Tuesday, September 30, 2008

သေတယ်ဆိုတာတဲ့လား


သမီးလေးမွန်လေးက ဒက်ဒီလေးကို တက်ဂ်ထားတယ်တဲ့ ရေးပေးပါတဲ့။ သူမရေးခင်ကထဲကလဲ ဂျီတော့ပေါ်မှာ ဂျီကျသွားတယ် ရေးရမယ်တဲ့ သိချင်တယ်တဲ့။ သေခါနီး ၁၀ ရက်အလိုကို သိနေတဲ့ အချိန်မှာ ဘာတွေလုပ်မလဲဆိုတာကို ရေးပေးပါတဲ့။ သူကပြောတော့ အေးပါဆိုပြီးပဲ ပြောခဲ့တယ် တကယ်ရေးဖို့ အချိန်ရောက်တော့ ကျွန်တော်က မအားပြန်ဘူး။ ဒါနဲ့ ဟိုလှည့်ဒီလှည့်ပဲ။ အခုတော့ ရေးပေးလိုက်ပါတယ် သမီးလေးလဲ သူသိချင်တာ သိရတာပေါ့။ ဒက်ဒီလေးဘာလုပ်မလဲဆိုတာ သိချင်တဲ့ သမီးလေးအတွက်ပါ။ တကယ်တော့ သမီးရေ ဒက်ဒီလေးက တစ်ခါသေခဲ့ဖူးပြီပဲကွယ် သေရွာကနေ တခါပြန်လာခဲ့ဖူးပါပြီ။ သမီးလေး ပြောတဲ့ ခေါင်းစဉ်နဲ့ နည်းနည်းများကွဲလွဲမလား ဒါပေမယ့် နီးစပ်မှုတစ်ခုတော့ ရမှာပါ။ ပြောပြမယ်သမီးရေ နားထောင်နော်။

သေတယ်။ ဆုံးသွားတယ်။ ကွယ်လွန်တယ်။ ကံကုန်တယ် စသည်ဖြင့် အမျိုးမျိုး အဓိပ္ပါယ်တွေ ဖွင့်ကြတယ်။ ဒက်ဒီလေးလဲ အဲဒါကို သေချာလိုက်တွေးဖူးတယ် ဘာလဲဟပေါ့။ ဒါပေမယ့် နောက်ဆုံး အကြိုက်ဆုံး စကားလုံးကို ရှာတွေ့သွားတယ်။ ကျေးဇူးရှင်မန်လည်ဆရာတော်ကြီး အဓိပ္ပါယ်ဖွင့်သွားတဲ့ စကား။ သေတယ်ဆိုတာ ဒီဘဝမှာ နောက်စိတ်မဖြစ်တာတဲ့။ ကောင်းလိုက်တဲ့ စကား။ အမှန်ပဲ သေခြင်းရဲ့ တစ်ဘက်ကမ်းကို ဒက်ဒီလေး မစဉ်းစားတော့ဘူး။ သေတယ်ဆိုတာ ဘာလဲ မမေးတော့ဘူး။ သိချင်စိတ်လဲ ကုန်သွားတယ်။ ငယ်ငယ်ထဲက ဒက်ဒီလေးက အဖွားကိုလဲ မေးဖူးတယ် တော်တော်များများကိုလဲ မေးဖူးတယ် အဲဒီ့သေတယ်ဆိုတာကြီးကိုပေါ့။ အဖြေက တခါမှကျေနပ်အောင် မတွေ့ခဲ့ဖူး မန်လည်ဆရာတော် ဟောတာ ဖတ်ရမှပဲ ရှင်းသွားတော့တယ်။ ဒါပဲလေ။ သေတယ်ဆိုတာ ဒါပဲ။

သမီးရေ သမီးကတော့ သေမယ်ဆိုတဲ့ အချိန်ကို ပြင်ဆင်ပုံလေးရေးတယ်။ ဒက်ဒီလေးအတွက်ကတော့ ဘာမှ မထူးခြားလို့ မပြင်ဆင်တော့ပါဘူး။ နေ့တိုင်း အချိန်တိုင်းမှာ လူ့လောကကို နှုတ်ဆက်သွားနိုင်တာပဲကိုး။ ဒီစိတ်ရဲ့ နောက်ဆုံးအချိန်ကို ဒက်ဒီလေးတို့ မသိနိုင်ဘူးလေ။ ဒါပေမယ့် သိရမယ်ဆိုရင်လဲ ဒက်ဒီလေးကတော့ မပြင်ဆင်တော့ပါဘူးကွယ်။ ကြိုးစားပြီး လုပ်မှာလေးတွေတော့ ရှိတာပေါ့ သမီးရယ်။ သမီးရယ် လူတစ်ယောက်သေလို့ အဲဒီ့လူအတွက် ငိုမယ့်လူတွေကို ဒက်ဒီလေးတော့ သနားမိတယ်။ ဒက်ဒီလေးသေရင်တော့ မငိုစေ့ချင်ဘူး။ ဒါက သဘာဝပဲလေ။ ဒါပေမယ့်လဲ တားမရပါဘူး ငိုမယ့်လူက ငိုမှာပါပဲ။ ကိုယ်တိုင်တောင် ကိုယ်ချစ်တဲ့လူ ခင်တဲ့လူ သေရင်ငိုဦးမှာပဲကိုး။ တရားနဲ့ဖြေဆိုပေမယ့် ဖြေနိုင်မယ်မထင်ပါဘူး။ အနည်းအကျဉ်းပဲ ရမှာပေါ့။ ကိုယ်က အရိယာပုဂ္ဂိုလ်မှ မဟုတ်တာပဲ။ တတ်နိုင်သလောက်တော့ ထိန်းရမှာပေါ့။ တရားနဲ့ ဖြေတယ်ဆိုတာထက် ဒါဟာ နိယာမတစ်ခုဆိုတာကို လက်ခံဖို့ ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ သူလဲ သေသလို ကိုယ်လဲ သေနိုင်တာပဲလေ။ အခုတခြားတစ်ယောက်သေလို့ ငိုနေရင်း ကိုယ်တိုင်ပါသေသွားနိုင်တယ်။ မထူးဆန်းဘူး သမီးရယ်။

သမီးကို ပြောပြရဦးမယ် အခု သမီးလေး သိတဲ့ ဒက်ဒီလေးက တခါတုန်းက လွန်ခဲ့တဲ့ ၉ နှစ်လောက်တုန်းက တစ်ခါသေခဲ့ဖူးတယ်ဆိုတာကိုပဲ။ အဲဒီ့တုန်းကလေ ညနေပိုင်းတစ်ခုမှာပေါ့ လူငယ်လေးတစ်ယောက် ဆေးရုံကို သတိလုံးဝမရှိတော့ပဲ ရောက်ခဲ့တယ်တဲ့။ အသက်ကြီးကြီး လူကြီးတစ်ယောက်က သူ့သားလေးကို ကယ်ပါဦးဆိုပြီး ဆေးရုံကို ပြောဆိုတောင်းပန်ပြီး အတင်းကို ကုခိုင်းတာတဲ့။ ရဲတွေရော လူတွေရော ဆရာဝန် ဆရာမတွေရော အကုန်လုံး ရှုပ်ရှက်ခက်ကုန်တယ်တဲ့။ နာရီဝက်လောက် စောရောက်တဲ့ အတွက် ခင်ဗျားသား အသက်ကယ်လို့ရတယ်လို့ ဆရာဝန်ကြီးတွေက ပြောတယ်တဲ့။ ဒါပေမယ့် ကောင်လေးက ၂ ရက်လောက်တော့ သတိရတစ်ချက် မရတစ်ချက်ပါပဲ။ အဲဒီ့ကောင်လေး ဘာလို့ဆေးရုံရောက်လဲ သိလားသမီး။ အဲဒီ့ကောင်လေးက လောကကြီးမှာ လုပ်စရာကုန်ပြီ စိတ်ညစ်စရာပဲ ဘာညာဆိုပြီး အကြောင်းပြချက်တွေနဲ့ သူ့ကိုယ်သူ သတ်သေတာလေ။ ဆေးတွေကို တရားလွန်သောက်ပြီး ငြင်ငြင်သာသာ သေမယ့်လမ်းကို ရွေးတာတဲ့သမီးရေ။ ဘယ်လောက်များ မိုက်လုံးကြီးသလဲ စဉ်းစားကြည့်စမ်းပါဦး။ အရှုံးပေးတာလေ ဒါအရှုံးပေးတာပေါ့။ သူ့ထက်မိုက်တဲ့ကောင်တောင် သူ့လောက်မမိုက်ဘူး သမီးရေ။ အဲဒီ့ကောင်လေးက သူ့ကိုယ်သူ သေကြောင်းကြံခဲ့တဲ့ အချိန်မှာ အိပ်ယာလေးပေါ်မှာ အိပ်နေရင်း ဘေးက သူငယ်ချင်းက မုန့်စားဖို့ လာအနှိုးမှာမှ လုံးဝသတိမလည်တော့လို့ အိမ်မှာ အော်ဟစ် အကူအညီတောင်းပေးရတာတဲ့ သမီးရေ။ ပါးစပ်မှာလဲ အမြှုပ်တွေထနေပြီတဲ့။ အဖေလုပ်တဲ့လူက သားကြီး သားရေလို့ အော်ပြီး ကားပေါ်ကို ပွေ့တင် ကားကို တရကြမ်းမောင်းပြီး ဆေးရုံကို ပြေးခဲ့ရတာ။ အဲဒီ့ကောင်လေးရဲ့ သူငယ်ချင်းသာ မတွေ့ခဲ့ရင် အဲဒီ့ကောင်လေး သေချာတယ် သေပြီလေ။ အဲဒီ့ မိုက်လုံးကြီးတဲ့ လောကကို အရှုံးပေးခဲ့တဲ့ ကောင်လေးက အခုသမီးလေး ခင်တဲ့ ချစ်တဲ့ ဒက်ဒီလေးပေါ့။

အဲဒီ့အချိန်ကစပြီး ဒက်ဒီလေးဟာ လူ့လောကထဲကို လူအသစ်တစ်ယောက် အနေနဲ့ ပြန်ရောက်လာတာပါ သမီးရေ။ ဒက်ဒီလေး ဆေးရုံမှာ သတိရတဲ့ အချိန်မှာ ဘေးမှာ အဖွားက အိပ်လို့ နပ်စ်မလေးက သွေးပေါင်တွေ တိုင်းပေးလို့ တစ်ခန်းလုံး တိတ်နေတာပဲ။ ဒက်ဒီလေး သတိရလို့ တစ်ချက်လူးလိုက်တော့ အဖွားက ချက်ခြင်းနိုးလာပြီးတော့ သားကြီးတဲ့ မျက်လုံးမှာလဲ မျက်ရည်တွေ ပြည့်လို့။ ဒက်ဒီလေးက စကားတောင် သေချာ မပြောနိုင်သေးဘူး ခေါင်းပဲ ညိတ်ပြနိုင်တယ်။ ဒက်ဒီလေး အမေရောက်လာတော့ နင်တော့လား တော်တော်လေး ဒုက္ခပေးတဲ့ကောင်ဆိုပြီး ပြောရင်းငို အဖေကတော့ အမေ့ကို မင်းတော်တော့ သွားစမ်း သားနေကောင်းအောင်နေ ဒါပဲပြောတယ်။ ဒါပေမယ့် သူတို့တွေ အားလုံးအတွက် သူတို့ ထင်တားတာထက် ထူးဆန်းတဲ့ သားတစ်ယောက် လောကကြီးထဲကို ပြန်ရောက်လာတာကိုတော့ အခုချိန်မှာ အဖေရော အမေပါ ကျေနပ်နေကြပါပြီ။ အဲဒီ့ အချိန်မှာ ဒက်ဒီလေး မျောနေတယ်လို့ ပြောရမလား။ သူများတွေလိုတော့ ဟိုရောက်ဒီရောက်တွေ မမှတ်မိဘူး။ မှတ်မိတာ တစ်ခုက ကိုယ့်ကိုကိုယ်သတ်သေတဲ့ အချိန်က စိတ်က တစ်ခု ပြန်ပြီး သတိရလာတဲ့ အချိန်မှာ ဖြစ်လာတဲ့ စိတ်က တစ်ခုဆိုတာ သေချာသွားတယ်။ အပြောင်းလဲကြီး ပြောင်းလဲသွားတယ်။ လူ့လောကထဲကို ပြန်ရောက်တဲ့ အချိန်မှာ ပထမဆုံး ကိုယ့်ဘာသာပြန်ပြောမိတာက ငါအသက်ရှင်တာ ငါ့အတွက်တင်မဟုတ်ဘူး ငါဟာ အရှုံးပေးတတ်တဲ့သူ မဟုတ်ဘူး လောကမှာ ငါလိုချင်တာကို ငါရအောင်လုပ်မယ် ဒါတော့ စိတ်ထဲမှာ အကြိမ်ကြိမ်ပြောဖြစ်တယ်။ အစကဆို လူမှုရေးကို သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး အခုလဲ သိပ်စိတ်ဝင်စားတယ်တော့ မဟုတ်ဘူး။ ဒါပေမယ့် လူပီသအောင်တော့ နေတတ်နေပြီထင်တာပဲ။ အဲဒီ့နောက်ပိုင်း သိလာတာကတော့ သိစိတ်နဲ့ မသိစိတ်ရဲ့ Crisis တွေပါပဲ။

တကယ်လဲ အခုချိန်ထိ အဲဒီ့နှစ်ခုပြိုင်နေတာကို ထိုင်ကြည့်နေမိတယ်။ သိစိတ်ကိုတော့ Angel လို့ ခေါ်ပြီး မသိစိတ်ကိုတော့ Devil လို့ ပေးထားတယ်။ တခါတလေမှာ Angel က Devil ကို မလှန်နိုင်တာရှိသလို တခါတလေမှာလဲ Devil က Angel ကို အနိုင်မရပါဘူး။ ဒါပေမယ့် ကိစ္စအားလုံးအတွက် သူတို့က ပြိုင်နေကြတာပါပဲ။ ဆုံးဖြတ်ချက်တိုက်ပွဲပေါ့ သမီးရယ်။ သူတို့ နှစ်ယောက်က စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ ပူးပေါင်းမိပြီဆိုရင်လဲ ဘယ်အရာကမှ တားလို့ မရဘူး။ အရင်က သူတို့ ရန်ဖြစ်နေတာကို ကြည့်နေပြီး တည့်မှ တည့်ပါ့မလားလို့ တွေးမိတယ်။ တကယ်တော့ သူတို့ကို အကောင်းဆုံး ပေါင်းစပ်ပေးနိုင်ရင် အဖြေလေးတွေက ကျေနပ်အံ့သြစရာဆိုတာ သိလာပါတယ်။ Angel ကတော့ တည်ငြိမ်သလို ရှိပေမယ့် Devil ကတော့ အမြဲတမ်း လှုပ်ရှားနေလေရဲ့ Devil ရဲ့ လှုပ်ရှားမှုက တခါတခါ ကိုယ်တောင် မသိလိုက်ရဘူး သမီးရေ။ ဘွားကနဲပေါ်လာတတ်တယ်။ တခါတလေ Angel က သူတော်ကောင်းယောင်ဆောင်တတ်တယ် ဒါပေမယ့် Devil ကတော့ အဲဒါကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောချလိုက်ပြန်ရော အဲဒီ့ကျတော့ ထငြိပြန်ရော။ အခုတော့ သူတို့ တည့်နေလေရဲ့။ နေ့တိုင်းရန်ဖြစ်သလို နေ့တိုင်းလဲ တည့်တည့်ရှုရှုနေတတ်ပါတယ်။ ဒက်ဒီလေးကတော့ အဲဒီ့ အကောင်လေးတွေကို လိုက်ဖမ်းရင်း သေခြင်းတရားကို သူတို့နှစ်ယောက် ရင်ဆိုင်ပုံလေးတွေကို သတိထားလိုက်မိတယ်။

အစကတော့ သေတော့မယ်ဆိုရင် ဆိုပြီးတွေးကြည့်ပေမယ့် ကိုယ်က တကယ်ဖြစ်ခဲ့ဖူးပြီဆိုတော့ မထူးတော့ပါဘူးကွာဆိုတာ ဖြစ်သွားရော။ အဲဒီ့တော့ ဒက်ဒီလေးက ဘာမှ မပြင်ဆင်တော့ဘူး။ ခုနက ဒက်ဒီလေးရဲ့ Angel လေးနဲ့ Devil လေးကိုပဲ တစ်ယောက်တစ်လှည့်စီ တိုက်နေတာကို ပိုပြီး အချိန်ပေးပြီး စောင့်ကြည့်တော့မယ် သမီးရေ။ အခုလဲ အဲဒီ့လိုပဲ နေတော့တယ်။ ဆိုတော့ကား ထူးပြီး ပြင်စရာ မရှိဘူးပေါ့ သမီးရယ်။ ဒက်ဒီလေးပို့စ်က သမီးလေး ရေးခိုင်းတာနဲ့ လွဲသွားတော့ စိတ်များဆိုးမလားမသိ။ ဒါပေမယ့်လဲ သမီးရယ် လောကမှာ သိစိတ်နဲ့ မသိစိတ်ကို မှတ်တာ အထိ အတွေ့ အနံ့ အရသာ အို အကုန်ပါပဲ မှတ်နေရတာပဲ မဟုတ်လား။ ကိုယ်ဒါလုပ်လို့ ငါဒါလုပ်နေတာပါလား ဆိုတာလေး သိရင် ပြည့်စုံပါတယ် သမီးရယ်။ သေမယ်ဆိုရင်လဲ ငါအသက်ရှုနေလား ရပ်သွားလားဆိုတာလေးပဲ နောက်ဆုံး အချိန်ထိ နှလုံးလေးသွင်းပြီး သေလိုက်ချင်ပါတယ်။ ဝင်လေ ထွက်လေကို မမှတ်နိုင်ရင်တောင် ထိတယ် သိတယ် ဒီလောက်တော့ မှတ်နေရင်း သေသွားချင်ပါတယ်။ ဘာမှ မသိပဲနဲ့ ရုတ်တရက် ငါသေတော့မှာပါလားဆိုတာတော့ အဖြစ်မခံချင်ဘူး။ အဲဒီ့တော့ ဆယ်ရက်လဲ ဒက်ဒီလေးအတွက်က တူတူပဲ ဆယ်မိနစ်လဲ တူတူပဲ ဘာမှ မထူးလို့ ပြင်ဆင်မယ့် အကြောင်း မရေးဖြစ်တာနော်။ ခုနက ပြောပြထားတာတွေကတော့ နေ့တိုင်း အချိန်တိုင်း ပြင်ဆင်နေတဲ့ အရာတွေပါပဲ သမီးလေးရေ။ မန်လည်ဆရာတော်ဘုရား ဟောသလိုပါပဲ သေတယ်ဆိုတာ ဒီဘဝမှာ နောက်စိတ်မဖြစ်တာပါ။

Read More...

Saturday, September 20, 2008

ကျွန်တော်ချစ်တဲ့ ကောင်မလေး

ကျွန်တော်ချစ်တဲ့ ကောင်မလေးက
နည်းနည်းတော့ ချို့တဲ့တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
သိပ်တော့ အပြစ်ကင်းလှတာ မဟုတ်ဘူး
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
အချောအလှကြီးတော့ မဟုတ်ပေမယ့် ကြည့်ကောင်းတယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
စိတ်ကောက်တတ်ပြီး ကလေးဆန်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
တခါတခါ စိတ်အားငယ်တတ်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ဦးနှောက်ထပ် နှလုံးသားကို ပိုသုံးတတ်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
အနက်ရောင်ဆို သိပ်မုန်းတတ်တယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော့်ကို ချစ်တော့ချစ်တယ်တဲ့
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော့်ကို မုန်းလဲမုန်းသတဲ့
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော့်ကို ကြောက်တယ်လို့လဲ ပြောတယ်
ကျွန်တော်ချစ်တဲ့ ကောင်မလေးက
ကျွန်တော်ချစ်တဲ့ ကောင်မလေးကလေ
တနေ့ကတော့ ပြောသွားတယ်
သိပ်ချစ်လို့ စွန့်လွှတ်ပါရစေတဲ့ . . . .
အဲဒါ ကျွန်တော်ချစ်တဲ့ ကောင်မလေးလေ . . .။

zeRoTraSh
20th, September, 2008.

Read More...

Wednesday, September 17, 2008

ကျွန်တော်ကြိုက်တဲ့ ဖဲကစားနည်း


ဖဲကစားနည်းလို့ပြောလိုက်တာနဲ့ လူတွေစိတ်ထဲမှာ မကောင်းမှုတစ်ခုလို့ မြင်ကြတာ သဘာဝပါပဲ။ အင်းလေ ဒါကလဲ လောင်းကစားနည်းတစ်ခုပဲကိုး။ ဖဲသမားဆိုရင် နှာခေါင်းရှုံ့ချင်ကြတာ ဓမ္မတာပါပဲ။ ဘယ်ဂုဏ်သရေရှိ လူကြီးလူကောင်း စာရင်းထဲမှာမှ ဖဲသမားမပါပါဘူး။ ဘယ် Casino ပိုင်ရှင်ကိုမှလဲ ဂုဏ်သရေရှိစာရင်းထဲထည့်မထားတာ သေချာသလောက်ပါပဲ။ ကျွန်တော်ကလဲ ဖဲကစားခြင်းကို အားပေးအားမြှောက်လုပ်ချင်လို့၊ ဖဲသမားကို အမွှန်းတင်ချင်လို့ ဒါကို ရေးတာ မဟုတ်ဘူးဆိုတာ ကြိုပြောထားပါရစေ။ ဒါပေမယ့် အဲဒီ့ လောင်းကစားဆန်မှု ဖဲကစားနည်းတွေထဲက ကျွန်တော် နှစ်သက်တဲ့ ဖဲကစားနည်းတစ်မျိုး၊ တနည်းအားဖြင့် ကျွန်တော့်ကို အတွေးမြင်သစ်တွေ ဖြစ်စေခဲ့တဲ့ ဖဲကစားနည်းတစ်မျိုးကို ပြောပြချင်ယုံသက်သက်ပါပဲ။

ကဲ ကျွန်တော်ကြိုက်တဲ့ ဖဲရိုက်နည်းကို မပြောခင် ကျွန်တော်ဖဲချပ်တွေနဲ့ ရင်းနှီးပုံကို ပြောပြပါ့မယ်။ ကျွန်တော်တို့မိသားစု အထူးသဖြင့် အဖိုးရှိတုန်းကပေါ့ တစ်ပတ်တစ်ခါ မိသားစုလိုက် အပျော်တမ်းဖဲကစားလေ့ရှိတယ်။ ကစားတာကတော့ နည်းမျိုးစုံပါပဲ။ ကျွန်တော်ဖဲနဲ့ ဘယ်လိုရင်းနှီးသလဲဆိုတော့ ၃ နှစ်သားလောက်ကထဲက အဖိုးပေါင်ပေါ်ထိုင်ရင်း ဂျိုကာတွေ့ရင်ထနမ်းတဲ့အထိ၊ ဒါဘာလဲဆိုဂျိုကာလို့ ပီပီသသပြောတတ်တဲ့ ကောင်ပါ။ ကဲစဉ်းစားကြည့် ငယ်ငယ်ထဲက အဲဒီ့လိုစတာ။ ၅ နှစ်သားလောက်ကျတော့ ၁၃ ချပ်ကစားနည်းလို့ ခေါ်တဲ့ ပိုကာကို ကျွန်တော် ကောင်းကောင်းကစားတတ်နေပြီ။ လူကသာ စာမတတ်သေးတာ ဖဲကတော့ ကောင်းကောင်းရိုက်တတ်နေပြီ။ ကျွန်တော်လူပျိုပေါက်အချိန်မှာတော့ ဖဲရိုက်နည်း မျိုးစုံနည်းပါးကို ရိုက်တတ်နေပါပြီ။ သူငယ်ချင်းတွေနဲ့ဆုံရင်၊ ခရီးသွားရင်၊ ဖဲကစားတတ်တဲ့ အိမ်တွေရောက်ရင် ကျွန်တော်ရိုက်လေ့ရှိပါတယ်။ ကျွန်တော်အကြိုက်ဆုံး ဖဲကစားနည်းကတော့ Show လို့ခေါ်တဲ့ တစ်ချပ်မှောက် ကစားနည်းပါပဲ။ အဲဒီ့ တစ်ချပ်မှောက် ဖဲဝိုင်းက ကျွန်တော့်ကို အများကြီး သင်ပေးလိုက်ပါတယ်။

Show ကစားနည်းကို ဖဲရိုက်တတ်တဲ့ လူတော်တော်များများ သိပြီးသားပါ။ သူကတစ်ချပ်မှောက် ထားပြီး လေးချပ်ပြထားတာပါ။ တကယ်တမ်း အသက်ကတော့ မှောက်ထားတဲ့ ဖဲတစ်ချပ်ပါပဲ။ အဲဒီ့ မှောက်ထားတဲ့ ဖဲတစ်ချပ်ကို ခန့်မှန်းတွက်ဆပြီးမှ အနိုင်အရှုံးပေါ်တာပါ။ ဒီနေရာမှာ Show ကစားနည်းကို ရေးပြလိုက်ရင် ပြီးမှာ မဟုတ်တော့ပါဘူး။ (မကစားတတ်သေးသူများ ကိုယ့်ဘာသာ နီးစပ်ရာ ကစားတတ်တဲ့သူများ ထံတွင် လေ့လာရန် ဤကား စကားချပ်) ပြောချင်တာက ဒီကစားနည်းရဲ့ ထူးခြားချက်တွေကိုပါ။ ဒီကစားနည်းမှာ လူငါးယောက်အထိ တချို့လဲ ခြောက်ယောက်အထိ ကစားကြပါတယ်။ အသင့်တော်ဆုံးကတော့ ငါးယောက်ကစားတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ့လူအားလုံးဟာ ကိုယ့်ရဲ့မှောက်ထားတဲ့ တစ်ချပ်မှောက်ဖဲအတွက် တိုက်ပွဲဝင်ကြရတာပါပဲ။ ဖဲက စုစုပေါင်း ၅ ချပ်ဝေပါတယ်။ ဒါပေမယ့် အဲဒီ့ ၅ ချပ်ကို တစ်ခါထဲ တစ်ထိုင်ထဲ ချက်ခြင်းဝေလိုက်တာမျိုး မဟုတ်ပါဘူး။ တစ်လှည့်မှာ တစ်ချပ်နှုန်းပဲဝေတာပါ။ တစ်ချပ်ဝေလိုက်တိုင်း ဖဲပေါ်မူတည်ပြီး အကြီးဆုံးလူက စိန်ခေါ်မှုအနေနဲ့ ပိုက်ဆံထည့်ပြီါ် ကျန်တဲ့လူတွေကို ခေါ်ရပါတယ်။ တစ်ယောက်က ခေါ်လိုက်ပေမယ့် ကျန်တဲ့သူက လိုက်ချင်ရင် လိုက်လို့ရပါတယ်။ မလိုက်ချင်ရင် မလိုက်ပဲနဲ့ အဲဒီ့ပွဲကနေ ထွက်လို့ရပါတယ်။ ဒါမှ မဟုတ် သူခေါ်တဲ့ ပမာဏထက် ၂ ဆ၊ ၃ ဆ ပိုဆောင်းထပ်ပြောပြီး စခေါ်တဲ့လူကို ကန်ကြည့်လို့ရပါတယ်။ စခေါ်တဲ့လူရဲ့ ငွေကြေးက အတည်မဟုတ်ပါဘူး။ ကန်ခွင့်ပေးထားပါသေးတယ်။ ဒါက ဘာနဲ့တူသလဲဆိုရင် Challenge လုပ်တာနဲ့တူပါတယ်။ ကျွန်တော်တို့တတွေ စီးပွါးရေးလုပ်ငန်းတွေ၊ လူမှုဘဝတွေထဲမှာလဲ အဲဒီ့လိုမျိုးနေ့စဉ် Challenge တွေနဲ့ ဆုံတွေ့နေကြရတာပါပဲ။ ဒီလိုစခေါ်တဲ့လူရှိလို့ ကျွန်တော်တို့တွေ လိုက်မလား ပြေးမလား၊ ဒါမှမဟုတ် သူ့ကိုထပ်ပြီး ပြန်ကန်မလား ကြိုက်တဲ့လမ်းကို ရွေးလို့ရပါတယ်။ ဘယ်သူကမှ ချုပ်ချယ်မထားပါဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါပဲ။

ဒီလိုမျိုး Show ကစားလို့ ဇာတ်ရှိန်အမြင့်ဆုံး ဖြစ်တဲ့ ၅ ချပ်လုံးပြည့်သွားတဲ့ အချိန်ဟာ စိတ်ဝင်စားစရာ အကောင်းဆုံး အချိန်ပါပဲ။ လူ ၅ ယောက်လုံးက လိုက်ခဲ့တယ် ဖြစ်စေ၊ ဒါမှ မဟုတ် ၂ ယောက်ပဲကျန်ခဲ့တယ် ဖြစ်စေ။ အလယ်က ပိုက်ဆံပုံအတွက် ယှဉ်ရပါတော့တယ်။ ဒီအချိန်မှာ တစ်ယောက် မျက်နှာ တစ်ယောက်အကဲ ခတ်ကြပါတယ်။ Show ကစားနည်းမှာ Emotional ကိုခန့်မှန်းရတာလဲ ရင်ခုန်စရာပါ။ တစ်ယောက်ရဲ့ မှောက်ထားတဲ့ တစ်ချပ်ကို နောက်တစ်ယောက်က အပြန်အလှန်ခန့်မှန်းရတဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ ကိုယ်ကသူများကို ခန့်မှန်းသလို ကိုယ့်ကိုလည်း သူများက ခန့်မှန်းနေတာပါပဲ။ အဲဒီ့မှာ ဖဲရဲ့အဆင်တွေ၊ ဖြစ်နိုင်ခြေတွေ၊ လက်ကျန်ဖဲ အခြေအနေတွေ၊ မြင်နေရတဲ့ဖဲတွေ ဒါတွေအားလုံးကို စုပေါင်းဆက်စပ်ပြီး ခန့်မှန်းကြရပါတယ်။ အဲဒီ့ထက်ပိုဆိုးတာက ဖဲဝိုင်းမှာ တောက်လျှောက်ကစားလာတဲ့ သူတို့တွေရဲ့ အမူအကျင့်နဲ့ ဖဲပေါ်တွက်ချက်မှု အဲဒါတွေပါ ပါလာပါတယ်။ ကိုယ့်ရဲ့ခန့်မှန်းချက်တစ်ချက် လွဲချော်သွားတာနဲ့ အားလုံးဆုံးရှုံးသွားနိုင်ပါတယ်။ ကိုယ်ခန့်မှန်းတာ မှန်သွားပြီဆိုရင်လဲ အနိုင်ရမှာက ကိုယ်ပါပဲ။

ကိုယ့်ဖဲက တစ်ကယ်တမ်းတော့ ဒုတိယဦးစားပေး အကောင်းဆုံး၊ ကိုယ့်ပြိုင်ဘက်က ပထမဦးစားပေး ဒါမျိုးဆိုရင် သူ့ကို ခေါ်ဖို့ အလှည့်ပေးရပါတယ်။ အဲဒီ့မှာ သူကကိုယ့်ကို ခေါ်လိုက်ပြီ ဆိုရင် ဒါမှမဟုတ် Show လိုက်ပြီဆိုရင် ကိုယ်က လိုက်မလိုက်စဉ်းစားရပါပြီ။ ကိုယ်မလိုက်ပဲလဲ ထွက်လို့ရပါတယ်။ ဒါဆိုရင်တော့ သူ့ဘက်က အဲဒီ့ငွေတွေကို ဘာမှ လျှောက်လွှဲချက်ပေးစရာ မလိုပဲ တနည်းအားဖြင့် သူ့မှောက်ထားတဲ့ဖဲကို ပြစရာမလိုပဲ စားလိုက်လို့ ရပါတယ်။ တကယ်လို့ အဲဒီ့ လူဟာ ပထမဦးစားပေးဖဲနဲ့ ရှိနေပေမယ့် သူဟာရှေ့မှာ ဖဲကို ဟောက်ပြီး ကစားလာတဲ့လူဖြစ်လို့ ကိုယ်က အယုံအကြည်မရှိပဲ လိုက်ရင်လဲရပါတယ်။ မှောက်ထားတဲ့ ဖဲက အဓိကပါပဲ။ ရှေ့ကပွဲတွေမှာ တောက်လျှောက်ဟောက်လာတယ် (လိမ်စားတယ်ပေါ့လေ) ဒါပေမယ့် ဒီတစ်ကြိမ်က တစ်ကယ့် အမှန်ဆိုလဲ ကိုယ်က ခံလိုက်ရမှာပါ။ အဲဒါကြောင့်ပြောတာပါ လူရဲ့ Character ရော Emotion ရောကိုပါ ထည့်တွက်ရတဲ့ ကစားနည်းပါလို့။

ဒီကစားနည်းက အိုင်ဒီယာကို အဓိကဖြစ်သလို၊ တွက်ချက်မှုကလဲ အရေးပါပါတယ်။ ကိုယ့်ကို ဘယ်သူမှ တားလို့မရသလို အခြေအနေအားလုံးကိုလဲ ကိုယ်တိုင်ပဲ တွက်ချက်မှန်းဆနိုင်ပါတယ်။ ကျွန်တော်တို့ လက်တွေ့ဘဝတွေနဲ့ အနီးစပ်ဆုံး ဖဲကစားနည်းပါပဲ။ ကျွန်တော်တို့ နေ့စဉ်ရင်ဆိုင်နေရတဲ့ ခက်ခဲနေတဲ့ ပြဿနာတွေဟာလဲ ဟိုဘက်က မှောက်ထားတဲ့ ဖဲချပ်ကို ခန့်မှန်းရတဲ့ အဖြစ်နဲ့ ဆင်တူနေပါတယ်။ အလုပ်လုပ်ရင်းလဲ ကိုယ့်ပြိုင်ဘက်ကို အမြဲတမ်း ခန့်မှန်းနေကြရတာပါပဲ။ အဲဒီ့မှာ ခုနကလို ဖဲအဆင်တွေလိုပေါ့ သူ့ရဲ့လုပ်ငန်းသဘာဝကို ကိုယ်က မြင်တွေ့နေရတာပါပဲ။ တစ်ခုပဲ သူ့အိုင်ဒီယာကို ကိုယ်ကတွက်နိုင်ဖို့ပဲ။ အဲဒါကလဲ သူ့ရဲ့မှောက်ထားတဲ့ ဖဲတစ်ချပ်ပဲလေ။

နောက်တစ်ခုက ဖဲဝိုင်းမှာလိုပဲ သူနဲ့ တူတူရိုက်လာတဲ့ အချိန်တစ်လျှောက်လုံး သူ့ရဲ့လှုပ်ရှားပုံ ဆုံးဖြတ်ပုံ အဲဒါတွေကို ခန့်မှန်းရသလို ကိုယ့်လုပ်ငန်းပြိုင်ဘက်ရဲ့ လုပ်လာတဲ့ ပုံစံ၊ သက်တမ်း၊ ပစ္စည်းအနေအထား၊ အမူအကျင့် ဒါတွေကို ခန့်မှန်းရတာခြင်း တူညီနေပါတယ်။ ကိုယ့်ပြိုင်ဘက်ကို လျှော့တွက်လို့ မရသလို၊ ပိုတွက်လို့လဲ မရပါဘူး။ တခါတရံမှာ သူ့မှာ ဘာမှ မရှိပါပဲနဲ့ ကိုယ့်ကို ဈေးကွက်ထဲက၊ အသိုင်းအဝိုင်းထဲက ဟောက်ထုတ်ပစ်ဖို့ လုပ်တတ်သလို၊ ကိုယ့်ကို ရှေ့တစ်ကွက်တိုးစေပြီး နောက်ဆုံးကျမှ သူ့လျှို့ဝှက်ချက်ကို ပြပြီး ကိုယ့်ကို မောင်းထုတ်လိုက်တာလဲ ရှိပါသေးတယ်။ ဘာပဲပြောပြောကိုယ့် ဆုံးဖြတ်ချက်ကသာ အဓိကပါပဲ။ သူနဲ့ကိုယ် ဥာဏ်ခြင်းယှဉ်ကြတာပါပဲ။ တခါတလေသူ့ဖဲက အရမ်းကောင်းလွန်းလို့ ကိုယ်ကလွှတ်ပေးလိုက်ရသလိုပဲ စီးပွါးရေးမှာလဲ လွှတ်ပေးလိုက်ရတယ်ဆိုတဲ့ အကြိမ်တွေရှိပါတယ်။ ဒါဟာ ဒီပွဲကိုသာ အရှုံးပေးတာဖြစ်ပြီး တစ်ဝိုင်းလုံးစာ အရှုံးပေးလိုက်တာ မဟုတ်ပါဘူး။ တကယ်လို့သာ အလျှော့ပေးသင့်ပါလျှက်နဲ့ ကိုယ်က မပေးခဲ့ဘူးဆိုရင် ဝိုင်းထဲကနေထပြန် သွားရလောက်အောင် ရှုံးသွားတတ်ပါတယ်။ လောကကြီးမှာလဲ တူတူပါပဲ တစ်ကြိမ်အလျှော့ပေးလိုက်တာဟာ တစ်ဘဝစာ အလျှော့ပေးလိုက်တာ မဟုတ်သလို နောက်တစ်ကြိမ်အတွက် အားမွေးတာနဲ့တူတူပါပဲ။ တစ်ကြိမ်တစ်လေမှာတော့ ကိုယ့်ဘက်က သိပ်ခိုင်မာနေရင် သူ့ကိုပြန်ပြီး စိန်ခေါ်လို့ ရပါတယ်။ ဒါပေမယ့် သူ့ကိုရှေ့မှာ ရှုံးထားတဲ့ အရှုံးကြောင့်၊ ဒါမှမဟုတ် ငွေကြေးအင်အားနည်းလာတာကြောင့် ပြေးခဲ့မယ်ဆိုရင် ကိုယ်ဟာဘယ်တော့မှ အဲဒီ့ဝိုင်းထဲမှာ ဝင်ဆန့်အောင်ဆက်ကစားဖို့ ငွေကြေးပြန်မရနိုင်သလို စိတ်ဓါတ်မှာပါ ပျက်ပြားသွားစေနိုင်တယ်။ ဥပမာ ငါကံမကောင်းသေးဘူးလို့ တွေးမိတာမျိုးပေါ့။

ကိုယ့်ဘက်က သေချာနေပြီ ပိုင်နိုင်နေပြီဆိုရင် ပြိုင်ဘက်ကို ပြန်စိန်ခေါ်ဖို့ ဝန်လေးစရာ မရှိပါဘူး။ တကယ်လို့ သူကမယုံကြည်လို့ လိုက်လာခဲ့ရင်တောင်မှ ဒါမှမဟုတ် သိပ်နိုင်နေလို့ ငွေပေါနေလို့ လိုက်လာခဲ့ရင်ဆိုရင်တောင် ကိုယ်ကသေချာနိုင်နေပြီပဲ ဘာများ ကြောက်စရာလိုလို့လဲ။ မှောက်ထားတဲ့ ဖဲချပ်ကို လှန်ပြပြီး သတ္တိရှိရှိ လောင်းကြေးအကုန်လုံး စားလိုက်ရုံပေါ့။ အဲဒီ့မှာတင် ကိုယ့်ယုံကြည်ချက်က ခိုင်မာသွားပြီ ဖြစ်သလို ပြိုင်ဘက်ကိုလဲ အသာစီးရလိုက်ပြီး အလဲထိုးလိုက်နိုင်ပါပြီ။ လုပ်ငန်းသဘာဝမှာလဲ ထိုနည်း ၄င်းပါပဲ။ ကိုယ်က ဓနအင်အားချို့တဲ့လို့၊ ကိုယ်က သေချာနေရက်နဲ့ အရှုံးပေးစရာမလိုပါဘူး။ ခုနကကိုယ့်ရဲ့ မှောက်ထားတဲ့ ဖဲချပ်လေး ပြလိုက်သလို ကိုယ့်အလုပ်ကို ပြလိုက်ပါ။ ပြိုင်ဘက်ရဲ့ အရှိုက်ကို တည့်တည့်ထိပြီး အနိုင်ရပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဘက်က သူ့ကို နိုင်မယ်ဆိုတာ သေချာရပါမယ်။ ကိုယ့်ဘက်က အခြေခိုင်ရင် ဘာမှ ကြောက်စရာ မလိုပါဘူး။ show ကစားရင် ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ထိန်းရပါတယ်။ ဖဲမကောင်းလို့ စိတ်ပျက်သွားတာ၊ ဖဲကောင်းလို့ အူမြူးနေတာ၊ နိုင်မယ်သေချာလို့ စိတ်လှုပ်ရှားနေတာ ဒါတွေကို အပြင်ကို ထုတ်မပြရပါဘူး။ ဒီလိုပြနေတဲ့ လူဆိုရင် တစ်ဘက်လူက ကိုယ့်ရဲ့ အမူအကျင့်ကို ကြည့်လိုက်ရုံနဲ့ ကိုယ့်ဖဲဘာဆိုတာ တန်းပြီး မှန်းလို့ရသွားမှာပါ။ မတုန်မလှုပ် ကျောက်ရုပ်ဆိုရင်တော့ အင်မတန် ခန့်မှန်းရခက်ပါတယ်။ စီးပွါးရေး လောကမှာရော နေ့စဉ်ဘဝမှာပါ ဒီအတိုင်းပါပဲ။ စိတ်လှုပ်ရှားလွယ်တဲ့လူကို စိတ်တည်ငြိမ်တဲ့လူက အလွယ်တကူ ခန့်မှန်းနိုင်ပြီး အနိုင်ယူလို့ ရပါတယ်။

ကဲ Show ကစားနည်းအကြောင်းကို ပြောပြီးပြီ အဲဒီ့အထဲက ကျွန်တော် ဘာတွေရခဲ့သလဲဆိုရင်တော့ အောက်ပါအချက်အလက်တွေကို ရခဲ့ပါတယ်။ အဲဒါတွေကတော့ . . .
1. Competative Management
2. Risk Management
3. Time and Space Management
4. Emotional Management
5. Financial Management
6. Vision
7. Idea
8. Self Confidence
9. Guessing Power နဲ့အတူ ကျွန်တော်ခေါင်းစဉ်မတပ်တတ်တဲ့ အရာတွေ ရခဲ့ပါသေးတယ်။ Show ကစားဖို့ အားပေးအားမြှောက် ပြောနေတာမဟုတ်ပေမယ့် ကိုယ်သာ Show ကစားတဲ့ သူဆိုရင် အဲဒါလေးတွေ ရမရ ပြန်ချိန်ကြည့်စေချင်တာပါပဲ။ ဖဲကစားတိုင်း မကောင်းတာ မဟုတ်သလို ယူတတ်ရင် ရတယ်ဆိုတာ ပြောချင်တာပါ။ ခင်ဗျားသာ Show မကစားတတ်သေးသူ တစ်ယောက်ဆိုရင် သိရုံလောက်တော့ စမ်းကစားပြီး ခုနက အချက်တွေ ဟုတ်မဟုတ် သုံးသပ်ကြည့်ပေါ့။ ဖဲသမား ဖြစ်သွားရင်တော့ တာဝန်မယူဘူးနော်။ ကြိုပြောထားပါရဲ့။ ကဲ ခုတော့ တော်သေးပြီ။

Read More...

Saturday, September 13, 2008

ကပ္ပိယတစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင် (၃)


ကျွန်တော့်ရဲ့ ကပ္ပိယပို့စ်တွေဖတ်ပြီး သဘောကျတယ်လို့ ပြောကြတော့ ပျော်မိပါတယ်။ ဆက်တိုက်ရေးချင်ပေမယ့် အချိန်ကမရတော့ တော်တော်နဲ့ မရေးဖြစ်ဘူး။ ကျွန်တော်က ၁၊ ၂၊ ၃ စသည်ဖြင့် နံပါတ်တပ်ရေးပေမယ့် အဆက်အစပ် ရှိချင်မှလဲ ရှိပါ့မယ်။ ကျွန်တော် ပြောချင်တာတွေကို ရေးနေရတာဆိုတော့ အဆက်အစပ် မရှိနိုင်ပါဘူး။ သတိရတာလေးတွေ အဲဒီ့အချိန်မှာ ရလိုက်တာလေးတွေကို အတွေ့အကြုံအနေနဲ့ ရေးပေးတာပါ။ အခုလဲ ဆရာတော်နားမှာ နေခဲ့တဲ့ အချိန်မှာ ကျွန်တော့်အတွက်ရလိုက်တာလေးတွေ ကျွန်တော်ထပ်ရေးပြချင်စိတ် ပေါ်လာလို့ ထပ်ရေးလိုက်ပါတယ်။

ဆရာတော်နားမှာ ကပ္ပိယအနေနဲ့ နေလိုက်တာ ကျွန်တော့် ဘဝမှာ အလှည့်အပြောင်းတစ်ခု အနေနဲ့ မှတ်တမ်းတင်ထားချင်ပါတယ်။ ကပ္ပိယတစ်ယောက် အနေနဲ့ နေခဲ့ရပေမယ့် ကျွန်တော်ရလိုက်တဲ့ သင်ခန်းစာတွေက ဒီနေ့ထက်ထိ သုံးလို့ကို မကုန်နိုင်သေးပါဘူး။ ကပ္ပိယ အဖြစ်တစ်လလောက် လုပ်လိုက်တာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ အတွေးအခေါ်တွေကို ရရှိစေခဲ့တယ်ဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ ဆရာတော့်နားမှာ ကျွန်တော်နေ့တိုင်း ဝတ်ဖြည့်ပေးရင်းနဲ့ ကျွန်တော့်ဘဝအတွက် တန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်အောင် လေ့လာခွင့်တွေ ရခဲ့ပါတယ်။ ပထမဆုံး ကျွန်တော် ရုံးကို ပြန်ရောက်တဲ့နေ့က သတိထားလိုက် မိပါတယ်။ ငါ့ရုံးတော့ သွားပြီဆိုတာကိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဆရာတော်နောက်လိုက်တုန်း ရုံးကို ပစ်ထားလိုက်တာပါ အဲဒီ့မှာ ပြန်လာလာချင်း ကျွန်တော့်ရုံးရဲ့ အဓိက အားနည်းချက်ကြီးကို သွားတွေ့ပါတယ်။ အရင်ကဆို သတိထားမိချင်မှ ထားမိမှာပါ။ အခုတော့ ချက်ခြင်းကို သတိထားမိလိုက်ပါတယ်။ ဖိနပ်ချွတ်မှာ ဖိနပ်တွေ အတုန်းအရုန်း သဲတရှပ်ရှပ်နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပါပဲ။ အဲဒီ့မှာတင် ကျွန်တော် သိလိုက်ပါတယ်။ ငါ့ management အင်မတန်ဖျင်းတယ်ဆိုတာပါပဲ။ ချက်ခြင်းပဲ မန်နေဂျာကို ခေါ်ပြီးပြောပါတယ် revolution လုပ်ကိုလုပ်ရတော့မယ် မလုပ်လို့ မရတော့ဘူး ကျွန်တော်တို့ ရုံးပျက်နေပြီလို့။ အဲဒီ့လိုစလိုက်တဲ့ ကျွန်တော့် revolution ဟာ ၂ လအတွင်းမှာပဲ ဝန်ထမ်း ၈ ယောက်ထွက်သွားတဲ့ အထိဖြစ်ခဲ့ပါတယ်။ ကျွန်တော် ခေါ်ပြောတဲ့ မန်နေဂျာကိုယ်တိုင် resign လုပ်သွားပါတယ်။ ကျွန်တော်ရုံးကို ရောက်ရောက်ခြင်း management ပိုင်းကို ပြန်စိစစ်ပြီး ကျွန်တော် Rules and Regulation တွေကို ပိုသေချာအောင် ချခဲ့တယ်။ ကျွန်တော် စည်းကမ်းပိုင်းမှာ တင်းကျပ်ပေးလိုက်ပါတယ်။ အဲဒါက ဘယ်ကရသလဲဆိုတော့ ဆရာတော်နားမှာ နေတုန်းက ရခဲ့တာပါ။ ဆရာတော်က သိက္ခာဝိနည်းနဲ့ အညီနေထိုင်ပါတယ်။ ကျွန်တော်ကလဲ ရိုသေတော့ စည်းကမ်းတကျနေခဲ့ပါတယ်။ ကျွန်တော်မှားနေရင် ဆရာတော်က ချက်ခြင်းဆိုဆုံးမပါတယ်။ အဲဒါရဲ့ အကျိုးဆက်ကတော့ ခုနကလို ကျွန်တော် management ပိုင်းကို ပြင်ရတဲ့ အတွေးဝင်လာတာပါပဲ။ စည်းကမ်းပိုင်းကို ချမှတ်တတ်သွားပါတယ်။

ဆရာတော်နားမှာနေတော့လေ ဆရာတော်ကို ဒကာ၊ဒကာမတွေက ဆွမ်းကပ်ဖို့ အမြဲတမ်းပြောနေကြတာ ကပ္ပိယဖြစ်တဲ့ ကျွန်တော်ကလဲ မှတ်ရတာပေါ့။ အဲဒီ့မှာ Time Management ကိုပါ ထပ်ရလိုက်ပါတယ်။ ဆရာတော်ရဲ့ အချိန်တွေဟာ အမြဲတမ်းတန်ဖိုးရှိပါတယ်။ ဆွမ်းကပ်ချင်ကြပေမယ့် ကျွန်တော့်မှာ နေရာဒေသကိုကြည့်ပြီး လက်ခံရပါတယ်။ ဥပမာ မြောက်ဒဂုံမှာ အရုဏ်ဆွမ်းစားပြီး မြို့ထဲမှာ နေ့ဆွမ်းစားရမယ်ဆိုရင် လမ်းမှာတင် ကျွန်တော်တို့ အချိန်တော်တော် များများကုန်သွားမှာပါ။ အဲဒါကြောင့် နီးစပ်ရာကိုလက်ခံပါတယ်။ မြောက်ဒဂုံမှာ အရုဏ်ဆွမ်း ပါရမီမှာနေ့ဆွမ်းဆိုရင် အင်မတန်အဆင်ပြေသွားပါတယ်။ အချိန်တွေလဲ save လုပ်ရာကြပါတယ်။ ဆရာတော်က ကျွန်တော့်ကို ပြောနေကြစကားရှိပါတယ် အချိန်တွေကို save လုပ်ပါတဲ့။ ဟုတ်ကဲ့ အဲဒါရဲ့ အဖြေက ကျွန်တော်ရုံးမှာ အလုပ်လုပ်ရင်း Time saving ကိုဘယ်လိုလုပ်ရမယ်ဆိုတာ သွားတွေ့ပါတော့တယ်။ အဲဒီ့နောက်ပိုင်း ကျွန်တော်ဟာ အရင်ကထပ် အလုပ်ပိုများလာပြီး အရင်ကထပ်ပိုပြီး အချိန်ရှားပါးသွားပါတယ်။ အချိန်တိုင်းဟာ ကျွန်တော့်အတွက် လုပ်စရာတွေ ပြည့်နှက်နေပါတော့တယ်။ ဖုန်းပြောတာကအစ အပိုအလို မပြောတော့ပါဘူး (ဆရာတော် ဆုံးမတဲ့ အထဲမှာလဲ အဲဒါပါပါတယ် ဒါလဲ time saving တစ်မျိုးပါပဲ)။ သူများရဲ့ အချိန်တွေကို တန်ဖိုးထားတတ်သလိုမျိုး ကျွန်တော့်ရဲ့ အချိန်တွေကိုလဲ သူများတွေက တန်ဖိုးထားလာပါတယ်။ ဒါက ကပ္ပိယလုပ်ခဲ့ရတဲ့ အထဲက ရခဲ့တဲ့ အမြတ်တွေပေါ့။

ဆရာတော်က ဒီမှာလာပြီး အလှူဒါနလုပ်တာပါ။ ဆရာတော်က ဝတ္ထုငွေကို လက်နဲ့တောင် မထိပါဘူး လက်လဲမခံပါဘူး။ ကပ္ပိယဖြစ်တဲ့ ကျွန်တော့်ဆီမှာပဲရှိပါတယ်။ လှူလာရင်လဲ ကျွန်တော်လက်ခံပေးရပါတယ်။ ကိုစိုးထက်ကြီးက ဟိုကနေပြီးငွေလွှဲရင်လဲ ကျွန်တော်က တာဝန်ယူပြီး ထိန်းသိမ်းပေးရပါတယ်။ ဆရာတော် လှူမယ့်နေရာရောက်မှ ကျွန်တော်ကလှူပေးရပါတယ်။ ဆရာတော်ကို လှူတဲ့ စာရင်းတွေပါသလို နာဂစ်အတွက်လှူတဲ့ စာရင်းတွေလဲရှိပါတယ်။ အဲဒါတွေကို ကျွန်တော်ခွဲမှတ်ပေးရပါတယ်။ ဆရာတော်ပြန်ကြွတဲ့ အခါမှ အဲဒီ့စာရင်းတွေကို ကိုစိုးထက်ဆီ ပို့ပေးရပါတယ်။ ကိုယ့်ပိုက်ဆံမဟုတ်တဲ့ အတွက် ကျွန်တော်တို့ စာရင်းတွေကို အတိအကျဖြစ်အောင် လုပ်ပေးရပါတယ်။ အဲဒါကလဲ ကျွန်တော့်ကို ရုံးမှာ ငွေစာရင်းတွေ သေချာပြန်စစ်တတ်အောင် ကျင့်ပေးလိုက်တာပါပဲ။ အရင်ကထက် ကျွန်တော်ပိုပြီး စာရင်းဇယားမှာ ပိုတိကျလာပါတယ်။ ငွေကို လွယ်လွယ်မထုတ်ပေးတော့ပါဘူး။ ကားခကအစ ကျွန်တော်သေချာ စိစစ်ပါတယ်။ ကုမ္ပဏီဆိုတာ ကျွန်တော်ပိုင်ပါတယ်ဆိုပေမယ့် ရှယ်ယာသမားတွေ ရှိပါသေးတယ် သူတို့ကို ကျွန်တော်လေးစားသောအားဖြင့် ကျွန်တော့်စာရင်းတွေကို အရင်ကထက်ပိုပြီး တိကျအောင် ကျွန်တော်လုပ်ပါတယ်။ အဲဒီ့တော့ ဘာသံထွက်လာသလဲဆိုရင် လူတွေက ကျွန်တော့်ကို ငွေစကားပြောတယ်လို့ ပြောလာပါတယ်။ ဟုတ်ပါတယ် ဝန်ခံပါတယ်။ ကျွန်တော် စီးပွါးရေးလုပ်နေတဲ့ အတွက် ငွေစကားပြောပါတယ်။ အဲဒီ့အတွက် ကျွန်တော်မှန်တယ်လို့ ထင်ပါတယ်။ သူတို့ကို ပြောပြပါတယ် ငွေစကားပြောတယ် ဟုတ်တယ် စီးပွါးရေးလုပ်နေတဲ့လူ တစ်ယောက်က ငွေစကား မပြောဘူးဆို လွဲနေမှာပေါ့လို့ အရင်က မပြောခဲ့ဘူး အခုပြောတယ် ပြောသင့်တဲ့ အချိန်ရောက်လို့ ပြောတယ်။ မှားနေတာ သိရင် ချက်ခြင်းပြင်ရမယ် အခုပြင်တယ် ဒါကြောင့် ကျွန်တော်မှန်တယ်လို့ ထင်တယ်လို့ ပြောတော့မှ ပါးစပ်တွေ ပိတ်သွားပါတယ်။ ကျွန်တော့်စာရင်းတွေဟာ အရင်ကထက် ပိုတိကျလာသလို စာရင်းကိုင်အပြင် စာရင်းစစ်တွေပါ ကျွန်တော် ထပ်ခန့်လိုက်ပါတယ်။ ကျွန်တော့်ကုမ္ပဏီရဲ့ ငွေကြေးစီးဆင်းပုံကြီးကို ကျွန်တော် ထင်ထင်ရှားရှား မြင်လိုက်ရတဲ့အပြင် ကျွန်တော်ဘာတွေ ဆက်လုပ်ရမယ်ဆိုတာပါ ကျွန်တော်ပိုသိလာပါတယ်။

Marketing အတွက်အသုံးဝင်မယ့် ကိစ္စတွေအားလုံးကို ဆရာတော် တရားဟောတဲ့ နေရာကနေ ကျွန်တော်ရခဲ့တယ်ဆိုရင် အားလုံးအံ့သြကြမလားပဲ။ တကယ်ပြောတာပါ ကျွန်တော်ဆရာတော် ဘယ်နားမှာ တရားပေးပေး သေသေချာချာနားထောင်ဖြစ်ပါတယ်။ ဆရာတော်က စကားလုံးတွေကို အဆက်စပ်နဲ့ပြောတတ် ဟောတတ်ပါတယ်။ ဆရာတော်က ပုံပြင်တွေ ဥပမာတွေ ပေးရင်တောင် တရားနာပရိတ်သတ်တွေနဲ့ အဆင်ပြေမယ့် မျက်စိထဲ မြင်ယောင်နိုင်မယ့် ကိစ္စမျိုးနဲ့ ဥပမာပေးပြီး တရားပေးပါတယ်။ အဲဒါက အဓိကပါပဲ သူတို့အားလုံး မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်သွားပြီ သိသွားပြီဆိုတာနဲ့ သူတို့ ဒီတရားကို သေချာရလိုက်တာ ဖြစ်သွားပါပြီ။ ဟုတ်ကဲ့ ကျွန်တော့် marketing ကအဲဒါပါပဲ။ ကျွန်တော့်ပစ္စည်းတွေ အပေါ်မှာ ကျွန်တော့်လုပ်ငန်းတွေပေါ်မှာ ကျွန်တော်အဲဒီ့နည်းအတိုင်းပဲ ရှင်းပြ ပြောပြခဲ့ပါတယ်။ နောက်ပြီး customer ကိုလိုက်ပြီး သူနားလည်လောက်မယ့် မြင်ယောင်နိုင်လောက်မယ့် ဥပမာတွေကို ပေးနိုင်ခဲ့ပါတယ်။ အဲဒါတကယ့်လက်တွေ့မှာ အလုပ်ဖြစ်တယ်ဆိုတာ ကျွန်တော်တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် marketing အစိတ်အပိုင်းတွေကို ဆရာတော်ရဲ့ တရားဟောပုံ နည်းစနစ်ကနေ ကျွန်တော် အတုယူနိုင်ခဲ့ပါတယ်။

နောက်တစ်ခုက ကျွန်တော့်ဘဝမှာ တန်ဖိုးရှိတဲ့ ကျွန်တော်စိတ်ဝင်စားတဲ့ management တစ်မျိုးကို သိလိုက်ရတာပါပဲ။ အဲဒါကတော့ risk management ပါပဲ။ ဆရာတော်နဲ့လိုက်ပြီး ကျွန်တော်တို့ နာဂစ်မုန်တိုင်းသင့်တဲ့ နေရာတွေ အပြင် တခြားနေရာတွေမှာပါ အလှူတွေသွားလုပ်ပါတယ်။ တခါတခါ ကျွန်တော်က သနားလွယ်လို့ လှူချင်ပေမယ့် ဆရာတော်က ဒါလှူရင်ဘာ ဒါလှူရင်ဘာဆိုတာကို ရှင်းပြပေးပါတယ်။ ဆရာတော်က သူလှူခိုင်းတဲ့ နေရာအားလုံးကို သုံးသပ်ပြပါတယ်။ ဟုတ်ပါတယ် အနာဂတ်အတွက် လှူခဲ့တဲ့ နေရာတွေရှိသလို တကယ်ကို လိုအပ်တာကို လှူပေးခဲ့တာတွေကိုပါ တွေ့ရပါတယ်။ အဲဒါက ကျွန်တော့်ကို ကောင်းကောင်းကြီး မီးမောင်းထိုးပြသွားပါတယ်။ ကျွန်တော် အလုပ်တွေလုပ်တဲ့ အခါမှာ လုပ်သင့်လို့လုပ်တာလား မလုပ်သင့်ပဲလုပ်တာလား ယူသင့်တဲ့ risk လား မယူသင့်တဲ့ risk လားဆိုတာတွေကိုပါ သိသိသာသာကြီး မြင်စေလာပါတယ် (လှူတယ်ဆိုတာလဲ ကိုယ့်ပိုက်ဆံတွေကို သူများကို ပေးလိုက်ရတာပဲလေ အလုပ်အသစ်လုပ်ရင်လဲ အဲလိုပဲ ပိုက်ဆံတွေကို ရင်းရတာပါပဲ။ အဲဒါကြောင့်အလှူလုပ်တာလဲ risk အနေနဲ့ ကျွန်တော်မြင်ပါတယ်။ ကိုယ်လှူတဲ့ ပိုက်ဆံ အကျိုးရှိမရှိသုံးသပ်တာပါ။)။ ဆရာတော်ရဲ့ ကျေးဇူးသိပ်ကိုကြီးမားလွန်းပါတယ်။ ဒါတွေက ဆရာတော်ပြန်သွားတဲ့နောက် ကျွန်တော်စဉ်းစားသုံးသပ်မိတာတွေပါ။ ဘာလို့ ဒီလိုသုံးသပ်ရသလဲဆိုရင် တချို့နေရာတွေမှာ ကျွန်တော်ပြောင်းလဲသွားလို့ပါပဲ။ ပြောင်းလဲရခြင်းရဲ့ အဓိကအကြောင်းရင်းထဲမှာ ကပ္ပိယဘဝကလာတဲ့ သင်ခန်းစာတွေကများပါတယ်။ ခေါင်းထဲမှာ စွဲမြဲနေပါတယ်။ ကျွန်တော်က မှားတယ်လို့ သိရင် ချက်ခြင်းပြင်တတ်ပါတယ်။ မှားတာကို ဆက်မလုပ်တတ်ပါဘူး အမှန်ကိုသိနေမှ အမှားကို ဆက်လုပ်ရင် လူမိုက်ပေါ့။ လောကမှာ အဲဒါထက် မိုက်တဲ့ကောင် မရှိနိုင်တော့ဘူးလို့ ယူဆပါတယ်။ အခုလဲ ဆရာတော့်ကျေးဇူးတွေကို ဒီပို့စ်လေးရေးပြီး ကျန်တဲ့လူတွေကို မျှဝေပေးပါတယ်။ နောက်မှ ကျွန်တော်ထပ်ရေးပါဦးမယ်။

Read More...

Saturday, September 6, 2008

လတ်တလော ခံယူချက်တွေ


ဟန်သစ်ငြိမ် tag လုပ်တော့ ပြန်ရေးပေးလိုက်တယ်။ ဒါရေးလိုက်ရတော့ စိတ်ထဲ ပေါ့သွားတယ်။ မဆိုးပါဘူး ပျော်စရာကောင်းသားပဲ။ လတ်တလော အကြောင်းအရာလေးတွေပေါ့ဗျာ။ ကဲ အပျင်းပြေလေး ဖတ်ကြည့်ပေါ့။

ကိုယ့်ရဲ့နာမည် ………… zeRoTraSh (စာလုံးအား ထိုအတိုင်းပေါင်းရန် သြော် ကိုသင်ကာကတော့ သုညလွတ်ဆိုပဲ :D)
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… ဟေ့ရောင် (သောက်ကြစို့တဲ့)
ကိုယ်ဒီမှာနေတယ်………… ခုထိတော့ အမေ့အိမ်မှာ ကပ်နေရတုန်း
ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… ဆက်မနေပါနဲ့ ဘာလုပ်မလဲ ပိုက်ဆံကုန်တယ် ကျုပ်လဲ ပြန်မပြောချင်ဘူး

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်………… နီနီရဲရဲ ပြဲပြဲကြီး
အ၀တ်အစားဆိုရင်………… ဝယ်ပေးရင် ဝတ်လိုက်တာပဲ သိပ်ဂျီးမများဘူး (branded တော့ဝယ်ပေးနော်)
အစားအစာဆိုရင်………… အရက်နဲ့မြည်းလို့ရသမျှ ပိုကြိုက်တယ်
ပစ္စည်းဆိုရင်………… အနာအဆာမပါအောင် အရင်စစ်တာပေါ့ တခါတလေတော့လဲ အနာပါပေမယ့် ကိုယ်လိုရင် သုံးရတာတွေတော့ရှိတယ်
သီချင်းဆိုရင်………… ခုလောလောဆယ်တော့ yellowcard နဲ့ coldplay နားထောင်နေတယ်
စာရေးစာဆရာ………… ကျော်ဝင်း၊ ဒေါက်တာသန်းထွန်း၊ မင်းလူ၊ မြသန်းတင့်၊ ချစ်ဦးညို
စာအုပ်………… Rich Dad and Poor Dad, End of Poverty,
Life style………… လွတ်မြောက်နေတဲ့လူအဖြစ်နေနေတယ် (လူကလွတ်နေတာ မဟုတ်ဘူးနော်)
ကိုယ့်ရဲ့ဝါသနာ………… ဆရာလုပ်ခြင်း (ဟန်သစ်နဲ့ ဒီနေရာတော့ တူတယ်)
အလိုချင်ဆုံးလက်ဆောင်………… အလကားရရင်ယူလိုက်တာချည်းပဲ (အလိုချင်ဆုံးပြောပြရင် အားလုံးမေတ္တာပို့မှာစိုးလို့ မပြောတော့ဘူး)
ကိုယ့်ရဲ့ အချစ်ဆုံးသူက………… သေသွားပြီ (အဖွား)
ကိုယ့်ရဲ့ အလေးစားဆုံးသူက………… သခင်အောင်ဆန်း
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… အရက်တိုက်တဲ့ကောင်ပေါ့
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… ဘော်ဒါတွေနေမှာပေါ့ (ကိုယ်သောက်တာလဲ ဒင်းတို့ပဲ ထိန်းနိုင်တာကိုး)
ကိုယ့်ရဲ့ အမုန်းဆုံးသူက………… မရှိပါဘူး အားအားယားယား
ရင်အခုန်ဆုံးအချိန်………… ယှဉ်ပြိုင်နေရတဲ့ အချိန်၊ ဦးနှောက်ထဲမှာ အကြံစည်သစ် တစ်ခုခုပေါ်လာတဲ့ အချိန်
အကြောက်ဆုံးအချိန်………… အဖေနဲ့အမေ အိမ်ပေါ်ကနှင်ချမယ့် အချိန် (သူတို့နှင်ချရင် နေစရာ ခုထိမရှိသေး)
အပျော်ဆုံးအချိန်………… အားလုံးအဆင်ပြေတဲ့အချိန်
အမှတ်တရနေ့………… ကိုယ့်မွေးနေ့တောင် တခါတခါမေ့နေသေးတာ အမှတ်တရနေ့ဆိုတာ မရှိဘူး
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… အဖွားပြန်ရှင်လာရင်တော်ပြီ
အချစ်ဆိုတာ………… ၁၅၀၀ တန်တွေက အများကြီးရယ် ဟီး ဟီး ဟီး
အမုန်းဆိုတာ………… မသိဘူး
အလွမ်းဆိုတာ………… ကုန်ကြမ်းတွေပေါ့
သံယောဇဉ်ဆိုတာ………… အဲဒီ့စကားနဲ့ပဲ လုပ်စားလာတာ
ဘ၀ဆိုတာ………… ချစ်စရာလေးလေ (ငါ့ဘဝမှငါမချစ် ဘယ်သူချစ်မလဲ ကဲ ပြော . . .)
သူငယ်ချင်းဆိုတာ………… သောက်သောက်စားစား လူ့မင်းသားကွ
ချစ်သူဆိုတာ………… ပြောပြီးပါရောလား အများကြီးရယ်လို့ ဟီး ဟီး ဟီး (လူချစ်လူခင်ပေါတယ်လေ :D)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… ငါဆရာပါ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… ထွင်ရင်ထွင် မထွင်ရင်သေ
အပြောချင်ဆုံးစကားတစ်ခွန်း………… အရွယ်နဲ့သောက မမျှတာကြာပြီ

ကဲ ကဲ ကိုယ့်တာဝန်ကျေပြီဆိုတော့ ကျန်တဲ့လူတွေ ဆက်ပြီး မေတ္တာထားတဲ့ အနေနဲ့ tag လိုက်ဦးမယ်။ ဖြေကြနော် ဖြေကြ ချစ်လွန်းခင်လွန်းလို့ tag လိုက်တာ ဟီး ဟီး . . . .
- မခင်မင်းဇော်
- BlackDream
- ညိမ်းညို
- ကေသွယ်
- မဗေဒါ
- မွန်လေး
- Republic
- ဘလော့ဂ်မရေးဖြစ်တော့တဲ့ ကိုစိုးထက်ကိုတော့ ခွင့်လွှတ်လိုက်ပါတယ် ဒါပေမယ့် အီးမေးလ်ကနေ တစ်ဆင့်တော့ ဖြေလို့ရသေးတယ်။

Read More...