Saturday, June 7, 2008

What is going on ? ? ?


ကဲ ခုတလော Blog တွေမှာ တိုင်ပတ်နေကြတာတွေ့ရတော့ စိတ်ကနောက်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလော်တုတ်နေကြတာကိုး။ ကျန်တဲ့သူတွေတော့ မသိဘူး။ ကျုပ်တော့ အဲဒါမျိုးတွေမြင်ရတာ အော်ဂလီဆန်တယ်။ လွတ်လပ်ချင်လို့ ဘလော့ဂ်ရေးတယ် အဲဒါမှထပ်ပြီး မလွတ်လပ်ရရင် သေရောပေါ့။ အွန်လိုင်းဆိုတာ ဒီမိုကရေစီ အပြည့်အဝရထားတဲ့နေရာလေ။ ကိုယ့်အသိစိတ်နဲ့ ကိုယ်နေနေကြတာ မဟုတ်ဘူးလား။ ဘယ်သူဘာလုပ်လုပ်ပေါ့။ ဘာလို့များ အပြစ်တွေတင်ချင်နေကြတာလဲ မပြောတတ်ဘူး။ ကျုပ်ကိုကဥာဏ်မမှီတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် မြင်ရတာကြာတော့ စိတ်ကုန်လာတယ်။

နိုင်ငံရေးသမားတွေလဲ ကျုပ်တို့ကလေးစားပါတယ်။ လူကြီးသူမတွေလဲ လေးစားပါတယ်။ ဒါပေမယ့် ဆဲရေးတိုင်းထွာနေကြတာတော့ ရှက်စရာပဲ။ မြန်မာဘလော့ဂ်ဂါတွေ ခုထိလည်း မစည်းလုံးကြသေးဘူး။ အင်းလေး ဘလော့ဂ်ဂါတွေတင် မဟုတ်ပါဘူး အားလုံးပါပဲ မစည်းလုံးကြသေးလို့ ဒီနေ့ဒီအချိန်ထိ ဒုက္ခရောက်နေကြတာပေါ့။ ဒုက္ခဆိုတာ နှစ်၂၀လောက်ကြာတော့ ချိုများနေကြသလားမပြောတတ်ဘူး။ အပြင်ကနေအော်တဲ့သူတွေလဲ အော်နေလေကြရဲ့ အထဲကအော်တဲ့လူတွေလဲ အော်နေလေကြရဲ့။ စိတ်ထဲထင်တာကတော့ အထဲမှာဆို စက္ကူနဲ့ထွက်လာတဲ့ သတင်းစာကအော်သလို အပြင်မှာက ဘလော့ဂ်တွေကအော်နေကြတယ်။ ကဲ ဟိုဘက်အိမ် ဒီဘက်အိမ် မိန်းမကြီးနှစ်ယောက်ရန်ဖြစ်နေတာနဲ့ မတူဘူးလား။ ကြားထဲက အိမ်ကကောင်တွေက စိတ်နောက်တာပေါ့။ ခက်တယ် သိပ်ခက်တယ်။

တကယ့်ဒုက္ခကို တကယ်ဒုက္ခရောက်နေသူသာသိတယ်။ ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်အရ ခံပြောလို့မရတဲ့သူတွေရှိတယ်။ ငုံ့ခံနေတိုင်းလဲ လူကြောက်လို့ မတွေးပါနဲ့။ သူ့မှာလဲ သူ့အကြောင်းနဲ့သူ ရှိမှာပါ။ အော်ကျယ် အော်ကျယ်လုပ်တိုင်းလဲ ကိုယ့်ဘာသာ လူစွမ်းကောင်းမထင်လေနဲ့ တကယ်တွေ့မှ ထွက်ပြေးတဲ့ကောင် အများကြီး။ အားလုံးရဲ့ ရည်ရွယ်ချက်ကဘာလဲ ကောင်းစားစေချင်တာ မဟုတ်လား။ အဲဒါဆို ဒါကိုပဲဦးတည်လေ ဘာလို့ ပုတ်ခတ်ချင်နေကြသလဲ။ အဲလိုတောပြောတောင်ပြောနဲ့ ဖြစ်နေရင် ကြားထဲက ဖတ်နေတဲ့လူငယ်တွေ အသိမှားနိုင်တယ်။ လူငယ်ဆိုတာ အနာဂတ်ရဲ့ အလင်းရောင်ပါ။ အဲဒါကိုတော့ သတိချပ်စေချင်တယ်။ ဘလော့ဂ်ဂါထဲမှာ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ နဲ့ ညီလေး ညီမလေး အရွယ်စုံပါပဲ။ အားလုံးဘလော့ဂ်နေကြတာပဲ ကိုယ့်ဘာသာလွတ်လွတ်လပ်လပ် ဘလော့ဂ်နေကြတာပဲ မဟုတ်လား။ လုပ်ပစေပေါ့ မကျေနပ်ရင် သွားမဖတ်နဲ့ပေါ့။ ခုတော့ အဲလိုမဟုတ်ဘူး ကလော်တုတ်နေကြတယ်။ ပျင်းစရာ အလွန်ကောင်းတယ်။ လွတ်လပ်တာကြိုက်ကြတယ် မဟုတ်လား လွတ်လွတ်လပ်လပ်နေချင်တယ် မဟုတ်လား ဒါဆိုသူများရဲ့ လွတ်လပ်မှုကိုလည်း မပုတ်ခတ်နဲ့လေ မတိုက်ခိုက်နဲ့လေ။ သူများကို လက်ညှိုးထိုးဖို့ ကိုယ့်ဘက်ကို ပြန်ရောက်နေတဲ့ လက်ချောင်းတွေကို ကြည့်ပါအုံး။

နာဂစ်လဲအပြီး ဘလော့ဂ်ထဲမှာလည်း မုန်တိုင်းထန်နေပြန်ရော။ လူတွေကို ကယ်ချင်တာလား ကိုယ့်ကိုကိုယ်ဖော်ပြီး နာမည်ကြီးအောင်လုပ်ချင်တာလား ကိုယ့်ဘာသာပြန်စဉ်းစား။ အပြင်ကလူတွေအနေနဲ့ အလှူငွေတွေ ကောက်ခံပေးတယ်။ ကိုယ်တိုင်မလာပေမယ့် အဲဒီ့လိုလုပ်ပေးလို့ သိပ်ကျေးဇူးတင်တယ်။ လိုနေတဲ့ ငွေပမာဏတွေက နည်းတာမှမဟုတ်တာ။ နိုင်ငံတကာအကူအညီဆိုတာ စာရွက်ပေါ်မှာပဲ မြင်မြင်နေရတယ်။ ဒီလိုပြောလို့ စော်ကားတာမဟုတ်ဘူး အပြည့်အဝမရတာကိုပြောတာ။ လိုနေတဲ့နေရာတွေ ဒုနဲ့ဒေး။ အဲဒါကတော့ တကယ်သွားဖူးရောက်ဖူးတဲ့လူမှ သိလိမ့်မယ်။ အထဲကလူတွေကလည်း ရသလောက်တတ်နိုင်သလောက် လုပ်ပေးနေကြတာတွေ့ရတော့ ကျေးဇူးတင်တယ်။ ဒါပေမယ့် ပျော်ပွဲစားထွက်သလို အပျော်အလုပ်လို လုပ်နေတာတွေကိုတော့ သဘောမတွေ့လှဘူး။ စိတ်ကုန်တယ်။ လူဆိုတာ စဉ်းစားနိုင်တဲ့ တွေးတောနိုင်တဲ့ သတ္တဝါပဲလေ ဟုတ်ဖူးလား။ အဆင့်မြင့် သတ္တဝါပဲ။ ခက်တာက အဲဒီ့အဆင့်မြင့် သတ္တဝါတွေပဲ ပြဿနာတက်တက်နေတာ။

ကျုပ်ကခုလိုဝင်ပြောတော့ စိတ်ဆိုးကြအုံးမယ် မတတ်နိုင်ဘူး မြင်တာကြားတာသိတာပြောရတာပဲ။ ခုဒီမှာ တကယ်ဖြစ်နေတဲ့ အချို့သော အကြောင်းအရာတွေကို ပြောပြမယ်။ NGO တွေလုပ်နေကြတယ် ကယ်နေကြတယ်။ တကယ်လုပ်နေတဲ့ အဖွဲ့တွေကိုတော့ မပြောလိုပါဘူး။ ဒါပေမယ့် တချို့တချို့တွေက လူတွေကို ကယ်ချင်တာထက် သူတို့လိုဘတွေကို အရင်ဖြည့်နေတာတွေ့ရတော့ မြင်ရတာ အော်ဂလီဆန်တယ်။ ကျုပ်ကတော့ အဖွဲ့အားလုံးကို တွေ့တယ် ပြောပြတယ် ရှင်းပြတယ်။ ဖတ်ဖတ်ကိုမောနေတာပဲ။ Donar ရှိတယ် လှူမယ် ရှင်းပြပေးပါတဲ့ ရပါတယ်ပေါ့။ ဒါပေမယ့် တကယ့် Donar နဲ့တော့ မတွေ့ပါဘူး အဖွဲ့အစည်းတွေကို အရင်ရှင်းပြရတယ်။ ဒါလဲ ပြဿနာမဟုတ်ပြန်ဘူး။ ပြဿနာကဘာလဲဆိုတော့ အဖွဲ့တစ်ဖွဲ့ကိုရှင်းပြ တင်ပြပြီးပြီ သူတို့စဉ်းစားကြတယ် ဘာကိုစစဉ်းစားသလဲဆိုတော့ ပိုက်ဆံကဘယ်လောက်ရမယ် လှူဖို့အတွက်ဆိုတာထက် သူတို့အတွက် ကားတွေ၊ ဖုန်းတွေ အစားအစာတွေ ဒါတွေအရင်တွက်တယ် မတွက်နဲ့လို့မပြောပါဘူး ကယ်ဆယ်မဲ့ကောင်လည်း အသက်ရှိတာပဲ ဟုတ်တာပေါ့ တွက်ရမှာပေါ့ ဒါပေမယ့် သူတို့ အသုံးစရိတ်က လှူမယ့်ပမာဏထက် များများနေတာ တွေ့နေရတော့ စိတ်ကိုကုန်ရောပဲ။ ပြီးရင် တကယ်သွားရမယ့်နေရာကိုကျတော့ ပင်ပန်းမယ်ထင်တယ်နော် ခြင်ပေါလား ရေကအဆင်မပြေလောက်ဘူး အဲဒါတွေစဉ်းစားနေလိုက်တာ ၁ ပတ်လောက်ကြာတယ်။ နောက်တော့ လှူမယ့်အလှူရှင်ကလည်း အတင်းမေးနေတော့ လိုက်လာကြတယ်။ အဲလောက်အချိန်ကကြန့်ကြာသွားတော့ မသေသင့်တဲ့လူတွေ ထပ်သေကုန်ရော။ ပြောလိုက်ရင်တော့ လူတွေကို ဘယ်လိုကယ်မှာ ဘယ်လိုလုပ်ချင်တာ ချောနေတာပဲ။ လက်တွေ့ကြတော့ ကားယား။ သိပ်ရီရတဲ့သူတွေပဲ။ အလှူခံကာနီး ပြောတဲ့စကားနဲ့ လုပ်ခါနီးပြောတဲ့စကား ယှဉ်ပြလိုက်ချင်ပါရဲ့။

ပြောရင်းနဲ့ စကားကချော်တောငေါ့သွားပြန်ပြီ။ ကဲ ဘလော့ဂ်ကိစ္စပဲ ဆက်ပြောကြတာပေါ့။ အခုတလော ဘလော့ဂ်ဂါတွေကြားထဲမှာ ပြဿနာတက်နေကြပြန်တယ်။ မြင်နေရတာ စိတ်မချမ်းသာဘူး။ ဘယ်သူမှန်တယ် မှားတယ် အသာထားစမ်းပါ ကိုယ်ဘာလုပ်နေလဲ ပြန်စဉ်းစားတာ ပိုကောင်းမယ်။ ကိုယ်မှန်တယ် ထင်ရင်လုပ်ပေါ့။ ကျုပ်လဲ တစ်သက်လုံး ကိုယ်မှန်တယ်ထင်ရင် လုပ်လာတာပဲ။ အသိလေး သတိလေးနဲ့ကိုယ့်ဘာသာ ထိန်းတယ်။ ဒါပဲလေ ဟုတ်ဖူးလား လိုတာက ကိုယ့်ဘာသာသိဖို့ပဲ။ လူဆိုတာ ကိုယ့်အကြောင်းကိုယ် အသိဆုံးပဲ။ ဘလော့ဂ်ထဲမှာ အသက်အရွယ်တွေ အဖြူအမဲတွေ အထီးအမတွေ ဆိုတာမရှိဘူး အဓိကကဘလော့ဂ်ပဲလေ။ လွတ်လပ်ချင်တာ မဟုတ်လား လွတ်လပ်ပါစေ။ အခုတော့ မလွတ်မလပ်နဲ့ တစ်ယောက်ကို တစ်ယောက်ပြဿနာရှာနေကြတယ်။ ပျင်းစရာကြီး ဘာလုပ်မလဲ။

ကျုပ်ကစဉ်းစားထားတာက Blog Community လေးတစ်ခုလောက်ကို စဉ်းစားထားတာ ဒီပုံနဲ့ဆို မလွယ်ပြန်ဘူး။ ကျုပ်တို့ဆီကလူတွေက ဘယ်တော့မှ အသင်းအဖွဲ့လုပ်လို့ ရမယ့်ပုံမပေါ်ဘူး။ စည်းမှမစည်းလုံးတာကိုး။ တို့ဗမာအစည်းအရုံးနောက်ပိုင်း အင်း ဘာမှကို ပေါ်မလာတော့တာ ထင်တာပဲ။ ထင်တာပြောတာနော် ရှိချင်လဲရှိမယ်။ ဒီမှာရှိတဲ့ အသင်းအဖွဲ့တွေကို စိတ်ကုန်လို့ Online ပေါ်မှာဆိုရင်တော့ ကောင်းမှာပဲလို့ စဉ်းစားမိတာ ခုတော့ အင်း မလွယ်ပြန်ဘူး ထင်ပ။ ဒီမှာရှိတဲ့ဟာတွေလဲ ကြည့်အုံးလေ အဝေးကြီးမကြည့်နဲ့ ပညာရှင်များအသင်းတို့ လုပ်ငန်းရှင်များအသင်းတို့ ဘာမှ မထူးဘူး။ လက်ညှိုးထောင် ခေါင်းညိမ့် ဒါနဲ့ ပြီးနေတာ။ အဲဒါတွေကို စိတ်ကုန်လို့ အော် Online ပေါ်ဆိုရင်တော့ ဒါမျိုးမဖြစ်လောက်ဖူးဟဲ့ တွေးမိတာ ဒီပုံနဲ့ဆို ဝေးပါသေးရဲ့။ အင်းလေ ဒါမျိုးတွေမပြောနဲ့ ဘောလုံးအသင်းတောင် ခုထိလူမညီလို့ ရှုံးရှုံးနေတာ အားလုံးအသိ။ ကဲ ကျုပ်တို့ သိပ်ကို မြင်ချင်နေကြတဲ့ လွတ်လပ်တဲ့ နိုင်ငံဆိုတာကို ကျုပ်တို့တွေက အွန်လိုင်းပေါ်မှာတောင် မတည်ထောင်နိုင်သေးရင် အပြင်မှာဆိုရင်တော့ ခက်ပြီ။ အကောင်းပြောတာပါ ဥာဏ်မှီသလောက်လေးပြောတာ ဟုတ်ချင်မှဟုတ်မယ် မဟုတ်ချင်မဟုတ်ဘူး ထင်တာလေးပြောရတာနော့ လုပ်စမ်းပါ စည်းစည်းလုံးလုံးလေး သေသေသပ်သပ်လေး ကိုယ့်ကိစ္စလေးကိုယ်လုပ်ကြရအောင်ပါ။ တော်ပြီဗျာမောတယ် နောက်မှ ထပ်ပြောတော့မယ်။

10 comments:

Unknown said...

That's why we call typical Burmese.Wherever you are and which country you are in one thing we will hear for sure is Burmese don't make friend with Burmese.Burmese afraid of Burmese.As far as I concern whatever they say if we all neglect together and move on with our own community who love freedom as well as respect. The problem is that the dog is barking and most of them bothering to wake up and tell the dog not to bark. They are a dog they don't have brain and concern as human do, they will not understand human language either .All I want to say is leave them alone at the end they will be come outsider for sure.

စိုးထက် - Soe Htet ! said...

ရေးလိုက်ဦးမယ် ...

အရမ်း မှန်ပါတယ် လို့ ...

ကျွန်တော် ကတော့ ... အားလုံးကို .... တာ့ တာ ...

ညိမ်းညို said...

အကိုကြီးရေ စာမေးပွဲတွေဆက်တိုက်ကြီးမို့ ဘယ်မှမရောက်ဖြစ်ဘူး။ ကျေးဇူးတင်တယ်ဗျာ။ ဒီလို တည့်တည့် ရှင်းရှင်း ရိုးရိုးစာတွေ နောက်ထပ်ရေးပါဦး။
အဆင်ပြေပါစေအကိုကြီးရေ :) :)

nyiyekhaung said...

ရေးထားတာတွေအရမ်းကောင်းတယ်ဗျာ အစ်ကိုကြီး
ဆက်ရေးဗျာ ဖတ်ချင်သေးတယ်

ဘလူးဖီးနစ် said...

ကျွန်တော်လဲ အဲလိုမျိုး ခံစားနေရတာကြာပြီဗျ။ ဒါပေမယ့် အဲလို အကြောင်းတွေကို ကျွန်တော့် ဘလောက်မှာ မေ၇းဘူးဘို့ ဆုံးဖြတ်ထားတာနဲ့ မေ၇းတော့တာ။ ခုလို ရေးမယ့် သူပေါ်လာတော့ အတော်ပဲ။
ကျွန်တော်လဲ ကွန်မြူနတီ တစ်ခု လုပ်ချင်တယ်ဗျာ။ ကျွန်တော်ကတော့ နည်းပညာ ပိုင်းပေါ့။ ကွန်ပြူတာ၊ အင်ဂျင်နီယာ နည်းပညာ အဲလို အပိုင်းတွေကို တစ်နေရာတည်းကနေ စာဖတ်သူတွေကို ပေးနိုင်ရင် အရမ်းကို အကျိုးရှိမယ်ဗျာ။ မန်းဒလေး ဘလောက်ဂါ ဖီဒ် နက်ဝက် လိုမျိုးလုပ်ရင်လဲ မဆိုးဘူး။ ဒါပေမယ့် မြန်မာတွေက ဖိဒ် လုပ် ဖတ်တဲ့ သူ သိပ်မရှိဘူးထင်တယ်ဗျ။ နည်းပညာက လူတွေအနေနဲ့ သိပ်များများရေးဖို့ မလွယ်ဘူးဗျ။ ဒါကြောင့် စုရေးမှ အကြောင်းအရာ စုံစုံလင်လင်နဲ့ စုစုစည်းစည်း ဖတ်လို့ ကောင်းမှာ။ လောလောဆယ်တော့ ကျွန်တော်တို့ ဘလောက်မှာ လိုက်ဖိတ်ခေါ်နေပါတယ်။ ကိုဇီးရိုးလဲ လာရေးပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ။ ကျွန်တော်က မကြာခင်ကို မြန်မာပြည်ပြန်ပြီးေ၇းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မပြန်ခင် ကျွန်တော်ပြောသလို စုစုစည်းစည်းလေး လုပ်ပေးခဲ့ချင်တယ်ဗျာ။ အကြံကောင်းရှိရင်လဲ ပေးပါဦး။ ပက်သက်နေတဲ့ သူတွေလဲ နဲနဲလောက်ပြောပြပြီး စည်း၇ုံးပေးပါဦးဗျာ။

ခင်မင်စွာဖြင့်
ဘလူးဖီးနစ်
http://engineer4myanmar.com

RePublic said...

ကြားရ ဖတ်ရတာတွေ မကောင်းဘူးဗျာ ၊
ဒီအသိုင်းအ၀န်း လေးက မပြောပြလောက်တဲ့ စကြ၀ဋ္ဌာရဲ့ မြူလေး တစ်မှုန်ပါ၊
တောက်ပတဲ့ ကြယ်လေးတစ်ပွင့် အဖြစ် စုစည်းရပ်တည်နိုင်ရင် အဖိုးတန်အကျိုးပြုမှာပါ ဗျာ၊
အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ ၊၊

Unknown said...

21ရာစုထဲက ဇီးရိုးထရက်
ဘလော့တွေထဲက ညိကြတာတွေကို ဖတ်ပြီး စိတ်ကုန်နေတယ်ပေါ့။ မကုန်ပါနဲ့ဦး လွတ်လပ်လို့ ဒါမျိုးတွေ ဖတ်နေရတာမှတ်။ နို့မို့လက်ညိုးထောင် ခေါင်းညိတ်နဲ့ ပျင်းစရာကြီး ဖြစ်မှာ။

ဘာကြောင့်တိုင်ပတ်နေကြတာလဲဆိုတာ အရင်ဆုံး မြင်အောင်ကြည့်ရမယ်။ ဘလိုင်းကြီးတော့ ဘယ်သူမှ တိုင်မပတ်ကြဘူးထင်တယ်။(နအဖ ဘလော့တွေက လွဲလို့ပေါ့)

ဘယ်ဘလော့ဂါမှ ကိုယ်တင်တဲ့စာအပေါ်မှာ တိုင်ပတ်တယ်လို့ အထင်ခံချင်ကြပါ့မလဲ။ ဟုတ်ဖူးလား။
ဟုတ်ပြီဆိုရင် ဘာကြောင့် အဲဒီစာမျိုး ရေးတင်သလဲ မြင်အောင်ကြည့်ဖို့ လိုလာပြီ။

ဘလော့ဂါတိုင်းဟာ ကိုယ့်တဦးချင်းအကြောင်းတွေချည်းပဲ ရေးနေရင်တော့ ဘာပြသနာမှ မရှိလောက်ဘူး။ အဲ စာဖတ်သူသက်သက်ဖြစ်ဖြစ် အခြားဘလော့ဂါတယောက်ယောက်ကပဲဖြစ်ဖြစ် ၀င်ပြီး ကောင်းတယ် ခံစားရတယ် ဆက်ရေးပါဦး ဒီလောက်တော့ မိတ်ဖြစ်ဆွေဖြစ် ရေးကြတာ များတယ်။

အများဆိုင်တဲ့အကြောင်းတွေ ပြောကြဆိုကြ လုပ်ကြရတော့မယ်ဆိုရင်တော့ အမြင်တူတာလည်း ရှိမယ်။ အမြင်မတူတာတွေလည်း ဖြစ်လာမယ်။ ဆွေးနွေးစရာတွေ ရှိလာမယ်။ ပြသနာတွေ တက်လာမယ်။ ဒါက ဘယ်လိုမှ ရှောင်မရတဲ့ အနေအထားတခုပဲ။

ဥပမာ- နာဂစ်အလှူခံတာနဲ့နွယ်ပြီး လူသိများတဲ့ဘလော့ဂါနှစ်ယောက် ညိကြတယ်။ ဒါကိုဖတ်ရတဲ့ စာဖတ်သူတွေ ဘလော့ဂါတွေက ကွန်မန့်တွေ ၁၆၀ လောက်ရေးကြတယ်။ ခံစားကြရတယ်။ ကိုယ်ကြိုက်သူကိုထောက်ခံအားပေး မကြိုက်သူကို အပြစ်တင်ကြတယ်။ ဒါဖြစ်မှာပဲ။ ဘာကြောင့်လဲ။ တဦးချင်းဆိုင်ရာ စိတ်ခံစားမှုနယ်ပယ် ဘလော့အရေးအသားကနေ အများဆိုင်နယ်ပယ် လက်တွေ့နယ်ပယ် ထဲကို ကူးသွားရတဲ့ အလုပ်ဖြစ်နေတာကိုး။ ငွေကြေး နိုင်ငံရေးတွေ ပါလာပြီကိုး။

အမှားအမှန်မပြောတော့ဘူး။ မှန်ကန်တဲ့ဖြေရှင်းမှု နှစ်ဖက်လုံးက မလုပ်နိုင်ကြတော့ စွပ်စွဲတဲ့ဘလော့ဂါလည်း နာမည်ပျက်သွားတယ်။ လူမုန်းများသွားတယ်။ စွပ်စွဲခံရသူလည်း ဘလော့ပိတ်တဲ့အခြေ ဆိုက်သွားတယ်။

ဘာကြောင့်ဒီလိုဖြစ်သွားလဲလို့ မြင်တာပြောရရင် ဘလော့ဂါတိုင်းဟာ တဦးကောင်းတွေချည်းပဲ။ ကိုယ့်သဘော ကိုယ်ဆောင်နေကြတာချည်းပဲ။ အဲဒါကိုက အပြစ်မဟုတ်ပါဘူး။ ဘလော့ဆိုတာ ဒါပဲလေ။
ကိုယ့်ဘလော့မှာ ကိုယ်က ဆရာ ခေါင်းဆောင် ဗိုလ်ချည်းပဲ။ သူ့သဘောကိုယ်က စိတ်ခံစားမှုနယ်ပယ်ပဲလေ။ လက်တွေ့လောကမှ မဟုတ်တာ။
(ဒီဘလော့ဂါနှစ်ယောက်ဟာ အသင်းအဖွဲ့တခုခုထဲမှာ ရှိနေကြတယ်ဆိုရင် ဒီလိုမဖြစ်ဘူး)

ဘလော့လောကမှာမှ သိကြပြီး မိတ်ဆွေဖြစ်ကြတဲ့ ဘလော့ဂါတွေထဲမှာ ငွေချေးမိလို့ ခံလိုက်ရတဲ့ဘလော့ဂါ နှစ်ယောက်သုံးယောက် ရှိတယ် ကြားဖူးတယ်။ သိန်း ဆယ်ဂဏန်းလောက် ပါသွားတယ်ကြားတယ်။ ဘလော့ရေးတာတော့အကောင်းပဲ။ အပြင်လောကမှာတော့ လူလိမ်။ ကဲ ဘယ်လိုလုပ်မလဲ။

ဘလော့လောကမှာမှ သိကြပြီး မိတ်ဆွေဖြစ်ကြတဲ့ လက်တွေ့လုပ်ငန်းတွေမှာ အလုပ်တွဲလုပ်နိုင်ပြီး ရင်းနှီးချစ်ခင်မှုတိုးလာတဲ့ ဘလော့ဂါတွေလည်း ရှိတယ်။

ပြောချင်တာက ဘလော့ဂါတွေ လက်တွေ့နယ်ပယ်ထဲကို ဆင်းပါ။ အနည်းဆုံး လူချင်းသိ မိတ်ဆွေဖြစ်အရင်ဆက်ဆံနိုင်ကြရင် အကောင်းဆုံးပါ။
(ပိုက်ပိုက်ချေးရင် မချေးမိစေနဲ့နော် ဟတ်ဟတ်)

ကိုယ်မှန်တယ်ထင်လို့ကိုယ်လုပ်တာ ကိုယ်တယောက်ထဲဆိုရင်တော့ ကိတ်စန ဘယ်ရှိပါ့မလဲ။ မှန်လည်းကိုယ်စံ မှားလည်းကိုယ်ခံရုံပေါ့။ အဲ. အများနဲ့ လုပ်ရပြီဆိုရင်တော့ အဲလိုလုပ်လို့ ဘယ်ဖြစ်တော့မလဲ ဆရာ။

အများနဲ့လုပ်ရပြီဟေ့ဆိုရင်တော့ ကိုယ်ထင်တာ အများရှေ့ချပြရမယ်။ အများက ပြန်ထောက်ပြတာကို ကိုယ့်ဖက်က ပြန်ရှင်းပြရမယ်။ အများက လက်ခံလာအောင် ပြောရမယ်။ အဲဒီမှာ ဆွေးနွေးတာ ညှိနိုင်းတာ ငြင်းခုန်တာ ပြသနာတက်တာ ရှိလာမှာပဲ။ အဲဒါတွေကျော်ဖြတ်ပြီးမှ အများညီတဲ့အဖြေတခု ရလာမှာ ဟုတ်ဖူးလား။

ပြသနာသိမှ အဖြေရှိမယ်။ ငြင်းခုံမှ အဖြေထွက်မယ်။ တိုက်ပွဲတွေဖြတ်ပြီးမှ တည်ငြိမ်မှု(ငြိမ်းချမ်းရေး) ရမယ်။ ထင်တာပြောတာပါ။

စည်းလုံးတာကို ဘယ်လိုနားလည်ထားလို့လဲ။ ရန်မဖြစ်တာ စည်းလုံးတာလား။ ပြသနာမရှိတာ စည်းလုံးတာလား။ အားလုံးကောင်းပါတယ်ခင်ဗျား ဆိုတာက စည်းလုံးတာလား။

အသင်းအဖွဲ့ အစုအစည်းတခုခု လုပ်ဖူးတဲ့သူမှ တကယ့်စည်းလုံးမှုသဘောကို နားလည်လာနိုင်တယ်။
အားလုံးလိုက်နာရမယ့် စည်း ဘောင် တခုခုထဲမှာ ဘယ်လိုနေရတယ်။ ဘယ်လိုညှိုနိုင်းရတယ်။ ပြသနာတွေကို ဖြေရှင်းရတယ်။ ဘယ်လိုပူးပေါင်းလုပ်ရတယ်။ တဦးချင်းတာဝန်ယူရတယ် ဆိုတာ သိလာမယ်။

ဘလော့ဆိုတာ တကယ့်လောကမဟုတ်ပါဘူး။ သေသေချာချာကြည့်ရင် မြန်မာပြည်လို အောက်ကျနောက်ကျ ပိတ်ဆို့ခံနေရတဲ့နိုင်ငံမို့ ဘလော့ခေတ်ထ နေတာပါ။ အားလုံးပိတ်လှောင်ခံနေ ရတာ နည်းနည်းလွတ်လပ်တာဆိုလို့ ဒါလေးပဲ အလကားရတာ။

စာရေးဆရာ ကဗျာဆရာ အားကစားသမား ရုပ်ရှင်သရုပ်ဆောင် စွန့်ဦးတီထွင်သူ အဆိုတော် ကျောင်းဆရာ ဆိုက္ကားဆရာ . . . . စသဖြင့် စသဖြင့် ရှိကြတယ်။ အပြင်လောကမှာ ကျနော် ကျမ ဘလော့ဂါဘယ်သူပါဆိုပြီး နေနေတာ မကြားဖူးဘူး။

လူမှုရေးလက်တွေ့လုပ်ငန်းတွေ တကယ်လုပ်နေတဲ့ ကိုယ်ဇီးရိုးထရက်ကို ဂုဏ်ယူပါတယ်။ အများအကျိုး ဒိထက်ဒီ ပိုလုပ်နိုင်ပါစေ။

သန်းရွှေတကယ်ကြောက်တဲ့။ မြတ်ဘုရားဟောကြား တော်မူခဲ့တဲ့ - သမဂ္ဂါနံ တပေါ သုခေါ - ဆိုတဲ့ စကားအလာအတိုင်း အသင်းအဖွဲ့တခုခု ဖွဲ့စည်းလုပ်ဆောင်နိုင်ပါစေကြောင်း..။ ။

မငြိမ်းချမ်းသေးတဲ့
Pea Ce

( ခေတ်အဆက်ဆက် စစ်အရူးတွေရိုက်သွင်းလာတဲ့ ဆိုက်ဝါး - နိုင်ငံရေးဆိုတာ မကောင်းဘူး - ဆိုတဲ့ အပင်းအဆိပ်သည် အထူးသဖြင့် လူငယ်တွေအသိထဲ ၀င်နေသရွေ့ စွဲနေသရွေ့ မြန်မာပြည်ဒီလိုဘ၀မျိုးက ဘယ်တော့မှ မလွတ်နိုင်ဘူး မှတ်လေ.... စကားချပ်)

Unknown said...

သဘောတူပါသည်ခင်ဗျား......

Chaos said...

တစ်ခါတစ်လေတော့လဲ
ဘာမှန်းကိုမသိတော့ပါဘူး

pandora said...

ဇီးရိုးရဲ့စာရော အောက်က ကွန်မန့်အရှည်ကြီးပါ ဖတ်သွားတယ်။ ဖြစ်နိုင်ရင် ကိုပိစိရဲ့ ကွန်မန့်ပါ ပို့စ်ထဲတင်ပေးထားပါလား။ မှတ်သားစရာတွေပါတယ်။