Wednesday, September 17, 2008

ကျွန်တော်ကြိုက်တဲ့ ဖဲကစားနည်း


ဖဲကစားနည်းလို့ပြောလိုက်တာနဲ့ လူတွေစိတ်ထဲမှာ မကောင်းမှုတစ်ခုလို့ မြင်ကြတာ သဘာဝပါပဲ။ အင်းလေ ဒါကလဲ လောင်းကစားနည်းတစ်ခုပဲကိုး။ ဖဲသမားဆိုရင် နှာခေါင်းရှုံ့ချင်ကြတာ ဓမ္မတာပါပဲ။ ဘယ်ဂုဏ်သရေရှိ လူကြီးလူကောင်း စာရင်းထဲမှာမှ ဖဲသမားမပါပါဘူး။ ဘယ် Casino ပိုင်ရှင်ကိုမှလဲ ဂုဏ်သရေရှိစာရင်းထဲထည့်မထားတာ သေချာသလောက်ပါပဲ။ ကျွန်တော်ကလဲ ဖဲကစားခြင်းကို အားပေးအားမြှောက်လုပ်ချင်လို့၊ ဖဲသမားကို အမွှန်းတင်ချင်လို့ ဒါကို ရေးတာ မဟုတ်ဘူးဆိုတာ ကြိုပြောထားပါရစေ။ ဒါပေမယ့် အဲဒီ့ လောင်းကစားဆန်မှု ဖဲကစားနည်းတွေထဲက ကျွန်တော် နှစ်သက်တဲ့ ဖဲကစားနည်းတစ်မျိုး၊ တနည်းအားဖြင့် ကျွန်တော့်ကို အတွေးမြင်သစ်တွေ ဖြစ်စေခဲ့တဲ့ ဖဲကစားနည်းတစ်မျိုးကို ပြောပြချင်ယုံသက်သက်ပါပဲ။

ကဲ ကျွန်တော်ကြိုက်တဲ့ ဖဲရိုက်နည်းကို မပြောခင် ကျွန်တော်ဖဲချပ်တွေနဲ့ ရင်းနှီးပုံကို ပြောပြပါ့မယ်။ ကျွန်တော်တို့မိသားစု အထူးသဖြင့် အဖိုးရှိတုန်းကပေါ့ တစ်ပတ်တစ်ခါ မိသားစုလိုက် အပျော်တမ်းဖဲကစားလေ့ရှိတယ်။ ကစားတာကတော့ နည်းမျိုးစုံပါပဲ။ ကျွန်တော်ဖဲနဲ့ ဘယ်လိုရင်းနှီးသလဲဆိုတော့ ၃ နှစ်သားလောက်ကထဲက အဖိုးပေါင်ပေါ်ထိုင်ရင်း ဂျိုကာတွေ့ရင်ထနမ်းတဲ့အထိ၊ ဒါဘာလဲဆိုဂျိုကာလို့ ပီပီသသပြောတတ်တဲ့ ကောင်ပါ။ ကဲစဉ်းစားကြည့် ငယ်ငယ်ထဲက အဲဒီ့လိုစတာ။ ၅ နှစ်သားလောက်ကျတော့ ၁၃ ချပ်ကစားနည်းလို့ ခေါ်တဲ့ ပိုကာကို ကျွန်တော် ကောင်းကောင်းကစားတတ်နေပြီ။ လူကသာ စာမတတ်သေးတာ ဖဲကတော့ ကောင်းကောင်းရိုက်တတ်နေပြီ။ ကျွန်တော်လူပျိုပေါက်အချိန်မှာတော့ ဖဲရိုက်နည်း မျိုးစုံနည်းပါးကို ရိုက်တတ်နေပါပြီ။ သူငယ်ချင်းတွေနဲ့ဆုံရင်၊ ခရီးသွားရင်၊ ဖဲကစားတတ်တဲ့ အိမ်တွေရောက်ရင် ကျွန်တော်ရိုက်လေ့ရှိပါတယ်။ ကျွန်တော်အကြိုက်ဆုံး ဖဲကစားနည်းကတော့ Show လို့ခေါ်တဲ့ တစ်ချပ်မှောက် ကစားနည်းပါပဲ။ အဲဒီ့ တစ်ချပ်မှောက် ဖဲဝိုင်းက ကျွန်တော့်ကို အများကြီး သင်ပေးလိုက်ပါတယ်။

Show ကစားနည်းကို ဖဲရိုက်တတ်တဲ့ လူတော်တော်များများ သိပြီးသားပါ။ သူကတစ်ချပ်မှောက် ထားပြီး လေးချပ်ပြထားတာပါ။ တကယ်တမ်း အသက်ကတော့ မှောက်ထားတဲ့ ဖဲတစ်ချပ်ပါပဲ။ အဲဒီ့ မှောက်ထားတဲ့ ဖဲတစ်ချပ်ကို ခန့်မှန်းတွက်ဆပြီးမှ အနိုင်အရှုံးပေါ်တာပါ။ ဒီနေရာမှာ Show ကစားနည်းကို ရေးပြလိုက်ရင် ပြီးမှာ မဟုတ်တော့ပါဘူး။ (မကစားတတ်သေးသူများ ကိုယ့်ဘာသာ နီးစပ်ရာ ကစားတတ်တဲ့သူများ ထံတွင် လေ့လာရန် ဤကား စကားချပ်) ပြောချင်တာက ဒီကစားနည်းရဲ့ ထူးခြားချက်တွေကိုပါ။ ဒီကစားနည်းမှာ လူငါးယောက်အထိ တချို့လဲ ခြောက်ယောက်အထိ ကစားကြပါတယ်။ အသင့်တော်ဆုံးကတော့ ငါးယောက်ကစားတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ့လူအားလုံးဟာ ကိုယ့်ရဲ့မှောက်ထားတဲ့ တစ်ချပ်မှောက်ဖဲအတွက် တိုက်ပွဲဝင်ကြရတာပါပဲ။ ဖဲက စုစုပေါင်း ၅ ချပ်ဝေပါတယ်။ ဒါပေမယ့် အဲဒီ့ ၅ ချပ်ကို တစ်ခါထဲ တစ်ထိုင်ထဲ ချက်ခြင်းဝေလိုက်တာမျိုး မဟုတ်ပါဘူး။ တစ်လှည့်မှာ တစ်ချပ်နှုန်းပဲဝေတာပါ။ တစ်ချပ်ဝေလိုက်တိုင်း ဖဲပေါ်မူတည်ပြီး အကြီးဆုံးလူက စိန်ခေါ်မှုအနေနဲ့ ပိုက်ဆံထည့်ပြီါ် ကျန်တဲ့လူတွေကို ခေါ်ရပါတယ်။ တစ်ယောက်က ခေါ်လိုက်ပေမယ့် ကျန်တဲ့သူက လိုက်ချင်ရင် လိုက်လို့ရပါတယ်။ မလိုက်ချင်ရင် မလိုက်ပဲနဲ့ အဲဒီ့ပွဲကနေ ထွက်လို့ရပါတယ်။ ဒါမှ မဟုတ် သူခေါ်တဲ့ ပမာဏထက် ၂ ဆ၊ ၃ ဆ ပိုဆောင်းထပ်ပြောပြီး စခေါ်တဲ့လူကို ကန်ကြည့်လို့ရပါတယ်။ စခေါ်တဲ့လူရဲ့ ငွေကြေးက အတည်မဟုတ်ပါဘူး။ ကန်ခွင့်ပေးထားပါသေးတယ်။ ဒါက ဘာနဲ့တူသလဲဆိုရင် Challenge လုပ်တာနဲ့တူပါတယ်။ ကျွန်တော်တို့တတွေ စီးပွါးရေးလုပ်ငန်းတွေ၊ လူမှုဘဝတွေထဲမှာလဲ အဲဒီ့လိုမျိုးနေ့စဉ် Challenge တွေနဲ့ ဆုံတွေ့နေကြရတာပါပဲ။ ဒီလိုစခေါ်တဲ့လူရှိလို့ ကျွန်တော်တို့တွေ လိုက်မလား ပြေးမလား၊ ဒါမှမဟုတ် သူ့ကိုထပ်ပြီး ပြန်ကန်မလား ကြိုက်တဲ့လမ်းကို ရွေးလို့ရပါတယ်။ ဘယ်သူကမှ ချုပ်ချယ်မထားပါဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါပဲ။

ဒီလိုမျိုး Show ကစားလို့ ဇာတ်ရှိန်အမြင့်ဆုံး ဖြစ်တဲ့ ၅ ချပ်လုံးပြည့်သွားတဲ့ အချိန်ဟာ စိတ်ဝင်စားစရာ အကောင်းဆုံး အချိန်ပါပဲ။ လူ ၅ ယောက်လုံးက လိုက်ခဲ့တယ် ဖြစ်စေ၊ ဒါမှ မဟုတ် ၂ ယောက်ပဲကျန်ခဲ့တယ် ဖြစ်စေ။ အလယ်က ပိုက်ဆံပုံအတွက် ယှဉ်ရပါတော့တယ်။ ဒီအချိန်မှာ တစ်ယောက် မျက်နှာ တစ်ယောက်အကဲ ခတ်ကြပါတယ်။ Show ကစားနည်းမှာ Emotional ကိုခန့်မှန်းရတာလဲ ရင်ခုန်စရာပါ။ တစ်ယောက်ရဲ့ မှောက်ထားတဲ့ တစ်ချပ်ကို နောက်တစ်ယောက်က အပြန်အလှန်ခန့်မှန်းရတဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ ကိုယ်ကသူများကို ခန့်မှန်းသလို ကိုယ့်ကိုလည်း သူများက ခန့်မှန်းနေတာပါပဲ။ အဲဒီ့မှာ ဖဲရဲ့အဆင်တွေ၊ ဖြစ်နိုင်ခြေတွေ၊ လက်ကျန်ဖဲ အခြေအနေတွေ၊ မြင်နေရတဲ့ဖဲတွေ ဒါတွေအားလုံးကို စုပေါင်းဆက်စပ်ပြီး ခန့်မှန်းကြရပါတယ်။ အဲဒီ့ထက်ပိုဆိုးတာက ဖဲဝိုင်းမှာ တောက်လျှောက်ကစားလာတဲ့ သူတို့တွေရဲ့ အမူအကျင့်နဲ့ ဖဲပေါ်တွက်ချက်မှု အဲဒါတွေပါ ပါလာပါတယ်။ ကိုယ့်ရဲ့ခန့်မှန်းချက်တစ်ချက် လွဲချော်သွားတာနဲ့ အားလုံးဆုံးရှုံးသွားနိုင်ပါတယ်။ ကိုယ်ခန့်မှန်းတာ မှန်သွားပြီဆိုရင်လဲ အနိုင်ရမှာက ကိုယ်ပါပဲ။

ကိုယ့်ဖဲက တစ်ကယ်တမ်းတော့ ဒုတိယဦးစားပေး အကောင်းဆုံး၊ ကိုယ့်ပြိုင်ဘက်က ပထမဦးစားပေး ဒါမျိုးဆိုရင် သူ့ကို ခေါ်ဖို့ အလှည့်ပေးရပါတယ်။ အဲဒီ့မှာ သူကကိုယ့်ကို ခေါ်လိုက်ပြီ ဆိုရင် ဒါမှမဟုတ် Show လိုက်ပြီဆိုရင် ကိုယ်က လိုက်မလိုက်စဉ်းစားရပါပြီ။ ကိုယ်မလိုက်ပဲလဲ ထွက်လို့ရပါတယ်။ ဒါဆိုရင်တော့ သူ့ဘက်က အဲဒီ့ငွေတွေကို ဘာမှ လျှောက်လွှဲချက်ပေးစရာ မလိုပဲ တနည်းအားဖြင့် သူ့မှောက်ထားတဲ့ဖဲကို ပြစရာမလိုပဲ စားလိုက်လို့ ရပါတယ်။ တကယ်လို့ အဲဒီ့ လူဟာ ပထမဦးစားပေးဖဲနဲ့ ရှိနေပေမယ့် သူဟာရှေ့မှာ ဖဲကို ဟောက်ပြီး ကစားလာတဲ့လူဖြစ်လို့ ကိုယ်က အယုံအကြည်မရှိပဲ လိုက်ရင်လဲရပါတယ်။ မှောက်ထားတဲ့ ဖဲက အဓိကပါပဲ။ ရှေ့ကပွဲတွေမှာ တောက်လျှောက်ဟောက်လာတယ် (လိမ်စားတယ်ပေါ့လေ) ဒါပေမယ့် ဒီတစ်ကြိမ်က တစ်ကယ့် အမှန်ဆိုလဲ ကိုယ်က ခံလိုက်ရမှာပါ။ အဲဒါကြောင့်ပြောတာပါ လူရဲ့ Character ရော Emotion ရောကိုပါ ထည့်တွက်ရတဲ့ ကစားနည်းပါလို့။

ဒီကစားနည်းက အိုင်ဒီယာကို အဓိကဖြစ်သလို၊ တွက်ချက်မှုကလဲ အရေးပါပါတယ်။ ကိုယ့်ကို ဘယ်သူမှ တားလို့မရသလို အခြေအနေအားလုံးကိုလဲ ကိုယ်တိုင်ပဲ တွက်ချက်မှန်းဆနိုင်ပါတယ်။ ကျွန်တော်တို့ လက်တွေ့ဘဝတွေနဲ့ အနီးစပ်ဆုံး ဖဲကစားနည်းပါပဲ။ ကျွန်တော်တို့ နေ့စဉ်ရင်ဆိုင်နေရတဲ့ ခက်ခဲနေတဲ့ ပြဿနာတွေဟာလဲ ဟိုဘက်က မှောက်ထားတဲ့ ဖဲချပ်ကို ခန့်မှန်းရတဲ့ အဖြစ်နဲ့ ဆင်တူနေပါတယ်။ အလုပ်လုပ်ရင်းလဲ ကိုယ့်ပြိုင်ဘက်ကို အမြဲတမ်း ခန့်မှန်းနေကြရတာပါပဲ။ အဲဒီ့မှာ ခုနကလို ဖဲအဆင်တွေလိုပေါ့ သူ့ရဲ့လုပ်ငန်းသဘာဝကို ကိုယ်က မြင်တွေ့နေရတာပါပဲ။ တစ်ခုပဲ သူ့အိုင်ဒီယာကို ကိုယ်ကတွက်နိုင်ဖို့ပဲ။ အဲဒါကလဲ သူ့ရဲ့မှောက်ထားတဲ့ ဖဲတစ်ချပ်ပဲလေ။

နောက်တစ်ခုက ဖဲဝိုင်းမှာလိုပဲ သူနဲ့ တူတူရိုက်လာတဲ့ အချိန်တစ်လျှောက်လုံး သူ့ရဲ့လှုပ်ရှားပုံ ဆုံးဖြတ်ပုံ အဲဒါတွေကို ခန့်မှန်းရသလို ကိုယ့်လုပ်ငန်းပြိုင်ဘက်ရဲ့ လုပ်လာတဲ့ ပုံစံ၊ သက်တမ်း၊ ပစ္စည်းအနေအထား၊ အမူအကျင့် ဒါတွေကို ခန့်မှန်းရတာခြင်း တူညီနေပါတယ်။ ကိုယ့်ပြိုင်ဘက်ကို လျှော့တွက်လို့ မရသလို၊ ပိုတွက်လို့လဲ မရပါဘူး။ တခါတရံမှာ သူ့မှာ ဘာမှ မရှိပါပဲနဲ့ ကိုယ့်ကို ဈေးကွက်ထဲက၊ အသိုင်းအဝိုင်းထဲက ဟောက်ထုတ်ပစ်ဖို့ လုပ်တတ်သလို၊ ကိုယ့်ကို ရှေ့တစ်ကွက်တိုးစေပြီး နောက်ဆုံးကျမှ သူ့လျှို့ဝှက်ချက်ကို ပြပြီး ကိုယ့်ကို မောင်းထုတ်လိုက်တာလဲ ရှိပါသေးတယ်။ ဘာပဲပြောပြောကိုယ့် ဆုံးဖြတ်ချက်ကသာ အဓိကပါပဲ။ သူနဲ့ကိုယ် ဥာဏ်ခြင်းယှဉ်ကြတာပါပဲ။ တခါတလေသူ့ဖဲက အရမ်းကောင်းလွန်းလို့ ကိုယ်ကလွှတ်ပေးလိုက်ရသလိုပဲ စီးပွါးရေးမှာလဲ လွှတ်ပေးလိုက်ရတယ်ဆိုတဲ့ အကြိမ်တွေရှိပါတယ်။ ဒါဟာ ဒီပွဲကိုသာ အရှုံးပေးတာဖြစ်ပြီး တစ်ဝိုင်းလုံးစာ အရှုံးပေးလိုက်တာ မဟုတ်ပါဘူး။ တကယ်လို့သာ အလျှော့ပေးသင့်ပါလျှက်နဲ့ ကိုယ်က မပေးခဲ့ဘူးဆိုရင် ဝိုင်းထဲကနေထပြန် သွားရလောက်အောင် ရှုံးသွားတတ်ပါတယ်။ လောကကြီးမှာလဲ တူတူပါပဲ တစ်ကြိမ်အလျှော့ပေးလိုက်တာဟာ တစ်ဘဝစာ အလျှော့ပေးလိုက်တာ မဟုတ်သလို နောက်တစ်ကြိမ်အတွက် အားမွေးတာနဲ့တူတူပါပဲ။ တစ်ကြိမ်တစ်လေမှာတော့ ကိုယ့်ဘက်က သိပ်ခိုင်မာနေရင် သူ့ကိုပြန်ပြီး စိန်ခေါ်လို့ ရပါတယ်။ ဒါပေမယ့် သူ့ကိုရှေ့မှာ ရှုံးထားတဲ့ အရှုံးကြောင့်၊ ဒါမှမဟုတ် ငွေကြေးအင်အားနည်းလာတာကြောင့် ပြေးခဲ့မယ်ဆိုရင် ကိုယ်ဟာဘယ်တော့မှ အဲဒီ့ဝိုင်းထဲမှာ ဝင်ဆန့်အောင်ဆက်ကစားဖို့ ငွေကြေးပြန်မရနိုင်သလို စိတ်ဓါတ်မှာပါ ပျက်ပြားသွားစေနိုင်တယ်။ ဥပမာ ငါကံမကောင်းသေးဘူးလို့ တွေးမိတာမျိုးပေါ့။

ကိုယ့်ဘက်က သေချာနေပြီ ပိုင်နိုင်နေပြီဆိုရင် ပြိုင်ဘက်ကို ပြန်စိန်ခေါ်ဖို့ ဝန်လေးစရာ မရှိပါဘူး။ တကယ်လို့ သူကမယုံကြည်လို့ လိုက်လာခဲ့ရင်တောင်မှ ဒါမှမဟုတ် သိပ်နိုင်နေလို့ ငွေပေါနေလို့ လိုက်လာခဲ့ရင်ဆိုရင်တောင် ကိုယ်ကသေချာနိုင်နေပြီပဲ ဘာများ ကြောက်စရာလိုလို့လဲ။ မှောက်ထားတဲ့ ဖဲချပ်ကို လှန်ပြပြီး သတ္တိရှိရှိ လောင်းကြေးအကုန်လုံး စားလိုက်ရုံပေါ့။ အဲဒီ့မှာတင် ကိုယ့်ယုံကြည်ချက်က ခိုင်မာသွားပြီ ဖြစ်သလို ပြိုင်ဘက်ကိုလဲ အသာစီးရလိုက်ပြီး အလဲထိုးလိုက်နိုင်ပါပြီ။ လုပ်ငန်းသဘာဝမှာလဲ ထိုနည်း ၄င်းပါပဲ။ ကိုယ်က ဓနအင်အားချို့တဲ့လို့၊ ကိုယ်က သေချာနေရက်နဲ့ အရှုံးပေးစရာမလိုပါဘူး။ ခုနကကိုယ့်ရဲ့ မှောက်ထားတဲ့ ဖဲချပ်လေး ပြလိုက်သလို ကိုယ့်အလုပ်ကို ပြလိုက်ပါ။ ပြိုင်ဘက်ရဲ့ အရှိုက်ကို တည့်တည့်ထိပြီး အနိုင်ရပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဘက်က သူ့ကို နိုင်မယ်ဆိုတာ သေချာရပါမယ်။ ကိုယ့်ဘက်က အခြေခိုင်ရင် ဘာမှ ကြောက်စရာ မလိုပါဘူး။ show ကစားရင် ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ထိန်းရပါတယ်။ ဖဲမကောင်းလို့ စိတ်ပျက်သွားတာ၊ ဖဲကောင်းလို့ အူမြူးနေတာ၊ နိုင်မယ်သေချာလို့ စိတ်လှုပ်ရှားနေတာ ဒါတွေကို အပြင်ကို ထုတ်မပြရပါဘူး။ ဒီလိုပြနေတဲ့ လူဆိုရင် တစ်ဘက်လူက ကိုယ့်ရဲ့ အမူအကျင့်ကို ကြည့်လိုက်ရုံနဲ့ ကိုယ့်ဖဲဘာဆိုတာ တန်းပြီး မှန်းလို့ရသွားမှာပါ။ မတုန်မလှုပ် ကျောက်ရုပ်ဆိုရင်တော့ အင်မတန် ခန့်မှန်းရခက်ပါတယ်။ စီးပွါးရေး လောကမှာရော နေ့စဉ်ဘဝမှာပါ ဒီအတိုင်းပါပဲ။ စိတ်လှုပ်ရှားလွယ်တဲ့လူကို စိတ်တည်ငြိမ်တဲ့လူက အလွယ်တကူ ခန့်မှန်းနိုင်ပြီး အနိုင်ယူလို့ ရပါတယ်။

ကဲ Show ကစားနည်းအကြောင်းကို ပြောပြီးပြီ အဲဒီ့အထဲက ကျွန်တော် ဘာတွေရခဲ့သလဲဆိုရင်တော့ အောက်ပါအချက်အလက်တွေကို ရခဲ့ပါတယ်။ အဲဒါတွေကတော့ . . .
1. Competative Management
2. Risk Management
3. Time and Space Management
4. Emotional Management
5. Financial Management
6. Vision
7. Idea
8. Self Confidence
9. Guessing Power နဲ့အတူ ကျွန်တော်ခေါင်းစဉ်မတပ်တတ်တဲ့ အရာတွေ ရခဲ့ပါသေးတယ်။ Show ကစားဖို့ အားပေးအားမြှောက် ပြောနေတာမဟုတ်ပေမယ့် ကိုယ်သာ Show ကစားတဲ့ သူဆိုရင် အဲဒါလေးတွေ ရမရ ပြန်ချိန်ကြည့်စေချင်တာပါပဲ။ ဖဲကစားတိုင်း မကောင်းတာ မဟုတ်သလို ယူတတ်ရင် ရတယ်ဆိုတာ ပြောချင်တာပါ။ ခင်ဗျားသာ Show မကစားတတ်သေးသူ တစ်ယောက်ဆိုရင် သိရုံလောက်တော့ စမ်းကစားပြီး ခုနက အချက်တွေ ဟုတ်မဟုတ် သုံးသပ်ကြည့်ပေါ့။ ဖဲသမား ဖြစ်သွားရင်တော့ တာဝန်မယူဘူးနော်။ ကြိုပြောထားပါရဲ့။ ကဲ ခုတော့ တော်သေးပြီ။

7 comments:

မွန် said...

ဟုတ် Risk Management ကို မွန်လဲသဘောကျတယ် Risk ယူသင့်တဲ့နေရာမှာ ယူရဲရမှာဖြစ်သလို မလိုအပ်ပဲ Risk ယူတတ်တဲ့အကျင့်ကိုလဲ ထိန်းချုပ်နိုင်ရမယ် အဲဒါကို လောင်းကစားနည်းတွေမှာ အများအားဖြင့်တွေ့ရတယ် ကျင့်လို့လဲရမယ်ထင်တယ် ရှိုးကစားတဲ့အခါ ရပ်သင့်တဲ့နေရာမှာ ရပ်ကိုရပ်ရမယ် တဖက်လူက ကိုယ့်စိတ်ကိုဆွမယ် စိန်ခေါ်မယ့်အခါတွေမှာ ကိုယ့်ဖဲကိုယုံကြည်မှုမရှိပဲ မခံချင်စိတ်နဲ့ အတင်းဇွတ်လိုက်ရင် ရှုံးမှာပဲလေ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ self control နဲ့ will power လဲ ဒီကစားနည်းမှာ တက်လာနိုင်တယ်ထင်တာပဲ အဖေတူသမီးလေးဆိုတော့ ဝင်ပွားကြည့်တာ ဟိ

မြန်မာ့အောင်သံ said...

ဟုတ္တယ္အစ္ကို။ ဖဲကစားနည်းထဲမှာ ရှိုးဆော့တာအပြင် အုန်းသီးခွဲနည်းဆိုတဲ့ ကစားနည်းလဲ ရှိသေးတယ်ဗျ။ အဲဒါလေးကလည်း တကယ့်ကို ကောင်းတယ်။ ဒါပေမဲ့ show လောက်တော့ ပြန်ရနိုင်တဲ့ အခွင့်အလမ်းတွေ မများပေမယ့် အဲဒါကကျတော့ ကိုယ် ဘယ်လောက် management ကောင်းသလဲဆိုတာ ပေါ်လွင်စေတယ်။

လင်းဦး(စိတ်ပညာ) said...

(၅)နှစ်သားကတည်းက ဖဲတော်တော်ရိုက်တတ်နေပြီဆိုတော့ လူပျိုပေါက်ချိန် တော်တော်ကျွမ်းမှာပဲ။ အဟဲ... တော်တော်များများ နိုင်ခဲ့လား။ :)

certain condition cube said...

ဖဲကစားနည်းကနေ စီမံခန့်ခွဲမှုများစွာကို လေ့ကျင့်ပေးနိုင်တယ်လို့ ထောက်ပြပေးထားတာလေးကို အနည်းငယ်လောက်ဖြည့်စွက်ပါရစေ။
အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်လိုတယ်ဆိုရင်

Win your work = IQ +SQ + EQ
IQ= Intelligent Quotient
SQ= Social Quotient
EQ = Emotional Quotient

လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် ထက်မြက်မှု၊ ဦးအောင်နိုင်မှု၊ ဆုံးဖြတ်နိုင်မှု စသည့် IQ ရယ်၊ လူမှုဆက်ဆံရေးကောင်းတဲ့ good network ဆိုတဲ့ SQ ရယ်၊ မိမိလုပ်ငန်းတွင် ပါဝင်နေတဲ့ Stakeholders တွေအားလုံးရဲ့ စိတ်ကို နားလည်ပေးနိုင်မှု။ စိတ်ရှည်နိုင်မှု၊ ကိုယ်ချင်းစာပေးနိုင်မှု၊ နှစ်ဖက်မျှ တွေးနိုင်တဲ့ စဉ်းစားဥာဏ်စတဲ့ EQ ကို ကောင်းစွာပေါင်းစပ်မှ အောင်မြင်တာပါ။

ဖဲကစားနည်းကနေ ဒီလိုအကြောင်းအရာတွေကို ကောင်းစွာ ပေါင်းစပ်နိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ရင်း အရှိန်လွန်သွားရင်တော့ ဒီပိုစ့် ရဲ့ ပိုင်ရှင်ကို နည်းနည်းလောက်ညှိထားရင် ကောင်းမယ်ထင်တယ်။
ဘယ်လိုထိန်းပြီးကစားရင် ကောင်းမလဲပေါ့။

Thet Htoo@Myat Lone said...

ကိုဇီးရိုး လက်တွေ့ ကစားပြပါဗျို့။ :)

RePublic said...

နေ့စဉ်ရင်ဆိုင်ရတဲ့ လက်တွေ့ဘ၀တွေနဲ့ ဖဲကစားနည်းကိုယှဉ်ပြရေး သားတာ ကောင်းတယ် ကို zerotrash ရေ ၊၊ ကျေးဇူးပါ ဗျာ ၊၊

Han Thit Nyeim said...

ဟုတ်တယ်ဗျို့... နောက်ဆို MBA ကျောင်းတွေမှာ Show ကစားခိုင်းရမလိုတောင် ဖြစ်နေပြီ...။

ဘာအလုပ်ပဲဖြစ်ဖြစ်ပါ။ `တန်ဆေးလွန်ဘေး´ ဆိုတာရယ်။ `အကျိုးရှိတဲ့ဘက်က လှည့်တွေးပြီး အသုံးချတယ်မယ်ဆိုရင်´ တန်ဖိုးရှိတဲ့အလုပ်တွေ ဖြစ်လာမယ်လို့ထင်တယ်။