Saturday, October 13, 2007

ဆွေးနွေးချင်တာလေးတွေ (၁)


တနေ့က အကိုလိုခင်ရတဲ့ ကိုရွှေက ကျွန်တော့်ကို ဖတ်ဖို့ အတွက် စာအုပ်ပေးသွားတယ်။ မင်းဖတ်လိုက်ပါတဲ့ မင်းလုပ်ချင်တာတွေပါတယ် သေချာဖတ်ပါတဲ့ မင်းခြေလှမ်းတွေ အားပါလာလိမ့်မယ်တဲ့ အဲဒီလိုပြောပြီး ပေးသွားတော့ ကျွန်တော်ဖတ်လိုက်တယ်။ သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ ကျွန်တော်လုပ်ချင်တာတွေကိုလည်း တွေ့လိုက်ရတယ် မသိသေးတာတွေ စိတ်ထဲရှင်းသွားတယ် အလုပ်အပေါ်မှာ ယုံကြည်မှုရသွားတယ်။ စာအုပ်ထဲမှာ ပါတာတွေကို ကျွန်တော်ဖြစ်ချင်တာတွေနဲ့ တိုက်ကြည့် ကျွန်တော့် စီမံကိန်းနဲ့ အပြန်အလှန် ဆက်စပ် စဉ်းစားကြည့်တော့ ကျွန်တော် လက်က မချနိုင်အောင် ဖြစ်သွားရတယ်။ ခုထိ စာအုပ်ကို ပြန်ပေးဖို့ စိတ်ကူး မရှိသေးဘူး ဟိုကလည်း မတောင်းပါဘူး ဖတ်ပါတဲ့ မင်းအတွက် ကောင်းပါတယ်တဲ့။ ကျွန်တော် လိုက်ဝယ်တာလည်း စာအုပ်က ကုန်သွားတော့ မရတော့ဘူး။ စာအုပ်က ဘာသာပြန် စာအုပ်လေးပါ။ ဆရာကျော်ဝင်း ဘာသာပြန်ထားတာ Peter F. Drucker ရဲ့ "The Next Society" တဲ့။ "နောက်လာမယ့် လူ့အဖွဲ့အစည်း" ပေါ့ဗျာ။ ကောင်းပါတယ် စာအုပ်ကို မဖတ်ကြရသေးရင် ဖတ်စေချင်တယ်။ သဘောတရားတွေ တင်ပြပုံတွေ အခင်း အကျင်းတွေ သိပ်ကို ကောင်းတယ်။ အဲဒီ့စာအုပ် ဖတ်ပြီးတော့ ကျွန်တော် လုပ်ချင်တာတွေ လုပ်တော့မယ်ပေါ့လေ။ ဆုံးဖြတ်ချက်က ပိုမာသွားတာပေါ့။ ထားပါ ကျွန်တော် လုပ်ချင်တာတွေ လုပ်မယ့် ကိစ္စကို နောက်မှ ထပ်ရေးပြမယ်။ ခုလောလောဆယ် ဆွေးနွေးချင်တာက ခု ကျွန်တော်တို့ရဲ့ စီးပွါးရေး ပုံစံတွေ ဘာတွေ ဖြစ်နေသလဲ။ ဘယ်နေရာရောက်နေသလဲ ဒါကို ဆွေးနွေးချင်တာ။ ဆွေးနွေးချင်တယ် ဆိုတာထက် ကျွန်တော် သိချင်တာပါ။ ကျွန်တော်ပြောချင်တာက Online Business ကိုပါ။ ခုလောလောဆယ် ဒီမှာက Technology Phobia က လူတိုင်းနီးပါး အင်း စီးပွါးရေး လုပ်ငန်းရှင်တိုင်း နီးပါးဖြစ်နေတာ။ နည်းပညာ ကြောက်တဲ့ ရောဂါ ပေါ့လေ။ ဘာလို့သူတို့ အဲဒီလို ဖြစ်ရတာလဲ ဘာကြောင့်လဲ အဲဒီ့လဲ ပေါင်း မြောက်မြားစွာဟာ ကျွန်တော့် ခေါင်းထဲမှာ အစီအရီပေါ်နေတာ ကြာခဲ့ပါပြီ။ ဒီမှာ ဖြစ်နေတာကြီးကို အသဲယားလွန်းလို့ပါ။ အခြေအနေတွေနဲ့လဲ အများကြီး ပတ်သတ်တာပေါ့လေ ဒါကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် ဒါလေးကို ကျော်ပြီး ကျွန်တော် ဆွေးနွေးကြည့်ချင်တယ်။ ကျွန်တော့် ရှုထောင့်ပါ။ ကျွန်တော့် အမြင်ပါ။ အဲဒီ့အတွက် လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ ဝေဖန် နိုင်ပါတယ်။ အကြံပြုနိုင်ပါတယ်။ အဲဒါကိုလည်း ကျွန်တော်ကြိုဆိုပါတယ်။

ဘာ့ကြောင့် နည်းပညာကို ကြောက်ကြသလဲ ?

ခင်ဗျား စီးပွါးရေးသမား တော်တော်များများကို မေးကြည့်ပါ အင်တာနက် သုံးဖြစ်သလားလို့။ ၀က်ဘ်ဆိုဒ်တွေ သေချာလေ့လာဖြစ်လားလို့။ အဲဒီလိုမျိုး Online ပေါ်မှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားလားလို့ မေးကြည့်လိုက်ပါ ၇၅% လောက်က ဟင့်အင်းလို့ ဖြေကြလိမ့်မယ်။ ၁၅% လောက်ကတော့ အင်း သုံးဖြစ်တယ် သေချာရယ်လို့တော့ မဟုတ်ပါဘူး အချိန်က မရတော့ ဒီလိုပါပဲလို့ ဖြေမယ်။ နောက်ထပ် ၅% လောက်ကတော့ သုံးဖြစ်တယ် လေ့လာဖြစ်တယ် စိတ်ဝင်စားတယ်လို့ ဖြေမယ်။ နောက်ဆုံး ၅% ကသာ ဟုတ်တယ် စိတ်ဝင်စားလို့ ခုပဲ အကောင်အထည် ဖေါ်နေပါပြီလို့ ပြောလိမ့်မယ်။ ဒါက ကျွန်တော် ကြုံဖူးတာ ကြုံနေရတာနော် ဒီနေ့ အချိန်အခါမှာနော်။ အံ့သြစရာ ကောင်းတယ် ခေတ်နဲ့ အဆက်ပြတ်နေတယ်လို့ ကျွန်တော် ယူဆတယ်။ အခြေအနေအရ ဆိုပေမယ့် စိတ်ဝင်စားမှု ဆိုတာကိုတော့ ထိန်းချုပ်မရပါဘူး။ ကိုယ်တိုင်က သိချင် နားလည်ချင်ရင် လေ့လာလို့ ရပါတယ်။ ထားပါ။ ကျွန်တော့် အမြင် ကျွန်တော်တို့တွေဟာ လုပ်ငန်းသစ်ဆိုတာကို ကြောက်ရွံ့တတ်ကြတယ် စွန့်ဦးတီထွင်မှု ဆိုတာကို စိတ်ကူးထဲ မထည့်ဖူးဘူး။ စိတ်ကူးရကောင်းမှန်းလဲ မသိကြဘူးလေ။ ဒါပေမယ့် ဒီနေ့ ကမ္ဘာကြီးမှာ ဘာဖြစ်နေလဲဆိုတာတော့ နားလေးစွင့် မျက်စိလေး ဖွင့်ထားစေချင်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒီတစ်သက်လုံး အမှောင်ထဲက ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ လုပ်ငန်းတွေဟာ ခုချိန်မှာ သူ့ဘာသာ စီးဆင်းနေတယ် ဆိုပေမယ့် ခေတ်ရဲ့ တောင်းဆိုမှု နည်းပညာ အပြောင်းအလဲ တွေကြားမှာ ဒီနေ့ အောင်မြင်နေတဲ့ စီးပွါးရေးဟာ နောက်နေ့မှာ ၀ုန်းကနဲ ပြိုကျသွားမယ်ဆိုတာ သိထားသင့်တယ်။ သူများနိုင်ငံတွေမှာတော့ တိုးတက်နေပြီ ဖွံ့ဖြိုးနေပါပြီ ဒါပေမယ့် ဒီမှာတော့ လိုပါသေးတယ်။ တစ်ခုတော့ ရှိတယ် ဒီမှာ အဲဒီလို အခွင့်အရေး ရလာရင် ရေစီးကြောင်းဟာ ဗြောင်းကနဲ ပြောင်းသွားမယ် အရှိန်တွေနဲ့ ၀င်ဆောင့်မယ် ဒါဆို အကုန် ပြိုလဲသွားနိုင်တယ်။ အရင်က ကျွန်တော်တို့ ဆီမှာ ဟန်းဖုန်းတွေ ပေါ်ခါစက စတိုင်အနေနဲ့ ကိုင်ကြတယ်။ ဒါကြီးကို ဂုဏ်ယူကြတယ်။ ဒါပေမယ့် ခုချိန်မှာ ဟန်းဖုန်းဆိုတာ မရှိမဖြစ် လိုအပ်မှုလို့ အားလုံးက တညီတညွတ်ထဲ ထောက်ခံလာပြီ အသုံးချ ပစ္စည်း အနေနဲ့ အသုံးပြုလာကြပြီ။ ခေတ်ကြောင့်ပါ။ ခုလဲ Online Business ဟာ အဲဒီလိုပဲ ဖြစ်လာမယ် လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဆီက လူတွေက ကိုယ်တိုင် စလုပ်ဖို့ထက် သူများ ဘာလုပ်နေလဲ ဘယ်လုပ်ငန်း ကောင်းသလဲ ကောင်းတဲ့ လုပ်ငန်းတွေ့ရင် သိတာ မသိတာထက် ၀င်ရင်းလိုက်မယ် ဆိုတာမျိုးပဲ များတယ်။ ကိုယ်တကယ် ကျွမ်းကျင်ရဲ့လား သေချာရဲ့လား ဈေးကွက်က နောက် ၁ နှစ် ၂ နှစ် အတွင်း ဘာဖြစ်နိုင်သလဲ ဒါတွေကို လွယ်လွယ်နဲ့ မေ့လိုက်တယ်။ သူက ဒါလုပ်ရင် ငါကလဲ ဒါလုပ်မယ် ဆိုတဲ့သူကများတယ်။

ဥပမာဗျာ ခုခေတ် Cyber Cafe တွေ မှိုလိုပေါက်လာတာမျိုးပေါ့ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ် တိုးတက်လာတဲ့ သဘောပေါ့ လူတွေကို အသိဥာဏ် ပညာ ဖြန့်ဝေတဲ့ အလုပ်ပဲ ကောင်းပါတယ်။ ကုသိုလ်တောင် ရသေးတယ်။ ဒါပေမယ့် တစ်ခုတော့ သူတို့ သတိမထားကြဘူး ဈေးကွက်ရယ် စားသုံးသူရယ် နည်းပညာရယ် ဆိုတာကိုပါပဲ။ ပြီးပြီးရော လုပ်လာတယ် ဆိုင် Decoration တွေကို တော့ အဆင့်မြင့်မြင့် ပြင်ထားတယ်။ ဒါပေမယ့် Service ပိုင်းမှာက အနှုတ်လက္ခဏာ ပြနေတယ် ခန့်ထားတဲ့ ၀န်ထမ်းက နည်းပညာ မကျွမ်းကျင်ဘူး တစ်ဆိုင်နဲ့ တစ်ဆိုင်က ဘေးချင်းကပ် နေတယ်။ အဲဒီမှာ သူတို့ ဈေးလျော့ယူတာကို မှန်တယ်လို့ ထင်လာတယ်။ တစိတ်တပိုင်းအားဖြင့်တော့ မှန်ပါတယ် အလုံးစုံတော့ မမှန်ပါဘူး။ ဒါဟာ ဈေးကွက်ကြီး တစ်ခုလုံးကို အပြီး အပိုင် သတ်ပစ်လိုက်နိုင်တယ် ဆိုတာ သတိမပြုမိတော့ပါဘူး။ ဈေးနှုန်းလျော့သွားတိုင်း စားသုံးသူတိုးလာတာ
မဟုတ်ပါဘူး။ ဒီဘက်ခေတ် စားသုံးသူ အများစုဟာ အရည်အသွေးပေါ်မှာ ပိုပြီး စိတ်ညွတ်ကြပါတယ်။ ဒါကြောင့် ဘယ်လောက် တန်ဖိုးကြီးပါစေ အမှန်တကယ် သူ့အတွက် အသုံးဝင်မယ် အကျိုးရှိမယ်ဆိုရင် စားသုံးသူဟာ အသုံးပြုမှာပါပဲ။ ခုဆို Cyber Cafe တွေ တော်တော်များများဟာ စားသုံးသူ ဦးရေ လျော့နည်းသွား ကြတာကြောင့် အခက် ကြုံနေရပါတယ်။ ဒါကိုလည်း နောက်ထပ် ထပ်ပြီး ဖွင့်ဖို့ ကြိုးစားနေတာတွေ တွေ့နေရပါသေးတယ်။ Cyber Cafe နဲ့ ပတ်သတ်တာကို နောက်ပိုင်းမှာ အကျယ်ချဲ့ပြီး ဆွေးနွေးပါအုံးမယ်။ နောက်ထပ် ပေးချင်တဲ့ ဥပမာကတော့ စီးပွါးရေး ကြော်ငြာတွေကို ကြည့်ကြည့်လိုက်ပါ ဒီမင်းသား ဒီမင်းသမီးတွေနဲ့ပဲ ထပ်နေတာ တွေ့ရပါတယ်။ ကိုယ့်ပစ္စည်းကို ကြော်ငြာတာလား မင်းသား မင်းသမီးကို ကြော်ငြာပေးနေတာလား သတိချပ်မိသင့်ပါတယ်။

ခုဆိုရင် စီးပွါးရေးသမား တော်တော်များများဟာ နည်းပညာကို လျစ်လျူရှုထားကြပါတယ်။ နောက်လာမယ့် ဈေးကွက်ဆိုတာထက် ရှိရင်းစွဲ ဈေးကွက်ပေါ်မှာသာ ပိုပြီး အာရုံထားကြပါတယ်။ တကယ်လို့ နောက်ပိုင်းမှာ ခုလက်ရှိ ရနေတဲ့ စားသုံးသူ ဈေးကွက် အခြေအနေဟာ ရုတ်ချည်း ပြောင်းလဲသွားမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာ သူတို့ သိမယ် မထင်ပါဘူး။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် သူတို့ဟာ နည်းပညာကို ကြောက်လာလို့ပါပဲ။ လက်ရှိ ဖြစ်နေတဲ့ ဈေးကွက်ကိုသာ အရှိတရား ပုံသေကားချပ်လို လက်ထဲမှာ ဆုပ်ကိုင်စွဲထားချင်တာပါ။ ဒါက အရင်းရှင် သဘောတရားနဲ့ သက်ဆိုင်နေပါတယ်။ ကျွန်တော်တို့တွေဟာ ရေရှည်စီမံကိန်းဆိုတာထက် ရေတိုကို ပိုပြီး အသားပေး နေတယ်ဆိုတာ တဖြေးဖြေး ပိုပြီး သိသာ ထင်ရှားလားပါတယ်။ ဟိုလူနဲ့ပေါင်းပြီး ဟိုဟာလုပ်မယ် ဒီလူနဲ့ပေါင်းရင် ဒီအခွင့်အရေးရမယ် ဆိုတဲ့ ကျွန်တော်တို့ဆီက စိတ်ပျက်ဖွယ်ရာ တွက်နည်းတွေ ကြောင့်လည်း ပါပါတယ်။ အခွင့်အရေးကိုသာ လည်တဆန့်ဆန့်နဲ့ စောင့်မျှော်နေတဲ့ လူတန်းစားဟာ ဒီနေ့ ဒီမှာ လက်ညှိုးထိုးမလွဲ ဖြစ်နေပါပြီ။ တကယ်လို့များ အဲဒီ့ အခြေအနေတွေဟာ အလုံးစုံပျက်စီးသွားမယ်ဆိုရင် ဘာလုပ်ကြမလဲ။ အဖြေကို ရှာထားသင့်ပါပြီ သိထားသင့်ပါပြီ။ အလတ်တန်းစားနဲ့ အသေးစား လုပ်ငန်းရှင်တွေဟာ ကျွန်တော်တို့ နိုင်ငံမှာ တဖြေးဖြေး ကွယ်ပျောက်လာပါပြီ။ သူတို့ကို အကြီးစား လုပ်ငန်းရှင်တွေက ၀ါးမျို ဖျက်စီးလိုက်ကြတာ ပါပဲ။ တကယ်လို့သာ ခုနက အလတ်တန်းစား နဲ့ အသေးစား လုပ်ငန်းရှင်တွေဟာ အနာဂတ်မှာ ဖြစ်လာမယ့် စီးပွါးရေး ဈေးကွက် နည်းပညာနဲ့ ပူးပေါင်းလုပ်ဆောင် ခြင်းဆိုတာကိုသာ သတိပြုခဲ့ရင် သတိထားခဲ့ရင် လုပ်ဆောင်ခဲ့ရင် ဘယ်သူကမှ ကိုယ့်ကို ၀ါးမျိုလို့ မရနိုင်ပါဘူး။ ကိုယ်သာကြိုတင် တွက်ဆတတ်မယ်ဆိုရင် အကြီးစား လုပ်ငန်းရှင်တွေက ကိုယ့်ကို လာပြီး ပူးပေါင်းရမှာပါ လက်တွဲရမှာပါ။ ဒါတွေဟာ ယနေ့ခေတ် ဖြစ်နေတဲ့ အခြေအနေတွေကို မျက်စိစုံမှိတ်ပြီး ငြင်းဆန်ချင်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပါ။

ကျွန်တော်တို့တွေဟာ ခေတ်နဲ့အညီ ရှေ့ကို တက်လှမ်းဖို့ ကြိုးစားရမှာပါ။ ခေတ်နောက်ပြန်ဆွဲတဲ့ အယူဝါဒတွေကို ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ဘယ်တော့မှ တိုးတက်လာစရာ မရှိပါဘူး။ ကျွန်တော့်ကို အတော်များများက မေးကြတယ် ဒီမှာက Online Banking System မရှိတော့ ကုန်ပစ္စည်းတွေကို ဘယ်လိုရောင်းမှာလဲတဲ့။ ဟုတ်ကဲ့ လိုလျှင်ကြံဆ နည်းလမ်းရနိုင်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ဇွတ်မှိတ်ငြင်းနေတာထက် လက်တွေ့ကို ရင်ဆိုင်ပြီး ပူးပေါင်း အဖြေရှာကြည့်လိုက်ပါ။ တွေ့လာပါလိမ့်မယ်လို့ ကျွန်တော် ပြောရဲပါတယ်။ ဈေးကွက်အရ လိုအပ်ချက်တွေ ရှိလာရင်လည်း Online Banking System ဟာ ခေတ်ရဲ့ တောင်းဆိုမှုအရ ပေါ်ပေါက်လာ ရပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က ဘာမှလဲ ကြိုးစားကြည့်ချင်စိတ် မရှိပဲ မဖြစ်နိုင်ပါဘူးကွာ ဖြစ်လာမယ် မထင်ဘူးကွာ ဆိုတာကတော့ အရှုံးပေးလွန်းရာ ကျပါတယ်။ အင်တာနက်ပေါ်မှာ ကျွန်တော်တို့ဟာ ဈေးရောင်းတာ တစ်ခုတည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ Online ရဲ့ အဓိပ္ပါယ်ဟာ ဈေးရောင်းရုံသက်သက် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဒါတွေကို သေချာနားလည်သင့် သဘောပေါက်သင့်ပါတယ်။ ကျွန်တော် ရှေ့မှာ ပြောခဲ့သလိုပဲ နည်းပညာ ကြောက်တဲ့ ရောဂါဟာ ကျွန်တော်တို့ဆီမှာ ပြန့်နှံ့ နေပါပြီ။ ကမ္ဘာပေါ်မှာ အချိန်နဲ့ တပြေးညီ တင်ပြနိုင် အလုပ်လုပ်နိုင်တာ အင်တာနက် တစ်ခုပဲ ရှိပါတယ်။ ဒါကို သိရက်နဲ့ ဇွတ်မှိတ်ပြီး ငြင်းမနေသင့်တော့ပါဘူး။ နည်းပညာကို ကြောက်လေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်ဖို့များလေပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပထမဆုံး နည်းပညာ ကြောက်တဲ့ ရောဂါကြီးကို အမြစ်ဖြတ်ပြစ်ဖို့ လိုပါတယ်လို့ တိုက်တွန်းပါရစေ။ ခုကျွန်တော် တင်ပြတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ဝေဖန်ဆွေးနွေးပေးကြပါ။ ကျွန်တော့် အနေနဲ့လည်း ထပ်ပြီး ဆွေးနွေးပါအုံးမယ်။ ကိုယ်ဆွေးနွေးချင်တဲ့ ခေါင်းစဉ်ရှိရင်လဲ ပြောခဲ့ပေးပါ ကျွန်တော် ပါဝင် ဆွေးနွေးပါ့မယ်။ ပူးပေါင်း လုပ်ဆောင်ချင်တယ် ဆိုရင်လည်း ကျွန်တော့်ဘက်က တံခါးဖွင့်ထားပြီးသားပါ။

2 comments:

စိုးထက် - Soe Htet ! said...

လိုနေတယ် ရရင် တော်တော် အဆင်ပြေသွားမယ် ... ဒါပေမယ့် လုံခြုံမှုကိုလည်း တိုးမြှင့် ဆောင်ရွက် နိုင်ဦးမှ ... Political Committment လဲ လိုသေးတယ် ... :)

ပီကေ said...

စူးစမ်းလိုတဲ့ အာသီသလိုတယ်။ အရာရာကို (Opened Mind) ရင်ဖွင့် စိတ်ဖွင့်ပြီး လက်ခံရဲတဲ့သတ္တိလိုတယ်။ စမ်းသပ်ရဲတဲ့ သတ္တိလိုတယ်။ လက်ခံရဲတဲ့ သတ္တိလိုတယ်။ (အဟောင်းတွေကို) စွန့်လွှတ်ရဲတဲ့ သတ္တိလိုတယ်။
ဒီသတ္တိတွေ တို့မြန်မာလူမျိုးတွေမှာ အတော်အားနည်းနေတယ်။
အသစ်ကိုကြောက်တယ်။ အဟောင်းနဲ့အဆင်ပြေနေတော့ အသစ်လဲလိုက်ရင် အဆင်ကောပြေဦးပါ့မလားလို့ တွေးပြီးကြောက်တယ်။
စမ်းသပ်ရမှာလဲ သေမလောက်ကြောက်တယ်။ လူအတော်များများ လက်ခံလာနိုင်မှ စမ်းကြည့်ဖို့ စဉ်းစားတယ်။
ဒီကြောက်စိတ်တွေကို ဖြေရှင်းဖို့ သတ္တိတွေ အများကြီးလိုနေတယ်။

နည်းပညာအသစ်ရောက်လာတယ်။ အလက္ကားနည်းပါးရတယ်။ ဒါပေမယ့် မစမ်းရဲဘူး။
သူများနိုင်ငံမှာ အားရပါးရသုံးနေကြပြီ။ ငါတို့ရေမြေသဘာဝနဲ့ ကိုက်ညီပါ့မလားလို့ တွေးပြီးကြောက်တယ်။
အာမခံချက်အပြည့်နဲ့ သုံးနေကြပြီ။ မီးမလာရင် ဘယ်လိုလုပ်မလဲလို့ တွေးပြီးကြောက်တယ်။ မီးလာဖို့က အာမခံချက်မှမရှိဘဲ။

ခေတ်ရဲ့တိုးတက်မှုအရ ရုံးအတော်များများမှာ ကွန်ပြူတာတွေ သုံးလာကြပြီ။ အစိုးရရုံးတွေမှာလည်း သုံးလာကြပြီ။ ဒါပေမယ့် ကြောက်လို့ဆိုပြီး (Paper Work ဆိုတဲ့) စာရွက်စာတမ်းတွေကို မလျှော့ဘူး။ စရိတ်ကမလျှော့ဘဲ နည်းပညာဖိုးနဲ့ ကွန်ပြူတာစက်ပစ္စည်းဖိုးသာ ပိုကုန်သွားတယ်။ ဒီတော့ ဘာမှလည်းမထူးပါဘူးကွာဆိုပြီး လူအတော်များများက နည်းပညာကို ယုံကြည်မှု မရှိတော့ဘူး။

အဓိက ကတော့ စမ်းသပ်ရဲတဲ့သတ္တိနဲ့ လက်ခံရဲတဲ့သတ္တိတွေ အတော်လိုနေတယ်ဗျာ။ ဒီသတ္တိတွေသာမရှိရင် ဘယ်လောက်အာမခံချက်ရှိရှိ ဘယ်သူမှ မသုံးရဲ၊ မထိရဲ၊ မတို့ရဲကြတော့ဘူးဗျ။