Sunday, April 27, 2008

ရည်းစားဟောင်း

မမှတ်မိပေမယ့် သိခဲ့သလိုပဲ
ခနလောက်စောင့်မလား
ငါစဉ်းစားကြည့်မယ်
ဟိုးတုန်းကလား
အချစ်ဟောင်းတွေလား
ဝိုးတဝါးပါပဲ သိပ်ရက်စက်တယ်
နင်တစ်ယောက်ထဲလား
ဟိုကောင်မပါဘူးလား
မိုးလည်းချုပ်တော့မယ်
ဘယ်ကိုပြန်မလို့လဲ


ဟဲ ဟဲ ဟဲ အဲလိုပေါ့လေ။ အဲလက်စ်သီချင်းလေးကို သတိရမိတယ်။ မတွေ့လောက်ဘူး ထင်ထားတာ တည့်တည့်ကြီးကို တိုးတော့တာပဲ။ သေချာကြည့်တော့ ဒီမျက်နှာ ငါမြင်ဖူးပါတယ်ပေါ့။ ဘုရား ဘုရား ဝလာလိုက်တာ ဝက်ဝက်ကွဲပဲ ဟီး။ စီးတီးမတ်မှာ ပစ္စည်းလေးတွေ ဝင်ဝယ်တုန်းပေါ့။ သူကလည်း အဲဒီ့နားမှာ ကိုယ်ကလည်း အဲဒီ့နားမှာ တည့်တည့်ကိုတိုးတော့တာ။ သူဒီဘက်လှည့်တော့ ဟဲ့ ပလုတ်တုတ်တဲ့ အင်း အရင် အကျင့်အတိုင်းပဲ ယောင်လိုက်ရင် ဒီလိုပဲ။ လှမ်းပြီးခေါ်လေရဲ့ ဟဲ့ နေကောင်းလား မတွေ့တာကြာပြီ ဘာတွေလုပ်နေလဲ။ အော် မေးလိုက်တဲ့မေးခွန်းတွေ တရစပ်။ ဟိုတုန်းက သိပ်ပြီးနူးညံ့တဲ့ သူမအသံက ခုတော့ စွာကျယ် စွာကျယ်နဲ့ နားထဲကို ကန့်လန့်ကြီး ဝင်လာသလိုပဲ။ ဒါနဲ့ပဲ နေကောင်းပါတယ် မတွေ့တာကြာမှာပေါ့ မတွေ့ဖြစ်အောင် နေနေကြတာပဲ မဟုတ်လား။ ဘာလုပ်နေသလဲဆိုတော့ လူတွေကို ခိုင်းတတ်အောင် လုပ်နေတယ်။ အဲဒီ့လို ကျွန်တော်ပြောတော့ မျက်နှာကို မဲ့ကာရွဲ့ကာနဲ့ အရင် အချိုးအတိုင်းပဲ ဘာမှ မပြောင်းလဲဘူး။ ပြောင်းလဲတာဆိုလို့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး များများထားတာပဲ ကွာတယ်တဲ့။ အင်း ကိုယ့်ဘာသာတောင် သတိမထားမိဘူး သူပြောမှ သတိရတယ် အလုပ်များလို့ မျက်နှာက အမွှေးတွေကို မရိတ်တာ ကြာသွားတာကိုး။ အဟက်ဟက်ဟက်ဟက် လို့ ရီလိုက်တော့ ဟောတော့ ရီတာကလည်း ဒီပုံပဲတဲ့ နင်ဘာမှကို မပြောင်းလဲပါလားနော်တဲ့။ အဲဗျ သူ့ဘာသာ တစ်ယောက်ထဲ ကောက်ချက်တွေ ဆွဲနေပါလား။ ငါ့ကို ကော်ဖီလေးဘာလေး တိုက်ပါလားတဲ့။ ကျွန်တော်လည်း အေးလေ သောက်ပေါ့လို့ ပြောပြီး လိုက်တိုက်လိုက်ပါတယ်။ အဲဒီ့နားက ဆိုင်မှာပေါ့ဗျာ။ နင့်ယောက်ျားရော မပါဘူးလား လို့ ကျွန်တော်မေးတော့ ဒီနိုင်ငံမှာ မရှိဘူးတဲ့ နိုင်ငံခြားမှာတဲ့ ပြောတော့ပြောတယ် ဘယ်နိုင်ငံလည်း မမှတ်မိလိုက်ဘူး။ ကလေး တစ်ယောက်ရပြီတဲ့။ ကလေးက ၃ နှစ်ဆိုလားပဲ။ သူကမေးတယ် နင်ရောတဲ့ အင်း ငါက ဒီလိုပဲလေ အရင်လိုပဲပေါ့ ဆိုတော့ သိပ်ပြီး သဘောမကျတဲ့ပုံနဲ့ တည်တည်ငြိမ်ငြိမ်နေတော့လေဟာတဲ့ အသက်ကလည်း မငယ်တော့ဘူးတဲ့။ ဆရာကလုပ်လာပြန်တယ် အဲဒီ့အချိုးတွေကြောင့်ပဲ သောက်ပြဿနာတက်ပြီး ပြတ်တာလေ။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်ပါဘူး အရင်က အကြောင်းတွေ စဉ်းစားမိသွားတာပါ။ သူ့အဖေနဲ့ အမေက ကျွန်တော့်ကို တချိန်လုံးမေးတယ်တဲ့ သူတို့တွေက မတွေ့တာကြာတော့ သတိရတယ်နေမှာပေါ့။ သူ့ယောက်ျားကလည်း မေးတယ်ဆိုပဲ။ ကျွန်တော်နဲ့ ဆုံချင်သေးတယ်တဲ့။ အေးလေ ဆုံကြတာပေါ့ သူပြန်လာရင်လို့ လွယ်လွယ်ကူကူပဲ ကျွန်တော် ပြောလိုက်ပါတယ်။ သူကပြောသေးတယ် နင့်ကို ငါ့ယောက်ျားရော ငါရောက သိပ်ပြီး ကျေးဇူးတင်တာတဲ့ ကလေးတောင် နင့်နာမည်ပေးမလို့ စဉ်းစားသေးတယ်တဲ့ ဘုရား ဘုရား ကိုယ်ကနေရင်းထိုင်ရင်း ကျေးဇူးရှင်ကြီး ဖြစ်နေပါရော့လား။ ဘယ့်နှယ့်လုပ်ပြီး ကျေးဇူးရှင် ဖြစ်သွားပါလိမ့်လို့ ပြန်စဉ်းစားတော့မှ အော် ဟုတ်သားပဲဆိုတာလေး တွေးမိတယ် ဒီလိုဗျ ဒီလို။

လွန်ခဲ့တဲ့ ၇ နှစ်လောက်ကပေါ့။ မောင်သုညတို့ လန်ထွက်နေအောင်ကို ကဲတဲ့အချိန်ပေါ့။ ခုနက ဖတ်တီးမလေးက မောင်သုညရဲ့ ရည်းစားလေ။ အဲဒီ့တုန်းကတော့ အတော်ချောတာပါ ခန္ဓာကိုယ်ကလည်း ခုလို ပုံပျက်ပန်းပျက် ဖတ်တီးမကြီး မဟုတ်ဘူး။ ဘာတဲ့ ငါးရံ့ကိုယ်လုံးခေါ်မလား အင်း ထားပါ ကြည့်ကောင်းတယ်ပေါ့လေ။ မောင်သုညက သူ့အိမ်မှာဆိုလည်း စားအိမ်သောက်အိမ် သူ့မိဘတွေနဲ့ဆိုတာကလည်း အတော်ကို ရင်းနှီးပါတယ်။ တချိန်လုံး အဲဒီ့အိမ်မှာ သွားသွားနေတာပေါ့။ မောင်သုညနဲ့ဆို သူ့အိမ်က စိတ်ချပြီးသား စိတ်မချစရာလည်း ဘာမှ မရှိဘူးလေ။ သူတို့အိမ်ကိုလာတယ် ကျွေးတာစားတယ် သူ့အဖေနဲ့ ချက်စ်ထိုးတယ် နေ့လည်ဆို သူ့အမေ ကော်ဖီဖျော်တိုက်ရင် သောက်တယ်။ ညနေဆို သူ့ကို မုန့်ဝယ်ကျွေးခိုင်းတယ် ပြီးရင် ပြန်တယ်။ အဲ အပြင်လေးဘာလေး သွားချင်ရင် သူ့အဒေါ်ကို ခေါ်ပြီး ထွက်တယ်။ သူ့အဒေါ်ကို ခေါ်သွားတာ အကြောင်းရှိတယ် နှစ်ယောက်ထဲဆို ဟိုဟာပူဆာ ဒီဟာပူဆာနဲ့မို့လို့ သူ့အဒေါ်ပါတော့ သူ့အဒေါ်နဲ့ အလုပ်ရှုပ်နေတော့ မပူဆာအားဘူးလေ အဲဒါကြောင့် အပြင်သွားတိုင်းကို ခေါ်သွားတာ ဘယ်ရမလဲ ကိုယ်ကလူလည်ပဲ ဟဲ ဟဲ ဟဲ။ တွဲတာ တော်တော်ကြာတော့ အင်း တစ်ယောက်အကျင့် တစ်ယောက် ပိုသိလာတာပေါ့လေ။ ကျွန်တော့်လို ငပျင်းကို သူက အားမရဘူး။ ယောက်ျားလေးဖြစ်ပြီး ဘာမှလည်း တက်တက်ကြွကြွမရှိဘူးတဲ့ သူငယ်ချင်းတွေနဲ့ပဲ ဟေးလား ဟားလား လုပ်နေတာပဲတဲ့။ တနေ့တနေ့ ဒါပဲလာလာပြောနေတယ် သူ့အဖေနဲ့ အမေတောင် ကျွန်တော့်ကို အဲလို မပြောဘူး။ အင်း ကျွန်တော့် အဖေ၊အမေလည်း အဲလိုမပြောဘူး။ သူတစ်ယောက်ထဲ ပြောနေတာ။ ပြီးတော့ ပြောသေးတယ် သူများတွေကိုကြည့်တဲ့ နိုင်ငံခြား ကျောင်းသွားတတ်ကြတယ် နင်က သွားလဲ မသွားဘူးတဲ့။ ဒုက္ခ ကျွန်တော်က အစကထဲ မသွားချင်ဘူးလို့ ပြောခဲ့ပြီးသားပဲ။ အင်း နောက်ဆုံးတော့ သူသွားမယ်တဲ့ အိမ်ကို ပြောပေးပါတဲ့။ ကျွန်တော်က ကိုယ်တိုင်တောင် မသွားချင်တာ သူ့အတွက်ပြောပေးဖို့ဆိုတာ အဝေးကြီးပဲ။ ပြောပေးဖူး ကိုယ့်ဘာသာ ပြောဆိုတော့ ဘာမှကို အားမကိုးရဘူးတဲ့။ သူ့အိမ်က သူ့ကို မသွားစေချင်ဘူး ကျွန်တော် သွားရင်တော့ သွားပေါ့တဲ့။ ကျွန်တော်က မသွားတဲ့ကောင်ဆိုတော့ သူက ဂိတ်ဆုံးသွားပြီ။ အင်းနောက်တော့ သူ့ဘာသာ ဘယ်လို ကြိုးစားလိုက်လဲမသိဘူး ကျွန်တော့်ကို သင်တန်းလိုက်ပို့တဲ့ ဟေ ဘာသင်တန်းတုန်းဆိုတော့ IELTS ဖြေမယ်တဲ့ ကျွန်တော်လည်း အေးအေးဆိုပြီး ပို့ပေးရတာပေါ့။ သူ့သင်တန်းက သူတို့ အိမ်နားမှာပါပဲ။ ကျွန်တော် မပို့ရင် သူ့အဖေပို့ပေးတယ်။ အဲဒီ့လို သင်တန်းတက်တော့ အင်း ဘော်ဒါအသစ်တွေ ရလာတာပေါ့လေ။ အဲဒီ့မှာ ခုနက သူ့ရဲ့ ယောက်ျားဖြစ်လာမယ့် မဟာ သတို့သားလောင်းနဲ့ပါ ဆုံတာပေါ့။ အဟီး အဲဒါကြောင့် ဟိုကောင်ကပြော ကျွန်တော့်ကို ကျေးဇူးရှင်တဲ့ အဟက်ဟက်ဟက်။ သင်တန်းတက်လို့ ၂ လလောက်နေတော့ ကျွန်တော်လည်း တခါတခါ မအားတာနဲ့ မပို့ဖြစ်ဖူး သူ့အဖေကလည်း မအားတာနဲ့ သူ့ဘာသာ သွားရတာများလာတယ်။ သင်တန်းတက်တော့ ပိုဆိုးလာတာက ကျွန်တော့်ကို ပိုပြီး အထင်သေးလာတာပဲ။ ခက်ပြီ ကျွန်တော့်မှာ သူ့လို ခံယူချက်မရှိဘူးပေါ့လေ ဘာဖြစ်ချင်တဲ့ ကောင်မှန်းမသိဘူးပေါ့လေ နောက်ပိုင်း ကျွန်တော်လည်း စကားများရမှာစိုးလို့ သိပ်မပြောတော့ဘူး တိတ်တိတ်နေပြီး သိပ်လည်း မတွေ့ဖြစ်တော့ဘူး။ သူလည်း သူငယ်ချင်း အသစ်တွေနဲ့ စာတွေတူတူလုပ် တူတူစား တူတူသွားနဲ့ ပျော်နေလေရဲ့ သူ့ယောက်ျားဖြစ်လာမယ့် ကျေးဇူးရှင်နဲ့တော့ အတော်ကို တွဲဖြစ်နေပြီ အိမ်တောင် အဝင်အထွက်လုပ်နေပြီ။ သူ့အဒေါ်ကတော့ ကျွန်တော့်ကို တိတ်တိတ်သတိပေးတယ် ကြည့်ထားအုံးတဲ့ ပုံစံက သိပ်မဟုတ်ဘူးတဲ့။ စိုးရိမ်ရှာတယ် ထင်ပါ့။ ကျွန်တော်လည်း နေပါစေဆိုပြီး ထားလိုက်တာ အဟက်ဟက်ဟက် သိပ်မကြာပါဘူး ကျွန်တော်နဲ့ သူနဲ့ ပြတ်ရော။ ပြတ်တာကလည်း မယ်မယ်ရရ အကြောင်းပြချက် မရှိဘူး။ ကျွန်တော်ကလည်း သိပ်ခံစားမနေပါဘူး။ သူငယ်ချင်းကနေပြီး ကြိုက်လာကြတာဆိုတော့ အေးအေးပါပဲ။ ပြတ်တော့လည်း ပြတ်ပေါ့။ အင်းတစ်ခုပဲဗျ ပြတ်တော့ သူက သူ့ရဲ့ ဟိုကောင်ကို သွားပြောပြီး ငိုသတဲ့ အဲဒါကလည်း ဟိုကောင်ပြန်ပြောလို့ သိတာ။ အင်း အဲဒီ့နေ့ပဲလား မသိဘူး သူတို့ ကြိုက်သွားကြတယ်ဆိုလား ဘာလားပဲ။ နောက်တစ်ပတ်လောက်ကြာတော့ သူ့အမေကဖုန်းဆက်တယ် သားနဲ့ ရန်ဖြစ်ထားတယ်ဆိုတဲ့ ဟုတ်လားတဲ့ ဟုတ်တယ်အန်တီလို့ ပြောတော့ အဖွားကြီးက သားရယ် ဘယ်လိုဖြစ်ရတာလဲတဲ့ သည်းခံလိုက်ပါတဲ့ သူ့ကို အန်တီရော အန်ကယ်ရော ဆူထားတယ်တဲ့ အိမ်လာပါအုံးတဲ့။ အဲဒါမှ ပြဿနာ ကျွန်တော်ကလည်း ကိုယ်နဲ့ ပြတ်ထားတော့ သွားချင်တော့ဘူး ပြန်ပြီးတော့လည်း မဆက်ချင်တော့ပါဘူး ကိုယ့်ကိုမှ အထင်မကြီးတာလေ။ လူကြီးတွေ ခေါ်တော့ ပြန်သွားရတာပေါ့လေ။ ဟိုရောက်တော့ ကျေးဇူးရှင်မက ငိုထားတာ မျက်လုံးကို အစ်နေတာပဲ ကျွန်တော့်ကိုတွေ့တော့ နင့်ကြောင့် နင့်ကြောင့်ဆိုပြီး ထပ်ငိုပြန်ရော။ ကျွန်တော့်မှာ ရောက်ရောက်ခြင်း ဆောက်နဲ့ အထွင်းခံရသလိုပဲ ဘာမှန်းတောင် မသိရပဲ အပြောခံနေရတယ်။ သူ့အဖေက ထဆူရောသူ့ကို ရှေ့မှာ ဘာတွေ ဖြစ်ထားလည်း ကျွန်တော်လည်း မသိဘူး ထိုင်ခုံမှာ ဝင်ထိုင်ပြီးတော့ ကြည့်နေလိုက်တယ် သူ့ကို နိုင်ငံခြားမသွားရဘူးတဲ့ ဘာညာပေါ့ ကျွန်တော်လည်း သွားမှာ မဟုတ်တော့ မသွားနဲ့တော့တဲ့ သင်တန်းလည်း ပြီးနေပြီ စာမေးပွဲလည်း ပြီးနေပြီတဲ့ အပြင်တောင် မထွက်နဲ့ဆိုပဲ။ ကျွန်တော့်ကိုပြောတယ် ပုံမှန်အတိုင်းလာပါတဲ့ အိမ်ကို သားကို တောင်းပန်ပါတယ်တဲ့။ ကျွန်တော့်မှာ တော်တော်ခက်သွားပါတယ်။ ဘာလုပ်ရမယ်မှန်းကို မသိဘူးဖြစ်သွားတယ်။ အင်း အဲ ဟုတ်ကဲ့နဲ့ ပြီးလိုက်ရတယ်။ ညကျတော့ သူက ကျွန်တော့်ဆီ ဖုန်းဆက်လာတယ် သူနဲ့ ဟိုတစ်ယောက်နဲ့ ကြိုက်နေပြီ ဆိုတဲ့ အကြောင်း သူ့ရဲ့ ရင်ထဲက အမှန်တကယ် ချစ်တာ အဲဒီ့တစ်ယောက်ဆိုတာရော ကျွန်တော့်ကိုတော့ သူငယ်ချင်းလိုပဲ ချစ်တာပါပေါ့။ ဘာညာပေါ့ ကျွန်တော်လည်း နားငြီးလားတော့ ငါဘာလုပ်ပေးရမှာလဲဆိုတော့ ကူညီပါတဲ့။ မောင်သုညက သဘောကောင်းပြီးသားပါ အင်းပေါ့။

နောက်နေ့ မနက် ကျွန်တော့် အိမ်ကို သူ့ရဲ့ ရည်းစားရောက်လာပါတယ်။ ကျွန်တော်တောင် မနိုးသေးဘူး။ အမေကလာနှိုးတယ် ဧည့်သည်ရောက်နေတယ်တဲ့ အဲဒါ ကြိုးစားပြီးထတော့ ဟိုကောင်ဖြစ်နေတယ်။ အော် ခနစောင့်နော်လို့ ပြောပြီး ကျွန်တော် မျက်နှာသစ် သွားတိုက် လုပ်နေလိုက်တယ် ပြီးမှ အိမ်ရှေ့ဧည့်ခန်းမှာ ဒီကောင် နေရခက်နေမှာ စိုးတာနဲ့ လာလေ ငါ့အခန်းထဲ ဆိုပြီး သွားခေါ်လိုက်တယ်။ ပြီးတော့ ကျွန်တော် ရေချိုးအုံးမယ်ဆိုပြီး သူ့ကို အခန်းထဲမှာ ထားခဲ့လိုက်တယ်။ အင်း အဲဒီ့ကောင်က ကျွန်တော့် အခန်းထဲရောက်မှ သူ့ကောင်မလေးပုံတွေ တွေ့သွားတယ် အင်း အရင် ကျွန်တော့် ကောင်မလေးကိုး။ ကျွန်တော် ရေချိုးပြီးတော့ သူက ပုံတွေ အများကြီးပဲနော်တဲ့။ အေးလေ များမှာပေါ့ ငါတို့က ခင်တာ တော်တော် ကြာတာကိုးကွလို့ ပြောတော့ ဘာမှ ပြန်မပြောတော့ဘူး ကျွန်တော်လည်း မင်းလိုချင် ယူသွားလေလို့ ပြောတော့ မယူပါဘူးကွာတဲ့။ လာသွားမယ် လက်ဘက်ရည်ဆိုင်ဆိုပြီး သူ့ကို ခေါ်ပြီး ထွက်လာခဲ့တယ်။ သူ့ကားနဲ့သူ အနောက်ကလိုက်ခဲ့မယ်တဲ့။ အဲဒါကျွန်တော်နဲ့ ဆိုင်ထိုင်ဖြစ်တော့ သူကပြောတယ် မင်းနဲ့ အကြောင်းလေးတွေ သိချင်တယ်တဲ့။ ကျွန်တော် လက်ဘက်ရည်တောင် သီးချင်အောင် ရီချင်သွားတယ်။ အော်ဖြစ်ရလေကွာလို့ မင်းဘာသာသူ့ကို မေးပေါ့လို့ပြောတော့ အေးပြောပြပါတယ်တဲ့ ဒါဆိုပြီးတာပဲလို့ မင်းကလည်း ငါ့ကို မေးတော့ မင်းကို ပေါက်ကရပြောမိရင် ဘယ်လိုလုပ်မလဲဆိုတော့ ဟိုကောင့်မျက်နှာလေး ငယ်သွားတယ်။ ကျွန်တော်ပြောလိုက်ပါတယ် ဟေ့ကောင် မင်းပေါက်ကရ မတွေးနဲ့ ငါကသူ့အိမ်မှာပဲ အမြဲနေတာကွ ဆိုမှ အင်း ဟုတ်ပါတယ် ဘာညာဆိုပြီး လဒက မျက်နှာလေး ပြန်ဝင်းလာတာ။ အတော်ခက်တဲ့ကောင်။ သူက အကူညီတောင်းတယ် ကျွန်တော့်ကို နိုင်ငံခြားသွားမှာတဲ့ ကောင်မလေးကိုလည်း နိုင်ငံခြားတူတူ သွားစေချင်တယ်တဲ့ ကျောင်းလည်း တူတူတက်ချင်တယ်တဲ့။ ကျွန်တော်က ကိုယ့်ဘာသာ သွားပြောပါလားဆိုတော့ သူ့အိမ်ကို ကြောက်တယ်တဲ့ ပြောရဲဘူးတဲ့ ကျွန်တော့်ကို ကူညီလို့ ရမယ့်နည်းရှိရင် ကူညီပါတဲ့။ အင်းပေါ့ ဘာတတ်နိုင်မှာတုန်း ကူညီပါ့မယ်ပေါ့။ ပြီးတော့ ဒီကောင်ပြန်သွားတယ် ကျွန်တော်လည်း သူမဆီကို ဖုန်းလှမ်းဆက်ပြီး ပြောလိုက်တယ်။ သူကလည်း ကူညီပါဆိုပဲ။ ကူညီပါ့မယ်ဟာလို့။ ငါက ဘယ်လို ကူညီရမှာတုန်းဆိုတော့ နိုင်ငံခြားသွားမယ်လို့ အိမ်ကို ပြောပေးပါတဲ့။ ဒါနဲ့ ကျွန်တော်လည်း နောက်တစ်ပတ်လောက်ကျတော့ သူ့အိမ်သွားလည်လိုက်တယ် သူ့အဖေနဲ့တွေ့တော့ စကားပြောနေရင်း ကူညီပြီး လိမ်ပေးမလို့ဟာကို ဘယ်လိုဖြစ်သွားတယ် မသိဘူး ယောင်ပြီးပြောလိုက်မိတယ် ကျွန်တော်တော့ ဒီမှာပဲ စီးပွါးရှာတော့မယ်လို့ အဖိုးကြီးက အင်း ကောင်းတယ် သူလည်း ကူညီမယ်တဲ့ အဲဒါကို ကျေးဇူးရှင်မက ကြားသွားပြီး ကောက်တော်မူပါလေရော ပြီးမှ ကျွန်တော် သတိရသွားတယ် ကူညီမယ်ပြောပြီး မကူညီမိဘူးပေါ့။ သူ့အိမ်ကတော့ ကျွန်တော်နဲ့ ပြန်အဆင်ပြေနေပြီ ထင်နေတာပေါ့လေ။

ဒီလို ဒီလိုနဲ့ တစ်လကျော်လောက်ကြာတော့ သူ့အိမ်က ဖုန်းဆက်လာတယ် ယောက်ျားနောက် လိုက်ပြေးသွားတယ်တဲ့။ ကျွန်တော်လည်း ဟုတ်လားဆိုပြီး မေးတော့ အိမ်ကို လာခဲ့ပါတဲ့။ ကျွန်တော် ရောက်တော့ သူ့အဖေနဲ့ အမေ တော်တော် ဒေါသထွက်နေကြတယ်။ သူ့ တခြားသူငယ်ချင်းတွေကိုလည်း ဖုန်းဆက်ပြီး မေးနေတယ်။ ကျွန်တော့်ကိုတော့ သားရယ် ဘယ်လိုဖြစ်တာလဲတဲ့။ ကျွန်တော်လည်း သိဘူးအန်တီလို့ပြောပြီး ပေကပ်ကပ် ထိုင်နေလိုက်တယ်။ လိုက်ရှာပါတဲ့ တွေ့ရင် ပြန်ခေါ်ပေးပါတဲ့။ အဲဒါမှ တကယ့်ဂွ ဟိုက ယောက်ျားနောက် လိုက်သွားတာကို ကျွန်တော်က လိုက်ရှာတော့ ဟာသလို ဖြစ်နေရော။ ဘော်ဒါတွေကတော့ နောက်ကျတာပေါ့။ လိုက်ရှာလိုက်ပါကွာတဲံ တွေ့တော့ ပြန်ခေါ်ခဲ့ပေါ့တဲ့။ အဟက်ဟက်ဟက်ဟက်။ ကျွန်တော့်မှာ ရှာရကောင်းနိုး မရှာရကောင်းနိုး ဖြစ်နေတုန်း သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာတယ် သူတို့ အတွဲကို တွေ့ထားတယ်တဲ့ မင်းလာမလားတဲ့။ ကဲ မထူးဘူးကွာဆိုပြီး လိုက်သွားလိုက်တယ်။ ပါရမီက ဆိုင်တစ်ဆိုင်မှာ သူတို့ ထိုင်နေကြတယ် ပျော်နေကြတာ ပျော်နေကြတာ။ အင်း ကျွန်တော့်ကိုလည်း တွေ့ရော မျက်စိမျက်နှာ ပျက်ကုန်ရော။ အိမ်ကို ပြန်မပြောပါနဲ့တဲ့ သူတို့ လက်မှတ်ထိုးပြီးပြီ မခွဲချင်ဘူး ဘာညာပေါ့။ ကျွန်တော်လည်း အေးပါပေါ့ ဒါပေမယ့် အဖေအမေကိုတော့ အကြောင်းကြားသင့်တယ် ပြီးတော့ မိသားဖသားပီပီ တောင်းပါလို့ ဟိုကောင့်ကို ပြောတော့ သူက တောင်းမှာပါတဲ့။ ခုတော့ ခရီးသွားအုံးမယ်တဲ့။ သူတို့ အခု ဟိုတယ်မှာ နေတယ်တဲ့ ပြီးတော့ ပိုက်ဆံကုန်တော့မယ်တဲ့ ဟိုကျေးဇူးရှင်မက ပြောတယ်။ ကျွန်တော့်ကို နင့်မှာ ပိုက်ဆံ အပိုပါရင် ငါ့ပေးခဲ့တဲ့။ ကျွန်တော့်မှာတော့ ပိုက်ဆံ အပိုမပါဘူး။ ဒါပေမယ့် ခုနက ဖုန်းဆက်တဲ့ကောင်မှာတော့ ပါနိုင်တာနဲ့ ခနနေအုံး ဟိုကောင့်ကို မေးအုံးမယ်ဆိုပြီး သွားမေးတော့ ပါတယ်ဆိုတာနဲ့ ယူပြီး သူ့ကို ပေးလိုက်တယ် ကျေးဇူးရှင် နှစ်ယောက် အတော်ပျော်သွားကြတယ်။ ကျွန်တော့် ဘော်ဒါကတော့ ကျွန်တော့်ကို မင်းကတော့ စံပဲလို့ ပြောတာကလွဲရင် ထိုင်ရီနေတာပဲ။ နောက်တော့ သူတို့ကို အိမ်တွေက ပေးစားလိုက်တယ်ပေါ့လေ။ ဒါပါပဲ။

ကျွန်တော် တစ်ယောက်ထဲ ပြုံးစိစိ ဖြစ်နေတော့ သူက မေးတယ် ဟဲ့ ဘာတွေ တွေးပြီး ပြုံးနေတာလဲတဲ့။ အော် မဟုတ်ပါဘူး အရင်တုန်းကဟာလေးတွေ တွေးမိလို့ပါလို့။ ပြီးတော့ ပြောလိုက်တယ် ငါ့ကို နင်တို့ အဲဒီ့တုန်းက အကြွေးပြန်ဆပ်သေးလားလို့ ဆိုတော့။ သူက ဆပ်ပါ့တော်တဲ့ နင့်ကို အိမ်လာပေးတာ မတွေ့လို့ နင့်အမေကို ပေးခဲ့တယ်တဲ့။ အင်း ဟုတ်မှာပေါ့လေ ကြာတော့ မမှတ်မိတော့ဘူး။ သူ့ကို နောက်ချင်လာတာနဲ့ အင်း နင့်ကို ဒီလိုပုံ ဖြစ်လာမယ်မှန်း နင့်ယောက်ျားသား ကြိုသိရင် အင်း ဟီး ဟီး ဆိုတော့။ သူက မဲ့ရွဲ့ပြီး ငါက ဝလို့ လှလာတာတဲ့။ အဟက်ဟက်ဟက်။ သူတို့ ခုတော်တော် အဆင်ပြေနေကြပြီ သူ့ အဖေနဲ့ အမေကလည်း သူမွေးပေးထားတဲံ သူ့ကလေးကို သိပ်ချစ်ကြတယ်တဲ့။ သူ့ယောက်ျားကိုလည်း တော်တော်ချစ်ကြတယ်တဲ့။ အင်းလေ အဆင်ပြေကြရင် ပြီးတာပဲလို့။ ပြီးတော့ ပြောလိုက်တယ် အန်ကယ့်ကို ပြောလိုက်ပါ ငါ နောက်နေ့အားတဲ့ တစ်ရက်ရက် chess လာထိုးမယ်လို့ ပြောခိုင်းပြီး ကျွန်တော်တို့ ပြန်ဖို့တာစူလိုက်တယ်။ အပြင်ရောက်တော့ ကျွန်တော်က ငါလိုက်ပို့ရအုံးမလားဆိုတော့ သူက ရတယ် ငါ့မှာ ကားပါတယ်တဲ့။ အဲဒီလိုနဲ့ ပြန်သွားပါတော့တယ်။ စဉ်းစားမိတယ် ရည်းစားဟောင်းနဲ့တွေ့တော့ ဘယ်လိုနေသလဲဆိုပြီး အင်း ဘယ်လိုမှတော့ မနေဘူး။ ကိုယ့်ဘာသာ ငါတော့ ဘုရားမတာ ကံကောင်းတယ်လို့ ထင်မိတယ်။ ဟုတ်တယ်လေ ဒီလောက် ဝတုတ်ကြီး ဖြစ်နေတာ ဟီး ဟီး ဟီး။ ကံကောင်းလို့နော် ခွိ။ သူငယ်ချင်းတွေကိုတောင် အဲဒါပြောပြတော့ ရီလိုက်ကြတာ ဝက်ဝက်ကွဲပဲ မင်းကတော့ ဖြစ်ရမယ်တဲ့။

ဘာရယ် မဟုတ်ပါဘူး မနေ့က ကိုစိုးထက်နဲ့ ချယ်ဆီး မန်ယူပွဲ ဘယ်သူနိုင်မလဲလို့ ပို့စ်တစ်ခု တင်ကြေးလောင်းထားလို့ ဒီပို့စ်ကို ရေးလိုက်တာ တစ်ခုမှ မဟုတ်ဘူး စိတ်ကူးယဉ်ပြီး ရေးပေးထားတာ အမှန်တရားတော့ နည်းနည်းပါတာပေါ့လေ အဟက်ဟက်ဟက်။ ကဲ ကိုစိုးထက်ရေ ကျွန်တော်တော့ ရေးပေးလိုက်ပြီ။ လောင်ကြေးကြေပြီပေါ့ဗျာနော်။ ကျေနပ်နိုင်ပါစေ။ :D

Read More...

Friday, April 25, 2008

ကျွန်တော် နှစ်သက်သော ကဗျာများ (၂)

လွမ်းပ

သောကနဲ့
ကျပ်ထုပ်ထားတဲ့ ညနေရီ
သက္ကာယ တစ်ခုကြောင့်ပဲ
အလေ့ကျပေါက်နေတဲ့ သူ့မှာ
ဒီရုပ် ဒီရည်ကလေးနဲ့
အသည်းကွဲနေရလို့တဲ့ ။

ဟောဒီမှာ
ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရီစ္ဆေဒတွေ
လွမ်းပ

ကံတရားမျက်လုံးထဲ
အသူတစ်ရာနက်တဲ့အပြုံးရှိတာသိရက်နဲ့
သူ . . .
ခုန်ချ
လွမ်းပ

ဘာမှမပြောဘဲ နောက်ဆုတ်သွားတာ
အတုံးအရုန်းတွေကြား
ရွတ်ရွတ်ချွန်ချွန်
လွမ်းပ

အနမ်းရေ
နှလုံးသားထဲ
ဘာလို့ညာညာပြီး
ညနေစောင်းချင်ရတာလဲ
နေ့တွေလည်း ၀မ်းနည်းစွာ ပြန်သွားခဲ့

သူ့မှာ
ကမ္ဘာမရှိတော့။ ။

မောင်သိန်းဇော်
၁၉၈၆


ကျွန်တော် သဘောကျတဲ့ ကဗျာလေးပေါ့။ မန္တလေးသိန်းဇော်ရဲ့ ကဗျာတစ်ပုဒ်ပါ ခုလည်း စိတ်ထဲ ရှိနေတာနဲ့ တိုက်ဆိုင်နေလို့ ပြန်ဖတ်ရင်း တင်ပေးချင်စိတ် ပေါက်လာလို့ တင်ပေးလိုက်ပါတယ်။

Read More...

Wednesday, April 23, 2008

ဇာတိမြေ (သို့မဟုတ်) သတိတရရှိလှတဲ့ အိမ်

ချစ်လှစွာသော အမကြီး မခင်မင်းဇော် တက်ခ်ထားတာ ကြာပါပြီ။ အွန်လိုင်းမတက်နိုင်တာက ၁ လ ကျော်လောက်ဖြစ်နေတော့ မရေးဖြစ်သေးဘူး။ ခုတော့ စစချင်း ဒီပို့စ်ကို အရင် အကြွေးဆပ်ရမှာမို့ ရေးပေးလိုက်ပါတယ်။ စောင့်နေရသော သူငယ်ချင်းများ အားလုံးကို အထူးတောင်းပန်ပါတယ်။ ကျွန်တော်ပြန်လာပါပြီ။ ကဲ စလိုက်ကြရအောင်။

သူများတွေလို ကျွန်တော့်မှာ မွေးရပ်မြေနဲ့ ပတ်သတ်ပြီး သိပ်ပြောစရာ ရှိဘူးဗျ။ ကျွန်တော်က မိတ္ထီလာသား သို့ပေမယ့် မွေးပြီးပြီးချင်း ရက် ၂၀ လောက်မှာ ရန်ကုန်ကို ပြန်ရောက်လာတာဆိုတော့ ပွဲက ပြတ်ကရောပေါ့။ ဇာတိမြေ ဘာမှန်းတောင် မသိဘူး။ အင်း ဒီလိုနဲ့ ၈၈ အရေးအခင်းမှာတော့ မိတ္တီလာကို ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ ဒါကလည်း ခဏတဖြုတ်ဆိုတော့ သိပ်မသိပြန်ဘူး။ ရန်ကုန်မှာ ကြီးပြင်းလာတဲ့သူဆိုတော့ ကျွန်တော့်အနေနဲ့ မိတ္ထီလာမြို့နဲ့ စိမ်းနေပါတယ်။ အင်း အဲဒီ့ကို ပြန်ရောက်ရင်တော့ ငါ့ကို မွေးခဲ့တာ ဒီမြို့မှာဆိုပြီးတော့ သတိထားမိပါတယ်။ မိတ္ထီလာ ကန်တော်ကိုတော့ သတိတရ ရှိပါတယ်။ တံတားရဲ့ ဟိုဘက် ဒီဘက် ရေတွေက ကွာပါတယ်။ တစ်ဘက်ခြမ်းက သန့်နေပြီး တစ်ဘက်ခြမ်းက အမှိုက်တွေနဲ့ပါ။ စဉ်းစားမိတယ် အဲဒါကို မြင်တိုင်း ငါလဲ ငါ့ဘဝမှာ မိတ္ထီလာကန်ကြီးလိုပဲ ရိုးသားမှုနဲ့ မရိုးသားမှုကို ခွဲထားနိုင်သလားလို့။ ကျွန်တော့်မှာ ဇာတိမြေဆိုတာကြီးကို စွဲလန်းမှု လုံးဝမရှိပါဘူး။ အဲဒီ့လိုပဲ အမကြီး မခင်မင်းဇော်လို နေချင်စရာကောင်းတဲ့ အိမ်ကိုလည်း သတိတရ မရှိမိပါဘူး။

ငယ်ငယ်ကထဲက အဖေနဲ့ အမေထားတဲ့ နေရာမှာပဲနေလာတာပါ။ တခါမှလည်း ချိုတယ် ခါးတယ် မစဉ်းစားမိပါဘူး။ အဲဒီ့အိမ်လေးတွေက နေချင်စရာ ကောင်းလား မကောင်းဘူးလားဆိုတာ သိပ်ပြီး သတိမထားမိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အိမ်မှာ နေတဲ့ အချိန် အရမ်းနည်းပါးပါတယ်။ အိမ်ကို အိပ်ဖို့နဲ့ ကျွန်တော့် ပစ္စည်းလေးတွေ ထားဖို့ထက် ဘာကိုမှ ပိုပြီး မမျှော်လင့်ခဲ့ပါဘူး။ အိမ်မှာ မနေလွန်းလို့ အဖေနဲ့ အမေကတောင် မင်းဓါတ်ပုံကို ပုံကြီးချဲ့ပြီး ချိတ်ထားရမယ်တဲ့။ တခါတခါ မမှတ်မိတော့လို့တဲ့။ အဟက်ဟက်ဟက် ဟုတ်လဲဟုတ်ပါရဲ့ ကျွန်တော် အိမ်ပြန်ရင်တောင် အစောဆုံးက ည ၁၁ နာရီပါ။ အားလုံး အိပ်နေပါပြီ။ ကျွန်တော့်မှာ အိမ်သော့လေး တစ်ချောင်း အပိုရှိနေလို့သာ ဝင်ထွက်သွားလာနိုင်တာပါ။ ကျွန်တော် အိမ်ကို မခင်တွယ်ပါဘူး။ ကျွန်တော်က သီးသန့်နေထိုင်ရတာကို ပိုပြီး နှစ်သက်ပါတယ်။ အိမ်မှာနေရင်တောင် ကိုယ့်ဘာသာနေပါတယ်။ ဘယ်သူနဲ့မှ သိပ်ပြီး ရောရောနှောနှော မရှိပါဘူး။ ညဘက် အခွေကြည့်ရင်တောင် တစ်ယောက်ထဲပဲ ကြည့်တတ်ပါတယ်။ ကျွန်တော် စဉ်းစားနေရတာ တွေးနေရတာတွေကို ပိုပြီး နှစ်သက်ပါတယ်။ အဲဒီ့လို တစ်ယောက်ထဲ နေတတ်သွားတာက ကျွန်တော့် အဖွားဆုံးပြီးနောက်ပိုင်းမှာ ပိုပြီးနေဖြစ်သွားတာပါ။ ဘဝမှာ အဖွားကလွဲရင် ကျန်တဲ့သူတွေက ကျွန်တော့် စကားတွေ စိတ်ကူးတွေကို စိတ်ဝင်စားမှုမရှိဘူးလို့ ကျွန်တော် ထင်နေတာလဲ ပါပါတယ်။

လူတွေ အမြဲပြောကြတယ် ဘယ်လို အိမ်လေးနဲ့ နေချင်တယ်။ ငါ့အိမ်လေးက ဘယ်လို၊ ငါတို့ မြို့မှာက ဘယ်သို့ အဲဒီ့လို စကားဝိုင်းတွေမှာ ကျွန်တော် အမြဲဆွံ့အသွားရပါတယ်။ ကျွန်တော် ပြန်စဉ်းစားကြည့်တယ် ကျွန်တော် ဘယ်လို အိမ်လေးနဲ့ နေချင်တာလဲ၊ ကျွန်တော် ပြန်တမ်းတလောက်မယ့် နေရာ ဘယ်လိုလဲ စဉ်းစားမိပါတယ်။ အဖြေက လွယ်လွယ်ကူကူနဲ့ ထွက်မလာပါဘူး။ ထွက်လာတဲ့ အဖြေကလည်း ကြောက်စရာကောင်းလောက်အောင် ကျွန်တော့် အတွက် ကြီးမားနေပါတယ်။ အဲဒီ့အဖြေကြီးကို အသက်သွင်းဖို့ ကျွန်တော် လုပ်မလား မလုပ်ဘူးလားဆိုတာ ထပ်ပြီး စဉ်းစားနေမိပါတယ်။ ကျွန်တော့် အတွက် အိမ်တစ်လုံးက ဒီလောက်ထိ ခြောက်လှန့်နေမလား ဘဝမှာ နားခိုဖို့အတွက် အိမ်လေးတစ်လုံး လိုအပ်နေပြီလား ဆိုတာ ကျွန်တော် သေချာသိအောင် တွေးနေရပါတယ်။ ကဲ ကျွန်တော် နေချင်တဲ့ အိမ် ကျွန်တော် သိပ်ပြီး တမ်းတတဲ့အိမ် ကျွန်တော် အမြဲတမ်း သတိတရ ရှိနေရမယ့် အိမ်ကို ကျွန်တော် ပြောပြပါ့မယ်။

အိမ် အကြီးကြီး တစ်လုံးလိုချင်ပါတယ်။ ခြံကလည်း အကျယ်ကြီးပေါ့။ အင်း အိမ်အကြီးကြီး ဆိုတာထက် ရဲတိုက်ကြီးတစ်ခုလို့ ပြောရမယ်ထင်တယ်။ ကျွန်တော့် ရဲတိုက်ကြီးမှာ ကျွန်တော် သီးသန့်နေထိုင်ချင်ပါတယ်။ စာကြည့်တိုက်၊ ဧည့်ခန်း ၂ ခန်း၊ အိပ်ခန်း ၇ ခန်း၊ နားနေခန်း ၂ ခန်း၊ ထမင်းစားခန်းနဲ့အတူ ရေချိုးခန်း အိမ်သာ အကြီးကြီးတွေ ပါရပါလိမ့်မယ်။ ဒါက စိတ္တဇလို့ ပြောလို့ ရပါတယ်။ ကျွန်တော် တကယ်ကို အဲဒီ့လို နေထိုင်ချင်တာပါ။ ဘေးမှာ ဘယ်သူ့ကို ခေါ်ထားမလဲ ဟုတ်လား။ အဟက်ဟက်ဟက်ဟက် ဟုတ်ကဲ့ ကျွန်တော့်ရဲတိုက်ကြီးကို ဆောက်ပေးမယ့်သူကို ခေါ်ထားမှာပေါ့ဗျာ မဟုတ်ဘူးလား။ ကိုယ့်ဘာသာ သံသယရှိတယ် ဒီတစ်သက် အဲလိုနေလို့ ရပါ့မလားလို့။ အဲဒီလိုမှ မနေရရင်တော့ ဘယ်လို အိမ်အမျိုးအစားကိုမဆို သိပ်ပြီးဂျီးမများတော့ပဲ နေရမှာပေါ့။

ငယ်ငယ်က ပုံပြင်တွေထဲမှာ ရဲတိုက်ကြီးတွေ အကြောင်းကြားရရင် ကျွန်တော် ပျော်ပါတယ်။ အဲဒီ့တုန်းကတော့ လိုချင်တယ်ဆိုတာထက် သဘောကျတယ်ဆိုတာလောက်ပဲ ရှိတာပါ။ ရဲတိုက်တစ်ခုမှာ နေထိုင်ဖို့ဆိုတာ ကြီးကျယ်လွန်းရာ ကျနေမလားပဲ။ ပြောတတ်ဖူးလေ။ ကျွန်တော် တစ်ယောက်ထဲ နေလိုတဲ့ အကြောင်းအရာထဲမှာ မနက်မိုးလင်းတာနဲ့ ဘေးက အသံတွေကို မကြားချင်တာ ကျွန်တော့်ကို အိပ်ယာကနေ ညင်ညင်သာသာ နှိုးတဲ့သူ မရှိတာတွေကြောင့်လည်း ပါပါတယ်။ မနက်မိုးလင်းရင် ကျွန်တော်က သာသာယာယာ နိုးချင်တယ်။ မနက်ဆိုတာ လူတွေ အတွက် သိပ်အရေးကြီးတယ်။ ကျွန်တော်ဆိုရင် ကျွန်တော့်ရဲ့ တနေ့တာလုပ်မယ့် ကိစ္စတွေကို မနက်အိပ်ယာနိုးတာနဲ့ စဉ်းစားပြီး တစ်ခုချင်း စီစဉ်ထားပါတယ်။ အဲဒီ့လို တွေးနေတုန်းများ တစ်ယောက်ယောက်က စကားလာပြောတာတို့ ကျွန်တော့်ကို မေးခွန်းတွေလာမေးတာတို့လုပ်ရင် ကျွန်တော် သိပ်ပြီး စိတ်ဆိုးပါတယ်။ အင်း ရဲတိုက်ကြီးထဲမှာဆိုရင်တော့ ဒါမျိုးတွေ ကြုံရမယ် မထင်ဘူး။ ကျွန်တော့် ရဲတိုက်ထဲမှာ မနက်လင်းတာနဲ့ ကြည်နူးစရာကောင်းတဲ့ သီချင်းသံတွေ ကျွန်တော့်ကို ခွန်အားပေးမယ့် ကြည်နူးစရာ အထိအတွေ့တွေနဲ့ ကျွန်တော် စီမံထားမှာပါ။ မနက်ကနေ မိုးချုပ်တဲ့ထိ ကျွန်တော် အမြဲတမ်းနားနေချင်မယ့် ရဲတိုက်မျိုး ဖြစ်ရမယ်။

ကျွန်တော့်မှာလည်း အမကြီး မခင်မင်းဇော်တို့လိုပဲ အမျိုးတွေ သိပ်များတယ်။ ဒါပေမယ့် တခါမှ ကျွန်တော် ခင်မင်တွယ်တာပြီးတော့ မနေခဲ့ဖူးဘူး။ သူများတွေတော့ မသိဘူး ကျွန်တော့်စိတ်ထဲမှာတော့ ကျွန်တော့်ကို အမြဲဒုက္ခပေးနေတယ်လို့ ထင်နေမိတယ်။ ကျွန်တော် ကယ်တင်လို့ ရမယ့်သူတွေကိုတော့ ကယ်တင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့်က အမျိုးဖြစ်ရင် ပိုပိုပြီး ပြဿနာများသလိုပဲ။ စိတ်ကုန်စရာကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ အဖေနဲ့ အမေကတော့ သူတို့ အမျိုးတွေကို သိပ်ချစ်တယ်။ သူတို့တွေက အဲဒီ့အမျိုးတွေ အတွက်ဆိုရင် အမြဲဦးစားပေးတတ်တယ်။ ကျွန်တော့် အတွက်ကတော့ ရီချင်စရာကြီးပေါ့။ အင်း အဲဒီ့အချက်ကလည်း ကျွန်တော့်ကို ကျွန်တော့်အိမ်မှာ မပျော်စေတဲ့ အချက်ပဲ ဖြစ်လိမ့်မယ်။ ဧည့်သည်လာတာကို ကြိုဆိုပေမယ့်။ ကိန်းကြီးခန်းကြီးနိုင်တဲ့သူ မြင်မြင်ရာကို ပြိုင်ချင်တဲ့သူ တစ်ဘက်သားကို ကျောချင်တဲ့သူ အဲဒီ့လို လူမျိုးတွေကိုတော့ မကြိုဆိုချင်တာ အမှန်ပဲ။ အင်း ကျွန်တော်က ရဲတိုက်ကြီးမှာ နေချင်တာဆိုတော့ ကိန်းကြီးခန်းကြီး နိုင်မယ်လို့ ထင်ကြမှာပေါ့နော့။ ဟုတ်ဘူးဗျ နေချင်တာ နေချင်တာ အဲလိုကြီးတော့ စိတ်ထဲ မရှိဘူး။

သတိတရရှိချင်တဲ့ အမှတ်တရ ဖြစ်ချင်နေတဲ့ အိမ်ကတော့ ခုနကပြောခဲ့တဲ့ ရဲတိုက်ကြီးပါပဲ။ အမကြီး မခင်မင်းဇော်ရေ ကျွန်တော့်မှာ သတိတရရှိလှတဲ့ အိမ်လေး တစ်လုံးတောင် မပိုင်ဆိုင်လို့ ဖြစ်ချင်တဲ့ လိုချင်တဲ့ အရာကိုပဲ ရေးပေးလိုက်ရပါတယ်။ အမ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်နော်။ ကဲ ကျွန်တော်က ဆက်ပြီးတော့ တက်ခ်မယ့် ပုဂ္ဂိုလ်ကတော့ ချစ်ကိုကြီး ကိုစိုးထက် ကိုပေါ့ဗျာနော်။ ကဲ ချစ်ကိုကြီးရေ ရေးပေးပါအုံးဗျို့။ ကျွန်တော့်လိုပဲ ရဲတိုက်ကြီး လိုချင်တယ်ဆိုရင်တော့ တစ်ယောက်တစ်ဝက်ပေါ့ဗျာ ဟဲ ဟဲ အကိုကြီးက အကြီးဆိုတော့ ရှယ်ယာ ပိုထည့် ကျွန်တော်က အငယ်ဆိုတော့ သိပ်မတတ်နိုင်ဘူးလေ။ ဟုတ်တယ်ဟုတ် :D

Read More...

Saturday, February 23, 2008

အတွေ့အကြုံများ (၄)

လူတစ်ယောက်ကို လုပ်ငန်းတစ်ခု အတွက် အကူအညီတောင်းမှာလား ဒါမှမဟုတ် သူ့အတွက် ဥာဏ်ပူဇော်ခဖြစ်စေ၊ လုပ်အားခဖြစ်စေ ပေးပြီး လုပ်မလား။ ဒါက တကယ့်ကို စဉ်းစားစရာပဲ။ အလုပ်တစ်ခုကို အသိုင်းအဝိုင်း ကောင်းလို့ လုပ်တာထက် အလုပ်တစ်ခုကို စနစ်တကျ လုပ်တာ ပိုကောင်းတယ်ဆိုတာ ကျွန်တော့် အတွေ့အကြုံအရ သိလိုက်ရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှယ်ယာလုပ်ငန်းတွေ ကွဲကြပြဲကြ ပြဿနာတွေ တက်ကြတာ ဘာ့ကြောင့်လည်း အဖြေက သိပ်ရှင်းပါတယ်။ တိကျတဲ့ မူဝါဒ မရှိခြင်း၊ တာဝန်ခွဲဝေမှု မရှိခြင်း၊ လူမှုရေးများ လုပ်ငန်းတွင်းသို့ ဆွဲသွင်းခြင်း စတဲ့ အချက်တွေကြောင့်ပေါ့။ အစကတော့ ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် နောက်တော့ တစ်ယောက်နဲ့ တစ်ယောက် မုန်းကြ စိတ်ဆိုးကြ သံသယဖြစ်ကြနဲ့ ရလာဒ်တွေက သိပ်ကို စိတ်ပျက်စရာ ကောင်းတယ်။

ကျွန်တော် ခုလုပ်ခဲ့တဲ့ ပရောဂျက်မှာဆိုရင် ပထမဦးဆုံး ဘာမှ ရေရာမှု မရှိပဲ စမ်းတဝါးဝါးနဲ့ လုပ်ခဲ့ရတယ်။ အဲဒီ့တုန်းကတော့ ရှယ်ယာသမားတွေက အင်း အဲ ဟုတ်တယ် အားကိုးပါတယ် လုပ်ပါ အလုပ်ဖြစ်ရေးက အဓိက မြတ်စရာ မလိုဘူး မရှုံးရင်တော်ပြီ အဲဒီ့လို စကားတွေနဲ့ ကျွန်တော့်ကို ချည်နှောင်ပါတယ်။ ကျွန်တော် ပြောပြခဲ့ပါတယ် ဒီလုပ်ငန်းက ကျွန်တော့်အတွက် ပထမဆုံး အတွေ့အကြုံ မှားနိုင်တယ် ဒါပေမယ့် သတိထားပြီး လုပ်မယ် မြတ်မယ်လို့ အာမ မခံနိုင်ပေမယ့် မရှုံးရေးကို ဦးတည်ထားပေးမယ်လို့ ပြောခဲ့ပါတယ်။ တကယ်တမ်း အလုပ်စတဲ့ အချိန်မှာတော့ ကံအားလျော်စွာနဲ့ စပွန်ဆာ ပိုက်ဆံကို မျိုးမျိုးမြတ်မြတ်လေး ရလိုက်တယ်။ ကဲ စပွန်ဆာရပြီဆိုတော့ ရှုံးဖို့ မရှိတော့ဘူးပေါ့။ အမြတ်ကတော့ မသေချာသေးဘူးဆိုတာ ကျွန်တော် ပြောပြခဲ့တယ်။ စိတ်တွက်တွက်ရင်တော့ မြတ်မှာပေါ့လေ။ လုပ်ငန်းဆိုတာ အဲလို တွက်လို့မှ မရတာ။ စပွန်ဆာ သမားကရော ကိုယ်နဲ့ အမျိုးတော်လို့ ပေးတာမှ မဟုတ်တာ သူ့ပိုက်ဆံတွေကို ဖျော်ဖြေရေးနဲ့အတူ သူ့အတွက် အကျိုးရှိအောင် ပြန်သုံးခိုင်းတာပဲလေ။ ဒါကို လက်မခံကြဘူး။

ကဲ ဒီလိုနဲ့ ကျွန်တော့် အလုပ်က တဝက်နီးပါးအရောက်မှာ စပွန်ဆာရမှန်းလဲသိကြပြီ တခြားဘက်ကလည်း ငွေတွေ ဝင်လာပြီဆိုတော့ အားလုံးက မျက်စိကျလာပါတော့တယ်။ ပထမတုန်းက တွက်ခဲ့တဲ့ ကိန်းဂဏန်းတွေဟာ နောက်ပိုင်းမှာ တဖြေးဖြေး ပိုများလာတာကို တွေ့လာရပါတယ်။ ကျွန်တော့်မှာ ငြင်းပယ်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ လုပ်ငန်းတစ်ခုလုံးက ခေါင်းပေါ်မှာ ရောက်နေသလို လူတွေကို အကူအညီတောင်းထားတာကြောင့် အားလုံး စိတ်ချမ်းသာဖို့ ပိုကြိုးစားလာရပါတယ်။ ဒီကြားထဲမှာ ပြဿနာတွေကလည်း မရိုးရအောင် တစ်ခုပြီးတစ်ခု ရှင်းရပါတော့တယ်။ လုပ်ငန်းကြီး စပြီဆိုတာနဲ့ ကျွန်တော်သိလိုက်ပါပြီ မြတ်စရာ မရှိဘူး သို့သော ရှုံးစရာလဲ မရှိတော့ဘူး နာမည်ကောင်းရဖို့သာ ကြိုးစားရတော့မယ်ဆိုတာကို ကျွန်တော် သဘောပေါက်သွားပါပြီ။ ရှယ်ယာသမားတွေကတော့ အဲဒီ့အချိန်မှာ စိတ်ကူးဖဲရိုက်ပြီး ဘယ်လောက်မြတ်စွန်းမယ်ဆိုတာ တွက်နေကြပါပြီ။ သူတို့က ကျွန်တော်နဲ့ ခုမှ အလုပ်တူတူစလုပ်ဖူးတာရယ် ပြီးတော့ သူတို့ တချိန်လုံး ပစ်ထားပြီး ခုမှ မိုးကျရွှေကိုယ်တွေလို ပေါ်လာတာရယ်ကို ထည့်မတွက်ကြတော့ပါဘူး။ သူတို့တွေက ရှယ်ယာပါတယ်ဆိုတာ ပါးစပ်နဲ့ ပါခဲ့ကြတာကိုလည်း သတိမရကြတော့ပါဘူး။ ဘယ်သူ့ဆီကမှ ကျွန်တော် ပိုက်ဆံမယူထားပါဘူး။ ရတဲ့ငွေတွေနဲ့ ကိုယ့်ဘာသာ အဆင်ပြေသလို ကြည့်ပြီးလုပ်ခဲ့ရပါတယ်။ ကျွန်တော်က အလုပ်တစ်ခုလုပ်ရင် ငွေဆိုတာထက် ဂုဏ်သိက္ခာကို ပိုပြီးတန်ဖိုးထားပါတယ်။ အဲဒါကြောင့်လည်း ငွေကြေးအကြောင်းတွက်တတ်တဲ့ သူတွေက ကျွန်တော့်ကို မျက်စိဆံပင်မွှေးစူးကြတာပေါ့။ မင်းက ဘာကောင်လဲ နင်က ဘာမို့လို့လဲ။ ဒီမေးခွန်းတွေဟာ စိတ်ကုန်စရာ ကောင်းလောက်အောင် တနေ့ပြီးတနေ့ ဖြေနေရပါတယ်။

ကြည့်ကြပါအုံး ရှယ်ယာပါတနာလို့သာ ပြောတယ်။ တကယ်တမ်း ကျွန်တော် ပြဿနာတက်နေတဲ့ အချိန် (လုပ်ငန်းနဲ့ ပတ်သတ်ပြီး ဖြစ်နေသော ပြဿနာများ) မှာ သူတို့တွေက ကျွန်တော့်ဘက်က ရှိနေဖို့ နေနေသာသာ သူများဘက်ကနေပြီး ကျွန်တော်က လိုအပ်ချက်တွေရှိကြောင်း ကျွန်တော်မှားကြောင်းများကို အားမနာ လျှာမကျိုး တရစပ်ပြောပါတော့တယ်။ အဲဒီ့အပြင် လုပ်ငန်းမှာ ပတ်သတ်ရတဲ့သူတွေနဲ့ ကျွန်တော် ပြေလည်မှုရလာရင် သူတို့က ပြဿနာ မတက်တက်အောင် လိုက်ပြီး နောက်ကနေ နှောက်ယှက်ပါတယ်။ ကဲ မခက်ဘူးလား ရန်သူနဲ့ ဓါးခြင်းယှဉ်ခုတ်နေတုန်း နောက်ကျောကို ကိုယ့်လူက ပြန်ပြီး ဓါးနဲ့ထိုးသလိုပါပဲ။ ကျွန်တော်ဟာ လုပ်ငန်းကြီးကို လုပ်နေတဲ့ အချိန်မှာ လုပ်ငန်းကြီး စနေတဲ့ အချိန်မှာ အားလုံးကို မယုံရဲတော့ပါဘူး။ သူတို့ မေးရင်လည်း မဖြေတော့ပါဘူး။ ပြဿနာမတက်ရေး ချောချောမွေ့မွေ့ အောင်မြင်ရေးကိုသာ အဓိက ထားပါတော့တယ်။ ကျွန်တော့် လုံခြုံရေး အတွက် သူငယ်ချင်းတွေက စိုးရိမ်လာကြပါတယ်။ သူတို့ သိတယ် အချိန်မရွေး ဒုက္ခရောက်သွားနိုင်တယ်ဆိုတာကို။ တချိန်လုံး ကျွန်တော့်ကို အရိပ်တကြည့်ကြည့်နဲ့ လုံခြုံရေးအတွက် သတိပေးပါတော့တယ်။ ကျွန်တော်လည်း အဲလောက်တော့ မတုံးပါဘူး။ ကျွန်တော့် လုံခြုံရေးအတွက် စီစဉ်ရပါတော့တယ်။ တကယ့်ကို နိုင်ငံခြား ရုပ်ရှင်တွေထဲကလိုပဲ ဒုက္ခပေးမယ့်လူသိုက်က တစ်ဘက် ကျွန်တော်တို့က တစ်ဘက် အရမ်းကို ပင်ပန်းခဲ့ပါတယ်။

ကျွန်တော်ဘာလို့ အဲဒီ့လောက်စိုးရိမ်ရသလဲ ဆိုရင် ကျွန်တော့်လုပ်ငန်းမှာ ပါးစပ်နဲ့ ရှယ်ယာထည့်ထားတဲ့သူတွေက ကျွန်တော့်ကို တော်တော် မုန်းနေကြပါပြီ။ လုပ်ငန်းကြီးတစ်ခုလုံးမှာ လူတွေက ကျွန်တော့်ကို အရေးပေးတယ် ကျွန်တော် ဆုံးဖြတ်မှ အတည်ဖြစ်တယ်။ အင်တာဗျူးတွေ ဂျာနယ်လစ်တွေလည်း ကျွန်တော့်နားမှာ တချိန်လုံး ဝဲနေပါတယ်။ သူတို့ကို အရေးတယူ မလုပ်ရကောင်းလားဆိုတာ သူတို့ စိတ်ထဲမှာ ရှိပါတယ်။ ဘယ်သူက အရေးတယူ ရှိပါ့မလဲ ခေါင်းစဉ်တပ်ထားတာကိုက ကျွန်တော့် ကုမ္ပဏီနာမည် အားလုံးက ကျွန်တော့် အသိုင်းအဝိုင်းလေ သူတို့လို လူစိမ်းတွေကို ဘယ်သူက အဖတ်လုပ်ပါ့မလဲ။ ပြီးတော့ သူတို့ရဲ့ စိတ်ဓါတ်တွေကို အားလုံးက သိကုန်တဲ့ အချိန်မှာ ကျွန်တော့်နားမှာပဲ အားလုံး ရှိနေကြပါတယ်။ အဲလိုဖြစ်လေ သူတို့က ပိုပြီး ညှိုးလေပါပဲ။ သံသရာကို လည်နေတော့တာပဲ။ အလုပ်မှာ ပြဿနာမတက်တတ်အောင် သူတို့ နည်းမျိုးစုံ သုံးလာပါတယ်။ မီဒီယာတွေကိုပါ အချိန်ပြည့်ခေါ်ပြီး ကျွန်တော့်ကို ပတ်ချာလည် လိုက်ရှာခိုင်းပါတယ်။ အဲဒီ့ပွဲအတွင်းမှာ ကျွန်တော် အင်တာဗျူး ရှောင်ခဲ့ပါတယ်။ တကယ်လည်း မအားလို့ပါ။ ပြီးတော့ နာမည်ကြီး ဂျာနယ်က ကျွန်တော့်ကို နေ့တိုင်း အင်တာဗျူးဖို့ ပြောတော့ အဆင်မပြေတော့ပါဘူး။ ကျွန်တော် တခါဖြေပြီးသားပါ နောက်တခါ ဖြေလည်း ဒီအဖြေပဲ ဖြစ်မှာပါ။ ဒါကို ဘာ့ကြောင့်များ ထပ်ပြီး ဗျူးချင်သလဲ ကျွန်တော် စဉ်းစားရပါတယ်။ နောက်တော့ သိလိုက်ပါတယ် ကျွန်တော့်ရဲ့ ရန်သူ တစ်စုက အကူအညီ တောင်းထားတယ်ဆိုတာ။ ကျွန်တော် အဲဒါ မသိခင်ကထဲက အဲဒီ့ ဂျာနယ်ကို ရှောင်ပါတယ်။ သူတို့ ခမျာလည်း သူများ ခိုင်းလို့သာ လုပ်တယ် ကျွန်တော့်ကို မဲသလား ဖြူသလားတောင် မသိကြရှာပါဘူး။ သူတို့ ဘေးနားမှာ မတ်တတ်ရပ်နေတတ်တဲ့ ကျွန်တော့်ကို သူတို့ လုံးဝ မသိကြပါဘူး။ ဒီနေရာမှာ အဲဒီ့ကိစ္စကို ဖြေရှင်းပေးသွားတဲ့ ကျွန်တော့် မန်နေဂျာကို ကျေးဇူးတင်ရမှာပါ။ သူက အမြဲတမ်း မအားဘူး မရှိဘူး အချိန်မရဘူး ခင်ဗျားတို့ ဗျူးချင်ရင် ရုံးမှာ လာခဲ့ ကျွန်တော် ချိန်းပေးမယ်ဆိုပြီး ပြောပေးခဲ့ပါတယ်။ ပွဲပြီးသွားတဲ့အထိ သူတို့ ဘက်ကလည်း လက်မလျော့ပါဘူး။

ရန်သူတွေနဲ့ ရင်ဆိုင်တဲ့ အခါတိုင်းမှာ ကျွန်တော့်ဘက်က စိတ်ခံစားမှု လုံးဝ မပါအောင် သတိထားပြီးနေပါတယ်။ ပျော်တာလည်း မပြဘူး ဒေါသထွက်တာလည်း မပြဘူး စိတ်ရှုပ်တာလည်း မပြဘူး။ အဲဒီ့လို နေခဲ့လို့လည်း ကျွန်တော် တော်တော်လေး သက်သာရာ ရခဲ့ပါတယ်။ တကယ်လို့များ စိတ်ခံစားမှုကို သိသွားခဲ့ရင် ကျွန်တော့်ကို သူတို့ လွယ်လွယ် အနိုင်ရသွားမှာပါ။ သူတို့နဲ့ ပြိုင်ရတာ စစ်တုရင် ကစားရသလိုပါပဲ။ တချိန်လုံး စဉ်းစားနေရပါတယ် အကွက်အမှား မခံပါဘူး။ ကိုယ့်ဘက်က တစ်ကွက်မှားတာနဲ့ ကိစ္စပြတ်သွားနိုင်ပါတယ်။ ကျွန်တော် သူတို့နဲ့ ကစားနေရင်း နောက်ဆုံး အနိုင်ရခဲ့ပါတယ်။ လုပ်ငန်းတစ်ခုလုံး အောင်အောင်မြင်မြင် ချောချော မွေ့မွေ့နဲ့ ပြီးဆုံးသွားပါတယ်။ လူတွေအားလုံး ကျွန်တော့်ကို Congratulation လာလုပ်ကြပါတယ်။ ကျွန်တော်လည်း တော်တော် ပျော်ပါတယ်။ သူတို့ကို အနိုင်ရတာထက် လုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်ခဲ့နိုင်တာ ပထမဆုံး အတွေ့အကြုံဖြစ်ပေမယ့် ချောချောမောမော ပြီးဆုံးသွားတာရယ်ကြောင့် ပျော်မိပါတယ်။ ကဲ ဒီလို အောင်မြင်သွားတော့ တစ်ဘက်မှာ ဘာဖြစ်သလဲဆိုတော့ ငွေကြေးအမြတ်အစွန်း လုံးဝထွက်မလာတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီ့အချိန်မှာ ငွေခင်းပြီး လမ်းလျှောက်ခဲ့ရပါတယ်။ တချို့နေရာတွေမှာ မသုံးသင့်မှန်းသိပေမယ့် အဲဒီ့အချိန်မှာ ဘာမှ မစဉ်းစားနိုင်ပါဘူး။ ကျွန်တော့် ခေါင်းထဲမှာ အေးအေးချမ်းချမ်း ဖြစ်ရေးပဲ ရှိပါတယ်။ အဲဒါကြောင့် ဒီလုပ်ငန်းကြီးမှာ အောင်မြင်ပေမယ့် ငွေကြေးအမြတ်အစွန်း မရှိသလို အရှုံးလဲ မရှိခဲ့ပါဘူး။ နာမည်ရခဲ့တာရယ် လူတွေရဲ့ ယုံကြည်မှုရခဲ့တာရယ် ရှေ့လုပ်ငန်းတွေ လမ်းပွင့်လာတာရယ်က ကျွန့်တော့်အတွက် အကြီးမားဆုံး အမြတ်အစွန်းပါပဲ။

ကဲ လုပ်ငန်းကြီးလည်း ပြီးပြီဆိုတော့ ကျွန်တော် စာရင်းတွေရှင်းဖို့ လုပ်ပေးရပါတယ်။ ပိုက်ဆံ မစိုက်ကြပေမယ့် ပါးစပ်လေးနဲ့ ပါထားတဲ့သူတွေကို ရှင်းပြဖို့ တာဝန်ရှိလာပါတယ်။ အလုပ်မပြီးခင်မှာ ရန်လုပ်ခဲ့တဲ့ သူတို့တွေကလည်း အလုပ်ပြီးတော့ ပိုက်ဆံ ရလိုကြောင်း တောင်းလာပါတယ်။ ကျွန်တော်လည်း စာရင်းတွေကို သေချာပြလိုက်ပါတယ်။ အမြတ်မရှိတာကို သိသွားတဲ့အခါမှာ ကျွန်တော့်ကို ထပ်ပြီး ရန်လုပ်ပါတော့တယ်။ အစထဲကလည်း မကူညီဘူး ရန်လဲလုပ်တယ် ပြဿနာလည်း ရှာတယ် ကဲ အလုပ်ပြီးတော့လည်း ပိုက်ဆံတောင်းတယ် တကယ်မမြတ်လို့ မမြတ်ကြောင်း ရှင်းပြတော့လည်း လက်မခံဘူး။ မဖြစ်နိုင်တဲ့ ငွေကြေးကိန်းဂဏန်း တစ်ခုကို ထပ်ခါတလဲလဲ ပြောပြီး တောင်းပါတော့တယ်။ ကျွန်တော် သူတို့ကို ကြည့်ပြီး အံ့သြလွန်းလို့ စကားတောင် မပြောနိုင်ပါဘူး ဒီအတိုင်းပဲ ထိုင်ကြည့်နေလိုက်ပါတယ်။ နောက်ဆုံး သူတို့ ပြောလာပါတယ် စကားထဲက ဇာတိပြလာပါတယ် ပြဿနာရှာမယ် ဘာညာပေါ့လေ။ ကျွန်တော် သည်းခံနိုင်မှု အတိုင်းအတာ ကုန်သွားပါတယ်။ သူတို့ကို သူတို့လိုမျိုး ရန်ပြန်မလုပ်ပါဘူး သူတို့ ကျွန်တော့်ကို ဒုက္ခမျိုးစုံ ပေးတဲ့ပုံတွေကို အသေးစိတ် ပြန်ပြော လိုက်ပါတယ် ပြီးတော့ ထပ်ပြောလိုက်ပါတယ် ကျွန်တော်က ခင်ဗျားတို့လိုတော့ ရန်မလုပ်တော့ဘူး ကျွန်တော့်ကို သိက္ခာချရင် အသရေဖျက်မှုနဲ့ တရားစွဲမယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။ အဲဒီ့တော့မှပဲ သူတို့ ငြိမ်သွားပါတော့တယ်။ နောက်ထပ် ဘာသံမှ မကြားရတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်သူတို့ကို လျော့ပြီး မတွက်ပါဘူး။ အချိန်မရွေး ဒုက္ခပေးနိုင်ပါတယ်။ ခုလည်း ကျွန်တော့်လုပ်ငန်းတွေ အဆင်ပြေတယ် ကြားရင် ဘာတွေ ကြံစည်အုံးမလဲဆိုတာ မပြောတတ်ပါဘူး။ ကဲ အလုပ်လုပ်ရင် သတိသာထားကြပါ ရှယ်ယာလုပ်ရင် အဲလိုမျိုးမဖြစ်အောင် အစထဲကနေပြီး တိကျသေချာတဲ့ မူဝါဒလေးတွေ တာဝန်ခွဲဝေရေးလေတွေ လုပ်ထားပါ လုပ်ငန်းသဘော ပိုပြီး ပီပြင်အောင် စာချုပ်စာတမ်းတွေနဲ့ လုပ်ကြပါလို့ တိုက်တွန်းရင်း ကျွန်တော့် အတွေ့အကြုံလေးကို ဝေမျှလိုက်ပါတယ်။

Read More...

Thursday, February 21, 2008

ပျက်ကျသွားတဲ့ စိတ်

သံသရာကို ကြောက်ရင်
အကုသိုလ်ကို ဝယ်မသုံးနဲ့လို့
လူတွေကို ခဏခဏပြောနေတာ
ငါ့အသံကပဲ တိုးလို့လား
သူတို့နားတွေပဲ မကြားတာလား
စဉ်းစားမရတာ ကြာပြီ။

ဟေ့ကောင် ဟေ့ကောင်
ဘဝကို ရိုးရိုးသားသား ဖြတ်သန်း
အမှန်တရားက
နည်းနည်းတော့ခါးတယ်
ခဏပန်းလောက်ဖြစ်ဖြစ်
ဒုက္ခခံမှ ဘဝဆိုတာ ချိုတာ။

လမ်းပေါ်မှာ ပြန့်ကျဲနေတာ
ဘာတွေလဲလို့ ငါ့ကိုမေး
ဖြေစရာမလိုပါဘူးကွယ်
သိက္ခာတရားကို
အလေးချိန်နဲ့ရောင်းနေတဲ့ ခေတ်မှာ
ခလုတ်တိုက်တိုင်း
အမှန်တရားဆိုတာ ပြုတ်ပြုတ်ကျတာ
အားလုံးအသိပဲ မဟုတ်လား။

ကျိန်စာတိုက်တဲ့ခေတ်က
လူမဖြစ်ခဲ့ပေမယ့်
ကျိန်စာမိတဲ့ခေတ်မှာ
လူလာဖြစ်တော့
တစ်ယောက်နဲ့ တစ်ယောက်
သစ္စာပျက်တာ
ကလေးကစားသလို ဖြစ်နေတာကြာပေါ့။

ရင်တွေလည်း ပူလှပါပြီ
နားတွေလည်း အူလှပါပြီ
ဒုက္ခတွေလည်း ထူလှပါပြီ
အရွယ်နဲ့သောက မမျှတဲ့
ဒီလောကကြီးကို ပြုံးပြရတာ
ကြာတော့ ရွံတယ်။

Read More...

Wednesday, February 20, 2008

ရိုးသားမှုများ

ဘဝမှာ ရိုးသားစွာနေထိုင်တာ အကောင်းဆုံးပဲလို့ ကျွန်တော်ကြားဖူး မှတ်ဖူးပါတယ်။ ကိုယ်တိုင်လည်း အတတ်နိုင်ဆုံး ရိုးသားစွာနေပါတယ်။ လူတွေနဲ့ ဆက်ဆံရင်လည်း ကိုယ့်ဘက်က အမြဲတမ်း ရိုးသားဖို့ ကြိုးစားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပျော်ပွဲရွှင်ပွဲမှာ ကျွန်တော် သင်ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ လူတွေကို ကျွန်တော် အရိုးသားဆုံး ဆက်ဆံ ပြောဆိုပါတယ်။ တချို့ကလည်း သဘောပေါက်ပါတယ်။ တချို့ကလည်း ကျွန်တော့်ကိုငတုံးလို့ သတ်မှတ်ပါတယ်၊ တချို့ကလည်း ကျွန်တော့် ရိုးသားမှုကို အခွင့်အရေးယူပါတယ်။ ကျွန်တော် ပွဲတော်ကြီးကို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော့်ဘက်က လိုအပ်မှုမှန်သမျှကို မရ ရအောင် ဖြေရှင်းပေးခဲ့ပါတယ်။ သူငယ်ချင်းတွေက ပြောကြပါတယ် ဘာလို့များ လူတွေကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး ဆက်ဆံတာလဲတဲ့။ မင်းကောင်းသလောက် မင်းအပေါ် ပြန်ကောင်းကြရဲ့လားတဲ့ မင်းရိုးသားသလောက် သူတို့ ရိုးသား ကြရဲ့လားတဲ့။ စတဲ့ မေးခွန်းပေါင်း များစွာကို ကျွန်တော့်ကို မေးကြပါတယ်။ ကျွန်တော် သူတို့ရဲ့ မေးခွန်းတွေကို ပြန်ပြောခဲ့တဲ့ စကားက "ငါတစ်ယောက် ရိုးသားရင် လောကကြီး လှတာပေါ့ကွာ။ သူများတွေ မရိုးသားတိုင်း သူများတွေ ကောက်ကျစ်တိုင်း ငါ့ဘက်က လိုက်ပြီး အရောင်ပြောင်းရရင် ဘယ်ကောင်းပါ့မလဲ" လို့ ပြောခဲ့ပါတယ်။

ကျွန်တော် ဒီပွဲကြီးကို စလုပ်တော့ အားမာန်အပြည့်နဲ့ လုပ်ခဲ့ပါတယ်။ ကူညီပေးကြတဲ့ သူတွေ အများကြီးပါပဲ။ အကူအညီ ပေးမယ့်သူတွေသာ မရှိရင် ကျွန်တော် ဒီနေ့ ဒီလိုမျိုးတောင် ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အခက်အခဲ ဆိုတာကတော့ လုပ်ငန်းတိုင်းမှာ ရှိတာပါပဲ။ ကျွန်တော်အရာအားလုံးကို ရိုးသားစွာနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ ကျွန်တော့်ကို အကူညီပေးတဲ့သူတွေကိုရော အနှောက်အယှက်ပေးတဲ့ သူတွေရော အားလုံးကို ကျွန်တော့်ဘက်က ရိုးရိုးသားသား ပြောဆို ဆက်ဆံခဲ့ပါတယ်။ ကျွန်တော်ဟာ သူများတွေလို ပိုက်ဆံ ချမ်းသာလွန်းတဲ့သူ မဟုတ်ပါဘူး အားကိုးလဲ ရှိတဲ့သူ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ရှိတာဆိုလို့ ရိုးသားမှု၊ အမှန်တရား၊ သစ္စာတရား ဒါတွေပဲ ရှိတာပါ။ အဲဒါတွေကို အခြေခံပြီး ကျွန်တော် ဒီပွဲကြီးကို လုပ်ခဲ့တာပါ။ ပွဲတော်ကြီးမှာ အနှောက်အယှက် အမျိုးမျိုးကို ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော် ဒီပွဲကြီး မစခင်မှာ ဘုရားမှာ သစ္စာဆိုခဲ့ပါတယ်။ ကျွန်တော့် ဘဝရဲ့ ပထမဆုံးသော သစ္စာဆိုမှုပါပဲ။ ဗုဒ္ဓရဲ့ အရိပ်ဟာ အေးချမ်းလွန်းပါတယ်။ ဘုရားကို မသွားခင်မှာ ကျွန်တော်ဟာ ပြဿနာအကြီးဆုံးကို တွေ့နေခဲ့ရပြီး အဲဒီ့ပြဿနာသာ မရှင်းနိုင်ရင် ပွဲပါပျက်သွားနိုင်တဲ့ အနေအထားပါ။ ဘုရားကို ရောက်တော့ ကျွန်တော် တကိုယ်လုံး တုန်ရီနေပါပြီ။ ဘုရားမှာ ကျွန်တော် စိတ်တည်ငြိမ်အောင် လုပ်ရင်း ခနနားရပါတယ်။ ပြီးတော့ ကျွန်တော် သစ္စာဆိုပါတယ်။ "အရှင်ဘုရား တပည့်တော်သည် အခု ပြုလုပ်သော ဖေဖော်ဝါရီ ပျော်ပွဲရွှင်ပွဲကြီးကို လူအများ စိတ်ချမ်းသာစေခြင်း အလို့ငှာ ဦးစီး ဆောင်ရွက်ခဲ့ပါသည်။ မည်သူ့ကိုမျှ ယုတ်ညံ့သော စေတနာဖြင့် မဆက်ဆံ မပြောဆိုခဲ့ပါ။ တပည့်တော် ဘဝတွင် မည်သူ တစ်ဦး တစ်ယောက်၏ အကျိုးစီးပွါးကို ပျက်စီးစေလိုသော စိတ်မျိုးမရှိခဲ့ပါ။ တပည့်တော်သည် လူသားအားလုံးကို အရိုးသားဆုံး ဆက်ဆံပြောဆိုခဲ့ပါသည်။ ဤမှန်သော သစ္စာစကားကြောင့် တပည့်တော် ယခု ပြုလုပ်နေသော ဖေဖော်ဝါရီ ပျော်ပွဲရွှင်ပွဲကြီးကို အနှောက်အယှက်ကင်းကင်း အန္တရာယ်ကင်းကင်း ကျင်းပနိုင်ရပါလို၏" ဆိုပြီး သစ္စာဆို ဆုတောင်းခဲ့ပါတယ်။ ကျွန်တော့် သစ္စာ မှန်လို့ထင်ပါတယ် ကျွန်တော့် ပွဲတော်ကြီး အောင်မြင်ခဲ့ပါတယ်။ အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ပြဿနာတွေကို သူငယ်ချင်းတွေ မိတ်ဆွေတွေက အပြည့်အဝကူညီ ဖြေရှင်းပေးခဲ့ကြပါတယ်။ ကျွန်တော့် ဖေဖေ နဲ့ မေမေ ဆိုရင်လည်း ကျွန်တော့် အတွက် တော်တော်ကြီးကို သောက ရောက်ခဲ့ကြရပါတယ်။ ဒီပွဲမှာ ကျွန်တော်ဟာ အချိန်မရွေး ပြဿနာတက်ပြီး ဒုက္ခရောက်သွားနိုင်တယ် ဆိုတာ အားလုံး သိကြပါတယ်။ သူတို့တွေရဲ့ မျက်နှာတွေမှာ ကျွန်တော့်အတွက် စိုးရိမ်မှုတွေ အပြည့်နဲ့ဆိုတာ မပြောပဲနဲ့ သိသာပါတယ်။ ကျွန်တော့် ဝန်ထမ်းတွေက အစ ကျွန်တော့် အတွက် စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ကျွန်တော့်အတွက် စိုးရိမ်တဲ့ အထဲမှာ ဘလော့ဂ်ဂါကြီး ကိုစိုးထက်လည်း ပါပါတယ်။ ကျွန်တော်ဟာ မနက်လင်းတာနဲ့ တပြိုင်ထဲ ဒီနေ့ ဘယ်ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာနဲ့ စပြီးတွေးမိပါတယ်။ တကယ်တမ်းလည်း တွေးထားသလို ပြဿနာတွေက ရောက်ရောက်လာပါတယ်။ ကျွန်တော့် ဝန်ထမ်းတွေရှေ့မှာ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းတွေ ရှေ့မှာ ကျွန်တော် အားတင်းပြီး ရပ်တည်ခဲ့ရပါတယ်။ သူတို့ရှေ့မှာသာ ကျွန်တော် မျက်နှာပျက်နေမယ် စိတ်ဆင်းရဲနေမယ်ဆို နောက်က လိုက်လုပ်ပေးနေတဲ့သူတွေ အားပျက်ကုန်မှာ စိုးလို့ပါ။ ပွဲပြီးသွားတဲ့ ၁၄ ရက်နေ့မှာတော့ အားလုံးကို အိမ်ပြန်ပို့ပေးအပြီး ကျွန်တော် ပြန်လာခဲ့ပါတယ်။ အဲဒီ့မှာတော့ တင်းထားသမျှ စိတ်တွေ အားလုံးကို လျှော့လိုက်ပါတယ်။ အိပ်ခန်းထဲကို ရောက်ရောက်ခြင်း ကျွန်တော် ခွေလဲသွားပါတယ်။ ဘယ်သူမှလည်း မသိလိုက်ပါဘူး။ ကျွန်တော် ဗီဒိုရှေ့မှာ ၂ နာရီလောက် ခွေခွေလေးလဲနေပြီး တော်တော်နဲ့ ပြန်မထနိုင်ခဲ့ပါဘူး။ နောက်မှ ဖြေးဖြေးခြင်းထပြီး ကုတင်ပေါ်ကို တက်ခဲ့ရပါတယ်။ ကျွန်တော် မနက်မိုးလင်းတဲ့ အထိ လုံးဝ အိပ်လို့ မပျော်ပါဘူး။ စိတ်လျှော့လိုက်ပေမယ့်လည်း ဘယ်လိုမှ အိပ်မပျော်ခဲ့ပါဘူး။ လူတွေအကြောင်းကို စဉ်းစားရင်း စဉ်းစားရင်း ဝမ်းနည်းမိပါတယ်။ ကျွန်တော့်ဘက်က ရိုးသားစွာ ဆက်ဆံခဲ့ပေမယ့် လုံးဝကို မရိုးသားတဲ့ သူတွေကို ပြန်စဉ်းစားမိပြီး သူတို့ကို သနားလာမိပါတယ်။ သူတို့ဟာ ဘဝမှာ ငွေကြေး၊ ရပိုင်ခွင့်နဲ့ လူလူချင်း ကြီးနိုင်ငယ်ညှင်း လုပ်ဖို့လောက်သာ စဉ်းစားတတ်တဲ့ အတွက် ကျွန်တော် သနားမိပါတယ်။ ဘဝမှာ အသိတရားဆိုတာ နားမလည်တဲ့ အဲဒီ့လူတွေကို ကျွန်တော် ပြောနေကြစကားနဲ့ ပြောရရင် လူဖြစ်ဖို့ တစ်ဆင့် လိုနေပါတယ်။

ဒီပွဲတော်ကြီးမှာ ကျွန်တော် မြင်လိုက်ရတာက လူဖြစ်ဖို့ တစ်ဆင့်လိုနေသေးတဲ့ သူတွေရယ်။ မိတ်ဆွေစစ်ဆိုတာရယ်။ ညှိုးငယ်နေတဲ့ သူတွေရယ်။ အောက်ဆုံးက နင်းပြားတွေရယ်ကို ကျွန်တော် ပြတ်ပြတ်ထင်ထင် မြင်လိုက်ရပါတယ်။ ကျွန်တော် ဒီပွဲ တစ်လျှောက်လုံးမှာ ကျွန်တော့်ထက်နိမ့်ကျတဲ့ သူတွေကို ဦးစားပေးပြီး ဆက်ဆံခဲ့ပါတယ်။ သူတို့တွေကို ပျော်ရွှင်အောင် အဓိကထားပြီး လုပ်ပေးခဲ့ပါတယ်။ သူတို့တွေ ပျော်ကြတာကို မြင်ပြီး ကျွန်တော် ပီတိဖြစ်ရပါတယ်။ သူတို့တွေရဲ့ အပြုံးမျက်နှာတွေကို တွေ့တော့ ကျွန်တော် ပင်ပန်းသမျှ အားလုံး ပျောက်သွားပါတယ်။ ငွေဂုဏ်မောက်ပြီး လူဖြစ်ဖို့ တစ်ဆင့်လိုနေတဲ့ သူတွေကတော့ ကျွန်တော့် လုပ်ရပ်ကို သဘောမကျပါဘူး။ အမြင်မကြည်ပါဘူး။ ကျွန်တော်က သူတို့ကိုလည်း မပုတ်ခတ်ပါဘူး ကျွန်တော် လုပ်နေတာကိုလည်း ရိုးရိုးသားသား ပြောပြပါတယ်။ ဒါကို သူတို့ မကျေနပ်ပါဘူး။ ဒါတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး။ မကျေနပ်လည်း နေပေါ့ ဆိုပြီး ပစ်ထားလိုက်ပါတယ်။ အဲဒီ့ အကျိုးဆက်ကတော့ ကျွန်တော့်ကို တောက်လျှောက် ပြဿနာရှာတာပါပဲ။ အဲဒီ့ ပြဿနာတွေကလည်း ကျွန်တော့်ကို မသက်ရောက်စေပါဘူး။ ပန်းနဲ့ ပေါက်သလောက်ပဲ ဖြစ်နေပါတယ်။ ကျွန်တော် ယုံကြည်တာ တစ်ခုရှိတယ် လူတွေကို ရိုးသားစွာ ဆက်ဆံခြင်းက ဘဝမှာ အရာအားလုံးကို အနိုင်ရသွားနိုင်တယ်လို့။ ပြီးတော့ ကိုယ့်ကို ယုတ်မာတဲ့သူကိုတောင် ရိုးရိုးသားသား ဆက်ဆံလိုက်ရင် သူ့ဘက်က ဘာမှ လုပ်မရတော့ဘူး။ နောက်ဆုံးဗျာ လူတိုင်းကို ရိုးသားစွာ ဆက်ဆံလိုက် ဟိုဘက်ကလူ ဘာဆိုတာကို ဘယ်သူမှ မပြောပဲ ချက်ခြင်း သိနိုင်တယ်။ ကဲ နောက်မှပဲ ကျွန်တော် ပွဲတော်ကြီးနဲ့ ပတ်သတ်ပြီး စီကာပတ်ကုံး ရေးပြတော့မယ်။ ခုတော့ ဒီလောက်နဲ့ ကျေနပ်ကြပါလို့။ လူသားအားလုံး ရိုးသားနိုင်ကြပါစေ။

Read More...

Monday, February 18, 2008

အားလုံးပျော်ကြသည် သို့သော်

ဖေဖော်ဝါရီ ပျော်ပွဲရွှင်ပွဲနဲ့ ဈေးရောင်းပွဲတော်ကြီးကတော့ ပြီးသွားပါပြီ။ ဟုတ်ကဲ့ အားလုံးပျော်ကြပါတယ်။ ဒါပေမယ့် မောင်သုည တစ်ယောက်မှာတော့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ပန်လန်လက် ပက်လက်လန်ပြီး ကျန်ခဲ့ပါတယ်။ ပွဲတော် ၆ ရက်ကာလမှာ ၁၀ ပေါင်လောက်ကျသွားပါတယ်။ နဂိုကထဲကမှ အင်မတန် ဝတဲ့ ခန္ဓာကိုယ်ဆိုတော့ ခုစဉ်းစားသာကြည့်။ ဒီပွဲမှာ စပွန်ဆာလည်းရတယ် ဆိုင်ခန်း ၈၀ နီးပါလည်း ရောင်းထားတယ် ဒါပေမယ့် မောင်သုည မမြတ်ဘူးဆိုတော့ လူတိုင်း အံ့သြကြပါတယ်။ မအံ့သြကြပါနဲ့ ခင်ဗျာ မောင်သုညရဲ့ ပထမဆုံး အတွေ့အကြုံဆိုတာရယ် မောင်သုညဟာ ငွေကြေးထက် သိက္ခာတရားကို တန်ဖိုးထားတယ် ဆိုတာရယ် လူတစ်ဘက်သားကို စိတ်ဆင်းရဲ မခံဘူးဆိုတာရယ် သိရင် လုံလောက်ပါတယ်။ ဒီပွဲကြီးနဲ့ ပတ်သတ်ပြီး အမြတ်ထွက်တာကတော့ နာမည်ကောင်းကျန်ခဲ့တာရယ် လူတွေ အားလုံးပျော်ရွှင်တာရယ် အနုပညာ မောင်နှမတွေ ကျေနပ်နှစ်သိမ့်မှု ရတာရယ်ကတော့ မောင်သုညအတွက် အမြတ်ပါပဲ။ ကိုရွှေကတော့ ပွဲမစခင်မှာ နောက်ပြီးပြောဖူးတယ် တစ်မြို့လုံးပျော်မယ် သုညကြီး ငိုနေမယ်တဲ့။ စကားနောက် တရားပါများ ဖြစ်သွားရော့သလား ဟုတ်ပါရဲ့ တစ်မြို့လုံး ပျော်ပါတယ် မောင်သုည မပျော်လိုက်နိုင်ပါဘူး။

ပွဲတော် ၆ ရက်ဟာ မောင်သုညအတွက် ဆယ်တန်းစာမေးပွဲ ပြန်ဖြေရသလိုပါပဲ။ အဲဒီ့ ၆ ရက်ကို မောင်သုညက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ နဲ့ ဇီဝဗေဒ လို့ ပြောပြီး ရင်ဆိုင်ခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း ပြဿနာတွေကို ဖြေရှင်းခဲ့ရပါတယ်။ လူတွေ အကြောင်းကို ပိုသိခဲ့ရပါတယ်။ ယုတ်မာခံခဲ့ ရပါတယ်။ ငွေဂုဏ်မောက်တဲ့ သူတွေကို တွေ့ခဲ့ရပါတယ်။ အကူညီပေးတဲ့သူတွေလည်း တွေ့ဆုံခဲ့ရပါတယ်။ ဟိုးတုန်းကထဲက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေတယ်လို့ နာမည်ရထားတဲ့ မောင်သုည ခုတော့ ပိုပြီး နာမည်ရသွားပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာ မဟုတ်ပါဘူး။ အမှန်တကယ်ပြောပြနေတာပါ။ ဒီပွဲတော်ရက် မတိုင်ခင်ကထဲက အလုပ်တွေများလွန်းလို့ ချစ်လှစွာသော ဘလော့ဂ်ကိုတောင် လှည့်မကြည့်နိုင်ခဲ့ပါဘူး။ ခုတော့ နဲနဲအားသွားပြီမို့ ပြန်ရေးပါတော့မယ်။ ပြန်ရေးဖို့ကိုလည်း အားလုံးက တိုက်တွန်းနေပါတယ်။

ပွဲတော်ရက်တွင်း ဖြစ်ပျက်ခဲ့သမျှတွေ၊ စိတ်ခံစားမှုတွေ၊ ပြဿနာဖြေရှင်းခဲ့ရပုံတွေကို အသေးစိတ် ပြန်လည် ရေးသားတင်ပြပါအုံးမယ်။ ဓါတ်ပုံတွေကိုလည်း အဆင်ပြေရင် ပြေသလို တင်ပေးပါ့မယ်။ မောင်သုညကို အမြဲတမ်း အားပေးတတ်တဲ့ ဘလော့ဂ်ဂါကြီး ဒေါက်တာစိုးထက်ကိုလည်း ကျေးဇူးတင်မိပါတယ်။ မောင်သုညတို့ ပြဿနာတက်နေတော့ သူတောင် မနေနိုင်ရှာပါဘူး။ ကူညီပေးပါတယ် (မယုံမေးကြည့်)။ ခုလောလောဆယ်တော့ ရှယ်ယာသမားတွေနဲ့ မောင်သုည နပမ်းလုံးလိုက်ပါအုံးမယ်။ ပြီးမှ အသေးစိတ် ရေးပြပါ့မယ်။ ဘလော့ဂ်ကို ပစ်ထားမိသလို ဘလော့ဂ်ဂါမောင်နှမတွေကိုလည်း ဂရုတစိုက် မလုပ်နိုင်ခဲ့တဲ့ မောင်သုညကို ခွင့်လွှတ်နားလည် ပေးကြပါလို့ ပြောချင်ပါတယ်။ ကဲ အားလုံးပဲ ကျွန်တော် ပြန်လာပါပြီ ဆက်လက် အားပေးကြပါအုံးလို့ . . . . .

Read More...