Thursday, June 5, 2008

တမာတကောသွားတောလား


မနက် ၃ နာရီခွဲကထဲက အိပ်ယာကနေထလိုက်တယ်။ ဘဝမှာ အမှန်အတိုင်းပြောရရင် အဲဒီ့လောက် အစောကြီးထတဲ့ရက် အတော်ရှားပါတယ်။ ကျွန်တော်က သိပ်ကို အအိပ်မက်တဲ့ကောင်ကိုး။ အိပ်ရေးပျက်သိပ် မခံနိုင်ဘူး။ ဒါပေမယ့် ခုတော့ ထဖြစ်အောင်ထပါတယ်။ လူက အိပ်ရေးမဝတော့ နေရတာတမျိုးကြီးပဲ။ အိပ်ယာက နိုးနိုးခြင်း တဘက်ခန်းမှာ အိပ်နေတဲ့ သူကြီးကို သွားနှိုးလိုက်တယ်။ သူကြီးဆိုတာ ကျွန်တော့်ဘော်ဒါပါ။ ဟေ့ကောင်ထ မနက် ၃ နာရီခွဲပြီဆိုပြီး နှိုးလိုက်တယ်။ သူလည်း အင်း အား အဲဆိုပြီး ထလာတယ်။ ခနနေတော့ နှစ်ယောက်သား ကော်ဖီသောက် ဆေးလိပ်သောက်ရင်း စကားထိုင်ပြောနေလိုက်တယ်။ ရေချိုး အဝတ်အစားလဲပြီး ယူသွားမယ့် စာရင်းကို ပြန်စစ်တယ်။ မနေ့ညကထဲက ယူသွားမယ့် စာရင်းကို ကျွန်တော်တို့ ပြင်ဆင်ပြီးသားပါ။ ပိုပြီးသေချာအောင် ထပ်ပြီး စစ်ဆေးလိုက်တဲ့သဘောပေါ့။ ၄ နာရီထိုးလောက်ဆိုရင် ကျွန်တော့်ဦးလေးလာကြိုတော့မှာကိုး။ မနက် ၄ နာရီထိုးခါနီးလောက်မှာ ကျွန်တော့်ဦးလေး ရောက်လာပါတယ်။ သွားမယ် အဆင်သင့်ဖြစ်ပြီလားတဲ့။ ကျွန်တော်တို့လည်း ဟုတ်ကဲ့ ပြီးပြီ ဒိုးကြတာပေါ့ ဆိုပြီး ပစ္စည်းတွေကို ကားပေါ်တင်လိုက်ကြတယ်။ ပစ္စည်းလည်းစုံပြီ သွားဖို့လည်း အဆင်သင့်ဖြစ်ပြီဆိုတော့ ကျွန်တော်တို့တွေ ပါရမီမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ကားမောင်းထွက်ခဲ့ကြတယ်။ ဟုတ်တယ် အဲဒီ့မှာ ကျွန်တော်တို့ ဆရာတော်ကို သွားကြိုရမှာလေ။

ကျောင်းကို ရောက်တော့ ဆရာတော် စကြံင်္လျှောက်နေတာ ဖူးလိုက်ရတယ်။ ပြီးတော့ ဆရာတော်ကို တပည့်တော်တို့ အဆင်သင့်ပါပဲ ဘုရား သွားလို့ရပါပြီလို့ လျှောက်ပြီး ကားပေါ်ကို ပင့်လိုက်ကြတယ်။ နောက်ထပ် ကမ္ဘာအေးဘုရားနားက ပရိယတ္တိသာသနာ့တက္ကသိုလ်ကို ကားမောင်းထွက်ခဲ့ကြတယ်။ အဲဒီ့မှာ နောက်ထပ်လိုက်မယ့် ဆရာတော် ၃ ပါးကို သွားပင့်ရအုံးမှာလေ။ ပရိယတ္တိတက္ကသိုလ်ရောက်တော့ ဘုန်းကြီးတွေအားလုံး အသင့်စောင့်နေကြတယ်။ ပစ္စည်းတွေထပ်တင်ပြီး ကားပေါ်မှပါတဲ့ စာရင်းကို စစ်တော့ ကားက Over weight ဖြစ်နေပြီ။ ဒီတော့ နောက်ထပ်တစ်စီး ထပ်လိုလာတယ်။ ကံကောင်းချင်တော့ ကားပေါ်မှာပါတဲ့ အကိုတစ်ယောက်က သူ့ကားကို ပြန်ယူမယ်တဲ့။ အိုကေပေါ့။ ကားသွားယူလိုက်တယ်။ ပြီးတော့ ဆရာတော် ၄ ပါးအပါအဝင် စုစုပေါင်း ၉ ယောက် ခရီးစတင်ထွက်ခဲ့ကြတယ်။ ကျွန်တော်တို့ ဦးတည်ချက်ကတော့ ကွမ်းခြံကုန်းကနေ စက်လှေစီးပြီးသွား ရတဲ့ တမာတကော ကျေးရွာကိုပါ။ ဆရာတော်တွေကိုယ်တိုင် အပင်ပန်းခံပြီး လိုက်ပါလာတဲ့ ဒီခရီးကို ကျွန်တော်တို့တွေ တက်တက်ကြွကြွနဲ့ သွားခဲ့ကြပါတယ်။ ဆရာတော်တွေမှာ အာရုံဆွမ်းတောင် ဘုန်းပေးဖို့ အချိန်မရှိလို့ လမ်းမှာပဲ အဆင်ပြေအောင် ကပ်လှူဖို့ ကျွန်တော့်မှာ စီစဉ်ရပါသေးတယ်။

မနက် ၅ နာရီခွဲကျော်ကျော်မှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွါလာခဲ့ကြပါတယ်။ ဘုန်းကြီးတွေရဲ့ အာရုံဆွမ်းကတော့ ဘယ်ဆိုင်မှာမှ မရပ်ဖြစ်တာကြောင့် ကားပေါ်မှာပဲ ဘုန်းပေးလိုက်ကြရပါတယ်။ လမ်းတစ်လျှောက် အပျက်အစီး အယိုအယွင်းတွေကို ကြည့်ပြီး ကျွန်တော် စိတ်ထဲမှာ ဟိုရောက်ရင် ဘယ်လောက်များ ဖြစ်နေကြမလဲဆိုတာ စိတ်ကပူပန်လာပါတယ်။ လမ်းတစ်လျှောက်သွားနေရင်း တနေရာရောက်တော့ ရှေ့က ဆရာတော်တွေ စီးလာတဲ့ ကားရပ်သွားလို့ လိုက်ရပ်လိုက်ပါတယ်။ ဘာများ ဖြစ်သလဲပေါ့။ ပြီးမှ သိလိုက်တယ် ဆရာတော်က လမ်းဘေးမှာ ထိုင်နေတဲ့ အဘွားကြီးကို နေ့ဆွမ်းအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ ထည့်လာတဲ့ ထမင်းဗူးထဲက တစ်ဗူးပေးခိုင်းလိုက်တာ။ ဟုတ်ပါရဲ့ အဘွားအိုခမျာ ဗိုက်တွေဆာလွန်းလို့ ထင်ပါတယ် ချက်ခြင်းကို ဖွင့်စားနေတာကို ဂရုဏာသက်စွာ တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ကားမောင်းလာတာ ၂ နာရီ ခွဲသာသာလောက်ရှိတော့ ကျွန်တော်တို့တွေ ကွမ်းခြံကုန်းကို ရောက်ခဲ့ကြတယ်။ ကွမ်းခြံကုန်းရောက်တဲ့ အချိန်က ၈ နာရီလောက် ရှိပါပြီ။ ဦးဇင်း ၂ ပါးက တမာတကောရွာကို သွားဖို့ ပဲ့ထောင်သွားရှာပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီ့နားက လက်ဘက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ ကိုယ်တော်တွေကို သက်တောင့်သက်သာ နေနိုင်အောင် စီစဉ်ရင်း ကားပေါ်က ပစ္စည်းတွေကို အောက်ကို ချနေပါတယ်။ သိပ်မကြာပါဘူး ပဲ့ထောင်ရလာပါတယ်။ ပစ္စည်းတွေကို လူအားနဲ့ တင်လိုက်ပါတယ်။ ပဲ့ထောင်က ကပ်တဲ့နေရာက ဆင်းရတာ မသက်သာပါဘူး ချော်နေပါတယ်။ အမှိုက်တွေနဲ့လဲ နီးတော့ နံလဲနံပါတယ်။ ဆရာတော်တွေကို တော်တော်အားနာမိပါတယ်။

\ားလုံးပဲ့ထောင်ပေါ်ရောက်တော့ ပဲ့ထောင်စထွက်ဖို့ ကြိုးစားပါတယ်။ ဖြစ်ချင်တော့ တံတားအောက်က ဘောင်တွေနဲ့ ငြိနေလို့ ထွက်မရဘူးဖြစ်နေတယ်။ အဲဒီ့မှာ ကျွန်တော့်ဘော်ဒါ သူကြီးက ဟိုဘက်က ပဲ့ထောင်ကို တွန်းထုတ်ပြီး လွတ်အောင်ကြံနေပါတယ်။ ရေထဲ ပြုတ်ကျမယ်နော်လို့ အော်သံတောင် မဆုံးလိုက်ပါဘူး သူကြီး ဘွမ်းကနဲ ရေထဲ ကျသွားပါတယ်။ ကျွန်တော်သူ့ကို ပြေးပြီး အပေါ်ကို ဆွဲတင်လိုက်တယ်။ ဒီကောင် သူ့ဘာသာတက်တာ ချော်နေလို့ ရေက မနက်ပေမယ့် အောက်မှာ အဆူးတွေ ငုတ်တွေ ရှိနေနိုင်လို့ စိုးရိမ်မိပါတယ်။ ဒီကောင် အပေါ်ရောက်တော့ အားလုံး ရယ်ကြမောကြ စကြနောက်ကြနဲ့ပေါ့။ ကင်မရာ အဆင်သင့်မဖြစ်လို့ သူပြုတ်ကျတာကို မရိုက်လိုက်ရဘူး။ တကိုယ်လုံးရွှဲသွားပြီ ခရီးကခုမှ တဝက်ပဲရောက်သေးတာဆိုတော့ ဒီကောင်ဖျားမှာဆိုးလို့ အဝတ်အစားလဲခိုင်းရသေးတယ်။ အဝတ်အစား အပိုပါမလာဘူး ဒါပေမယ့် လှူမယ့်ထဲက တစ်စုံ ထုတ်ပေးလိုက်ရတယ်။ အင်း သူများမလှူခင် မင့်အရင်လှူရတာပေါ့လို့ ပြောပြီး နှစ်ယောက်သား ရယ်မိပါသေးတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ရေလမ်းခရီးစခဲ့တယ်။

လမ်းတစ်လျှောက် ပဲ့ထောင်ကလူး ရေထဲမှာ မျောနေတဲ့ ကျွဲသေတွေကို ဓါတ်ပုံရိုက် ကိုယ့်ကိုကိုယ် ဟန်ချက်ညီအောင် မတ်တတ်ရပ်နဲ့ ကျွန်တော် အလုပ်တော်တော်ရှုပ်သွားတယ်။ မြစ်ဝကျယ်ကြီးကို ဖြတ်ပြီးတော့ တမာတကောကိုဝင်တဲ့ ချောင်းထဲရောက်တော့ လှေသမားက ကျွန်တော့်ကို ထိုင်ခိုင်းတယ် ရှေ့ကို မမြင်ရမှာစိုးလို့တဲ့ ဒါနဲ့ အသာထိုင်နေလိုက်တယ်။ ထိုင်ရင်းနဲ့ပဲ မှတ်တမ်း ဓါတ်ပုံလေးတွေ ရိုက်ဖြစ်တယ်။ ဆရာတော်တွေကိုလဲ အားနာမိတယ် ပင်ပန်းကြမှာပဲလို့ တွေးမိတယ်။ တော်သေးတယ် မိုးက အုံ့နေတော့ နေသိပ်မပူလို့။ နေသာပူရင် ပဲ့ထောင်က အမိုးအကာမပါဘူး။ တော်တော်ခံရခက်နိုင်တယ်။ ပဲ့ထောင်ကို ၂ နာရီလောက်စီးပြီးတဲ့ အချိန်မှာတော့ တမာတကောရွာနားကို ရောက်လာတယ် နာရီကလည်း ၁၀ နာရီခွဲကျော်နေပြီ ၁၁ ထိုးတော့မယ် ဆရာတော်တွေကို နေ့ဆွမ်းကပ်ဖို့ စီစဉ်ရမယ်။ ရွာနားမရောက်ခင်နားက ကမ်းပေါ်မှာ မိသားစု တစ်စုကိုတွေ့လိုက်တော့ အဲဒီ့နားမှာ ရပ်လိုက်တယ် တဲလို့ ခေါ်လို့ရမယ့် အဆောက်အဦးလေး ရှိတော့ အဲဒီ့မှာပဲ နေ့ဆွမ်းကပ်ဖို့ စီစဉ်လိုက်တယ်။ တဲပိုင်ရှင် ယောက်ျား ၂ ယောက်နဲ့ ကလေးငယ်လေး ၂ ယောက်ပဲ ရှိတယ်။ သူတို့ကလည်း ဘုန်းကြီးတွေကြွလာတော့ အားတက်သရော သူတို့ရဲ့ တဲလေးထဲကို ဖိတ်ခေါ်ကြတယ်။ ပြီးတော့ ကျွန်တော်တို့တွေကို နေရာထိုင်ခင်းလေး စီစဉ်ပေးကြရှာတယ်။ ရွာရောက်ခါနီးပြီဆိုတော့ ရွာအကြောင်းသူတို့ကိုပဲ တီးခေါက်မေးကြည့်ရတာပေါ့။ သူတို့ ညီအကိုနှစ်ယောက်နဲ့ ကလေးတွေက အခု လယ်ထဲမှာလာနေတာတဲ့။ အသေအပျောက်တော့ အတော်များတယ်တဲ့ ရွာထဲမှာနေတဲ့လူတွေထဲကတော့ သေတာနည်းပြီး လယ်ထဲမှာ နေကြတဲ့သူတွေကတော့ သေတာများတယ်တဲ့။ လူ ၁၀၀ ကျော်သေသွားတယ်တဲ့။ သေတဲ့ထဲမှာ ကလေးတွေလည်းပါတယ်တဲ့။ သူ့သမီးနဲ့သားတောင် ကံကောင်းလို့ မသေတာလို့ ပြောပြတယ်။ သူ့အကို မိသားစုမှာတော့ သူ့အကိုတစ်ယောက်ပဲ ကျန်တယ်လို့ပြောတယ်။ သူတို့ရွာကလူတွေအများစုက ရွာထဲမှာ နေတာမဟုတ်ပဲ ကိုယ့်လယ်ထဲမှာပဲ အိမ်ဆောက်နေကြတာတဲ့။ အဲဒီ့တော့ နာဂစ်လဲဝင်မွှေရော သေကုန်ကြရောလို့ ပြောပြတယ်။ အဲဒီ့ ညီအစ်ကိုနှစ်ယောက်ရဲ့ လယ်ထဲမှာပဲ နေ့ဆွမ်းကပ်လှူခဲ့ကြတယ်။ သူတို့တွေကိုလည်း ပါလာတဲ့ ထမင်းဗူးတွေကို ထုတ်ပြီးကျွေးလိုက်သေးတယ်။ သမီးလေးက ၃ နှစ်ခွဲ၊ သားလေးက ၈ နှစ်အရွယ်ရှိနေတဲ့ အဲဒီ့ မောင်နှမကိုလည်း ထမင်းလည်းကျွေး မုန့်လည်းကျွေး အင်္ကျီတွေလည်း ပေးခဲ့ကြတယ်။ သူတို့ရဲ့ အမေကတော့ ရွာထဲမှာရှိတယ်တဲ့။ နေ့ဆွမ်းဘုန်းပြီးတဲ့ အချိန်မှာ ဆရာတော်က အဲဒီ့မိသားစုကို လှူဒါန်းခဲ့တယ်။ ပိုက်ဆံကို ၂၀၀၀ ကျပ် ပြည့်အောင် တနေ့ကမှ ကိုင်ဖူးတယ်လို့ပြောတယ်။ ကျွန်တော်တို့တွေလည်း သူတို့ကို တတ်နိုင်သလောက်ပေးခဲ့တယ်။ တမာတကောရွာထဲကို ခရီးဆက်မယ်ဆိုတော့ ကလေးနှစ်ယောက်နဲ့ ကလေးတွေရဲ့ အဖေကပါ လိုက်လာခဲ့ပေးတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ရွာကို ဆက်ပြီးထွက်ခဲ့တယ်။

ရွာရောက်ပြီဆိုရင်ပဲ ပါလာတဲ့ ပုဂ္ဂိုလ်က ရွာထဲကလူတွေကိုအော်ခေါ်တာနဲ့ လှေဆိပ်ကိုလူတွေရောက်လာပြီး ပစ္စည်းတွေကို လာတင်ကြတယ်။ ဆရာတော်တွေကိုလည်း လာပြီးပင့်ကြတယ်။ ကျွန်တော်တို့ထဲက ဆရာတော်တပါးက ဒီရွာမှာ ရှိတဲ့ ဦးဇင်းတပါးနဲ့ သူငယ်ချင်းပါ။ သူက ဦးဇင်း ဦးဝိမလ ရှိလားလို့မေးတော့ ရွာသားတွေက ရှိကြောင်းနဲ့ ဦးဇင်းကပဲ အစစအရာရာ စီစဉ်ပေးနေတာ ဖြစ်တယ်ဆိုတာ ပြောပြလို့ ကျွန်တော့်မှာ စိတ်ထဲက ကြိတ်ပြီးဝမ်းသာမိပါသေးတယ်။ အဲဒီ့လိုသာ ဦးစီးဦးဆောင်လုပ်ပေးမယ့်သူ မရှိရင် ပိုခက်ကုန်မယ်လေ။ ကျွန်တော်တို့တွေ ရွာမှာ ကယ်ဆယ်ရေးစခန်း အဖြစ်ယာယီ အသုံးပြုထားတဲ့ ရွာဦးကျောင်းကို ရောက်လာခဲ့တယ်။ ကျောင်းရောက်တော့ ရွာတစ်လျှောက်လုံးလဲ အိမ်တွေပြိုနေတာ ပျက်နေတာ တချို့လဲ ပြန်ပြီး တဲလေးတွေ ဆောက်နေတာတွေ့ရတယ်။ ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းကြီးက ပြိုကျနေတာကို တွေ့ရတော့ စိတ်ထဲ တော်တော်မကောင်းဘူးဖြစ်သွားတယ်။ ပိုဆိုးတာက အဲဒီ့ကျောင်းကြီးဟာ မန္တလေးရွှေကျောင်းလိုပဲ တိုင်လုံးကြီးတွေနဲ့ဆောက်ထားတာ ဖြစ်ပြီး သက်တမ်း ၁၀၀ ကျော်ပြီဆိုတာ သိလိုက်ရတော့ ပိုပြီးနှမျောမိပါတယ်။ သိမ်တစ်ခုနဲ့ ဆွမ်းစားဆောင်လို အဆောင်လေးတစ်ခုသာ ကျန်ခဲ့ပါတယ်။ သိမ်ထဲမှာ ဆရာတော် ဘုရားကြီးရှိတယ်လို့ အဲဒီ့မှာ ဦးဆောင်ပြီး ဆောင်ရွက်ပေးနေတဲ့ ဦးဇင်းဦးဝိမလကပြောတော့ ကျွန်တော်တို့တွေ သွားဖူးလိုက်ပါတယ်။ ဆရာတော်ကြီးက အင်မတန်အေးချမ်းပါတယ်။ မျက်နှာတော်ကလည်း ပြုံးနေပါတယ်။ လာကန်တော့တော့လည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ရှိတဲ့ စားစရာတွေ ချကျွေးနေလို့ အားနာရပါသေးတယ်။ ဆရာတော်ကြီးက မုန်တိုင်းတိုက်တဲ့ အချိန်တုန်းက ပြိုကျသွားတဲ့ ကျောင်းကြီးရဲ့ ဘုရားခန်းမှာ တရားမှတ်နေတာပါ တကယ်တမ်း မုန်တိုင်းတိုက်ပြီး ရေတွေကြီးလာတော့လည်း လာခေါ်မယ့်သူ မရှိပါဘူး ဆရာတော်ကြီးက ဆက်ပြီးတရားမှတ်နေတာပါပဲ။ အံ့သြစရာကောင်းလောက်အောင်ပါပဲ ကျောင်းကြီးသာပြိုကျသွားတယ် ဆရာတော်ကြီးတရားမှတ်နေတဲ့ ဘုရားကျောင်းဆောင်လေး ကွက်ပြီးကျန်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ဦးဇင်းဦးဝိမလကလည်း ရန်ကုန်မှာပဲ ရှိနေတာပါ။ နာဂစ်ကြောင့်ရွာကို ချက်ခြင်းပြန်လာပြီး လုပ်ကိုင်ဆောင်ရွက်ပေးနေတာပါ။

ကျွန်တော်တို့တွေလည်း လှူဒါန်းဖို့ပါလာတာတွေကို ဦးဇင်းကို ပြောပြပြီး အပ်လိုက်ပါတယ်။ ပြီးတော့ ငွေသား သိန်း ၃၀ ကျပ်ကို စာအိတ်တစ်အိတ်မှာ ၁၀၀၀၀ ကျပ်နဲ့ ထည့်လာပြီး အဲဒါတွေကိုတော့ ရွာခံတွေကို ဆရာတော်တွေက ကိုယ်တိုင်လှူဒါန်းပေးပါတယ်။ ဦးဇင်းဦးဝိမလရဲ့ အစီအစဉ်တွေကောင်းမွန်မှုကြောင့် အလှူပေးအပ်ပွဲက စိတ်ချမ်းသာစရာကောင်းလှပါတယ်။ မပေးခင်မှာ ဆရာတော်တွေက မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်ပါတယ်။ ပြီးတော့မှ လေးယောက်တစ်တန်းစီ နာမည်ခေါ်ပြီး လှူဒါန်းပေးခဲ့ပါတယ်။ လူတွေလည်း ပျော်ရွှင်နေကြပါတယ်။ ဦးဇင်းဦးဝိမလကတော့ စာရင်းမှာပါတာ ခေါ်ပေးလိုက် ရွာသားတွေကို ထိန်းလိုက်နဲ့ အလုပ်တော်တော်များသွားပါတယ်။ ငွေတွေလှူပြီးတော့ ကလေးတွေကို စုခိုင်းပြီး မုန့်တွေ ဝေပေးခဲ့ကြတယ်။ ကလေးငယ်လေးတွေက အပြစ်မဲ့တဲ့သူတွေ ပီပီ ဘာမှ သိနားလည်ခြင်းမရှိပဲ ပျော်ရွှင်မြူးတူးနေတာကို တွေ့ခဲ့ရတယ်။ အဲဒါတွေပြီးသွားမှ ဦးဇင်းက ကျွန်တော်တို့တွေကို ကျောင်းပတ်ချာလည်မှာရှိတာ ဖြစ်တာ ပျက်တာတွေကို သေချာရှင်းပြပြီး ရှေ့စီမံကိန်းတွေကို ပြောပြပါတယ်။ သေသေချာချာ စီစဉ်ဆောင်ရွက်ပြီး အကွက်စေ့ထောင့်စေ့တဲ့ ဦးဇင်းကို ချီးကျူးမိပါတယ်။ ရွာမှာက ရှေးဟောင်းအမွေအနှစ်တွေလည်း ရှိတော့ နှမျောစရာကောင်းနေပါတယ်။ မြန်မြန်ပြန်ပြီးတည်ဆောက်မှ မတိမ်ကော မပပျောက်မှာပါ နို့မို့ဆိုရင်တော့ ရန်သူမျိုးငါးပါးနဲ့တင် ကိစ္စပြတ်သွားနိုင်ပါတယ်။ ကျွန်တော်တို့လည်း ဦးဇင်းဦးဝိမလကို တတ်နိုင်တဲ့ဘက်က ကူညီပါ့မယ်ဆိုတဲ့ ကတိပေးခဲ့ပါတယ်။ ကျွန်တော်တို့ရောက်နေတဲ့ အချိန်မှာပဲ နောက်ထပ် အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ထပ်ပြီး လှူဒါန်းလို့ ဦးဇင်းလဲ အလုပ်များနေလို့ ကိုယ့်ဘာသာပဲ ဆက်ပြီး လျှောက်ကြည့်နေလိုက်ပါတယ်။ ရွာခံတစ်ဦးက လိုက်ပြလို့ အဆင်ပြေသွားပါတယ်။

ရွာမှာရှိတဲ့ အလယ်တန်းကျောင်းလည်း ဦးဇင်းကိုယ်တိုင် အလှူခံပြီး ဆောက်လုပ်ပြီးထားတာ မကြာသေးပေမယ့် ခုတော့ နာဂစ်နဲ့အတူ လွင့်ပါသွားပါတယ်။ သောက်ရေကန်ကြီးလဲ ပင်လယ်ရေဝင်လို့ စုတ်ထုတ်နေရပါတယ်။ သုံးရေကန်တွေကတော့ သုံးလို့ကို မရတော့တာ စိတ်မကောင်းစရာတွေ့ရပါတယ်။ လယ်ကန်သင်းတွေတလျှောက် ခက်ခက်ခဲခဲသွားခဲ့ရတယ်။ ဗွက်တွေ နွံတွေအပြည့်နဲ့ သတိထားပြီး လျှောက်ခဲ့ရတယ်။ ညနေစောင်းလာတော့ ကျွန်တော်တို့လည်း ပြန်ဖို့ ပြင်ဆင်ကြရတယ်။ မိုးရိပ်တွေကလည်း တက်လာတယ်။ ဆရာတော်ကြီးကို ဝင်ကန်တော့ နှုတ်ဆက်ပြီး ငှားလာတဲ့ ပဲ့ထောင်ဆီကို ပြန်ထွက်ခဲ့ကြတယ်။ လမ်းတစ်လျှောက်မှာ ဆရာတော်တွေက လူတွေကို ဂရုဏာတရားရှေ့ထားပြီး နှုတ်ဆက်စကားပြော အားပေးခဲ့ပါတယ်။ လူတွေရဲ့ အဖြစ်သနစ်တွေဟာ သနားဖို့ အလွန်ကောင်းပါတယ်။ သေဆုံးသွားတဲ့လူတွေကို လွမ်းဆွတ်ဖို့ အချိန်မရလောက်အောင်ကို ကိုယ့်ဘာသာ ရုန်းကန်နေကြပါတယ်။ သေသွားတဲ့လူတွေကို ဆရာတော်ကြီးဦးဆောင်ပြီး မေတ္တာပို့ အမျှဝေပေးခဲ့ရတာကိုလည်း သိခဲ့ရတယ်။ လှေဆိပ်ရောက်တော့ အားလုံးကို လက်ပြနှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။
အပြန်လမ်းခရီးမှာ မိုးတွေရွာလာတော့ ပဲ့ထောင်မှာ အမိုးအကာမပါလို့ ဆရာတော်တွေကို ထီးတွေမိုးပေး လူတွေကတော့ အစိုခံပြီး ခက်ခက်ခဲခဲပြန်ခဲ့ရတယ်။ လမ်းခုလတ်မှာလည်း ဝါးတွေတင်လာတဲ့ လှေတစ်စီးနဲ့ ဦးချင်းဆိုင် တိုက်မိမလိုဖြစ်လို့ တော်တော် ဒုက္ခရောက်ခဲ့သေးတယ်။ ရေကျချိန်ဖြစ်နေတော့ ချောင်းက တိမ်နေပြီး ပဲ့ထောင်ရဲ့ပန်ကာမှာ ဒိုက်တွေ အမှိုက်တွေလာလာငြိနေလို့ ခနခန ရပ်ပြီး ရှင်းရပါသေးတယ်။ အဲဒီ့လို ပင်ပန်းပေမယ့် တကယ်လိုအပ်နေတဲ့ နေရာမှာ လှူဒါန်းခဲ့ရလို့ ပျော်ရွှင်မိပါတယ်။ ကွမ်းခြံကုန်းရောက်တော့ မှောင်စပြိုးနေပါပြီ။ ကွမ်းခြံကုန်းရောက်တော့ ဆရာတော်တွေကို အအေးကပ်ပြီး ခနနားခိုင်းရတယ် ပြီးမှ ပြန်ဖို့ အတွက် ကားတွေသွားယူရတယ်။ ကားတွေက အဲဒီ့က အသိအိမ်တစ်အိမ်မှာ အပ်ခဲ့လို့ အဆင်ပြေသွားပါတယ်။ ကျွန်တော်တို့တွေကတော့ ရေတွေရွှဲရွှဲစိုပြီး ချမ်းနေလို့ ကော်ဖီလေးသောက်ပြီး အချမ်းပြေအောင်လုပ်ရတယ်။ အချမ်းပြေတော့မှ ရန်ကုန်ကို ပြန်ဖို့ ကားမောင်းထွက်ခဲ့တယ်။ လမ်းတလျှောက်လည်း အလှူခံနေတဲ့လူတွေကို တွေ့ခဲ့ရတယ်။ သက်ကြီးရွယ်အိုတွေ တွေ့ရင်ကားရပ်ပြီး တတ်နိုင်တာလှူဒါန်းခဲ့သေးတယ်။ ရန်ကုန်ပြန်ရောက်တော့ ည ၈ နာရီထိုးတော့မယ်။ ဆရာတော်တွေကို ကျောင်းတွေကို ပို့ပေးပြီး အိမ်ပြန်ခဲ့တယ်။ စိတ်ထဲမှာလည်း ဘာများထပ်လုပ်ပေးနိုင်မလဲဆိုတာ တွေးပြီး ရင်မောနေရတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ တမာတကော ခရီးစဉ်ကြီး ပြီးဆုံးခဲ့ပါတယ်။

နောက်နေ့ရုံးရောက်တော့ မနေ့ကရိုက်ခဲ့တဲ့ မှတ်တမ်းဓါတ်ပုံတွေကို စုပြီး Presentation လုပ်ဖို့ ပြင်ဆင်။ ပြီးသွားတော့ ကျွန်တော်သိတဲ့ အဖွဲ့တွေကို ခေါ်ပြပြီး ပြောပြဆွေးနွေးခဲ့ပါတယ်။ ခုတော့ အဖွဲ့တစ်ဖွဲ့က ရေရှည်စီမံကိန်းအတွက် တာဝန်ယူမယ်လို့ ကတိပေးလာတာကြောင့် ဝမ်းပန်းတသာ သာဓုခေါ်လိုက်ရပါတယ်။

5 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

စာအရေးအသားအရမ်းကြိုက်ပါတယ်..
နာဂစ်နဲ့ဂျာရစ် ဖတ်ပြီးကထဲက အားပေးနေတာပါရှင်.. Posts ကောင်းတွေမျှော်ပါတယ်..

Thanks.,
Soe Mya Nandar Thet Lwin

Han Thit Nyeim said...

ဖတ်ရတာ ဖတ်ဖတ်ရင်းနဲ့ မောမောလာလို့ ဖတ်ဖတ်မော ဖြစ်သွားပြီဗျာ။ ရင်မောတယ်...။

nyiyekhaung said...

ကိုယ်တိုင်သွားကိုယ်တိုင်ရေးတဲ့အတွက် လေးစားပါတယ်ဗျာ
နောက်လည်းဒီထက်ပိုပြီးလျူဒါန်းနိုင်ပါစေဗျာခထစေစအာမ

စိုးထက် - Soe Htet ! said...

ကောင်းတယ် .. အကုန် သိပြီးသားတွေ .. စီနီယာ ကပ္ပိယ က တောက်လျှောက် တိုက်တွန်း နေတာ ရော ထည့် ရေးပေး ... :P

ညိမ်းညို said...

အကိုကြီးရေ တအားကျေးဇူးတင်ပါတယ်ဗျာ။ အားလုံးအဆင်ပြေပါစေ