပုတ်ပြီး ပြောလိုက်တာ
ဘယ်သူမှန်းသိအောင် လှည့်ကြည့်တော့
ရော်ရွက်ဝါတွေနဲ့
အပြုံးယဲ့ယဲ့ကျန်တဲ့
သစ်ပင်တစ်ပင်ကို သူမြင်လိုက်ရတယ်။ ။

ဥသြငှက်ငယ်က
အသံလွင်လွင်နဲ့ ဆိုညည်းနေတာကို
"ဒါဟာနွေသံစဉ်ပဲ
ဥတုသုံးပါးမှာ ကျွန်တော်အကြိုက်ဆုံးက
နွေရာသီဗျ" လို့ပြောတဲ့
သူ့ သူငယ်ချင်း
ကဗျာဆရာကို သူသတိရလိုက်တယ်။ ။

အပူပင် ကင်းကင်း နေချင်တဲ့ သူ့ကို
အမေက နွေရာသီမှာမွေးတာတဲ့
ဒါကိုစဉ်းစားမိတော့
ဝမ်းနည်းသလိုလို
ဝမ်းသာသလိုလို
ဘုရားမှာ သူ့အတွက်
ရေချမ်းကပ်လှူပေးတဲ့ အမေ့ကို
အားနာသလိုလို
အားကိုးသလိုလို
ဘာလိုလိုနဲ့ သူ့ကိုယ်သူ
အဖြေရှာမရခဲ့ဘူး။ ။

နွေနေမင်းက
ကောင်းကင်မှာ လင်းလက်တောက်ပ
သူ့မှာတော့ အံတုစရာ
ထီးတစ်ချောင်းတောင် မရှိစကောင်း
မီးပျက်တဲ့ သူတို့ရပ်ကွက်မှာ
ညဘက် ညဘက် ပူလောင်အိုက်စပ်
ချွေးတလုံးလုံးနဲ့
အိပ်မက်ဆိုးတွေကြားမှာ
သူဟာ နိုးတစ်ဝက် အိပ်တစ်ဝက်။ ။

သစ္စာနီရဲ့ ကဗျာဖတ်ရင်ကောင်းမလား
လေးဖြူသီချင်း နားထောင်ရင်ကောင်းမလား
သူဝေခွဲမရခင်ပဲ
သံဝေဂလင်္ကာ ပါတဲ့
ယပ်တောင်တစ်ချောင်း
သူရှာဖွေတွေ့ရှိသွားတယ်။ ။

ပူလောင်အိုက်စပ်ခြင်း
အလိုမကျခြင်းတွေကို
သူ ကျိမ်ဆဲအပြီး
ရုတ်တရက်လှည့်ထွက်
မှန်တစ်ချပ်ရှေ့ရောက်မှ
သူ့ကိုယ်သူ ပြက်ပြက်ထင်ထင်ပြန်မြင်
အလျှံညီးညီး တောက်နေတဲ့ မျက်လုံး
အငွေ့ထောင်းထောင်းထနေတဲ့ သူ့ခန္ဓာ
သူအံ့သြလွန်းလို့ ဘာမှမပြောနိုင်ခင်မှာပဲ
အမေ့အသံ ကြားလိုက်ရတယ်
"မင်းကိုနွေရာသီမှာ မွေးတာ" တဲ့။ ။

zeRoTraSh
1st May 2007

No comments: