Thursday, May 22, 2008

တောက် . . . ဒီကော်နက်ရှင်နဲ့ကတော့ကွာ


အင်တာနက်ကို အားကိုးပြီး အလုပ်လုပ်နေရတဲ့ ကျွန်တော့်အတွက် အကြီးမားဆုံး ထိုးနှက်ချက်ကတော့ ကော်နက်ရှင်ပုံမှန် မရတဲ့ ကိစ္စပါပဲ။ ကျွန်တော် အင်တာနက် ကော်နက်ရှင်အတွက် အမျိုးအစား အတော်တော်များများကို သုံးစွဲခဲ့ဖူးပါတယ်။ IP Star, Bagan DSL, MPT DSL (Korea), MPT DSL (India) အကုန်လုံးပါပဲ။ ခုလက်ရှိ သုံးနေတာက MPT DSL (India) ပေါ့ဗျာ။ ဒါက ခုနောက်ဆုံး ဒီမှာ MPT က ချပေးနေတဲ့ ဟာပေါ့။ သူ့ထူးခြားချက်က အင်တာနက် ကော်နက်ရှင်ရဖို့အတွက် LOG IN ဝင်ပေးရတယ်။ ဘာကြောင့် အဲဒီ့ System ကိုလုပ်ထားတာလဲဆိုတာ တိတိကျကျမသိပေမယ့် ကြားတာကတော့ Billing အတွက်လို့ ပြောတာပဲ။ ထားပါ ဒါက သူတို့ ကိစ္စ ကိုယ့်ကိစ္စမှမဟုတ်တာ။ ကိုယ့်ကိစ္စက ဘယ်လို ISP ဖြစ်ဖြစ်၊ ဘယ်လို အမျိုးအစားဖြစ်ဖြစ် အင်တာနက် ကော်နက်ရှင် မြန်မြန်ဆန်ဆန်ရဖို့ ပုံမှန် အသုံးပြုနိုင်ဖို့ပဲ။ အလုပ်တွေအားလုံးက ကော်နက်ရှင်ပေါ်မှာ မှီခိုနေရတာကိုး။

ပြောရတာလဲ မကောင်းပါဘူးဗျာ။ အဆင်ကို မပြေဘူး အင်တာနက်ကော်နက်ရှင်က ဒီနေ့အထိပဲ။ ဒုက္ခအပေးဆုံးပဲ။ ခုလဲ ပျက်နေပြန်တယ်။ ကဲ ဘယ်လိုအလုပ်လုပ်ကြမလဲ။ တမင်သက်သက် နှိပ်စက်ခံနေရသလိုပဲ။ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ ဘယ်သူ့ကို ပြောရမှန်းလဲ မသိဘူး။ အရင်တုန်းက ပုဂံဆိုက်ဘာနဲ့ ဆက်ဆံရတုန်းက တော်သေးတယ် တစ်ခုခုဖြစ်ရင် အနည်းဆုံး Help Desk ကို လှမ်းမေးလို့ ရတယ်။ Service အတွက်ဆို Technician လာပေးတယ်။ ခုများတော့ MPT မှာ ဘယ်သူ့ကို ပြောရမယ်မှန်း ဘယ်သူ့ကိုမေးရမယ်မှန်း တိတိကျကျ မရှိဘူး။ ဖုန်းတစ်လုံးကို ဆက်ရင် နောက်နံပါတ်ပေးတယ်။ အင်း အဲဒီ့နံပါတ်ကိုဆက်ရင် သူတို့က ဘယ်အပိုင်းကိုင်တာ ဘယ်အပိုင်းဆို သူတို့နဲ့ မဆိုင်ဘူး ဂွပ်ဆိုပြီး ဖုန်းချသွားတာပေါ့။ ကဲ မခက်ဘူးလား။ ကိုယ်က Customer လေ မေးမှာပေါ့ တစ်ခါက နှစ်ခါဆို စိတ်တွေက မရှည်ကြတော့ဘူး။ ဟောက်ချင်သလိုလို ဘာလိုလိုနဲ့ ဘယ့်နှယ့်လုပ်ရပါ့။

ပြောပြအုံးမယ် ကျွန်တော့် အဖြစ်သနစ်လေးကို အရင်ရုံးတုန်းက ကျွန်တော့် ဖုန်းနံပါတ်က MPT DSL (Korea) လိုင်းကို သုံးလို့ရတယ်။ ခုရုံးခန်းအသစ်မှာ အဲဒီ့လိုင်းကို သုံးမရတော့ MPT DSL (India) ဖြစ်သွားတယ်။ လူတိုင်းသိတယ် Korea လိုင်းက ပိုကောင်းတယ်ဆိုတာ Log in တွေ ဘာတွေ မဝင်ရဘူး။ အလုပ်မရှုပ်ဘူးဆိုတာ။ India လိုင်းက stable မဖြစ်ဘူး သုံးလို့ မကောင်းဘူးဆိုတာ လူတိုင်းပြောတယ်။ ဒါပေမယ့် ကျွန်တော်က ရုံးခန်းပြောင်းတော့ ဖုန်းနံပါတ်ပါ ပြောင်းသွားတာ ရွေးချယ်စရာ မရှိဘူး ရတာသုံးရမှာပဲ။ စိတ်ထဲမှာလဲ အစွဲအလန်းသိပ်မထားပါဘူး။ ဘာပဲ ဖြစ်ဖြစ် အဆင်ပြေရင် ပြီးတာပဲလို့ ဆုံးဖြတ်ထားတယ်။ အဲဒီ့တော့ Relocation တင်ထားတာ ၁ လကြာမယ်ဆိုတာ ၂ လဖြစ်သွားတယ်။ အဲဒါလည်း သည်းခံနိုင်ပါတယ် ရပါတယ်ပေါ့ဗျာနော့။ စာရွက်လေးတစ်ရွက် အပေါ်ထပ်အောက်ထပ် အတင်အချလုပ်ရတာ ဒီလောက်တော့ ကြာပေမပေါ့နော့ ဟုတ်ဘူးလား နားလည်ပါတယ် မြန်မာနိုင်ငံမှာ နေလာတာ ကြာပြီပဲ ဟဲ ဟဲ ဟဲ။ အင်း ၂ လလောက်ကြာတော့ အဲဒီ့စာရွက်လေးကို ကျွန်တော့်ရုံးက မန်နေဂျာကို လွှတ်ပြီး အပေါ်အောက် ပြောင်းခိုင်းလိုက်တယ် ဟုတ်တယ်လေ သူ့တို့မှာ အပေါ်အောက် သွားမယ်လူ မရှိဘူးဗျ မအားကြဘူးလေ အဲဒီ့တော့ တာဝန်သိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ့်ဘာသာ သွားတင်ပေးရတာပေါ့။ အဲဒီ့ကျတော့ ရသွားတယ်ပေါ့ဗျာ အင်း အဲဒီ့မှာ Reinstall လုပ်ပေးဖို့အတွက် ၅ ရက်လောက်ထပ်စောင့် ပေးလိုက်ရတယ်။ Technician မရှိလို့တဲ့။ ရပါတယ်ပေါ့ဗျာ သူတို့အားတဲ့ တစ်ရက်ကျတော့ ကျွန်တော်တို့က သွားကြိုပေးရတယ် ဟုတ်တယ်လေ သွားမကြိုပေးရင် သူတို့ ဘယ်လိုလာမလဲ ကြိုပေးရတာပေါ့။ အင်းရောက်လာတော့ ဟိုလုပ်ဒီလုပ် မရတော့ လှည့်ပြောတယ် ဘာဖြစ်လဲ မသိဘူးတဲ့ အင်း သူတို့တောင် မသိတာ ကျွန်တော်တို့လို ငတုံးတွေက ဘယ်သိမလဲနော်။ သူက သူ့ရုံးကို ဖုန်းတွေဆက်ပြီးပြော ဘာညာသာရကာပေါ့။ ကျွန်တော့်ဆီမှာလုပ်ပေးတာ မရတော့ သူပြန်မယ်တဲ့ ကျွန်တော့်ကို တပ်ဆင်ပြီးကြောင်း စာရွက်လေးမှာ လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော်က မရသေးတော့ မထိုးပေးနိုင်ဘူး ဆိုတော့ ရမှာပါ အကိုရယ် ကျွန်မ နက်ဖန်ပြန်လာလုပ်ပေးမယ် ရမှာ သေချာတယ်တဲ့ အော် ကျွန်တော်လည်း တော်ကြာ ကိုယ်က လက်မှတ်မထိုးပေးရင် နောက်ခက်ကုန်မှာ ဆိုးတာနဲ့ ထိုးပေးလိုက်တယ် AM Form ဆိုလား ဘာလားပဲ သိဘူး။

အင်း သူကပြန်လာမယ်ပြောတော့ ကိုယ့်ဘက်ကစောင့်ရတာပေါ့။ အဲလိုနဲ့ နောက်၂ ရက်လောက်ကြာတော့ ပြန်လာပါတယ်။ ဒီကြားထဲ ဖုန်းလေးတွေတော့ ခနခနဆက်ပေးရတာပေါ့နော် နေကောင်းလား ဘာညာပေါ့ တော်ကြာ နေထိုင်မကောင်းဖြစ်နေမှာ စိုးလို့လေ။ ဖျားနာနေရင် ခက်မယ် ပြီးတော့ သူလာမယ်ဆိုရင် သူပဲလာမှာ ကျန်တဲ့သူတွေ လာပေးမှာမဟုတ်ဘူး အဲဒီ့တော့ ဂရုစိုက်ရတာပေါ့နော်။ အင်း အဲဒီ့နေ့ ရောက်လာပြီးတော့ လုပ်ပေးတယ် ကျွန်တော်လည်း တစ်ခွန်းတော့ ပြောလိုက်တယ် ခင်ဗျားကို ကျွန်တော်လက်မှတ်ထိုးပေးထားတယ် အဲဒီ့တော့ ဒီနေ့ ရမှဖြစ်မယ်လို့။ ဟုတ်ကဲ့ မရ ရအောင် လုပ်ပေးသွားပါတယ်။ အဲဒီ့နေ့ ရတော့ ကျွန်တော်တို့မှာ ပျော်လိုက်ကြတာ အင်တာနက်ပြန်ရပြီပေါ့ တစ်ရုံးလုံးပျော်ကြတယ်။ ဟုတ်တယ်လေ အင်တာနက် မရတုန်းက ဆိုက်ဘာကဖေးမှာ သွားသွားပြီး သုံးနေကြရတာကိုး။ ကျွန်တော်က အလုပ်ပျက်မခံနိုင်တော့ သူတို့ကို ဆိုက်ဘာကဖေးမှာ သွားသုံးခိုင်းရတာပေါ့။ အဲဒီ့တော့ တခါတခါ သူတို့လေးတွေ ရုံးပြန်နောက်ကျတာပေါ့။ ခုတော့ ကိုယ့်ရုံးမှာကိုယ် အိနြေ္ဒရရသုံးလို့ ရသွားပြီလေ။ အင်း အဲဒီ့အပျော်လေးကဗျာ ၂ ရက်ပဲ ခံတယ်။ ၃ ရက်မြောက်မှာ ပျောက်သွားပါရောလား။ ပြောရရင်တော့ အင်တာနက်ကြီး ကျကွဲသွားတယ်ပေါ့လေ။ ဘယ်လိုမှကို သုံးလို့ မရတော့တာ။ စိတ်လည်းတော်တော်လေသွားတယ်။ ခုပဲရတယ် ခုပဲပျက်တယ် ကဲ ဘယ်လို အလုပ်လုပ်စားမလဲနော်။ စဉ်းစားကြည့်။

အဲဒါကြောင့် MPT ကို ဖုန်းဆက်ရတာပေါ့။ ပျက်နေတယ်ဆိုတော့ ဟဲ ဟဲ ရီတယ်ဗျ။ ပေါ့ပေါ့ပါးပါးပါပဲ ဘာမှ ပြန်မပြောဘူး။ ဘယ်လိုမရတာလဲတဲ့ မရတဲ့ အကြောင်းကို ပြောပြတော့ အဲလိုဆို မဖြစ်နိုင်ဘူးဆိုပဲ။ အော် ဖြစ်တဲ့သူက ဖြစ်နေတယ်ပြောတော့ ယုံချင်ကြဘူး။ ဒါဆိုလည်း လာစစ်ပေးပါဆိုတော့ အားဘူးတဲ့။ သေရော ဒါနဲ့ သူတို့ပြောတဲ့ အတိုင်း လုပ်ပါတဲ့ လုပ်လိုက်ပါတယ်။ လုပ်လို့ရတော့ browsing နှေးတယ်လို့ ပြောတော့ နောက်ဖုန်းနံပါတ် တစ်ခုထပ်ပေးတယ် ဆက်လိုက်တဲ့ အဲဒီ့ကို ပြောတဲ့။ အပေါ်ထပ်တဲ့ ကဲ ဟုတ်ပြီပေါ့ ဆက်တာပေါ့။ အဲဒီ့မှာ ဖုန်းလာကိုင်တဲ့ ကောင်မလေးကပြောတယ် သူတို့ဆီမှာတော့ ကောင်းနေတယ်တဲ့။ ဘုရား ဘုရား Gateway မှာတော့ ကောင်းမှာပေါ့ client က သုံးမရတာ ဘယ်နှယ့်လုပ်ရမလဲ။ သူတို့ဆီမှာကောင်းတယ်ဆိုတော့ ကျွန်တော်တို့ဆီမှာ မကောင်းဘူးလို့ပြောတော့ ဘာမှ ပြန်မပြောဘူး ဖုန်းချတယ် ဂွပ်တဲ့။ လူကို နင်သွားတာပဲ။ အဲဒါ အရင် ဖုန်းတစ်ခု ပြန်ဆက်ပြီးပြောတော့ သူတို့က IP ရမရ အထိပဲ ဆိုင်တယ်တဲ့။ အင်း နောက်ဆုံး IP လဲ မရတော့ဘူးဆိုတော့ ဘာမှ ပြန်မပြောတော့ဘူး။ အဲလိုနဲ့ နေလိုက်တာ နောက်ထပ် ၂ ရက်။ ကြာတော့ လူက သည်းမခံနိုင်တော့ဘူး။ ကြာတယ်ကွာဆိုပြီး နေပြည်တော်ကို ဖုန်းဆက်လိုက်တယ်။ ဟုတ်တယ်လေ ဘယ်ကို ဆက်ရမယ်မှန်းမှ မသိတော့တာ။ ရန်ကုန်က မရှင်းနိုင်ရင် နေပြည်တော်က လူကြီးတွေ ရှင်းပေးမှာပေါ့ဆိုပြီး ဆက်လိုက်တယ်။ အားကိုးတကြီးပေါ့ဗျာ။ ဒီတခါတော့ မှန်တယ်ပြောရမလား။ သေသေချာချာ နားထောင်သွားတယ် သေချာမှတ်သွားတယ်။ ကျွန်တော်လည်း ပြောလိုက်တယ်လေ ကျွန်တော်တို့က customer တွေပါလို့ help desk ဘယ်မှာလဲ ဘယ်လိုဆက်သွယ်ရမလဲ သိချင်တယ်လို့။ အဲဒီ့လို ပြောလိုက်တော့ သေချာနားထောင်သွားပါတယ်။ ပြီးတော့ ကျွန်တော့်ဆီက Record ယူသွားပါတယ်။ နောက် ခနနေတော့ ကျွန်တော့်ဆီကို ဖုန်းပြန်ဆက်ပြီး လိပ်စာတောင်းပါတယ်။ ကျွန်တော် ပေးလိုက်ပါတယ်။ အဲဒီ့အချိန် ကျွန်တော် အပြင်ရောက်နေပါပြီ။ အစည်းအဝေးတစ်ခု သွားနေတာပါ။ ညနေ ရုံးဆင်းခါနီးမှ ပြန်ရောက်တယ် အင်း ရုံးမှာ ဘာထူးသေးလဲမေးတော့ ဘာမှ မထူးဘူးတဲ့။ ကျွန်တော်လည်း လုပ်စရာ ရှိတာလေးတွေ လုပ်နေလိုက်တာ ည ၇ နာရီလောက်မှ ပြန်မယ်လုပ်တုန်း MPT က ဖုန်းလာပါတယ်။ အင်တာနက် မရဘူးဆိုတဲ့။ ဟုတ်ကဲ့ မရလို့ပါလို့ပြောတော့ ဘယ်လိုမရတာလဲတဲ့ ကျွန်တော်လည်း မရတဲ့အကြောင်းကို သေချာပြန်ပြောပြပါတယ်။ ပြီးတော့ ကျွန်တော်သိချင်တာလည်း ပြန်မေးလိုက်ပါတယ်။ ကျွန်တော်က End User မဟုတ်ကြောင်း ပြောပြပါတယ်။ ကျွန်တော့်ဘက်ကလည်း အင်တာနက် ပြန်ရဖို့အတွက် ဘယ်လို ပူးပေါင်းပါဝင်ရမလဲဆိုတာ မေးလိုက်ပါတယ်။ ခနနေတော့ နောက်တစ်ယောက် ဖုန်းပြောင်းကိုင်ပါတယ်။ အင်တာနက် မရတာနဲ့ နေပြည်တော်ကို ဖုန်းဆက်သလားတဲ့။ ဟုတ်ကဲ့ ဆက်ပါတယ်လို့ ပြောလိုက်ပါတယ်။ ကျွန်တော် ဒီမှာ ဖုန်းနံပါတ် ၂ ခု ၃ ခု ဆက်ပြီးပြီ ဘယ်သူမှ အရေးတယူ မရှိလို့ ကျွန်တော့်ကို အရေးတယူ ရှိမယ့်နေရာကို ဆက်ပါတယ်လို့ ပြောလိုက်တယ်။ တော်တော် စိတ်ဆိုးသွားပုံရပါတယ်။ ရှုးရှုးရှဲရှဲ ဖြစ်နေရှာပါတယ်။ ကျွန်တော့်မှာ သနားလိုက်တာဆိုတာ ပြောမနေနဲ့ အဆူခံကြရတယ် ထင်ပါ့။ ကိုယ်ကလည်း သူများ အဆူခံရအောင် လုပ်တာ မဟုတ်ပါဘူး ကိုယ့်အခက်အခဲ ပြောပြတာပဲလေ။

သူတို့ကို ကျွန်တော် ထပ်ရှင်းပြပါတယ်။ အင်တာနက် မရတဲ့အတွက် ကျွန်တော့်မှာ တနေ့တနေ့ အရှုံးစာရင်း ပြနေပါတယ်။ ဟုတ်ပါတယ် တကယ်လည်း ကျွန်တော့်အတွက် အင်မတန် နစ်နာပါတယ်။ အလုပ်အသစ် လုပ်လို့ မရသလို ရှိရင်းစွဲ အလုပ်တွေကိုတောင် ဆက်လုပ်လို့ မရပါဘူး။ Customer တွေနဲ့လဲ စာအဆက်အသွယ် ပြတ်နေပါတယ်။ ဒုက္ခကတော်တော် ကြီးပါတယ်။ အဲဒီ့တော့ သူတို့ကို ထပ်ရှင်းပြပါတယ်။ ကျွန်တော် အားအားယားယား ဆက်နေတာ မဟုတ်ပါဘူးလို့ မရလို့ ဆက်တာပါလို့။ ပြန်ပြောတဲ့ စကားလေး မှတ်သားစရာပါ။ User ထောင်ဂဏန်း ရှိပါတယ်တဲ့ ရာဂဏန်းပဲ မရတာဖြစ်နေတာပါတဲ့။ ကျွန်တော် ပြန်ပြောလိုက်ပါတယ် User သိန်းဂဏန်း ရှိလည်း တစ်ယောက်က မရရင် မရတာပဲလို့ အဲဒါ solution လိုချင်လို့ ဆက်နေတာ service လိုချင်လို့ ဆက်နေတာပါလို့ ပြောလိုက်တော့ ဟုတ်ပါတယ် ဘာညာ ပြန်ဖြစ်သွားပါတယ်။ ကလေးမလေး ငယ်အုံးမယ်ထင်ပါတယ်။ အသံနားထောင်ကြည့်တာနဲ့ သိပါတယ်။ ကျွန်တော်လည်း စိတ်မကောင်းပါဘူး customer တစ်ယောက်ကို အဲလို ဆက်ဆံတာ စိတ်အင်မတန်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော့်ရုံးက ကျွန်တော့် ကလေးတွေသာ customer တွေကို အဲလိုသာ ဆက်ဆံရင် ကျွန်တော်နဲ့ ပြဿနာတက်သွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီ သိက္ခာကျလို့ပါ။ သူတို့ ကျွန်တော့်ကို ပြောပါတယ် စမ်းကြည့်ပါအုံးတဲ့ စမ်းကြည့်ပါတယ် မရပါဘူး။ နောက်တော့ ဖုန်းပြောနေရင်းကနေ အနောက်က အိန္ဒိယ technician ကို လှည့်ပြောတာ ကြားနေရပါတယ်။ ဘာညာ သာရကာပေါ့။ ကျွန်တော် အဲဒီ့ India Technician ကို ပြေးပြီး တွေ့လိုက်ချင်ပါတယ်။ တကယ်ပါ မေးလိုက်ချင်ပါတယ် မင်းတို့ ဘာလုပ်နေတာလဲလို့ မင်းတို့ provide လုပ်ထားတာ မကောင်းတာကို မင်းတို့ တာဝန်ဘယ်လိုယူမလဲလို့ မေးလိုက်ချင်ပါတယ်။ ဟုတ်တယ်လေ သူတို့တွေ ကျွန်တော်တို့ နိုင်ငံကို ပိုက်ဆံယူပြီး service လာလုပ်နေကြတာ မဟုတ်လား သူတို့မှာ တာဝန်ရှိတာပေါ့။ အသဲတော်တော်ယားသွားပါတယ်။ တကယ်ပါ အဲဒီ့ကောင်နဲ့ ကျွန်တော်နဲ့တွေ့ရင်တော့ ပွဲက ပြတ်လောက်ပါတယ်။ သူ့နိုင်ငံမှာဆိုရင်ရော သူဒီလို နေရဲမလား။ အဲဒီ့လို customer ကို ပစ်ပြီးထားရဲမလား သေသွားမှာပေါ့ အလုပ်ပါ တန်းပြီး ပြုတ်သွားနိုင်တယ်။ ကျွန်တော် မေးချင်တာ ပါးစပ်ကို ယားနေပါတယ်။ Connection မတည်ငြိမ်တာ သူတို့မှာ တာဝန်ရှိပါတယ်။ အဲဒါကို သူတို့ သိသင့်ပါတယ်။ မြန်မာ technician တွေကိုလည်း လက်တွဲခေါ်သင့်ပါတယ်။ ခုတော့ ကျွန်တော် တွေ့သမျှ technician တွေက မေးလိုက်ရင် IP ဆိုတာတောင် ဝါးတားတားရယ်။ ပြောရင် ကြိုက်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ပြောမှာပဲ ဟုတ်တယ်လေ လုပ်နေတာနဲ့ သိတာနဲ့ လွဲနေတာကိုး ပြီးတော့ ဆက်ဆံရေးကလည်း အတော်ကြီးကို ဆိုးဝါးပါတယ်။ ကျွန်တော်တို့က customer တွေပါ Customer is always right ဆိုတာ သူတို့ ကြားဖူးပုံတောင် မပေါ်ပါဘူး။ ကျွန်တော်တို့မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မျက်နှာငယ်ရပါတယ်။ ပိုက်ဆံလဲပေးပြီး ဝယ်ရသေးတယ် ကောင်းလည်းမကောင်းဘူး ဘာ့ကြောင့်လဲ မေးရင်လည်း ရန်လုပ်နေသလို ပြန်ဖြေတယ်။ မခက်ဘူးလားဗျာ။

နောက်ရက်ကျတော့ သူတို့ဆီက လူတစ်ယောက်ကို လွှတ်ပေးပါ့မယ်တဲ့ လာခေါ်ပါတဲ့ ဟုတ်ကဲ့ခေါ်ပါတယ် ပြဿနာမရှိပါဘူး ဒီကလည်း သိပ်ကို လာစေချင်နေတာ ပြချင်နေတာလေ ဘယ်လို အခက်အခဲ ဖြစ်နေလဲဆိုတာကို ဒါမှ ပြီးမှာကိုး။ အဲဒီ့မှာ ကျွန်တော် မအားတာနဲ့ မန်နေဂျာကို ဖုန်းဆက်ခိုင်းလိုက်တယ် ဘာဖြစ်တယ်ဆိုလားပဲ "ခင်ဗျားတို့ထက် အရေးကြီးတဲ့သူ ရှိတယ် သွားရအုံးမယ် ပြီးမှ လာမယ်တဲ့" ပြောတဲ့ အသံက တော်တော် မောက်မာတယ်တဲ့။ သူအရေးကြီးတယ် ပြောတာကလည်း မြန်မာပြည် သူဌေးထဲက တစ်ယောက်ပါ။ အော် လို့ပဲ ကျွန်တော် ပြောချင်ပါတော့တယ်ဗျာ။ တကယ်ပါ ညနေစောင်းတော့ ရောက်လာပါသတဲ့။ ဘာမှ မထူးပါ။ ကျွန်တော့် ရုံးကိုလိုက်မလာပါ။ ဖိုင်ဘာ ပြတ်နေသတဲ့ အော် ဖိုင်ဘာပြတ်နေတာ ခုမှ သိရှာတာကိုး စိတ်မကောင်းလိုက်တာဗျာ။ မအားရင်လဲ ပြောပေါ့ဗျာ ကြည့်ပေးထားမှာပေါ့ ဟုတ်ဘူးလား။ ကိုယ်က သုံးချင်တဲ့ကောင်ပဲ ဒီလောက်တော့ လုပ်ပေးနိုင်ပါတယ်။ ရုံးပိတ်ရက်တွေက ခံသွားပြန်တော့ နောက်ကျအုံးမယ်ဆိုတာ မှန်းလို့ရပါတယ်။ ဒီလိုပဲ စိတ်ရည်သည်းခံ အမြင်မှန်ဆိုပြီး စောင့်ကြည့်နေလိုက်ပါတယ်။ ဖုန်းတော့ ထပ်မဆက်ချင်တော့ပါဘူး ကျွန်တော်ရှက်လို့ပါ သူတို့တော့မသိဘူး ကျွန်တော်က ပြောရလွန်းလို့ ရှက်နေပါတယ်။ အင်း နောက်ဆုံးတော့ ဖုန်းလာတယ် ဖိုင်ဘာ ပြန်ကောင်းရင် ပြန်ရမယ်တဲ့။ အင်းလေ အဲဒါ အစကထဲကများ ဘာဖြစ်တယ်ဆိုတာ စစ်ထားလိုက်ကြရင် ကျွန်တော်လည်း စိတ်မပင်ပန်းရသလို ဘယ်သူ့ကိုမှလည်း ဖုန်းဆက်ပြောစရာ မလိုဘူးပေါ့ဗျာနော့။ ခုတော့ အားလုံးပင်ပန်းရသလို ကျွန်တော့်မှာလည်း စီးပွါးရေးအရ ထိခိုက်မှုတွေ ရှိပါတယ်။

နောက်နေ့ကျတော့ ရပါတယ် မှတ်မှတ်ရရ မေလ ၂ ရက်နေ့မှာ ရပါတယ်။ နေ့လည်ပိုင်းမှာ ရသွားပါတယ်။ ဟုတ်ကဲ့ ကျွန်တော်လည်း ပျော်ရွှင်စွာနဲ့ အင်တာနက် ပြန်သုံးနေတုန်း မုန်တိုင်းသတင်းလေး ဖတ်နေမိတယ်။ ညနေကျတော့ ကလေးတွေကို စောပြန်ခိုင်းလိုက်ပြီး ကျွန်တော်နဲ့အတူ ကလေးတစ်ယောက်ကျန်ခဲ့ပါတယ်။ သူကလည်း လုပ်လက်စမပြတ်သေးဘူးဆိုတာနဲ့ ဆက်လုပ်နေတာ ကျွန်တော်ကလည်း မဟာကော်နက်ရှင်ကြီး ပြန်ရတော့ ပျော်ပျော်ပါးပါး ထိုင်သုံးနေတာ ညစာစားဖို့မေ့ အိမ်ပြန်ဖို့မေ့တဲ့အထိပါပဲ။ ည ၉ နာရီထိုးခါနီးမှာ ကျွန်တော့်ဆီ ဖုန်းတွေဝင်လာပါတယ် ပြန်တော့ နာဂစ်လာမယ်တဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ပြန်လိုက်ပါတယ်။ ပြန်တော့ လမ်းမှာတောင် တော်တော်ရှင်းနေပါပြီ။ အိမ်ပြန်ရောက်ပြီးတော့ ညဘက်မှာ နာဂစ်သောင်းကျန်းတာကို ထိုင်ငေးနေရင်း တနေ့ကုန်သွားပါတယ်။ နောက်နေ့မှာ ရန်ကုန်၊ ဧရာဝတီတိုင်းတို့ နာဂစ်လက်ချက်နဲ့ ပန်လန်လက်ပြီး လန်ထွက်ကုန်ပါတော့တယ်။ ကဲ အဲဒီ့တော့ဗျာ အင်တာနက်ဆိုတာ စိတ်ကူးတောင် ယဉ်စရာမလိုတော့ဘူးပေါ့။ နာဂစ်မလာခင်လေးတင် သုံးလိုက်ရတယ် တစ်ရက်တောင် မပြည့်ချင်ဘူး။

ကဲ နောက်တစ်ပတ်လောက်ကြာတော့ ရုံးပြန်ဖွင့်တယ်။ ဖုန်းကောင်းတယ် မီးလာပြီ အင်တာနက် မရပါ။ သူများတွေ တော်တော်များများ အင်တာနက် ပြန်ရနေပါပြီ။ စုံစမ်းကြည့်တော့ MPT က user တွေပြန်ရနေပြီတဲ့။ ဒါနဲ့ကိုယ်လည်း ရလိုရငြားစမ်းကြည့်တော့ မရပါဘူး။ ဒီတော့ ထုံးစံအတိုင်း ဖုန်းဆက်။ သွားခေါ်လုပ်ပေါ့။ လိုက်လာရှာပါတယ်။ ကျွန်တော့်သူငယ်ချင်း သွားခေါ်ပေးတယ်။ သူပဲ တချိန်လုံး လိုက်လုပ်တယ် မရဘူး။ DSLan down နေတယ်တဲ့။ ပြီးတော့ ဖိုင်ဘာပြတ်နေပြန်တယ်တဲ့။ ကဲ အဲဒီ့တော့ ဖိုင်ဘာသမားဆက်မှ ဖြစ်မယ်တဲ့။ ဟုတ်ကဲ့ ဖိုင်ဘာအဖွဲ့က အဲဒီ့နေ့ပဲ ရောက်လာပြီးဆက်သွားပါတယ်။ ဖိုင်ဘာအဖွဲ့ကို နောက်နေ့ ဖုန်းဆက်ကြည့်တော့ ဖိုင်ဘာအဖွဲ့က သူတို့ အပိုင်းပြီးပြီတဲ့ DSLan down နေတာတဲ့။ ကဲ MPT ကို တစ်ခေါက်ထပ်ဆက်။ သူတို့ခမျာ ဖိုင်ဘာပြန်ဆက်ပြီးတာတောင် မသိကြရှာဘူး။ ဖိုင်ဘာပြတ်တယ်ပဲ ထိုင်ပြောနေတယ်။ ကျွန်တော်က ဖိုင်ဘာအဖွဲ့ ဆက်ပြီးပြီဖြစ်ကြောင်းပြောပြတော့မှ အော်ဟုတ်လားတဲ့။ ကဲ တစ်ဌာနထဲ အလုပ်လုပ်နေတာ မသိကြဘူးဆိုတော့ မခက်ဘူးလား။ ဒါတောင် သူတို့က ပြောသေးတယ် သူတို့ လူကြီးဆီဆက်ပါလားတဲ့။ ကျွန်တော်ပြောလိုက်တယ် အဲဒါ ကျွန်တော့်အလုပ်မဟုတ်ဘူး ခင်ဗျားတို့ အလုပ်လို့။ ကျွန်တော့်ကိစ္စက အင်တာနက် သုံးချင်တာ ရအောင်လုပ်ပေးပါလို့။ ဘာမှပြန်မပြောဘူး ဖုန်းကို ဂွပ်ကနဲ ချသွားတယ်။

မနေ့ကတော့ စိတ်ဆိုးလွန်းလို့ မနက်စောစောဖုန်းဆက်လိုက်တာ ကုလားတစ်ယောက်လာကိုင်တယ် ဒီကောင် မြန်မာလို မတတ်ဘူး။ စကိုင်လိုက်ကထဲက မြန်မာမဟုတ်မှန်းသိတယ်။ ကျွန်တော်လည်း ဒေါသကတော်တော် ထွက်နေတာနဲ့ တော်တော်ပြောပစ်လိုက်တယ်။ ငါ adsl မသုံးရတာ ၃ လကြာပြီ မင်းတို့ ဘယ်လိုလုပ်ပေးမှာလဲလို့ မေးတော့။ သူကတအားအံ့သြနေပါတယ်။ သူလုံးဝမသိဘူးတဲ့ သူတို့ဆီကလူတွေ မရှင်းပြဘူးလား ဘာညာနဲ့ ကျွန်တော့်ကို ပြန်မေးနေတယ်။ ကျွန်တော်ကလည်း ဖြစ်သမျှအကြောင်းကို ပြန်ပြောတော့ သူကျွန်တော့်ကို တောင်းပန်တယ်။ သူလုံးဝမသိကြောင်းထပ်ပြောပြီးတော့ ခနကိုင်ထား စမ်းကြည့်မယ်လို့ပြောတယ်။ ကျွန်တော်လည်း ဖုန်းနံပါတ်ပေးပြီးပြောတော့ သူသွားစစ်ပုံပေါ်တယ်။ ဟုတ်တယ် အဲဒီ့ဘက်မှာ ဖြစ်နေတယ် ပျက်နေတယ်တဲ့။ ကျွန်တော်ပြောလိုက်တယ် ကဲ ပျက်ရင်ပြင်ပေါ့လို့ မင်းတို့က customer ကို ဆက်ဆံပုံမဟုတ်သေးဘူးလို့ ပြောတော့ သူကကျွန်တော့်ကို သူ့ဖုန်းနံပါတ်ပေးပြီး သူ့ကို direct contact လုပ်ပါလို့ ပြောပါတယ်။ သူလည်း ကျွန်တော့်ဖုန်းနံပါတ်ယူသွားပါတယ်။ သူလည်း ပြန်ဆက်သွယ်ပါ့မယ်တဲ့။ ခုထိတော့ မရသေးပါဘူး။ ဖုန်းထပ်ဆက်တော့ ကြိုးစားနေပါတယ်တဲ့။ ခုထိလုံးဝကို မရသေးပါဘူး။ နာဂစ်ကို လွှဲချဖို့ ကြိုးစားပါသေးတယ်။ အော် နာဂစ်နဲ့ ဒီဘက်အခြမ်းက တစ်ခြားစီပါ။ Bagan DSL တွေတောင် ပြန်သုံးလို့ ရနေပါပြီ။ ခုထိ ဒီဘက်မှာ MPT DSL သုံးလို့မရသေးပါဘူး။ သံသယတောင် ဝင်မိသေးတယ်။ ငါ့ကိုများတမင်သက်သက် ညစ်ထားသလားလို့။ အဲလိုတွေးမိတယ်။ အဲဒီ့လို တကယ်သာဆိုရင်တော့ တော်တော်အောက်တန်းကျတယ်လို့ ထင်ပါတယ်။

နောက်ထပ်နေပြည်တော်ကို ဆက်ဖို့ စဉ်းစားနေရပါတယ်။ တော်ကြာတိုင်တယ်ဖြစ်အုံးမယ် ထပ်ပြီးငြှိုးနေမှ ခက်နေမယ်။ ကိုယ့်မှာက ဒါလေးရမှာ ဝါးတီးမှန်တာလေ။ နေပြည်တော်က ညီမလေးတစ်ယောက်ကတော့ ဖုန်းဆက်ပြီး မေးရှာပါတယ်။ သူတို့ဆီမှာတော့ Complaint လာရင် ချက်ခြင်းလုပ်ပေးတယ်တဲ့။ ရန်ကုန်မှာ မလုပ်ပေးဘူးလားတဲ့။ ကျွန်တော်လည်း မလုပ်ပေးဘူးလို့ ပြောတော့ အံ့သြနေရှာတယ်။ သိပ်ခက်တယ်ဗျာ ခုထိ Customer Service ဆိုတာ နားမလည်သေးဘူး ထင်ပါရဲ့။ လူတွေကို လူလိုမဆက်ဆံချင်ဘူး။ လာရင်လည်း လက်ဘက်ရည်တိုက် ဘာညာသာရကာ နေကြာကွာစိ ရှူပ်လွန်းတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မျက်နှာအတော်ငယ်ရတယ်။ ကျွန်တော်သူတို့ကို မေးကြည့်သေးတယ် ပိုက်ဆံပြန်အမ်းမလားလို့။ အဲဒီ့လို အမ်းရင်တော့ ကျွန်တော်ပိုက်ဆံပြန်ယူမယ် သူတို့ service ဒီလောက်ညံ့တာ ဘာလို့ဆက်သုံးမလဲ။ နေပြည်တော်က လူကြီးတွေ မသိဘူးဆို သိအောင် ပြောပြချင်တယ်။ ဒီမှာ အလုပ်လုပ်နေကြတဲ့ပုံကို ကျွန်တော်သာ အဲဒီ့ဌာနကို ပိုင်ရင်အားလုံး တန်းဆီပြီး ဖြုတ်ပစ်မယ်။ လခညာယူနေကြတာ အလကား ဟာတွေ ဘာမှ သုံးမရဘူး။ တိုင်းပြည်နာတယ်။ ဌာနနာမည်ပျက်တယ်။ တကယ်ပါဗျာ ရန်ကုန်က အင်တာနက် User တွေကို ကူညီပေးမယ့် Help Desk လေးတစ်ခု 106 လိုပေါ့နော် ပေါ်လာမယ်ဆို အတိုင်းထက်အလွန် ဝမ်းသာရမှာပါ။ ကျေးဇူးလည်း တင်မှာပါ။ ဖြစ်နိုင်ရင် ကူညီကြပါလို့။ ဖြစ်နိုင်ရင် ပြန်လည် စိစစ်ပေးကြပါလို့ ဒီနေရာကနေ တိုက်တွန်းပါတယ်။ ခုတော့ ကျွန်တာ့်မှာ တနေ့တနေ့ တောက် . . . ဒီကော်နက်ရှင်နဲ့ကတော့ကွာ ဖြစ်နေရပါကြောင်း။

Read More...

Monday, May 12, 2008

နာဂစ်နဲ့ဂျာရစ်


အမရေ၊ အဘရေ နိုးကထဲက ရှာလို့မရသေးပါဘားနော်။ ငါအော်နေတာ အသံတောင်ကုန်တော့မယ်။ မနက်ကျရင် လာခေါ်မယ်ပြောပြီး ခုထိလဲ မလာသေးဘူး။ ခဏခဏအော်တော့ ဆရာတော်ကြီးက မုန့်စားတဲ့။ အင်းလေ ငါလဲဗိုက်ဆာပြီဆိုတော့ စားလိုက်တာပေါ့။ ဆရာတော်ဘရားကြီးက ငါတို့ကလေးတွေ အားလုံးကို ဘီစကစ်တစ်ချပ်နဲ့ ငှက်ပျောသီးတစ်လုံး ကျွေးတယ်သိလား။ ဒါနဲ့ငါတို့တွေလဲ မုန့်စားပြီး ငြိမ်ငြိမ်လေး နေရတာပေါ့။ တော်ကြာဆရာတော် စိတ်ဆိုးရင် ကြိမ်လုံးနဲ့ဆော်နေအုံးမယ်။ မနေ့ညကထ့က အဘနဲ့အမက ငါ့ကို ဆရာတော်ကျောင်းကို လိုက်ပို့ထားတာ။ အင်းအဲလိုပါပဲ ရွာကကလေးတွေတော်တော်များများ ကျောင်းထဲမှာရောက်နေတာ။ ညကလေတွေ မိုးတွေရွာနေတုန်း လိုက်ပို့တာ။ ငါပျော်လိုက်တာလေ မိုးတွေရေတွေထဲသွားရတာ သွားရတာ။ ဆော့ချင်တာ အဘက မဆော့ရဘူးဆိုလို့သာ ငြိမ်နေရတာ။ ငါ့ကိုပို့ပြီးတော့ အမရော အဘရော ဆရာတော်ကို ကန်တော့ပြီးပြန်သွားတယ်။ အိမ်သွားပြီး အထုပ်သိမ်းအုံးမယ်တဲ့။ ဆရာတော်က မြန်မြန်ပြန်လာလို့တော့ ပြောသံကြားသားပဲ။ ခုထိကို ပြန်မလာကြသေးဘူး။ ဟွန်းစိတ်ဆိုးချင်လာပြီ။ လာရင်တော့ စိတ်ကောက်ပြအုံးမယ်။

ဟင် အိမ်ဘေးက ဦးခွေးကြီးလာပြီ။ အမတို့ မလာသေးဘူး။ ဆရာတော်ကို ပြောနေတယ် ညက အခြေအနေ အတော်ဆိုးတယ်တဲ့။ ရေတွေကလဲ ကြီးတယ်ဆိုပဲ။ ပြောရင်းနဲ့ ငိုနေပြန်ပြီ။ ယောက်ျားဆိုတာ မငိုရဘူးတဲ့ အဘကပြောဖူးတယ် ဦးခွေးက ယောက်ျားကြီးတန်မဲ့ ငိုတယ်နော်။ ဘာလို့လဲ မသိဘူး။ ရွာကလူတွေ တော်တော်များများ နာဂစ်နဲ့ ပါသွားပြီတဲ့။ နာဂစ်ဆိုတာ ဘယ်သူလဲဟင်။ ဆရာတော်လည်း မျက်နှာမကောင်းပါလား။ အာ နေ့လည်ရောက်တော့မယ် ဗိုက်က ပြန်ဆာလာပြီ။ ဦးခွေးကြီးကို မေးမှပဲ အဘတို့လာသေးဘူးလားလို့။ ဟင် ငါမေးတာ ဖြေလဲမဖြေဘူး။ မျက်ရည်တွေနဲ့ လူကြီးဖြစ်ပြီး ငိုနေပြန်ပြီ။ ဧကန်န ဆရာတော်ဆူလိုက်သလား မသိဘူး။ ဘာတဲ့ အဘရော အမပါ နာဂစ်နဲ့ ပါသွားတယ်။ ခက်တော့တာပဲ ငါ့ကျတော့ မခေါ်ဘူး။ ဒါဆို ညနေမှ လာမှာလား မသိဘူး။ ဟော ဆရာတော်က နေ့လည် ထမင်းစားခိုင်းနေတယ်။ ပွတာပဲ ဘုန်းကြီးကျောင်းမှာက ဟင်းကောင်းတတ်တယ်။ ဟင် ဒီတခါ ဟင်းလဲ မကောင်းဘူး။ တတ်နိုင်ဘူးလေ ရတာ စားရမှာပေါ့။ ဗိုက်ကဆာနေတာကိုး။

အဘနဲ့အမ ငါ့ကို လာမခေါ်တာ ၂ ရက်ရှိပြီး ဆရာတော်ကို မေးတော့လဲ နာဂစ်ပဲ ထပ်ပြောတယ်။ အမတို့ အဘတို့ ရက်စက်ပါ့ ငါ့ထက် နာဂစ်ကို ပိုပြီးဂရုစိုက်နေကြတယ်။ အင်း ခုလဲ ဆရာတော်ဆီကို လူကြီးတွေလာနေကြတယ်။ အမလာမှ ပြောရအုံးမယ်။ အဲဒီ့လူကြီးတွေကလေ တို့ရွာမှာ ရေတွေကြီးနေတာကို ပြောနေတယ်။ ရေကြီးတာ ဘာဖြစ်လဲနော် လှေနဲ့သွားပေါ့။ ငါတို့လဲ အရင်က ဒီလိုပဲ သွားနေကျပဲလေ။ အဲဒီ့လူကြီးတွေတင် မဟုတ်ဘူး ရွာနောက်ဘက်က လူတွေလဲ ဒီမှာ ရောက်နေကြတယ်။ အမရေ ဆရာတော်ကျောင်းထဲမှာ ခုဆိုလူတွေ အတော်များနေကြပြီဗျ။ ငါမနေတတ်တော့ဘူး မြန်မြန်လာခေါ်ပါတော့။ ဒီလောက် လူများပုံထောက်ရင် အလှူရှိတယ် ထင်တယ်နော်။ ဒါပေမယ့် ဒီတခါ အလှူလုပ်မယ့်ပုံကတမျိုးကြီးပဲ။ ဘယ်သူမှလဲ ပျော်ပျော်ရွှင်ရွှင် မတွေ့ရဘူး။ မနေ့ညနေကလေ ကျောင်းအောက်နား ဆင်းကြည့်တာ ရွာဘက်ကို မျှော်ကြည့်တော့ ရေတွေချည်းပဲ။ အိမ်တွေတောင် မမြင်ရဘူး။ ဆရာတော်ကျောင်းထဲကနေ အရင်တုန်းက ကြည့်ရင် ရွာကိုမြင်ရတယ် ခုတော့ ရေတွေချည်းပဲ။ အဲဒါကပ္ပိယကြီးကို မေးတော့ နာဂစ်ကြောင့်တဲ့။ လာပြန်ပြီ နာဂစ် ဘာမှန်းလဲ မသိဘူး ဒါပဲပြောနေကြတယ်။

အမရေ ဒီနေ့တော့ မြို့ကလူတွေ မုန့်တွေလာဝေကြတယ်ဗျ။ သူတို့ကလေ မုန့်ဝေမယ်ပြောလို့ ကျောင်းဝန်းထဲမှာ တန်းစီပြီးစောင့်နေကြတာ အများကြီးပဲ။ သူတို့က မုန့်ဝေမယ်လဲပြောသေးတယ် နေ့လည်အထိလဲ မဝေဘူး။ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ စိတ်မရှည်ချင်တော့ဘူး။ သူတို့က ရွာဦးကျောင်းနားအထိ လှေတွေနဲ့လာတာတဲ့။ အထုပ်တွေ အများကြီးပဲသိလား။ ဒါပေမယ့် ကျောင်းဝန်းထဲကို ယူလာတာနဲနဲလေးရယ်။ အဲဒီ့လူကြီးတွေက သောက်ညင်ကပ်စရာကြီးတွေဗျ သိလား။ အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းတွေနဲ့ လက်မှာလဲ အစည်းတွေစည်းထားသေးတယ်။ ငါတို့ကလေးတွေကိုလဲ ငြိမ်ငြိမ်နေဆိုပြီး အော်သေးတယ်။ မနက်ကထဲက စောင့်နေရတာ ဗိုက်က အတော်ဆာနေပြီ။ ဒီနေ့ ဆရာတော်က ဘာမှလဲ မကျွေးဘူး။ ကပ္ပိယကြီးက မုန့်တခြမ်းပဲ ငါဗိုက်ဆာတယ်ဆိုလို့ ကျွေးတယ်။ သူကပြောတယ် မုန့်တွေ မရှိတော့ဘူးတဲံ။ ခုမြို့ကလူတွေ မုန့်လာဝေတော့ ငါတို့ စားရတော့မှာပေါ့နော်။ ဒါပေမယ့်လေ သူတို့က ဟိုစာရွက်လှန်လိုက် ဒီစာရွက်လှန်လိုက်နဲ့ အကြာကြီးပဲ။ ပေးတော့လဲ ရေတစ်ဗူးရယ် မုန့်နှစ်ထုပ်ရယ်ပဲ။ ခေါက်ဆွဲထုပ်တဲ့။ ငါဘယ်လိုစားတတ်မှာလဲဟာ။ အဲဒါ ငါက ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဆိုတော့ အဲဒီ့ထဲက လူကြီးတစ်ယောက်က ငါ့ကို နာဂစ်ကြောင့် စိတ်ညစ်ရတဲ့အထဲ ဒါပဲစားလို့ ပြောတယ်သိလား။ အဲဒါ ဦးခွေးကြီးက ကလေးပဲဗျာ ဘယ်သိပါ့မလဲလို့ ပြောတော့။ သူက ဦးခွေးကြီးကိုပါ လှည့်မန်သွားသေးတယ် သိလား။ သူကျတော့ ထမင်းဗူးဖွင့်စား နေတယ် ငါတို့ကျတော့ မကျွေးဘူး။

သူတို့တွေက ပြောသေးတယ် နောက်နေ့ လာမှ ထပ်စားရမယ်တဲ့။ အဲလိုပြောသွားတယ်။ ငါတို့တွေ အားလုံးထဲမှာလေ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ ရှိနေတဲ့ ရွာနောက်ပိုင်းက လူတွေနဲ့ သူတို့ မုန့်တွေပေးတာ ဓါတ်ပုံတွဲရိုက်သွားကြတယ် သိလား။ ငါတို့ကျတော့ ရိုက်ပေးဘူး။ အင်း ခုမှ သတိရတယ် အမတို့ ငါ့ကို ထားခဲ့ကထဲက ဒီအင်္ကျီပဲ ခုထိမလဲရသေးဘူး။ တော်တော်တောင် နံနေပြီ။ ဒါမဲ့ ဘာတတ်နိုင်မှာလဲ သူများတွေလဲ ငါ့လိုပဲ နံနေတာပဲ။ အိမ်မှ ပြန်လို့ မရသေးတာနော်။ ဒီတခါ ဘုန်းကြီးကျောင်းမှာ နေရတာ အကြာဆုံးပဲနော်။ အမနဲ့အဘလဲ ခုထိလာမခေါ်သေးဘူး။ အမရေ ခုရင်ပိုင်းတွေ ငါတို့ ဘာမှမစားရဘူး။ ဗိုက်ဆာလို့ ငိုရင်တောင် နဲနဲခြင်းစီပဲ စားရတယ်။ ဦးခွေးကြီးတို့တွေဆို ရေတောင် သိပ်သောက်တာ မတွေ့ဘူး။ ငါတို့ ကလေးတွေကိုတော့ တိုက်ပါတယ်။ ဒါမဲ့ အရင်လို အများကြီး မတိုက်ဘူး နဲနဲခြင်းစီ တိုက်တာသိလား။ အိမ်မှာနဲ့တော့ အပုံကြီးကွာတယ်။ အိမ်ပြန်ချင်တယ် အမရာ။ လာခေါ်ပါတော့ မြန်မြန်လေး။ ရွာကလူကြီးတွေလဲ ဆရာတော်နဲ့ စကားပြောလိုက် ဟိုပြေးဒီပြေးလုပ်လိုက်နဲ့ ဘာတွေရှုပ်နေမှန်းကို မသိဘူး။ ဒီနေ့လဲ ဟိုနေ့က လူကြီးတွေ ပြန်လာတယ် အမရ။ သူတို့က ဆရာတော်ကို ပြောတယ် တပည့်တော်တို့ ထောက်ပံ့ကြေးတွေစုနေသေးလို့တဲ့။ ဒီတခါ တို့တွေကို မုန့်မပေးဘူး သိလား။ လှေပေါ်မှာတော့ မုန့်ထုပ်တွေတွေ့လိုက်တယ်။ သူတို့ မပေးတော့ ငါတို့လဲ မစားရဘူးပေါ့။

အမရေ ငါထမင်းမစားရတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီ ဗိုက်ကတအား ဆာတာပဲဟာ။ ငိုလဲ မငိုချင်တော့ဘူး ငိုရင်ပိုပြီးဆာလို့။ ရေလဲ ကောင်းကောင်း မသောက်ရဘူး။ ဟော အမရေ လာပြန်ပြီ နောက်တဖွဲ့။ အမရေ ဒီတခါလာတဲ့ လူတွေကလေ ရုပ်ရှင်ထဲကလို ပုံမျိုးတွေဗျ။ ဘောင်းဘီတွေ ဘာတွေနဲ့သိလား။ အကိုကြီးတွေ အမကြီးတွေဗျ။ သူတို့က ငါတို့ကို ရောက်ရောက်ခြင်း ရေတိုက်တယ် မုန့်တွေကျွေးတယ် သိလား။ ပြီးတော့လေ ကျောင်းနောက်ဘက်မှာ ထမင်းချက်မှာလို့ပြောတယ်။ ရွာထဲက လူကြီးတွေလဲ ပြုံးနေတာပဲ သိလား။ ဟိုတခါလူတွေနဲ့ မတူဘူးသိလား။ ငါတို့ကို တစ်ယောက်က ပုံပြင်တွေတောင် ပြောပြသေးတယ်။ ပြီးရင် ထမင်းကျွေးမှာတဲ့။ ပြီးတော့ ငါတို့တွေ အားလုံးကို ဓါတ်ပုံလဲ ရိုက်ပေးတယ်။ အင်္ကျီတွေလဲ ပေးသေးတယ်။ သူတို့က ပြောတယ်သိလား နေ့တိုင်း ထမင်းစားရမှာတဲ့။ အဲဒါ ထမင်းစားချိန်ရောက်တော့ ငါတို့ ကလေးတွေကို အရင်ကျွေးတယ် ပြီးတော့ လူကြီးတွေရော သူတို့တွေရော စားကြတယ်။ ညနေစာလည်း ကျွေးမှာတဲ့။ အဲဒီ့ထဲမှာလေ ဦးဦးဆရာဝန်ဆိုတဲ့ လူကြီးလဲပါတယ် သိလား။ ငါတို့ကို ဆေးပြားလေးတွေသောက်ခိုင်းတယ်။ ငါကမသောက်ချင်ဘူးလို့ပြောတော့။ သောက်ပါတဲ့ သောက်ပြီးရင် ချိုချဉ်ကျွေးမယ်တဲ့ အဲဒါ ငါလည်းသောက်လိုက်တယ်။ ပြီးတော့ ချိုချဉ်စားရတယ်ဗျ။

ညနေရောက်တော့လေ ဟိုတနေ့ကလာတဲ့ လူကြီးတွေ ရောက်လာတယ် သိလား။ ပြီးတော့ ငါတို့ကို ထမင်းကျွေးတဲ့ ဦးဦးတွေကို ပြန်ခိုင်းတယ်။ အဲဒီ့ဦးဦးတွေ သနားပါတယ်ဟာ။ အဲဒီ့လူကြီးကို ဝိုင်းတောင်းပန်ကြတယ် သိလား။ နာဂစ်အကြောင်းလဲ ပြောတယ်။ ပြီးတော့ သူတို့က ဒီမှာ နေ့တိုင်း အလှူလုပ်မှာလို့ ပြောတာ ဟိုလူကြီးက အတင်းပြန်ခိုင်းတာပဲ သိလား။ အမပြောတာ ပြန်သတိရမိတယ် သူများ အလှူလုပ်မှာကို ဖျက်ရင် ပြိတ္တာဖြစ်တယ်ဆိုတာလေ။ ညနေထမင်းကျက်တော့ ဟိုဦးဦးတွေ ပြန်သွားတယ်သိလား။ ဟိုလူကြီးက ဦးဦးတို့ မပြန်ရင် ဦးဦးတို့ကို တုတ်နဲ့ရိုက်မှာလို့ ငါ့ကို တိုးတိုးလေးပြောတယ်။ ဦးခွေးကြီးက အံတကြိတ်ကြိတ်နဲ့ သိလား ဆရာတော်ကတော့ ကျောင်းအောက်တောင် ဆင်းမလာတော့ဘူး။ ထမင်းကျွေးတဲ့ ဦးဦးတွေနဲ့ ပါလာတဲ့ မမကြီးတွေ ငါတို့ကို ကြည့်ပြီးငိုကြတယ်။ ပြီးတော့ ပြန်သွားကြတယ်။ နောက်နေ့မှ ရောက်အောင် လာခဲ့မယ်တဲ့။ ငါတို့ကို မုန့်လေးတွေ ပေးသွားသေးတယ် သိလား။ ဒါပေမယ့် အမရာ ပြန်မလာပါဘူးသိလား။ ဟိုလူကြီးတွေပဲလာတယ် ငါတို့ကိုဦးဦးတို့လို မုန့်လဲ မကောင်းကောင်းမကျွေးဘူး သိလား။ အော်ငေါက်နေတာပဲ ကျွေးတော့လဲနဲနဲလေး။ ဟိုဦးဦးတွေက အဲဒီ့လူကြီးတွေ ရိုက်မှာစိုးလို့ မလာတာထင်တယ်နော်။ ငါသာ လူကြီးဆိုသူတို့ကို ပြန်ရိုက်မှာ ဟုတ်တယ်လေ ထမင်းကျွေးတဲ့ ဒီလောက်စေတနာကောင်းတဲ့ ဦးဦးတို့ကို သူမို့နှင်ရက်တယ်။ ဦးခွေးကြီးကို သွားပြောတော့ သူလဲ ဘာမှ မတတ်နိုင်ဘူးတဲ့။ အမရာ နာဂစ်နဲ့ မနေနဲ့ဟာ ပြန်လာခေါ်တော့ ငါရေလဲဆာတယ် ဗိုက်လဲဆာတယ်။ ငါထိုင်ထိုင်ငိုနေတော့ လူကြီးတွေက မငိုပါနဲ့ ဂျာရစ်ရယ်ပဲပြောတယ်။ ငါဗိုက်ဆာပြီဟာ ပြန်လာခေါ်တော့ဟာနော်။ ဒါမှမဟုတ်လဲ နာဂစ်ကိုပြောလိုက်ပေါ့ ဂျာရစ်လေး သနားပါတယ်လို့ သူ့ကိုပါ ခေါ်ထားရအောင်လို့ ပြောလိုက်ပေါ့ဟာနော်။ ငါတစ်ယောက်ထဲ မနေချင်ဘူး အမရာ။ မြန်မြန်ပြန်လာခေါ်တော့နော်။ ဗိုက်လဲဆာတယ် ရေလဲဆာတယ် သိလား။

Read More...

Sunday, May 11, 2008

ပြင်မရတဲ့ကောင်

စိတ်နဲ့လူ မကပ်တော့
ညတွေက ပိုမှောင်လာသလို
တနေ့သိနိုးသိနိုးနဲ့
အချိန်တွေက ငါ့ကိုစောင့်နေသလား
ဒါမှမဟုတ်
ငါကပဲ အချိန်တွေကိုစောင့်နေသလား
အသံထွက် ရွတ်ကြည့်တော့မှ
ငါ့နာမည်က
ပေါ့ပျက်ပျက်ဆန်နေပါရော့လား
ကိုယ့်ဘာသာကိုယ်တောင်
အရသာပျက်နေသေးရင်
ပတ်ဝန်းကျင်က ခါးတာမဆန်းပါဘူး။


"မနက်ဖန်ကစပြီး ကျွန်တော်လိမ္မာတော့မယ်"
ဆိုတဲ့စကား
ဘယ်နှစ်ကြိမ်များ ပြောခဲ့ပြီးပြီလဲ။
သံသရာ တစ်လျှောက်လုံး
ဒီအပြောမျိုးတွေနဲ့ ဒုက္ခရောက်ခဲ့တာ
ဒါပါနဲ့ဆို အရေအတွက်
အတော်များလောက်ရောပေါ့။

အသိရှိစမ်းပါ သတိရှိစမ်းပါ
မနေ့ကလိုမနေရင်
နက်ဖန်ဆိုတာ ပိုကောင်းလာမှာပဲ
ခက်နေတာက
ဒီနေ့တိုင်းမှာ ပြင်မရတာလေ။

ထွေရာလေးပါးပြောတိုင်း
ထည့်ထည့်ပြောနေတဲ့ စာရင်းထဲ
တနေ့ ငါရောက်တော့မှာလား
ဘ၀မှာ သမိုင်းကို ပြောင်းပြန်လှန်ဖို့
စဉ်းစားခဲ့တဲ့ သတ္တိတွေ
ဘီယာဆိုင်ရောက်မှ ကြွကြွလာတာခက်တယ်။

Read More...

Friday, May 2, 2008

လွင့်ကျသွားသူ

လွှတ်ချလိုက်ပါတယ်
လက်ထဲက
စွဲစွဲမြဲမြဲကိုင်ထားတဲ့
မီးအိမ်လေးကို။

လွှတ်ချလိုက်ပါတယ်
အာရုံထဲက
စွဲလန်းတမ်းတနေတဲ့
ပုံရိပ်လေးကို။

လွှတ်ချလိုက်ပါတယ်
ဦးနှောက်ထဲက
သံမှိုလိုဆွဲထားတဲ့
ခံယူချက်တွေကို။

လွှတ်ချလိုက်ပါတယ်
နှလုံးသားထဲက
အခိုင်အမာတည်ရှိနေတဲ့
မင်းလေးကို။

လွှတ်ချလိုက်ပါတယ်
ရင်ထဲက
ညတိုင်းမက်တဲ့
ကိုယ့်ရဲ့ အိပ်မက်လေးကို။

အို . . .
လွှတ်ချလိုက်တာ
မဟုတ်ရပါလားကွယ်
တကယ်တော့
ကိုယ်ဟာ
ဘဝတစ်ခုလုံး
လွင့်ကျသွားသူပါ . . . ။

Read More...

Sunday, April 27, 2008

ရည်းစားဟောင်း

မမှတ်မိပေမယ့် သိခဲ့သလိုပဲ
ခနလောက်စောင့်မလား
ငါစဉ်းစားကြည့်မယ်
ဟိုးတုန်းကလား
အချစ်ဟောင်းတွေလား
ဝိုးတဝါးပါပဲ သိပ်ရက်စက်တယ်
နင်တစ်ယောက်ထဲလား
ဟိုကောင်မပါဘူးလား
မိုးလည်းချုပ်တော့မယ်
ဘယ်ကိုပြန်မလို့လဲ


ဟဲ ဟဲ ဟဲ အဲလိုပေါ့လေ။ အဲလက်စ်သီချင်းလေးကို သတိရမိတယ်။ မတွေ့လောက်ဘူး ထင်ထားတာ တည့်တည့်ကြီးကို တိုးတော့တာပဲ။ သေချာကြည့်တော့ ဒီမျက်နှာ ငါမြင်ဖူးပါတယ်ပေါ့။ ဘုရား ဘုရား ဝလာလိုက်တာ ဝက်ဝက်ကွဲပဲ ဟီး။ စီးတီးမတ်မှာ ပစ္စည်းလေးတွေ ဝင်ဝယ်တုန်းပေါ့။ သူကလည်း အဲဒီ့နားမှာ ကိုယ်ကလည်း အဲဒီ့နားမှာ တည့်တည့်ကိုတိုးတော့တာ။ သူဒီဘက်လှည့်တော့ ဟဲ့ ပလုတ်တုတ်တဲ့ အင်း အရင် အကျင့်အတိုင်းပဲ ယောင်လိုက်ရင် ဒီလိုပဲ။ လှမ်းပြီးခေါ်လေရဲ့ ဟဲ့ နေကောင်းလား မတွေ့တာကြာပြီ ဘာတွေလုပ်နေလဲ။ အော် မေးလိုက်တဲ့မေးခွန်းတွေ တရစပ်။ ဟိုတုန်းက သိပ်ပြီးနူးညံ့တဲ့ သူမအသံက ခုတော့ စွာကျယ် စွာကျယ်နဲ့ နားထဲကို ကန့်လန့်ကြီး ဝင်လာသလိုပဲ။ ဒါနဲ့ပဲ နေကောင်းပါတယ် မတွေ့တာကြာမှာပေါ့ မတွေ့ဖြစ်အောင် နေနေကြတာပဲ မဟုတ်လား။ ဘာလုပ်နေသလဲဆိုတော့ လူတွေကို ခိုင်းတတ်အောင် လုပ်နေတယ်။ အဲဒီ့လို ကျွန်တော်ပြောတော့ မျက်နှာကို မဲ့ကာရွဲ့ကာနဲ့ အရင် အချိုးအတိုင်းပဲ ဘာမှ မပြောင်းလဲဘူး။ ပြောင်းလဲတာဆိုလို့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး များများထားတာပဲ ကွာတယ်တဲ့။ အင်း ကိုယ့်ဘာသာတောင် သတိမထားမိဘူး သူပြောမှ သတိရတယ် အလုပ်များလို့ မျက်နှာက အမွှေးတွေကို မရိတ်တာ ကြာသွားတာကိုး။ အဟက်ဟက်ဟက်ဟက် လို့ ရီလိုက်တော့ ဟောတော့ ရီတာကလည်း ဒီပုံပဲတဲ့ နင်ဘာမှကို မပြောင်းလဲပါလားနော်တဲ့။ အဲဗျ သူ့ဘာသာ တစ်ယောက်ထဲ ကောက်ချက်တွေ ဆွဲနေပါလား။ ငါ့ကို ကော်ဖီလေးဘာလေး တိုက်ပါလားတဲ့။ ကျွန်တော်လည်း အေးလေ သောက်ပေါ့လို့ ပြောပြီး လိုက်တိုက်လိုက်ပါတယ်။ အဲဒီ့နားက ဆိုင်မှာပေါ့ဗျာ။ နင့်ယောက်ျားရော မပါဘူးလား လို့ ကျွန်တော်မေးတော့ ဒီနိုင်ငံမှာ မရှိဘူးတဲ့ နိုင်ငံခြားမှာတဲ့ ပြောတော့ပြောတယ် ဘယ်နိုင်ငံလည်း မမှတ်မိလိုက်ဘူး။ ကလေး တစ်ယောက်ရပြီတဲ့။ ကလေးက ၃ နှစ်ဆိုလားပဲ။ သူကမေးတယ် နင်ရောတဲ့ အင်း ငါက ဒီလိုပဲလေ အရင်လိုပဲပေါ့ ဆိုတော့ သိပ်ပြီး သဘောမကျတဲ့ပုံနဲ့ တည်တည်ငြိမ်ငြိမ်နေတော့လေဟာတဲ့ အသက်ကလည်း မငယ်တော့ဘူးတဲ့။ ဆရာကလုပ်လာပြန်တယ် အဲဒီ့အချိုးတွေကြောင့်ပဲ သောက်ပြဿနာတက်ပြီး ပြတ်တာလေ။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်ပါဘူး အရင်က အကြောင်းတွေ စဉ်းစားမိသွားတာပါ။ သူ့အဖေနဲ့ အမေက ကျွန်တော့်ကို တချိန်လုံးမေးတယ်တဲ့ သူတို့တွေက မတွေ့တာကြာတော့ သတိရတယ်နေမှာပေါ့။ သူ့ယောက်ျားကလည်း မေးတယ်ဆိုပဲ။ ကျွန်တော်နဲ့ ဆုံချင်သေးတယ်တဲ့။ အေးလေ ဆုံကြတာပေါ့ သူပြန်လာရင်လို့ လွယ်လွယ်ကူကူပဲ ကျွန်တော် ပြောလိုက်ပါတယ်။ သူကပြောသေးတယ် နင့်ကို ငါ့ယောက်ျားရော ငါရောက သိပ်ပြီး ကျေးဇူးတင်တာတဲ့ ကလေးတောင် နင့်နာမည်ပေးမလို့ စဉ်းစားသေးတယ်တဲ့ ဘုရား ဘုရား ကိုယ်ကနေရင်းထိုင်ရင်း ကျေးဇူးရှင်ကြီး ဖြစ်နေပါရော့လား။ ဘယ့်နှယ့်လုပ်ပြီး ကျေးဇူးရှင် ဖြစ်သွားပါလိမ့်လို့ ပြန်စဉ်းစားတော့မှ အော် ဟုတ်သားပဲဆိုတာလေး တွေးမိတယ် ဒီလိုဗျ ဒီလို။

လွန်ခဲ့တဲ့ ၇ နှစ်လောက်ကပေါ့။ မောင်သုညတို့ လန်ထွက်နေအောင်ကို ကဲတဲ့အချိန်ပေါ့။ ခုနက ဖတ်တီးမလေးက မောင်သုညရဲ့ ရည်းစားလေ။ အဲဒီ့တုန်းကတော့ အတော်ချောတာပါ ခန္ဓာကိုယ်ကလည်း ခုလို ပုံပျက်ပန်းပျက် ဖတ်တီးမကြီး မဟုတ်ဘူး။ ဘာတဲ့ ငါးရံ့ကိုယ်လုံးခေါ်မလား အင်း ထားပါ ကြည့်ကောင်းတယ်ပေါ့လေ။ မောင်သုညက သူ့အိမ်မှာဆိုလည်း စားအိမ်သောက်အိမ် သူ့မိဘတွေနဲ့ဆိုတာကလည်း အတော်ကို ရင်းနှီးပါတယ်။ တချိန်လုံး အဲဒီ့အိမ်မှာ သွားသွားနေတာပေါ့။ မောင်သုညနဲ့ဆို သူ့အိမ်က စိတ်ချပြီးသား စိတ်မချစရာလည်း ဘာမှ မရှိဘူးလေ။ သူတို့အိမ်ကိုလာတယ် ကျွေးတာစားတယ် သူ့အဖေနဲ့ ချက်စ်ထိုးတယ် နေ့လည်ဆို သူ့အမေ ကော်ဖီဖျော်တိုက်ရင် သောက်တယ်။ ညနေဆို သူ့ကို မုန့်ဝယ်ကျွေးခိုင်းတယ် ပြီးရင် ပြန်တယ်။ အဲ အပြင်လေးဘာလေး သွားချင်ရင် သူ့အဒေါ်ကို ခေါ်ပြီး ထွက်တယ်။ သူ့အဒေါ်ကို ခေါ်သွားတာ အကြောင်းရှိတယ် နှစ်ယောက်ထဲဆို ဟိုဟာပူဆာ ဒီဟာပူဆာနဲ့မို့လို့ သူ့အဒေါ်ပါတော့ သူ့အဒေါ်နဲ့ အလုပ်ရှုပ်နေတော့ မပူဆာအားဘူးလေ အဲဒါကြောင့် အပြင်သွားတိုင်းကို ခေါ်သွားတာ ဘယ်ရမလဲ ကိုယ်ကလူလည်ပဲ ဟဲ ဟဲ ဟဲ။ တွဲတာ တော်တော်ကြာတော့ အင်း တစ်ယောက်အကျင့် တစ်ယောက် ပိုသိလာတာပေါ့လေ။ ကျွန်တော့်လို ငပျင်းကို သူက အားမရဘူး။ ယောက်ျားလေးဖြစ်ပြီး ဘာမှလည်း တက်တက်ကြွကြွမရှိဘူးတဲ့ သူငယ်ချင်းတွေနဲ့ပဲ ဟေးလား ဟားလား လုပ်နေတာပဲတဲ့။ တနေ့တနေ့ ဒါပဲလာလာပြောနေတယ် သူ့အဖေနဲ့ အမေတောင် ကျွန်တော့်ကို အဲလို မပြောဘူး။ အင်း ကျွန်တော့် အဖေ၊အမေလည်း အဲလိုမပြောဘူး။ သူတစ်ယောက်ထဲ ပြောနေတာ။ ပြီးတော့ ပြောသေးတယ် သူများတွေကိုကြည့်တဲ့ နိုင်ငံခြား ကျောင်းသွားတတ်ကြတယ် နင်က သွားလဲ မသွားဘူးတဲ့။ ဒုက္ခ ကျွန်တော်က အစကထဲ မသွားချင်ဘူးလို့ ပြောခဲ့ပြီးသားပဲ။ အင်း နောက်ဆုံးတော့ သူသွားမယ်တဲ့ အိမ်ကို ပြောပေးပါတဲ့။ ကျွန်တော်က ကိုယ်တိုင်တောင် မသွားချင်တာ သူ့အတွက်ပြောပေးဖို့ဆိုတာ အဝေးကြီးပဲ။ ပြောပေးဖူး ကိုယ့်ဘာသာ ပြောဆိုတော့ ဘာမှကို အားမကိုးရဘူးတဲ့။ သူ့အိမ်က သူ့ကို မသွားစေချင်ဘူး ကျွန်တော် သွားရင်တော့ သွားပေါ့တဲ့။ ကျွန်တော်က မသွားတဲ့ကောင်ဆိုတော့ သူက ဂိတ်ဆုံးသွားပြီ။ အင်းနောက်တော့ သူ့ဘာသာ ဘယ်လို ကြိုးစားလိုက်လဲမသိဘူး ကျွန်တော့်ကို သင်တန်းလိုက်ပို့တဲ့ ဟေ ဘာသင်တန်းတုန်းဆိုတော့ IELTS ဖြေမယ်တဲ့ ကျွန်တော်လည်း အေးအေးဆိုပြီး ပို့ပေးရတာပေါ့။ သူ့သင်တန်းက သူတို့ အိမ်နားမှာပါပဲ။ ကျွန်တော် မပို့ရင် သူ့အဖေပို့ပေးတယ်။ အဲဒီ့လို သင်တန်းတက်တော့ အင်း ဘော်ဒါအသစ်တွေ ရလာတာပေါ့လေ။ အဲဒီ့မှာ ခုနက သူ့ရဲ့ ယောက်ျားဖြစ်လာမယ့် မဟာ သတို့သားလောင်းနဲ့ပါ ဆုံတာပေါ့။ အဟီး အဲဒါကြောင့် ဟိုကောင်ကပြော ကျွန်တော့်ကို ကျေးဇူးရှင်တဲ့ အဟက်ဟက်ဟက်။ သင်တန်းတက်လို့ ၂ လလောက်နေတော့ ကျွန်တော်လည်း တခါတခါ မအားတာနဲ့ မပို့ဖြစ်ဖူး သူ့အဖေကလည်း မအားတာနဲ့ သူ့ဘာသာ သွားရတာများလာတယ်။ သင်တန်းတက်တော့ ပိုဆိုးလာတာက ကျွန်တော့်ကို ပိုပြီး အထင်သေးလာတာပဲ။ ခက်ပြီ ကျွန်တော့်မှာ သူ့လို ခံယူချက်မရှိဘူးပေါ့လေ ဘာဖြစ်ချင်တဲ့ ကောင်မှန်းမသိဘူးပေါ့လေ နောက်ပိုင်း ကျွန်တော်လည်း စကားများရမှာစိုးလို့ သိပ်မပြောတော့ဘူး တိတ်တိတ်နေပြီး သိပ်လည်း မတွေ့ဖြစ်တော့ဘူး။ သူလည်း သူငယ်ချင်း အသစ်တွေနဲ့ စာတွေတူတူလုပ် တူတူစား တူတူသွားနဲ့ ပျော်နေလေရဲ့ သူ့ယောက်ျားဖြစ်လာမယ့် ကျေးဇူးရှင်နဲ့တော့ အတော်ကို တွဲဖြစ်နေပြီ အိမ်တောင် အဝင်အထွက်လုပ်နေပြီ။ သူ့အဒေါ်ကတော့ ကျွန်တော့်ကို တိတ်တိတ်သတိပေးတယ် ကြည့်ထားအုံးတဲ့ ပုံစံက သိပ်မဟုတ်ဘူးတဲ့။ စိုးရိမ်ရှာတယ် ထင်ပါ့။ ကျွန်တော်လည်း နေပါစေဆိုပြီး ထားလိုက်တာ အဟက်ဟက်ဟက် သိပ်မကြာပါဘူး ကျွန်တော်နဲ့ သူနဲ့ ပြတ်ရော။ ပြတ်တာကလည်း မယ်မယ်ရရ အကြောင်းပြချက် မရှိဘူး။ ကျွန်တော်ကလည်း သိပ်ခံစားမနေပါဘူး။ သူငယ်ချင်းကနေပြီး ကြိုက်လာကြတာဆိုတော့ အေးအေးပါပဲ။ ပြတ်တော့လည်း ပြတ်ပေါ့။ အင်းတစ်ခုပဲဗျ ပြတ်တော့ သူက သူ့ရဲ့ ဟိုကောင်ကို သွားပြောပြီး ငိုသတဲ့ အဲဒါကလည်း ဟိုကောင်ပြန်ပြောလို့ သိတာ။ အင်း အဲဒီ့နေ့ပဲလား မသိဘူး သူတို့ ကြိုက်သွားကြတယ်ဆိုလား ဘာလားပဲ။ နောက်တစ်ပတ်လောက်ကြာတော့ သူ့အမေကဖုန်းဆက်တယ် သားနဲ့ ရန်ဖြစ်ထားတယ်ဆိုတဲ့ ဟုတ်လားတဲ့ ဟုတ်တယ်အန်တီလို့ ပြောတော့ အဖွားကြီးက သားရယ် ဘယ်လိုဖြစ်ရတာလဲတဲ့ သည်းခံလိုက်ပါတဲ့ သူ့ကို အန်တီရော အန်ကယ်ရော ဆူထားတယ်တဲ့ အိမ်လာပါအုံးတဲ့။ အဲဒါမှ ပြဿနာ ကျွန်တော်ကလည်း ကိုယ်နဲ့ ပြတ်ထားတော့ သွားချင်တော့ဘူး ပြန်ပြီးတော့လည်း မဆက်ချင်တော့ပါဘူး ကိုယ့်ကိုမှ အထင်မကြီးတာလေ။ လူကြီးတွေ ခေါ်တော့ ပြန်သွားရတာပေါ့လေ။ ဟိုရောက်တော့ ကျေးဇူးရှင်မက ငိုထားတာ မျက်လုံးကို အစ်နေတာပဲ ကျွန်တော့်ကိုတွေ့တော့ နင့်ကြောင့် နင့်ကြောင့်ဆိုပြီး ထပ်ငိုပြန်ရော။ ကျွန်တော့်မှာ ရောက်ရောက်ခြင်း ဆောက်နဲ့ အထွင်းခံရသလိုပဲ ဘာမှန်းတောင် မသိရပဲ အပြောခံနေရတယ်။ သူ့အဖေက ထဆူရောသူ့ကို ရှေ့မှာ ဘာတွေ ဖြစ်ထားလည်း ကျွန်တော်လည်း မသိဘူး ထိုင်ခုံမှာ ဝင်ထိုင်ပြီးတော့ ကြည့်နေလိုက်တယ် သူ့ကို နိုင်ငံခြားမသွားရဘူးတဲ့ ဘာညာပေါ့ ကျွန်တော်လည်း သွားမှာ မဟုတ်တော့ မသွားနဲ့တော့တဲ့ သင်တန်းလည်း ပြီးနေပြီ စာမေးပွဲလည်း ပြီးနေပြီတဲ့ အပြင်တောင် မထွက်နဲ့ဆိုပဲ။ ကျွန်တော့်ကိုပြောတယ် ပုံမှန်အတိုင်းလာပါတဲ့ အိမ်ကို သားကို တောင်းပန်ပါတယ်တဲ့။ ကျွန်တော့်မှာ တော်တော်ခက်သွားပါတယ်။ ဘာလုပ်ရမယ်မှန်းကို မသိဘူးဖြစ်သွားတယ်။ အင်း အဲ ဟုတ်ကဲ့နဲ့ ပြီးလိုက်ရတယ်။ ညကျတော့ သူက ကျွန်တော့်ဆီ ဖုန်းဆက်လာတယ် သူနဲ့ ဟိုတစ်ယောက်နဲ့ ကြိုက်နေပြီ ဆိုတဲ့ အကြောင်း သူ့ရဲ့ ရင်ထဲက အမှန်တကယ် ချစ်တာ အဲဒီ့တစ်ယောက်ဆိုတာရော ကျွန်တော့်ကိုတော့ သူငယ်ချင်းလိုပဲ ချစ်တာပါပေါ့။ ဘာညာပေါ့ ကျွန်တော်လည်း နားငြီးလားတော့ ငါဘာလုပ်ပေးရမှာလဲဆိုတော့ ကူညီပါတဲ့။ မောင်သုညက သဘောကောင်းပြီးသားပါ အင်းပေါ့။

နောက်နေ့ မနက် ကျွန်တော့် အိမ်ကို သူ့ရဲ့ ရည်းစားရောက်လာပါတယ်။ ကျွန်တော်တောင် မနိုးသေးဘူး။ အမေကလာနှိုးတယ် ဧည့်သည်ရောက်နေတယ်တဲ့ အဲဒါ ကြိုးစားပြီးထတော့ ဟိုကောင်ဖြစ်နေတယ်။ အော် ခနစောင့်နော်လို့ ပြောပြီး ကျွန်တော် မျက်နှာသစ် သွားတိုက် လုပ်နေလိုက်တယ် ပြီးမှ အိမ်ရှေ့ဧည့်ခန်းမှာ ဒီကောင် နေရခက်နေမှာ စိုးတာနဲ့ လာလေ ငါ့အခန်းထဲ ဆိုပြီး သွားခေါ်လိုက်တယ်။ ပြီးတော့ ကျွန်တော် ရေချိုးအုံးမယ်ဆိုပြီး သူ့ကို အခန်းထဲမှာ ထားခဲ့လိုက်တယ်။ အင်း အဲဒီ့ကောင်က ကျွန်တော့် အခန်းထဲရောက်မှ သူ့ကောင်မလေးပုံတွေ တွေ့သွားတယ် အင်း အရင် ကျွန်တော့် ကောင်မလေးကိုး။ ကျွန်တော် ရေချိုးပြီးတော့ သူက ပုံတွေ အများကြီးပဲနော်တဲ့။ အေးလေ များမှာပေါ့ ငါတို့က ခင်တာ တော်တော် ကြာတာကိုးကွလို့ ပြောတော့ ဘာမှ ပြန်မပြောတော့ဘူး ကျွန်တော်လည်း မင်းလိုချင် ယူသွားလေလို့ ပြောတော့ မယူပါဘူးကွာတဲ့။ လာသွားမယ် လက်ဘက်ရည်ဆိုင်ဆိုပြီး သူ့ကို ခေါ်ပြီး ထွက်လာခဲ့တယ်။ သူ့ကားနဲ့သူ အနောက်ကလိုက်ခဲ့မယ်တဲ့။ အဲဒါကျွန်တော်နဲ့ ဆိုင်ထိုင်ဖြစ်တော့ သူကပြောတယ် မင်းနဲ့ အကြောင်းလေးတွေ သိချင်တယ်တဲ့။ ကျွန်တော် လက်ဘက်ရည်တောင် သီးချင်အောင် ရီချင်သွားတယ်။ အော်ဖြစ်ရလေကွာလို့ မင်းဘာသာသူ့ကို မေးပေါ့လို့ပြောတော့ အေးပြောပြပါတယ်တဲ့ ဒါဆိုပြီးတာပဲလို့ မင်းကလည်း ငါ့ကို မေးတော့ မင်းကို ပေါက်ကရပြောမိရင် ဘယ်လိုလုပ်မလဲဆိုတော့ ဟိုကောင့်မျက်နှာလေး ငယ်သွားတယ်။ ကျွန်တော်ပြောလိုက်ပါတယ် ဟေ့ကောင် မင်းပေါက်ကရ မတွေးနဲ့ ငါကသူ့အိမ်မှာပဲ အမြဲနေတာကွ ဆိုမှ အင်း ဟုတ်ပါတယ် ဘာညာဆိုပြီး လဒက မျက်နှာလေး ပြန်ဝင်းလာတာ။ အတော်ခက်တဲ့ကောင်။ သူက အကူညီတောင်းတယ် ကျွန်တော့်ကို နိုင်ငံခြားသွားမှာတဲ့ ကောင်မလေးကိုလည်း နိုင်ငံခြားတူတူ သွားစေချင်တယ်တဲ့ ကျောင်းလည်း တူတူတက်ချင်တယ်တဲ့။ ကျွန်တော်က ကိုယ့်ဘာသာ သွားပြောပါလားဆိုတော့ သူ့အိမ်ကို ကြောက်တယ်တဲ့ ပြောရဲဘူးတဲ့ ကျွန်တော့်ကို ကူညီလို့ ရမယ့်နည်းရှိရင် ကူညီပါတဲ့။ အင်းပေါ့ ဘာတတ်နိုင်မှာတုန်း ကူညီပါ့မယ်ပေါ့။ ပြီးတော့ ဒီကောင်ပြန်သွားတယ် ကျွန်တော်လည်း သူမဆီကို ဖုန်းလှမ်းဆက်ပြီး ပြောလိုက်တယ်။ သူကလည်း ကူညီပါဆိုပဲ။ ကူညီပါ့မယ်ဟာလို့။ ငါက ဘယ်လို ကူညီရမှာတုန်းဆိုတော့ နိုင်ငံခြားသွားမယ်လို့ အိမ်ကို ပြောပေးပါတဲ့။ ဒါနဲ့ ကျွန်တော်လည်း နောက်တစ်ပတ်လောက်ကျတော့ သူ့အိမ်သွားလည်လိုက်တယ် သူ့အဖေနဲ့တွေ့တော့ စကားပြောနေရင်း ကူညီပြီး လိမ်ပေးမလို့ဟာကို ဘယ်လိုဖြစ်သွားတယ် မသိဘူး ယောင်ပြီးပြောလိုက်မိတယ် ကျွန်တော်တော့ ဒီမှာပဲ စီးပွါးရှာတော့မယ်လို့ အဖိုးကြီးက အင်း ကောင်းတယ် သူလည်း ကူညီမယ်တဲ့ အဲဒါကို ကျေးဇူးရှင်မက ကြားသွားပြီး ကောက်တော်မူပါလေရော ပြီးမှ ကျွန်တော် သတိရသွားတယ် ကူညီမယ်ပြောပြီး မကူညီမိဘူးပေါ့။ သူ့အိမ်ကတော့ ကျွန်တော်နဲ့ ပြန်အဆင်ပြေနေပြီ ထင်နေတာပေါ့လေ။

ဒီလို ဒီလိုနဲ့ တစ်လကျော်လောက်ကြာတော့ သူ့အိမ်က ဖုန်းဆက်လာတယ် ယောက်ျားနောက် လိုက်ပြေးသွားတယ်တဲ့။ ကျွန်တော်လည်း ဟုတ်လားဆိုပြီး မေးတော့ အိမ်ကို လာခဲ့ပါတဲ့။ ကျွန်တော် ရောက်တော့ သူ့အဖေနဲ့ အမေ တော်တော် ဒေါသထွက်နေကြတယ်။ သူ့ တခြားသူငယ်ချင်းတွေကိုလည်း ဖုန်းဆက်ပြီး မေးနေတယ်။ ကျွန်တော့်ကိုတော့ သားရယ် ဘယ်လိုဖြစ်တာလဲတဲ့။ ကျွန်တော်လည်း သိဘူးအန်တီလို့ပြောပြီး ပေကပ်ကပ် ထိုင်နေလိုက်တယ်။ လိုက်ရှာပါတဲ့ တွေ့ရင် ပြန်ခေါ်ပေးပါတဲ့။ အဲဒါမှ တကယ့်ဂွ ဟိုက ယောက်ျားနောက် လိုက်သွားတာကို ကျွန်တော်က လိုက်ရှာတော့ ဟာသလို ဖြစ်နေရော။ ဘော်ဒါတွေကတော့ နောက်ကျတာပေါ့။ လိုက်ရှာလိုက်ပါကွာတဲံ တွေ့တော့ ပြန်ခေါ်ခဲ့ပေါ့တဲ့။ အဟက်ဟက်ဟက်ဟက်။ ကျွန်တော့်မှာ ရှာရကောင်းနိုး မရှာရကောင်းနိုး ဖြစ်နေတုန်း သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာတယ် သူတို့ အတွဲကို တွေ့ထားတယ်တဲ့ မင်းလာမလားတဲ့။ ကဲ မထူးဘူးကွာဆိုပြီး လိုက်သွားလိုက်တယ်။ ပါရမီက ဆိုင်တစ်ဆိုင်မှာ သူတို့ ထိုင်နေကြတယ် ပျော်နေကြတာ ပျော်နေကြတာ။ အင်း ကျွန်တော့်ကိုလည်း တွေ့ရော မျက်စိမျက်နှာ ပျက်ကုန်ရော။ အိမ်ကို ပြန်မပြောပါနဲ့တဲ့ သူတို့ လက်မှတ်ထိုးပြီးပြီ မခွဲချင်ဘူး ဘာညာပေါ့။ ကျွန်တော်လည်း အေးပါပေါ့ ဒါပေမယ့် အဖေအမေကိုတော့ အကြောင်းကြားသင့်တယ် ပြီးတော့ မိသားဖသားပီပီ တောင်းပါလို့ ဟိုကောင့်ကို ပြောတော့ သူက တောင်းမှာပါတဲ့။ ခုတော့ ခရီးသွားအုံးမယ်တဲ့။ သူတို့ အခု ဟိုတယ်မှာ နေတယ်တဲ့ ပြီးတော့ ပိုက်ဆံကုန်တော့မယ်တဲ့ ဟိုကျေးဇူးရှင်မက ပြောတယ်။ ကျွန်တော့်ကို နင့်မှာ ပိုက်ဆံ အပိုပါရင် ငါ့ပေးခဲ့တဲ့။ ကျွန်တော့်မှာတော့ ပိုက်ဆံ အပိုမပါဘူး။ ဒါပေမယ့် ခုနက ဖုန်းဆက်တဲ့ကောင်မှာတော့ ပါနိုင်တာနဲ့ ခနနေအုံး ဟိုကောင့်ကို မေးအုံးမယ်ဆိုပြီး သွားမေးတော့ ပါတယ်ဆိုတာနဲ့ ယူပြီး သူ့ကို ပေးလိုက်တယ် ကျေးဇူးရှင် နှစ်ယောက် အတော်ပျော်သွားကြတယ်။ ကျွန်တော့် ဘော်ဒါကတော့ ကျွန်တော့်ကို မင်းကတော့ စံပဲလို့ ပြောတာကလွဲရင် ထိုင်ရီနေတာပဲ။ နောက်တော့ သူတို့ကို အိမ်တွေက ပေးစားလိုက်တယ်ပေါ့လေ။ ဒါပါပဲ။

ကျွန်တော် တစ်ယောက်ထဲ ပြုံးစိစိ ဖြစ်နေတော့ သူက မေးတယ် ဟဲ့ ဘာတွေ တွေးပြီး ပြုံးနေတာလဲတဲ့။ အော် မဟုတ်ပါဘူး အရင်တုန်းကဟာလေးတွေ တွေးမိလို့ပါလို့။ ပြီးတော့ ပြောလိုက်တယ် ငါ့ကို နင်တို့ အဲဒီ့တုန်းက အကြွေးပြန်ဆပ်သေးလားလို့ ဆိုတော့။ သူက ဆပ်ပါ့တော်တဲ့ နင့်ကို အိမ်လာပေးတာ မတွေ့လို့ နင့်အမေကို ပေးခဲ့တယ်တဲ့။ အင်း ဟုတ်မှာပေါ့လေ ကြာတော့ မမှတ်မိတော့ဘူး။ သူ့ကို နောက်ချင်လာတာနဲ့ အင်း နင့်ကို ဒီလိုပုံ ဖြစ်လာမယ်မှန်း နင့်ယောက်ျားသား ကြိုသိရင် အင်း ဟီး ဟီး ဆိုတော့။ သူက မဲ့ရွဲ့ပြီး ငါက ဝလို့ လှလာတာတဲ့။ အဟက်ဟက်ဟက်။ သူတို့ ခုတော်တော် အဆင်ပြေနေကြပြီ သူ့ အဖေနဲ့ အမေကလည်း သူမွေးပေးထားတဲံ သူ့ကလေးကို သိပ်ချစ်ကြတယ်တဲ့။ သူ့ယောက်ျားကိုလည်း တော်တော်ချစ်ကြတယ်တဲ့။ အင်းလေ အဆင်ပြေကြရင် ပြီးတာပဲလို့။ ပြီးတော့ ပြောလိုက်တယ် အန်ကယ့်ကို ပြောလိုက်ပါ ငါ နောက်နေ့အားတဲ့ တစ်ရက်ရက် chess လာထိုးမယ်လို့ ပြောခိုင်းပြီး ကျွန်တော်တို့ ပြန်ဖို့တာစူလိုက်တယ်။ အပြင်ရောက်တော့ ကျွန်တော်က ငါလိုက်ပို့ရအုံးမလားဆိုတော့ သူက ရတယ် ငါ့မှာ ကားပါတယ်တဲ့။ အဲဒီလိုနဲ့ ပြန်သွားပါတော့တယ်။ စဉ်းစားမိတယ် ရည်းစားဟောင်းနဲ့တွေ့တော့ ဘယ်လိုနေသလဲဆိုပြီး အင်း ဘယ်လိုမှတော့ မနေဘူး။ ကိုယ့်ဘာသာ ငါတော့ ဘုရားမတာ ကံကောင်းတယ်လို့ ထင်မိတယ်။ ဟုတ်တယ်လေ ဒီလောက် ဝတုတ်ကြီး ဖြစ်နေတာ ဟီး ဟီး ဟီး။ ကံကောင်းလို့နော် ခွိ။ သူငယ်ချင်းတွေကိုတောင် အဲဒါပြောပြတော့ ရီလိုက်ကြတာ ဝက်ဝက်ကွဲပဲ မင်းကတော့ ဖြစ်ရမယ်တဲ့။

ဘာရယ် မဟုတ်ပါဘူး မနေ့က ကိုစိုးထက်နဲ့ ချယ်ဆီး မန်ယူပွဲ ဘယ်သူနိုင်မလဲလို့ ပို့စ်တစ်ခု တင်ကြေးလောင်းထားလို့ ဒီပို့စ်ကို ရေးလိုက်တာ တစ်ခုမှ မဟုတ်ဘူး စိတ်ကူးယဉ်ပြီး ရေးပေးထားတာ အမှန်တရားတော့ နည်းနည်းပါတာပေါ့လေ အဟက်ဟက်ဟက်။ ကဲ ကိုစိုးထက်ရေ ကျွန်တော်တော့ ရေးပေးလိုက်ပြီ။ လောင်ကြေးကြေပြီပေါ့ဗျာနော်။ ကျေနပ်နိုင်ပါစေ။ :D

Read More...

Friday, April 25, 2008

ကျွန်တော် နှစ်သက်သော ကဗျာများ (၂)

လွမ်းပ

သောကနဲ့
ကျပ်ထုပ်ထားတဲ့ ညနေရီ
သက္ကာယ တစ်ခုကြောင့်ပဲ
အလေ့ကျပေါက်နေတဲ့ သူ့မှာ
ဒီရုပ် ဒီရည်ကလေးနဲ့
အသည်းကွဲနေရလို့တဲ့ ။

ဟောဒီမှာ
ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရီစ္ဆေဒတွေ
လွမ်းပ

ကံတရားမျက်လုံးထဲ
အသူတစ်ရာနက်တဲ့အပြုံးရှိတာသိရက်နဲ့
သူ . . .
ခုန်ချ
လွမ်းပ

ဘာမှမပြောဘဲ နောက်ဆုတ်သွားတာ
အတုံးအရုန်းတွေကြား
ရွတ်ရွတ်ချွန်ချွန်
လွမ်းပ

အနမ်းရေ
နှလုံးသားထဲ
ဘာလို့ညာညာပြီး
ညနေစောင်းချင်ရတာလဲ
နေ့တွေလည်း ၀မ်းနည်းစွာ ပြန်သွားခဲ့

သူ့မှာ
ကမ္ဘာမရှိတော့။ ။

မောင်သိန်းဇော်
၁၉၈၆


ကျွန်တော် သဘောကျတဲ့ ကဗျာလေးပေါ့။ မန္တလေးသိန်းဇော်ရဲ့ ကဗျာတစ်ပုဒ်ပါ ခုလည်း စိတ်ထဲ ရှိနေတာနဲ့ တိုက်ဆိုင်နေလို့ ပြန်ဖတ်ရင်း တင်ပေးချင်စိတ် ပေါက်လာလို့ တင်ပေးလိုက်ပါတယ်။

Read More...

Wednesday, April 23, 2008

ဇာတိမြေ (သို့မဟုတ်) သတိတရရှိလှတဲ့ အိမ်

ချစ်လှစွာသော အမကြီး မခင်မင်းဇော် တက်ခ်ထားတာ ကြာပါပြီ။ အွန်လိုင်းမတက်နိုင်တာက ၁ လ ကျော်လောက်ဖြစ်နေတော့ မရေးဖြစ်သေးဘူး။ ခုတော့ စစချင်း ဒီပို့စ်ကို အရင် အကြွေးဆပ်ရမှာမို့ ရေးပေးလိုက်ပါတယ်။ စောင့်နေရသော သူငယ်ချင်းများ အားလုံးကို အထူးတောင်းပန်ပါတယ်။ ကျွန်တော်ပြန်လာပါပြီ။ ကဲ စလိုက်ကြရအောင်။

သူများတွေလို ကျွန်တော့်မှာ မွေးရပ်မြေနဲ့ ပတ်သတ်ပြီး သိပ်ပြောစရာ ရှိဘူးဗျ။ ကျွန်တော်က မိတ္ထီလာသား သို့ပေမယ့် မွေးပြီးပြီးချင်း ရက် ၂၀ လောက်မှာ ရန်ကုန်ကို ပြန်ရောက်လာတာဆိုတော့ ပွဲက ပြတ်ကရောပေါ့။ ဇာတိမြေ ဘာမှန်းတောင် မသိဘူး။ အင်း ဒီလိုနဲ့ ၈၈ အရေးအခင်းမှာတော့ မိတ္တီလာကို ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ ဒါကလည်း ခဏတဖြုတ်ဆိုတော့ သိပ်မသိပြန်ဘူး။ ရန်ကုန်မှာ ကြီးပြင်းလာတဲ့သူဆိုတော့ ကျွန်တော့်အနေနဲ့ မိတ္ထီလာမြို့နဲ့ စိမ်းနေပါတယ်။ အင်း အဲဒီ့ကို ပြန်ရောက်ရင်တော့ ငါ့ကို မွေးခဲ့တာ ဒီမြို့မှာဆိုပြီးတော့ သတိထားမိပါတယ်။ မိတ္ထီလာ ကန်တော်ကိုတော့ သတိတရ ရှိပါတယ်။ တံတားရဲ့ ဟိုဘက် ဒီဘက် ရေတွေက ကွာပါတယ်။ တစ်ဘက်ခြမ်းက သန့်နေပြီး တစ်ဘက်ခြမ်းက အမှိုက်တွေနဲ့ပါ။ စဉ်းစားမိတယ် အဲဒါကို မြင်တိုင်း ငါလဲ ငါ့ဘဝမှာ မိတ္ထီလာကန်ကြီးလိုပဲ ရိုးသားမှုနဲ့ မရိုးသားမှုကို ခွဲထားနိုင်သလားလို့။ ကျွန်တော့်မှာ ဇာတိမြေဆိုတာကြီးကို စွဲလန်းမှု လုံးဝမရှိပါဘူး။ အဲဒီ့လိုပဲ အမကြီး မခင်မင်းဇော်လို နေချင်စရာကောင်းတဲ့ အိမ်ကိုလည်း သတိတရ မရှိမိပါဘူး။

ငယ်ငယ်ကထဲက အဖေနဲ့ အမေထားတဲ့ နေရာမှာပဲနေလာတာပါ။ တခါမှလည်း ချိုတယ် ခါးတယ် မစဉ်းစားမိပါဘူး။ အဲဒီ့အိမ်လေးတွေက နေချင်စရာ ကောင်းလား မကောင်းဘူးလားဆိုတာ သိပ်ပြီး သတိမထားမိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အိမ်မှာ နေတဲ့ အချိန် အရမ်းနည်းပါးပါတယ်။ အိမ်ကို အိပ်ဖို့နဲ့ ကျွန်တော့် ပစ္စည်းလေးတွေ ထားဖို့ထက် ဘာကိုမှ ပိုပြီး မမျှော်လင့်ခဲ့ပါဘူး။ အိမ်မှာ မနေလွန်းလို့ အဖေနဲ့ အမေကတောင် မင်းဓါတ်ပုံကို ပုံကြီးချဲ့ပြီး ချိတ်ထားရမယ်တဲ့။ တခါတခါ မမှတ်မိတော့လို့တဲ့။ အဟက်ဟက်ဟက် ဟုတ်လဲဟုတ်ပါရဲ့ ကျွန်တော် အိမ်ပြန်ရင်တောင် အစောဆုံးက ည ၁၁ နာရီပါ။ အားလုံး အိပ်နေပါပြီ။ ကျွန်တော့်မှာ အိမ်သော့လေး တစ်ချောင်း အပိုရှိနေလို့သာ ဝင်ထွက်သွားလာနိုင်တာပါ။ ကျွန်တော် အိမ်ကို မခင်တွယ်ပါဘူး။ ကျွန်တော်က သီးသန့်နေထိုင်ရတာကို ပိုပြီး နှစ်သက်ပါတယ်။ အိမ်မှာနေရင်တောင် ကိုယ့်ဘာသာနေပါတယ်။ ဘယ်သူနဲ့မှ သိပ်ပြီး ရောရောနှောနှော မရှိပါဘူး။ ညဘက် အခွေကြည့်ရင်တောင် တစ်ယောက်ထဲပဲ ကြည့်တတ်ပါတယ်။ ကျွန်တော် စဉ်းစားနေရတာ တွေးနေရတာတွေကို ပိုပြီး နှစ်သက်ပါတယ်။ အဲဒီ့လို တစ်ယောက်ထဲ နေတတ်သွားတာက ကျွန်တော့် အဖွားဆုံးပြီးနောက်ပိုင်းမှာ ပိုပြီးနေဖြစ်သွားတာပါ။ ဘဝမှာ အဖွားကလွဲရင် ကျန်တဲ့သူတွေက ကျွန်တော့် စကားတွေ စိတ်ကူးတွေကို စိတ်ဝင်စားမှုမရှိဘူးလို့ ကျွန်တော် ထင်နေတာလဲ ပါပါတယ်။

လူတွေ အမြဲပြောကြတယ် ဘယ်လို အိမ်လေးနဲ့ နေချင်တယ်။ ငါ့အိမ်လေးက ဘယ်လို၊ ငါတို့ မြို့မှာက ဘယ်သို့ အဲဒီ့လို စကားဝိုင်းတွေမှာ ကျွန်တော် အမြဲဆွံ့အသွားရပါတယ်။ ကျွန်တော် ပြန်စဉ်းစားကြည့်တယ် ကျွန်တော် ဘယ်လို အိမ်လေးနဲ့ နေချင်တာလဲ၊ ကျွန်တော် ပြန်တမ်းတလောက်မယ့် နေရာ ဘယ်လိုလဲ စဉ်းစားမိပါတယ်။ အဖြေက လွယ်လွယ်ကူကူနဲ့ ထွက်မလာပါဘူး။ ထွက်လာတဲ့ အဖြေကလည်း ကြောက်စရာကောင်းလောက်အောင် ကျွန်တော့် အတွက် ကြီးမားနေပါတယ်။ အဲဒီ့အဖြေကြီးကို အသက်သွင်းဖို့ ကျွန်တော် လုပ်မလား မလုပ်ဘူးလားဆိုတာ ထပ်ပြီး စဉ်းစားနေမိပါတယ်။ ကျွန်တော့် အတွက် အိမ်တစ်လုံးက ဒီလောက်ထိ ခြောက်လှန့်နေမလား ဘဝမှာ နားခိုဖို့အတွက် အိမ်လေးတစ်လုံး လိုအပ်နေပြီလား ဆိုတာ ကျွန်တော် သေချာသိအောင် တွေးနေရပါတယ်။ ကဲ ကျွန်တော် နေချင်တဲ့ အိမ် ကျွန်တော် သိပ်ပြီး တမ်းတတဲ့အိမ် ကျွန်တော် အမြဲတမ်း သတိတရ ရှိနေရမယ့် အိမ်ကို ကျွန်တော် ပြောပြပါ့မယ်။

အိမ် အကြီးကြီး တစ်လုံးလိုချင်ပါတယ်။ ခြံကလည်း အကျယ်ကြီးပေါ့။ အင်း အိမ်အကြီးကြီး ဆိုတာထက် ရဲတိုက်ကြီးတစ်ခုလို့ ပြောရမယ်ထင်တယ်။ ကျွန်တော့် ရဲတိုက်ကြီးမှာ ကျွန်တော် သီးသန့်နေထိုင်ချင်ပါတယ်။ စာကြည့်တိုက်၊ ဧည့်ခန်း ၂ ခန်း၊ အိပ်ခန်း ၇ ခန်း၊ နားနေခန်း ၂ ခန်း၊ ထမင်းစားခန်းနဲ့အတူ ရေချိုးခန်း အိမ်သာ အကြီးကြီးတွေ ပါရပါလိမ့်မယ်။ ဒါက စိတ္တဇလို့ ပြောလို့ ရပါတယ်။ ကျွန်တော် တကယ်ကို အဲဒီ့လို နေထိုင်ချင်တာပါ။ ဘေးမှာ ဘယ်သူ့ကို ခေါ်ထားမလဲ ဟုတ်လား။ အဟက်ဟက်ဟက်ဟက် ဟုတ်ကဲ့ ကျွန်တော့်ရဲတိုက်ကြီးကို ဆောက်ပေးမယ့်သူကို ခေါ်ထားမှာပေါ့ဗျာ မဟုတ်ဘူးလား။ ကိုယ့်ဘာသာ သံသယရှိတယ် ဒီတစ်သက် အဲလိုနေလို့ ရပါ့မလားလို့။ အဲဒီလိုမှ မနေရရင်တော့ ဘယ်လို အိမ်အမျိုးအစားကိုမဆို သိပ်ပြီးဂျီးမများတော့ပဲ နေရမှာပေါ့။

ငယ်ငယ်က ပုံပြင်တွေထဲမှာ ရဲတိုက်ကြီးတွေ အကြောင်းကြားရရင် ကျွန်တော် ပျော်ပါတယ်။ အဲဒီ့တုန်းကတော့ လိုချင်တယ်ဆိုတာထက် သဘောကျတယ်ဆိုတာလောက်ပဲ ရှိတာပါ။ ရဲတိုက်တစ်ခုမှာ နေထိုင်ဖို့ဆိုတာ ကြီးကျယ်လွန်းရာ ကျနေမလားပဲ။ ပြောတတ်ဖူးလေ။ ကျွန်တော် တစ်ယောက်ထဲ နေလိုတဲ့ အကြောင်းအရာထဲမှာ မနက်မိုးလင်းတာနဲ့ ဘေးက အသံတွေကို မကြားချင်တာ ကျွန်တော့်ကို အိပ်ယာကနေ ညင်ညင်သာသာ နှိုးတဲ့သူ မရှိတာတွေကြောင့်လည်း ပါပါတယ်။ မနက်မိုးလင်းရင် ကျွန်တော်က သာသာယာယာ နိုးချင်တယ်။ မနက်ဆိုတာ လူတွေ အတွက် သိပ်အရေးကြီးတယ်။ ကျွန်တော်ဆိုရင် ကျွန်တော့်ရဲ့ တနေ့တာလုပ်မယ့် ကိစ္စတွေကို မနက်အိပ်ယာနိုးတာနဲ့ စဉ်းစားပြီး တစ်ခုချင်း စီစဉ်ထားပါတယ်။ အဲဒီ့လို တွေးနေတုန်းများ တစ်ယောက်ယောက်က စကားလာပြောတာတို့ ကျွန်တော့်ကို မေးခွန်းတွေလာမေးတာတို့လုပ်ရင် ကျွန်တော် သိပ်ပြီး စိတ်ဆိုးပါတယ်။ အင်း ရဲတိုက်ကြီးထဲမှာဆိုရင်တော့ ဒါမျိုးတွေ ကြုံရမယ် မထင်ဘူး။ ကျွန်တော့် ရဲတိုက်ထဲမှာ မနက်လင်းတာနဲ့ ကြည်နူးစရာကောင်းတဲ့ သီချင်းသံတွေ ကျွန်တော့်ကို ခွန်အားပေးမယ့် ကြည်နူးစရာ အထိအတွေ့တွေနဲ့ ကျွန်တော် စီမံထားမှာပါ။ မနက်ကနေ မိုးချုပ်တဲ့ထိ ကျွန်တော် အမြဲတမ်းနားနေချင်မယ့် ရဲတိုက်မျိုး ဖြစ်ရမယ်။

ကျွန်တော့်မှာလည်း အမကြီး မခင်မင်းဇော်တို့လိုပဲ အမျိုးတွေ သိပ်များတယ်။ ဒါပေမယ့် တခါမှ ကျွန်တော် ခင်မင်တွယ်တာပြီးတော့ မနေခဲ့ဖူးဘူး။ သူများတွေတော့ မသိဘူး ကျွန်တော့်စိတ်ထဲမှာတော့ ကျွန်တော့်ကို အမြဲဒုက္ခပေးနေတယ်လို့ ထင်နေမိတယ်။ ကျွန်တော် ကယ်တင်လို့ ရမယ့်သူတွေကိုတော့ ကယ်တင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့်က အမျိုးဖြစ်ရင် ပိုပိုပြီး ပြဿနာများသလိုပဲ။ စိတ်ကုန်စရာကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ အဖေနဲ့ အမေကတော့ သူတို့ အမျိုးတွေကို သိပ်ချစ်တယ်။ သူတို့တွေက အဲဒီ့အမျိုးတွေ အတွက်ဆိုရင် အမြဲဦးစားပေးတတ်တယ်။ ကျွန်တော့် အတွက်ကတော့ ရီချင်စရာကြီးပေါ့။ အင်း အဲဒီ့အချက်ကလည်း ကျွန်တော့်ကို ကျွန်တော့်အိမ်မှာ မပျော်စေတဲ့ အချက်ပဲ ဖြစ်လိမ့်မယ်။ ဧည့်သည်လာတာကို ကြိုဆိုပေမယ့်။ ကိန်းကြီးခန်းကြီးနိုင်တဲ့သူ မြင်မြင်ရာကို ပြိုင်ချင်တဲ့သူ တစ်ဘက်သားကို ကျောချင်တဲ့သူ အဲဒီ့လို လူမျိုးတွေကိုတော့ မကြိုဆိုချင်တာ အမှန်ပဲ။ အင်း ကျွန်တော်က ရဲတိုက်ကြီးမှာ နေချင်တာဆိုတော့ ကိန်းကြီးခန်းကြီး နိုင်မယ်လို့ ထင်ကြမှာပေါ့နော့။ ဟုတ်ဘူးဗျ နေချင်တာ နေချင်တာ အဲလိုကြီးတော့ စိတ်ထဲ မရှိဘူး။

သတိတရရှိချင်တဲ့ အမှတ်တရ ဖြစ်ချင်နေတဲ့ အိမ်ကတော့ ခုနကပြောခဲ့တဲ့ ရဲတိုက်ကြီးပါပဲ။ အမကြီး မခင်မင်းဇော်ရေ ကျွန်တော့်မှာ သတိတရရှိလှတဲ့ အိမ်လေး တစ်လုံးတောင် မပိုင်ဆိုင်လို့ ဖြစ်ချင်တဲ့ လိုချင်တဲ့ အရာကိုပဲ ရေးပေးလိုက်ရပါတယ်။ အမ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်နော်။ ကဲ ကျွန်တော်က ဆက်ပြီးတော့ တက်ခ်မယ့် ပုဂ္ဂိုလ်ကတော့ ချစ်ကိုကြီး ကိုစိုးထက် ကိုပေါ့ဗျာနော်။ ကဲ ချစ်ကိုကြီးရေ ရေးပေးပါအုံးဗျို့။ ကျွန်တော့်လိုပဲ ရဲတိုက်ကြီး လိုချင်တယ်ဆိုရင်တော့ တစ်ယောက်တစ်ဝက်ပေါ့ဗျာ ဟဲ ဟဲ အကိုကြီးက အကြီးဆိုတော့ ရှယ်ယာ ပိုထည့် ကျွန်တော်က အငယ်ဆိုတော့ သိပ်မတတ်နိုင်ဘူးလေ။ ဟုတ်တယ်ဟုတ် :D

Read More...