Sunday, June 29, 2008

ကပ္ပိယတစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင် (၁)

အဲဒီ့ကိစ္စစတာက ကိုစိုးထက်။ ကျွန်တော်က ကိုယ့်ဘာသာ ဘလော့ဂ်နေတာ။ သူနဲ့ရင်းနှီးသွားပြီးနောက်ပိုင်း ဝက်ဘ်ဆိုဒ်လေးအတွက် ဟိုစတင်လေးအလှူပေးမိပါတယ်။ နောက်ပိုင်းအတော်ခင်သွားတော့ ပြောမနာဆိုမနာတွေ ဖြစ်လို့ပေါ့။ ဒီလိုနဲ့ နာဂစ်ကြီး ဗမာပြည်ဝင်ဆောင့်တော့ အလုပ်တွေများနေခဲ့တယ်။ အဲဒီ့အချိန်မှာပဲ သူနေတဲ့ ဘုန်းကြီးကျောင်းက ဆရာတော် ရန်ကုန်ကိုကြွမယ်တဲ့ ရန်ကုန်မှာ ကပ္ပိယမရှိလို့ ကူပေးနိုင်မလားတဲ့။ ကျွန်တော်ကလည်း အင်တာနက်မရ အလုပ်မဖြစ် ထိုင်နေတုန်းဆိုတော့ ရပါတယ် လုပ်ပေးမယ်ဆိုပြီး ကတိပေးလိုက်တာ အဲဒီ့မှာ စတွေ့တော့တာပဲ။ ဆရာတော်ကို သေချာ စောင့်ရှောက်ပေးပါတဲ့ ကိုယ့်ဆရာက မှာတော်မူတာနဲ့ ပေးအပ်တဲ့ တာဝန်ကျေပွန်အောင် ထမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ (ယခုအခါ ဆရာတော်၏ ရန်ကုန်ကပ္ပိယ အရင်းခေါက်ခေါက်ဖြစ်နေပြီး ကိုစိုးထက်နှင့် စီနီယာ၊ ဂျူနီယာ ဖြစ်နေလေပြီ ဤကားစကားချပ်)

ဆရာတော်ရဲ့ ပထမဆုံး ခရီးစဉ်မှာ ကျွန်တော် ကပ္ပိယစဖြစ်ပါတော့တယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ တခါမှ သေချာမတွေ့ဖူးတဲ့ ဘုန်းကြီးတစ်ပါးကို တစ်ခါမှ မမြင်ဖူးတဲ့ ဘလော့ဂ်ဂါတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် တစ်ခါမှ မမြင်ဖူးတဲ့ တခြားသူတွေနဲ့ အတူ အကြိုတော်ထွက်ခဲ့တယ်။ လေဆိပ်ရောက်တော့ မဒမ်စိုးထက်နဲ့ တွေ့တယ် စကားပြောနေတုန်း ဘေးမှာ တခြားသူတွေ တွေ့တော့ ဘယ်သူတွေတုန်းလို့ မေးကြည့်တာ ဘုန်းကြီး အမျီုးတွေတဲ့။ ဟုတ်ကဲ့ပေါ့ တွေ့ရတာ ဝမ်းသာပါတယ် ဘာညာပေါ့။ တော်ကီတွေ ပစ်နေတုန်း လေယာဉ်စိုက်လာပြီဆိုတော့ အထဲကိုဝင် ဘုန်းကြီးကို ကြိုဖို့လုပ်။ Phoenix Service ကိုအပ်လိုက်တယ် ကိုယ်လဲဘာမှ သိတဲ့ကောင်မဟုတ်တော့ စကထဲလွဲရင် မကောင်းဘူးလေ။ လေယာဉ်ဆိုက်ပြီး သိပ်မကြာဘူး ဆရာတော် ကြွလာတယ် ခက်တာက ဘုန်းကြီး ၃ ပါးလောက်ဖြစ်နေတော့ ဘယ်တစ်ပါးလဲ သိဘူးဖြစ်နေသေးတယ် နောက်မှ ဘေးမှာ ပါလာတဲ့ ဘုန်းကြီးအကိုကိုမေးတော့မှ သိရတယ်။ ပြောရအုံးမယ် ကိုယ်ကသာခပ်တည်တည်နဲ့ လူတတ်ကြီးလုပ်ပြီး ဟိုလိုလုပ်မယ် ဒီလိုလုပ်မယ်နဲ့ စီစဉ်နေတာ နောက်မှ သိရတယ် ဘုန်းကြီး အကိုတွေက အရင်က ကာစတန်တွေတဲ့။ သေစမ်းဟဲ့ပေါ့ ခုနက ဆရာလုပ်ထားတာတွေ ရှက်လိုက်တာ။ ထူးပါဘူးလေဆိုပြီး မျက်နှာပြောင်ပြောင်နဲ့ ဆက်နေလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ရန်ကုန်ကို ရောက်လာတယ်။ ဘုန်းကြီးက တွေ့တွေ့ချင်း မောင်စိုးထက်ပြောတဲ့ ဒကာလေးက မင်းလား ဆိုတော့ ဟုတ်ကဲ့ဆိုပြီးပြော ပြီးမှ အဲ တင်ပါ့ဘုရားပေါ့။ တခါမှ ဘုန်းကြီးတွေနဲ့ ဆက်ဆံဖူးတာမဟုတ်တော့ ခက်ကုန်ရော။ လေယာဉ်ကွင်းကအထွက် ဘုန်းကြီးက ပစ္စည်းတွေ ရွေးထားလိုက်ပြီးရင် ကျောင်းလိုက်ခဲ့ဆိုပြီး ကြွသွားတယ်။ နောက်ကနေပါတဲ့ ပစ္စည်းစာရင်းကို တွက်ပြီးတော့ ပါရမီက ကျောင်းကို လိုက်သွားလိုက်တယ်။

ဆွမ်းစားချိန်နီးနေတော့ ဆရာတော်လည်း ကျောင်းရောက်ရောက်ခြင်း ဆွမ်းစားဖို့ ပြင်ရတယ်။ ကျွန်တော်ကတော့ ယောင်တောင်တောင်နဲ့ ဘာဆက်လုပ်ရမယ်မှန်းလဲ မသိဘူး ငုတ်တုတ်လေးထိုင်နေတယ်။ ဘုန်းကြီးက ဒကာလေး ဒါကို ဒီလိုလုပ် ဟိုဟာဟိုလိုလုပ်ဆိုမှ ထပြီးဟိုစပ်စပ် ဒီစပ်စပ်လုပ်မိတယ်။ စိတ်ထဲကလည်း ကိုစိုးထက်ကို မေတ္တာတွေပို့ပေါ့ ကျေးဇူးရှင်ကြီး ကျန်းမာပါစေဆိုပြီး။ မဒမ်စိုးထက်ခမျာလည်း မအားရရှာပါဘူး ကျွန်တော်က အသီးတွေဘာတွေ မခွဲတတ်တော့ သူ့ပဲလှိမ့်ပြီးပြောရတာပေါ့ လုပ်ပါအုံးဗျ ဘာညာနဲ့။ ဒီလိုနဲ့ ကိုယ်တော် ဆွမ်းချိန်အပြီး ကိုယ်တော့်အမျိုးတွေကပါ လာသား ဒီမှာ တခါတည်းဝိုင်းလိုက် စားကြရအောင်ဆိုတော့ ပျော်လိုက်တဲ့ဖြစ်ခြင်း လူကဗိုက်က အတော်ဆာနေပြီလေ ဘာပြောကောင်းမလဲ ဝါးတာပေါ့။ ဒါပေမယ့် မျက်နှာစိမ်းတွေ ကြားမှာဆိုတော့ ဟန်ဆောင်ပြီးစားရတော့ သိပ်မဝချင်ဘူး။ စိတ်ထဲကလည်း တောက် ငါကွာ မဝသေးဘူး
ဟွန်းဆိုပြီး ဖြစ်နေလိုက်သေးတယ်။

ဝါးတီးလဲ ပြီးရော ဘုန်းကြီးနားကို သွားပြီး အရှင်ဘုရား ဒီနေ့ဘယ်ကြွမလဲလို့မေးတော့ တော်ပြီတဲ့ ဒီနေ့တော့ နားမယ် နက်ဖန်မှတဲ့ ဒါနဲ့ နက်ဖန်ရော အရှင်ဘုရားဆိုတော့ ငြိမ်ပြီးစဉ်းစားနေသေးတယ်။ ဒါနဲ့ကိုယ်ကပဲ မနေနိုင် မထိုင်နိုင် မနက် ၉ ခွဲလောက်လာခဲ့ရမလား ဘုရားဆိုတော့ ဘုန်းကြီးက မျက်လုံးပြူးပြီး ဟကောင်ရ နောက်ကျတာပေါ့ ၇ နာရီလောက်လာခဲ့တဲ့။ သေပြီဆရာ လုံးဝကို သေပြီဆရာပဲ။ စိတ်ထဲကလည်း ကိုစိုးထက်ကွာတောက် ဆိုပြီးထပ်ဖြစ်နေသေးတယ်။ တသက်လုံး အစောကြီးထတဲ့ ကောင်မှ မဟုတ်တာ ရုံးရှိရင်တောင် အေးအေးအောအော ၉ နာရီမှ ထတာ။ ခုတော့ ၇ နာရီလာတဲ့။ ကျွန်တော်က အိပ်ယာနိုးပြီးပြီးချင်း ၁ နာရီလောက်ကြာအောင် ဟိုလုပ်ဒီလုပ် လုပ်သေးတာဆိုတော့ အနည်းဆုါံ် မနက် ၆ နာရီမှာ ထရတော့မယ်။ သေပြီဆရာပေါ့။ ဒါပေမယ့် တတ်နိုင်ဘူးလေ တာဝန်ယူထားပြီးပြီပဲ ခုမှတော့ ထရတော့မှာပေါ့။ (မနက် ၇ နာရီဆိုသည်မှာ နောက်ပိုင်းတွင် ကျွန်တော့်အတွက် နောက်အကျဆုံး ချိန်းသည့်အချိန်ဖြစ်လာသည်ကို သင်တို့ တွေ့ရပါလိမ့်မည် ဤကားစကားချပ်)

ဒီလိုနဲ့ ကျွန်တော်နောက်နေ့ဘုန်းကြီးကျောင်းကို မနက် ၇ နာရီကျော်ကျော်လောက်မှာ ရောက်သွားတယ် ဆရာတော်က လမ်းတောင်လျှောက်ပြီးလို့ အသင့်စောင့်နေတယ်။ ဒါနဲ့ ဘယ်ကိုကြွမလဲဆိုတော့ ပရိယတ္တိသာသနာ့ တက္ကသိုလ်တဲ့ ကမ္ဘာအေးဘုရားထဲမှာလေ။ ပထမဆုံးအကြိမ် အဲဒီ့ကို ရောက်ဖူးခြင်းဖြစ်ပါသည်။ (နောင်တွင် ထိုတက္ကသိုလ်သည် ကျွန်တော်အတွက် နားနေရာ နားခိုရာ ပျော်စရာ ဗိမာန်ကြီးဖြစ်လာလေသည် ဤကားစကားချပ်) တက္ကသိုလ်ထဲရောက်တော့ အပင်တွေလဲထားတာမြင်မကောင်းဘူး အမိုးတွေကလဲ လန်လို့။ ဆရာတော်က သူ့ဘော်ဒါတွေကို ရှာကြည့်ပြီး သတင်းတွေမေးပေါ့ နောက်ပြီးတော့ နာဂစ်ထိသွားတဲ့ ရွာတွေကို သွားဖို့ စနည်းနာ ဟုတ်တယ်လေ ဒါအဓိကနဲ့လာတာကိုး အင်ဖော်မေးရှင်း ယူရတာပေါ့။ ပြီးတော့ သူ့အနေနဲ့ ပိုက်ဆံလုံးဝမကိုင်တော့ ကပ္ပိယကျွန်တော်က တာဝန်ယူရတယ်။ လှူလိုက်တဲ့ နဝကမ္မတွေကို ထိန်းရတာတစ်မျိုး စာအိတ်တွေထဲ ထည့်ပြီးလှူရတာက တစ်ဖုံ စာရင်းတွေ ပြုစုရတာက တစ်နည်း တစ်ယောက်ထဲကို ပတ်ချာလှည့်သွားတော့တယ်။ အရင်တုန်းက ဒါမျိုးဆိုသူများကို ခိုင်းနေကြ ခုတော့ ကိုယ်တိုင်လုပ်နေရတာ ဆိုတော့ တိုင်ကိုပတ်နေတာပဲ။ ဒီကြားထဲ လာတဲ့ဖုန်းတွေဖြေရတာက တစ်မျိုးလုံးဝကို မအားဘူး။ စိတ်ထဲကလည်း ကိုစိုးထက် ကိုစိုးထက်နဲ့ ရေရွတ်နေမိတာ သူခနခနခလုတ်တိုက်လောက်တယ် မယုံရင်မေးကြည့်ကြ။

ဆရာတော်က ၇ ရက်လောက်ပဲ အချိန်ရတယ် လို့မိန့်တယ် ပြီးမှ ထပ်လာမယ်တဲ့။ ဒါနဲ့ ရတဲ့အချိန်လေးအတွင်းမှာ မုန်တိုင်းဒဏ်ခံရတဲ့ ရွာတွေကို သွားဖို့ စီစဉ်ရ ဟိုပြေးဒီပြေးနဲ့ လူကိုဖတ်ဖတ်ကို မောရောပဲ။ ဘုန်းကြီးက စိတ်မြန်လိုက်တာဆိုတာလဲ ပြောမနေနဲ့။ မနည်းလိုက်ယူရတယ်။ စိတ်မြန်သလိုပဲ စီမံခန့်ခွဲမှုကလည်း ကောင်းမှကောင်း ဘယ်နေရာကမှ မလွတ်စေရဘူး။ သူမသိတာလည်း သိပ်မရှိဘူး။ တစ်သက်လုံး ကိုယ့်ဘာသာ အဟုတ်ကြီးမှတ်လာတာ ဆရာတော်နဲ့ တွေ့မှ ကားကနဲ ဖြစ်ရော။ ဆရာတော်က အချိန်ကိုလည်း တန်ဖိုးထားတတ်တယ်။ အပိုအလုပ်လဲ မလုပ်ဘူး။ ပြီးတော့ သူက ညစာလဲ မစားတော့ ကျွန်တော့်မှ ညနေဆိုရင် ငတ်ပြီ။ မနက်စာကတော့ အလျှံအပယ်အုပ်ရတယ်။ ဘုန်းကြီးပွဲဆိုတော့ သိတဲ့အတိုင်းပဲ လန်ထွက်နေတာ။ ညနေဆိုရင်သာ သူကကိုယ့်ကို ၈ ပါးသီလ ယူထားတယ် မှတ်သလားမသိဘူး ညစာစားချိန်ကို မပေးဘူး။ တောက်လျှောက်ကို ကြွတာ။ ညဆို ၉ နာရီလောက်မှ ကျောင်းပြန်ကြွတယ်။ အဲဒီ့မှ ကျွန်တော်က သူနဲ့ နောက်နေ့ကိစ္စလေးတွေပြော တခါတခါဆရာတော်က တရားပါဆက်ဟောတော့ အနည်းလေး ည ၁၀ နာရီမှ အိမ်ပြန်ဖြစ်တယ်။ လူက ဆာနေတာ ပြောမနေနဲ့တော့ အိမ်ရောက်တော့လည်း ထမင်းစားပွဲကို ကြည့်ပြီး ဟင်းက ဒါပဲလားလို့ ပြောမိလို့ အမေထဆဲတာ ခနခန။ ဟုတ်တယ်လေ နေ့ခင်းဆို ဘုန်းကြီးဝိုင်းကဟာတွေ စားရတော့ ဟင်းခွက်က အမျိုးစုံ ရှယ်ဆွဲရတာ အိမ်မှာကကြတော့ ၁ ခွက် ၂ ခွက် ဒီတော့ လူကမေ့ပြီး မေးမိရော။ အဲလိုပဲ နေ့တိုင်း သောက်ပြဿနာတက်တာပေါ့။ (နောင်တွင် ကပ္ပိယပါးဝသွားသော အခါမည်ကဲ့သို့ လုပ်ဆောင်သည်ကို ဖတ်ကြရလိမ့်မည်)

ဘုန်းကြီးနောက်လိုက်ရတာ တချို့တွေကပြောတော့ လွယ်တယ်တဲ့။ ထပ်သရီး ဘယ်ကလွယ်ရမှာတုန်းဟ ပိုတောင် ပင်ပန်းသေးတယ်။ ဘုန်းကြီးဆိုတော့ ကိုယ်ကလေးစားရတယ်။ ဦးစားပေးရတယ် စဉ်းစားရတာတွေက အများကြီး ပင်ပန်းသလားတော့ မမေးနဲ့ (မယုံရင်လာခဲ့ ဂျူတီချိန်းပေးမယ်)။ အရေးထဲ ဟိုအိမ်က ဆွမ်းပင့်ချင် ဒီကအိမ်ကဆွမ်းပင့်ချင်နဲ့ အဲဒီ့ပြဿနာကို ရှင်းရသေးတယ်။ ဆရာတော်က ကပ္ပိယကိုမေးဆိုတော့ ဆက်လိုက်ကြတဲ့ ဖုန်း တဂွမ်ဂွမ်နဲ့။ ဖြေလိုက်ရတဲ့ အဖြေ။ ကြည့်လိုက်ရတဲ့ Schedule။ လူကိုယ် တိုင်တင်မဟုတ်ဘူး ကမ္ဘာပါပတ်နေရော မအားလို့ ဆွမ်းကပ်ရက် မရရင် ကပ္ပိယကို တင်းချင်ကြသေးတယ် (အဲလို အဖြစ်တွေရှိတယ် မယုံရင် ကိုစိုးထက်မေးကြည့်) ဒီလိုနဲ့ ဘုန်းကြီးဘေးမှာ ကပ္ပိယလုပ်ရင်း တခြားဘုန်းကြီးတွေနဲ့ပါ ရင်းနှီးပြီး အခုဆို ကပ္ပိယခန့်ချင်တဲ့ ကိုယ်တော် အတော်များနေကြောင်း ပြောကြားလိုပါတယ်။ ထပ်ပြီးရေးပါအုံးမယ်။

5 comments:

စိုးထက် - Soe Htet ! said...

:D ဒါ အစပဲ ရှိသေးတယ် :P

ကိုရင်နော်ခင်လေးငယ် said...

ဖတ်လို့ကောင်းတယ်..
ကပ္ပိယကြီးရေ........
;P

PP said...

ကုသိုလ်တွေ တတုံးတခဲကြီးရတာပေါ့ :P

mgthonnya said...

ကပ္ပိယကြီး..ဆက်ရေးပါဦးဗျို့။ရီလည်းရီရတယ်။ကုသိုလ်တွေ
လည်းအများကြီးရမယ်ဗျ။ :)

ဘလူးဖီးနစ် said...

ကျွန်တော်က ၈ တန်းပြီးတဲ့ နွေတုန်းက ခု ရဟန္တာလို့ ကျော်ဇော်နေတဲ့ ဆရာတော် ဦးဃောသိတ ကို ကပ္ပိယ လုပ်ပေးခဲ့ဖူးပါတယ်။ မနက်ဆို ၄ နာရီလောက်ထရသဗျ။ ဆရာတော် တစ်ဘ၀သာသနာ ကျမ်းပြုစုနေတုန်းမှာလဲ ကျွန်တော်က ညပိုင်းဆို ဆရာတော် ညောင်းရင် ၀တ်ဖြည့်ပေးရပါတယ်။ ကျွန်တော်က ဆရာတော် နာမှာစိုးလို့ ခပ်ဖြည်းဖြည်းလေး နှိပ်ပေးပါတယ်။ အဲ တစ်ခါတော့ ဆရာတော့ တပည့်ရင်း ဦးဇင်း တစ်ပါးကြွလာတော့ အဲဒီ ဦးဇင်းက ၀တ်ဖြည့်ပေးပါတယ်။ တံတောင်တွေ ဘာတွေနဲ့ အားသွန်ခွန်စိုက် ၀တ်ဖြည့်တာကို ကျွန်တော်က မျက်လုံးလေးပြူးပြီး ကြည့်နေတုန်း ဆရာတော်က ဘယ်လို မိန့်တော်မူသလိုဆိုတော့ မင်းဝတ်ဖြည့်မှပဲ အညောင်းပြေတော့တယ်။ ဟို ကပ္ပိယလေး ၀တ်ဖြည့်တာ ကင်းလျောက်သလိုပဲကွာ တဲ့။ ဟီး...