Saturday, September 20, 2008

ကျွန်တော်ချစ်တဲ့ ကောင်မလေး

ကျွန်တော်ချစ်တဲ့ ကောင်မလေးက
နည်းနည်းတော့ ချို့တဲ့တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
သိပ်တော့ အပြစ်ကင်းလှတာ မဟုတ်ဘူး
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
အချောအလှကြီးတော့ မဟုတ်ပေမယ့် ကြည့်ကောင်းတယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
စိတ်ကောက်တတ်ပြီး ကလေးဆန်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
တခါတခါ စိတ်အားငယ်တတ်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ဦးနှောက်ထပ် နှလုံးသားကို ပိုသုံးတတ်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
အနက်ရောင်ဆို သိပ်မုန်းတတ်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော့်ကို ချစ်တော့ချစ်တယ်တဲ့
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော့်ကို မုန်းလဲမုန်းသတဲ့
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော့်ကို ကြောက်တယ်လို့လဲ ပြောတယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော်ချစ်တဲ့ ကောင်မလေးကလေ
တနေ့ကတော့ ပြောသွားတယ်
သိပ်ချစ်လို့ စွန့်လွှတ်ပါရစေတဲ့ . . . .
အဲဒါ ကျွန်တော်ချစ်တဲ့ ကောင်မလေးလေ . . .။

zeRoTraSh
20th, September, 2008.

7 comments:

ဖြိုးငယ် said...

ကျွတ် ..ကျွတ် .. ဟုတ်တော့ မလိုနဲ့ သနားစရာပဲ ..
ဒါနဲ့ ဦးနှောက်ထက် နှလုံးသားကို ပိုသုံးတယ်ဆို

လင်းဦး(စိတ်ပညာ) said...

ကျွန်တော်ချစ်တဲ့ ကောင်မလေးက စိတ်လည်းကောက်တတ်တယ်။ မျက်စောင်းလည်း ထိုးတတ်တယ် :)

မွန် said...

ကျွန်တော်ချစ်တဲ့ကောင်မလေး
ကျွန်တော့်ကိုချစ်တော့ချစ်တယ်တဲ့
ကြောက်လဲကြောက်တယ်တဲ့
မုန်းလဲမုန်းသတဲ့
အပြစ်ကင်းလှတာ မဟုတ်ဘူး
စိတ်ကောက်တတ်ပြီး ကလေးဆန်တယ်
အဲဒီ့ကောင်မလေးမျိုး အပြင်မှာမြင်ဖူးတယ်
ကောင်မလေးနဲ့ ကဗျာလေးက သဘာဝကျကျ
ကောင်မလေးလိုပဲ ကဗျာလေးကလဲ ချစ်စရာကောင်းရဲ့

လင်းဦး(စိတ်ပညာ) said...

ကျွန်တော်ချစ်တဲ့ကောင်မလေးကို ကျွန်တော်ဒုတိယအကြိမ် ဖတ်ရှု့ပါကြောင်းခင်ဗျာ :)

Apprenticeship said...

ကဗျာလေးကခံစားရတယ်... ပိုင်ဆိုင်မှုမှာ အားလုံး ခရီးလမ်းဆုံးချင်လဲ အခြေအနေ မပေးရင်တော့ စွန့်လွှတ်ချစ်ခြင်းနဲ့ ခရီးသွားရမှာပဲ...

certain condition cube said...

ကဗျာလေးက နုလွန်းတယ်ဗျာ ---

ရွှန်းမီ said...

:-)
ဟုတ်လား.. ဘာကိုစွန့်လွှတ်တာလဲ..
"အချစ်အတွက်ဆို ဘာမဆို စွန့်လွှတ်မယ်" ဆိုပြီး စွန့်လွှတ်ခွင့် တောင်းတာများလား . . ;-)
နှလုံးသားကို ပိုသုံးတဲ့သူ ဆိုလို့ပါ။
ပျော်ရွှင်ပါစေ..