Tuesday, August 28, 2007

Tattoo ထိုးမယ့် zeRoTraSh

“ဖေ . . . သား Tattoo ထိုးမယ်။ လက်မောင်းမှာ တစ်ပုံ ကျောကုန်းမှာ တစ်ပုံ ထိုးမယ် ဖေ။”

ကျွန်တော့ အဖေ နည်းနည်း စဉ်းစားသွားတယ် ပြီးတော့မှ အေးအေးဆေးဆေး ပြန်ပြောတယ်။

“အေး ကောင်းသားပဲ ငါလည်း Tattoo ထိုးမလို့ဟ၊ အဲဒီတုန်းက မအားလို့ မထိုးဖြစ်တာ။”
ဟဲ ဟဲ ဟဲ ဒါဟာ ထောက်ခံမှု ရရှိသွားတဲ့ သဘော ဒါဆို လုပ်ချင်တာ လုပ်လို့ရတော့မှာပေါ့။ Good ကောင်းလေစွတကား။ အဖွားကလည်း ၀င်ပြောသေးတယ်။

“သားကြီး ဆေးမှင်ကြောင် ထိုးမယ်ဆိုရင် ရှေးတုန်း ဗမာကြီးတွေလို ထိုးကွင်းထိုးပေါ့ သားရယ်”

“အာ . . . ဖွားကလဲ သူတို့က ပုံကောင်းကောင်း မရှာတတ်လို့ ပေါင်မှာ ၀လုံးတွေ ထိုးတာ ပိန်းပါတယ်ဗျာ ထိုးချင်ပါဘူး။ သားက အရုပ်လှလှလေး ထိုးမှာ ဟင်း ဟင်း ကနုတ်လေးထိုးမှာ လက်မောင်းမှာ”

အဲလိုပြောပြီး ကျွန်တော့ရဲ့ ပိန်သေးသေး လက်မောင်းကို အဖွားရှေ့မှာ လှန်ပြရင်း ပြောလိုက်တော့ ချစ်လှစွာသော အဖွားက ဘာမှ မပြောတော့ပဲ မျက်စောင်းထိုးပြီး မီးဖိုခန်းဘက်ကို ဒိုးသွားတယ်။ ခဏနေတော့ အမေထွက်လာပြီး ကျွန်တော်နဲ့ အဖေ့နားမှာ လာထိုင်တယ် ဘာများ ဆက်ပြောမလဲ ဆက်လုပ်ကြမလဲဆိုတာ စပ်စုချင်တဲ့ သဘောနေမှာပေါ့ သူ့အမေ ကျွန်တော့ အဖွားပွါးလိုက်လို့ အိမ်ရှေ့မှာ စပိုင် လာလုပ်တဲ့ ပုံလေ သိပြီးသား သားအမိချင်းတွေပဲ ဟဲ ဟဲ ဘယ်ရမလဲ ဒီမှာကလဲ ကျေးဇူးရှင် မွေးသဖခင်က ထောက်ခံမဲ ပေးတဲ့အပြင် သူတောင် ထိုးမလို့ဆိုပဲ။ စိတ်ကူးယဉ်လို့ ရပြီ ကနုတ်လှလှလေး ထိုးမယ် ကျောကုန်းမှာ နဂါးပုံထိုးမယ် ယာကူဆာတွေလိုပေါ့။ ကြာပါဘူး အဖေက Tattoo တော့ပေးထိုးမယ် ဒါပေမယ့် ပြီးတော့ စဉ်းစားဖို့ ပြောပြမယ်တဲ့။ ရတယ်လေ လုပ်ချင်တာ လုပ်ရဖို့က အရေးအကြီးဆုံး ပြီးမှ ဖြစ်ချင်တာဖြစ် ယောက်ယားပေါ့ ဟုတ်ဖူးလား။

“မင်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ထိုးနော် ငါ မင်းကို ပိုက်ဆံ ထုတ်မပေးဘူး”

“ရတယ် ဖေ။ သား ပိုက်ဆံနဲ့ သားထိုးမယ် ဖေ့ ဆီက ယူပါဘူး ကတိ ကတိ ဟီး ဟီး ဟီး”

ဒီလောက်တော့ ကျွန်တော့မှာ ပိုက်ဆံရှိပါသေးတယ် မေ့ဆီက တောင်းထားတာ သုံးတောင် မသုံးရသေးဘူး။ တစ်သိန်းလောက် ကျန်သေးတယ်။ ပါမစ်ရဖို့သာ အဓိက။

“ဟေ့ကောင် မင်းသေချာ စဉ်းစားနော် အဲဒါတွေက ထိုးပြီးရင် ဖျက်မရဘူးနော်၊ ပြီးတော့မင်း ဘယ်မှာ သွားထိုးမှာလဲ”

“ဟိုလေ စကော့ မားကတ်မှာလေ ဖေ ဒါမှမဟုတ် သူငယ်ချင်းအိမ်မှာ စုထိုးလဲ ရတယ်လေ”

“အေး မင်းကို တစ်ခုပြောပြမယ် ငါ သင်္ဘောလိုက်တုန်းက Belgium ကိုရောက်တော့ ကမ်းမှာ Tattoo ဆိုင်တွေ့တယ် ငါလည်း မင်းလိုပဲ Tattoo တွေကလှတော့ ထိုးချင်စိတ် ပေါက်လာရော ဒါနဲ့ သွားမေးတော့ သူတို့က ပြောတယ် Tattoo ထိုးမယ်ဆိုရင် အနည်းဆုံး ၁ လခွဲလောက် အချိန်ပေးရမယ်တဲ့ ဒီအတိုင်းထိုးလို့ မရဘူးတဲ့ ဆေးထိုးဆေးသောက် လုပ်ရမှာတဲ့ ဒီအတိုင်းဆို ရောဂါရတာတို့ Tattoo အရောင်မကောင်းတာတို့ ဖြစ်တတ်တယ်တဲ့ သူတို့က နာမည် အပျက်မခံဘူးကွ။ ငါလဲ သင်္ဘောက အဲလောက် အချိန်မရတာနဲ့ လက်လျော့လိုက်ရတယ် ဟင်း ဟင်း ငါက ကျောကုန်းမှာ ဆင်ရုပ်ကြီးကို အပြည့် ထိုးမလို့ကွ။ ဒါပေမယ့် မအားလို့ မအားလို့”

“ဖေ ခုလိုက်ထိုးလေ သားနဲ့ လိုက်ခဲ့ ဒါမှမဟုတ် သား အဲဒီ Tattoo ထိုးတဲ့ သူကို အိမ်ခေါ်ခဲ့မယ်လေ တူတူထိုးလဲ ရသားပဲ ဟုတ်ဖူးလား”

“မဟုတ်ဖူး။ မင်းကောင်တွေက ဘယ်လောက် စေ့စပ်လို့လဲ ဆရာဝန် ပါလား။ ရောဂါကူးရင် ဘယ့်နှယ့် လုပ်မလဲ။ မင်း တာဝန်ယူရဲလား မင်း အာမခံသလား။ ငါကတော့ ဒီမှာ မထိုးဘူး။ ဒီခေတ်က ရောဂါက စုံပါဘိသနဲ့ သေသွားမှာပေါ့။ မင်း မကြောက်ဖူးလား။ စဉ်းစားအုံး ဟေ့ကောင်”

ကျွန်တော် နည်းနည်းတော့ ဖြုံသွားတယ်။ သူပြောမှ စဉ်းစားမိတယ် ဘယ်သူက အာမခံမှာလဲ ရောဂါကူးပြီး ရှောတော့ရော ဘယ်သူမှ သနားမယ်မထင်ပါ။ ကိုယ့်ဘာသာ လျှာရှည်ပြီး ဖြစ်တာ သေတာ နည်းသေးတယ်လို့ ပဲပြောကြမှာ။ ဟင့် အားတောင် ငယ်သွားတယ်။ (အဲဒီတုန်းက အခုလို Tattoo အတွက် တစ်ခါသုံး အပ်တွေ ဘာတွေ မကြားဖူးသေးပါ။) zeRoTraSh တို့ ခွေးအကြီး လှည်းနင်းသလို အီစလံ ဝေသွားတာပေါ့။ ဘေးက နားထောင်နေတဲ့ မာတာမိခင်က ငါးခူပြုံးပြုံးပြတယ်။ ကဲ နင်ဘာလုပ်မလဲ ဆိုတဲ့ ပုံစံပေါ့။ သူတို့က သိပြီးသားလေ အသက်ကြီးပြီး လူကောင်သာ ထွားတာ စိတ်က ကလေးစိတ် ကြောက်တတ်တဲ့ အခံလေးကရှိတော့ သူတို့က အေးဆေးပေါ့။ Tattoo ကလဲ ထိုးချင် ရောဂါဆိုတာကြီး ကိုလည်းကြောက် ဘာဆက်လုပ်ရမယ် မှန်းကို မသိတော့ဘူး။ သိပ်မကြာလိုက်ဖူး ဆုံးဖြတ်ချက်ကို ချက်ခြင်းချလိုက်တယ်။

“အင်း သားလဲ ဗမာပြည်မှာတော့ Tattoo ထိုးတော့ဘူး။ ရောဂါကူးမှာတော့ ကြောက်တယ် ဒါပေမယ့် Tattoo ကလဲ ထိုးချင်တော့ နိုင်ငံခြား သွားပြီး ထိုးမယ်။ နော် ဖေ နော်။”

“အေးလေ ထိုးပေါ့ မင်းပိုက်ဆံနဲ့ မင်းထိုးပေါ့ သွားပေါ့ မင်းပိုက်ဆံနဲ့ မင်းသွားပေါ့ ဟဲ ဟဲ ဟဲ”
ကဲ အဲဒါနဲ့ ပွဲက ပြတ်သွားရော ရှိတဲ့ ပိုက်ဆံ ၁ သိန်းလောက်နဲ့ Belgium သွားဖို့ဆိုတာ နောက်သလို ဖြစ်နေတယ်။ အဲဒီကနေစပြီး ကျွန်တော့ရဲ့ နိုင်ငံခြားသွား ပြီး Tattoo ထိုးမယ့်ဇာတ် တစ်ခန်းရပ်သွား ပါတော့တယ်။ ဒါပေသိ ကြားထဲမှာ ဟိုလူ့မေး ဒီလူ့မေးနဲ့ ဘယ်နိုင်ငံမှာ Tattoo ထိုးရင် ကောင်းမလဲတော့ ကြိုးကြားကြိုးကြား စုံစမ်းသေးတာပေါ့။ အားပေးကြပါတယ် ဂျပန်သွားထိုးတဲ့ အဲဒီမှာ ပိုစနစ်ကျတယ်တဲ့ ၆ လ လောက်တော့ ကြာတယ်တဲ့။ ဆေးထိုး ဆေးစားနဲ့ ကာလာတွေကို တစ်လခြင်းဆီ ဖြည့်ပေးတာတဲ့ သွားပါတဲ့။ ကဲ ပြီးရော ပွဲသိမ်းသွားရော။ ခင်ဗျားတို့ သိတဲ့ Tattoo ထိုးတဲ့ နေရာရှိလဲ ပြောဗျ။ ဒါပေမယ့် စနစ်ကျရမယ်နော် ဟင်း ဟင်း အာမခံရမယ်။ နောက်ဆက်တွဲ သတင်း အနေနဲ့ ကျွန်တော်သည် ယနေ့ထက်ထိ Tattoo မထိုးရသေးပါ။ နိုင်ငံခြားသွား ပြီး Tattoo ထိုးရေးအတွက်ကိုမူ ကြိုးစားစဲ ဖြစ်ကြောင်း။

2 comments:

ထွန်း said...

Well....If you are really really keen to have the tatoo, you should think twice very carefully. I saw about making tatoo in some movies that they use a needle at the electric gun. It is looked like painting on the canvas but your skin will get pain with blood. You definitely need anti-biotic for sure. Since then these scars will mark the rest of your life. When later in your old age, you may think these scars are messy but you can't erase it. You can erase the picture but your skin will never get back to original. In general, burmese prisoners are forced to have tatoo. The longer their prison sentence, the bigger/larger tataoo they have. In the west, they enjoy tatoo on their bodies. In my opinion, I do not feel good as a human because we use to mark on the animal for food. Tatoo on the solider in burmese kingdom time represents to their brave. Do u know tatoo cause you very pain. I have medicated tatoo and cause blood and painful. If you are marked, you can't disguide or escape from somewhere/something and easy to catch up who/where you are... Our believe is that in next life, these mark will follow with you into your next life.. I suggested... that..."Try for temporary tatoo for fun". You can change any design,pic and erase at anytime.

ကောင်းကင်ပြာ said...

ဘယ်တော့မှ မထိုးမိစေနဲ့