Tuesday, September 30, 2008

သေတယ်ဆိုတာတဲ့လား


သမီးလေးမွန်လေးက ဒက်ဒီလေးကို တက်ဂ်ထားတယ်တဲ့ ရေးပေးပါတဲ့။ သူမရေးခင်ကထဲကလဲ ဂျီတော့ပေါ်မှာ ဂျီကျသွားတယ် ရေးရမယ်တဲ့ သိချင်တယ်တဲ့။ သေခါနီး ၁၀ ရက်အလိုကို သိနေတဲ့ အချိန်မှာ ဘာတွေလုပ်မလဲဆိုတာကို ရေးပေးပါတဲ့။ သူကပြောတော့ အေးပါဆိုပြီးပဲ ပြောခဲ့တယ် တကယ်ရေးဖို့ အချိန်ရောက်တော့ ကျွန်တော်က မအားပြန်ဘူး။ ဒါနဲ့ ဟိုလှည့်ဒီလှည့်ပဲ။ အခုတော့ ရေးပေးလိုက်ပါတယ် သမီးလေးလဲ သူသိချင်တာ သိရတာပေါ့။ ဒက်ဒီလေးဘာလုပ်မလဲဆိုတာ သိချင်တဲ့ သမီးလေးအတွက်ပါ။ တကယ်တော့ သမီးရေ ဒက်ဒီလေးက တစ်ခါသေခဲ့ဖူးပြီပဲကွယ် သေရွာကနေ တခါပြန်လာခဲ့ဖူးပါပြီ။ သမီးလေး ပြောတဲ့ ခေါင်းစဉ်နဲ့ နည်းနည်းများကွဲလွဲမလား ဒါပေမယ့် နီးစပ်မှုတစ်ခုတော့ ရမှာပါ။ ပြောပြမယ်သမီးရေ နားထောင်နော်။

သေတယ်။ ဆုံးသွားတယ်။ ကွယ်လွန်တယ်။ ကံကုန်တယ် စသည်ဖြင့် အမျိုးမျိုး အဓိပ္ပါယ်တွေ ဖွင့်ကြတယ်။ ဒက်ဒီလေးလဲ အဲဒါကို သေချာလိုက်တွေးဖူးတယ် ဘာလဲဟပေါ့။ ဒါပေမယ့် နောက်ဆုံး အကြိုက်ဆုံး စကားလုံးကို ရှာတွေ့သွားတယ်။ ကျေးဇူးရှင်မန်လည်ဆရာတော်ကြီး အဓိပ္ပါယ်ဖွင့်သွားတဲ့ စကား။ သေတယ်ဆိုတာ ဒီဘဝမှာ နောက်စိတ်မဖြစ်တာတဲ့။ ကောင်းလိုက်တဲ့ စကား။ အမှန်ပဲ သေခြင်းရဲ့ တစ်ဘက်ကမ်းကို ဒက်ဒီလေး မစဉ်းစားတော့ဘူး။ သေတယ်ဆိုတာ ဘာလဲ မမေးတော့ဘူး။ သိချင်စိတ်လဲ ကုန်သွားတယ်။ ငယ်ငယ်ထဲက ဒက်ဒီလေးက အဖွားကိုလဲ မေးဖူးတယ် တော်တော်များများကိုလဲ မေးဖူးတယ် အဲဒီ့သေတယ်ဆိုတာကြီးကိုပေါ့။ အဖြေက တခါမှကျေနပ်အောင် မတွေ့ခဲ့ဖူး မန်လည်ဆရာတော် ဟောတာ ဖတ်ရမှပဲ ရှင်းသွားတော့တယ်။ ဒါပဲလေ။ သေတယ်ဆိုတာ ဒါပဲ။

သမီးရေ သမီးကတော့ သေမယ်ဆိုတဲ့ အချိန်ကို ပြင်ဆင်ပုံလေးရေးတယ်။ ဒက်ဒီလေးအတွက်ကတော့ ဘာမှ မထူးခြားလို့ မပြင်ဆင်တော့ပါဘူး။ နေ့တိုင်း အချိန်တိုင်းမှာ လူ့လောကကို နှုတ်ဆက်သွားနိုင်တာပဲကိုး။ ဒီစိတ်ရဲ့ နောက်ဆုံးအချိန်ကို ဒက်ဒီလေးတို့ မသိနိုင်ဘူးလေ။ ဒါပေမယ့် သိရမယ်ဆိုရင်လဲ ဒက်ဒီလေးကတော့ မပြင်ဆင်တော့ပါဘူးကွယ်။ ကြိုးစားပြီး လုပ်မှာလေးတွေတော့ ရှိတာပေါ့ သမီးရယ်။ သမီးရယ် လူတစ်ယောက်သေလို့ အဲဒီ့လူအတွက် ငိုမယ့်လူတွေကို ဒက်ဒီလေးတော့ သနားမိတယ်။ ဒက်ဒီလေးသေရင်တော့ မငိုစေ့ချင်ဘူး။ ဒါက သဘာဝပဲလေ။ ဒါပေမယ့်လဲ တားမရပါဘူး ငိုမယ့်လူက ငိုမှာပါပဲ။ ကိုယ်တိုင်တောင် ကိုယ်ချစ်တဲ့လူ ခင်တဲ့လူ သေရင်ငိုဦးမှာပဲကိုး။ တရားနဲ့ဖြေဆိုပေမယ့် ဖြေနိုင်မယ်မထင်ပါဘူး။ အနည်းအကျဉ်းပဲ ရမှာပေါ့။ ကိုယ်က အရိယာပုဂ္ဂိုလ်မှ မဟုတ်တာပဲ။ တတ်နိုင်သလောက်တော့ ထိန်းရမှာပေါ့။ တရားနဲ့ ဖြေတယ်ဆိုတာထက် ဒါဟာ နိယာမတစ်ခုဆိုတာကို လက်ခံဖို့ ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ သူလဲ သေသလို ကိုယ်လဲ သေနိုင်တာပဲလေ။ အခုတခြားတစ်ယောက်သေလို့ ငိုနေရင်း ကိုယ်တိုင်ပါသေသွားနိုင်တယ်။ မထူးဆန်းဘူး သမီးရယ်။

သမီးကို ပြောပြရဦးမယ် အခု သမီးလေး သိတဲ့ ဒက်ဒီလေးက တခါတုန်းက လွန်ခဲ့တဲ့ ၉ နှစ်လောက်တုန်းက တစ်ခါသေခဲ့ဖူးတယ်ဆိုတာကိုပဲ။ အဲဒီ့တုန်းကလေ ညနေပိုင်းတစ်ခုမှာပေါ့ လူငယ်လေးတစ်ယောက် ဆေးရုံကို သတိလုံးဝမရှိတော့ပဲ ရောက်ခဲ့တယ်တဲ့။ အသက်ကြီးကြီး လူကြီးတစ်ယောက်က သူ့သားလေးကို ကယ်ပါဦးဆိုပြီး ဆေးရုံကို ပြောဆိုတောင်းပန်ပြီး အတင်းကို ကုခိုင်းတာတဲ့။ ရဲတွေရော လူတွေရော ဆရာဝန် ဆရာမတွေရော အကုန်လုံး ရှုပ်ရှက်ခက်ကုန်တယ်တဲ့။ နာရီဝက်လောက် စောရောက်တဲ့ အတွက် ခင်ဗျားသား အသက်ကယ်လို့ရတယ်လို့ ဆရာဝန်ကြီးတွေက ပြောတယ်တဲ့။ ဒါပေမယ့် ကောင်လေးက ၂ ရက်လောက်တော့ သတိရတစ်ချက် မရတစ်ချက်ပါပဲ။ အဲဒီ့ကောင်လေး ဘာလို့ဆေးရုံရောက်လဲ သိလားသမီး။ အဲဒီ့ကောင်လေးက လောကကြီးမှာ လုပ်စရာကုန်ပြီ စိတ်ညစ်စရာပဲ ဘာညာဆိုပြီး အကြောင်းပြချက်တွေနဲ့ သူ့ကိုယ်သူ သတ်သေတာလေ။ ဆေးတွေကို တရားလွန်သောက်ပြီး ငြင်ငြင်သာသာ သေမယ့်လမ်းကို ရွေးတာတဲ့သမီးရေ။ ဘယ်လောက်များ မိုက်လုံးကြီးသလဲ စဉ်းစားကြည့်စမ်းပါဦး။ အရှုံးပေးတာလေ ဒါအရှုံးပေးတာပေါ့။ သူ့ထက်မိုက်တဲ့ကောင်တောင် သူ့လောက်မမိုက်ဘူး သမီးရေ။ အဲဒီ့ကောင်လေးက သူ့ကိုယ်သူ သေကြောင်းကြံခဲ့တဲ့ အချိန်မှာ အိပ်ယာလေးပေါ်မှာ အိပ်နေရင်း ဘေးက သူငယ်ချင်းက မုန့်စားဖို့ လာအနှိုးမှာမှ လုံးဝသတိမလည်တော့လို့ အိမ်မှာ အော်ဟစ် အကူအညီတောင်းပေးရတာတဲ့ သမီးရေ။ ပါးစပ်မှာလဲ အမြှုပ်တွေထနေပြီတဲ့။ အဖေလုပ်တဲ့လူက သားကြီး သားရေလို့ အော်ပြီး ကားပေါ်ကို ပွေ့တင် ကားကို တရကြမ်းမောင်းပြီး ဆေးရုံကို ပြေးခဲ့ရတာ။ အဲဒီ့ကောင်လေးရဲ့ သူငယ်ချင်းသာ မတွေ့ခဲ့ရင် အဲဒီ့ကောင်လေး သေချာတယ် သေပြီလေ။ အဲဒီ့ မိုက်လုံးကြီးတဲ့ လောကကို အရှုံးပေးခဲ့တဲ့ ကောင်လေးက အခုသမီးလေး ခင်တဲ့ ချစ်တဲ့ ဒက်ဒီလေးပေါ့။

အဲဒီ့အချိန်ကစပြီး ဒက်ဒီလေးဟာ လူ့လောကထဲကို လူအသစ်တစ်ယောက် အနေနဲ့ ပြန်ရောက်လာတာပါ သမီးရေ။ ဒက်ဒီလေး ဆေးရုံမှာ သတိရတဲ့ အချိန်မှာ ဘေးမှာ အဖွားက အိပ်လို့ နပ်စ်မလေးက သွေးပေါင်တွေ တိုင်းပေးလို့ တစ်ခန်းလုံး တိတ်နေတာပဲ။ ဒက်ဒီလေး သတိရလို့ တစ်ချက်လူးလိုက်တော့ အဖွားက ချက်ခြင်းနိုးလာပြီးတော့ သားကြီးတဲ့ မျက်လုံးမှာလဲ မျက်ရည်တွေ ပြည့်လို့။ ဒက်ဒီလေးက စကားတောင် သေချာ မပြောနိုင်သေးဘူး ခေါင်းပဲ ညိတ်ပြနိုင်တယ်။ ဒက်ဒီလေး အမေရောက်လာတော့ နင်တော့လား တော်တော်လေး ဒုက္ခပေးတဲ့ကောင်ဆိုပြီး ပြောရင်းငို အဖေကတော့ အမေ့ကို မင်းတော်တော့ သွားစမ်း သားနေကောင်းအောင်နေ ဒါပဲပြောတယ်။ ဒါပေမယ့် သူတို့တွေ အားလုံးအတွက် သူတို့ ထင်တားတာထက် ထူးဆန်းတဲ့ သားတစ်ယောက် လောကကြီးထဲကို ပြန်ရောက်လာတာကိုတော့ အခုချိန်မှာ အဖေရော အမေပါ ကျေနပ်နေကြပါပြီ။ အဲဒီ့ အချိန်မှာ ဒက်ဒီလေး မျောနေတယ်လို့ ပြောရမလား။ သူများတွေလိုတော့ ဟိုရောက်ဒီရောက်တွေ မမှတ်မိဘူး။ မှတ်မိတာ တစ်ခုက ကိုယ့်ကိုကိုယ်သတ်သေတဲ့ အချိန်က စိတ်က တစ်ခု ပြန်ပြီး သတိရလာတဲ့ အချိန်မှာ ဖြစ်လာတဲ့ စိတ်က တစ်ခုဆိုတာ သေချာသွားတယ်။ အပြောင်းလဲကြီး ပြောင်းလဲသွားတယ်။ လူ့လောကထဲကို ပြန်ရောက်တဲ့ အချိန်မှာ ပထမဆုံး ကိုယ့်ဘာသာပြန်ပြောမိတာက ငါအသက်ရှင်တာ ငါ့အတွက်တင်မဟုတ်ဘူး ငါဟာ အရှုံးပေးတတ်တဲ့သူ မဟုတ်ဘူး လောကမှာ ငါလိုချင်တာကို ငါရအောင်လုပ်မယ် ဒါတော့ စိတ်ထဲမှာ အကြိမ်ကြိမ်ပြောဖြစ်တယ်။ အစကဆို လူမှုရေးကို သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး အခုလဲ သိပ်စိတ်ဝင်စားတယ်တော့ မဟုတ်ဘူး။ ဒါပေမယ့် လူပီသအောင်တော့ နေတတ်နေပြီထင်တာပဲ။ အဲဒီ့နောက်ပိုင်း သိလာတာကတော့ သိစိတ်နဲ့ မသိစိတ်ရဲ့ Crisis တွေပါပဲ။

တကယ်လဲ အခုချိန်ထိ အဲဒီ့နှစ်ခုပြိုင်နေတာကို ထိုင်ကြည့်နေမိတယ်။ သိစိတ်ကိုတော့ Angel လို့ ခေါ်ပြီး မသိစိတ်ကိုတော့ Devil လို့ ပေးထားတယ်။ တခါတလေမှာ Angel က Devil ကို မလှန်နိုင်တာရှိသလို တခါတလေမှာလဲ Devil က Angel ကို အနိုင်မရပါဘူး။ ဒါပေမယ့် ကိစ္စအားလုံးအတွက် သူတို့က ပြိုင်နေကြတာပါပဲ။ ဆုံးဖြတ်ချက်တိုက်ပွဲပေါ့ သမီးရယ်။ သူတို့ နှစ်ယောက်က စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ ပူးပေါင်းမိပြီဆိုရင်လဲ ဘယ်အရာကမှ တားလို့ မရဘူး။ အရင်က သူတို့ ရန်ဖြစ်နေတာကို ကြည့်နေပြီး တည့်မှ တည့်ပါ့မလားလို့ တွေးမိတယ်။ တကယ်တော့ သူတို့ကို အကောင်းဆုံး ပေါင်းစပ်ပေးနိုင်ရင် အဖြေလေးတွေက ကျေနပ်အံ့သြစရာဆိုတာ သိလာပါတယ်။ Angel ကတော့ တည်ငြိမ်သလို ရှိပေမယ့် Devil ကတော့ အမြဲတမ်း လှုပ်ရှားနေလေရဲ့ Devil ရဲ့ လှုပ်ရှားမှုက တခါတခါ ကိုယ်တောင် မသိလိုက်ရဘူး သမီးရေ။ ဘွားကနဲပေါ်လာတတ်တယ်။ တခါတလေ Angel က သူတော်ကောင်းယောင်ဆောင်တတ်တယ် ဒါပေမယ့် Devil ကတော့ အဲဒါကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောချလိုက်ပြန်ရော အဲဒီ့ကျတော့ ထငြိပြန်ရော။ အခုတော့ သူတို့ တည့်နေလေရဲ့။ နေ့တိုင်းရန်ဖြစ်သလို နေ့တိုင်းလဲ တည့်တည့်ရှုရှုနေတတ်ပါတယ်။ ဒက်ဒီလေးကတော့ အဲဒီ့ အကောင်လေးတွေကို လိုက်ဖမ်းရင်း သေခြင်းတရားကို သူတို့နှစ်ယောက် ရင်ဆိုင်ပုံလေးတွေကို သတိထားလိုက်မိတယ်။

အစကတော့ သေတော့မယ်ဆိုရင် ဆိုပြီးတွေးကြည့်ပေမယ့် ကိုယ်က တကယ်ဖြစ်ခဲ့ဖူးပြီဆိုတော့ မထူးတော့ပါဘူးကွာဆိုတာ ဖြစ်သွားရော။ အဲဒီ့တော့ ဒက်ဒီလေးက ဘာမှ မပြင်ဆင်တော့ဘူး။ ခုနက ဒက်ဒီလေးရဲ့ Angel လေးနဲ့ Devil လေးကိုပဲ တစ်ယောက်တစ်လှည့်စီ တိုက်နေတာကို ပိုပြီး အချိန်ပေးပြီး စောင့်ကြည့်တော့မယ် သမီးရေ။ အခုလဲ အဲဒီ့လိုပဲ နေတော့တယ်။ ဆိုတော့ကား ထူးပြီး ပြင်စရာ မရှိဘူးပေါ့ သမီးရယ်။ ဒက်ဒီလေးပို့စ်က သမီးလေး ရေးခိုင်းတာနဲ့ လွဲသွားတော့ စိတ်များဆိုးမလားမသိ။ ဒါပေမယ့်လဲ သမီးရယ် လောကမှာ သိစိတ်နဲ့ မသိစိတ်ကို မှတ်တာ အထိ အတွေ့ အနံ့ အရသာ အို အကုန်ပါပဲ မှတ်နေရတာပဲ မဟုတ်လား။ ကိုယ်ဒါလုပ်လို့ ငါဒါလုပ်နေတာပါလား ဆိုတာလေး သိရင် ပြည့်စုံပါတယ် သမီးရယ်။ သေမယ်ဆိုရင်လဲ ငါအသက်ရှုနေလား ရပ်သွားလားဆိုတာလေးပဲ နောက်ဆုံး အချိန်ထိ နှလုံးလေးသွင်းပြီး သေလိုက်ချင်ပါတယ်။ ဝင်လေ ထွက်လေကို မမှတ်နိုင်ရင်တောင် ထိတယ် သိတယ် ဒီလောက်တော့ မှတ်နေရင်း သေသွားချင်ပါတယ်။ ဘာမှ မသိပဲနဲ့ ရုတ်တရက် ငါသေတော့မှာပါလားဆိုတာတော့ အဖြစ်မခံချင်ဘူး။ အဲဒီ့တော့ ဆယ်ရက်လဲ ဒက်ဒီလေးအတွက်က တူတူပဲ ဆယ်မိနစ်လဲ တူတူပဲ ဘာမှ မထူးလို့ ပြင်ဆင်မယ့် အကြောင်း မရေးဖြစ်တာနော်။ ခုနက ပြောပြထားတာတွေကတော့ နေ့တိုင်း အချိန်တိုင်း ပြင်ဆင်နေတဲ့ အရာတွေပါပဲ သမီးလေးရေ။ မန်လည်ဆရာတော်ဘုရား ဟောသလိုပါပဲ သေတယ်ဆိုတာ ဒီဘဝမှာ နောက်စိတ်မဖြစ်တာပါ။

10 comments:

စိုးထက် - Soe Htet ! said...

သေတယ်ဆိုတာ ဒီဘဝမှာ နောက်စိတ် မဖြစ်တာတဲ့။

ကျွန်တော် ဘလော့ မှာ မသေသေးဘူး ... လာလာ ဖတ်ပြီး ရေးဖြစ်နေသေးလို့ ... :P

mgthonnya said...

ကောင်းတယ်ဗျာ....ကျောင်းကရောက်ရောက်ခြင်းဝင်ကြည့်
လိုက်တာ အကျိုးရှိသွားတယ်။

သေတယ်ဆိုတာ ဒီဘဝမှာ နောက်စိတ် မဖြစ်တာ။
Angel နဲ့ Devil ကိုယှဉ်ပြထားတာလေးတွေကိုသဘောကျတယ် :)

ရွှန်းမီ said...

ကိုယ့်ကိုကိုယ်သတ်သေတဲ့ အချိန်မှာ ရှိခဲ့တဲ့ စိတ်က တစ်ခု၊ ပြန်ပြီး သတိရလာတဲ့ အချိန်မှာ ဖြစ်လာတဲ့ စိတ်က တစ်ခုဆိုတာ သေချာပါတယ်။ နောက်ပိုင်း စိတ်ပြောင်းလဲပုံကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး ထင်ပါတယ်။ မလုပ်ခဲ့ရင်တော့ အကောင်းဆုံးပါပဲ။
သတ္တိရှိရှိ ရည်မှန်းချက် အပြည့်နဲ့ ဆက်လျှောက်ချင်တဲ့ ကိုဇီးရိုး ဘ၀ရည်မှန်းချက် ပြည့်ပါစေ။

kay said...

ဒယ်ဒီလေးရယ်- တကယ်သေဖူးတာပဲ။ အင်း..စိတ်ဝင်စားစရာ အကောင်းဆုံး.. ၁၀ ရက်အလို ပို့စ်ပါလား။
သိစိတ် နဲ့မသိစိတ်က..ကိုယ့်ကို ခြယ်လှယ်နေတယ် ဆိုတာ..အမှန်ပါပဲ။ ဒယ်ဒီလေး ပြောသလို..ဒီအတိုင်းလေး ထိုင်ကြည့်နေဖို့ပဲ။ အဲဒါ စီးဖြန်း ခြင်း တမျိုးလား တော့မသိ။

ခင်မင်လျက်-

မွန် said...

ရေးဖို့က ရှိပြီးသားလို့ ဒက်ဒီလေးက ပြောတုန်းက ဒီလိုလေးလို့မထင်ခဲ့ဘူး တွေ့တိုင်းဆုံးမစကားပြောတတ်တဲ့ သင်ကြားပေးတတ်တဲ့ မွန့်ရဲ့ဒက်ဒီလေး ဒီလိုဘလော့ပေါ်မှာ မွန့်အတွက်စာတစ်ပုဒ်ရေးပြီး စကားတွေပြောလိမ့်မယ်ဆိုတဲ့အထိ မမျှော်လင့်ထားတဲ့အတွက် ဒီစာလေးကိုဖတ်ပြီး ပီတိဖြစ်လိုက်တာ မွန့်အတွက်အတွေ့အကြုံနဲ့ အတွေးအမြင်တွေ ပေးခဲ့တာ အများကြီး ဘဝထဲကလာတဲ့ ဒီစကားတွေက အနူးညံ့ဆုံး အလေးနက်ဆုံး နဲ့ အရင့်ကျက်ဆုံးပါ ဒက်ဒီလေးနဲ့စကားတစ်ခါပြောပြီးရင် မွန့်အတွေးတွေ တစ်ခါပြောင်းသွားရသလိုပဲ ဟုတ်တယ် ဆယ်ရက်လား ဆယ်မိနစ်လား အတူတူပါပဲ အသိလေးနဲ့ သေခြင်းရဖို့တောင် ခက်လိုက်တာ မွန်က သေဖို့ပြင်ဆင်နေသေးတယ် ဟုတ်နိုင်ပါ့မလား သေတယ်ဆိုတာ ဒီဘဝမှာနောက်စိတ်မဖြစ်တာ မန်လည်ဆရာတောင်ဘုရားရဲ့ ဟောကြားချက်လေး ပြီးတော့ မွန့်အတွက်တန်ဖိုးရှိတဲ့အတွေးလေးတွေ ဘလော့ထဲကကောက်ရခဲ့တဲ့ သမီးလေးကို အရမ်းဂရုစိုက်တဲ့ မွန့်ရဲ့ဒက်ဒီလေး မွန်တော်တော်ကံကောင်းတယ်ဆိုတာ ဒီစာလေးဖတ်ပြီး တွေးမိလို့ ကြည်နူးရင်း ဝမ်းသာရင်း ဒက်ဒီလေးကို ကျေးဇူးးးးးးးးးးးးးးးးးးး

ဘလူးဖီးနစ် said...

ကျေးဇူးပဲဗျာ။ စဉ်းစားစရာလေးတွေ ရသွားတယ်။

မောင်ပိစိ said...

အော် အကိုရယ် ရေးတုန်းကတော့ ခဲတံနဲ့ အိပ်ယာပေါ်မှာပါ ၃၀ဟုတ်သေးဘူး ခွိခွိ ဒီလိုပဲ ချစ်ကိုကြီးကို ကြော်ငြာချင်လို့ တမင် ကွန့်ထားတာ :D
ဘာပဲပြောပြော သေနဲ့အုံးနော် ဟိုဟာ ၅၀၀ သေချာမှလုပ် :P

Han Thit Nyeim said...

ရှင်သန်တယ်ဆိုကတည်းက သေဆုံးဖို့ဖြစ်လာတာပါ။

RePublic said...

မင်္ဂလာပါဗျာ ၊၊ သေခြင်းတရားကိုရေးပြထားတာလေးကောင်းတယ်ဗျာ (ကို)zerotrash ၊၊

wai lin tun said...

မန်လည်ဆရာတော် အဆုံးအမကို မှတ်သွားပါတယ်။ တခွန်းကြားဖူး သူ့ကျေးဇူးပါပဲဗျာ။