Saturday, August 25, 2007

စိတ်ထဲမှာရှိသော သူတို့တွေ (၁) . . . . .

ဟိုးတုန်းကပေါ့ လေးဖြူ ကန္တာရလမင်း အခွေစထွက်တော့ ဦးလေး တစ်ယောက်က ၀ယ်လာတယ်။ အဲဒီတုန်းက ထူးအိမ်သင် သီချင်းတွေ နားထောင်တတ်ခါစ ရှိသေးတယ်။ လေးဖြူခွေတွေ့တော့ နားထောင်ကြည့်တယ် ချက်ခြင်းကို သဘောကျသွားတယ်။ ကျွန်တော် တော်တော် ငယ်သေးတယ် ငါးတန်းလောက်ပဲ ရှိအုံးမယ်ထင်တယ်။ ပထမဆုံး သဘောကျသွားတဲ့ သီချင်းက တခြားသူတွေလိုပါပဲ “အလင်းရောင်”ပေါ့။ ဆွဲငင်အား အပြည့်နဲ့ လေးဖြူ ဆိုထားတာ ကျွန်တော် ရုန်းမထွက်နိုင်ခဲ့တော့ဘူး။ “ည” တို့ ဘာတို့လဲကြိုက်တာပဲ တစ်ခွေလုံးကို ကြိုက်တာပါဗျာ။ အဲဒီကထဲက လေးဖြူခွေတွေကို ကျွန်တော် Collection လုပ်လာခဲ့တာ ယနေ့ထိပါပဲ။ သိပ်တော်တဲ့ အဆိုတော်တစ်ယောက် ဖြစ်တယ်ဆိုတာ အားလုံးလဲ လက်ခံကြမှာပါ။ ခုသူ Stage Show မဆိုတော့တာကို အားလုံးက ထင်ကြေးအမျိုးမျိုးနဲ့ ပြောနေကြတယ်။ ကျွန်တော်ကတော့ ဘယ်လိုမှ မထင်ပါဘူး။ သူ့ဆုံးဖြတ်ချက်ကို လေးစားရမယ်လို့ပဲထင်မိတယ်။ သူလဲ သူ့ဆုံးဖြတ်ချက်အတိုင်း နေတာပဲ။ ဂီတမှာ နေရာခိုင်မာသလို စိတ်ဓါတ်ရေးရာမှာလဲ ခိုင်မာလှပါတယ်။ ကျွန်တော် သဘောကျတဲ့ အချက်မှာလဲ အဲဒါပါ ပါတယ်။ ခုချိန်ထိကျွန်တော် လေးဖြူသီချင်းတွေကို တရှိုက်မတ်မတ် နားထောင်နေဆဲပါ။ လူတွေ ဘာလိုအပ်နေသလဲ ဘာတွေပေးမလဲဆိုတာ ကိုလေးဖြူက သိနှင့်နေပုံပါပဲ။ မှော်အောင်ထားတဲ့ မှော်ဆရာတစ်ယောက်အဖြစ် ရပ်တည်နေဆဲပါ။ သူနဲ့ပတ်သတ်ပြီး ရီစရာ အတိုအထွာလေးတွေလဲ ကြားဖူးပါရဲ့ ပျော်ပျော်နေတတ်တဲ့ လူစားမျိုးပါပဲ။ အနုပညာမှာတော့ မာန အနည်းနဲ့ အများ ကြီးတယ်လို့ထင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ယနေ့ထက်ထိ လေးစားစွာ နားထောင်နေတဲ့ စာရင်းထဲမှာ လေးဖြူပါနေပါတယ်။

No comments: