Sunday, August 26, 2007

လူငယ်များ နှင့် သင်တန်း

          ၂၁ရာစုရဲ့ အလုပ်အကိုင် အခွင့်အလမ်း တော်တော်များများမှာ အသိပညာ၊ အတတ်ပညာဟာ အင်မတန် အရေးပါလာပါတယ်။ ဒီအတွက်ကြောင့် လူငယ်တွေဟာ ယခင်ကထက် နည်းပညာပိုင်း၊ အတတ်ပညာပိုင်း တွေကို ပိုပြီး လေ့လာလိုက်စား လာကြရတော့ပါတယ်။ ဒါကြောင့်လည်း သင်တန်း တွေဟာ ဟိုနားဒီနားမှာ အလျှိုလျှို ပေါ်ထွန်းလာတာဖြစ်ပါတယ်။ သင်တန်းတက်ကြသည်ဟု ဆိုရာတွင် ဘယ်လိုအခြေအနေ၊ အကြောင်းအရာတွေကြောင့် တက်တာလဲဆိုတာကိုပါ ဆန်းစစ်ကြည့်ဖို့ လိုအပ်လာပါတယ်။ အခြေခံသဘောအနေနဲ့ သင်တန်းတက်တဲ့ လူငယ်တွေကို အုပ်စု ၃ ခုလောက် ခွဲပြီးကြည့်လို့ရပါတယ်။ မိဘကတိုက်တွန်းလို့ သင်တန်း တက်သောသူ၊ သူငယ်ချင်း အပေါင်းအသင်း တွေကပြောလို့ သင်တန်းလိုက်တက်သောသူ နှင့် မိမိကိုယ်တိုင် ရွေးချယ်ပြီး သင်တန်းတက်သော သူဆိုပြီး ကျွန်တော့်အနေနဲ့ ခွဲခြားမြင်မိပါတယ်။

          ပထမအုပ်စုဖြစ်တဲ့ မိဘကတိုက်တွန်းလို့ သင်တန်းတက်ကြတဲ့ လူငယ် အများစုဟာ သူတို့ကိုယ်တိုင် စိတ်ဝင်စားတာ မဟုတ်တဲ့အတွက် သင်ယူ လိုက်နာမှု အပိုင်းမှာ အားနည်း နေတာကို တွေ့ရပါတယ်။ သို့ပေမယ့် တချို့ကတော့ ကြိုးစားသင်ယူတာကိုလည်းတွေ့ရပါတယ်။ ဒီအခြေအနေမှာ လူငယ်တွေဟာ ကိုယ်ကိုယ်တိုင်က စိတ်မပါတဲ့အတွက် သင်တန်းပေါ်မှာ ငြီးငွေ့လာပြီး မိဘကို ကြောက်လို့သာ တက်ရတယ်။ သူ့အတွက်ဘာမှ သိမြင်လာတယ် ဆိုတာမရှိပါဘူး။ နောက်ဆုံးမှာ သင်တန်းကို နည်းအမျိုးမျိုး ဆင်ခြေအမျိုးမျိုးနဲ့ ရှောင်ဖယ်လာပါတယ်။ မိဘတွေဘက်ကလည်း ကိုယ့်သားသမီးဘာကိုဝါသနာပါသလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာ ဃဂဏန သိပြီးသူတို့ရဲ့ စိတ်ကူးစိတ်သန်းလေးတွေကို လမ်းလွဲမသွားအောင် ထိန်းသိမ်းပေးဖို့လိုပါတယ်။ဒီလိုမှမဟုတ်ပဲ ကိုယ်ဖြစ်စေချင်တာကိုသာ ပုံသွင်းပြီး အတင်းလုပ်ခိုင်းလာရင် နောက်ဆုံး ကိုယ့်သားသမီးကပဲ စိတ်ဆင်းရဲပြီး သင်တန်းမှာလဲ အာရုံဝင်စားမှုမရှိ၊ သေသေချာချာလဲ ဘာမှ မဖြစ်မြောက်ပဲ ဝေလေလေနဲ့ အဆုံးသတ်သွားမှာပါ။ ဒါကတော့ မိဘဘက်ကပါ သတိပြုသင့်တဲ့ အချက်ပါပဲ။ ဒုတိယအုပ်စုဖြစ်တဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကပြောလို့ သင်တန်းလိုက်တက်တဲ့ လူငယ်တွေကတော့ အခြေအနေ တစ်မျိုးပါ။ သူတို့ဟာအင်မတန် အပေါင်းအသင်းမင်ပြီး သူငယ်ချင်းက ဒါကောင်းတယ် ထင်ရင် လိုက်လုပ်ဖို့ ၀န်မလေးပါဘူး။ ကိုယ်တိုင်စိတ်ဝင်စားလား၊ စိတ်မ၀င်စားဘူးလားဆိုတာ သေချာမစဉ်းစားပဲ မိဘဆီပိုက်ဆံတောင်း သူငယ်ချင်းနဲ့အတူ သင်တန်းလိုက်တက် ဒီလိုပဲ စဥ်းစားကြတယ်။ တကယ်တမ်း သင်တန်းတက်တော့လည်း ဘာသာရပ်ကို စိတ်မ၀င်စား၊ သူငယ်ချင်းတွေ ပါလို့သာ ပျော်တဲ့အတွက်ကြောင့်တက် ဒီတော့ စာမှာ စိတ်ဝင်စားမှုမရှိဘဲ သင်တန်းသာ ပြီးဆုံးသွားတယ် ကိုယ်က ဘာမှမရလိုက်ပဲ ကျန်ခဲ့ပါတော့တယ်။ ကိုယ်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး သင်တန်း လိုက်တက်မိတဲ့အတွက် ဘာအကျိုးကျေးဇူးမှ မခံစားရဘူးဆိုတာ နောင်မှ သိမြင်လာရပါတယ်။ ဒီလိုမျိုး မဖြစ်ရလေအောင် ကိုယ့်ဘာသာ သတိချပ်ဖို့ လိုအပ်ပါတယ်။

          မိမိကိုယ်တိုင်ရွေးချယ်ပြီး သင်တန်းတက်တဲ့အုပ်စုကတော့ ပထမဦးစွာကိုယ်ဘာကို စိတ်ဝင်စားသလဲဆိုတာ အရင်ဆန်းစစ်ပါတယ်။ပြီးတော့ သူစိတ်ဝင်စားတဲ့ ဘာသာရပ်အတွက် ဘယ်သင်တန်းက သင့်တော်လဲဆိုတာကိုပါ စုံစမ်းပါတယ်။ နောက်ဆုံးမှ သူစိတ်ကျေနပ်လောက်တဲ့ အဖြေရမှပဲ အဲဒီသင်တန်းကို သွားတက်တာဖြစ်ပါတယ်။ သူတို့ဟာ သင်တန်းမှာဆိုရင် သင်သမျှ ဘာသာရပ်အားလုံးကို စိတ်ဝင်တစားလေ့လာလိုက်စားပြီး၊ ကိုယ့်အားကိုယ်ကိုးကာ စာအုပ်စာတမ်းများရှာဖွေဖတ်ခြင်း၊ ဆရာဆရာမများထံ ချည်းကပ်မေးမြန်းခြင်း စသည်ဖြင့် ကိုယ်ရဲ့ အရည်အသွေး တိုးတက်လာဖို့ အတွက် အမြဲတမ်း ဂရုစိုက်နေကြတာတွေ့ရပါတယ်၊ သူတို့ဟာ သူတို့စိတ်ဝင်စားတဲ့ သင်တန်းဖြစ်တဲ့အတွက် သေချာနာယူပြီး သင်တန်း ပြီးမြောက်တဲ့အချိန်မှာ သူတို့ဟာ အဲဒီ ပညာရပ်မှာ အတော်အသင့် နားလည် တတ်မြောက်နေပြီး ပြန်လည်အသုံးချဖို့အတွက် အဆင်သင့် ဖြစ်နေကြပါတယ်။

          သင်တန်းတစ်ခု တက်တော့မယ်ဆိုရင် သေချာ လေ့လာဆန်းစစ်ပြီးမှ ဒီသင်တန်းကို ကိုယ်ကတက်ချင်၊ မတက်ချင်၊ ဒီသင်တန်းက ကိုယ့်အတွက် အထောက်အကူပြုမပြု၊ ငွေကုန်ရကြိုး နပ်မနပ်၊ ပြန်လည် အသုံးချနိုင်ခွင့်ရှိမရှိ အရာရာကို သေသေချာချာလေ့လာပြီးမှ တက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ငွေမောစိတ်မောနဲ့ သင်တန်းသာပြီးသွားတယ် ကိုယ့်အတွက် ဘာမှ မရလိုက်တဲ့ အပြင် ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေဟာ သဲထဲရေသွန်သလို အလဟသ ဖြစ်သွားမယ်ဆိုတာ သတိကြီးစွာထားပြီး ဆင်ခြင်သင့်တယ် လို့ပဲ ပြောလိုက်ပါရစေ။

zeRoTraSh
April, 2007

1 comment:

thamudayanwe said...

right,လူငယ်တွေ..အချိနနဲ့အမျှငွေကုန်တာနဲ့အမျှ
သိသင့်သိထိုက်တာရရင်..တန်ဖိုးရှိတယ်ဆိုတာ..အချိန်မနှောင်းခင်သိဖို့လိုတယ်
ကိုယ်ဘာဖြစ်ချင်လဲဆိုတာ..စဉ်းစားပြီး..သင်တန်းတွေရွေးချယ်တက်
ပြီးနောင်တချိန်မှာအသုံးချသင့်တယ်..
ဝေလေလေလုပ်လို့ကတော့ခုခေတ်ကြီးမှာ..နောက်ကျကျန်ခဲ့မယ်..