Thursday, September 6, 2007

ကျွန်တော် နှစ်သက်သော ကဗျာများ (၁)

ခေတ်ပေါ်အသံ

အခြားသော
အကြောင်းတရားများ ဝေးလို့
ကိုယ့်အကြောင်းကိုယ်တောင်
မပြောတတ် ပြောတတ်
ဖွင့်ပြောနေခဲ့တယ်။

အိုင်းစတိုင်းလို အဘိုးကြီးကတောင်
ကမ်းခြေမှာ
ခရုကောက်လို့ ရသလောက်ပဲ သိသတဲ့။

ဒါဆို ငါလည်း
ကမ်းနားမှာ
လမ်းများနေတာ သေချာသွားပြီပေါ့။

ကျွန်တော်ဟာ အ အ ပါ
ချစ်ဖို့
စားဖို့ သောက်ဖို့နဲ့
လူမြင်ကောင်းအောင် ချွေးထွက်ဖို့က လွဲလို့
ကျွန်တော်ဟာ အ အ ပါ။

ဟုတ်ပြီ
ကိုယ့်ရုပ်ကြီး ကိုယ်ချဉ်တိုင်း
လမ်းမှာတွေ့တဲ့ လူတိုင်းကို
ဟေ့လူ ခင်ဗျားပျက်စီးနေသလား
ဒီလို ပဋိသန္ဓာရစကားဆို
ပြီး . . . အရာရာဟာ
အားအားရှိတိုင်း ပေါက်ဖွားနေတာ
ဟုတ် မဟုတ်
အဖြေကို နာခံလိုက်ဖို့ အသင့်ပါ။

ခုများတော့ ဘာမဆိုင် ညာမဆိုင်
လူတွေကို
စကြ၀ဠာနဲ့ ကိုင်ပေါက်ချင်တဲ့
ဥာဉ်ကပေါ်လာပြန်
အိုင်းစတိုင်းမဟုတ် ဘာမဟုတ်
ကိုယ့်ကိုယ်ကို
ဆိုဆုံးမလို့ မရတာ ကြာပြီ
ခရုမကောက်ချင်ဘူး
ပင်လယ်ကို လိုချင်တာ။ ။

ထွန်းဝေမြင့်
(ဟန်သစ် မဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၉၁)


ကျွန်တော် သိပ်ကြိုက်တဲ့ ကဗျာ တစ်ပုဒ်ပါ။ ခုထိလဲ စွဲစွဲမြဲမြဲ နှစ်သက်တုန်းပါပဲ။ အားလုံးလဲ ကြိုက်ကြမယ်လို့ ထင်လို့ ဝေမျှပေးလိုက်ပါတယ်။

No comments: